ကျနော် တမီလ်စကား မပြောနိုင်သော်လည်း အိန္ဒိယတွင် အချိန်ယူနေထိုင်ခဲ့ပါသည်။ နားဝင်ပီယံဖြစ်စေသော တမီလ်စကားက MG Ramachandran (နာမည်ကျော် တမီလ် ရုပ်ရှင်မင်းသားနှင့် Tamil Nadu ပြည်နယ် ဝန်ကြီးချုပ် ဟောင်း)၏ အဖြူအမည်း ရုပ်ရှင်ဇာတ်ကားများ၊ တိုရှည်၊ သီးစုံပဲဟင်းနှင့် အုန်းသီး ချတ္တနီးတို့နှင့် အတူ ကျနော့် ကလေးဘဝ အမှတ်တရများ ၏ တစိတ်တပိုင်း ဖြစ်ခဲ့သည်။
ထို့ကြောင့် ကျနော့် ခရီးစဉ်များ စတင်သည့် အချိန်တွင် တောင်ဘက်မှ စတင်ရမည်ဖြစ်ကြောင်း ကျနော်သိခဲ့သည်။ ချိုလ (Cholas) မင်းဆက်၏ သမိုင်းဝင် အချက်အချာနေရာမှ ဖြစ်သည်။ ကျနော့်အတွက် စိတ်ပျက်စရာမှာ ဒိုတီများနေ ရာတွင် ဂျင်း နှင့် ချည်ထည်ဘောင်းဘီများ အစားထိုးခံရသည်မှာ ကြာမြင့်ခဲ့ပြီ ဖြစ်ကြောင်း တွေ့ရှိရခြင်းတခုသာဖြစ် သည်။
ယခုအခါ အိန္ဒိယက အရာရာတိုင်းပြောင်းလဲနေသည်။ တပြိုင်တည်းပင် ဖြစ်လေ့ရှိ၏။ ဆူညံ၍ ရှုပ်ထွေးနေ၏။ Flipkart (အိန္ဒိယ အခြေစိုက် အီလက်ထရာနစ် ကုမ္ပဏီ)၊ Ola ကုမ္ပဏီမှ တက္ကဆီများ၊ Ranveer Singh ၏ ဟင်ဒီဘာသာဖြင့် ရက်ပ်သီချင်းဆိုသံ၊ ဇာတ်ခွဲခြားမှုများနှင့် အတိတ်ကာလများက ရောထွေးနေသည်။ Adivasi သို့မဟုတ် ဒေသခံလူမျိုး စုများ၊ Dalits (ဇာတ်နိမ့်မျိုးနွယ်များ)၊ ဆူဖီမွတ်ဆလင်များ၊ Jat (ဇာတ်မြင့်မျိုးနွယ်တမျိုး) နှင့် ပုဏ္ဏားများ ကို မြင်တွေ့ ရလိမ့်မည် ဖြစ်သည်။ သူတို့ အားလုံးက တနည်းတဖုံဖြင့် အတူယှဉ်တွဲနေထိုင်ကြသလို ပဋိပက္ခတွင်လည်း ရှိနေကြ သည်။
ဘုရားများ၊ နတ်များကို ပူဇော်သည့် ဘုရားကျောင်းများ၊ စေတီပုထိုးများက နေရာတိုင်းတွင် ရှိနေကြသည်။ သို့သော် လည်း အရေးအကြီးဆုံးမှာ ဖန်တီးသူ ဗြဟ္မ(Brahma)၊ စောင့်ရှောက်သူ ဗိဿနိုး(Vishnu) နှင့် ဖျက်ဆီးသူ သီဝ (Shiva) တို့ ဖြစ်ကြသည်။ အိန္ဒိယသည် အရှေ့တောင်အာရှ တလွှားတွင် ပဲ့တင်ထပ် ပျံ့နှံ့ခဲ့ပြီး ဖြစ်သော ရာမယန (Ramayana )နှင့် မဟာ ဘာရတ္တ (Mahabharata) တို့၏ နယ်မြေလည်း ဖြစ်သည်။ ထို့ပြင် ဂင်္ဂါလွင်ပြင်တွင် ဗုဒ္ဓ၏ ဇာတ်ကြောင်းကို ခြေရာခံလိုက်၍ ရနိုင်သေးသည်။ အရှေ့တောင်အာရှမှ သန်း ၁၅၀ ကျော်သော ဗုဒ္ဓဘာသာဝင်များ နှင့် အိန္ဒိယက ခိုင်ခိုင်မြဲမြဲပင် ဆက်နွယ်နေသည်။

