မကြာမီ ကျင်းပတော့မည့် ရန်ကုန် မြို့တော် စည်ပင် သာယာရေး ကော်မတီ ရွေးကောက်ပွဲတွင် နိုင်ငံရေး ပါတီများ ဝင် ရောက် ယှဉ်ပြိုင်ခွင့် ရှိသည့် အပြင် ပါတီ အမှတ်တံဆိပ်များကိုပါ အသုံးပြုခွင့် ပေးလိုက်ခြင်းသည် ဥပဒေနှင့် မညီဟု ဝေဖန် ပြောဆိုချက်များ ထွက်ပေါ်လျက် ရှိသည်။
အဆိုပါ ရွေးကောက်ပွဲကို လာမည့် ၂၀၁၉ ခုနှစ် မတ် လ ၃၁ ရက်တွင် ကျင်းပတော့မည် ဖြစ်သည်။
လက်ရှိတွင် ရန်ကုန်မြို့တော် စည်ပင် ဥပဒေသစ်သည်လည်း အသက်ဝင်မှု မရှိသေးသည့် အတွက် ပြည်သူ ရွေးချယ် တင် မြှောက်မည့် ကိုယ်စားလှယ်များနှင့် စည်ပင် ဥပဒေကို ထိန်းကျောင်းနိုင်မည်လား ဆိုသည်မှာ မကြာခင် ကာလ၌ မြင်တွေ့ ရမည် ဖြစ်သည်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အစိုးရ သက်တမ်း ထက်ဝက်ကျော် ကာလတခုလုံးတွင် စည်ပင် ဥပဒေဟောင်းကို ပြင်ဆင်နေပြီး အစိုးရ ခန့်ထားသူများနှင့်သာ ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီကို လည်ပတ်နေခြင်း ဖြစ် သည်။
စည်ပင် ဥပဒေသစ် တရပ်ကို ၂၀၁၈ ခုနှစ် ဇွန်လတွင် အတည်ပြု ပြဋ္ဌာန်းခဲ့ပြီး ဥပဒေသစ်ပါ အချက်အလက်များကြောင့် အားကောင်း မောင်းသန် ဥပဒေ တရပ် အဖြစ် အများပြည်သူက အသိအမှတ် ပြုခဲ့သော်လည်း နှစ်ဝက်ကျော် ကြာသည့် တိုင် အဆိုပါ ဥပဒေပါ အချက်အလက်များမှာ သက်ဝင် လှုပ်ရှားမှု မရှိသေးပေ။
ယခု လကုန်တွင် ကျင်းပမည့် စည်ပင် ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်းများ မဲဆွယ် စည်းရုံးရေး ကာလကို ဖေဖော်ဝါရီလ ၂၈ ရက်မှ မတ်လ ၂၉ ရက်အထိ သတ်မှတ်ထားသည်။
၂၀၁၆ ခုနှစ် မေလ ၁၆ ရက်တွင် ရန်ကုန် စည်ပင် သာယာရေး ကော်မတီ၏ အမိန့် ကြော်ငြာစာကို ထုတ်ပြန်ကာရွေးကောက်ခံ စည်ပင် ကော်မတီဝင်များကို ရာထူးမှ ထုတ်ပယ်ခဲ့ပြီးနောက် အစိုးရ သက်တမ်း ထက်ဝက်ကျော် သုံးနှစ် နီးပါး အကြာတွင် ရန်ကုန် မြို့တော် စည်ပင်သာယာ ရွေးကောက်ပွဲကို ဒုတိယ အကြိမ် အဖြစ် ပြန်လည် ကျင်းပရန် စီစဉ် နေခြင်းလည်း ဖြစ်သည်။
ရွှေလင်ဗန်း စက်မှုဇုန် ကြီးကြပ်ရေး ကော်မတီ အတွင်းရေးမှူး ဦးနေလင်းဇင်က“၂၀၁၈ စည်ပင် ဥပဒေ ပြဋ္ဌာန်း ပြီးပေမယ့် အခု၂၀၁၉ ဒီအချိန် ကာလ အတွင်းမှာ၂၀၁၈ ဥပဒေနဲ့ အရေးယူတဲ့ ကိစ္စရပ်တွေ မရှိသေးဘူး။ ဥပဒေ ပြဋ္ဌာန်းပြီးလည်း ရန်ကုန်မြို့က အရွေ့တခုကို ရောက်မလာသေးဘူး”ဟု ဆိုသည်။
၂၀၁၉ ခုနှစ် နှစ်ဆန်းပိုင်းတွင်မူ စည်ပင် သာယာရေး ကော်မတီ ရွေးကောက်ပွဲကို ကျင်းပမည်ဟု တရားဝင် ကြေညာပြီး နောက် ယခု စည်ပင် သာယာရေး ကော်မတီ အပေါ် အားမရခဲ့မှုကို အရင်းခံပြီး ရွေးကောက်ပွဲ ဂယက်သည် ပြည်သူလူထု ကြား ရိုက်ခတ်လာခဲ့သည်။
