ဒေသတွင်းတွင် အသေးငယ်ဆုံးနိုင်ငံဖြစ်သည့် မော်လ်ဒိုက်က တရုတ်နိုင်ငံသို့ပေးဆပ်ရန် ကြွေးမြီ အတိအကျ မည်မျှရှိပါ သနည်း ဆိုသည့် အရေးတကြီး မေးခွန်းတခုကို ဖြေဆိုရန် မော်လ်ဒိုက် သမ္မတ Ibrahim Solih ၏ လူယုံတော်များသည် မြို့တော် Male ရှိ ပင်လယ်ကမ်းစပ်မှ အဆောက်အဦးတခုတွင် ၃ လခန့် နေထိုင်ရင်း တောင်လိုပုံနေသည့် စာရွက်စာတမ်းများကို စစ်ဆေးခဲ့ကြရသည်။
ခေတ်သစ်ပိုးလမ်းမ(BRI) အခြေခံ အဆောက်အဦး စီမံကိန်းများအတွက် တောင်အာရှသို့ ဒေါ်လာဘီလီယံများစွာနှင့်အတူ အသည်းအသန် ဝင်ရောက်လာပြီး နှစ်များကြာသည့်အခါ တရုတ်နိုင်ငံ အနေဖြင့် အမှန်တကယ် ဆန့်ကျင်တုန့်ပြန်မှုများ ကြုံတွေ့နေရသည်။ ပိုကြီးသည့် နိုင်ငံများကလည်း အခြားနည်းလမ်းစဉ်းစားမှုများ ရှိနေကြပြီး ယခင်ပုံစံအတိုင်း အလုပ်လုပ်၍ မရနိုင်တော့ကြောင်း တရုတ်အစိုးရကို အရိပ်အယောင်ပြနေကြသည်။
မော်လ်ဒိုက်နိုင်ငံတွင် ပေးဆပ်ရန် ရှိသည်များနှင့် ပတ်သက်သည့် မရေရာမှုများက တရုတ်သံအမတ် Zhang Lizhong နှင့် ယခုအခါ လက်ရှိသမ္မတ Ibrahim Solih ၏ အကြံပေးတဦးအဖြစ် ဆောင်ရွက်နေသည့် သမ္မတဟောင်း Mohamed Nasheed တို့ကြားမှ အေးစက်သော ဆက်ဆံရေးကို အခြေခံနေသည်။ နိုဝင်ဘာလအတွင်းက Ibrahim Solih ရာထူး လက်ခံယူခြင်းမပြုမီ ရက်သတ္တပတ် အနည်းငယ်အလိုတွင် ထိုသို့ဖြစ်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။ Ibrahim Solih က တရုတ်ကို လိုလားသည့် (ထိုစဉ်က) လက်ရှိသမ္မတ Abdulla Yameen ကို ရွေး ကောက်ပွဲတွင် အံ့အားသင့်ဖွယ်ရာ အနိုင် ရရှိခဲ့သည်။
Mohamed Nasheed က ပြောသည့်အတိုင်းဆိုလျှင် တရုတ်သံအမတ် Zhang Lizhong က ရာထူးဆက်ခံမည့် ခေါင်းဆောင်သစ်များကို မော်လ်ဒိုက်နိုင်ငံက တရုတ်နိုင်ငံသို့ အမေရိကန်ဒေါ်လာ ၃.၂ ဘီလီယံ ပေးဆပ်ရန် ရှိနေကြောင်း ဖော်ပြထားသည့် ပေးစာတစောင်ကို တင်ပြခဲ့ကြောင်း သိရသည်။ တရားဝင်စာရင်းများတွင် ဖော်ပြထားသည့် ဒေါ်လာ ၁.၃ ဘီလီယံတန်ဖိုးရှိသော တရုတ်ချေးငွေများ၏ ၂ ဆ ကျော်ဖြစ်နေသည်။
