များစွာနောက်ကျနေခဲ့သည့် လုပ်ငန်း ကျစ်လစ်စေခြင်းက မြန်မာနိုင်ငံ လေကြောင်းကဏ္ဍ အပြောင်းအလဲကို မောင်းနှင်နေသည်။ နှိုင်းယှဉ်ကြည့်လျှင် လွန်ခဲ့သော ၁ နှစ်က လေကြောင်းလိုင်း ၈ ခုရှိခဲ့ပြီး လွန်ခဲ့သော ၃ နှစ်က ၁၀ ခုရှိခဲ့သည့် ပြည်တွင်းဈေးကွက်က လက်ရှိအချိန် လေကြောင်းလိုင်း ၅ ခု သာ ရှိတော့သည်။
မြန်မာနိုင်ငံအတွင်း လေကြောင်းမှ ခရီးသွားလာသူ တနှစ်လျှင် ၃ သန်းထက် နည်းခြင်းကြောင့် လေကြောင်းလိုင်း ၅ ခု ဆိုသည်မှာ များနေသေးသော ပမာဏဖြစ်သည်။ သို့သော်လည်း လတ်တလော လိုနေသည့် လုပ်ငန်း ကျစ်လစ်စေခြင်းက ဈေးကွက် အခြေအနေများအတွက် အဓိကကျသော တိုးတက်မှုတခု ဖြစ်သင့်သည်။
ဆယ်စုနှစ်အတွင်း မြန်မာနိုင်ငံမှ လေကြောင်းလိုင်း အားလုံးနီးပါးတွင် မရရှိနိုင်ခဲ့သော အမြတ်အစွန်းက ယခုအခါ ဖြစ် နိုင်ခြေတခု ဖြစ်လာသည်။ ကျန်ရှိနေသော ပြိုင်ဘက် လေကြောင်းလိုင်း အချို့ အနေဖြင့် တိုးချဲ့မှုကို အရှိန်မြှင့်တင်နိုင်ပါသည်။
မြန်မာနိုင်ငံ၏ အကြီးဆုံး ပုဂ္ဂလိကပိုင် လေကြောင်းလိုင်း ဖြစ်သည့် Air KBZ က ယခုနှစ်အတွင်းတွင် ၎င်း၏ လေယာဉ် အုပ်စု ကို ၅၀ ရာခိုင်နှုန်းတိုးချဲ့ရန် ပြင်ဆင်နေသည်။ ပြည်တွင်းတွင် အကြီးဆုံးပြိုင်ဘက် ဖြစ်သည့် အစိုးရပိုင် မြန်မာ အမျိုးသား လေကြောင်း(MNA) ကို ကျော်တက်ရန် ဆန္ဒပြင်းပြနေသည်။ Air KBZ ပူးပေါင်းထားသော အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်း(MAI) ကလည်း ကြာမြင့်စွာ တိုးတက်မှုမရှိခဲ့သည့် ကာလတခုကို အဆုံးသတ်၍ ၎င်း၏ လေယာဉ်အုပ်စုကို ၂၀၁၉ ခုနှစ်တွင် ၂ ဆ တိုးချဲ့ရန် စီစဉ်နေသည်။
မြန်မာနိုင်ငံ၏ လေကြောင်းပို့ဆောင်ရေး ဈေးကွက်က တနှစ်လျှင် ခရီးသည် ၈ သန်းပင် မရှိပါ။ ၂၀၁၈ ခုနှစ်တွင် ပြည်တွင်း ခရီးသည် ၂.၇ သန်းနှင့် နိုင်ငံတကာ ခရီးသည် ၄.၅သန်း ရှိခဲ့သည်။ (Myanmar CAA ၏ အချက်အလက်များ အပေါ်တွင် အခြေခံသည်။)