စည်ပင် ရွေးကောက်ပွဲ ဘာတွေ ထူးခြားလာသလဲ
စည်ပင် သာယာရေး ကော်မတီဝင် ရွေးကောက်ပွဲ၏ အဓိက ထူးခြားချက်များတွင် ပြည်သူ လူထု ရွေးချယ်သည့် ကော်မတီ ဝင်များ အနက်မှ ဒု မြို့တော်ဝန်ကို ရွေးချယ် ခန့်ထားမည် ဖြစ်ပြီး မြို့နယ် ကော်မတီဝင်များကိုပါ ပြည်သူ လူထုက တိုက် ရိုက် တင်မြှောက်ခွင့် ရှိလာခြင်း ဖြစ်သည်။
ထို့ပြင် ဝင်ရောက် ယှဉ်ပြိုင်နိုင်သည့် အသက်အရွယ် ကန့်သန့်ချက်ကို ၂၅ နှစ် အထိ လျှော့ချပေးခဲ့သည့် အပြင် မဲပေးနိုင် ခွင့်ကိုလည်း ၁ အိမ်ထောင်လျှင် ၁ ဦး အစား အသက် ၁၈ နှစ် ပြည့်သူတိုင်း မဲပေးခွင့်ရှိရန် ပြောင်းလဲခဲ့သည်။
စည်ပင် ဥပဒေ မူကြမ်း ရေးဆွဲရေး ကော်မတီနှင့် ရန်ကုန် မြို့တော် စည်ပင် သာယာရေး ဥပဒေ စိစစ်ရေး ကော်မတီတွင် ပါဝင် သည့် ဦးလှဌေးက“အသက် ၂၅ နှစ် ပြည့်ပြီးတဲ့ လူငယ်တိုင်း သူ့မှာ လုပ်ကိုင်နိုင်တဲ့ စွမ်းအား ရှိတယ် စွမ်းရည်ရှိတယ် ဆိုရင် ဒုတိယ မြို့တော်ဝန် ဝင်ရောက် ယှဉ်ပြိုင်နိုင်တဲ့ အခွင့်အလမ်းကို ရှိတယ်။ လူငယ်တွေ ရနိုင်တဲ့ အခွင့်အလမ်းကို ဒီကနေ ဖွင့်ပေးလိုက်တယ်”ဟု ဧရာဝတီသို့ ပြောသည်။
မတ်လ ၃၁ ရက်တွင် ကျင်းပမည့် စည်ပင် ရွေးကောက်ပွဲတွင် မြို့နယ် တမြို့နယ်၌ ကော်မတီဝင် ၃ ဦးဖြင့် မြို့နယ် ၃၃ မြို့ နယ် အတွက် ၉၉ ဦးနှင့် ဗဟို ကော်မတီဝင် ၆ ဦး စုစုပေါင်း ၁၀၅ ဦးကို ရွေးချယ်သွားမည် ဖြစ်သည်။
လက်ရှိ စည်ပင် ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်လောင်း ၂၇၂ ဦး ဝင်ရောက် ယှဉ်ပြိုင်ကြမည် ဖြစ်သည်။
အသစ် ပြင်ဆင် ပြဋ္ဌာန်းလိုက်သည့် စည်ပင် ဥပဒေသစ်သည် အပြောင်းအလဲများနှင့် ပြည့်နှက်နေသော်လည်း စည်ပင် ရွေးကောက်ပွဲ အလွန် နောက်ကျမှ ပြုလုပ်ခြင်းကြောင့် လက်ရှိ ရွေးချယ်ခံရမည့် စည်ပင် ကော်မတီဝင်များ၏ သက်တမ်း မှာ တနှစ်ကျော်မျှသာ ဖြစ်သဖြင့် အချိန် ကာလအားဖြင့် တိုတောင်းပြီး ကော်မတီဝင်များ အထိုင်မကျခင်ပင် နောက်ထပ် ရွေးကောက်ပွဲ ထပ်မံ ပြုလုပ်ရမည့် အခြေအနေ ဖြစ်ကြောင်း လေ့လာသူများက သုံးသပ်သည်။
စည်ပင် ရွေးကောက်ပွဲကို ပြည်သူ လူထု စိတ်ဝင်စားမှု နည်းနိုင်ကြောင်းလည်း ခန့်မှန်းချက်များပင် ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ် လာခဲ့သေးသည်။
ဒိတ်ဒိတ်ကြဲတွေ ပြိုင်တဲ့ ပွဲလား
စည်ပင် ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများ ခေါ်ယူချိန်တွင် စည်ပင် ရွေးကောက်ပွဲသည် ပြည်သူ လူထု၏ စိတ်ဝင်စားမှုကို တကျော့ ပြန်လည် ဖမ်းစားခဲ့သည်။
