လူတယောက်၏ အသက်ကို ငွေကြေးနှင့် တိုင်းတာ၊ တန်ဖိုးဖြတ်၍ ရပါသလားဟု မေးလျှင် အများစုက ခေါင်းခါကြ လိမ့်မည် ဖြစ်သည်။
သို့သော် ထိုမေးခွန်းကို ဧရာဝတီတိုင်း ဒေသကြီး ဖျာပုံမြို့နယ်ရှိ အင်္ဂလန် ကျားဖောင် ရေလုပ်သား လောကတွင် မေးမြန်း လျှင်တော့ အလွယ်တကူပင် လူတယောက် အသက် ကျပ် ၆ သိန်းဟု အဖြေပေးလိမ့်မည် ဖြစ်သည်။
ဖျာပုံမြို့နယ်ရှိ အင်္ဂလန် ကျားဖောင်လောကတွင် ရေလုပ်သားတယောက်၏ အသက်က တကယ်ပင် မြန်မာငွေ ၆ သိန်း ကျပ် ဖြစ်နေပါသည်။
ပင်လယ်ထဲရှိ အင်္ဂလန် ကျားဖောင်များတွင် အလုပ်လုပ်သော ရေလုပ်သားတယောက် ပျောက်ဆုံး၊ သေဆုံးလျှင် ထိုသူ အတွက် ရေလုပ်ငန်းရှင်ဘက်မှ ပေးလျော်သည့်ငွေက ၆ သိန်းကျပ် ဖြစ်သောကြောင့်ပင်။
“ကျမ အမျိုးသားက ပင်လယ်ထဲက ကျားဖောင်မှာ အလုပ်လုပ်ရင်း ရေထဲပြုတ်ကျပြီး ပျောက်သွားတယ်လို့ လုပ်ငန်း ရှင် ဘက်က ပြောတယ်။ အလောင်းတောင် ပြန်မရဘူး။ အဲ့ဒီ အတွက် လုပ်ငန်းရှင်က ၆ သိန်း လျော်ပေးတယ်။ ဒီမှာ ကတော့ သေလည်း ၆ သိန်းပဲ၊ ပျောက်လည်း ၆ သိန်းပဲ။ လူတယောက်အသက် ငွေ ၆ သိန်းပဲ တန်တယ်”ဟု ဖျာပုံ မြို့နယ် ဒေါ်ညိမ်း ကျေးရွာ ဒေသခံ ဒေါ်မြင့်လွင်က ပြောပြသည်။
ဖျာပုံမြို့နယ်ရှိ ပင်လယ် ကမ်းစပ်ဘေးမှ ဒေါ်ညိမ်း၊ နောက်မီး၊ ဒေးဒလူ၊ ခါးပြတ်၊ ဗံဒါပင်၊ ချောင်းဝ၊ ဘုန်းကြီးသောင်၊ ကုလားထိပ်၊ ရွှေလှေကျင်း၊ အရှေ့ဖျား၊ ဖျာပုံမြစ်ကမ်းနှင့် ဓမင်းဆိပ် စသည့် ကျေးရွာများသည် မြန်မာနိုင်ငံ အနှံ့အပြား တွင် စားသုံးနေသော ငါးပိ၊ ငါးခြောက်နှင့် ပုစွန်ခြောက်များ အဓိက ထုတ်လုပ်တင်ပို့ နေသည့် ဒေသများ ဖြစ်သည်။
ဒေါ်ညိမ်း၊ နောက်မီး နှင့် ဒေးဒလူ ကျေးရွာအုပ်စုများ အတွင်းရှိ ပင်လယ်ကမ်းစပ် နံဘေးတွင် ရေလုပ်ငန်းရှင်များ၏ အစီ အစဉ်ဖြင့် ခြံစည်းရိုး အမြင့်ကြီးများ ကာရံထားသော ခြံဝန်းကြီးများလည်း ရှိသည်။ ထိုခြံဝန်းထဲတွင် ဒေသခံ ရေလုပ်သား မိသားစုများ၊ ကုန်းပေါ်တွင် ငါးခြောက်နှင့် ပုစွန်ခြောက် လှန်းသူများ နေထိုင်ကြသည်။