နိုင်ငံခြားလေကြောင်းလိုင်းများက နိုင်ငံတကာဈေးကွက်ကို လွှမ်းမိုးထားသည့်အတွက် မြန်မာနိုင်ငံ အခြေစိုက်လေကြောင်း လိုင်းများက တနှစ်လျှင် ၄ သန်းထက် နည်းသည့် ခရီးသည်ဈေးကွက်၏ တစိတ်တဒေသအတွက် ယှဉ်ပြိုင်နေကြရသည်။
ပြီးခဲ့သည့် ၃ နှစ်က ပြည်တွင်း ပြိုင်ဘက် လေကြောင်းလိုင်း ၁၀ ခုအပါအဝင် မြန်မာနိုင်ငံ အခြေစိုက် လေကြောင်းလိုင်း ၁၁ ခု ရှိခဲ့သည်။ ပျမ်းမျှအားဖြင့် လေကြောင်းလိုင်းတခုစီက တနှစ်လျှင် ခရီးသည် ၃၀၀၀၀၀ စီသာ ပို့ဆောင်ပေးနိုင်ခဲ့သည်။
မြန်မာနိုင်ငံဈေးကွက်နှင့် ပတ်သက်၍ ယခင်လေ့လာသုံးသပ်မှု အစီရင်ခံစာ အများအပြားတွင် CAPA (Centre for Aviation) က ကြိုတင် ထောက်ပြခဲ့သည့်အတိုင်း ရေရှည်ရပ်တည်အောင်မြင်ရေးအတွက် မဖြစ်နိုင်ကြောင်း ထင်ထင်ရှားရှား ဖော်ပြနေပါသည်။
ပေါင်းစည်းခြင်းက ခက်ခဲကြောင်း နှစ်ပေါင်းများစွာအတွင်း တွေ့ရှိခဲ့ကြသည်။ ပေါင်းစည်းမှုအစား လေကြောင်းလိုင်း အရေအတွက်က နှစ်စဉ် တိုးလာခဲ့သည်။ ၂၀၁၀ နှစ်ကုန်ပိုင်းတွင် ၄ ခုသာရှိရာမှ ၂၀၁၅ နှစ်ကုန်ပိုင်းတွင် ၁၁ ခုအထိ ဖြစ်လာသည်။
အဆင့်တခုက Air Bagan လုပ်ငန်းများ ရပ်ဆိုင်းခဲ့သည့် ၂၀၁၆ ခုနှစ်တွင် စတင်ခဲ့သည်။ သို့သော်လည်း နောက်ထပ် လေကြောင်းလိုင်း ၃ ခု ထွက်ခွာသွားခဲ့သည့် ပြီးခဲ့သော ၁၅ လ အတွင်းအထိ သိသာ ထင်ရှားမှု ဖြစ်မလာခဲ့ပါ။ APEX က ၎င်းတို့၏ လုပ်ငန်းများကို ၂၀၁၇ ခုနှစ်နှောင်းပိုင်းတွင် ရပ်ဆိုင်းခဲ့သည်။ ထို့နောက် FMI နှင့် Air Mandalay တို့က လုပ်ငန်းများကို ၂၀၁၈ ခုနှစ် ဒုတိယ နှစ်ဝက်ပိုင်းတွင် ရပ်ဆိုင်းခဲ့ကြသည်။
ယခုအချိန်အထိ ထွက်ခွာသွားခဲ့ပြီး ဖြစ်သော လေကြောင်းလိုင်း ၄ ခုလုံးက ပုဂ္ဂလိကပိုင် ပြည်တွင်း ပြိုင်ဘက်များ ဖြစ်ကြသည်။ APEX နှင့် FMI တို့က နောက်ဆုံးမှ ဝင်ရောက်သူများဖြစ်ကြပြီး သူတို့၏ လုပ်ငန်းများကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ကြသည်။ Air Bagan နှင့် Air Mandalay တို့က ၂၀၁၀ ခုနှစ်တွင် စတင်လုပ်ကိုင်ခဲ့သည့် လေကြောင်းလိုင်း ၄ ခုထဲတွင် အပါအဝင်ဖြစ်သည်။