၂၀၁၆ ခုနှစ် မေလ ၁၆ ရက်တွင် ရန်ကုန် စည်ပင် သာယာရေး ကော်မတီ၏ အမိန့် ကြော်ငြာစာ အရ နိုင်ငံရေး ပါတီဝင်များ ဝင်ရောက် ယှဉ်ပြိုင်ခွင့် ကန့်သတ်မှုကို ပယ်ဖျက်ပြီး ဖြစ်သည့် အတွက် နိုင်ငံရေး ပါတီကြီး နှစ်ခုက အင်တိုက်အားတိုက် ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည်။
၂၀၁၄ ခုနှစ် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အဆင့်ဆင့် ရွေးကောက် တင်မြှောက်ခြင်း နည်းဥပဒေ ပုဒ်မ ၈၃ တွင်“ကော်မရှင်၊ ကော်မရှင် အဖွဲ့ခွဲ အဆင့်ဆင့်နှင့် ခုံအဖွဲ့တွင် တာဝန်ထမ်းဆောင်သူများ၊ ကိုယ်စားလှယ်လောင်း များ၊ ကိုယ်စားလှယ်များသည် မည်သည့် နိုင်ငံရေး ပါတီဝင်မှ မဖြစ်စေရ”ဟု ပြဋ္ဌာန်းထားချက်ကို ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုး လက်မှတ် ထိုးထားသည့် အမိန့် ကြော်ငြာစာနှင့် ပယ်ဖျက်ခဲ့ခြင်း ဖြစ်သည်။
အထူးသဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် မြို့တော်ဗဟိုကော်မတီဝင် ၆ ဦးနေရာအပြည့် ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်ပြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီက ၁ နေရာအတွက်သာ ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်ကြောင်း သိရ သည်။
မြို့နယ် ကော်မတီဝင် နေရာများ အတွက်မှု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီမှ မြို့နယ် အကုန်လုံးတွင် ယှဉ်ပြိုင် ကြမည် ဖြစ်ပြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီက မြောက်ဥက္ကလာ နှင့် ဒဂုံဆိပ်ကမ်း မြို့နယ်တွင်သာ ယှဉ်ပြိုင် မည် ဖြစ်ကြောင်းလည်း တွေ့ရသည်။
မြို့တော် ကော်မတီ နေရာအတွက် ၂၇ ဦး၊ မြို့နယ် ဥက္ကဋ္ဌ နေရာအတွက် ၉၉ ဦး၊ မြို့နယ် အဖွဲ့ဝင် (၁) နေရာအတွက် ၇၄ ဦး၊ မြို့နယ် အဖွဲ့ဝင် (၂) နေရာအတွက် ၇၂ ဦး စုစုပေါင်း ၂၇၂ ဦး ဝင်ရောက် ယှဉ်ပြိုင်ကြမည် ဖြစ်သည်ဟု ဆိုသည်။
ယင်းတို့အနက်မှ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ မှ ၉၀၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ မှ ၂၃ ဦး နှင့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ၁၅၉ ဦး ဝင်ရောက် ယှဉ်ပြိုင်ကြမည် ဖြစ်ကြောင်း သိရသည်။
ပါတီကြီး နှစ်ခုမှ ပါတီဝင်များသာမက တသီးပုဂ္ဂလ ယှဉ်ပြိုင်သူများတွင်လည်း လူထု စိတ်ဝင်စားမှုခံရသူ အများအပြား ပါဝင် လာခဲ့သည်။