ဒေသခံ ရေလုပ်သားများ အနေဖြင့် လုပ်ငန်းရှင်ထံမှ စရန်ငွေ ကြိုထုတ်ကာ ဇနီးမယားလက်ထဲ ငွေထည့်ပေးခဲ့ပြီး ပင်လယ်ထဲ ဆင်းကြရသည်။ ကျားဖောင်ပေါ်တွင် ရာသီကုန်သည်အထိ အလုပ်လုပ်ပြီးနောက် ကမ်းပေါ်ပြန်တက်ချိန်တွင် ရေလုပ်ငန်းရှင် ၏ လူယုံ စာရင်းဒိုင်နှင့် အကြွေးစာရင်း ရှင်းရသည်။
ငွေလိုသည့်အတွက် စရန်ငွေ ကြိုထုတ်၊ ပင်လယ်ထဲ ပြန်ဆင်း၊ ဤသို့ဖြင့် သံသရာ လည်နေကြရသည်။ ကံမကောင်း အကြောင်းမလှ၍ ပင်လယ်ထဲတွင် ဆုံးပါးခဲ့လျှင် ဇနီးမယားနှင့် ကျန်ရစ်သူမိသားစုက လုပ်ငန်းရှင်ထံတွင် လျော်ကြေး ငွေ ၆ သိန်း ထုတ်ယူ ရရှိမည် ဖြစ်သည်။
အင်္ဂလန် ကျားဖောင်လုပ်ငန်းက နှစ်စဉ်သြဂုတ်လ၌ ပင်လယ်ရေလုပ်သားများ စုဆောင်းပြီး စက်တင်ဘာလတွင် ဖျာပုံ မြို့ အနီးရှိ ပင်လယ်ဝသို့ထွက်၍ ကျားပိုက်များထောင်ကာ ငါးဖမ်းရာသီ စတင်ကြလေ့ ရှိသည်။ ပင်လယ်ပြင်တွင် ၇ လ ကျော် ၈ လနီးပါး အလုပ်လုပ်ပြီးနောက် ကျားဖောင်များ ကမ်းသို့ပြန်ကပ်သည်။
ရေလုပ်သားများ အလုပ်လုပ်ကြသည့် အင်္ဂလန် ကျားဖောင်ဟူသည်က အလျား ၃၀ ပေ၊ အနံ ၁၅ ပေခန့်ရှိ ဝါးများ ဖြင့် တည်ဆောက်ထားသော ဖောင်ဖြစ်ပြီး ငါးဖမ်းရာသီချိန်တွင် မော်တော်များဖြင့် ပင်လယ်ပြင်သို့ အတွဲလိုက် ဆွဲယူကာ ဖျာပုံ ပင်လယ်ဝတွင် အထိုင်ချ၍ ငါးဖမ်းကြသည်။
ဖောင်အနောက်ခြမ်းတွင် ရေလုပ်သား ၃ ဦး အိပ်စက်ရန် အတွက် ၁၀ ပေ ပတ်လည်ရှိ ဓနိမိုး၊ ဓနိကာ အခန်းတခန်း ပါရှိပြီး ဖောင်အရှေ့ခြမ်းကတော့ ရေလုပ်သားတို့ အလုပ်လုပ်သည့် နေရာ ဖြစ်သည်။ ဖောင်အမိုးပေါ်ကတော့ ငါးခြောက် နှင့် ပုစွန်ခြောက်များ နေလှန်းသည့်နေရာ ဖြစ်သည်။
ရေလုပ်သားများအနေဖြင့် ကျားဖောင်များ ပင်လယ်ထဲသို့ စတင်ထွက်ခွာသည့် စက်တင်ဘာလမှ ဧပြီ၊ မေ အထိ ၇ လ၊ ၈ လတာ ကာလ တခုလုံး ကုန်းမြေဟူသည်ကို မမြင်ရဘဲ ကမ်းမမြင်၊ လမ်းမပြင် ပင်လယ်ပြင် အတွင်းရှိ ဖောင်ပေါ်မှာ ပင် အလုပ်လုပ်ရင်း အချိန် ကုန်ဆုံးရသည်။
