အလွတ်တန်း မှတ်တမ်းတင် ဓာတ်ပုံဆရာတယောက်ဖြစ်သည့် ကိုမျိုးက ဆင်များကို သံယောဇဉ်ဖြစ်ခဲ့သည်မှာ ဆင်ထိန်းတဦးနှင့် သူ၏ အကောင်းဆုံးမိတ်ဆွေ ဖြစ်သော ဖိုးခွားအမည်ရှိ ဆင်တကောင်တို့၏ လှပသော ဇာတ်ကြောင်းကို စတင် ဓာတ်ပုံရိုက်ခဲ့သည့် အချိန်ဖြစ်သည်။ နူးညံ့သိမ်မွေ့သော သတ္တဝါကြီးများကို ဓာတ်ပုံ ရိုက်ခြင်းဖြင့် နှစ်ပေါင်းများစွာ အချိန် ကုန်ဆုံးစေရန် အဆိုပါ ချစ်ခြင်းတရားက သူ့ကို လှုံ့ဆော်ခဲ့သည်။
“ဆင်တွေရဲ့ အကြောင်း (သူတို့ရဲ့ အလေ့အထ၊ သူတို့ရဲ့ သဘာဝ) ကို ကျနော်ပိုသိလာတဲ့ အချိန်မှာ သူတို့ကို ကျနော်ပိုပြီး ချစ်လာတယ်။ သူတို့ကို ရက်စက်တဲ့ တရားမဝင် ဖမ်းဆီးသတ်ဖြတ်သူတွေလက်ကနေ ကာကွယ်ပေးချင်လာခဲ့တယ်” ဟု ကိုမျိုးက ပြောသည်။
၂၀၁၅ ခုနှစ်တွင် ကိုမျိုးက သူ၏ ဓာတ်ပုံအက်ဆေးအတွက် ခေါင်းစဉ်တခု ရှာဖွေနေခဲ့သည်။ ပုဂံမှ ပြည်သူများက ဘာသာရေး အခမ်းအနားများတွင် ဆင်များကို အသုံးပြုနေကြဆဲ ဖြစ်ကြောင်း ကိုမျိုးကို သူ့မိခင်က ပြောပြခဲ့သည်။
“ဆင်တွေက ဘာကြောင့် လူအုပ်ထဲမှာ သွားနေတာလဲ။ ဘာကြောင့် သူတို့က ပြင်းထန်တဲ့ နေရောင် အောက်မှာ အလုပ်လုပ် နေတာလဲလို့ ကျနော်စပြီး သိချင်လာခဲ့တယ်။ သူတို့ကို တွေ့ဖို့ အတွက် ကျနော် ပုဂံကို သွားခဲ့တယ်။ ဒါပေမယ့် သူတို့က ထွက်သွားနှင့်ပြီ” ဟု ကိုမျိုးက ပြောသည်။
ကံကောင်းသည်မှာ သူလွဲချော်ခဲ့ရသည့် ရိုးရာ အခမ်းအနားအတွက် ဆင်ဝန်ဆောင်မှုပေးသည့် အဖွဲ့နှင့် ပတ်သက်သည့် အသေးစိတ် အချက်များကို ရရှိအောင် လုပ်နိုင်ခဲ့သည်။ စစ်ကိုင်းတိုင်း ယင်းမာပင်သို့ သူသွားရောက်ခဲ့ပါသည်။
“ကျနော် ဆင်တွေအကြောင်း ဘာမှ မသိခဲ့ဘူး။ ကျနော် ဘယ်လိုဇာတ်လမ်းရနိုင်သလဲ ဆိုတာကိုတောင် မသိခဲ့ပါဘူး။ ဒါကြောင့် ဆင်ပိုင်ရှင်ကို အားလုံး မေးရတယ်” ဟု ကိုမျိုးက သူ၏ ခရီးရှည်ကြီး အစကို ပြန်ပြောပြသည်။
ဖိုးခွား ဆိုသည့်ဆင်နှင့် သူ၏ အခင်ဆုံး မိတ်ဆွေဖြစ်သော ဆင်ထိန်းတို့၏ ကရုဏာသက်ဖွယ် ဇာတ်ကြောင်းကို သူကြားခဲ့ ရသည်။ သူတို့၏ ဇာတ်လမ်းကို စတင်ရိုက်ကူးခဲ့သည်။
