ဆောင်းပါး

ပတ္တမြားမြေသို့ ခရီးထွက်ခြင်း

Want create site? Find Free WordPress Themes and plugins.

မန္တလေးမြို့၏ မြောက်ဘက် ၂၀၀ ကီလိုမီတာ ဝေးသော၊ ပတ္တမြားတူးဖော်မှုကြောင့် ကျော်ကြားသည့် မိုးကုတ်မြို့သို့ ၂၀၁၈ ခုနှစ် မတ်လတွင် ဧည့်သည် တသိန်းကျော် စုရုံးရောက်ရှိလာကြသည်။

မြို့တည်ထောင်ခြင်း နှစ် ၈၀၀ ပြည့်သည့် အခမ်းအနားကို ဆင်နွှဲရန် ဖြစ်သည်။ ၂၀၁၃ ခုနှစ်အထိ ခရီးသွားများ သွားရောက်ခွင့် လုံးဝ ပိတ်ပင်ထားခဲ့သည့် မိုးကုတ်မြို့တွင် ခရီးသွားလုပ်ငန်း မြှင့်တင်ရေး အတွက် အဆိုပါ အခမ်းအနားက အထောက်အကူ ပြုလိမ့်မည်ဟု ဦးဆောင်ပြုလုပ်သူများက မျှော်လင့်ခဲ့သည်။ ၂၀၁၃ ခုနှစ် နောက်ပိုင်းတွင် နိုင်ငံခြားသား ဧည့်သည်များမှာ အထူးပါမစ်တခုဖြင့်သာ သွားရောက်ခွင့် ရခဲ့ကြသည်။

မိုးကုတ်တွင် ပတ္တမြား အရွယ်အစားမျိုးစုံ ရောင်းဝယ်ဖောက်ကားနေသည်ကို မြင်ရမည်/Marie Starr

မိုးကုတ်မြို့က ခရီးသွားစရာနေရာတခု အဖြစ် ကျော်ကြားခြင်း မဟုတ်ပါ။ ကမ္ဘာပေါ်တွင် အရည်အသွေး အမြင့်ဆုံး ပတ္တမြားများ ထွက်ရှိရာ အရင်းအမြစ် အနေဖြင့် လူသိများခြင်း ဖြစ်ပါသည်။ လက်ရှိ ကမ္ဘာ့ စံချိန်တင် တန်ဖိုးအကြီးဆုံး ဖြစ်သည့် ၂၅ ကာရက်ရှိ ခိုသွေး ပတ္တမြားမှာ မိုးကုတ်မှ ထွက်ရှိခြင်း ဖြစ်ပြီး ၎င်းကို ၂၀၁၅ ခုနှစ်က ဆွစ်ဇာလန်မှ လေလံပွဲ တခုတွင် အမေရိကန်ဒေါ်လာ သန်း ၃၀ ဖြင့် ရောင်းချခဲ့သည်။

အမှန်တကယ်တွင်လည်း ကမ္ဘာပေါ်တွင် တန်ဘိုး အကြီးဆုံး ပတ္တမြား ၁၀ လုံးစလုံးက ပတ္တမြားမြေဟု အမည်တွင်သည့် ဤမြို့မှ ထွက်ခဲ့ခြင်း ဖြစ်သည်။

မိုးကုတ်မြို့ အနောက်ပိုင်းရှိ ကျောက်ပြသဒ် ဘုရား/ Marie Starr

ပွဲတော်ကို ဦးဆောင်ကျင်းပသူများက အကောင်းဆုံး ရည်ရွယ်ခဲ့ကြသော်လည်း မိုးကုတ်သို့ ရောက်လာသည့် နိုင်ငံခြားသား ခရီးသည် အရေအတွက်က နည်းပါးနေဆဲ ဖြစ်သည်။ မိုးကုတ်မြို့သည် ကျော်ကြားမှုနှင့် နားလည်ရန်ခက်ခဲမှု တို့ကို ပေါင်းစပ် ထားခြင်းဖြစ်ကြောင်း ငြင်းဆန်ရန် မဖြစ်နိုင်ပါ။