၂၀၁၈ – ၂၀၁၉ ငါးဖမ်းရာသီတွင် ဖျာပုံမြို့နယ် ငါးလုပ်ငန်း ဦးစီးဌာန၌ မှတ်ပုံတင်ထားသည့် ငါးဖမ်းလှေနှင့် ဖောင်တွဲ ၁၅၅ ဖောင် ရှိသည်။ ဖောင်တွဲတတွဲလျှင် ကျားဖောင် ၈ ဖောင် ပါဝင်သည်။
အဆိုပါ ကိန်းဂဏန်းအရ ငါးလုပ်ငန်း ဦးစီးဌာနတွင် ကျားဖောင်ပေါင်း ၁၂၄၀ တရားဝင် မှတ်ပုံတင်ထားသည်။ ကျားဖောင် ၁ ဖောင်တွင် ဖောင်ဦးစီး ၁ ဦးနှင့် ဖောင်နောက်လိုက် ၂ ဦး၊ စုစုပေါင်း လူ ၃ ဦးနေထိုင် အလုပ်လုပ်ကိုင် သည့် အတွက် ဖျာပုံမြို့နယ်တွင် တရားဝင် မှတ်ပုံတင်ထားသည့် ကျားဖောင်လုပ်သား ၃၇၂၀ ရှိကြောင်း ငါးလုပ်ငန်း ဦးစီးဌာန စာရင်းများ အရ သိရသည်။
ထို အရေအတွက်က ငါးလုပ်ငန်း ဦးစီးဌာနတွင် တရားဝင် မှတ်ပုံတင်သည့် ကိန်းဂဏန်းသာ ဖြစ်သည်။ ပင်လယ်ပြင် တွင် အမှန် တကယ် ပိုက်ထောင်ငါးဖမ်းနေသည့် ကျားဖောင် အရေအတွက်က ၁ သောင်း နီးပါးရှိပြီး ကျားဖောင် လုပ်သား ပေါင်း ၃ သောင်းကျော် အလုပ်လုပ်ကိုင်နေကြောင်း ဒေါ်ညိမ်းကျေးရွာ ဒေသခံများက ပြောသည်။
“ကျားဖောင်လုပ်ငန်း အတွက် နှစ်စဉ်ရေလုပ်သား လိုအပ်ချက်က ၃ သောင်းကျော် ရှိတယ်။ ဒေသမှာရှိတဲ့ ကျွမ်းကျင် ရေလုပ်သားက ၁ သောင်းလောက်ပဲရှိတော့ ကျန်တဲ့လူ ၂ သောင်းလောက်ကို မြန်မာနိုင်ငံ ဒေသပေါင်းစုံကနေ အဆင် ပြေတဲ့ နည်းတွေနဲ့ ခေါ်ယူနေရတာဖြစ်တယ်”ဟု ပုသိမ်မြို့အခြေစိုက် ဧရာဝတီတိုင်းမ် သတင်းဌာန၏ ဖျာပုံမြို့နယ် သတင်းထောက် ဦးကြည်သိန်းက ပြောပြသည်။
ရွှေ့ပြောင်း လုပ်သား များပြားလာ
ပင်လယ်ကျားဖောင်လုပ်ငန်းများမှာ ဖျာပုံဒေသ၏ မိရိုးဖလာ ပင်လယ်ငါးဖမ်းလုပ်ငန်းဖြစ်သည်။ ယခင်က ကျားဖောင် လုပ် ငန်း နည်းပါးသည့်အတွက် ဖျာပုံဒေသခံ ကျွမ်းကျင် ရေလုပ်သားများနှင့် အလုပ်သမား လောက်ငစွာ လုပ်ကိုင် ဆောင်ရွက် ခဲ့ကြသဖြင့် အဆင်ပြေခဲ့ကြသော်လည်း လက်ရှိ ကာလတွင် ကျားဖောင် လုပ်ငန်းလုပ်ကိုင်သူ ပိုမိုများပြား လာသည့် အလျောက် ကျားဖောင်ရေလုပ်သား လိုအပ်ချက်လည်း ပိုများလာခဲ့သည်။