ဆင်ထိန်းနှင့် ဖိုးခွားတို့ နှစ်ဦးစလုံး အသက် ၁၈ နှစ် အရွယ်ရှိကြသည်။ သူတို့သည် ကွဲပြားသော ဆင်စခန်း များတွင် ကြီးပြင်း ခဲ့ကြသော်လည်း တွေ့ဆုံခဲ့ကြပြီး နောက်ပိုင်းတွင် အရင်းနှီးဆုံး မိတ်ဆွေများ ဖြစ်သွား ကြသည်။ ယခုအခါ သူတို့အတူ ကစားကြသည်။ အတူစားကြသည်။ တယောက်နှင့် တယောက်ကပ်၍ အိပ်ကြသည်။
“သူတို့က ညီအစ်ကိုတွေလိုပဲ” ဟု ကိုမျိုးက ပြောသည်။
သူတို့၏ အကြောင်းကို ဖန်တီးခဲ့သည့် ညီအစ်ကိုများ (Brothers) အမည်ရှိ ဓာတ်ပုံ အက်ဆေးက ၂၀၁၅ ခုနှစ် ရန်ကုန် ဓာတ်ပုံပွဲတော်တွင် စတုတ္ထဆု ရရှိခဲ့သည်။
သို့သော်လည်း မြန်မာနိုင်ငံတွင် ဆင်အကြောင်း ဇာတ်လမ်းက ပုံမှန်အားဖြင့် ပျော်စရာတခု ဖြစ်လေ့မရှိပါ။
မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့နယ်တွင် ကျေးရွာသားများနှင့် ဆင်ရိုင်းတအုပ်တို့ကြားမှ ပဋိပက္ခ၏ ဝမ်းနည်းဖွယ်ရာ အခိုက်အတန့်တခု မြင်တွေ့ခဲ့ရသည့် အကြောင်းကို သူက ပြန်ပြောပြသည်။
“၂၀၁၅ ခုနှစ်ကပါ။ ပဲခူးရိုးမက ဆင်ရိုင်း ၆ ကောင်က ကျောက်ပန်းတောင်းမြို့နယ်ထဲကို ရောက်လာခဲ့ကြတယ်။ သူတို့က ရွာတွေ အများအပြားကို ဖြတ်သွားတယ်။ ဒါကြောင့် သူတို့ကို လမ်းကြောင်းပြောင်းပေးဖို့၊ သူတို့ ကျက်စားတဲ့ ပဲခူးရိုးမ တောင်တွေပေါ်ကို ပြန်ရောက်သွားဖို့ လူတွေ အများကြီး အတူစုပြီးတော့ ဆင်ယဉ်တွေ သုံးပြီး လုပ်ခဲ့ကြတယ်။ ကျနော် သူတို့နဲ့ လိုက်သွားခဲ့ပါတယ်” ဟု ကိုမျိုးက ပြန်ပြောသည်။
“တနေရာမှာ လျှိုတခုရှိတယ်။ ဆင်တွေက အလယ်မှာ။ လူတွေက ၂ ဖက်စလုံးကနေ သူတို့ကို ခြောက်နေ ကြတယ်။ လူတယောက်က ဆင်ရိုင်းတွေနဲ့ အရမ်းကပ်တဲ့ နေရာကို သွားတယ်။ ကျနော့်ကိုလည်း ဓာတ်ပုံ လာရိုက်ဖို့ ပြောတယ်။ ဒါပေမယ့် ကျနော် ငြင်းခဲ့တယ်။ အဲဒါက အလွန် အန္တရာယ်များလို့ပါ။ ကျနော်က ပြန်လာပါလို့ ခေါ်တာတောင် သူက ပြန်မလာဘူး။ ဆင်ကြီးတကောင်က သူ့ကို ခြေမွှပစ်လိုက်လိုက်တယ်” ဟု သူက ပြောပြသည်။
“ပူဖောင်းတလုံး ပေါက်ထွက်သွားသလိုပါပဲ။ သူအဲဒီမှာပဲ သေတယ်။ ကျနော် အရမ်းကို စိတ်ရှုပ်ထွေး ကြောက်လန့်ခဲ့ရ ပါတယ်။ သူ့အတွက် စိတ်မကောင်းဘူး။ အဲဒီ အဖြစ်အပျက်ကို ကျနော် ဓာတ်ပုံ နည်းနည်း ရလိုက်ပါတယ်။ ဒါပေမယ့် နောက်ပိုင်း ကျနော့်ဖာသာ ကျနော်ပြန်ဖျက်လိုက်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီပုံတွေက တကယ်ကို ကောင်းတယ် ဆိုရင်တောင်မှ ဒီလို ဝမ်းနည်းစရာ ပုံတွေကို ကျနော့် စီမံကိန်းအတွက် မသုံးချင်ဘူး” ဟု ကိုမျိုးက ပြောသည်။
သူ၏ ဒုတိယမြောက် ဆုရ ဓာတ်ပုံ အက်ဆေးဖြစ်သော မိန်းမချောလေး (Beautiful Girl) တွင် မိချော အမည်ရှိ မွေးကင်းစ ဆင်ပေါက်ကလေး တကောင်၏ ဇာတ်ကြောင်းကို သူလိုက်ခဲ့သည်။ မိချောကို သူ၏ မိခင်ထံမှ ခေါ်ဆောင်ခြင်း ခံခဲ့ရပြီးနောက် သူ့ကို ဝင်္ကဘော် ဆင်စခန်းမှ ဆင်ဆရာဝန် တဦးက ကယ်တင်ခဲ့သည်။ သို့သော်လည်း သူ့အတွက်လိုအပ်သည့် နို့ရရှိရေးက မဖြစ်နိုင်ကြောင်း ဆရာဝန် တွေ့ရှိခဲ့ရသည်။ နို့မှုန့်ကလည်း ဈေးကြီးသည်။ ဆရာဝန်က Facebook ကို အသုံးပြု၍ တခြားသူများထံမှ အလှူခံခဲ့သော်လည်း အကူအညီက အလွန် နောက်ကျသွားခဲ့သည်။
“သူ့ကို ကယ်တင်ဖို့ အတွက် သူ့ကို အနားမှာရှိတဲ့ ဆင်စခန်းတခုကို ရွှေ့ခဲ့ပါတယ်။ တကယ်လို့ တခြား ဆင်တွေဆီက သူနို့ရခဲ့ရင် သူ အသက်ရှင်နိုင်လိမ့်မယ်။ ဒါပေမယ့် သူက တခြားဆင်တွေနဲ့ ဘယ်လို ဆက်ဆံရမယ်ဆိုတာ မသိခဲ့ဘူး။ ဆရာဝန်ကို သူ့အဖေလို့ ထင်နေခဲ့တယ်။ သူ့ရဲ့ ကျန်းမာရေး အခြေအနေက ပိုဆိုးလာခဲ့ပြီး အသက် ၂၃ ရက်သမီးမှာ မိချောသေသွားတယ်” ဟု ကိုမျိုးက ပြောသည်။
သို့သော်လည်း သူတို့၏ အားထုတ်မှုများက အချည်းနှီး မဖြစ်ခဲ့ပါ။ မိချောသေဆုံးပြီး များမကြာမီတွင် တခြား မိဘမဲ့ဆင် ပေါက်လေး တကောင်ဖြစ်သည့် မယ်ရီက ဆင်စခန်းသို့ ရောက်လာခဲ့သည်။
“ကျနော်တို့ သူ့ကို ဝင်္ကဘော် ဆင်စခန်းကို ပို့လိုက်တယ်။ မိချောအတွက် လှူထားကြတဲ့ ပစ္စည်းတွေနဲ့ ကျနော်တို့သူ့ကို ထောက်ပံ့ပေးနိုင်ခဲ့တယ်။ အခု ဝင်္ကဘော် ဆင်စခန်းမှာ တခြား မိခင်မဲ့ ဆင်ပေါက်ကလေးတွေ ရှိတယ်။ သူတို့ အတွက် လိုအပ်တာတွေ အားလုံးရှိတယ်။ အဲဒါတွေ အားလုံးက မိချောကြောင့်ပါ” ဟု ကိုမျိုးက ပြောသည်။
သူက ဆင်များ၏ ဘဝကို ဓာတ်ပုံ ရိုက်ကူးခြင်း၊ တောတွင်းတွင် တခြားရွာ သားများနှင့် အတူနေခြင်း တို့ဖြင့် ဆက်လက်၍ အချိန်ကို ကုန်ဆုံးစေခဲ့သည်။ သူ့တွင် အဆက်အသွယ် မြောက်များစွာရှိသည်။ ဆင်များနှင့် နက်ရှိုင်းသော နားလည်မှုတခု ရှိသည်။ ဝါရင့် ဆင်ထိန်းများသာလျှင် သိသည့် ဆင်ချော့တေးများကိုပင် သူသင်ယူခဲ့သည်။ လတ်တလော နှစ်များအတွင်းတွင် ဆင်ရိုင်းများ တရားမဝင် ကုန်ကူးခြင်းကို သူစတင် လေ့လာခဲ့သည်။