အဆိုပါ ဇာတ်ကြောင်းတခုလုံးက အဖြစ်မှန်မဟုတ်ကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက ပယ်ချခဲ့သည်။ မည်သို့ပင် ဖြစ်စေ ထိုပမာဏသည် ဒေါ်လာ ၃.၆ ဘီလီယံသာတန်သည့် စီးပွားရေးတခုအတွက် အလွန်ပင် ထိတ်လန့်စရာဖြစ်သည်။
“သူတို့မှာ စစ်ဆေးဖို့အတွက် တပေလောက်မြင့်တဲ့ စာရွက်ပုံတွေ အများကြီးရှိတယ်” ဟု ငွေကြေးကိစ္စ စုံစမ်းစစ်ဆေးရေး နှင့် နီးစပ်သည့် မော်လ်ဒိုက် သတင်းရင်းမြစ်တဦးက ပြောသည်။ လေ့လာသုံးသပ်နေသည့် စီမံကိန်းများထဲတွင် အထိမ်းအမှတ် တံတားတခု၊ နိုင်ငံတကာ ဆေးရုံတခု နှင့် လမ်းများ တိုးချဲ့ရေးတို့ ပါဝင်သည်။ အားလုံးက တောက်ပသည့် အပြာရောင် ရေပြင်နှင့် အဆင့်မြင့် အပန်းဖြေစခန်းများကြောင့် ထင်ရှားသည့် မော်လ်ဒိုက်ကျွန်း နိုင်ငံမှ အလွန်ဖွံ့ဖြိုးနေသည့် တရုတ် ဘဏ္ဍာရေး အထောက်ပံ့ခံ အခြေခံအဆောက်အဦးများထဲတွင် အပါအဝင် ဖြစ်သည်။
ငွေကြေးပမာဏ အစစ်အမှန်ကို ဆုံးဖြတ်ရခြင်း၏ စိန်ခေါ်မှုကို ဖော်ပြနေသည်မှာ မော်လ်ဒိုက် ရှေ့နေချုပ်က အစိုးရအနေ ဖြင့် မှတ်တမ်းများကို စစ်ဆေးရန် နိုင်ငံခြားအကူအညီ ရယူရန် ကြိုးစားနေခဲ့ကြောင်း ဇန်နဝါရီလ ၂၉ ရက်နေ့က ကြေညာခဲ့ခြင်း ဖြစ်သည်။ ထိုအချိန်တွင် ဘဏ္ဍာရေး ဝန်ကြီးဌာနက သမ္မတဟောင်း Abdulla Yameen လက်မှတ်ထိုးခဲ့ သော ကန်ထရိုက်စာချုပ်များကို စုံစမ်းစစ်ဆေးရန် ၎င်းတို့၏ ကိုယ်ပိုင် အဖွဲ့တခုကို ဖွဲ့စည်းခဲ့သည်။ Abdulla Yameen ကို အကျင့်ပျက်ခြစားမှု စွပ်စွဲချက်များကြောင့် မဲဆန္ဒရှင်များက ရာထူးမှ ဖယ်ရှားခြင်းခံခဲ့ရသည်။
Abdulla Yameen ရာထူးမှ ပြုတ်ကျသွားခြင်းက တောင်အာရှတွင် တရုတ်ကို ဆန့်ကျင်သည့်ဘက်သို့ ဒီရေက ပြောင်းလဲ တက်လာ နေကြောင်း ပြသသော သင်္ကေတတခု ဖြစ်သည်။
ဒေသတွင်းတွင် အကြီးဆုံး BRI စီမံကိန်းများ တည်ရှိရာဖြစ်သည့် ပါကစ္စတန်တွင်လည်း ပြည်တွင်း ပဋိပက္ခများ၊ တိုင်းရင်းသား လက်နက်ကိုင် ပုန်ကန်မှုတခုနှင့် ဒေါ်လာဘီလီယံနှင့် ချီသော အကြွေးများက ယခင် ခန့်မှန်းထားသည်ထက် များနေကြောင်း ပေါ်ထွက်လာခြင်းများ အားလုံးတို့က တရုတ်အစိုးရ၏ လမ်းကြောင်းပေါ်သို့ ဝင်ရောက်လာကြသည်။
