ရှရီကန့်ပေါဝယ် Shrikanth Porwal အတွက် အလုပ်လုပ်ခြင်းက ဘုရားကို ဆည်းကပ်ပူဇော်ခြင်းပင်ဖြစ်သည်။ အူတာပရာဒေ့ရှ် Uttar Pradesh ပြည်နယ်၏ သမိုင်းဝင်မြို့ အယ်လာဟာဘတ် Allahabad မှ အလုပ်များသည့် မုန့်အချိုရောင်းသူတဦး ဖြစ်သော အသက် ၅၈ နှစ် အရွယ် ရှရီကန့်ပေါဝယ်က ဘုရားကျောင်းသွားခြင်းနှင့် ပတ်သက်သည့် ကျနော့်၏ မေးခွန်းကို ငြင်းပယ်ခဲ့ပြီး သူ၏ မှတ်စုစာအုပ်ထဲတွင် လက်ဖြင့် ရေးထားသည့် စာတပိုဒ်ကို ပြပါသည်။
“ဘုရားက ကိုယ်ကျင့်တရားတွင် ရှိသည်
ရုပ်ပုံများထဲတွင် မဟုတ်ပါ။
သင့်ကိုယ်တွင်းမှာ ဘုရားကျောင်းတည်ပါ။”
သူက ဟိန္ဒူတဦး ဖြစ်ပြီး ဘနိယ Baniya အမျိုးအနွယ်ဖြစ်သည်။ ဘနိယများသည် ကြွယ်ဝသည့် ကုန်သည်များ ဖြစ်ကြသည်။ သြဇာရှိသော်လည်း အသိုင်းအဝိုင်းအားဖြင့် အနည်းငယ်သေးသော ဇာတ်မြင့်မျိုးနွယ်တခု ဖြစ်သည်။ အိန္ဒိယနိုင်ငံ တလွှားတွင် ဘနိယ မျိုးနွယ် ၂၈ သန်းခန့်ရှိမည်ဟု ခန့်မှန်းရသည်။ သူတို့က လက်ရှိ အာဏာရ BJP ပါတီ၏ အမာခံ ထောက်ခံသူများလည်း ဖြစ်ကြသည်။
ရှရီကန့်ပေါဝယ်က ခင်မင်စရာကောင်းသည့် အမျိုးသားတယောက် ဖြစ်သည်။ သူက အရပ်သိပ်မရှည်သော ဗိုက်အိုးကျယ်ကျယ်နှင့် လူတယောက်ဖြစ်သည်။ သူ၏ ဆိုင်မှ ဈေးဝယ်သူများသို့ koya (နို့အခဲ)၊ peda (မုန့်အချို) နှင့် Barfi(ဖာလာစေ့အနံ့ပါသည့် နို့သကြားလုံး) ဘူးများ လှမ်းပေးရင်း နှစ်လိုဖွယ်ရာ ပြုံးပြတတ်၏။
လမ်းဘေးမှ ငွေထုတ်စက်ထက် အနည်းငယ်မျှသာ ပိုကြီးသည့် သူ၏ ဆိုင်က အယ်လာဟာဘတ် မြို့တော်၏ ရိုးရာဈေးတခု ဖြစ်သော Chowk တွင် ရှိသည်။ လမ်းများ၊ လမ်းမြှောင်များနှင့် ဝင်္ကပါ တခုလို ရှုပ်ထွေးသော Chowk ဈေးက နေဝင်သွားသည်နှင့် အမျှ ပို၍ပင် ရှုပ်ယှက်ခတ်လာသည်။ ဆိုင်ကယ်များ၊ လက်တွန်းလှည်းများ၊ ကုန်တင်ကားများ၊ ဆိုက်ကား များ၊ ကိုယ်ပိုင်ကားများနှင့် ဘတ်စ်ကားများ ရှိသည်။ သောင်းနှင့် ချီသည့် ဈေးလာသူများနှင့် ဟိုဒီလျှောက်သွား နေတတ်သည့် နွားများကို ထည့်ပြောရန် လိုမည်ပင် မထင်ပါ။