စီးပွားရေး နယ်ပယ်တွင် ထင်ရှားသူများ၊ ယခင် စည်ပင် ကော်မတီဝင်ဟောင်းများ၊ အနုပညာ နယ်ပယ်မှ လူရွှင်တော် ဂေါ်ဇီလာ တို့လို ကျော်ကြားသူများ နှင့် လူငယ် တတ်သိ ပညာရှင်များ ပါဝင်လာခြင်း ဖြစ်သည်။
ရွေးကောက်ပွဲ ဝင်ရသည့် အကြောင်းရင်းနှင့် ပတ်သက်ပြီး လူရွှင်တော် ဂေါ်ဇီလာ (ခေါ်) ဦးမောင်မောင်ဇင်က“အဲဒီထဲမှာမှ အားမလို အားမရ ဖြစ်တာက ပွင့်လင်း မြင်သာမှု အပိုင်းမှာ ဘာကြောင့် အခက်အခဲ ဖြစ်နေတာလဲ။ ဒီအခက်အခဲ တွေကို ကျနော်တို့ ပြည်သူတွေက ဘာကြောင့် သိခွင့် မရှိတာလဲ။ သူတို့ဆီမှာလည်း ပြဿနာတွေ ရှိတယ်။ ဒီပြဿနာကို ပြည်သူ ကို မချပြနိုင်တာလဲ၊ မချပြရဲ တာလဲ ဆိုတဲ့ အကြောင်းအရာတွေကို ထဲထဲဝင်ဝင် သိချင်လို့ ရွေးကောက်ပွဲကို ဝင်တာ”ဟု ပြောသည်။
ရွှေလင်ဗန်း စက်မှုဇုန် ကြီးကြပ်ရေး ကော်မတီ အတွင်းရေးမှူး ဦးနေလင်းဇင်ကလည်း“ကျနော်တို့တွေ ကိုယ်ပိုင် လုပ်ငန်း၊ ကိုယ် ပိုင် အခြေအနေနဲ့ ဘာလို့ ပါလာလဲ၊ ကျနော်တို့ရဲ့ အချိန်တွေ ကျနော်တို့ရဲ့ လုပ်အားတွေ လာပြီး ဘာလို့ ရင်းနှီး မြှုပ်နှံ မှာလဲ ဆိုတော့ အရွေ့တခုကို ကျနော်တို့ မြင်ချင်တယ်”ဟု ပြောဆိုသည်။
ဝင်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများ အနေနှင့်လည်း ယုံကြည်ချက် ကိုယ်စီနှင့် ယှဉ်ပြိုင်ကြမည် ဖြစ်သလို ပြည်သူ လူထု ကြားတွင်လည်း မျှော်လင့်ချက် ကိုယ်စီနှင့် ဖြစ်သည်ကို သိရှိရသည်။
ကျောက်တံတားမြို့နယ်နေ ပြည်သူ တဦးက“စည်ပင်မှာ သဘာဝ ပတ်ဝန်းကျင်ကို ထိန်းသိမ်းတတ်တဲ့၊ သဘာဝကို အထာ ကျအောင် ပြုပြင်နိုင်တဲ့ စေတနာနဲ့ နည်းပညာများ၊ တာဝန်ယူမှု တာဝန်ခံမှုများကို စည်ပင် ရွေးကောက်ပွဲ အပြီးမှာ မြင်တွေ့ ရပါလို၏”ဟု ပြောဆို ထားသည်။
ပါတီ လိုဂို သုံးသင့်၊ မသုံးသင့်
ရွေးကောက်ပွဲတွင် ပါတီကြီးမှ ပါတီဝင်များနည်းတူ တသီးပုဂ္ဂလများ အင်တိုက်အားတိုက် ယှဉ်ပြိုင်လာခြင်းကြောင့် မဲဆွယ် စည်းရုံးမှုနှင့် ပတ်သက်ပြီး အငြင်းပွားမှုများလည်း ရှိလာသည်။
စည်ပင် ရွေးကောက်ပွဲတွင် နိုင်ငံရေး ပါတီကြီးနှစ်ခုက အင်တိုက်အားတိုက် ယှဉ်ပြိုင်ခြင်းနှင့် မဲဆွယ်ရာတွင် ပါတီ တံဆိပ် နှင့် အလံများကို ကော်မရှင်က အသုံးပြုခွင့် ပေးလိုက်ခြင်းကြောင့် ဝေဖန်မှုများ ထွက်ပေါ်နေခြင်း ဖြစ်သည်။
အထူးသဖြင့် ပါတီ တံဆိပ်နှင့် အလံများကို မူလက အသုံးပြုခွင့် မပြုဟု ထုတ်ပြန်လိုက်ပြီးမှ ပြည်လည် ခွင့်ပြုလိုက်ခြင်း အပေါ် စောင့်ကြည့် လေ့လာသူများနှင့် စိတ်ဝင်တစား ရှိသည့် ပြည်သူများက မေးခွန်းထုတ်နေကြသည်။
