ဆောင်းပါး

ပန်းချီ ခင်မေကြည်ရဲ့ သြစတြေးလျ နဲ့ မြန်မာရနံ့ပန်းချီကားများ

Want create site? Find Free WordPress Themes and plugins.

ဆရာဝန် နားကြပ်ကိုချပြီး ပန်းချီစုတ်တံကို အချိန်ပြည့် ကိုင်စွဲတဲ့ ပုဂ္ဂိုလ်များများစားစားမရှိပါဘူး။

ဒေါက်တာဒေါ်ခင်မေကြည်ကတော့ ပန်းချီဆရာမ ဒေါ်ခင်မေကြည်အဖြစ် ကျေနပ်စွာနဲ့ပြောင်းလဲ ဖြစ်ခဲ့ ပါတယ်။ “ပန်းချီ လောကနဲ့ မနီးဆက်ခဲ့ လို့သာ ပန်းချီဆရာမ မဖြစ်ခဲ့တာ။ ဒီလောကနဲ့ နီးစပ်ခဲ့ရင် ငယ်ငယ်ကတည်း က ပန်းချီဆရာမပဲ ဖြစ်မှာပါ။ ခဲတံ၊ စုတ်တံကိုင် နေရမှ စိတ်ကျေနပ်တာ ဆိုတော့ နားကြပ်ကို လက်လွှတ်လိုက်တာပါ။ ဆရာဝန် အလုပ် ကို လည်း နှစ်ပေါင်း ၄၀ ကျော် မြတ်နိုးစွာ နဲ့လုပ်ခဲ့ပြီးပါပြီ`လို့ သူမက ပြောပါတယ်။

အခုတော့ သူမရဲ့ ၄ ကြိမ်မြောက် ပြပွဲဖြစ်တဲ့ Beyond the Red Earth ပန်းချီပြပွဲကို ယောမင်းကြီး လမ်းမှာရှိတဲ့ Gallery 65 မှာ ပြသသွားမှာဖြစ်ပါတယ်။

ဒီပန်းချီပြပွဲမှာ သားသမီးများရှိရာ သြစတြေးလျ နိုင်ငံကို အလည်အပတ် သွားခဲ့စဉ်က အတွေ့အကြုံ ပုံရိပ်တွေနဲ့ မြန်မာ နိုင်ငံအနှံ့ပန်းချီ ခရီးထွက်ခဲ့စဉ်က ပုံရိပ်တွေကို ပေါင်းစပ်ပြသသွားမှာဖြစ်ပါတယ်။

“ကိုယ် ရောက်ခဲ့တဲ့ ဒေသရဲ့ဒေသန္တရ ဗဟုသုတလေး တွေလည်း ဝေမျှချင်တဲ့စေတနာရယ်၊ သူတို့နိုင်ငံ မှာ ဘယ်လို တိုးတက်နေတယ် ဆိုတာကိုလည်း ပန်းချီကားတွေကတဆင့် ပြဖြစ်တာပါ” ဆရာမက ဆိုပါတယ်။

ဒီပြပွဲကတော့ ဖေဖော်ဝါရီ ၁၆ ရက်ကနေ ၁၈ ရက်နေ့အထိပြသသွားမှာပါ။

ဆရာမရဲ့ ပန်းချီကားတွေမှာ သြစတြေးလျနိုင်ငံရဲ့ သန့်ရှင်းပြီးအေးချမ်းတဲ့ မြို့ပြကျေးလက်ရှုခင်းတွေ၊ လှပတဲ့ ရှေးဟောင်းဘုရားရှိခိုးကျောင်း၊ အစိုးရအဆောက်အအုံ၊ ဘူတာရုံနဲ့ကမ်းခြေတွေက တိုးတက် ဖွံ့ဖြိုးမှုတွေနဲ့ အတူ အသက်ဝင်လှပလို့နေပါတယ်။

မြန်မာနိုင်ငံက ပုဂံ၊ မန ္တလေးယဉ်ကျေးမှုနယ်မြေပုံရိပ်တွေ၊ ကျေးလက်ရှုခင်းပုံတွေနဲ့ ကိုလိုနီခေတ် ရှေးဟောင်း အဆောက်အဦး တွေဟာလည်း အရောင်အသွေး စုံစုံလင်လင်နဲ့ နှစ်သက် ကြည်နူးဖွယ်ရာ အလှကြွယ်လို့နေပါတယ်။

“သူတို့ဆီမှာ တခုရှိတာက တော်တော်များများ ရှေးအဆောက်အဦးတွေကို ထိန်းသိမ်းလုပ်နိုင်တယ်။ ဖျက်ဆီးဖြိုချတာ မရှိသလောက်ပေါ့နော်။ သဘာ၀ ပတ်ဝန်းကျင်ကိုလည်း အမြတ်တနိုး ထိန်းသိမ်း စောင့်ရှောက်ကြတယ်။ ကိုယ့် နိုင်ငံ ကိုလည်း အဲဒီလိုဖြစ်စေချင်တာ ပြောမနေနဲ့တော့။ ကိုယ့်နိုင်ငံကို ပြန်ကြည့်လိုက်ရင်လည်း တအားလှတာ တွေအများကြီးပါ။ လူမသိတဲ့ လှပတဲ့နေရာ တွေလည်း အများကြီး”လို့ ဒေါ်ခင်မေကြည်က ပြောပါတယ်။

ဒီ ပန်းချီပြပွဲမှာ ရေဆေး၊ ဆီဆေး ပန်းချီကား ၃၀ ကျော် ပြသွားမှာ ဖြစ်ပြီး ဈေးနှုန်းတွေကတော့ ဒေါ်လာ ၈၀ ကနေ ၆၀၀ အထိ သတ်မှတ်ထားပါတယ်။ ဆရာမ ဒေါ်ခင်မေကြည်ကို ၁၉၅၂ ခုနှစ်မှာ မွေးဖွားခဲ့ပြီး ပန်းချီကို ငယ်စဉ်ကပဲ ဝါသနာပါခဲ့ သူဖြစ်ပါတယ်။

ဆရာဝန်အဖြစ် လုပ်ကိုင်နေရင်း ပန်းချီပညာကို လေ့လာရေးဆွဲ ခဲ့ပါတယ်။

ပန်းချီဒေါ်ခင်မေကြည်ဟာ  ၂၀၁၀၊ ၂၀၁၂နဲ့ ၂၀၁၅ ခုနှစ်တွေမှာ တကိုယ်တော်ပြပွဲ တွေကို ပြသခဲ့ပြီး အဖွဲ့လိုက် ပန်းချီပြပွဲ တွေမှာလည်း ပါဝင်ပြသခဲ့ပါတယ်။ Beyond the Red Earth ပန်းချီပြပွဲက တဆင့် ဆရာမရဲ့ သဘာဝကို ချစ်မြတ်နိုးတဲ့စိတ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု တွေကို ချစ်မြတ် နိုးတဲ့ စိတ်နဲ့ သူတပါးကို လေးစား အသိအမှတ်ပြု မုဒိတာပွားနိုင်တဲ့ စိတ်ထားတွေကို မြင်တွေ့နိုင်မှာပဲဖြစ်ပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading