တရုတ်နိုင်ငံတောင်ပိုင်း ကူမင်းနှင့် မြန်မာနိုင်ငံ ဘင်္ဂလားပင်လယ်အော်ရှိ ကျောက်ဖြူဆိပ်ကမ်းတို့ကို ဆက်သွယ်မည့် မြန်နှုန်းမြင့်ရထားလမ်းစီမံကိန်းသည် အကောင်အထည်ဖော်မည့် လမ်းကြောင်းပေါ်သို့ ပြန်လည်ရောက်ရှိလာသည်။
ပြီးစီးသွားပါက ကီလိုမီတာ ၁၄၀၀ ရှည်သော ရထားလမ်းသည် ရေကြောင်းကျပ်သော မလက္ကာရေလက်ကြားနှင့် တောင်တရုတ်ပင်လယ်ကို ဖြတ်သန်းရန် မလိုဘဲ တရုတ် ပို့ကုန်သွင်းကုန်များကို ပို့နိုင်သည့် သေနင်္ဂဗျူဟာကျသော စီးပွားရေးစြင်္ကန်တွင် အရေးပါသော အချိတ်အဆက်ဖြစ်လာမည်။ မလက္ကာရေလက်ကြားနှင့် တောင်တရုတ်ပင်လယ်သည် ပဋိပက္ခဖြစ်ပွားနေသော အခြေအနေတွင် ပိတ်ဆို့ဟန့်တားခံရနိုင်သော နေရာများလည်း ဖြစ်သည်။
မြန်မာနိုင်ငံ အနောက်ဖက်ကမ်းခြေနှင့် တရုတ်နိုင်ငံတောင်ပိုင်း ယူနန်ပြည်နယ်ကို ဆက်သွယ်ထားသော ဓာတ်ငွေ့နှင့် ရေနံပိုက်လိုင်းများရှိပြီး ၎င်းတို့သည်လည်း ရေကြောင်းလမ်းကျပ်သောနေရာနှင့် ပြဿနာရှိသောနေရာများကို ဖြတ်သန်းရန်မလိုဘဲ စွမ်းအင်ရရှိစေရန် သေနင်္ဂဗျူဟာ အရ အထောက်အကူပြုသည်။
ကျောက်ဖြူပတ်ဝန်းကျင်တွင် တည်ဆောက်နေသော အထူးစီးပွားရေးဇုန်၊ တရုတ်နယ်စပ်နှင့် မြန်မာကမ်းခြေကို ဆက်သွယ်မည့် အဝေးပြေးလမ်းတို့နှင့်ပေါင်းစပ်လိုက်သောအခါ တရုတ်-မြန်မာ စီးပွားရေးစြင်္ကန် (CMEC) သည် တရုတ်နိုင်ငံ၏ ဒေသတွင်းနှင့် အခြားနေရာများအတွက် ရေရှည် ရည်မှန်းချက်အတွက် သေနင်္ဂဗျူဟာအရ၊ စီးပွားရေးအရ မည်မျှအရေးပါသည်ကို သိနိုင်သည်။
CMEC သည် တရုတ်သမ္မတ ရှီကျင့်ဖျင်၏ ဒေါ်လာ ၁ ထရီလီယံ ကုန်ကျသည့် ရပ်ဝန်းတခု၊ လမ်းတခု အစီအစဉ် (BRI) ၏ အရေးပါသော အစိတ်အပိုင်းဖြစ်သည်။ ထို အစီအစဉ်သည် တရုတ်နိုင်ငံကို ဗဟိုပြုပြီး အာရှ၊ အာဖရိကနှင့် ဥရောပမှ နိုင်ငံပေါင်း ၆၀ ကျော်တွင် ကုန်သွယ်ရေးမြှင့်တင်မည့် လမ်းများ၊ ရထားလမ်းများနှင့်သင်္ဘောလမ်းကြောင်းများ တည်ဆောက်မည့် အစီအစဉ်ဖြစ်သည်။
သို့သော် တရုတ်သြဇာလွှမ်းမိုးမှုနှင့် ပတ်သက်သော ပူပန်မှုများကို မြန်မာလွှတ်တော်ကိုယ်စားလှယ်များက ပြောဆိုလာကြသည်။ ထို လွှတ်တော်ကိုယ်စားလှယ်များက တရုတ်နိုင်ငံမှ ချေးငွေ တစိတ်တပိုင်ဖြင့် ဆောင်ရွက်သော စီမံကိန်းကြီးများနှင့် ပတ်သက်ပြီး ပိုမိုပွင့်လင်းမြင်သာမှု ရှိစေရန် တောင်းဆိုနေကြသည်။
ဒီဇင်လာလက လွှတ်တော်ကိုယ်စားလှယ် အများအပြားက ဘဏ္ဍာရေးရင်းမြစ်များ မရှိသောကြောင့် ချေးငွေများပြန်လည်ပေးဆပ်သည့်နှုန်း နှေးကွေးနေခြင်းကို နေပြည်တော်ရှိ လွှတ်တော်တွင် ဆွေးနွေးခဲ့သည်။ အချုပ်အခြာအာဏာထိပါးသော အကြွေးထောင်ခြောက်တွင်းသို့ ကျရောက်ခြင်းမှ ရှောင်ရှားနိုင်ရန် ချေးငွေစည်းကမ်းချက်များကို ပြန်လည်ညှိနှိုင်းရန် လွှတ်တော်ကိုယ်စားလှယ်များက အစိုးရကို တိုက်တွန်းနေသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲချုပ် (NLD) ဦးဆောင်သော လက်ရှိအစိုးရသည် မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးမှတ်တမ်းနှင့် ပတ်သက်ပြီ အနောက်တိုင်းပြစ်တင်ရှုတ်ချမှုများကြောင့် BRI ကို ပိုမို ကြိုဆိုလာရသောအခါ ထိုပူပန်မှုများသည် ပိုမိုကြီးထွားလာသည်။
ထိုပြစ်တင်ရှုတ်ချမှုများသည် မွတ်ဆလင် ၇ သိန်းခန့်ကို ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးစေသော စစ်ဆင်ရေးများ၊ ပဋိပက္ခ ဖြစ်ပွားနေသော တိုင်းရင်းသားဒေသများမှ အလားတူ လူ့အခွင့်အရေးချိုးဖေါက်မှုများနှင့် မီဒီယာကို အပြင်းအထန် ဖိနှိပ်ခြင်းတို့အား အာရုံစိုက်သည်။
တရုတ်နိုင်ငံသည် ၎င်း၏အကျိုးစီးပွားကို ရှေ့တန်းတင်ရန်အတွက် မြန်မာနိုင်ငံ အသစ်တဖန် အထီးကျန်ဖြစ်လာခြင်းကို ပြတ်ပြတ်သားသား အသုံးချနေသည်။ ၂၀၁၁ ခုနှစ်က ဦးသိန်းစိန်ဦးဆောင်သော မြန်မာအစိုးရသည် နိုင်ငံမြောက်ပိုင်းရှိ တရုတ်ကျောထောက်နောက်ခံပြု အမေရိကန်ဒေါ်လာ ၃.၆ ဘီလီယံတန် ရေအားလျှပ်စစ်စီမံကိန်းကို ဆိုင်းငံ့ပြီး တရုတ်နိုင်ငံနှင့် လမ်းခွဲကာ အနောက်တိုင်းဖက်သို့ ယိမ်းလာခဲ့သည်။
၂၀၁၄ ခုနှစ်တွင် ဦးသိန်းစိန်သည် မြန်မာနိုင်ငံအနောက်ဖက်ကမ်းခြေမှ ယူနန်ပြည်နယ်အထိ တည်ဆောက်မည့် မြန်နှုန်းမြင့်ရထားလမ်းတည်ဆောက်ရန် တရုတ်နိုင်ငံနှင့် နားလည်မှုစာချွန်လွှာကို သက်တမ်းကုန်ဆုံးစေခဲ့သည်။ ထိုရထားလမ်းကို အမေရိကန်ဒေါ်လာ ဘီလီယံ ၂၀ အကုန်အကျခံ တည်ဆောက်ရန်ဖြစ်သော်လည်း ကုန်ကျစရိတ်နှင့် တရုတ်နိုင်ငံအပေါ် ပိုမိုမှီခိုလာရခြင်းတို့ကို စိုးရိမ်သောကြောင့် အကောင်အထည်ပေါ်လာခြင်း မရှိပေ။
လွန်ခဲ့သော စက်တင်ဘာလကမူ NLD ဦးဆောင်သော အစိုးရသည် CMEC ဆိုင်ရာ သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့သည်။ ယခုအခါ ဒေါ်အောင်ဆန်းစုကြည်သည် တရုတ်နိုင်ငံနှင့် ဖက်စပ်လုပ်ငန်းများ အကောင်အထည်ဖေါ်ရေးကို ကြီးကြပ်မည့် အဖွဲ့ဝင် ၂၅ ဦးပါသော ဦးဆောင်ကော်မတီ အကြီးအကဲ ဖြစ်လာသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် လုပ်ဖေါ်ကိုင်ဖက်များသည် ယခုနှစ် ဧပြီလတွင် ဘေ့ဂျင်း၌ကျင်းပမည့် BRI နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးညီလာခံ တက်ရောက်ရန် စီစဉ်ထားသည်။ ပထမဆုံး ထိုကဲ့သို့သော ညီလာခံကို ၂၀၁၇ ခုနှစ် မေလက ဘေ့ဂျင်းတွင် ကျင်းပခဲ့ပြီး နိုင်ငံပေါင်း ၁၃၀ ကျော်နှင့် နိုင်ငံတကာ အဖွဲအစည်း ၇၀ မှ အကြီးအကဲများနှင့် ခေါင်းဆောင်များ တက်ရောက်ခဲ့သည်ဟု တရားဝင်ထုတ်ပြန်ကြေညာချက်အရ သိရသည်။
ပြန်လည်အသက်ဝင်လာသော တရုတ်-မြန်မာ ရထားလမ်း စီမံကိန်းသည် တရုတ်နှင့်မြန်မာနှစ်နိုင်ငံအကြား ဆွေးနွေးပွဲများတွင် အဓိက ပါဝင်မည်ဖြစ်သည်။ ကုန်ကျစရိတ်အပါအဝင် ထိုစီမံကိန်းနှင့် ပတ်သက်ပြီး လက်ရှိအချိန်အထိ ပြည်သူလူထုသို့ ထုတ်ပြန်ခြင်း မရှိသလောက် ဖြစ်သည်။
ထိုစီမံကိန်းကို လွန်ခဲ့သောနှစ် ဇွန်လက ပြန်လည်အသက်သွင်းခဲ့ကြောင်း လူသိရှင်ကြား ပထမဆုံးကြေညာသည်။ ယူနန်ပြည်နယ် ရွှေလီမှ မြန်မာနိုင်ငံအလယ်ပိုင်း မန္တလေးသို့ ဆက်သွယ်သည့် ရထားလမ်းစီမံကိန်းကို မကြာမီ စတင်တော့မည်ဟု ထိုစဉ်က မြန်မာဝန်ကြီး ဦးသောင်းထွန်းက South China Morning Post သတင်းစာနှင့် တွေ့ဆုံမေးမြန်းခန်းတွင် ပြောခဲ့သည်။
ထိုရထားလမ်း၏ ၃၂၈ ကီလိုမီတာရှည်သော ပထမဆုံး လမ်းပိုင်းဖြစ်သည့် တရုတ်နိုင်ငံမှ ကူမင်းနှင့် ဒါ့လီကို ဆက်သွယ်သည့် ရထားလမ်းကို လွန်ခဲ့သောနှစ် ဇူလိုင်လက စတင်ခဲ့ပြီး ခရီးကြာချိန်ကို ယခင် ၆ နာရီမှ ယခု ၂ နာရီအထိလျှော့ချလိုက်သည်။ ဒါ့လီမှ ရွှေလီသို့ဆက်သွယ်သော ကျန် ၃၃၆ ကီလိုမီတာရှည်သည့် လမ်းပိုင်းကို ၂၀၁၁ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့သည်။ ထိုရထားလမ်းကို ၆ နှစ်အတွင်း အပြိးတည်ဆောက်ရန် စီစဉ်ထားသော်လည်း ရှင်းရှင်းလင်းလင်း မသိရသော အကြောင်းများကြောင့် ထိုစီမံကိန်းပြီးစီးမည့်အချိန်ကို ၂၀၂၂ ခုနှစ်အထိ ရွှေ့ဆိုင်းထားသည်။