ပြင်ပကြွေးမြီ အကျပ်အတည်း တခုအတွင်းတွင် ပိတ်မိနေပြီး တရုတ်ကျောထောက်နောက်ခံပေးသည့် အဓိက စီမံကိန်း ၂ခု အပေါ် ဆန့်ကျင်မှုများကို တစိတ်တပိုင်း အခြေခံ၍ အစိုးရတခု ရွေးချယ်တင်မြှောက်ခြင်းခံခဲ့ရသော သီရိလင်္ကာနိုင်ငံက ယခုအခါတွင် အိန္ဒိယနှင့် ဂျပန်မှ အကူအညီများကို ဆွဲဆောင်ရန် တက်တက်ကြွကြွ ကြိုးစားနေသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် BRI စီမံကိန်းများအတွက် (ယခုအချိန်အထိ ထုတ်မပေးရသေးသော) ဒေါ်လာ ၂၄ ဘီလီယံတန် ကတိနှင့် ပတ်သက်၍ လူရှင်ကြားမဟုတ်သည့် စိတ်မကျေနပ်မှုများ တိတ်ဆိတ်စွာ ရှိနေသည်။ တရုတ်နိုင်ငံထံမှ ငွေချေး ခြင်းနှင့် ပတ်သက်၍ သတိထားရန် အိန္ဒိယနိုင်ငံက ဘင်္ဂလားဒေ့ရှ် အစိုးရကို တိုက်တွန်းနေသည်ဟု အချို့သတင်းရင်း မြစ်များက ပြောကြသည်။ အခြားသူများကမူ ဆန့်ကျင်ကန့်ကွက်မှုများက တိုင်းပြည်၏ ပြင်ပ ကြွေးမြီ ဖောင်းပွသွားမည်ကို သဘောမကျသည့် ဘဏ္ဍာရေးဝန်ကြီးဌာနအတွင်းမှ ဘဏ္ဍာရေးဆိုင်ရာ ရှေးရိုးစွဲဝါဒီများထံမှ လာသည်ဟု ဆိုသည်။
ပါကစ္စတန်မှ ဆန့်ကျင်ကန့်ကွက်မှုက ကျယ်လောင်ပြင်းထန်မှု အရှိဆုံး ဖြစ်သည်။ ဘလူချီစတန် ပြည်နယ် ဝန်ကြီးချုပ် Jam Kamal က တရုတ်-ပါကစ္စတန် စီးပွားရေး စြင်္ကံ (CPEC) အဖြစ် သိကြသည့် အမေရိကန်ဒေါ်လာ ၆၂ ဘီလီယံတန် အခြေခံ အဆောက်အဦး စီမံကိန်းများ၏ စ မှတ်ဖြစ်သည့် ဆိပ်ကမ်းမြို့တခု ဖြစ်သော ဂွာဒါတွင် တရုတ်ကုမ္ပဏီများသို့ မြေ ရောင်းချခြင်းကို ရပ်တန့်ရန် ဥပဒေများကို ပြင်ဆင်ခဲ့သည်။
လူဦးရေ ကျဲပါးသည့် တောင်ပိုင်းဧရိယာကို ဖြတ်သန်းသွားမည့် CPEC အကြောင်း ဘလူချီစတန် ပြည်နယ် အစိုးရသို့ ရှင်း ပြခဲ့ပြီးနောက် ဒီဇင်ဘာလအတွင်းတွင် ပြဿနာပေါ်ပေါက်ခဲ့သည်။ ဒေသခေါင်းဆောင်များမှာ သူတို့ဒေသသည် တရုတ် နိုင်ငံ၏ မဟာစီမံကိန်းကြီးမှ အကျိုးအမြတ် အနည်းငယ်မျှကိုသာ ရရှိလိမ့်မည်ဖြစ်ကြောင်း တွေ့ရှိရသည့်အတွက် ထိတ်လန့် တုန်လှုပ်ခဲ့ကြရသည်။
“ဂွာဒါက ရောင်းဖို့ မဟုတ်ပါဘူး” ဟု ဆိပ်ကမ်းမြို့မှ နိုင်ငံရေးခေါင်းဆောင် တဦးဖြစ်သည့် Aslam Bhootani က ဒေါသ တကြီးနှင့် ပြောသည်။
