ပြီးခဲ့သည့် ၆ နှစ်က အာရှက်အလီ Irshad Ali ၏ မိသားစုမှာ အူတာပရာဒေ့ရှ် Uttar Pradesh ပြည်နယ် မြောက်ပိုင်း ရှိ သူတို့၏ နေအိမ်မှ ထွက်ခွာသွားရန် ဖိအားပေးခြင်း ခံခဲ့ကြရသည်။ လူ ၆၂ ဦးသေ၍ အခြားသူ အမြောက်အမြား ဒဏ်ရာရရှိခဲ့သော ပဋိပက္ခများနောက်ပိုင်း အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည့် မွတ်ဆလင် ၅၀၀၀၀ ထဲတွင် သူတို့လည်း အပါအဝင် ဖြစ်ခဲ့သည်။ မူဇက်ဖာနဂါ Muzaffarnagar တွင် လူဦးရေ ၅၀၀၀၀၀ ကျော်ရှိပြီး ၄၀ ရာခိုင်နှုန်းကျော်မှာ မွတ်ဆလင်များ ဖြစ်ကြသည်။
နယူးဒေလီနှင့် ၁၀၀ ကီလိုမီတာခန့်ဝေးသည့် ကျေးရွာလေးတခုဖြစ်သော ဖူဂါနာ Phugana မှ အေးချမ်းတိတ်ဆိတ်စွာ ကြီးပြင်းခဲ့ရသည့် သူ၏ ငယ်ဘဝကို အာရှက်အလီ က ပြန်ပြောပြသည်။ ပဋိပက္ခများ မတိုင်မီ ရက်များအတွင်းမှ တီးတိုး စကားသံများနှင့် စိတ်လေးဖွယ်ရာ အကြည့်များကို သူ မှတ်မိနေပါသေးသည်။
“သူတို့က မသတီချင်စရာ မွတ်ဆလင်တွေ ဖြစ်တဲ့ ကျနော်တို့ကို ရှင်းပစ်ချင်တယ်။ ကျနော်တို့ သွေးတွေနဲ့ သူတို့ လက်ကို ဆေးချင်တယ်လို့ ပြောကြတယ်။ ရက်အနည်းငယ်အတွင်း ကျနော်တို့ အားလုံး သေရလိမ့်မယ်လို့ သူတို့က ပြောတယ်။”
အကြမ်းဖက် ပဋိပက္ခများက နောက် ၃ ရက်အကြာ ၂၀၁၃ ခုနှစ် သြဂုတ်လ ၂၇ ရက်နေ့တွင် စတင်ပေါ်ပေါက်ခဲ့သည်။ စတင်ဖြစ်ပွားရသည့် အကြောင်းအရင်းကို ယခုထက်ထိ အငြင်းပွားနေဆဲ ဖြစ်သည်။ လမ်းပေါ်မှ မတော်တဆမှုတခု ကြောင့် ဖြစ်ခဲ့နိုင်ပါသည်။
မည်သို့ပင် ဖြစ်စေ မူဇက်ဖာနဂါမှ ဟိန္ဒူများက မွတ်ဆလင်များကို စနစ်တကျ သတ်ဖြတ်ခြင်းများ စတင်ခဲ့သည်။ မိသားစုများကို သူတို့၏ အိမ်နီးချင်းများက အသေသတ်ခဲ့ကြသည်။ မွတ်ဆလင်အများစုက ချက်ခြင်း ထွက်ပြေးခဲ့ကြ သော်လည်း အာရှက်အလီ၏ မိခင်က သူတို့၏ မိသားစုအိမ်ကို စွန့်ခွာရန် ငြင်းဆန်ခဲ့သည်။
“ကျနော့် အမေက ရွာကနေထွက်သွားဖို့ ငြင်းတယ်။ ကျနော်တို့ မိသားစုက အဲဒီမှာနေတာ ကြာခဲ့ပါပြီ။ သူက အခြေ အနေတွေ ဘယ်လိုပဲ ဖြစ်ဖြစ် ထွက်မသွားဖို့ ကျနော်တို့ကို ပြောတယ်။ နောက်တော့ ကျနော်တို့ အိမ်နီးချင်းတွေထဲက ၂ ယောက် အသတ်ခံလိုက်ရတယ်လို့ ကြားရတယ်။ သူတို့က ကျနော်တို့ ဗလီကို မီးရှို့လိုက်ကြတယ်။”
ညဘက်တွင် သူတို့ မိသားစု ထွက်ပြေးလွတ်မြောက်ခဲ့ပြီး ရွာနီးချင်း မွတ်ဆလင် ကျေးရွာတခုတွင် ခိုလှုံရန် ကြိုးစားခဲ့ ကြသည်။
ဟိန္ဒူများက ဒုတိယ အကြိမ်တိုက်ခိုက်မည်ကို စိုးရိမ်သောကြောင့် ထိုစဉ်က အသက် ၁၃ နှစ် အရွယ်သာ ရှိသေးသော အာရှက်အလီမှာ ရွာကို နေ့ရော ညပါ ကင်းစောင့်ခဲ့ရသည်။
အိန္ဒိယ နိုင်ငံ၏ လူဦးရေ ၁၃ ဘီလီယံတွင် မွတ်ဆလင်က ၁၄.၂ ရာခိုင်နှုန်းပါဝင်သည်။ အင်ဒိုနီးရှားပြီးလျှင် ကမ္ဘာပေါ်၌ ဒုတိယမြောက် မွတ်ဆလင် လူဦးရေ အများဆုံး နိုင်ငံဖြစ်သည်။
အာရှက်အလီ၏ အတွေ့အကြုံက ထူးခြားဆန်းပြားသည့် ကိစ္စတခု ဖြစ်မနေခြင်းက ဝမ်းနည်းဖွယ်ရာပင်။
ဇာတ်ခွဲခြားသည့် စနစ်နှင့် ကိုးကွယ်ယုံကြည်မှုက အိန္ဒိယနိုင်ငံ၏ အကြီးဆုံးသော ကွဲပြားစေသည့် အရာဖြစ်သလို ရယ် စရာကောင်းသည်မှာ ပေါင်းစည်းစေသည့် အရာလည်း ဖြစ်နေပြန်သည်။
နိုင်ငံရေးပါတီတိုင်းက သူတို့အတွက် အဓိက ထောက်ခံမှုကို ရွေးချယ်ထားသည့် ဇာတ် အဆင့်အတန်း အချို့ သို့မဟုတ် ဘာသာရေး အသိုင်းအဝိုင်း အချို့ထံမှ ရယူလေ့ရှိကြသည်။
ဥပမာအားဖြင့် Samajwadi သည် ၁၉၉၀ နှစ်များမှ စတင်၍ သာမန် တောင်သူလယ်လုပ် လူတန်းစား (ဇာတ်) ဖြစ် သည့် Yadav များနှင့် မွတ်ဆလင်လူဦးရေ အမြောက်အများအပေါ် သြဇာလွှမ်းမိုးနိုင်ခဲ့သည်။ ထို့ကြောင့် ပြီးခဲ့သည့် ၂၆ နှစ်အတွင်းတွင် သူတို့ကို အူတာပရာဒေ့ရှ် ပြည်နယ်တွင် ၃ ကြိမ်တိုင် အာဏာရ ရှိစေခဲ့သည်။
တဖက်တွင်မူ BSP ပါတီက လူဦးရေများပြားသည့် ဇာတ်နိမ့် Dalit မျိုးနွယ်များကို ကိုယ်စားပြုပြီး သူတို့ပါတီ၏ ခေါင်းဆောင်ဖြစ်သည့် မာယာဝတီ Mayawati က အူတာပရာဒေ့ရှ် ပြည်နယ် ဝန်ကြီးချုပ်အဖြစ် ၄ ကြိမ် အနိုင်ရအောင် စွမ်းဆောင်ပေးနိုင်ဆဲ ဖြစ်သည်။
လက်ရှိ အာဏာရ BJP ပါတီက Bania နှင့် Brahmin များ ကဲ့သို့သော ကုန်သည်များနှင့် ဇာတ်မြင့်များကို အဓိက အားထားသည်။
ဇာတ်နှင့် ဘာသာရေး အသိုင်းအဝိုင်း အခြေခံသည့် ဝါဒကို ပေါင်းစပ်ခြင်းက (နိုင်ငံရေးကို ထည့်မပြောလျှင်ပင်) အိန္ဒိယ တွင် နေ့စဉ်ဘဝကို မီးလောင်လွယ်စေသော ကိစ္စများကို ဖြစ်စေ၏။
မူဇက်ဖာနဂါမှ ၂၀၁၃ ခုနှစ် ပဋိပက္ခအပြင် အခြားသော ရွေးကောက်ပွဲမတိုင်မီ အကြမ်းဖက်မှုများထဲတွင် ၁၉၈၇ ခုနှစ်က မီးရွတ် Meerut အဓိကရုဏ်း၊ ၁၉၈၉ ခုနှစ်က ဩရဿ Orissa အဓိကရုဏ်း နှင့် ၂၀၀၂ ခုနှစ်က ဂေါ့ဒြာ (ဂူဂျာရတ်) Godhra (Gujarat) အဓိကရုဏ်း တို့ အပါအဝင် ဖြစ်သည်။