ဆူညံသံက ခံနိုင်ရည် ကုန်လုဖွယ်ရာပင်။ “ငါကားမောင်းတယ်၊ ဒါကြောင့် ငါဟွန်းတီးတယ်” ဟု ပြောနေသလို ကားဟွန်းသံများက အဆက်မပြတ် ကျယ်လောင်စွာ မြည်ဟီးနေကြသည်။ တလက်မ ပတ်လည်နေရာတိုင်းက ဦးထားပြီးဖြစ်သလိုလို သို့မဟုတ် ထိုနေရာအတွက် တိုက်ခိုက်နေကြရသလိုပင် ဖြစ်သည်။ ဤနေရာသည် ကျယ်ပြန့် သော၊ ကြွယ်ဝသော၊ လူဦးရေထူထပ်သော ဂင်္ဂါလွင်ပြင်၏ အချက်အချာနေရာလည်း ဖြစ်ပါသည်။
အကယ်၍ အူတာပရာဒေ့ရှ် ပြည်နယ်က တိုင်းပြည်တခု ဖြစ်ခဲ့လျှင် ဘရာဇီးနိုင်ငံထက် သို့မဟုတ် ဂျာမနီ၊ ပြင်သစ် နှင့် အင်္ဂလန်ကို ပေါင်းထားသည်ထက် ပို၍ လူဦးရေ များပြားပါလိမ့်မည်။ အယ်လာဟာဘတ်က ပြည်နယ်၏ မြို့တော်မဟုတ်ပါ။ မြောက်ဘက်တွင် ရှိသည့် လက်နောင်း Lucknow က ပြည်နယ်မြို့တော်ဖြစ်ပါသည်။
အူတာပရာဒေ့ရှ် ပြည်နယ်၏ အရှေ့တောင်ဘက်တွင် တည်ရှိသော အယ်လာဟာဘတ်က ပြည်နယ်၏ ပညာရေး အချက်အချာနေရာ ဖြစ်ပါသည်။ ဂုဏ်သိက္ခာကြီးသည့် ၁၃၂ နှစ် သက်တမ်းရှိ အယ်လာဟာဘတ် တက္ကသိုလ်နှင့် အာရှတွင် အကြီးဆုံးဖြစ်သော တရားရုံးချုပ် အဆောက်အဦးရှိသည်။ ရှေ့နေအများစုဖြစ်သည့် နေရူး-ဂန္ဒီ မျိုးနွယ်စုက အယ်လာဟာဘတ်ကို သူတို့၏ မူလနေရာအဖြစ် သတ်မှတ်ထားခြင်း၏ အဓိက အကြောင်းရင်းဖြစ်သည်။
သို့သော် ယမုံနာ နှင့် ဂင်္ဂါကြားတွင် တည်ရှိသည့် အယ်လာဟာဘတ်၏ ပထဝီဆိုင်ရာ အနေအထားက ၎င်းကို စိတ်ဝိဉာဉ် ဆိုင်ရာတွင် ကြီးမားသော အနေအထားတခုကို ဖြစ်စေခဲ့သည်။ ၁၂ နှစ်လျှင် တကြိမ် စိုက်ပျိုးရေးလုပ်ငန်းများ ရပ်နား ထားသည့် ရာသီတွင် ကုမ်မေလာ(Kumbh Mela) (၆ နှစ်တကြိမ်ပြုလုပ်သည့် ပွဲတော်လည်း ရှိသည့် အတွက် ကွဲပြားစေရန် မဟာ ကုမ်မေလာ ဟုလည်း ခေါ်ကြသည်) ပွဲတော် ဆင်နွဲရန် အတွက် လူ သန်း၁၂၀ ခန့် ရောက်လာကြသည်။ ယမုံနာ၊ ဂင်္ဂါ နှင့် ဒဏ္ဍာရီလာ သာရာဝတီ(Sarasvati) မြစ်တို့ ဆုံသည့် နေရာဖြစ်သော တြိဝနီဆန်ဂမ် Triveni Sangam တွင် ရေချိုးခြင်းအားဖြင့် သူတို့၏ အပြစ်များကို စင်ကြယ်စေရေး ဖြစ်သည်။
Ardha Kumbh သို့ မဟုတ် တဝက် ကုမ် ဟုသိကြသည့် ၆ နှစ်တကြိမ် ကျင်းပသည့်ပွဲတော်က ပို၍ တော်ရုံသင့်ရုံ ရှိသင့်သည့် ကိစ္စဖြစ်ကြောင်း ပြောသော်လည်း ရှရီကန့်ပေါဝယ်က ကုမ်မေလာပွဲတော်သို့ ပုံမှန်သွားရောက်သူ တယောက်ဖြစ်သည်။ သို့သော် ရွေးကောက်ပွဲတခုရှိနေခြင်းနှင့်အတူ ယခုနှစ် Ardha Kumbh ကို အဆင့်မြှင့်တင် ထားသည်။ ယခင်ပြုလုပ်ခဲ့သည့် မည်သည့်ပွဲတော်ထက် မဆို