“ဆင်တကောင် အသတ်ခံရတယ်လို့ တယောက်ယောက်က ကျနော့်ကို ဆက်သွယ်လာရင် အဲဒီနေရာကို ကျနော်ချက်ချင်း သွားတယ်။ အချိန်အများစုမှာတော့ ကျနော် ဓာတ်ပုံရိုက်ဖို့ ခွင့်ပြုချက်မရဘူး။ တခါတလေတော့ သူတို့က ခွင့်ပြုပါတယ်။ ဒါပေမယ့် အဲဒါက တကယ်ကို အန္တရာယ်ရှိတယ်” ဟု ကိုမျိုးက ပြောသည်။
တရားမဝင် ကုန်သွယ်ခြင်းကို ဓာတ်ပုံရိုက်ရသည့် အန္တရာယ်များကို သူက ပြောပြသည်။ တခါတရံတွင် တရားမဝင် ဆင်ခိုး သတ်သူများက သူ့ကို တိုက်ခိုက်ရန် ကြိုးစားလိမ့်မည် ဖြစ်သည်။ သို့သော်လည်း အမှုမထားဘဲ မှတ်တမ်းတင်ရန် သူကြိုးစားခဲ့သည်။
“တကယ်လို့ အဲဒီ အဖြစ်တွေကို ကျနော် ဓာတ်ပုံ မရိုက်ဘူးဆိုရင် ဒီလိုဆိုးရွားတဲ့ ကိစ္စတွေကို လူတွေသိနိုင်မှာ မဟုတ်ဘူး။ ဆင်တွေပိုပြီး သေကြရလိမ့်မယ်။ တရားမဝင် ဆင်သတ်တဲ့သူတွေက အရေပြားတွေ၊ အစွယ်တွေကို ပိုဖြတ်ကြလိမ့်မယ်။ သူတို့ကို သတ်ကြလိမ့်မယ်” ဟု ကိုမျိုးက ဆိုသည်။
တခြားသော ဓာတ်ပုံဆရာများကလည်း သဘာဝ တောရိုင်းတိရစ္ဆာန်များ ကုန်ကူးခြင်းကို မှတ်တမ်းတင်ရန်နှင့် ပြည်သူလူထုသို့ အသိအမြင်ပေးရန် သူက တိုက်တွန်းသည်။
“ဆင်တွေချည်းပဲ မဟုတ်ပါဘူး။ တခြားတိရစ္ဆာန်တွေလည်း သဘာဝတောရိုင်း တိရစ္ဆာန် ကုန်ကူးမှု တွေကြောင့် ထိခိုက် ခံစားနေရပါတယ်။ တိရစ္ဆာန်တွေက သဘာဝအတိုင်း နေထိုင်ကြတယ်။ သူတို့က လူတွေကို ရည်ရွယ်ချက် ရှိရှိ ဘယ်တော့မှ မတိုက်ခိုက်ပါဘူး။ လူတွေက သူတို့နဲ့ အရမ်းနီးကပ်လာတဲ့ အခါမှာ သူတို့ကိုယ် သူတို့ ကာကွယ်တာ သက်သက်ပါ” ဟု ကိုမျိုးက ပြောသည်။
၂၀၁၇ ခုနှစ် ရန်ကုန် ဓာတ်ပုံပွဲတော်တွင် ဆုရခဲ့သော မိန်းမလှလေး (Beautiful Girl) ကဲ့သို့ပင် သူ၏ နောက်ဆုံး ဓာတ်ပုံအက်ဆေးမှာ ဆင်ရိုင်းများ တရားမဝင် ကုန်သွယ်ခြင်းအကြောင်း ဖြစ်ပြီး တရားမဝင် သတ်ဖြတ်သူများကို အမဲလိုက်ခြင်း (Hunting the Poachers) အမည်ရှိ ဓာတ်ပုံ အက်ဆေးက ယခုနှစ် ဓာတ်ပုံပွဲတော်တွင် ပရော်ဖက်ရှင်နယ် ဓာတ်ပုံ ကဏ္ဍ၌ တတိယဆု ရရှိခဲ့သည်။