ကျန်ရှိနေသောလေကြောင်းလိုင်းများမှာ Air KBZ၊ Asian Wings၊ Golden Myanmar Airlines၊ Mann Yadanarpon Airways၊ မြန်မာ အမျိုးသား လေကြောင်း(MNA) ၊ အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်း(MAI) နှင့် Yangon Airways တို့ ဖြစ်ကြသည်။
MAI က နိုင်ငံတကာ ဈေးကွက်တွင်သာ ယှဉ်ပြိုင်သည့်အတွက် ပြည်တွင်းဈေးကွက်တွင် ပြိုင်ဘက် ၆ ခုသာ ကျန်သည်။
သို့သော်လည်း Asian Wings က ပြီးခဲ့သည့် ရက်သတ္တပတ် အများအပြားအတွင်းတွင် မည်သည့် လေယာဉ်ခရီးစဉ်မျှ ပြေးဆွဲခဲ့ခြင်း မရှိသည့်အတွက် လှုပ်ရှားနေဆဲ ပြည်တွင်းပြိုင်ဘက် ၅ ခုသာ ကျန်ခဲ့သည်။ Asian Wings က ၎င်း၏ အော်ပရေတာ လက်မှတ်ကို ပြန်လည်ပေးအပ်ခြင်း မရှိသေးသည့်အတွက် ရပ်တန့်ခြင်းက ယာယီ အခြေအနေတခု ဖြစ်နိုင်သော်လည်း ဈေးကွက်အတွင်းမှ အပြီးအပိုင် ထွက်ခွာလုဆဲဆဲ အသွင်ရှိနေသည်။
Asian Wings ခရီးစဉ်များက ၂၀၁၈ ခုနှစ်တွင် ထင်ထင်ရှားရှား လျော့သွားခဲ့သည်။ ၂၀၁၈ ခုနှစ် အောက်တိုဘာလတွင် စတင်သည့် ဆောင်းရာသီအတွက် ပျံသန်းရေးအစီအစဉ်များကို သိသိသာသာပင် လျှော့ချခဲ့သည်။ တပတ်လျှင် ခရီးစဉ် ၃၁ ခု သာ ပြေးဆွဲခြင်း အပါအဝင်ဖြစ်သည်။ အဆိုပါ ခရီးစဉ်များကို လုံးဝပျံသန်းခြင်း မပြုတော့သည်မှာ ၂ လ နီးပါးရှိခဲ့ပြီ ဖြစ်သည်။
Asian Wings ၏ လေယာဉ်အုပ်စုက ၂၀၁၅ ခုနှစ်တွင် လေယာဉ် ၅ စင်း (ATR72 ၄စင်းနှင့် A321 တစင်း) ဖြင့် အမြင့်ဆုံး သို့ ရောက်ခဲ့သည်။ သို့သော်လည်း ၂၀၁၈ ခုနှစ် စတုတ္ထ ၃ လပတ်အတွင်းတွင် ပြေးဆွဲခဲ့သည့် ၎င်း၏ ခရီးစဉ်များအတွက် လေယာဉ် တစင်းသာ လိုအပ်ခဲ့သည်။ ၂၀၁၈ ခုနှစ် ဒုတိယ နှစ်ဝက်တွင် ပြေးဆွဲခဲ့သည့် ခရီးစဉ် အရေအတွက်က အလွန် အကန့်အသတ်ဖြင့် ရှိနေခဲ့ခြင်းက လေကြောင်းလိုင်းသည် ရုန်းကန်နေခဲ့ရကြောင်း ဖော်ပြနေပြီး လတ်တလောတွင် လုပ် ငန်းများ ရပ်တန့်နေခြင်းက အပြီးတိုင်ရပ်ဆိုင်းတော့မည် ဆိုသည့် ကောလာဟလများကို ထွက်ပေါ်စေခဲ့သည်။
Asian Wings၊ Air KBZ၊ Golden Myanmar၊ Mann Yadanarpon နှင့် Yangon Airways တို့ အားလုံးက ပုဂ္ဂလိက ပိုင်များဖြစ်ကြသည်။ အများစုသည် ယခင်က နိုင်ငံတကာ ဝန်ဆောင်မှုများကို အကန့်အသတ်ဖြင့် လုပ်ကိုင်ခဲ့ကြသော်လည်း ပြီးခဲ့သည့်နှစ်များအတွင်းတွင် ပြည်တွင်း ဈေးကွက်တွင်သာ ယှဉ်ပြိုင်ခဲ့ကြရသည်။
Yangon Airways က ၎င်းတို့ထဲတွင် သက်တမ်းအရင့်ဆုံး ဖြစ်ပြီး ၁၉၉၆ ခုနှစ်တွင် စတင်ပြေးဆွဲခဲ့သည်။ သို့သော်လည်း ၂၀၁၀ ခုနှစ်တွင် လုပ်ငန်းများ ရပ်ဆိုင်းခဲ့ပြီး နောက် ၁ နှစ်အကြာ ၂၀၁၁ ခုနှစ်တွင်မှ ပြန်လည်လုပ်ကိုင်ခဲ့သည်။
Air KBZ နှင့် Asian Wings တို့က ၂၀၁၁ ခုနှစ်တွင် စတင်လုပ်ကိုင်ခဲ့ကြသည်။ မြန်မာနိုင်ငံ၏ လေကြောင်းလိုင်း ကဏ္ဍ တိုးချဲ့လာသည့် ပထမလှိုင်းအတွင်းတွင် ဖြစ်သည်။ ထို့နောက် Golden Myanmar က ၂၀၁၃ ခုနှစ် နှင့် Mann Yadanarpon က ၂၀၁၄ တွင် စတင်လုပ်ကိုင်ခဲ့ကြသည်။
Golden Myanmar၊ Mann Yadanarpon နှင့် Yangon Airways တို့သည် အလွန်သေးငယ်သော လေကြောင်းလိုင်းများ ဖြစ်ကြသည်။ လေကြောင်းလိုင်း တခုစီတွင် ATR 72 လေယာဉ် ၂ စင်း သို့မဟုတ် ၃ စင်းစီသာ ရှိကြသည်။ Golden Myanmar နှင့် Mann Yadanarpon တွင် ATR 72-600 လေယာဉ်သစ်များနှင့် Yangon Airway တွင် မော်ဒယ်ဟောင်း ATR 72-500 နှင့် ATR 72-200 လေယာဉ်များရှိသည်။ (ယခုအချိန်၌ လုပ်ငန်းရပ်တန့်ထားသော Asian Wings တွင်လည်း မော်ဒယ်ဟောင်း ATR 72-500 လေယာဉ်များ ရှိသည်)
၂၀၁၈/၂၀၁၉ ဆောင်းရာသီအတွက် Golden Myanmar က ထုတ်ပြန်ထားသော အစီအစဉ်တွင် တပတ်လျှင် ခရီးစဉ် ၁၂၆ ကြောင်းပါဝင်ပြီး လေယာဉ် ၂ စင်း လိုအပ်သည်။ Mann Yadanarpon ၏ ဆောင်းရာသီ အစီအစဉ်တွင် တပတ်လျှင် ခရီးစဉ် ၁၃၇ ကြောင်းပါဝင်ပြီး ၎င်းသည်လည်း လေယာဉ် ၂ စင်း လိုအပ်ပါသည်။
Yangon Airways ၏ ဆောင်းရာသီ အစီအစဉ်တွင် တပတ်လျှင် ခရီးစဉ် ၁၃၉ ကြောင်းပါဝင်သည်။ သို့သော်လည်း အချို့ သော အချိန်များတွင် လေယာဉ် ၃ စင်းလိုအပ်မည် ဖြစ်သည်။ ပုံမှန်အားဖြင့် မြန်မာနိုင်ငံမှ လေကြောင်းလိုင်းများသည် မုတ်သုန် ရာသီအတွင်းတွင် ဝယ်လိုအားနည်းခြင်းကြောင့် ဆောင်းရာသီတွင် လေကြောင်းခရီးစဉ်များ ပိုမိုပျံသန်းပြေးဆွဲ လေ့ ရှိကြသည်။
