တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ မရှိတော့ဘဲ တိုင်းပြည်ငြိမ်းချမ်းသွားသည့် အချိန်တွင် တပ်မတော်က နိုင်ငံ ရေး လမ်းကြောင်းမှ စွန့်ခွာမည်ကို တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ပြောကြားထားပြီး ဖြစ်ကြောင်း ဖေဖော်ဝါရီလ ၂၃ ရက်နေ့က ရန်ကုန်မြို့တွင် ကျင်းပခဲ့သော သတင်းစာရှင်းလင်းပွဲတခုတွင် မြန်မာ့တပ်မတော်၏ ပြောရေးဆိုခွင့် ရှိသူတဦးက ထပ်လောင်းခိုင်မာစေခဲ့သည်။
ယင်းမှာ မူဝါဒသစ်တခု မဟုတ်ပါ။ ယခင် အစိုးရလက်ထက် ငြိမ်းချမ်းရေး ဆွေးနွေးညှိနှိုင်းမှုများ စတင်ပြုလုပ်ခဲ့သည့် ၂၀၁၂ ခုနှစ်မှ စ၍ တပ်မတော်က အကြိမ်ကြိမ် ရည်ညွှန်းပြောကြားခဲ့ပြီး ဖြစ်သည်။
မြန်မာနိုင်ငံတွင် လက်နက်ကိုင်တပ်ဖွဲ့များ (အစိုးရတပ်ဖွဲ့များနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ ၂ မျိုးလုံး ပါဝင်သည့်) လက်နက်ကိုင်တပ်ဖွဲ့များက စစ်ဝါဒလွှမ်းမိုးသော ယဉ်ကျေးမှုကို လက်ကိုင်ထားကြသည့်အတွက် တိုင်းပြည်တလွှား ငြိမ်ချမ်းရေးနှင့် တည်ငြိမ်မှု ရရှိရေးသည် ၎င်းတို့အကြား အလုပ်ဖြစ်နိုင်သော သဘောတူညီချက်တခု ရယူနိုင်မှသာလျှင် ဖြစ်နိုင်ပါလိမ့်မည်။
၁၉၄၉ ခုနှစ် ကတည်းက စတင်ခဲ့သော လူနည်းစု တိုင်းရင်းသား အဖွဲ့အစည်းများ၏ တန်းတူညီမျှတရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် တောင်းဆိုတိုက်ပွဲဝင်မှုများနှင့်အတူ မြန်မာနိုင်ငံတွင် ပြည်တွင်းစစ်၏ ဆိုးကျိုးများကို ဆယ်စုနှစ် ၇ ခုကြာ ရင်ဆိုင်နေရသည်။
ဖေဖော်ဝါရီလ ၂၃ ရက်နေ့က ပြုလုပ်ခဲ့သော တပ်မတော် သတင်းစာရှင်းလင်းပွဲသည် လက်ရှိ လက်နက်ကိုင် ပဋိပက္ခ၊ ငြိမ်းချမ်းရေး ညှိနှိုင်းဆွေးနွေးမှုများနှင့် NLD ၏ အခြေခံဥပဒေပြင်ဆင်ရေးကြိုးပမ်းလာမှုများနှင့် ပတ်သက်၍ တပ်မတော်၏ သဘောထားကို ထုတ်ဖော်ပြောဆိုခြင်း ဖြစ်သည်။
တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများကြား အချင်းချင်းပြန်လည်တိုက်ခိုက်မှုများ၊ တိကျစွာ ဆိုရသော် ရှမ်းပြည်နယ်တွင် ရှမ်း၊ ပအို့ဝ် နှင့် ပလောင် (တအာန်း) တိုင်းရင်းသား လူနည်းစုများမှ လက်နက်ကိုင် အဖွဲ့အစည်းများကြား တိုက်ခိုက်မှုများ ပေါ်ပေါက်နေသည့် အချိန်တွင် တပ်မတော် သတင်းမှန်ပြန်ကြားရေး အဖွဲ့ ဥက္ကဌ ဗိုလ်ချုပ် စိုးနိုင်ဦးက “သူတို့ အားလုံး လက်နက်တွေ စွန့်လွှတ်တဲ့ အချိန်မှသာလျှင် အဆင်ပြေသွားပါလိမ့်မယ်။ တကယ်လို့ သူ စွန့်လွှတ်လိုက်ရင် သူ့ကို လာတိုက်လေမလားဆိုတဲ့ သူတို့အချင်းချင်းကြားမှာလည်း စိုးရိမ်ချက်ကလေးတွေ ရှိပါတယ်” ဟု ပြောကြားခဲ့သည်။
ငြိမ်းချမ်းရေး တည်ဆောက်ခြင်းအပေါ် တပ်မတော်အမြင်
တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့အမျိုးမျိုးတို့ကြားမှ လက်နက်ကိုင် ပဋိပက္ခက နှစ်ပေါင် း၇၀ ရှိခဲ့၍ ငြိမ်းချမ်းရေးတည်ဆောက်နိုင်ရန် အားထုတ်မှုများက လွယ်လင့်တကူ မဖြစ်ကြောင်း ဗိုလ်ချုပ် စိုးနိုင်ဦးက ဝန်ခံခဲ့သည်။ သို့သော်လည်း ၂၀၂၀ တွင် နှစ်ဘက်ပစ်ခတ်မှုများ ရပ်စဲနိုင်ရန် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များကို သူက တိုက်တွန်းခဲ့သည်။
တပ်မတော်ဘက်မှ ငြိမ်းချမ်းရေး ညှိနှိုင်းဆွေးနွေးသူတဦးလည်းဖြစ်သည့် ဗိုလ်ချုပ် စိုးနိုင်ဦးက ပြည်သူများ၊ တည်ငြိမ်အေးချမ်းမှု နှင့်ဖွံဖြိုးတိုးတက်မှုကို ခံစားနိုင်ရေးအတွက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကို လက်နက်စွန့်ကြရန် တိုက်တွန်းရင်း ၂၀၂၀ ခုနှစ်တွင် ငြိမ်းချမ်းရေးရရှိရန် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ကတိကို ထပ်မံပြောကြားခဲ့သည်။
တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ၏ စိုးရိမ်မှုများကို တပ်မတော်က နားလည်သဘောပေါက်ကြောင်း သူက ပြောသည်။ ထို့အတူ ၂၀၂၀ တွင်ငြိမ်းချမ်းရေးရရန်ဆိုသော တပ်မတော်၏ ရည်ရွယ်ချက်က ရိုးစင်းကြောင်း သူက ရှင်းပြသည်။
“ကျနော်တို့သွားမှာက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း အားလုံးဟာ လက်နက်ကိုင် လမ်းစဉ်ကို စွန့်လွှတ်ပြီးတော့ NCA လမ်းကြောင်းပေါ်မှာ ငြိမ်းချမ်းရေးအတွက် ဆွေးနွေးသွားနိုင်အောင် ကျနော်တို့ ဆောင်ရွက်မယ်။ အဲဒီအချိန်မှာ သေနတ်သံတွေ ရပ်သွားမယ်။ သူတို့ကို ကျနော်တို့ DDR လုပ်ခိုင်းလိုက်တာ မဟုတ်သေးဘူး။ သူတို့လက်နက်တွေကို သူတို့ဟာ သူတို့သိမ်းထားရမယ်။ လက်နက်တွေ မပစ်နဲ့တော့။ ကျနော်တို့ ဆွေးနွေးပွဲပေါ်မှာပဲ လမ်းကြောင်းပေါ်မှာပဲ ဆွေးနွေးပီး အဖြေရှာကြမယ်ဆိုတဲ့ လမ်းကြောင်းပေါ်ကို ရောက်အောင် ကျနော်တို့ ဆောင်ရွက်နေပါတယ်” ဟု ဗိုလ်ချုပ်စိုးနိုင်ဦးက ဆိုသည်။
လူတိုင်း (နိုင်ငံတော်၊ တပ်မတော်၊ ပြည်သူနှင့် တိုင်းရင်းလက်နက်ကိုင် အဖွဲ့များ) က ငြိမ်းချမ်းရေးလိုချင်ကြသည်ကို နားလည်သဘောပေါက်သော်လည်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ၏ ခံစားချက်များ၊ စိုးရိမ်မှုများနှင့် အကျိုးစီးပွား များကို မည်သို့ ဖြေရှင်းမည်လဲဆိုသည့် အချက်ကို ဖြေရှင်းရမည် ဖြစ်ကြောင်း ၎င်းကပြောသည်။
“ဒီတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ကျနေ်ာတို့ အမြဲတမ်း အတတ်နိုင်ဆုံး အကြိမ်များစွာ ထိတွေ့ပြီးမှ အတတ်နိုင်ဆုံး နားလည်မှုတွေ တည်ဆောက်ပြီးတော့ ယုံကြည်မှုကို သွားလို့ရမယ်။ နောက်တခုက သူတို့ရဲ့စိုးရိမ်စိတ်တွေ သူတို့ရဲ့ အီမိုးရှင်းတွေ သူတို့ရဲ့ လိုအင်ဆန္ဒတွေကို ဘယ်လိုဖြည့်ဆည်းပေးရမလဲဆိုတာ အပြန်အလှန် စဉ်းစားပြီး ဆောင်ရွက်ဖို့ လိုပါ့မယ်။ ဒါကြောင့်မို့ လွယ်ကူတဲ့ အလုပ်တော့ မဟုတ်ဘူး” ဟုလည်း ဆိုသည်။
အစိုးရကို ဆန့်ကျင်တော်လှန်သော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ရှိလာခြင်းသည် တိုင်းရင်းသားများ၏ တန်းတူညီမျှရေးနှင့် နိုင်ငံရေး ရည်မှန်းချက်များအား အာမခံမှု မပေးနိုင်ခဲ့ခြင်း၏ အကျိုးဆက်ကြောင့် ဖြစ်သည်။ တန်းတူညီမျှမှုနှင့် ကိုယ့်ကြမ္မာကိုယ်ဖန်တီးနိုင်ခွင့်အတွက် နိုင်ငံရေးအရ အာမခံမှုများရှိခဲ့လျှင် သူတို့အတွက် လက်နက် လိုအပ်လိမ့်မည် မဟုတ်ကြောင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များက ပြောကြသည်။
ကရင်အမျိုးသား အစည်းအရုံး (KNU) ၏ ဥက္ကဌ ဖဒိုစောကွယ်ထူးဝင်းက တပ်မတော်၏ သဘောတရားက စားပွဲပေါ်တွင် ကာလရှည်ကြာစွာ ရှိနေခဲ့သော်လည်း ဆွေးနွေးရန် အရေးအကြီးဆုံး အချက်မှာ သူတို့၏ နိုင်ငံရေး ရည်ရွယ်ချက်များ အာမခံချက်ရရှိသည့် အချိန်တွင် ပြည်ထောင်စု၏ အနာဂတ်အတွက် အင်အားစု အမျိုးမျိုးကို မည်သို့ပေါင်းစည်းမည်နည်း ဆိုသည့် အချက်ဖြစ်သည်ဟု ပြောသည်။
“ကျနော်တို့ လက်နက်ကိုင်တော်လှန်ရေးလုပ်တယ်ဆိုတာက ပျော်လို့လုပ်တဲ့ကိစ္စ မဟုတ်ဘူး။ နိုင်ငံရေးရည်မှန်းချက်တခု ရောက်ရှိဖို့ အတွက် ကိုယိ့နိုင်ငံရေးရည်မှန်းချက် ကိုယ့်နိုင်ငံ ရပ်တည်ချက်ကို ကာကွယ်ဖို့အတွက် ကျနော်တို့ ဆောင်ရွက်ခဲ့တာဖြစ်တယ်” ဟု ဖဒို စောကွယ်ထူးဝင်း ကပြောသည်။
တပ်မတော်က ၎င်း၏ ၂၀၂၀ ငြိမ်းချမ်းရေး မူဝါဒကို လူသိရှင်ကြား ထုတ်ဖော်ရုံတင်မက တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့် တွေ့ဆုံမှုများတွင်လည်း ထိုမူဝါဒကို တွန်းအားပေးပြောဆိုသည်။
ရှမ်း အဖွဲ့များက ၁၉၄၇ ခုနှစ် ပင်လုံသဘောတူညီချက် အတိုင်း ရပ်တည်နေပြီး၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP) နှင့် တပ်မတော်တို့မှ ကိုယ်စားလှယ်များ ဖေဖော်ဝါရီလ ၂၅ ရက်နေ့က တွေ့ဆုံခဲ့ရာတွင် တပ်မတော်ဘက်က လက်နက်ကိုင်လမ်းစဉ်စွန့်ရေး ပြောဆိုရာတွင် SSPP ဒုတိယ ဥက္ကဌ ဗိုလ်ချုပ် စဝ်ခွန်ဆိုင်းကလည်း ထို ပင်လုံရပ်တည်ချက်အတိုင်း ထင်ဟပ်ကာ ပြောဆိုခဲ့သည်ဟု ပြည်ထောင်စုအင်စတီကျူ (PI) ၏ ဒါရိုက်တာ ဦးခွန်ဆိုင်းက ဧရာဝတီသို့ ပြောသည်။