ခမ်းနားကြီးကျယ်ပြီး အစိုးရ ရံပုံငွေ အမေရိကန် ဒေါ် လာ ၅၈၉ သန်းခန့် ရက်ရောစွာ အသုံးပြုထားသည့် အဆိုပါပွဲတော်က အထင်ကြီးစရာ၊ ပြည်သူလူထုနှင့် အကျွမ်း ဝင် သော နည်းလမ်းကို အသုံးပြု၍ အသွင်ပြောင်းထားသော အခမ်းအနားတခု ဖြစ်လာခဲ့သည်။ အတိုဆုံးပြောရသော် ဝန်ကြီးချုပ် နေရိန်ဒြာ မိုဒီအတွက် ပြောင်မြောက်သည့် မဲရယူရေး လေ့ကျင့်ခန်းတခု ဖြစ်ပါသည်။
“ဒါက အယ်လာဟာဘတ်အတွက် ဂုဏ်ယူစရာပါ” ဟု မုန့်အချိုသည် ရှရီကန့်ပေါဝယ်က အခိုင်အမာပြောသည်။ နောက်ပိုင်းတွင်မူ ယခုနှစ်တွင် နိုင်ငံရေးဆန်ကောင်းဆန်နေနိုင်သည်ဟု သူက ဝန်ခံခဲ့သည်။ သို့သော်လည်း “အရင် ကထက်စာရင် ပိုပြီး ကောင်းမွန်စနစ်ကျလာတယ်။ အဲဒါက ဘယ်လို ဦးစားပေးရမလဲလို့ အစိုးရက သိတယ်ဆိုတာကို ဖော်ပြနေပါတယ်။ ဒါကြောင့် ကျနော်တို့ အားလုံးက BJP ကို မဲပေးကြပါလိမ့်မယ်” ဟု ထပ်ပြောသည်။
နောက်တနေ့ မနက် ကုမ်ပွဲတော် တဝိုက်တွင် လျှောက်သွားသည့်အခါ ရှရီကန့်ပေါဝယ်နှင့် ကွဲလွဲရန် ခက်ခဲခဲ့ရသည်။ ပြည့်သိပ် ကျပ်ညပ်နေခြင်းကြောင့် နာမည်ဆိုးနှင့် ကျော်ကြားသည့် တိုင်းပြည်တခုတွင် ဤပွဲတော်ကို (အများပြည်သူသုံး အိမ်သာများ၊ အမြော်အမြင်ရှိသည့် လူစုလူဝေးထိန်းသိမ်းမှု၊ စားသောက်ဆိုင်တန်းများ၊ အားကစားကွင်း အဆင့် အလင်းရောင်ပေးစနစ်) အသေးစိတ် ကြည့်ခြင်းက စိတ်ရှုပ်ထွေးစရာ ဖြစ်သည်။ မြစ်ကမ်း သဲပြင်များပေါ် တွင် လမ်းလျှောက်ရ အဆင်ပြေစေရန် အတွက် လောလောလတ်လတ် ချထားပေးသည့် ကောက်ရိုးများအကြောင်းကို ထည့်သွင်းရည်ညွှန်းရန် လိုမည် မထင်ပါ။
သို့သော်လည်း အူတာပရာဒေ့ရှ် ပြည်နယ်က Lok Sabha သို့မဟုတ် အောက်လွှတ်တော်တွင် ရွေးကောက်ခံ ကိုယ်စားလှယ် နေရာ ၈၀ ကိုယ်စားပြုထားခြင်းနှင့် အတူ အယ်လာဟာဘတ်နှင့် ကုမ်မေလာ ၂ ခုလုံးက ယခုနှစ်တွင် ပိုမို၍ အရေးပါလာခဲ့သည်။ ထို့ပြင် နေရိန်ဒြာ မိုဒီ၏ မဲဆန္ဒနယ်က အရှေ့ဘက် သို့ ၃ နာရီခရီး အကွာမှ မြင့်မြတ်သည့် မြို့တော် ဗာရာဏသီတွင် ရှိနေသောကြောင့် ဖြစ်သည်။