မြန်မာနိုင်ငံဖက်အခြမ်းတွင် နိုင်ငံပိုင်ကုမ္ပဏီတခုဖြစ်သော China Railway Erguan Engineering Corporation သည် ၄၃၁ ကီလိုမီတာရှည်သော ရွှေလီမှ မူဆယ်ကို ဖြတ်ပြီး မန္တလေးသို့ ဆက်သွယ်မည့် လမ်းပိုင်းအတွက် တိုင်းတာမှုများ စတင်ဆောင်ရွက်နေသည်။ ထိုရထားလမ်းကို မန္တလေးမှ ကီလိုမီတာ ၄၀၀ နီးပါးဝးသည့် ကျောက်ဖြူအထိ မဆက်သွယ်ပါက စီးပွားရေးအရ တွက်ခြေကိုက်ရန် အကြောင်းမရှိပေ။
ကျောက်ဖြူဆိပ်ကမ်းနှင့် အဆိုပြုထားသာ အထူးစီးပွားရေးဇုန်မှ မြန်မာအစိုးရအတွက် ကြီးမားသော ဝင်ငွေရရန် ထိုလမ်းကြောင်းကို ပြီးစီးအောင် တည်ဆောက်ရန် လိုသည်ဟု အဆိုပြုထားသော မူဆယ်-မန္တလေး ရထားလမ်းဖြတ်သွားသည် မြို့များအနက်တခုဖြစ်သော သီပေါမြို့မှ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးရဲထွန်းက ဖေဖေါ်ဝါရီလ ၁ ရက်နေ့တွင် မြန်မာတိုင်းမ်သို့ပြောခဲ့သည်။
တရုတ်နိုင်ငံမှ စတင်ပြီး မန္တလေးတွင် ဆုံးသည့်ရထားလမ်းသည် ကုန်သွယ်ရေးအတွက် အသုံးမဝင်လှပေ။ ထိုရထားလမ်းကို ကျောက်ဖြူအထိ တိုးချဲ့ခြင်းမရှိက ထိုဆိပ်ကမ်းသည် သီရိလင်္ကာမှ တရုတ်နိုင်ငံက သိမ်းယူခဲ့သည့် ဟန်ဘန်တိုတာ ဆိပ်ကမ်းကဲသို့ဖြစ်သွားမည်ကို စိုးရိမ်ကြောင်း ဦးရဲထွန်းပြောသည်။ ထိုဆိပ်ကမ်းကို တရုတ်နိုင်ငံ ပို့ကုန်သွင်းကုန်ဘဏ်မှ ချေးငွေဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ချေးငွေများကို ပြန်လည်ပေးဆပ်နိုင်ခြင်း မရှိသောအခါ ထိုဆိပ်ကမ်းကို China Port Holdings သို့ ၉၉ နှစ် အငှားချထားလိုက်ရသည်။
တရုတ်နိုင်ငံသည် CMEC-BRI အစီအစဉ်အရ စီမံကိန်း ၂၄ ခု အဆိုပြုထားပြီး မြန်မာနိုင်ငံက ၎င်းတို့အနက် ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံကိန်း၊ ယူနန်ပြည်နှင့် ကပ်လျက်ရှိသော ကချင်နှင့် ရှမ်းပြည်နယ်များမှ နယ်စပ်ကုန်သွယ်ရေးဇုန်များနှင့် ရန်ကုန်မြိုတော်ဟောင်းတွင် စင်္ကာပူနိုင်ငံ၏ ၂ ဆရှိသော မြို့သစ်စီမံကိန်းအပါအဝင် ၉ ခုကို အရှိန်မြှင့်လုပ်ဆောင်ရန် လက်ရှိအချိန်တွင် သဘောတူထားသည်။