Air KBZ က ပုဂ္ဂလိကပိုင် ပြည်တွင်းပြိုင်ဘက်များတွင် အကြီးမားဆုံးဖြစ်သော်လည်း အစိုးရပိုင် မြန်မာ အမျိုးသား လေ ကြောင်း(MNA) ထက် သေးငယ်သည်။ လက်ရှိတွင် Air KBZ က ATR 72 ၆ စင်း (ATR 72-600 ၅ စင်းနှင့် ATR 72-500 တစင်း) ဖြင့် လုပ်ကိုင်နေသည်။ ထို့ကြောင့် လေယာဉ် အရေအတွက်တွင် အခြား ပုဂ္ဂလိကပိုင် လေကြောင်းလိုင်းများထက် အနည်းဆုံး ၂ ဆ ပိုမို ပိုင်ဆိုင်ထားသည်။ လက်ရှိ ပျံသန်းနေသည့် ခရီးစဉ်များအရ Air KBZ က ပုဂ္ဂလိက ပြိုင်ဘက် များထဲတွင် ပြေးဆွဲပေးသည့်နေရာ အများဆုံး (၁၃ ခု) နှင့် တပတ်လျှင် ခရီးစဉ် အများဆုံး(၁၇၀) လည်းဖြစ်သည်။
MNA က ပြည်တွင်းတွင် ပျံသန်းသည့်နေရာ ၂၇ ခုနှင့် ဦးဆောင်နေပြီး တပတ်လျှင် ပြည်တွင်း ခရီးစဉ် ၂၀၀ ကျော်ရှိသည်။ MNA က ပုဂ္ဂလိက လေကြောင်းလိုင်းများ ဝန်ဆောင်မှု မပေးနိုင်သည့် ဒေသများသို့ အကူအညီပေးသည့် ဝန်ဆောင်မှုတခု အနေဖြင့် လေဆိပ်ငယ်များသို့ အင်ဂျင် ၁ လုံးတပ် Cessna Caravans လေယာဉ်များဖြင့် ပျံသန်းပြေးဆွဲပေးသည်။ ပြည်တွင်းမှ လူစီးအများဆုံး လမ်းကြောင်းများတွင်လည်း MNA က အကြီးဆုံးပြိုင်ဘက်ဖြစ်သည်။ အဓိကအား ဖြင့် ATR 72-600 လေယာဉ်များဖြင့် ပြေးဆွဲနေခြင်းဖြစ်သော်လည်း အချို့သော လူစီးများသည့် ခရီးစဉ်များတွင် E190 နှင့် 737-800 ဂျက်လေယာဉ်များကို အသုံးပြုသည်။
MNA က ၂၀၁၀ တွင် လုပ်ကိုင်နေခဲ့သည့် မူလလေကြောင်းလိုင်းများထဲတွင် ပါဝင်ခဲ့သည်။ သို့သော်လည်း ထိုစဉ်က MNA ကို Myanma Airways ဟု သိခဲ့ကြသည်။ ပြည်တွင်းဈေးကွက်တွင်သာ လုပ်ငန်းဆောင်ရွက်ခဲ့သည်။ MNA က ၂၀၁၅ ခုနှစ် တွင် နိုင်ငံတကာ ဈေးကွက်သို့ တိုးချဲ့လာခဲ့သည်။ အမည်ပြောင်းလဲခဲ့သည်။ ၂၀၁၇ ခုနှစ်တွင် MNA က MAI ကို ကျော်တက်၍ အကြီးဆုံးသော မြန်မာနိုင်ငံအခြေစိုက် အပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်း ဖြစ်လာခဲ့သည်။