အသစ် ပြဋ္ဌာန်းလိုက်သည့် စည်ပင် သာယာ ဥပဒေ ပြဋ္ဌာန်းချက်များကို မချိုးဖောက်လျှင် နိုင်ငံရေး ပါတီဝင် ဖြစ်စေ၊မည်သူ မဆို ဖြစ်စေ ဝင်ရောက် ယှဉ်ပြိုင် နိုင်သော်လည်း ပါတီ အမှတ်တံဆိပ်များ၊ အလံများ သုံးစွဲခွင့် ပြုလိုက်ခြင်းက ပြည်ထောင်စု အဆင့် ဥပဒေများနှင့် လိုက်လျောညီထွေ မရှိတော့ကြောင်း ထောက်ပြ ဝေဖန်မှုများလည်း ရှိနေသည်။
နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ ၂ အပိုဒ်ခွဲ (စ) တွင်“ရွေးကောက်ပွဲ ဆိုသည်မှာ ပြည်သူ့ လွှတ်တော် ရွေးကောက်ပွဲ၊ အမျိုးသား လွှတ်တော် ရွေးကောက်ပွဲနှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော် ရွေးကောက်ပွဲ များကို ဆိုသည်”ဟု လည်းကောင်း ၊ အပိုဒ်ခွဲ (ဆ) တွင်“အထွေထွေ ရွေးကောက်ပွဲ ဆိုသည်မှာ လွှတ်တော် ပုံမှန် သက် တမ်း တရပ်အတွက် ကော်မရှင်က သတ်မှတ် ကျင်းပသည့် ရွေးကောက်ပွဲကို ဆိုသည်”ဟုလည်းကောင်း ပြဋ္ဌာန်းထား သည်။
တရား လွှတ်တော် ရှေ့နေ ဦးကြီးမြင့်က“နိုင်ငံရေး ပါတီများ မှတ်ပုံတင် ဥပဒေမှာ ဒီလိုပဲ ပြဋ္ဌာန်းထားတယ် ဆိုရင်တော့ အဲဒီဥပဒေနဲ့ ဆန့်ကျင်ပြီးတော့ ကျန်တဲ့ ရွေးကောက်ပွဲတွေ လိုက်ပြိုင်လို့ မရဘူးပေါ့။ အဲဒါဆိုရင်တော့ ဥပဒေနဲ့ ဆန့်ကျင် တယ် ဆိုတာကို ထောက်ခံတယ်။ နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကို မပြင်ဘဲနဲ့ ဝင်ရွေးတာဟာ ဥပဒေနဲ့ ဆန့်ကျင် တယ် ဆိုတာကိုလည်း သဘော တူတယ်”ဟု ပြောဆိုသည်။
အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး အဓိက ကန့်ကွက် ထောက်ပြနေသူ ယခင် စည်ပင် ကော်မတီဝင်ဟောင်း ဦးခင်လှိုင် (ဇောတိက) က“ပြည်ထောင်စု အဆင့်က ပြဋ္ဌာန်းထားတဲ့ ဥပဒေကို မည်သူမျှ ဆန့်ကျင်ပြီးတော့ မိမိဒေသလေး တခု အတွက် ကို ပြဋ္ဌာန်းခွင့် မရှိပါဘူး။ စည်ပင် ဥပဒေထဲမှာ ပါတီတွေ ရွေးကောက်ပွဲ ဝင်ဖို့ မဝင်ဖို့ ဆိုတာ မပါဘူး။ ကိုယ့် သဘောနဲ့ ကိုယ် လုပ်မယ်ဆိုရင် တခြား ဥပဒေနဲ့ ကြည့်ရမယ်”ဟု ဆိုသည်။
၎င်းက ဆက်လက်ပြီး“နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေတို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥပဒေအရ လုပ်လို့ မရဘူး၊ ဖွဲ့စည်းပုံ အခြေခံဥပဒေက နိုင်ငံရေး ပါတီတွေ ဖွဲ့ခွင့် ၊ ရွေးကောက်ပွဲ ကော်မရှင်တွေ ဖွဲ့ခွင့် အားလုံးဟာ အဓိက အသက်သွေးကြော ဖြစ်တဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာ ပြဋ္ဌာန်းထားတာနဲ့ ဆောင်ရွက်ရတာ ဖြစ်တဲ့ အတွက် ဘယ်သူမှ တည်ဆဲ ဥပဒေကို ဖောက်ဖျက်လို့ မရဘူးလို့ ပြောချင်တာ”ဟုလည်း ပြောဆိုသည်။