ပါကစ္စတန် အစိုးရတပ်ဖွဲ့များကို ခွဲထွက်ရေး စစ်ပွဲတခုဆင်နွဲနေသည့် ဘလူချီစတန် လက်နက်ကိုင်များကလည်း အခြေခံအားဖြင့် CPEC ကို စစ်ကြေညာခဲ့ပြီး ဖြစ်သည်။ သူတို့က ၂၀၁၈ ခုနှစ် နှောင်းပိုင်းတွင် တရုတ်ပစ်မှတ်များကို ဦးတည်သည့် အသေအပျောက် များသော တိုက်ခိုက်မှု ၂ ခုကို ပြုလုပ်ခဲ့ကြသည်။ ပထမတခုမှာ တရုတ်အင်ဂျင်နီယာများကို အသေခံတိုက်ခိုက်ခြင်း ဖြစ်ပြီး နောက်တခုမှာ တရုတ် ကောင်စစ်ဝန်ရုံးတခုကို ဝင်ရောက်တိုက်ခိုက်ခြင်း ဖြစ်သည်။
တရုတ်နိုင်ငံက သူတို့၏ အားထုတ်မှုအပေါ်တွင် ကြီးမားစွာ လောင်းကြေးတင်ခဲ့သည်။ ကောင်းသော အကြောင်းပြချက် အရ ဆိုလျှင် ကားလမ်း ရထားလမ်းများ၏ ကွန်ရက်၊ ဓာတ်အားပေးစက်ရုံများနှင့် ဆိပ်ကမ်းတခုတို့က ၎င်းတို့ကို အိန္ဒိယ သမုဒ္ဒရာသို့ တိုက်ရိုက်ရောက်ရှိခွင့်ကို ပေးသည်။ သို့သော်လည်း တရုတ်အစိုးရက လက်တွေ့မြေပြင်မှ အခြေအနေများကို ကောက်ယူမှုလွဲမှားခဲ့ပြီး သူတို့၏ စီမံကိန်းက အစ္စလာမ်မာဘတ်မှ ဗဟိုအစိုးရနှင့် ဘလူချီစတန် ပြည်နယ် အာဏာပိုင်များကြားမှ ရှိနှင့်ပြီးသော တင်းမာမှုကို မည်ကဲ့သို့ မီးလောင်ရာလေပင့် စေနိုင်ကြောင်း မမြင်ခဲ့ကြဟု လေ့လာဆန်းစစ်သူများက ပြောကြသည်။ ယခုအခါတွင် ဘေးရောက်နေသည့် ဘလူချီစတန်သားများက သူတို့၏ တန်ဖိုးကို တောင်းနေကြပြီ ဖြစ်သည်။
အမေရိကန်နိုင်ငံရှိ Wilson Center မှ အာရှအစီအစဉ်၏ ဒုတိယဒါရိုက်တာ Michael Kugelman က ပါကစ္စတန် နှင့် တရုတ် နိုင်ငံတို့ အနေဖြင့် ဘလူချီစတန်နှင့် ဆင်း Sindh ရှိ အားနည်းသော အသိုင်းအဝိုင်းများနှင့် အခြားသော အမေ့လျော့ခံ ဧရိယာများသည် အလုပ်အကိုင် အခွင့်အလမ်း၊ အခြေခံ ဝန်ဆောင်မှုများနှင့် စီမံကိန်းများကို အခြေခံသော သဘာဝအရင်းအမြစ်များမှတဆင့် အကျိုးကျေးဇူးခံစားခွင့် သေချာအောင် ပြုလုပ်ရမည်ဟု ပြောသည်။
“CPEC အပေါ် ဆန့်ကျင်တုန့်ပြန်မှုတွေကို ဖြေရှင်းဖို့အတွက် ပါကစ္စတန် အစိုးရနဲ့ တရုတ်အစိုးရက ခိုင်မာပြီး ထိရောက်တဲ့ ခြေလှမ်းတွေ လှမ်းဖို့လိုပါလိမ့်မယ်” ဟု သူက ပြောသည်။
ထိုအချိန်တွင် သီရိလင်္ကာက ခက်ခဲသော ဟန်ချက်ညီမျှရေး ဆောင်ရွက်မှုတခုကို ပြုလုပ်ရန်ကြိုးစားနေသည်။