မှန်ပါသည်။ ဘုရားကျောင်းများ၊ ခရစ်ယန်ဘုရားကျောင်းများ၊ ဂျူးဘုရားကျောင်းများ၊ ဗလီများ နှင့် စေတီပုထိုးများဖြင့် ရှုပ်ထွေးနေသော ကမ္ဘာတခုတွင် ကိုးကွယ်ယုံကြည်မှုနှင့် ကျင့်သုံးမှု အလွှာအမျိုးမျိုး၏နောက်တွင် ကျန်နေသော အခြား အယူဝါဒနှင့် ဘာသာ အများအပြားရှိပါသည်။
ထို့ကြောင့် အူရဒူမှသည် ဘင်္ဂါလီ၊ မာရသီ နှင့် အင်္ဂလိပ် အထိ ဘာသာစကားတို့ကို ရောထွေးသုံးစွဲခဲ့ရသော ကျနော့် အနေဖြင့် ကျနော့်နားမှ ဖြတ်ကျော်သွားသူတို့၏ အရိပ်တိုင်းကို အမြဲတမ်း သတိထားခဲ့ပါသည်။
သို့သော်လည်း ကျနော်၏ ခရီးစဉ်က ဘာသာရေးနှင့် ယဉ်ကျေးမှု၊ ဘာသာစကားသို့မဟုတ် သမိုင်းတို့နှင့် မသက်ဆိုင် ပါ။ တခါတရံ နားလည်မှု လွဲမှားခံရတတ်သည့် နိုင်ငံကြီးတခု၊ အကယ်၍ ကမ္ဘာအတွက် မဟုတ်ခဲ့လျှင်ပင် အရှေ့တောင်အာရှ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသည့် အင်ဂျင်တခု အလျှင်အမြန်ဖြစ်လာနေသည့် စီးပွားရေးတခုကို စူးစမ်းရန် လာရောက်ခဲ့ခြင်း ဖြစ်သည်။
အိန္ဒိယ နိုင်ငံ၏ အမေရိကန်ဒေါ်လာ ၉.၄၄၉ ထရီလီယံ တန်ဘိုးရှိသည့် (ဝယ်ယူနိုင်စွမ်းအား နှိုင်းယှဉ်မှုအရ ကြည့်မည် ဆိုလျှင် လက်ရှိအချိန်၌ ကမ္ဘာ့တတိယအကြီးဆုံး) စီးပွားရေး နှင့် ၇.၃ ရာခိုင်နှုန်းရှိသော GDP တိုးနှုန်း(G20 နိုင်ငံများ ထဲတွင် အလျှင်မြန်ဆုံး ဖြစ်သည်) တို့က ဥပေက္ခာပြုရန် မဖြစ်နိုင်ပါ။
ထို့ပြင် ကုလသမဂ္ဂမှ သတင်းအချက်အလက်များ၏ အဆိုအရ အိန္ဒိိယ နိုင်ငံက ၂၀၂၄ ခုနှစ်တွင် တရုတ်နိုင်ငံကို ကျော် ၍ ကမ္ဘာပေါ်လူဦးရေ အများဆုံးနိုင်ငံ ဖြစ်လာမည်ဟု သိရသည်။ ၂၀၃၀ ခုနှစ် တွင် လူဦးရေက ၁.၅ ဘီလီယံသို့ မကြုံ စဖူး ရောက်ရှိသွားနိုင်သည်။ အမှန်တကယ်တွင်လည်း အိန္ဒိယ နိုင်ငံမှ အချို့ပြည်နယ်များက အာဆီယံနိုင်ငံများတမျှ ပင် ကြီးမားသည်။ မြောက်ပိုင်းမှ Uttar Pradesh ပြည်နယ်တွင် လူဦးရေ ၂၂၄ သန်းရှိပြီး အလယ်ပိုင်းမှ Maharashtra ပြည်နယ်က လူဦးရေ ၁၂၀ သန်း ရှိရာ အင်ဒိုနီးရှား၊ ဖိလစ်ပိုင် နိုင်ငံများနှင့် အသီးသီး နှိုင်းယှဉ်ကြည့်နိုင်ပါသည်။