ကိုယ်စားလှယ်လောင်း အရည်အချင်း သတ်မှတ်ချက်တွင် တားမြစ်ထားခြင်း မရှိခြင်းကြောင့် ပါတီ ကိုယ်စားပြု ဝင်ရောက် ယှဉ်ပြိုင်ခြင်းသည် ဥပဒေ အရ ခွင့်ပြုပြီးဟု ယူဆရကြောင်း တရား လွှတ်တော်ရှေ့ ဦးနေလကလည်း ပြောသည်။
ဦးနေလက“ဥပဒေအရ တားမြစ်ထားတာ မဟုတ်ရင် ဥပဒေက ခွင့်ပြုတယ်လို့ သတ်မှတ်ရမှာ ဖြစ်တယ်။ အငြင်းပွား စရာ မဟုတ်တဲ့ ကိစ္စကို အငြင်းပွားနေတယ် လို့ပဲ ပြောချင်တယ်”ဟု ပြောဆိုသည်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ ပြောရေး ဆိုခွင့်ရှိသူ ဒေါက်တာ မျိုးညွှန့်ကလည်း“Main ဥပဒေမှာ နိုင်ငံရေး ပါတီ များ ကိုယ်စားပြုပြီး ဝင်ရောက် ယှဉ်ပြိုင်ခွင့် မပြုဆိုတဲ့ တားမြစ်ချက် ပါသလားလို့ ပြန်မေးရမယ်။ တားမြစ်ချက် မပါရင် ခွင့်ပြု တယ်လို့ ဥပဒေ သဘောအရ ယူဆရတယ်။ တားမြစ်ချက် မပါဘူး၊ ဒါကြောင့် ခွင့်ပြုတယ်လို့ ကျနော်တို့က ပြော တာ”ဟု ဆိုသည်။
အလားတူပင် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် ဦးခင်မောင်ကျော်ကလည်း သီးသန့် တားမြစ်ချက် ပါဝင်ထားခြင်း မရှိ သဖြင့် ခွင့်ပြုခဲ့ခြင်း ဖြစ်ကြောင်း ပြောသည်။
ဦးခင်မောင်ကျော်က“ပါတီရဲ့ လိုဂို တံဆိပ် မသုံးရလို့ မပါဘူး။ လိုဂိုတံဆိပ် သုံးနိုင်တယ်လို့ပဲ နည်းဥပဒေက ပါတယ်။ လိုဂို အမှတ်တံဆိပ်ဆိုတဲ့ နေရာမှာလည်း ပါတီဆိုတဲ့ဟာ လိုဂို အမှတ်တံဆိပ်ကို အဓိပ္ပာယ် ဖွင့်ဆိုချက် မပါဘူးပေါ့။ အဲဒါကြောင့် ခွင့်ပြုပေးရတာပေါ့။ လိုဂို အမှတ်တံဆိပ်မှာ အဓိပ္ပာယ် ဖွင့်ဆိုချက် ပါတယ်ဆိုရင် တမျိုး။ နည်းဥပဒေထဲမှာ သင်္ကတ အမှတ် အသားလို့ပဲ ပါတယ်။ ပါတီရဲ့သင်္ကေတ အမှတ်အသား မဖြစ်ရလို့ မပါဘူး”ဟု ပြောသည်။
ကော်မရှင်က မည်သို့ ပြောသည် ဖြစ်စေ ပါတီ အမှတ်တံဆိပ်များ သုံးစွဲခွင့်ကို မူလက ကန့်သတ်ထားရာမှ ပြန်လည် ခွင့်ပြု လိုက်ခြင်းသည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီက ဦးဆောင်သည့် ရန်ကုန်တိုင်း ဒေသကြီး အစိုးရက မေတ္တာ ရပ်ခံမှု (တနည်း ဆိုရလျှင်) ဖိအားပေးမှုကြောင့်ဟု ဆိုသည့် သတင်းများလည်း ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လျက် ရှိသည်။
နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပါ ပြဋ္ဌာန်းချက်နှင့် လက်ရှိ ဖြစ်ပွားနေသည့် အခြေအနေများနှင့် ပတ်သက်ပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ ပြောရေးဆိုခွင့် ရှိသူ ဒေါက်တာ မျိုးညွန့်ကို ဧရာဝတီက မေးမြန်းရာ“အဲဒါဆိုရင် တော့ ကျနော်တို့ သေချာ မကြည့်ရသေးဘူး ခင်ဗျ။ ဥပဒေ ကျွမ်းကျင်တဲ့ သူတွေနဲ့ ပြန်ပြီးတော့ ညှိနှိုင်းလိုက်ပါ ဦးမယ်။ ပြီးမှ ပြောလို့ရမယ်”ဟု ဖြေကြားသည်။