လက်ရှိတွင် MNA က မြန်မာနိုင်ငံတွင် နိုင်ငံတကာ ခရီးစဉ်များ၏ ၈ ရာခိုင်နှုန်းနီးပါး ရရှိထားပြီး MAI က ၅ ရာခိုင်နှုန်း ရရှိထားသည်။ ကျန်သည့် ၈၇ ရာခိုင်နှုန်း ရရှိထား၏။
ပြည်တွင်းဈေးကွက်တွင် MNA က ၃၀ ရာခိုင်နှုန်းကျော်၊ Air KBZ က ၂၀ ရာခိုင်နှုန်းကျော်နှင့် Golden Myanmar၊ Mann Yadanarpon နှင့် Yangon Airways တို့ ၁၅ ရာခိုင်နှုန်းခန့် စီ ရရှိထားကြသည်။
ထုတ်ပြန်ထားသည့် ခရီးစဉ်များ အများအပြား ပြောင်းလဲခြင်းနှင့် ပယ်ဖျက်ခြင်းတို့က ဖြစ်ရိုးဖြစ်စဉ် ဖြစ်နေသည့်အတွက် ဈေးကွက်ဝေစုနှင့် ပတ်သက်သည့် ကိန်းဂဏန်း အားလုံးတို့က အကြမ်းဖျင်းမျှသာ ဖြစ်ပါသည်။ မြန်မာနိုင်ငံမှ ပြည်တွင်း လေကြောင်းလိုင်းများသည် ခရီးစဉ်များ ပူးပေါင်းခြင်းကို ပြုလုပ်လေ့ရှိတတ်ပါသည်။ အထူးသဖြင့် လူစီးနည်းသည့် အချိန် များတွင် ဖြစ်သည်။ လေကြောင်းလိုင်းများက လူစီးများသည့် လမ်းကြောင်းများတွင် ခရီးစဉ်တူနေခြင်းက ခရီးသည်များကို အခြားသော လေကြောင်းလိုင်းတခုထံသို လွှဲပြောင်းပေးရန် လွယ်ကူစေပါသည်။
ကျန်ရှိနေသေးသည့် ပြည်တွင်းပြိုင်ဘက်များထဲတွင် Air KBZ က အတက်ကြွဆုံး ဖြစ်သည်။ Air KBZ က ၎င်း၏ လေယာဉ် အုပ်စုကို ၂၀၁၉ ခုနှစ်တွင် လေယာဉ် ၃ စင်း ထပ်ဖြည့်ရန် စီစဉ်ထားသည်။ ၎င်း၏ ပြိုင်ဘက်အချို့က လျှော့ချနေကြသည့် အသွင် ရှိနေချိန်တွင် ဖြစ်သည်။
Air KBZ ၏ လေယာဉ် အုပ်စုသစ် အစီအစဉ်တွင် ၂၀၁၉ ခုနှစ် ဧပြီတွင် ရောက်လာမည့် ATR 72-600 ၂ စင်းနှင့် ၂၀၁၉ ဇွန်/ဇူလိုင် တွင် ရောက်ရန် ရှိသည့် ၂ စင်းတို့ပါဝင်သည်။ တစင်းတည်းကျန်နေသည့် ATR 72-500 ကို ၂၀၁၉ ခုနှစ် သြဂုတ်လတွင် ပြန်ပေးရန် စီစဉ်ထားသည်။ ထို့ကြောင့် လက်ရှိတွင် ၆ စင်း ရှိသော Air KBZ ၏ လေယာဉ်အုပ်စုက ၉ စင်း ဖြစ်လာမည် ဖြစ်သည်။