၂၀၁၅ ခုနှစ် ပါလီမန်ရွေးကောက်ပွဲသည် BRI လုပ်ငန်းကြီး ၂ ခုနှင့် ပတ်သက်၍ မေးခွန်းထုတ်ခဲ့ကြသော အလွန်ပွဲဆူသည့် လှုပ်ရှားမှုတခု ဖြစ်ခဲ့သည်။ အကြွေးအတွက် အစုရှယ်ယာကို အညင်းပွားဖွယ်ရာ ပိုင်ဆိုင်ခွင့်ပေးလိုက်ရပြီး ယခုအခါ တရုတ် လက်သို့ ရောက်နေသည့် တောင်ဘက်ကမ်းရိုးတန်းမှ ဒေါ်လာ ၁.၅ ဘီလီယံတန် Hambantota ဆိပ်ကမ်းနှင့် ပင်လယ်ရေပြင်တွင် အကျယ် ၂၆၉ ဟက်တာ(၆၆၄ ဧက) ရှိသော ဧရိယာကို မြေဖို့တည်ဆောက်မည့် ဒေါ်လာ ၁.၄ ဘီလီ ယံတန်ဖိုးရှိ ကိုလံဘိုဆိပ်ကမ်း မြို့တော် တို့ ဖြစ်သည်။
လွန်ခဲ့သော ၄ နှစ်တွင် သီရိလင်္ကာနိုင်ငံသားများက လမ်းများပေါ်သို့ တက်၍ စီမံကိန်းများကို ဆန္ဒပြခဲ့ကြသည်။ အဆိုပါ ဒေါသလှိုင်းက လက်ရှိညွှန့်ပေါင်း အစိုးရကို အာဏာရ ရှိစေရန် အထောက်အကူ ဖြစ်စေခဲ့သည်။ ယခုအချိန်တွင် ကမ်းရိုးတန်း အသိုင်းအဝိုင်းများနှင့် သဘာဝ ပတ်ဝန်းကျင် အဖွဲ့အစည်းများ၏ ဆန့်ကျင်မှု အနည်းငယ် ရှိနေဆဲဖြစ်သော်လည်း အစိုးရသည်ပင် ၎င်း၏ ရပ်တည်ချက်ကို ပျော့ပျောင်းစေခဲ့သည်။
သီရိလင်္ကာနိုင်ငံက ၎င်း၏ ဖွံ့ဖြိုးရေး မိတ်ဖက်များကို စုံလင်ကွဲပြားအောင် ပြုလုပ်ခြင်းအားဖြင့် တရုတ်နိုင်ငံကို ထိန်းထားရန် ကြိုးစားနေသည့် အသွင်ရှိပါသည်။
မြို့တော်တွင် အမေရိကန် ဒေါ်လာ ၁.၈၅ ဘီလီယံတန် အပေါ့စားရထားစနစ်တခု တည်ထောင်မည့် အစီအစဉ်ကို သီရိ လင်္ကာ အစိုးရက ဇန်နဝါရီလ အစောပိုင်းတွင် ကျေညာခဲ့သည်။ ဂျပန်အထူးချေးငွေဖြင့် ဂျပန်နိုင်ငံက တည်ဆောက် မည်ဖြစ်သည်။ ရက်သတ္တပတ် အနည်းငယ်ကြာသည့်အခါ အိန္ဒိယ နိုင်ငံက အမေရိကန်ဒေါ်လာ ၁.၃ ဘီလီယံ တန် ဘဏ္ဍာ ရေးထောက်ပံ့မှု အစီအစဉ်မှတဆင့် သီရိလင်္ကာနိုင်ငံ၏ ရထားလမ်းများကို အဆင့်မြှင့်တင်ပေးရန် ကတိတခု၏ အစိတ် အပိုင်းအနေဖြင့် ရထားအသစ်များ ပေးခြင်းအားဖြင့် ဝင်ရောက်လာခဲ့သည်။
အဆိုပါ ဆောင်ရွက်ချက်များက တရုတ်နိုင်ငံကို တုန့်ပြန်သည့် အဓိပ္ပါယ်မဟုတ်ကြောင်း သီရိလင်္ကာနိုင်ငံက တရားဝင် ငြင်းသည်။ ဖွံဖြိုးရေးဗျူဟာနှင့် နိုင်ငံတကာ ကုန်သွယ်ရေးဝန်ကြီး Malik Samarawickrama က အဆိုပါ ကိစ္စများ သည် (တရုတ်အပေါ်) မလိုလား၍ တုန့်ပြန်ခြင်းမဟုတ်ကြောင်း၊ ဘဏ္ဍာရေး အရင်းအမြစ် ပိုမိုကျယ်ပြန့်စေရေးအတွက် သီရိလင်္ကာ နိုင်ငံ၏ ကြိုးပမ်းမှုတခုသာ ဖြစ်ကြောင်းပြောသည်။