“ကျနော်တို့ကြားရတာက ဒုဥက္ကဌကြီး ပြန်ပြောတာက ဘာလဲဆိုတော့ ကျနော်တို့ကတော့ ပင်လုံစာချုပ်ပေါ်မှာ ရပ်တည်နေတယ်ပေါ့။ တကယ်လို့ ပင်လုံစာချုပ်ကို လိုက်နာတယ်ဆိုရင် ကျနော်တို့ လက်နက်ကိုင်စရာလည်း ဘာမှမလိုတော့ဘူး။ လက်နက်ချပေးလို့ရတယ်၊ ဒီဟာက အားလုံးအတွက် မဟုတ်သော်ငြားလည်း ရှမ်း လက်နက်ကိုင်တွေအတွက် ထင်ဟပ်နိုင်တဲ့ ထင်မြင်ချက်ဖြစ်လိမ့်မယ်” ဟု ဦးခွန်ဆိုင်းက ဆိုသည်။
နှစ်ဘက်လုံးမှ ငြိမ်းချမ်းရေး ညှိနှိုင်းဆွေးနွေးသူများအနေဖြင့် အားလုံးက သဘောတူလက်ခံနိုင်မည့် နိုင်ငံရေး အဖြေတခု ပေါ်ပေါက်လာရေးတွင် ဆက်လက်၍ အခက်အခဲတွေ့နေကြရသည်။
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအပေါ် တပ်မတော်၏ စိတ်ရင်း
တိုင်းပြည်တွင် အင်အားအကောင်းဆုံး အဖွဲ့အစည်းဖြစ်သည့် မြန်မာ့တပ်မတော်က သူတို့ကိုယ်သူတို့ တိုင်းပြည်ကို အမှန်တကယ် ကာကွယ်သူများအဖြစ် အမြဲယူဆထားသည်။ တိုင်းရင်းသား အဖွဲ့များ၏ တန်းတူညီမျှမှုနှင့် ကိုယ်ကြမ္မာကိုယ် ဖန်တီးနိုင်ရေးအတွက် လက်နက်ကိုင်တိုက်ခိုက် ဖီဆန်မှုများက လက်ခံနိုင်စရာမဟုတ်ဟု သဘောထားသည်။
၁၉၉၀ နှစ်များအတွင်းနှင့် ၂၀၁၂ ခုနှစ်နောက်ပိုင်းမှ အပစ်အခတ်ရပ်စဲရေးကာလများအတွင်းတွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များကို စကားလုံး အမျိုးမျိုးဖြင့် ရည်ညွှန်းခဲ့သည်။ လက်ရှိ NCA လက်မှတ်ရေးထိုးထားသည့် အဖွဲ့များကို တိုင်း ရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ(EAOs) ဟု ရည်ညွှန်းပြောဆိုသည်။ သို့သော် နှစ်ဘက်အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်များ လက်မှတ်ရေးထိုးထားသော်လည်း လက်ရှိတွင် တပ်မတော်နှင့် အပြင်းအထန် လက်နက်ကိုင်တိုက်ခိုက်မှုများရှိနေသည့် အဖွဲ့များကိုမူ သောင်းကျန်းသူများ နှင့်/သို့မဟုတ် အကြမ်းဖက်သမားများဟု သဘောထားသည်။ ၎င်းတို့ အပေါ် သောင်းကျန်းသူ ဆန့်ကျင်ရေး စစ်ဆင်ရေးများ ဆက်လက်ပြုလုပ်သွားမည်ဟု တပ်မတော်က ပြောကြားထားသည်။
သို့သော်လည်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများကမူ ထိုသို့ညွှန်းဆိုခြင်းသည်သည် ၎င်းတို့၏ တိုင်းရင်းသား တန်းတူညီမျှမှုနှင့် ကိုယ်ကြမ္မာကိုယ်ဖန်တီးခွင့် အတွက် ရပ်တည်ချက်ကို ချိုးနှိမ်ခြင်း တခုအဖြစ် မြင်ကြသည်။