ယခုနှစ်နှောင်းပိုင်းတွင် တနေရာမှ တနေရာသို့ တိုက်ရိုက်ပျံသန်းသည့် လမ်းကြောင်းသစ်အများအပြား နှင့် ခရီးစဉ်နေရာသစ် ၄ ခ ု(ဟုမ္မလင်း၊ ခန္တီး၊ ကျိုင်းတုံနှင့် မြိတ်) တို့ပါဝင်သည့် အစီအစဉ်သစ်တခုကို စတင်ရန် Air KBZ က စီစဉ်ထားသည်။ အတိအကျဆိုရသော် Air KBZ က ၎င်းတို့၏ ထပ်တိုးလေယာဉ် အနည်းဆုံး ၁ စင်း အခြေပြုထားလိမ့်မည် ဖြစ်သော မန္တလေးတွင် တိုးချဲ့ရေးအတွက် စီစဉ်နေသည်။
Air KBZ က ၂၀၁၁ ခုနှစ်တွင် စတင်လုပ်ကိုင်ခဲ့ပြီးနောက် လျှင်လျှင်မြန်မြန်တိုးချဲ့ရန် ကြိုးစားခဲ့သည်။ မြန်မာနိုင်ငံ၏ အကြီးဆုံး ပုဂ္ဂလိကပိုင်လေကြောင်းလိုင်း မြန်မြန်ဆန်ဆန် ဖြစ်လာခဲ့သည်။ သို့သော်လည်း ၂၀၁၆ နှစ် ၁၇ ခုနှစ်တို့တွင် လေယာဉ် ၈ စင်းနှင့် အမြင့်ဆုံးသို့ ရောက်ခဲ့ပြီးနောက် ၂၀၁၈ ခုနှစ်တွင် ၎င်းတို့၏ လေယာဉ် အုပ်စုကို လျှော့ချခဲ့သည်။
ထို့ကြောင့် Air KBZ က အကျိုးအမြတ် မရရှိသေးပါ။ ၂၀၁၈ ခုနှစ်တွင် ပြိုင်ဘက် အရေ အတွက် လျော့ကျသွားခဲ့သော်လည်း အမှန်တကယ်တွင် ၎င်း၏ ဈေးကွက်ဝေစုက ကျဆင်းသွားခဲ့သည်။ မြန်မာနိုင်ငံတွင် စုစုပေါင်း ပြည်တွင်းခရီးစဉ်က ၂၀၁၈ ခုနှစ်တွင် ၅ ရာခိုင်နှုန်း နီးပါး ကျသွားခဲ့သည်။ အဓိကအားဖြင့် ဝယ်လိုအား အားနည်းခြင်းကြောင့် ဖြစ်သည်။
Air KBZ ၏ လက်ရှိ ဆောင်းရာသီ အစီအစဉ်က ၂၀၁၈ ခုနှစ် ဆောင်းရာသီထက် နိမ့်ကျနေဆဲ ဖြစ်သည်။ သို့သော်လည်း ၂၀၁၉ နွေရာသီနှင့် ၂၀၁၉/၂၀ ဆောင်းရာသီတွင် Air KBZ ၏ ပမာဏက မြင့်မားသည့် နေရာသစ်တခုသို့ ရောက်ရှိမည်ဟု မျှော်လင့်ရသည်။
ယခုနှစ် ဒုတိယ နှစ်ဝက်တွင် သိသိသာသာ တိုးတက်လာခြင်းကြောင့် ၂၀၁၉ ခုနှစ်တွင် ခရီးသည်အရေအတွက်ကို ၇၀၄၀၀၀ အထိ ၁၅ ရာခိုင်နှုန်း တိုးမြှင့်ရန် Air KBZ က ပစ်မှတ်ထားနေသည်။ လေယာဉ် အရေအတွက် များပြားခြင်းက တနှစ်ပတ်လုံး အပေါ်တွင် သက်ရောက်နိုင်ခြင်းကြောင့် အလားတူ တိုးတက်မှုက ၂၀၂၀ ခုနှစ်တွင်လည်း ရနိုင်ဖွယ်ရာ ရှိသည်။