ရန်ကုန် မြို့တော် စည်ပင် သာယာရေး ဥပဒေ ပြုရာတွင် ပါဝင်ခဲ့သည့် ရန်ကုန်တိုင်း ဒေသကြီး ဒဂုံမြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ဇေယျကမူ ယင်းသို့ ဒွိဟ ဖြစ်ရခြင်းနှင့် ပတ်သက်ပြီး ဥပဒေကို ရေးဆွဲခဲ့သည့် အုပ်ချုပ်ရေးနှင့် ဥပဒေပြုရေး နှစ်ဖက်စလုံးတွင် တာဝန်ရှိကြောင်း ဧရာဝတီကို ထုတ်ဖော် ပြောကြားသည်။
ဦးကျော်ဇေယျက“ဒီဥပဒေက လွှတ်တော်ကလည်း တာဝန်ရှိတယ် ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ကစပြီး ရေးဆွဲတဲ့ ဥပဒေ၊ မြို့တော်ဝန်က တင်တဲ့ ဥပဒေလေ။ အားနည်းချက်ကတော့ အုပ်ချုပ်ရေးဘက်မှာလည်း အားနည်းချက် ရှိတယ်။ ကျနော်တို့ ဥပဒေပြုရေးဘက်မှာလည်း အားနည်းချက် ရှိတယ်။ ၂ ဦး ၂ ဖက် အားနည်းချက် ရှိလို့ ရလဒ်က ဒီလိုဖြစ်နေ တာပေါ့”ဟု ဆိုသည်။
ကော်မရှင်ကို ဘယ်လို မြင်ကြလဲ
သမ္မတ ဦးသိန်းစိန် လက်ထက်တွင် နိုင်ငံရေး ပါတီဝင်များ ဝင်ရောက် ယှဉ်ပြိုင်ခွင့် မပြုသည့် ကန့်သတ်ချက်သည် အမျိုး သား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီဝင်များ အုပ်ချုပ်ရေး အခန်းကဏ္ဍသို့ မရောက်လာစေရန် ရည်ရွယ်သည်ဟု ယခင်ကာလက ဝေဖန်မှုများ ဖြစ်ပေါ်ခဲ့သည်။
လက်ရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အစိုးရ လက်ထက်တွင်မူ ပါတီဝင်များ ယှဉ်ပြိုင်ခွင့်ကို တားမြစ်ထားသည့် ကန့် သတ် ချက်ကို တရားဝင် ဖြုတ်ပယ်ခဲ့သော်လည်း ပါတီ အမှတ်တံဆိပ်များပါ သုံးစွဲခွင့် ပြုလိုက်ခြင်းသည် တသီးပုဂ္ဂလ ယှဉ် ပြိုင်သူများကို မမျှတရာ ရောက်စေကြောင်း ဝေဖန်မှုများ ရှိနေသည်။
စည်ပင် ရွေးကောက်ပွဲများ လေ့လာ စောင့်ကြည့်သူ တဦးက“ကော်မရှင် အနေနဲ့ နီးရာဓား ကြောက်ရသလား၊ မေးခွန်း ထုတ်စရာ ရှိပါတယ်။ ဦးသိန်းစိန် အစိုးရ လက်ထက်မှာ ပြည်ခိုင် ဖြိုး အလိုကျ ညွှန်ကြားချက်တွေ ထုတ်ရသလို၊ ဒီချုပ် အစိုးရ လက်ထက်မှာလည်း အစိုးရအ လိုကျ ခုတမျိုး တော်ကြာ တမျိုး ဆိုရင် လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲ ဆိုတာ ဘယ်အစိုးရ လက်ထက်မှာမှ မြင်ရမှာ မဟုတ်ဘူး”ဟု ပြောဆိုသည်။
ရွေးကောက်ပွဲ ကော်မရှင် အနေဖြင့် လိုအပ်ပါက အမိန့် ညွှန်ကြားချက်များကို တရားဝင် တိတိကျကျ ထုတ်ပြန် သင့် ကြောင်း ရန်ကုန် စောင့်ကြည့် အဖွဲ့ ထူထောင်သူ ဒေါ်ညိုညိုသင်းကလည်း ပြောသည်။