ထိုစီမံကိန်းများ၏ ကနဦးအဆင့်များအတွက် ခန့်မှန်းခြေဒေါ်လာ ၂ ဘီလီယံကို အသုံးပြုမည်ဟု ခန့်မှန်းကြောင်း ဧရာဝတီ သတင်းဌာနက ဖေဖေါ်ဝါရီလ ၁၉ ရက်နေ့က ဖေါ်ပြခဲ့သည်။ မှတ်သားစရာကောင်းသည်မှာ ထိုစီမံကိန်းများတွင် တရုတ်-မြန်မာ ရထားလမ်းပါဝင်ခြင်း မရှိပေ။ မြန်မာနိုင်ငံတဝန်းရှိ အခြေခံအဆောက်အအုံစီမံကိန်းများအတွက် မည်သို့ငွေကြေးစိုက်ထုတ်မည်ကို ကျွမ်းကျင်သူများက မေးခွန်းထုတ်နေကြပြီး အကြွေးထောင်ခြောက်မိမည်ကို စိုးရိမ်နေကြသည်။ ထိုသို့သော ပူပန်မှုများရှိနေသော်လည်း အစိုးရသည် CMEC နှင့် ပတ်သက်သော အသေးစိတ်များကို လူသိရှင်ကြား ထုတ်ပြန်ခြင်းမရှိသေးပေ။
BRI သည် မြန်မာနိုင်ငံနှင့် ဒေသတွင်းအတွက် အခွင့်အလမ်းများ ယူဆောင်လာနိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဖေဖေါ်ဝါရီလ ၁၉ ရက်နေ့တွင်ပြောသည်။ သို့သော် မေးစရာရှိသည်မှာ တန်ဖိုးမည်မျှပေးဆပ်ရမည်နည်း ဟူသောမေးခွန်းဖြစ်သည်။ တရုတ်နိုင်ငံသည် ၎င်း၏ဆန္ဒအတိုင်း အိန္ဒိယ သမုဒ္ဓရာကို အသုံးပြုခွင့်ရနိုင်သော်လည်း ယခုအချိန်တွင်ပင် တရုတ်ချေးငွေများကို ပြန်လည်ပေးဆပ်ရန် ရုန်းကန်နေရသော မြန်မာနိုင်ငံသည် ဒေါ်လာ ဘီလီယံပေါင်းများစွာ ကြွေးတင်နေပြီး လွတ်လပ်သော နိုင်ငံခြားရေးမူဝါဒ ကျင့်သုံးနိုင်စွမ်းထိခိုက်မည်ကို အချို့က စိုးရိမ်နေကြသည်။
တိုက်ရိုက် စစ်အုပ်ချုပ်ရေးအောက်တွင်ရှိပြီး အနောက်နိုင်ငံများ၏ ဝိုင်းကျဉ်ခံရသည့် ၁၉၈၈ မှ ၂၀၁၁ ခုနှစ်တွင် မြန်မာနိုင်ငံသည် တရုတ်နိုင်ငံ၏ ၂၄ ခုမြောက်ပြည်နယ်ဟု သံသယသမားများက ခေါ်ခဲ့ကြသည်။ ထို့ကြောင့် မြန်မာနိုင်ငံ၏ ယခင်စစ်အစိုးရသည် တရုတ်အပေါ် မှီခိုရခြင်းကို အထူးကြိုးစားလျှောချရန် ရှည်ကြာစွာ ကြိုးစားခဲ့ပြီး အနောက်နိုင်ငံများသို့ တံခါးဖွင့်ပေးခဲ့သည်။
သို့သော် ယခုအခါ မြန်မာနိုင်ငံသည် ၎င်း၏ တိုတောင်းသော သံတမန်ရေးရာအားကိုး အမျိုးမျိုးထားရှိခြင်းမှ အခြေအနေနှင့် သင့်တင့်သော အနေအထားသို့ ပြန်လည်ရွေ့လျှားရတော့မည်ဖြစ်သည်။ အထီးကျန်ဘဝမှ အနောက်ကိုကားကိုခြင်း၊ အနောက်ကိုအားကိုးခြင်းမှ အထီးကျန်ဘဝပြန်ရောက်ခြင်းနှင့် အဓိက မဟာမိတ် တရုတ်ကို ပြန်လည်အားထားရခြင်း သံသရာဟုသာ ဆိုရမည်ဖြစ်သည်။
( Asia Times ပါ Bertil Lintner ၏ Full steam ahead for China-Myanmar high-speed railway ကို ဘာသာပြန်ဆိုသည်။)