အစိုးရက ပထမဆုံးအကြိမ် ဖွင့်လှစ်ရောင်းချတဲ့ ကျပ်သိန်း ၁ သောင်းခွဲတန် ထီဆုကြီးကို နေပြည် တော်က ပရဟိတ ဆရာတော် တပါးဟာ ရောင်းမကုန်တဲ့ ထီလက်မှတ်တွေကို အားပေးရင်းနဲ့ မဟာကံထူးရှင်ကြီးတဦး ဖြစ်သွားခဲ့ပါပြီ။
နေပြည်တော်၊ ဗုဗ္ဗသီရိမြို့နယ်၊ ကျည်တောင်ကန် ရပ်ကွက်မှာ ပရဟိတ စာသင်ကျောင်းတခု တည် ထောင်ထားတဲ့ အေးမေတ္တာစံ ပရဟိတ တောင်နီလေး ကျောင်းတိုက်ဆရာတော် ဦးစန္ဒိမာဟာ ပထမဆုံးအကြိမ် ဖွင့်လှစ်တဲ့ ကျပ်သိန်း ၁ သောင်းခွဲဆုကြီးကို အ -၇၉၂၉၄၁ နံပါတ်နဲ့ ထီဆုကြီး ဆွတ်ခူးခဲ့တာပါ။
ဆရာတော်ဟာ လစဉ် ပုံမှန် ထီထိုးလေ့ ရှိသူတဦး ဖြစ်ပြီး အရင်ကတော့ ထီဆုအသေးတွေပဲ ပေါက်ဖူး ကြောင်း၊ ဒီနေ့ မနက်ပိုင်းမှာ တော့ သူ့ပရဟိတ ကျောင်းအနီး ရပ်ကွက်က သူ့တပည့်ဒကာတဦး ဖြစ်သူ ကိုဝတုတ်ဟာ ထီတွေ ရောင်းမကောင်းလို့ ကျန်နေတာကြောင့် ဆရာတော်ကို လက်ကျန်ဖြတ် ပေးဖို့ ပြောရာမှာ ဆရာတော်က လက်ကျန်ထီ အစောင် ၁ ထောင်ကို တရွက် ၅၀၀နဲ့ ထီ ၅သိန်းဖိုး ကံစမ်းခဲ့တာ ဖြစ်ပါတယ်။
ဆရာတော် ဦးစန္ဒိမာက“၅ သိန်းဖိုး ထိုးတာ။ အရင်က ၃ သိန်းဖိုး ထိုးပြီးပြီ။ အခုက ၅ သိန်းဖိုးထဲက ပေါက်တာ။ ထီသမားက ဒီကို အရင်ဆုံး ပြေးလာတာပဲ။ ပေါက်တယ်နဲ့ တူတယ်။ တိုက်ကြည့်မယ် ဆိုပြီး တိုက်ပေးသွားတာပဲ”လို့ သတင်းလာယူတဲ့ မီဒီယာတွေကို ပြောပါတယ်။
ထီမပေါက်ခင်မှာ ထူးခြားတဲ့ နမိတ်တွေ ရှိခဲ့ပြီး ထုတ်မပြောလိုကြောင်း၊ တခုခု ကံထူးတော့မယ်ဆိုတာ ကြိုတင် နမိတ်တွေအရ သိခဲ့တယ်လို့ ပြောပါတယ်။ အခု ထီကိုလည်း ဆရာတော်ရဲ့ မွေးစားသား ၂ ယောက်အတွက် ရည်စူးပြီး ထိုးပေမယ့် အများရဲ့ ကုသိုလ်ကံပဲလို့ ဆိုပါတယ်။
“ထီပေါက်တော့ ပိုကောင်းတာပေါ့။ ကိုယ့်အတွက် ကောင်းတယ် ဆိုတာထက် ကလေးတွေအတွက် ကောင်းတာပေါ့။ ကျောင်းမှာ မလုံခြုံဘူး။ အုတ်တံတိုင်းတွေ ကာမယ်။ ကလေးတွေရဲ့ ပညာရေး ကွန်ပြူတာ သင်တန်းတွေဘာတွေ လုပ်ချင်တယ်။ မီးကလည်း ကောင်းကောင်းမွန်မွန် မပြည့်စုံဘူး။ ကလေးတွေရဲ့ အဆောင် မပြည့်စုံဘူး။ ဒါက ကလေးတွေအတွက်ပဲ”လို့ ဆရာတော်က မိန့်ပါတယ်။
ဒီဆရာတော်ရဲ့ ကျောင်းမှာ မကြာခင်လပိုင်းတွေ အတွင်းကပဲ သမ္မတ ဦးဝင်းမြင့် ကိုယ်တိုင်လာပြီး ကထိန်ခင်းခဲ့ပါသေးတယ်။ ဆရာတော်ကျောင်မှာ မွေးကင်းစအရွယ်လောက်ကစပြီး မူလတန်း၊ အလယ်တန်း၊ တက္ကသိုလ် ဝင်တန်းကနေ နောက်ဆုံး တက္ကသိုလ် ကျောင်းသားတွေအထိ လူပေါင်း ၄၂၀ ကျော် ရှိပါတယ်။