မိုးကုတ်မြို့က မန္တလေး၏ မြောက်ဘက် ၆ နာရီ ခရီးအကွာတွင် ရှိပါသည်။ လမ်း၏ ဒုတိယပိုင်းက တောတောင် ထူထပ်သည်။ ထိတ်လန့်ဖွယ်ရာ ဖြစ်သော်လည်း လှပသော ရှုမျှော်ခင်းများကို ပေးပါသည်။

မိုးကုတ်တွင် နေထိုင်သော လီဆူး တိုင်းရင်းသားများ/ Marie Starr

မိုးကုတ်၏ မြို့ပြ အသိုင်းအဝိုင်းအတွင်းသို့ မရောက်ရှိမီ မိုးကုတ်မြို့နယ် အနောက်ဘက်မှ ကျပ်ပြင်မြို့က မန္တလေးမြို့မှ နေ၍ ကြာမြင့်စွာ ကားစီးလာပြီးနောက် တထောက်နားရန်နှင့် ကွန်ရက်သဖွယ် လှေခါးများ၊ စေတီများနှင့် ကျောက်ပြာဿဒ် ဘုရားမှ ကျောက်တုံးတခု ထိပ်တွင်ရှိသော ဘုရားကျောင်းသို့ လျှောက်သွားရန် ခရီးသွားများကို ဖိတ်ခေါ်နေသည်။ အမြင့်ဆုံးမှနေ၍ မြင်ရသည့် မြင်ကွင်း (တူးနေသော ကျောက်တွင်းများမှ ထွက်လာသည့် အနီရောင်မြေများကြောင့် အစက် အပျောက်များ ထင်နေသော အစိမ်းရောင်တောင်ကုန်း အဆင့်ဆင့်နှင့် တောင်စောင်းများတွင် တွဲခိုနေသော သစ်သားအိမ်များ) က မြန်မာ့ ပတ္တမြားမြေ၏ ကြီးကျယ်သော အကြိုနိဒါန်းတခု ဖြစ်သည်။

မိုးကုတ်မြို့က လှပသည့် တောင်ကြားလွင်ပြင်တခု အတွင်း မိုးကုတ်ကန် တဝိုက်တွင် တည်ရှိပါသည်။ မိုးကုတ်ကန်သည် ကိုလိုနီခေတ်က ကျောက်တွင်းတခုကြောင့် ပေါ်ပေါက်လာခြင်း ဖြစ်သည်။ မနက်ခင်းများတွင် မှော်ဆန်ဆန် မြူနှင်းထု တခုက မြို့ကို အုပ်မိုးထားသည်။ မီးခိုးပြာရောင် တောင်ထိပ်များက ဦးတည်ရာ တိုင်းတွင် အချိန်တိုင်း ရှိနေသည်။ ပတ်ဝန်းကျင်ကို လျှောက်သွားကြည့်ရန် အတွက် ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး လိုအပ်ပါသည်။ နိုင်ငံခြားသားများ အနေဖြင့် အချိန်တိုင်းတွင် လိုင်စင်ရ ဧည့်လမ်းညွှန် တဦးနှင့် အတူ ရှိနေရမည် ဖြစ်သည်။

တရုတ်ဟန် ဘုရားကျောင်းတွင် သဘာဝဂူရှိပြီး နံရံတွင် ဗုဒ္ဓပုံတော်ငယ်များ ကပ်လှူထားသည်/ Marie Starr