“အခြေခံ အဆောက်အဦးအတွက် ငွေကြေးက အာရှမှာပဲ ရနိုင်ပါတယ်။ ဒါကြောင့် ကျနော်တို့က အရင်းအမြစ် အားလုံးကို အသုံးပြုချင်ပါတယ်” ဟု သူကပြောသည်။ အရင်းအမြစ်တခုတည်းကိုသာ မှီခိုအားထားရခြင်းကို ရှောင်ရှားရန် လိုအပ် သည်ဟုလည်း ရှင်းပြခဲ့သည်။
သို့သော်လည်း အမြတ်ကြီးစားသည့် တရုတ်နိုင်ငံက သီရိလင်္ကာကို အကြွေးထောင်ချောက်တခု အတွင်းသို့ သိမ်းသွင်းခဲ့ သည်ဆိုသည့် အယူအဆက သီရိလင်္ကာနိုင်ငံတွင် ကျယ်ကျယ်ပြန့်ပြန့် ရှိနေဆဲ ဖြစ်သည်။ တရုတ် အခြေခံအဆောက်အဦး ဖွံ့ဖြိုးရေး ချေးငွေများက သီရိလင်္ကာနိုင်ငံ အပေါ်တွင် ဒေါ်လာ ၉.၂ ဘီလီယံ အထိ ရှိနေသည်။
“ဝေဖန်မှုဆိုတာကတော့ ရှောင်လွှဲလို့မရပါဘူး။ ဒါပေမယ့် အဲဒါက အဓိပ္ပါယ်မရှိပါဘူး” ဟု ကိုလံဘိုမြို့ရှိ သီရိလင်္ကာနိုင်ငံ ဆိုင်ရာ တရုတ်သံရုံးမှ နိုင်ငံရေးဌာန အကြီးအကဲ Luo Chong က ပြောသည်။ တရုတ်နိုင်ငံ အပေါ် အထင်လွဲမှားခြင်းသာ ဖြစ်ပြီး တရုတ် ထုတ်ကုန်-သွင်းကုန်ဘဏ်မှ အခြေခံအဆောက်အဦး ရံပုံငွေ အဖြစ် အတိုး ၂ ရာခိုင်နှုန်းဖြင့် ထုတ်ချေးပေး ခဲ့ခြင်း ဖြစ်သည်ဟု သူက အခိုင်အမာပြောသည်။
သို့သော်လည်း အတိုးနှုန်း ၂ ရာခိုင်နှုန်းဆိုခြင်းနှင့် ပတ်သက်၍ သီရိလင်္ကာနိုင်ငံ ဘဏ္ဍာရေးကဏ္ဍမှ အတွင်းလူအချို့က Luo Chong နှင့် ကွဲပြားမှု ရှိနေသည်။ သီရိလင်္ကာ အစိုးရ၏ တရုတ်နိုင်ငံနှင့် ညှိနှိုင်းမှုများနှင့် နီးစပ်သည့် သတင်းရင်း မြစ်များ က အခြေခံအဆောက်အဦး စီမံကိန်းများအတွက် ချေးငွေများ၏ အတိုးနှုန်းသည် လန်ဒန်ရှိ နိုင်ငံတကာ ဘဏ်များ အချင်းချင်း ငွေချေးငှားရာတွင် စံအဖြစ် သတ်မှတ်သည့် အတိုးနှုန်း သို့မဟုတ် LIBOR ထက်ပင် များ၍ ၆ ရာခိုင်နှုန်း အထိရှိ သည်ဟု ပြောကြသည်။ (၂၀၁၉ ခုနှစ် ဇန်နဝါရီ ၂၅ အထိ LIBOR မှာ ၃.၀၃ ရာခိုင်နှုန်းဖြစ်သည်)