ပင်လယ်ရေလုပ်သားလိုအပ်ချက် မြင့်မားမှုအရ ဖျာပုံမြို့နယ်ရှိ ကျားဖောင်လုပ်ငန်းရှင်များက ရေလုပ်သားများကို တိုက်ရိုက် သော်လည်းကောင်း၊ လူခေါ်ပွဲစားများမှတဆင့် သော်လည်းကောင်း ရသည့်နည်းဖြင့် အပြိုင်အဆိုင် ခေါ်ယူ ကြသည်။
လုပ်ငန်းရှင် အများစုအနေဖြင့် ရေလုပ်သားများကို စနစ်တကျ မှတ်ပုံတင်ကာ ရေလုပ်သားကတ် ပြုလုပ်ရေးထက် ရေလုပ်သား များများရရှိရေးနှင့် ရေလုပ်သားများ စိတ်မပြောင်းမီ ကျားဖောင်ပေါ် တင်ပေးနိုင်ရေးကိုသာ ဦးစားပေး လုပ်ဆောင်နေသည့် အခြေအနေ ရှိနေသည်။
အလုပ်လုပ်ရန် ရောက်ရှိလာသည့် ရေလုပ်သားများကို လုပ်ငန်းရှင်များက လူအပေါ်မူတည်၍ ဖောင်နောက်လိုက် ဆို လျှင် ကြိုတင်ငွေ ကျပ် ၆ သိန်းမှ ၈ သိန်းအထိ၊ ကျွမ်းကျင်ရေလုပ်သား ဖောင်ဦးစီးဆိုလျှင် ၁၀ သိန်းမှ ၁၅ သိန်း အထိ ကြိုထုတ်ပေးသည်။
ရေလုပ်သားအနေဖြင့် ကြိုတင်ရယူခဲ့သည့် ငွေကို ပင်လယ်ထဲရောက်မှ ငါးဖမ်း၍ရသည့် ကုန်ချိန်ဖြင့် ပြန်လည်ပေးဆပ် ရမည် ဖြစ်သည်။
လူခေါ် ပွဲစားများက ခြေရှုတ် အမြတ်ထုတ်
လုပ်ငန်းရှင် ထုတ်ပေးသည့် ကြိုတင်ငွေ ပမာဏက ဆင်းရဲသား အခြေခံလူတန်းစားများ အတွက် မက်မော လောက် စရာ ဖြစ်သည်။
ထို့ကြောင့် လူခေါ်ပွဲစားများက ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်း အပါအဝင် မြန်မာပြည် ဒေသအနှံ့အပြားမှ ယောက်ျား သား များကို ပစ်မှတ်ထားကာ ကုန်းပေါ်တွင် ငါးခြောက်လှန်း၊ ငါးရွေး၊ ငါးပိုက်ဆွဲ စသည့် အလုပ်များ လုပ်ရမည်၊ ပင်လယ်ထဲ ဆင်းစရာမလိုဟု လိမ်ညာ လှည့်ဖြား၍ ခေါ်ယူကြသည်။
လူခေါ်ပွဲစားများ လက်သုံးစကားက“နေစရိတ် စားစရိတ်ငြိမ်းသည့် အလုပ်ရမည်”၊“လစာ ၁ သိန်းခွဲမှ ၂ သိန်းခွဲရမည်”၊ “ကြိုတင်ငွေ ၃ လစာ၊ ၄ လစာ တခါတည်း ထုတ်ယူနိုင်ပြီး အိမ်ကို ငွေပြန်ပို့ပေးမည်”စသဖြင့် မက်မောလောက် ဖွယ်ရာ ဖြစ်သည်။