ကောင်းကင်ဘုံလို သာယာသည့် ပတ္တမြားမြေအပြင်၊ မိုးကုတ်မြို့၏ နောက်ထပ် မှတ်သားလောက်စရာ အဖြစ်ရဆုံး ဝိသေသ လက္ခဏာတခုမှာ လူဦးရေ စုံလင်ကွဲပြားခြင်း ဖြစ်သည်။ သူတို့အတွက် ကောင်းမွန်သည့် အနာဂတ်ကို ယူဆောင်လာ ပေးမည့် ကျောက်မျက်များ တွေ့ရှိနိုင်ခြင်း၏ ဆွဲဆောင်မှုကြောင့် ရာစုနှစ်များစွာအတွင်း လူမျိုးစု ၁ ဒါဇင်ကျော် ဒေသတွင်းတွင် အခြေချနေထိုင်ခဲ့ကြသည်။

ဂေါ်ရခါး၊ ဆစ်၊ တရုတ်၊ ရှမ်း၊ လီဆူး၊ ကချင်၊ တအာင်းနှင့် ဗမာလူမျိုးများ မိုးကုတ်တွင် ငြိမ်းချမ်းစွာ အတူတကွ နေထိုင်ခဲ့ ကြသည်။ ရပ်ကွက်တခုတည်းမှာပင် တရုတ်ဘုံကျောင်းတခု၊ ဘုရားတဆူ၊ ခရစ်ယာန် ဘုရားကျောင်းတခု၊ ဟိန္ဒူ ဘုရားကျောင်း တခုနှင့် ဗလီတခုတို့ကို တွေ့ရနိုင်ပါသည်။

လှုပ်ရှားမှု အရှိဆုံး ကျောက်မျက်ဈေးမှာ ပိတ်စွယ်ပန်းခြံ ဖြစ်သည်/ Marie Starr

ထို့နောက်တွင် အောင်မြင်မှုများ၊ ဆုံးရှုံးမှုများ ပေါ်ပေါက်ရာနေရာအဖြစ် ယူဆကြသည့် ဆူဆူညံညံရှိလှသော နာမည်ကျော် ကျောက်မျက်ဈေးများကို တွေ့ကြုံခံစားကြည့်ချင်လာပါလိမ့်မည်။ ကံမကောင်းသည်မှာ အရေးကြီးသည့် ကုန်သွယ်မှုများ ပြုလုပ်ရာ ဈေးများသို့ နိုင်ငံခြားသားများ ဝင်ရောက်ခွင့်မပြုပါ။ ကန်အနီးတွင် တော်ရုံသင့်ရုံ ကျောက်မျက်များ ရောင်းချသည့် ဈေးတခုရှိပြီး ပတ္တမြား၊ နီလာ၊ ရောင်စုံကျောက်များ၊ သလင်းနှင့် အခြားသော တန်ဖိုးရှိ ကျောက်အမျိုးမျိုးကို အရိုင်းတုံး အသွင်ဖြင့်လည်းကောင်း၊ အရောင်တင်ထားသည့်ပုံစံနှင့် ကုန်ချော လက်ဝတ်ရတနာ အနေဖြင့် လည်းကောင်း မြင်တွေ့ရနိုင်ပါသည်။ သို့သော်လည်း ဒေါ်လာ သန်း ၃၀ တန် ကျောက်များကိုမူ တွေ့ရလိမ့်မည် မဟုတ်ပါ။

လှုပ်ရှားမှု အရှိဆုံး ကျောက်မျက်ဈေးမှာ ပိတ်စွယ်ပန်းခြံ ဖြစ်သည်/ Marie Starr

နိုင်ငံခြားသားများကို သွားရောက်ခွင့်ပြုသည့် လှုပ်ရှားမှု အရှိဆုံး ကျောက်မျက်ဈေးမှာ ပိတ်စွယ်ပန်းခြံ ဖြစ်ပါသည်။ စီးပွားဖြစ် ရောင်းဝယ်သူများနှင့် ကုန်သည်များ ထိုနေရာသို့ ရောက်လာပြီး ပိုမို၍ တန်ဖိုးရှိသည့် ကျောက်များကို အရောင်းအဝယ် ပြုလုပ်ကြသည်။ ပတ်ဝန်းကျင် အနေအထားကလည်း သက်ဝင် လှုပ်ရှားနေသည်။ သို့သော်လည်း ကျောက်များ၏ တန်ဖိုးက ကြီးမားသည့်အတွက် ပုံမှန်အားဖြင့် ကျောက်များကို ပြမထားကြပါ။ အရောင်းအဝယ် ပြုလုပ်သူများ၏ အိတ်ကပ်များထဲတွင် ထုပ်သိမ်းထားကြသည်။