မည်သို့ပင် ဆိုစေကာမူ သီရိလင်္ကာနှင့် ၎င်း၏ တောင်အာရှမှ အိမ်နီးချင်းများမှာ မရေရာမသေချာသော အနေအထားတခု တွင် ရှိနေကြသည်။ သူတို့အနေဖြင့် တရုတ်နိုင်ငံနှင့် လက်တကမ်းအကွာတွင်သာ နေလိုကြမည်မှာသေချာပါသည်။ သို့သော်လည်း သူတို့က ဖွံ့ဖြိုးရေး ဘဏ္ဍာငွေနှင့် BRI မှ အကျိုးကျေးဇူးများကိုလည်း လိုအပ်နေဆဲဖြစ်ပါသည်။
အလွန်တရာ လိုအပ်နေသည့် စီမံကိန်းရံပုံငွေများက အာရှသို့ စီးဝင်မှု တိုးလာနေခဲ့သည်။ BRI ၏ နောက်ထပ်နယ်မြေတခု ဖြစ်သော အာဖရိကထက် ကျော်လွန်သွားခဲ့သည်။ BRI တွင် တနည်းမဟုတ ်တနည်း အကျုံးဝင်နေသည့် နိုင်ငံ ၁၁၅ ခုထဲ တွင် ၂၀၁၄ခုနှစ် ဇန်နဝါရီလမှ ၂၀၁၈ ခုနှစ် မတ်လအတွင်း ကန်ထရိုက်တန်ဘိုးအရဆိုလျှင် အာရှက ၃၉ ရာခိုင်နှုန်း ရရှိ ထား၍ အာဖရိက၏ ၃၀ ရာခိုင်နှုန်းထက် မြင့်မားကြောင်း Moody’s Investors Service ၏ အဆိုအရသိရသည်။
BRI ၏ အကျိုးကျေးဇူးများက ထင်ယောင်ထင်မှားဖြစ်စရာတခု မဟုတ်ကြောင်း အာရှမှလေ့လာဆန်းစစ်သူ အချို့က အခိုင်အမာ ပြောကြသည်။ နောက် ၅ နှစ်ကြာပြီးမှ အောင်မြင်မှုကို တိုင်းတာနိုင်ဖွယ်ရာ ရှိသည့် ရင်းနှီးမြှုပ်နှံမှု ရှာဖွေရေးနှင့် ပတ်သက်သော ဝေဖန်မှုများတွင် အနောက်တိုင်းအစိုးရများနှင့် ကုမ္ပဏီများ၏ ဒဿနက ပုံဖော်သော ဘက်လိုက်မှုတခုကို သူတို့က မြင်သည်။
“ကြီးမားပြီး စွန့်စားရမှုများတဲ့ စီမံကိန်းတွေနဲ့ ပတ်သက်ရင် ရင်းနှီးမြှုပ်နှံမှုကနေ ပြန်ရဖို့အတွက် အချိန်ကန့်သတ်ချက်ကို ၃ နှစ်ကနေ ၅ နှစ်အတွင်း ထားမယ့် အစား ဆယ်စုနှစ် ၁ ခု သို့မဟုတ် ၂ ခုထားပြီး စဉ်းစားသင့်ပါတယ်” ဟု ဟောင်ကောင် ရှိ Polytechnic တက္ကသိုလ်မှ BRI အစီအစဉ်ဆိုင်ရာ အထူးပြုလေ့လာသည့် ပညာရှင် တဦးဖြစ်သော Yan Hairong က ပြောသည်။ “တရုတ်ကုမ္ပဏီတွေက ပိုရှည်ကြာတဲ့ ကာလကို စဉ်းစားနိုင်တယ်။ ဘာကြောင့်လဲဆိုတော့ ရှယ်ယာ တန်ဖိုးကို အမြင့်ဆုံးဖြစ်အောင် လုပ်ပေးရမယ်ဆိုတဲ့ လိုအပ်ချက်က သူတို့ကို ဖိအားပေး မထားလို့ပါ။”
သီရိလင်္ကာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ Luo Chong ကလည်း အလားတူ ကာကွယ်မှု ပြုလုပ်ခဲ့သည်။ “စီမံကိန်းတွေက ဆယ်စုနှစ်ပေါင်းများစွာအတွက် ရေရှည်အမြင်နဲ့ စီစဉ်ထားတာဖြစ်ပါတယ်” ဟု သူကပြောသည်။