ထိုကဲ့သို့သော အဖြစ်အပျက်များ၏ သက်ရောက်မှုက အမျိုးမျိုးသော ဇာတ်များနှင့် ကိုးကွယ်ယုံကြည်မှုများ နှင့်ပတ် သက်၍ နိုင်ငံရေးတွက်ချက်မှုများအပေါ် ထူးဆန်းသည့် သက်ရောက်မှုတခု ဖြစ်လေ့ရှိသည်။
အူတာပရာဒေ့ရှ် ပြည်နယ်တွင် ဒေသတွင်းတွင် စိုက်ပျိုးရေး အဓိက လုပ်သည့် ဇာတ်မျိုးနွယ်ဖြစ်သော Jat များက ဒေသခံပါတီ တခုဖြစ်သည့် Rashtriya Lok Dal (RLD) ပါတီကို အစဉ်အလာအားဖြင့် မဲပေးခဲ့ကြသည်။
၂၀၁၃ ခုနှစ် အစုအပြုံလိုက် သတ်ဖြတ်မှုနောက်ပိုင်း ၂၀၁၄ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် သူတို့က BJP ကို လုံးလုံးလျားလျား ပြောင်းပြီး မဲပေးခဲ့ကြသည်။ Jat များ၏ ဆန္ဒမဲက အူတာပရာဒေ့ရှ် ပြည်နယ်တွင် ၄.၄သန်း ရှိပြီး အိန္ဒိယတနိုင်ငံလုံး အနေဖြင့်ဆိုလျှင် အကြမ်းဖျင်း ၂၈ သန်းခန့် ရှိပါသည်။
အနာဂတ် နိုင်ငံရေးက မည်သို့ ရှိမည်နည်း။ ကံမကောင်းစွာဖြင့်ပင် ကသောင်းကနင်းဖြစ်မှုများကို ရှေ့တွင် ပိုမို၍ မြင်ရမည့် အသွင်ရှိနေသည်။
လက်ရှိတွင် ဘာသာရေး ကွဲပြားမှုနှင့် ဟိန္ဒူ အမျိုးသာရေးဝါဒသို့ ဦးတည်နေသည့် အိန္ဒိယနိုင်ငံ၏ အရွေ့က ၁၉၉၂ ခုနှစ် ဒီဇင်ဘာလတွင် အူတာပရာဒေ့ရှ် ပြည်နယ် အယုဒ္ဓယ Ayodhya ရှိ Babri Masjid ဗလီ ဖြိုဖျက်ခံရခြင်းနှင့် စတင်ခဲ့ခြင်း ဖြစ်နိုင်ပါသည်။
၂၀၁၄ ခုနှစ် ရွေးကောက်ပွဲတွင် BJP ၏ အဓိက ရွေးကောက်ပွဲ ကတိတခုမှာ အငြင်းပွားနေသည့် မြေပေါ်တွင် ခမ်းနားသော ဟိန္ဒူ ဘုရားကျောင်းတခု တည်ဆောက်ပေးမည် ဟူ၍ဖြစ်သည်။ (Babri Masjid ဗလီ ရှိသည့်နေရာသည် ဟိန္ဒူ နတ်ဘုရား ရာမ (Rama) မွေးဖွားခဲ့သည့် နေရာဖြစ်ပြီး မူလရှိသည့် ဟိန္ဒူဘုရားကျောင်းကို ဖြိုဖျက်၍ သို့မဟုတ် ပြင်ဆင်မွမ်းမံ၍ Babri Masjid ဗလီ ဆောက်လုပ်ထားခြင်း ဖြစ်သည်ဟု ဟိန္ဒူဘာသာဝင်များက အစဉ်အလာအရ ယုံကြည်ခဲ့ကြသောကြောင့် အငြင်းပွားမှု ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။)
အငြင်းပွားမှုသည် တရားရုံးတွင် ရှိနေဆဲ ဖြစ်သည်ဆိုသည့် အချက်ကို အလေးမထားဘဲ အဆိုပါနေရာတွင် ဘုရားကျောင်းတခု တည်ဆောက်ရေးကို ဖိအားပေးရန် ၂၀၁၈ ခုနှစ်နှောင်းပိုင်းတွင် လက်ယာစွန်းရောက် ဟိန္ဒူ နိုင်ငံရေး အဖွဲ့အစည်းများ အယုဒ္ဓယ၌ စုဝေးခဲ့ကြသည်။