လူခေါ်ပွဲစားများက ၎င်းတို့လှည့်ဖျားမှုတွင် သက်ဆင်းသွားသူများကို ပင်လယ်ကျားဖောင် လုပ်ငန်းများရှိရာ ဖျာပုံမြို့ နယ်မှ ကျေးရွာများဆီသို့ ခေါ်ဆောင်သွားပြီး ကျားဖောင် လုပ်ငန်းထဲ ထိုးထည့်လေ့ ရှိကြသည်။
“ကျနော်က အရင်တုန်းက ရွှေပြည်သာမှာ ဆိုင်ကယ်တက္ကစီ ဆွဲတယ်။ တရက်ကျတော့ ကျနော့်ဆိုင်ကယ် ပျောက်လို့ စိတ်ညစ်နေတုန်း ပွဲစားက ငါးခြောက်လှန်းရမယ်။ တလကို လစာ ၂ သိန်းခွဲရမယ်၊ နေစရိတ် စားစရိတ် ငြိမ်းမယ်။ ကြိုတင်ငွေ ၃ လစာကြိုထုတ်ပြီး ငွေကို အိမ်ပြန်ပို့ပေးမယ် ဆိုလို့ လိုက်သွားခဲ့တာ။
ဒေါ်ညိမ်းရွာ ရောက်တော့ ပွဲစား အိမ်မှာ ခဏနေပြီး နောက်ရက်ကျတော့ ကျားဖောင်ပေါ် တင်ပေးလိုက်တယ်။ ကျနော့် ကြိုတင်ငွေ ၇ သိန်းကျော် လည်း သူတို့(ပွဲစား) ထုတ်ယူသွားပြီး အိမ်ကိုငွေတပြားမှ ပြန်မရောက် ခဲ့ဘူး”ဟု ရန်ကုန်တိုင်း မှော်ဘီမြို့နယ်နေ ပင်လယ် ရေလုပ်သားဟောင်း ကိုစိုးမိုး (အမည်လွှဲ) က ပြောပြသည်။
လူခေါ်ပွဲစားများက အလုပ်ရှာပေးခအဖြစ် ပင်လယ်ထဲဆင်းမည့် အလုပ်သမားထံမှ ၃ သောင်းကျပ် ဖြတ်ယူသလို ရေ လုပ် ငန်းရှင် ထံမှလည်း လူခေါ်ခ ၂ သောင်း၊ ၃ သောင်းကျပ် တောင်းယူလေ့ရှိသည်။
ထို့ကြောင့် လူခေါ်ပွဲစားများ အတွက်က ရေလုပ်သား ၅ ယောက်လောက်ခေါ်နိုင်လျှင် လူခေါ်ခ ၃ သိန်းကျပ် အပြင် လုပ်ငန်းရှင်က ထုတ်ပေးသည့် ကြိုတင်ငွေများပါ လိမ်ယူနိုင်ခဲ့ပါက ကျပ် သိန်း ၂၀ မှ သိန်း ၃၀ အထိ တချီတည်း အပွကြံနိုင်သည့် ဒုစရိုက်လုပ်ငန်း တခု ဖြစ်နေသည်။
လူခေါ်ပွဲစားက ကုန်းပေါ်တွင် ကြိုတင်ငွေများ လိမ်ယူသွားပြီးနောက် ရေလုပ်သားက ပင်လယ်ထဲတွင် အကြွေး ဗရပွ ဖြင့် လုပ်ငန်းရှင်ကို ငါးဖမ်း၍ အကြွေးပြန်ဆပ်ရသည့် ဇာတ်လမ်းများက ကျားဖောင်လောကတွင် မကြားချင်အဆုံး ကြားရသည့် ဇာတ်လမ်းများ ဖြစ်သည်။