Air KBZ က MNA ကို ကျော်တက်၍ အကြီးဆုံးပြည်တွင်းလေကြောင်းလိုင်း ဖြစ်လာရန် ရည်ရွယ်ထားသည်။ ၂၀၂၀ ခုနှစ်တွင် ဖြစ်လာနိုင်ဖွယ်ရာ ရှိသည်။ လေယာဉ် အုပ်စုသစ် အကောင်အထည်ဖော်ကခြင်းမှတဆင့် ယူဆကြည့်ခြင်း ဖြစ်သည်။ နောက်ထပ် ATR 72-600 လေယာဉ် ၄ စင်းနှင့် ပတ်သက်၍ Air KBZ က ယခုချိန်အထိ မသေချာသေးသော်လည်း လက်ရှိ အချိန်တွင် ငှားရမ်း ရရှိနိုင်မည့် လေယာဉ်များ အလွန်ပေါများနေသည့်အတွက် လေယာဉ် ၄ စင်း ငှားရမ်းသည့် လုပ်ငန်းများကို လာမည့်လများအတွင်းတွင် ပြီးပြတ်အောင်ပြုလုပ်နိုင်လိမ့်မည်ဟု ယုံကြည် နေသည်။
MNA က တိုးချဲ့ခြင်းများကို သိသိသာသာပင် ရပ်တန့်ခဲ့သည်။ လတ်တလော လများအတွင်းတွင် ၎င်း၏ လေယာဉ်အုပ်ကို လျှော့ချခြင်းက Air KBZ ကို ပြည်တွင်းတွင် အကြီးဆုံး လေကြောင်းလိုင်းဖြစ်လာရေး ရည်မှန်းချက် ပြီးမြောက်စေရန် အ ထောက်အကူ ဖြစ်စေနိုင်၏။
၂၀၁၅ မှ ၂၀၁၈ ခုနှစ်အတွင်းတွင် MNA က ATR 72-600 လေယာဉ်သစ် ၈ စင်း ငှားရမ်းခဲ့သည်။ ATR မော်ဒယ်ဟောင်း များ အသုံးပြုခြင်းကို တဖြည်းဖြည်းရပ်ဆိုင်းခဲ့သည်။ ပြည်တွင်းပို့ဆောင်ရေးကို တိုးချဲ့ခဲ့သည်။ ၂၀၁၅ ခုနှစ် တတိယ ၃ ပတ် အတွင်း ပထမဆုံးသော ATR 72-600 လေယာဉ်ကို မရရှိမီ MNA က ATR 42-320 တစင်း၊ ATR 72-200 ၂ စင်း နှင့် ATR 72-500 တစင်းတို့ ဖြင့်လုပ်ကိုင်နေခဲ့သည်။
သို့သော်လည်း MNA ၏ ATR 72-600 လေယာဉ်များထဲမှ တစင်းကို ၂၀၁၈ ခုနှစ်အောက်တိုဘာလတွင် ပျံသန်းခြင်း ရပ်ဆိုင်းလိုက်သည်။ ထိုအချိန်မှစ၍ မည့်သည့် တာဝန်ထမ်းဆောင်မှုမျှ မရှိတော့ပါ။ အဆိုပါလေယာဉ်ကို ငှားရမ်းသည့် ကုမ္ပဏီထံသို့ ပြန်ပေးခဲ့သည့် အသွင်ရှိပါသည်။ MNA ၏ ATR လေယာဉ်အုပ်စုကို ၆ စင်းအထိလျှော့ချရန် နောက်ထပ် ATR 72-600 လေ ယာဉ်တစင်းကိုလည်း ပြန်အပ်ဖွယ်ရာ ရှိပါသည်။ ယခုအခါ MNA က မပျံသန်းသည်မှာ တနှစ်ကြာပြီး ဖြစ်သော ၎င်း၏ နောက်ဆုံး ATR 72-500 လေယာဉ် တစီးကိုလည်း ရောင်းချရန် ကြိုးစားနေသည်။
အပိုင်း – ၂ ကို ဆက်လက်ဖော်ပြပါမည်။
( CAPA – Centre for Aviation ၏ Myanmar airlines: consolidation arrives; MAI & Air KBZ to expand ကို ဘာသာပြန်ဆိုသည်။)