ဒေါ်လာ ၁၀၀ နှင့် အထက် တန်ဖိုးရှိသည့် ကျောက်များကို ရောင်းချလိုသူများက သင့်ကို ချဉ်းကပ်ကောင်း ချဉ်းကပ်လာကြဖွယ် ရှိပါသည်။ သို့သော် လူလိမ်များကလည်း ပေါသည့်အတွက် သတိထားရန် လိုအပ်ပါသည်။ မဝယ်ဖြစ်ခဲ့လျှင်ပင် အုပ်စုလိုက်ထိုင်၍ စကားပြောရင်း၊ လဘက်ရည်သောက်ရင်း အလုပ်လုပ်နေသည့် ကုန်သည်များကို လေ့လာရခြင်းက အချိန်ပေးရန် အတော်လေး ထိုက်တန်ပါသည်။

တခါတရံတွင် သူတို့က လက်နှိပ်ဓာတ်မီးကို ထုတ်၍ ကျောက်တလုံးကို အနီးကပ် သေသေချာချာ ကြည့်တတ်ကြသည်။ ဈေးမပေးခင် သို့မဟုတ် မငြင်းပယ်ခင် ကျောက်ကို သူတို့၏ လက်ချောင်းများထဲတွင် လှည့်နေတတ်ကြသည်။

ကျောက်မျက် အလုပ်ရုံတခုသို့ သွားရောက်လည်ပတ်ရန် တောင်းဆိုပါ။ အလားတူမြင်ကွင်းမျိုးကို နောက်တကြိမ် ကြည့်ရလိမ့်မည် မဟုတ်ပါ။ ရိုးရိုးရှင်းရှင်းနှင့် ပြည်တွင်းဖြစ် အလုပ်ရုံများက မိုးကုတ်မြို့ အတွင်းတွင် ပြန့်ကျဲနေသည်။ ကျောက်ရိုင်း တုံးတခု အနေအထားမှနေ၍ လှပသန့်စင်အောင် ပြုလုပ်ရခြင်း လုပ်ငန်းစဉ်တွင် အားထုတ်မှုနှင့် ပုံဖော်ခြင်း၊ အရောင်တင်ခြင်း အပါအဝင် ကျွမ်းကျင်မှု မည်မျှ စိုက်ထုတ် ရကြောင်းကို ဖော်ပြနေသည်။

မိုးကုတ်ဆရာတော်ကြီး ဦးဝိမလ တရားကျင့်ခဲ့ရာ ဂူ/ Marie Starr

မိုးကုတ်၏ အထင်ရှားဆုံးသူများထဲမှ တဦးမှာ မိုးကုတ်ဆရာတော်ဟု အများစုက သိကြသည့် ဘုန်းတော်ကြီး တပါးဖြစ်သော ဦးဝိမလ ဖြစ်ပါသည်။ သူ့ကို နိဗ္ဗာန်ရောက်ကြောင်းတရား ရရှိစေခဲ့သည့် သူ၏ ပြင်းထန်သော အားထုတ်မှုနှင့် မိုးကုတ်နည်းဟု သိကြသည့် ဝိပဿနာ တရားအားထုတ်ခြင်းကို သင်ကြားပြသပေးခြင်းကြောင့် ထင်ရှားပါသည်။ ၁၉၆၂ ခုနှစ်တွင် ပျံလွန်တော်မှုခဲ့သော်လည်း အသံသွင်းထားသည့် ဟောပြော ညွှန်ကြားမှုများကို ဆက်လက် လေ့လာသင်ယူမှုများ ပြုလုပ်နေသူများ ရှိနေခြင်းကြောင့် အများ၏ ကြည်ညိုလေးစားခြင်းကို ရရှိနေဆဲ ဖြစ်ပါသည်။