လူလတ်တန်းစား အရေအတွက်ကလည်း မြင့်တက်နေသည်။ Mumbai တက္ကသိုလ်မှ ပညာရှင် ၂ ဦးဖြစ်သည့် Sandhya Krishnan နှင့် NeerajHatekar တို့က ၂၀၁၇ ခုနှစ်တွင် ရေးသားခဲ့သည့် စာတမ်းတစောင်တွင် လူလတ်တန်းစား အရေအတွက်က ၂၀၀၄-၀၅ တွင် ၃၀၄ သန်းရှိခဲ့ရာမှ ၂၀၁၁-၁၂ တွင် ၂ ဆတိုး၍ ၆၀၄ သန်း ဖြစ်လာသည်ဟု ဖော်ပြခဲ့သည်။ သို့သော်လည်း ထိုသို့ တိုးတက်မှု အများအပြားမှာ အောက်ခြေပိုင်း လူလတ်တန်းစားများ အတွင်းတွင် ဖြစ်သည်ဟု သူတို့က ဝန်ခံခဲ့သည်။
ထိုသို့ဖြစ်ခြင်းက အိန္ဒိယ နိုင်ငံ၏ မြို့ပြတွင်ရော ကျေးလက်တွင်ပါ ကြီးမားစွာ ပြောင်းလဲတိုးတက်လာခဲ့သည်။ အသင့် ထုပ်ပိုးထားသည့် အစားအစာများအပါအဝင် တန်ဖိုးသင့် လူသုံးကုန်ပစ္စည်းများအတွက် ဝယ်လိုအားက တဟုန်ထိုးမြင့် တက်လာသည်။ ၎င်းတို့ထဲတွင် အဓိကမှာ စားအုံးဆီ ဖြစ်သည်။ မျှော်လင့်ထားသည့် အတိုင်းပင် အိန္ဒိယနိုင်ငံက ကမ္ဘာ တွင် စားအုံးဆီ အများဆုံး စားသုံးသူနှင့် တင်သွင်းသူ ဖြစ်လာစေခဲ့သည်။ ၂၀၁၈ ခုနှစ်တွင် တန်ချိန် ၈.၇ သန်း ခန့် ရှိ ပါသည်။
အိန္ဒိယနိုင်ငံ၏ နိုင်ငံခြားမှ သဘာဝအရင်းအမြစ် တင်သွင်းမှုက (တနှစ်လျှင် ကျောက်မီးသွေး တန်ချိန် ၃၁.၅သန်း တင် သွင်းနေရခြင်း အပါအဝင်) ယခုအခါတွင် အင်ဒိုနီးရှားအတွက် အကျိုးဖြစ်နေသည်ကို လူအနည်းငယ်ကသာ သတိပြု မိကြသည်။ အင်ဒိုနီးရှားနိုင်ငံက အိန္ဒိယနိုင်ငံနှင့် ကုန်သွယ်ရေးတွင် ပိုငွေ အမေရိကန် ဒေါ်လာ ၉ ဘီလီယံ အထိ ရရှိခဲ့သည်။ သို့သော်လည်း ဒေလီနှင့် ဂင်္ဂါ လွင်ပြင် နေရာအများစုတွင် မီးခိုးများ ဆိုးရွားစွာ ဖုံးအပ်နေခြင်းများကြောင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး ပိုလိုလားလာမည့် အိန္ဒိယနိုင်ငံသို့ ကျောက်မီးသွေးများ တင်ပို့ရခြင်းက ရေရှည်ဖြစ်နေနိုင်ပါမည်လားဟု မေးခွန်းထုတ်စရာ ဖြစ်လာသည်။