၂၀၁၀ ခုနှစ်က စပြီး ပရဟိတကျောင်းအဖြစ် တည်ထောင်တဲ့အခါ ကျောင်းသား ၇၆ ယောက်နဲ့ လက် ထဲမှာ ကျပ် သိန်း ၉၀ပဲ ရှိခဲ့ တယ်လို့ ဆိုပါ တယ်။ အစပိုင်းမှာ ဆရာတော်ဟာ ဗမာကျောင်းသား လေးတွေ မွေးခဲ့ပေမယ့် လူပျိုပေါက် ၇ တန်းလောက် ရောက် တဲ့အခါ မိဘတွေ က ပြန်ခေါ်ပြီး လဖက်ရည်ဆိုင် ပို့၊ ဓါတ်ဆီဆိုင်ပို့ အလုပ်တွေ ပြန်ခိုင်းတာကြောင်း နောက်ပိုင်းမှာ တိုင်းရင်းသား တွေကို ပို ခေါ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။
အခု ဆရာတော်ဆီမှာ တိုင်းရင်းသား အများဆုံး ဖြစ်ပြီး ကယန်း၊ ပအို့ဝ် တိုင်းရင်းသားတွေများ ကြောင်း၊ အများစုဟာ လွိုင်ကော်၊ ဆီဆိုင် ဒေသဘက်က ဖြစ်ပြီး ဒီမောဆို၊ ပင်လောင်း အနောက်ဘက် နဲ့ လာရှိုး ၊ ကျောက်မဲဒေသက ကလေးတွေလည်း ပါဝင် ကြောင်း သိရပါတယ်။
သူတို့အားလုံးဟာ ကျောင်းအိပ်၊ ကျောင်းစားဖြစ်ပြီး သူတို့တွေအတွက် တလ ကုန်ကျစရိတ် ကျပ် သိန်း ၇၀ ခန့် ရှိကြောင်း၊ တရက် ဆန် ၆ အိတ်ကုန်ပြီး တရက် ထမင်း ၃ နပ်ကျွေးတယ်လို့ သိရပါ တယ်။
ပရဟိတကျောင်းကို ရောက်လာတာ ၃ နှစ်ရှိပြီး အခု တက္ကသိုလ်ဝင် စာမေးပွဲဖြေဖို့ ကြိုးစားနေသူ တိုင်းရင်းသူလေး မသိန်းကြည်က ၎င်းဟာ ဖယ်ခုံဒေသက လာရောက်တာဖြစ်ပြီး ဆရာတော် ထီ ပေါက်တယ်လို့ သတင်းကြားရတဲ့အတွက် အလွန်ဝမ်းသာကြောင်း ပြောပါတယ်။
“ဒီပရဟိတ လုပ်ဖို့အတွက် ကိုယ့်မှာ ရှိတဲ့ ပိုက်ဆံ သိန်း ၉၀ ကျော်နဲ့ စလုပ်တာ။ ထီပေါက်တော့ အကြွေးပေးစရာက သိန်း ၅၀၀ လောက် ရှိတယ်။ သူတို့က ပြန်လည်း မတောင်းပါဘူး။ မတောင်းဘူး ဆိုတာက ဘုန်းကြီး အခက်အခဲကို သိလို့။ ကိုယ်လည်း ပြေ လည် နိုင်သလောက် ဖဲ့ဖဲ့တော့ ဆပ် တာ ပေါ့။ အခု ထီပေါက်တော့ ပြန်ပေးရတာမှာပဲ။ ဝမ်းသာတယ်။ သူတို့ ပိုက်ဆံ မတောင်းလည်း ပြန်ဆပ် ပေးရမှာပဲ”လို့ ဆရာတော်က မိန့်ပါတယ်။
ထီပေါက်လို့ ရတဲ့ဝင်ငွေ အများစုကို ကလေးတွေ အတွက် ဦးစားပေးလုပ်မှာ ဖြစ်ပြီး ဘုန်းကြီး ကျောင်းထဲ တောင်ပေါ်က စေတီကို တော့ ကျပ်သိန်း ၃၀၀၊ ၄၀၀ လောက် အကုန်ခံပြီး ပြင်မယ်လို့ သိရပါတယ်။ ပြီးတော့ ကျောင်းက ခြံစည်းရိုး မလုံတာကိုလည်း လုံခြုံအောင် ကာရန်ဖို့ ရှိတယ်လို့ ဆိုပါတယ်။