ရက္ခိုင့်တပ်မတော် (AA) နှင့် ပတ်သက်၍ တပ်မတော်၏ ရပ်တည်ချက်က ဝိရောဓိဖြစ်စရာ ဖြစ်သည်။ AA က ယခုအချိန်တွင် ရခိုင်ပြည်နယ်မြောက်ပိုင်း၌ တပ်မတော်နှင့် ပြင်းထန်သော တိုက်ပွဲများ တိုက်ခိုက်နေသည်။ AA ကို သောင်းကျန်းသူများအဖြစ်ရည်ညွှန်းပြီး တပ်မတော်တပ်ဖွဲ့များကို ခြုံခိုတိုက်ခိုက်ရန် အရပ်သား ကျေးရွာများကို အကာအကွယ်ယူနေသည်ဟု စွပ်စွဲခဲ့သော်လည်း ဖေဖော်ဝါရီလ ၂၃ ရက်နေ့က ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် တပ်မတော်ကိုယ်စားလှယ်များက AA ကို သူတို့၏ “ညီအစ်ကိုများ” အနေဖြင့် ရည်ညွှန်းသည်ကို ကြားခဲ့ရသည်။ သတင်းစာရှင်းလင်းပွဲတွင် တပ်မတော်၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက တပ်မတော်က AA ကို ရခိုင်ပြည်နယ်မှာ အမြစ်ဖြတ်ချေမှုန်းခြင်းမပြုရတဲ့ အကြောင်းရင်းက AA သည် ရခိုင်တိုင်းရင်းသား ညီအစ်ကိုမောင်နှမတွေ ဖြစ်နေလို့ပါ ဟု ပြောကြားခဲ့သည်။
ငြိမ်းချမ်းရေး ညှိနှိုင်းဆွေးနွေးမှုများသို့ တံခါးဖွင့်ထားသော်လည်း တချိန်တည်းမှာပင် သောင်းကျန်းသူဆန့်ကျင်ရေး စစ်ဆင်ရေးများကို ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သူက ထပ်ပြောသည်။ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု နိုင်ငံတခု တည်ဆောက်ရေးတွင် လက်နက်ကိုင် တိုက်ခိုက်မှုက မသင့်တော်တော့ကြောင်း တပ်မတော်က ထပ်မံပြောကြားခဲ့သည်။
တိုင်းရင်းသား လက်နက်ကိုင်များနှင့် ပတ်သက်၍ တပ်မတော်၏ ကွဲလွဲသော သဘောထားများနှင့် ၎င်းတို့၏ လုပ်ရပ်နှင့် အပြောအဆို မဆီလျော်မှုများက ယုံကြည်မှုတည်ဆောက်ရေး ရည်ရွယ်ချက်အောင်မြင်ရေးအတွက်ကိုရော တိုင်းပြည်၏ လက်နက်ကိုင် ပဋိပက္ခ အဆုံးသတ်ရေး အတွက်ပါ အထောက်အကူ ပေးနိုင်လိမ့်မည်မဟုတ်ပါ။
တန်းတူညီမျှမှု၊ ဖွံဖြိုးတိုးတက်ရေးနှင့် အာဏာကို ဗဟိုမှ ချုပ်ကိုင်မှု လျှော့ချရေးတို့က မြန်မာနိုင်ငံ၏ စစ်ဝါဒ လွှမ်းမိုးသော နိုင်ငံရေး ယဉ်ကျေးမှုကို လျှော့ချနိုင်သည့် နည်းလမ်း ဖြစ်ကောင်း ဖြစ်နိုင်သည်။ သို့သော်လည်း အဆိုပါ အခြေအနေသို့ ရောက်ရှိရေးအတွက် မည်မျှ အချိန်ကြာမြင့်လိမ့်မည် မည်သူက ဆန္ဒရှိစွာ လိုက်လျောဆောင်ရွက်လာလိမ့်မည် ဆိုသည်မှာ မသိရသေးပေ။
( Nyein Nyein ၏ Military Vows to Remain in Politics as Long as EAOs Exist ကို ဆီလျော်အောင် ဘာသာပြန်သည်။)