ခရီးသွားလုပ်ငန်းက ဝယ်လိုအား မြင့်တက်လာနေသည့် နောက်ထပ် နေရာတခု ဖြစ်သည်။ အိန္ဒိယ နိုင်ငံက ၂၀၂၀ ခု နှစ်တွင် ပြည်ပခရီးသွား သန်း ၅၀ ခန့် ထုတ်လုပ်ပေးလိမ့်မည်ဟု World Tourism Organisation က ခန့်မှန်းထား သည်။ အဆိုပါ ကိန်းဂဏန်းက နှစ်စဉ် ၁၀ ရာခိုင်နှုန်းမှ ၁၂ ရာခိုင်နှုန်း အတွင်း တိုးလာလိမ့်မည်ဟုလည်း မျှော်လင့်ရပါ သည်။
အိန္ဒိယ မြို့ကြီးများနှင့် အာဆီယံတို့ကြားတွင် လေကြောင်းခရီးစဉ် အသစ် အများအပြားရှိနေသည်။ ကျနော်ကိုယ်တိုင် သည်ပင် ယခုလနှောင်းပိုင်းတွင် ဒေသတွင်း စရိတ်နည်းလေကြောင်းလိုင်းတခု ဖြစ်သည့် Indigo ဖြင့် ဗာရာဏသီမှ ဘန်ကောက်သို့ ပြန်သွားရန် စီစဉ်ထားသည်။
ပြီးခဲ့သည့် ရက်သတ္တပတ် အနည်းငယ်က အင်ဒိုနီးရှားလေကြောင်းလိုင်းတခုဖြစ်သည့် Garuda ဖြင့် မွန်ဘိုင်းမှ နေ၍ အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်း၏ မြို့တော် Denpasar သို့ ၇ နာရီခွဲကြာ လေယာဉ်ဆက်တိုက်စီး၍ ကျနော်သွားရောက် ခဲ့ပါသေးသည်။ အင်ဒိုနီးရှားနိုင်ငံ ပြည်ပ ခရီးသွားလုပ်ငန်း၏ သုံးစွဲမှုက ၂၀၂၈ ခုနှစ် ရောက်သည့် အချိန်တွင် ဒေါ်လာ ၂၈.၀၆ ဘီလီယံ အထိ ရောက်ရှိလာလိမ့်မည်ဟု The World Travel and Tourism Council က ခန့်မှန်းထားသည်။

အိန္ဒိယနိုင်ငံက ပြင်ပတွင် အရင်းအမြစ်ရယူသည့် စီးပွားရေးလုပ်ငန်းများ (သို့မဟုတ် BPO) တွင် ဖိလစ်ပိုင် နိုင်ငံ အတွက် အဓိက ပြိုင်ဘက်တဦးလည်း ဖြစ်သည်။ ဖိလစ်ပိုင်နိုင်ငံအတွက် အဆိုပါ လုပ်ငန်း ကဏ္ဍက တနှစ်လျှင် အမေရိကန်ဒေါ်လာ ၂၃.၈ ဘီလီယံကျော် တန်ဖိုးရှိပါသည်။ သို့သော်လည်း ဉာဏ်ရည်တု(AI) နည်းပညာ တိုးတက်လာခြင်းက ဖိလစ်ပိုင်နိုင်ငံအတွက် အကျိုးအမြတ်များပြားလှသော တယ်လီဖုန်းမှတဆင့် စားသုံးသူ ဝန်ဆောင်မှုပေးသည့် စီးပွားရေးလုပ်ငန်းကို အကြီးအကျယ် ထိခိုက်ပျက်စီးစေမည့် ခြိမ်းခြောက်မှု ဖြစ်လာသည်။ အိန္ဒိယနိုင်ငံ၏ အဓိက အားသာချက် ဖြစ်သော ဆော့ဖ်ဝဲရေးသားခြင်း၊ IT နှင့် အင်ဂျင်နီယာ ပညာတို့က တောင်ပိုင်း နည်းပညာမြို့တော်များဖြစ်သည့် Bangalore နှင့် Hyderabad တို့ အပေါ်တွင် ကျရောက်နိုင်သည့် သက်ရောက်မှုများကို သက်သာလျော့ပါးစေနိုင်မည် ဖြစ်သည်။
လက်ရှိအချိန်တွင် အိန္ဒိယ-အာဆီယံ ကုန်ကွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုက တရုတ်နိုင်ငံနှင့် နှိုင်းယှဉ်မရနိုင်သော်လည်း တရုတ်နိုင်ငံ၏ ဗျူဟာမြောက် ရည်မှန်းချက်များအပေါ် စိုးရိမ်မှုများ တိုးလာရခြင်းက အရှေ့တောင်အာရှ နိုင်ငံများ အတွက် အိန္ဒိယနိုင်ငံနှင့် ပတ်သက်၍ ပိုမိုသိရှိရေးနှင့် အိန္ဒိယ အထက်တန်းလွှာများ (နိုင်ငံရေးသမားများရော စီး ပွားရေးသမားများနှင့်ပါ) နှင့် ၎င်းတို့၏ ဆက်နွယ်ပတ်သက်မှု နက်ရှိုင်းစေရေး ဆောင်ရွက်ရန် အရေးကြီးလာစေခဲ့ သည်။
အကယ်၍ ကျနော်တို့က တရုတ်ဧကရာဇ် Xi Jinping ကို စိတ်ကုန်နေခဲ့သည်ဆိုလျှင် အခြားသော ရွေးချယ်စရာများ ကို ပျိုးထောင်ရန် အမှန်တကယ် လိုအပ်ပါလိမ့်မည်။
သို့သော်လည်း ဇွန်လတွင် ရွေးကောက်ပွဲတခု ပြုလုပ်ရန် ရှိနေခြင်းနှင့် အတူ BJP ပါတီ၏ ဝန်ကြီးချုပ် (ကျယ်ပြန့်သော ရည်မှန်းချက်နှင့် ကြီးမားသောစွမ်းအင်ရှိသူ) Narendra Modi အနေဖြင့် ခက်ခဲ ကြမ်းတမ်းမှုများနှင့် ရင်ဆိုင်ရရန် လည်း ရှိနေသည်။ Gujarat ပြည်နယ် ဝန်ကြီးချုပ်ဟောင်းလည်း ဖြစ်သည့် Narendra Modi မှာ သူနှင့် သူ၏ အလွန် ပြင်းထန်သော ရှေးရိုးစွဲ ဟိန္ဒူ အသားပေး မူဝါဒများအပေါ် ပြင်းပြင်းထန်ထန် ဆန့်ကျင်သည့် အတိုက်အခံကို စည်းရုံး ရန် မယုံနိုင်စရာကောင်းလောက်အောင် ဆောင်ရွက်နိုင်ခဲ့သည်။
တချိန်တည်းမှာပင် သူ၏ စီးပွားရေးဆိုင်ရာ မှတ်တမ်းတွင် သိမ်မွေ့သော အက်ကြောင်းများ ပေါ်ပေါက်လာနေသည်။ မီဒီယာများက သူ၏ မူဝါဒများကို ပိုမို၍ ရဲတင်းစွာ စိန်ခေါ်လာနေသည်။ ငွေစက္ကူများကို ဖျက်သိမ်းခဲ့သည့် အညင်းပွားဖွယ်ရာ အစီအစဉ်မှသည် အလုပ်အကိုင်ဖန်တီးရေး၊ ကျေးလက်ဝင်ငွေ၊ သဘာဝပတ်ဝန်းကျင် ကျဆင်းခြင်း နှင့် လတ်တလောပေါ်ပေါက်ခဲ့သည့် အဆင့်မြင့်ပိုင်းမှ အကျင့်ပျက်ခြစားမှု စွပ်စွဲချက်များ အထိဖြစ်သည်။
ပြီးခဲ့သည့် နှစ် နိုဝင်ဘာလက ပြုလုပ်ခဲ့သည့် လွှတ်တော်ရွေးကောက်ပွဲများတွင် လက်ရှိ အာဏာရ အစိုးရကို ဆန့်ကျင် သည့် အပြောင်းအလဲတခုကို ယခင်က BJP ၏ အမာခံ နယ်မြေများဖြစ်သည့် Rajasthan၊ Chhattisgarh နှင့် Madhya Pradesh တို့တွင် မြင်တွေ့ခဲ့ရပြီး ဖြစ်သည်။