ထို့ကြောင့် မိုးကုတ်ဆရာတော် ဘဝအချိန်အများစုတွင် သီတင်းသုံးခဲ့သည့် ကျောင်းနှင့် အထူးသဖြင့် တရားထူးရရှိရန် ဆရာတော် ၄ နှစ်ကြာ တရားထိုင်ခဲ့သည်ဟု ဆိုကြသော ဂူတို့သည် အများစုအတွက် မိုးကုတ်တွင် မဖြစ်မနေ သွားရောက်ရမည့် နေရာများထဲတွင် ပါဝင်နေကြသည်။

နေမဝင်မီ အချိန်တွင် မြို့ကို အပေါ်မှ စီးမိုးမြင်ရသည့်နေရာတွင် တည်ရှိသော ပတ္တမြားစေတီသို့ တက်သွားပါ။ မိုးကုတ်မြို့ပေါ်မှ နောက်ဆုံး နေရောင်ခြည်တန်းများက အောက်တွင်ရှိသော ကန်ထဲတွင် ရောင်ပြန် ဟပ်သည်ကို အမိအရ မြင်တွေ့နိုင်ရန် အကောင်းဆုံးနေရာထဲမှ တခုဖြစ်ပါသည်။ မြို့၏ အထက်တွင် ရပ်ရင်း ရာစုနှစ်များစွာ အတွင်းတွင် သင်ရပ်နေသော မြေအတွင်းမှ ရှာဖွေတွေ့ရှိခဲ့သော အဖိုးတန် ကျောက်မျက်တို့၏ စုစုပေါင်း တန်ဖိုးနှင့် မတွေ့ရှိရသေးသော ကျောက်မျက်တို့၏ တန်ဘိုးကို တွေးကြည့်ရခြင်းက အတော်ပင် စိတ်လှုပ်ရှားစရာ ဖြစ်ပါသည်။

နေဝင်သွားပြီးနောက် မိုးကုတ်ကန်၏ အရှေ့ဘက်အဆုံး မိုးကုတ်မိုတယ်ဘေးမှ လမ်းတလမ်း တလျှောက်တွင် ရှိသော ညဈေးသို့ ဆင်းသွားပါ။ အလွန်လူသိများသည့် အစားအသောက် ဈေးတန်းတခု ဖြစ်ပါသည်။ မိုးကုတ်၏ အရသာရှိသော ဒေသထွက် ဟင်းလျာများကို မြည်းစမ်းကြည့်ရန် အကောင်းဆုံးနေရာများထဲမှ တခုလည်း ဖြစ်ပါလိမ့်မည်။ မုန်ညင်းက မိုးကုတ်၏ အစားအစာအများအပြားတွင် ပါဝင်နေသည်။ ပေါင်းထားသည့် မုန်ညင်းရွက်ကို ဆန်မှုန့်အတွင်းတွင် ထည့်ထားသည်။ ပူနွေးပြီး ရနံ့ပြင်းပါသည်။

အကယ်၍ သင်က မှိုကြိုက်သူတဦး ဆိုလျှင် မှိုပေါင်းကို မြည်းစမ်းကြည့်ပါ။ ဒေသထွက် အသီးအရွက် များ၏ အလွန် အရသာရှိသော ရနံ့နှင့်အတူ ငှက်ပျောရွက်နှင့် ထုပ်၍လည်း တည်ခင်းပါသည်။ ညနေခင်း တလျှောက်လုံးတွင် မိုးကုတ်ပုံစံ တို့ဟူးနွေးကို မှာကြားနိုင်ပါသည်။ မိုးကုတ် တို့ဟူးနွေးက မြန်မာနိုင်ငံမှ အခြား တို့ဟူးနွေးများနှင့် အနည်းငယ်ကွဲပြားပြီး အလွန်အရသာ ကောင်းသည်။