အမှန်တကယ် အားဖြင့်လည်း မည်သည့်ပါတီမျှ အူတာပရာဒေ့ရှ် ပြည်နယ်၏ ထောက်ခံမှုမပါဘဲ အိန္ဒိယ နိုင်ငံကို အုပ်ချုပ်ရန် လက်တွေ့ကျကျ မမျှော်လင့်နိုင်ပါ။ ၂၀၁၄ ခုနှစ်ရွေးကောက်ပွဲတွင် BJP က အတိုက်အခံပါတီ အကွဲအပြဲ ဖြစ်နေခြင်းကို အခွင့်ကောင်းယူ၍ ဟိန္ဒူစကားပြောသည့် အူတာပရာဒေ့ရှ် ပြည်နယ်တွင် ကိုယ်စားလှယ် ၇၁ နေရာ အထိ အနိုင်ရရှိခဲ့သည်။
သို့သော်လည်း ကုမ်မေလာ ပွဲတော်၏ အောင်မြင်မှုများ ရှိသည့်တိုင် ၂၀၁၉ က ကွဲပြားခြားနားလိမ့်မည် ဖြစ်သည်။ ပြည်နယ်တွင်းတွင် BJP သည် ပြည်နယ်ဝန်ကြီးချုပ်ဟောင်း မာယာဝတီ Mayawati နှင့် အခီလတ်ရာဒတ် Akhilesh Yadav တို့ပူးပေါင်းထားသည့် Bahujan Samaj ပါတီ(BSP)နှင့် Samajwadi ပါတီ (SP) မဟာမိတ်အဖွဲ့၏ တောင့်တင်းသော ယှဉ်ပြိုင်မှုကို ရင်ဆိုင်ရလိမ့်မည်။ ပြီးခဲ့သည့် ရွေးကောက်ပွဲတွင် SP က ၅ နေရာ အနိုင်ရရှိခဲ့ပြီး BSP က တနေရာမျှ မရရှိခဲ့သော်လည်း အဆိုပါ ပါတီ ၂ ခုလုံးက ပြည်နယ်အတွင်းတွင် ပြီးခဲ့သည့် ၁၅ နှစ်ကျော်အတွင်း လွှမ်းမိုးထားနိုင်ခဲ့သည်။
ပါတီ ၂ ခုလုံးက ကွဲပြားခြားနားသည့် အသိုင်းအဝိုင်းများ၏ ထောက်ခံမှုကို ရရှိရန် ကြိုးစားနေသည်။ BSP က ဇာတ်နိမ့် Dalit အသိုင်းအဝိုင်းကို စည်းရုံးနေသလို SP က အလယ်အလတ်တန်း မျိုးရိုးဇာတ်ရှိသူများနှင့် မွတ်ဆလင်များကို သိမ်းသွင်းရန် ကြိုးစားနေသည်။ အကယ်၍ အောင်မြင်ခဲ့လျှင် သူတို့အနေဖြင့် ကျော်ဖြတ်ရန် မဖြစ်နိုင်လောက်သည့် မဲ ထုထည်နီးပါး ရရှိလိမ့်မည် ဖြစ်သည်။
မှန်ပါသည်။ BJP နှင့် သူတို့၏ အထင်ကြီးလောက်စရာ အခြေခံအဆောက်အဦး ဆိုင်ရာ လုပ်ရပ်များကို မည်သူမျှ မငြင်းနိုင်ပါ။ အယ်လာဟာဘတ်က ပြောင်းလဲလာခဲ့သည်။ လျှပ်စစ်ဓာတ်အား ထောက်ပံ့မှုက တည်ငြိမ်၍ အားကိုးအားထားပြုလောက်စရာ ဖြစ်ပြီး မိုးပျံလမ်းများ တိုးပွားလာခဲ့သည်။ မြို့လယ်ရှိ Chowk ဈေးသို့ ကျနော် လာခဲ့သည့် လမ်း အပါအဝင် ဖြစ်သည်။ ထိုလမ်းကို ၈ လအတွင်း တည်ဆောင်နိုင်ခဲ့ခြင်းမှာ အိန္ဒိယ နိုင်ငံတွင် ရှားရှားပါးပါး ကိစ္စတခု ဖြစ်သည်။
ထို့ကြောင့်ပင်လျှင် အခြား တစုံတယောက် အနိုင်ရရှိနိုင်သည်ဟု အယ်လာဟာဘတ် မြို့ခံအချို့က မယုံကြည်ကြခြင်း ဖြစ်နိုင်ပါသည်။ ရှရီကန့်ပေါဝယ်ကဲ့သို့သော လူအချို့အတွက် BJP ကလွဲ၍ အခြားရွေးချယ်စရာ မရှိပါ။ “ရာဟူးဂန္ဒီ Rahul Gandhi က အတွေ့ အကြုံ နည်းလွန်းတယ်။ အခြားသူတွေကလည်း အိန္ဒိယနိုင်ငံသားတွေ အားလုံးကောင်းဖို့ အစား သူတို့ကိုယ်ပိုင် အသိုင်းအဝိုင်းတွေ အတွက်ပဲ ကြည့်နေကြတယ်” ဟု သူက ဈေးဝယ်သူတယောက်အတွက် ဘူးထဲတွင် အချိုမုန့် အလုံးလေးများ စီထည့်ပေးနေရင်း ပြောသည်။ ကွန်ဂရက်ပါတီက မဲဆွယ်လှုပ်ရှားမှုများကို ပြန်လည်စတင်လာခဲ့ပြီး အထူးသဖြင့် သူ၏ အဖွားဖြစ်သူ အင်ဒီရာ ဂန္ဒီ Indira Gandhi နှင့် ဆင်တူသည်ဟု အချို့က ယုံကြည်ကြသည့် ပရီယန်ကာ ဂန္ဒီ Priyanka Gandhi က နိုင်ငံရေး အတွင်းသို့ တက်ကြွစွာ ဝင်ရောက်လာခဲ့ပြီး နောက်တွင်ပင် သူက ထိုသို့ယူဆထားသည်။
သို့သော်လည်း ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုခွန်(GST) အကောင်အထည်ဖော်ခြင်းနှင့် ငွေစက္ကူများ ရုပ်သိမ်းပယ်ဖျက် ခြင်းများ ပြုလုပ်ခဲ့သည့် နောက်ပိုင်းတွင် Chowk ဈေးမှ စီးပွားရေးက ပြန်လည် နာလံထ မလာသေးကြောင်းကိုမူ ရှရီကန့်ပေါဝယ်က ဝန်ခံခဲ့သည်။ ထို့ပြင် ကုမ်ပွဲတော် ကိုယ်တိုင်က လူဦးရေ ၁.၁ သန်း ရှိသည့် အယ်လာဟာဘတ် မြို့ အတွက် စီးပွားရေးကို များများစားစား ယူဆောင်လာမပေးနိုင်ခဲ့ပါ။ ဧည့်သည်အများစုက အယ်လာဟာဘတ်၏ နယ်နိမိတ်များ အပြင်ဘက်တွင် အကြီးအကျယ် တဲထိုး စခန်းချရာနေရာများသို့ ပြန်လည် ထွက်ခွာ သွားကြရသောကြောင့် ဖြစ်သည်။
ထို့ကြောင့် အခြေခံဥပဒေအရ ဘာသာရေးနှင့် နိုင်ငံရေးကို ခွဲခြားထားသည့် နိုင်ငံတခုတွင် ခမ်းနားကြီးကျယ်သည့် ဟိန္ဒူပွဲသဘင်တခု အတွက် အစိုးရ၏ ရင်းနှီးမြှုပ်နှံမှုက အကျိုးဖြစ်ထွန်းပါမည်လား။ အမျိုးဇာတ် အလယ်အလတ်ရှိ သူများဖြစ်သော ရှရီကန့်ပေါဝယ်ကဲ့သို့ Baniya မဲဆန္ဒရှင်များကို စည်းရုံးခြင်းက နားလည်နိုင်စရာလည်း ဖြစ်သည်။ အခြားသောဇာတ်များကမူ အလားတူလမ်းကြောင်းကို လိုက်ကြပါမည်လား။ ဝန်ကြီးချုပ် ၆ ဦးကို မွေးထုတ်ပေးခဲ့သည့် မြို့ တခု ဖြစ်သော အယ်လာဟာဘတ် နှင့် အူတာပရာဒေ့ရှ် ပြည်နယ်က မည်သို့ မဲပေးလိမ့်မည်ဆိုသည်ကို စောင့်ကြည့်ရခြင်းက စိတ်ဝင်စားစရာ ဖြစ်ပါလိမ့်မည်။
(ကာရင်ရတ်စလန်သည် အာဆီယံရေးရာများကို အထူးပြုလေ့လာရေးသားနေသူ မလေးရှား စာရေးဆရာတဦး ဖြစ်သည်။ ကွာလာလမ်ပူ အခြေစိုက် အကြံပေးအဖွဲ့ Ceritalah ASEAN ကို တည်ထောင်သူ အမှုဆောင်အရာရှိချုပ်လည်း ဖြစ်သည်။)