“ရွေးကောက်ပွဲ ကော်မရှင် အနေနဲ့ သူ့မှာ နိုင်ငံရေး အခြေအနေကို ကြည့်ပြီးတော့ နည်းဥပဒေ အမိန့် ထုတ်ပြန်လို့ ရတယ်။ ရွေးကောက်ပွဲ ကော်မရှင် အနေနဲ့ ရွေးကောက်ပွဲ တရားမျှတဖို့ ဆိုရင်၊ ဥပဒေနဲ့ မဆန့်ကျင်ရင် လိုအပ်တဲ့ အမိန့် ညွှန်ကြား ချက်ကို ထုတ်လို့ရတယ်”ဟုလည်း ၎င်းက ပြောဆိုသည်။
ကော်မရှင် အဖွဲ့ဝင် ဦးခင်မောင်ကျော်ကမူ“ဥပဒေကို ပြင်ဖို့ ကျတော့ စည်ပင်သာယာ ကော်မတီက လုပ်ရမှာ၊ လွှတ်တော် မှာ ပါတီတွေ ပါဝင်သင့်တယ် မပါဝင်သင့်ဘူး ဆိုတာ တိတိကျကျ ပြဋ္ဌာန်းပေးဖို့ ဆိုပြီး ပြောနေကြတာပေါ့။ ကော်မရှင် က တော့ သတ်မှတ်ချက်ထဲမှာ ပါတီတွေ မပြိုင်ရ ဆိုတာ မပါလို့ ဝင်ခွင့်ပြုတာ။ ဒီဥပဒေက လွှတ်တော်မှာ ပြတ်ပြတ် သားသား ဆွေးနွေးကြလို့ ဆုံးဖြတ်ရင်တော့ တမျိုး ဖြစ်မှာပေါ့”ဟု ပြောသည်။
မစခင်က ဆုံးနှင့်ပြီလား
လက်ရှိ စည်ပင်ရွေးကောက်ပွဲ အခြေအနေနှင့် ပတ်သက်ပြီး လေ့လာ စောင့်ကြည့်သူ တချို့ကမူ“မစခင်က ဆုံးနှင့်ပြီ၊ မပြိုင်ခင် က ရှုံးနှင့်ပြီ”ဟု ပြောဆိုနေကြသည်။
အကြောင်းရင်း အားဖြင့် စည်ပင် ဥပဒေသစ် အရ ဒု မြို့တော်ဝန်ကို အများပြည်သူ ရွေးချယ်သည့် ကော်မတီဝင်များ အနက် မှ ရွေးချယ်ရမည် ဖြစ်သော်လည်း မဲပေးရာတွင် အစိုးရခန့် ကော်မတီဝင်ရော၊ အများပြည်သူ ရွေးချယ်သည့် ကော် မတီဝင်များပါ မဲပေးရမည် ဖြစ်ရာ ကော်မတီဝင် ၆ ဦး နေရာတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီဝင် တဦး နိုင်လျှင် ပင် ဒု မြို့တော်ဝန်သည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ ကိုယ်စားပြုသူသာ ဖြစ်လာမည်ဟု သုံးသပ် နေကြခြင်း ဖြစ်သည်။
၂၀၁၈ ခုနှစ် စည်ပင် ဥပဒေ အခန်း (၃)ပုဒ်မ (၄) အပိုဒ်ခွဲ (က) တွင် ရွေးကောက် တင်မြှောက်ခံရသည့် ၆ ဦး အနက်မှ ၁ ဦးကို ဒု မြို့တော်ဝန် အဖြစ် ကော်မတီဝင် ၁၁ ဦးက လျှို့ဝှက်မဲ စနစ်ဖြင့် ရွေးချယ်ရမည်ဟု ပြဋ္ဌာန်းထားသည်။
ယင်း အခြေအနေ အရ လက်ရှိ ကော်မတီတွင် တာဝန်ယူနေသည့် ၅ ဦးသည် ဒု မြို့တော်ဝန် အတွက် မဲ ၅ မဲ ကြိုတင် ရရှိပြီး ဖြစ်ကြောင်းကိုလည်း ထောက်ပြ ပြောဆိုချက်များ ထွက်ပေါ်နေပါသည်။
ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်မည့် ပါတီကြီးများ အနေဖြင့် လူအင်အား အရ ဖြစ်စေ၊ ပါတီ ပုံရိပ်အရ ဖြစ်စေ ပြည် သူ လူထုကို မဲဆွယ် စည်းရုံးရာတွင် တသီး ပုဂ္ဂလများထက် များစွာ အားသာချက် ရှိနေခြင်းကြောင့် ယခု ရွေးကောက်ပွဲ သည် တရားမျှတသည့် ယှဉ်ပြိုင်ပွဲ တခု ဖြစ်လာမလား ဆိုသည်မှာ စောင်ကြည့်ရမည် ဖြစ်သည်ဟုလည်း ဆိုချင်ပါသည်။ ။