ညဈေးတန်းမှာ ရနိုင်သော မိုးကုတ် တိုဟူးနွေးနှင့် မိုးကုတ် မြီးရှည်/ Marie Starr

မိုးကုတ်မြို့က ဘာသာရေး အထိမ်းအမှတ်နေရာများနှင့် ကျောက်မျက်ဈေးကွက်များသို့ သွားရောက် လိုကြသော ပြည်တွင်း ခရီးသွားများကြောင့် ထင်ရှားပါသည်။ မိုးကုတ်သို့ရောက်လာသော နိုင်ငံခြား ခရီးသွားအများစုမှာ အိမ်နီးချင်းနိုင်ငံများမှ ကျောက်မျက်ကုန်သည်များ ဖြစ်ပါသည်။ နိုင်ငံတကာမှ ကမ္ဘာလှည့် ခရီးသည်များအတွက် မိုးကုတ်မြို့သည် သွားရောက်ရန် ကောင်းကောင်းထိုက်တန်သည့် နေရာတခု ဖြစ်သော်လည်း အပိုကုန်ကျစရိတ် တချို့နှင့် ကြိုတင်ပြင်ဆင်မှုများ လိုအပ်ပါသည်။

Jewelry City Travels and Tours ကဲ့သို့သော မိုးကုတ်အခြေစိုက် အထူးခန့်အပ်ထားသည့် အေဂျင်စီများမှ တဆင့် တိုင်းအစိုးရထံမှ ခွင့်ပြုချက်စာတစောင် ရယူရမည်ဖြစ်သည်။ ခွင့်ပြုချက်အတွက် ဒေါ်လာ ၁၀၀ ကျသင့်သည်။ သို့မဟုတ် အဖွဲ့လိုက် အနေဖြင့် လျှောက်ထားပါက ပိုမိုသက်သာပါသည်။ ခရီးစဉ် မတိုင်မီ အနည်းဆုံး ၂ ပတ်ကြိုတင်၍ ခွင့်ပြုချက် လျှောက်ထားသင့်ပါသည်။

နိုင်ငံခြားသားများကို မိုးကုတ်သို့ လိုင်းကားများဖြင့် သွားရောက်ခွင့် မပြုပါ။ ထို့ကြောင့် သတ်မှတ်ထားသည့် အေဂျင်စီများမှ ကားတစီးနှင့် ယာဉ်မောင်း ငှားရမ်းရမည်ဖြစ်သည်။ ထို့ပြင် မိုးကုတ်မှ နိုင်ငံခြားသား ကမ္ဘာလှည့် ခရီးသည် အားလုံးသည် မှတ်ပုံတင်ထားသည့် ဧည့်လမ်းညွှန် တဦးနှင့်အတူ အမြဲတမ်းရှိနေရမည် ဖြစ်သည်။ ယခု ဆောင်းပါးကို ရေးနေသည့် အချိန်အထိ တူးဖော်ထုတ်လုပ်ဆဲ ကျောက်တွင်းများသို့ သွားရောက်ခွင့် မရှိပါ။ မိုးကုတ်တွင် နိုင်ငံခြားသားများကို တည်းခိုခွင့် ပြုထားသည့် ဟိုတယ် ၄ ခု ရှိပါသည်။

ယေဘုယျအားဖြင့် သင်ဆက်သွယ်သည့် ခရီးသွား အေဂျင်စီက ခရီးစဉ် စ-ဆုံး စီစဉ်ပေးနိုင်ပါသည်။ Green Season Travel က ခရီးစဉ် စီစဉ်ရေးအတွက် ယုံကြည်အား ထားနိုင်လောက်သော အေဂျင်စီတခု ဖြစ်ပါသည်။

(Marie Starr သည် ဧရာဝတီ အင်္ဂလိပ်ပိုင်းမှ ကော်ပီအယ်ဒီတာ ဖြစ်သည်။ ၎င်း၏ Journey to Mogok’s Elusive Valley of Rubies ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)

Did you find apk for android? You can find new Free Android Games and apps.
Loading