ထိုနည်းတူပင် အိန္ဒိယ စစ်ဘက်ယာဉ်တန်းတခုကို ကက်ရှမီးယား ခွဲထွက်ရေးသမားများက ဖေဖော်ဝါရီလ ၁၄ ရက် နေ့တွင် တိုက်ခိုက်ခဲ့သည့်အတွက် လူ ၄၀ သေဆုံးခဲ့ရသည့် ပူလ်ဝါမာ Pulwama ခရိုင်မှ လတ်တလော စစ်သွေးကြွတိုက်ခိုက်မှုက အိန္ဒိယတလွှားမှ ကက်ရှ်မီးယားသားများနှင့် မွတ်ဆလင်များအပေါ် လက်စားချေ တိုက်ခိုက်မှုများကို လှုံ့ဆော်ပေးနေသည်။
မည်သည့် အချိန်တွင်မဆို အိန္ဒိယနိုင်ငံက ပဋိပက္ခဘေးမှ လွတ်မြောက်မည် မဟုတ်သည့် အသွင်ဖြစ်နေသည်။
လွန်ခဲ့သော ၆ နှစ်က သချာၤပညာရပ်ကို လေ့လာချင်နေခဲ့ကြောင်း အာရှက်အလီက တိုးတိတ်စွာ ပြောသည်။
“ပဋိပက္ခတွေက ကျနော့် ပညာရေးကို ရိုက်ချိုးလိုက်တယ်။ အဓိကရုဏ်းပြီးလို့ ၅ လလောက်ကြာတော့ ကျနော် ကျောင်းကို ပြန်သွားဖို့ ကြိုးစားခဲ့ပါတယ်။ ကျနော့်ရဲ့ အတန်းဖော်တွေက ကျနော့်ကို သေလုမျောပါးဖြစ်အောင် ဝိုင်းရိုက်ကြတယ်။ အဲဒီနောက် ကျနော် လုံးဝ ပြန်မသွားတော့ဘူး။”
ထိုအဖြစ်မှ ပြန်လည် နာလံထရန်နှင့် မိသားစုက သူ့အတွက် ကျောင်းလခ စုဆောင်းမိရန် ၂ နှစ် အချိန်ယူခဲ့ရသည်။
သူ၏ ကျောင်းအသစ်ကလည်း ကွဲပြားခြားနားမှု မရှိပါ။ အစ္စလမ်မုန်းတီးရေးသမားဟု စွပ်စွဲခံရသူ တဦးဖြစ်သည့် ဆရာက အတန်းထဲမှ မွတ်ဆလင် ကျောင်းသားတိုင်းကို အကျပေးပြီး အညံ့ဆုံး ဟိန္ဒူကျောင်းသားကိုပင်လျှင် အမှတ် ကောင်းကောင်းပေးသည်။
“ကျနော် လက်လျှော့လုနီးပါး ဖြစ်ခဲ့ရပါတယ်။ ကျနော်ကျောင်းကို နောက်ထပ်မသွားတော့ဘူး။ ကျနော် အိမ်မှာပဲ ထိုင်နေပြီး စာမေးပွဲအတွက် လေ့လာတယ်။ ကျနော့်ရဲ့ ဟိန္ဒူ အတန်းဖော်တွေက နေ့တိုင်း ကျနော့်ကို စော်ကားကြတယ်။ တကယ်လို့ ဒီတကြိမ်လဲ ကျနော် ဘယ်သူဆိုတာကို အကြောင်းပြုပြီး သူတို့က ကျနော့်ကို စာမေးပွဲချခဲ့မယ်ဆိုရင် အုတ်ဖုတ်ဖိုမှာ အလုပ်လုပ်ဖို့က လွဲပြီး ကျနော့်မှာ ရွေးချယ်စရာ မရှိတော့ပါဘူး။ အဲဒီမှာ အလုပ်လုပ်ဖို့ကလွဲပြီး ရွေးချယ်စရာ မရှိတော့တဲ့ ကျနော့်ထက် အများကြီး စာတော်တဲ့ မွတ်ဆလင်ကျောင်းသားတွေ ရှိတာ ကျနော် သိပါတယ်” ဟု အာရှက်အလီက ကျနော့်ကို ညှိုးငယ်စွာ ပြောသည်။
(ကာရင်ရတ်စလန်သည် အာဆီယံရေးရာများကို အထူးပြုလေ့လာရေးသားနေသူ မလေးရှား စာရေးဆရာတဦး ဖြစ်သည်။ ကွာလာလမ်ပူ အခြေစိုက် အကြံပေးအဖွဲ့ Ceritalah ASEAN ကို တည်ထောင်သူ အမှုဆောင်အရာရှိချုပ်လည်း ဖြစ်သည်။)