အရှေ့တောင်အာရှမှ ကျနော်တို့ အနေဖြင့် ဒေလီနှင့် အိန္ဒိယနိုင်ငံတလွှားမှ လက်ရှိ အင်အားစုများနှင့် ပတ်သက်၍ မည်သည့် အတိုင်းအတာအထိ သိရှိနားလည်ထားသနည်းဟု ကျနော် မေးရတော့မည် ဖြစ်သည်။ Telangana RashtraSamiti ပါတီကဲ့သို့သော ပြည်နယ်အဆင့် အင်အားကြီးမားသူများ၏ အကျိုးစီးပွားဖြစ်သည့် ဒေသတွင်း/ပြည် နယ်တွင်းကိုသာ ဗဟိုပြုသည့် ဝါဒက ရွေးကောက်ပွဲ တွက်ချက်မှုများတွင် အဓိက ကိန်းတခု မည်သို့ မည်ပုံ ဖြစ် လာခဲ့သည်ကို ကျနော်တို့ နားလည်ကြပါသလား။
နေရူး-ဂန္ဒီ မိသားစုမှ ပဉ္စမမြောက် မျိုးဆက်များ ဖြစ်သည့် Rahul နှင့် Priyanka တို့ကဲ့သို့ အဓိက ပလေယာများ အပေါ်တွင် ကျနော်တို့ လေ့လာပြီးကြပါပြီလား။
Uttar Pradeshနှင့် West Bengal ပြည်နယ်များမှ မယုံနိုင်လောက်အောင် စွမ်းအားရှိသည့် အမျိုးသမီးများဖြစ်ကြ သော Mayawati နှင့် Mamata Banerjee တို့က မည်သို့ ရှိသနည်း။ သူတို့ ၂ ယောက်လုံးက Narendra Modi နှင့် နေရူး-ဂန္ဓီ မိသားစုကို တန်းတူညီမျှ စက်ဆုပ်ကြသည်။
အကယ်၍ အိန္ဒိယနိုင်ငံ၏ အလားအလာနှင့် ပတ်သက်၍ ပိုမိုသိရှိရန် သင်က စိတ်ဝင်စားခဲ့မည်ဆိုလျှင် ကျနော်က အိန္ဒိယတိုက်ငယ်ကို အရှေ့တောင်အာရှဘက်မှ အမြင်ဖြင့် စူးစမ်းဖော်ထုတ်ရပါလိမ့်မည်။
အိန္ဒိယက အရှေ့တောင်အာရှ၏ အတိတ်တွင် ကြီးမားစွာပါဝင် ပတ်သက်ခဲ့သည်။ ကျနော်တို့၏ ပစ္စုပ္ပန်တွင်လည်း အရေးပါနေသည်မှာ အသေအချာ ဖြစ်သည်။
တရုတ်နိုင်ငံ၏ အလွန်အကျွံဖိအားက တိုးလာနေခြင်းနှင့်အတူ အိန္ဒိယက ကျနော်တို့၏ အနာဂတ် (စီးပွားရေးများ) တွင် ကျယ်ပြန့်သော အခန်းကဏ္ဍတခု၌ ပါဝင်ပတ်သက်ရန် အရှေ့တောင်အာရှအတွက် အရေးတကြီး လိုအပ်ပါ၏။ ဤလုပ်ငန်းက အစမှာပင် ရှိနေပါသေးသည်။
(ကာရင်ရတ်စလန်သည် အာဆီယံရေးရာများကို အထူးပြုလေ့လာရေးသားနေသူ မလေးရှား စာရေးဆရာတဦး ဖြစ်သည်။ ကွာလာလမ်ပူ အခြေစိုက် အကြံပေးအဖွဲ့ Ceritalah ASEAN ကို တည်ထောင်သူ အမှုဆောင်အရာရှိချုပ်လည်း ဖြစ်သည်။)