“ပရဟိတတွေ ပိုလုပ်မယ်။ ကွန်ပြူတာ သင်တန်းတွေ ဖွင့်မယ်။ ကွန်ပြူတာ ပစ္စည်းတွေ ဝယ်မယ်။ စက်ချုပ်သင်တန်းတွေ ကလေး တွေ အတွက် ဖွင့်မယ်။ အခုလောလောဆယ် ကိုယ့်မှာ ကွန်ပြူတာ မရှိတော့ ကလေးတွေကို ကွန်ပြူတာဆိုင် ပို့ပြီး သင်ရတာပေါ့။ တက္ကသိုလ်အထိ ထားပေးထားပြီး အခု Day တက်နေတာ ၉ ဦးလောက် ရှိတယ်”လို့ ဆရာတော်က မိန့်ပါတယ်။
ဘုန်းကြီးကျောင်းမှာ ကလေး ယောကျာ်းလေး တယောက်ဆိုရင် ၁၀ ရက်သား ကတည်းက မွေးထား တာ ရှိပြီး အခု ဆိုရင် ၅ လ ကျော်သွားပြီ ဖြစ်ကြောင်း၊ ကလေးမလေးတွေဆိုရင်လည်း ၂ နှစ်၊ ၃ နှစ်၊ ၄ နှစ် ကျော်လေးတွေ ရှိတယ်လို့ သိရပါတယ်။
“ဒါတွေကိုတော့ ကိုယ်က သနားတယ်လေ။ ကျွေးမွေးချင်တဲ့ စောင့်ရှောက်ချင်တဲ့ စိတ်ရှိတယ်။ ကျန် တာတော့ ဘာမှ မရှိဘူး။ ကံ တရားက မမြင်ရပါဘူး။ တခုခုဖြစ်မယ်ဆိုတာတော့ သိနေတယ်။ ကောင်းတဲ့ နမိတ်က ပြနေတယ်။ ထီထိုင်တိုက်ပြီး ရုတ်တရက် ပေါက်ပြီဆိုတော့ အံ့သြသွားတယ်။ အများကံလို့ပဲ ခံယူထားတယ်”ဟု ဆရာတော်က မိန့်သည်။
ဆရာတော်ကိုယ်တိုင် မိဘမဲ့အဖြစ် ကြီးပြင်းလာရသူ တဦးဖြစ်သဖြင့် မိဘမဲ့များကို စာနာစိတ်ဖြင့် အခုလို ပရဟိတကျောင်းကို တည်ထောင်ခြင်း ဖြစ်ကြောင်းလည်း သိရပါတယ်။
ဆရာတော်က“ပရဟိတ လုပ်တယ်ဆိုတာလည်း သူများတွေ လုပ်တယ် ဆိုတာတော့ မပြောတတ်ဘူး ပေါ့။ ကိုယ့်ခံစားချက်၊ ကိုယ့် နာကျည်းချက် ရှိတယ်။ ဘာလဲဆိုတော့ ကိုယ် ၈ နှစ် သားကတည်းက အဖေအမေ သေတဲ့နေ့။ အဖေ သဂြိုလ်တဲ့နေ့ အမေသေတဲ့ နေ့၊ မိမဲ့ ဖမဲ့ နေလာရတာ။ ဖြတ်သန်းလာ တဲ့ ဘဝမှာ ဘယ်လောက်တောင် ဒုက္ခရောက်လဲဆိုတာ ကိုယ်ပဲ သိတယ်”လို့ မိန့်ပါတယ်။
ပရဟိတကျောင်းက ကလေးတွေကို စည်ကမ်းရှိရှိ နေထိုင်ဖို့သာ သတိပေးထားပြီး ဗိုက်ဝအောင် စားဖို့ ကျောင်းမှာ ဆောင်ရွက်ချက် တွေ အားလုံးဟာ ကလေးတွေ အတွက် ဖြစ်ကြောင်း ရှင်းပြထားတယ်လို့ ဆရာတော်က မိန့်ပါတယ်။
အစိုးရ လူမှုဝန်ထမ်း ဦးစီးဌာနကတော့ မနှစ်က ကျောင်းအတွက် ကျပ်သိန်း ၂၀၀ ကျော် ထောက်ပံ့ ပေးခဲ့ပြီး ဒီနှစ်တော့ မရသေးဘူး လို့ သိရပါတယ်။
ဒါပေမယ့် ဆရာတော်ဟာ အခုတော့ ထီပေါက်ခဲ့တဲ့ အတွက် သူ့ရဲ့ ပရဟိတ လုပ်ငန်းတွေကို ဆထက် တံပိုး ဆက်လက် လုပ်ကိုင် တော့မှာ ဖြစ်ပါတယ်။