“ကျနော် ဆုရတာ၊ မရတာက အရေးမကြီးပါဘူး။ ဒါပေမယ့် ဆုလက်ခံရတဲ့ အတွက်လည်း ကျနော် ပျော်ပါတယ်။ ကျနော်က လူတွေကို ဒီအကြောင်း သိရှိသဘောပေါက် လာစေချင်တာ သက်သက်ပါ။ အဲဒါက ပိုအရေးကြီးပါတယ်” ဟု ကိုမျိုးက ပြောသည်။
တရားမဝင် ဆင်ခိုးသတ်ခြင်း အများစုက ပဲခူးရိုးမနှင့် ဧရာဝတီတိုင်းတွင် ဖြစ်နေသည်ဟု ကိုမျိုးက ပြောသည်။ ၂၀၁၇ ခုနှစ်တွင် ဆင်ရိုင်း ၅၉ ကောင်ခန့် အသတ်ခံခဲ့ရသော်လည်း ထိုအရေအတွက်က ၂၀၁၈ ခုနှစ်တွင် ၁၈ ကောင်သို့ လျော့ကျသွားသည်။ လက်ရှိ အချိန်တွင် မြန်မာနိုင်ငံ၌ ဆင်ရိုင်း ကောင်ရေ ၂၀၀၀ ခန့် ရှိပြီး အကယ်၍ သူတို့ နေထိုင်ကျက်စားသည့် နေရာများ ဆက်လက်၍ ဆုံးရှုံးနေရလျှင် လူသားနှင့် ဆင်ရိုင်းကြားမှ ပဋိပက္ခများနှင့် တရားမဝင် ကုန်သွယ်မှုများ ပိုမို ဖြစ်ပွားလာပါလိမ့်မည်။ ဆင်ရိုင်းများလည်း မြန်မာနိုင်ငံမှ ပျောက်ဆုံး သွားပါလိမ့်မည်။
“ကိုမျိုးရဲ့ ဓာတ်ပုံတွေက တဆင့် လူတွေ အနေနဲ့ သူတို့ဟာ ချစ်စရာကောင်းတယ်၊ အကာအကွယ် ပေးထိုက်တယ်၊ ကျနော်တို့က သူတို့ကို တန်ဖိုးထားရမယ်၊ သူတို့ အသတ်ခံရဖို့ မထိုက်တန်ဘူး အစရှိတဲ့ ဆင်တွေ အကြောင်းတွေကို ပိုသိလာနိုင်ပါတယ်။ တရားမဝင် ဆင်ရိုင်း ကုန်သွယ်မှုအပေါ် လူတွေရဲ့ သိရှိနားလည်မှု မြှင့်တင်ပေးဖို့ သူ့စီမံချက်က အထောက်အကူပေးပါတယ်။ အဲဒါ ကောင်းတဲ့ သက်ရောက်မှု တခုပါ” ဟု WWF Myanmar မှ အကြီးတန်း ဆက်သွယ်ရေး အရာရှိ ကိုရဲမင်းသွင်က ပြောသည်။
“အဖြေကတော့ တိရစ္ဆာန် အစိတ်အပိုင်းတွေနဲ့ ပြုလုပ်ထားတဲ့ ပစ္စည်းတွေကို အသုံးပြုတာတွေ ရပ်တန့်ဖို့ လူတွေကိုတိုက်တွန်းဖို့ အတွက် အသိအမြင်တွေကို မြှင့်တင်ပေးဖို့ ဖြစ်ပါတယ်။ တရားမဝင် သတ်ဖြတ်ခြင်းနဲ့ ကုန်သွယ်ခြင်း အားလုံးကို လူသားတွေရဲ့ လောဘက လှုံ့ဆော်ပါတယ်။ ဒါကြောင့် လူသားတွေ အနေနဲ့ တိရိစ္ဆာန် အစိတ်အပိုင်းနဲ့ ပြုလုပ်ထားတဲ့ ပစ္စည်းတွေ အသုံးပြုခြင်းကို ရပ်တန့်သင့်ပါတယ်” ဟု ကိုမျိုးက ပြောသည်။
(Lwin Mar Htun ၏ Photographer Tells the Dark Side of the Elephant’s Story in Myanmar ကို ဆီလျော်အောင် ဘာသာပြန်သည်။)
—