တရုတ်နိုင်ငံက အစိုးရပိုင် ကုမ္ပဏီများက ရှေ့မှ ဦးဆောင်နေခြင်းနှင့် အတူ အခြေခံအဆောက်အဦး မြှင့်တင်မှုမှနေ၍ ဘဏ္ဍာရေး အကျိုးအမြတ်သာမက နိုင်ငံရေးအကျိုးအမြတ်ကိုလည်း ရယူရန် ကြိုးစားနေသည်ဟု သံသယထားသူ များက ပြောကြသည်။ ထို့အပြင် တရုတ်ကုမ္ပဏီအချို့၏ လုပ်ရပ်များ(စီးပွားရေးလုပ်ကိုင်ရာတွင် မရိုးသားသော အပြုအမူ များကြောင့် ကန်ထရိုက် ကုမ္ပဏီကြီး ၂ ခုကို ကမ္ဘာ့ဘဏ်က နာမည်ပျက်စာရင်းသွင်းခဲ့သည်) ကြောင့် သံသယများကို အပြည့်အဝ မပယ်ဖျက်နိုင်ခဲ့ပါ။
အဆိုပါ ခြေလှမ်းမှားများက မော်လ်ဒိုက်ကဲ့သို့သော နိုင်ငံများမှ အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေး လှုပ်ရှားသူများအတွက် အလွန် အသုံးတည့်သော အချက်များ ဖြစ်စေခဲ့သည်။ တရုတ် ဘဏ္ဍာရေးနောက်ခံဖြင့် ပြုလုပ်သည့် စီမံကိန်းများနှင့် ပတ်သက်၍ ပိုမို ပွင့်လင်းမြင်သာမှုရှိရေး သူတို့၏ အစိုးရများကို ဖိအားပေးရာတွင် အထောက်အကူ ဖြစ်စေခဲ့သည်။
သို့သော်လည်း တရုတ်စီမံကိန်းများ အပေါ်ဆန့်ကျင်မှုထက် အခြေခံအဆောက်အဦးလိုအပ်ချက် ဖိအားများရှိနေသော ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် သိသာမြင်သာသည့် အားသာချက်များက အလေးသာနေသည်ဟု ပါကစ္စတန်မှ လေ့လာ ဆန်းစစ် သူများက ပြောကြသည်။
၎င်းအပေါ် သဘောကျသည့် အမြင်ဖြစ်စေရန် နည်းလမ်း ၃ ခုဖြင့် ဆွဲဆောင်နေသည်ဟု သူတို့ကပြောသည်။ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနှင့် အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးခြင်းတို့ ဖြစ်သည်။ တရုတ်ကျောထောက်နောက်ခံပေးသည့် လျှပ်စစ်ဓာတ်အား စီမံကိန်းများက တချိန်က မှောင်မဲနေခဲ့သည့် ပါကစ္စတန်နိုင်ငံ၏ အစိတ်အပိုင်းများကို အလင်းရောင် ပေးခဲ့ပြီးဖြစ်သည်။
ယခုအခါ BRI နှင့် ဆက်နွယ်နေသည့် နိုင်ငံများအတွက် စိန်ခေါ်မှုမှာ စီမံကိန်း၏ အမှောင်ဘက်ခြမ်းကို ရှောင်ရှားရင်း အလင်းဘက်ခြမ်းကို ရယူနိုင်ရေးပင် ဖြစ်ပါသည်။
(Nikkei Asian Review ပါ Marwaan Macan-Markar ၏ China runs into Belt and Road barriers in South Asia ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)