“ပွဲစားက ငွေရမှန်းသိတော့ တွေ့တဲ့လူကို ကြုံသလို လှည့်ဖြားပြီး ခေါ်လာတယ်။ ခေါ်လာသူတွေထဲမှာ ဆေးသမား၊ အရက် သမား တွေ ပါတယ်။ ကျန်းမာရေးမကောင်သူတွေပါတယ်။ ပင်လယ် မမြင်ဘူးသူတွေ ပါတယ်။ တကယ်တမ်း ပင်လယ်ထဲ ရောက်ရော ပင်လယ်အလုပ် မလုပ်တတ်တော့ အကုန်ဒုက္ခရောက်ပြီး သေတဲ့လူသေ၊ ရေထဲခုန်ချတဲ့လူ ခုန်ချ၊ ရူးကြောင် ကြောင် ဖြစ်တဲ့လူလည်း ဖြစ်ကုန်ကြတယ်”ဟု ဖျာပုံမြို့နယ် အေးကုန်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသန်းဝင်း က ပြောပြ သည်။
ကျေးကျွန်အလား ရေလုပ်သားများ
လူခေါ်ပွဲစားများ၏ လိမ်လည်လှည့်ဖြား ခေါ်ဆောင်မှုကြောင့် ၂၀၁၇ ခုနှစ်က အင်္ဂလန် ကျားဖောင်ပေါ် ဘုမသိ၊ ဘမသိ ပါ သွားခဲ့သည့် ကိုစိုးမိုးတယောက် ပင်လယ်ထဲ စရောက်သည့်နေ့မှာပင် မြင်တွေ့လိုက်ရသည့် မြင်ကွင်းကြောင့် ထိတ်လန့် ခြောက်ခြား ခဲ့ရသည်။
“ကျနော် ပင်လယ်ထဲ စဆင်းတော့ နောက်တရက် မိုးလင်းချိန်မှာ ထွက်ပြေးတဲ့လူကို ဘယ်လိုဆုံးမသလဲဆိုတာ နမူနာ ပြ တယ်။ အဲ့ဒီတုန်းက ပင်လယ်ထဲ ခုန်ချထွက်ပြေးတဲ့လူ ၂ ယောက်ကို သင်္ဘောစက်ခန်းမှာ ကြိုးနဲ့ချည်တယ်။ ပြီးတော့ ကျားဖောင် တဖောင်ရှေ့မှာ ရပ်လိုက်၊ သင်္ဘောချည်တဲ့ကြိုးလုံးကို နှစ်ပင်လိမ်ပြီး တယောက်ကို ကြိုးနဲ့ ၃ ချက် စီ ရိုက်လိုက်နဲ့ ဖောင်ဦးစီးချုပ် ကိုယ်တိုင်က ရိုက်တာ။ ဖောင် ၁၇ ဖောင်စလုံးရှေ့မှာ လိုက်ရိုက်ပြတယ်။ အဲဒီတော့ တယောက်ကို အချက် ပေါင်း ၅၀ ကျော်အရိုက်ခံရတာ ဘယ်လောက်နာမလဲ စဉ်းစားကြည့်ပေါ့”ဟု ကိုစိုးမိုးက သူမြင် တွေ့ခဲ့ရသည့် မြင်ကွင်းကို ပြန်ပြောပြသည်။
ထိုသို့ ဖောင်ဦးစီးချုပ်က လူမဆန်စွာ ရိုက်နှက်နေသည်ကို မည်သူမျှမတားရဲ၊ တားလျှင်လည်း တားတဲ့လူပါ အရိုက်ခံရ မည့် သဘောရှိနေပြီး ပင်လယ်ထဲတွင် ဖောင်ဦးစီးချုပ်ကို သက်ဦးဆံပိုင် အာဏာရှင် ဘုရင် တပါးကဲ့သို့ ကြောက်ရွံ့ ရကြောင်း ကိုစိုးမိုးက ရှင်းပြသည်။
“ပင်လယ် ကျားဖောင်လောကမှာ ဥပဒေမရှိဘူးလို့ ပြောလို့ရတယ်။ ဖောင်ဦးစီးချုပ်က ဘုရင်ပဲ။ သူ့အမိန့် တခုတည်း ကို အားလုံး နာခံရတယ်။ သူရိုက်လည်း နှိပ်စက်လည်း ခံရတယ်။ ပင်လယ်ထဲမှာ ကျားဖောင် အလုပ်သမားတွေ ဘ၀ က ကျွန်လိုပါပဲ”ဟုလည်း ကိုစိုးမိုးက ပြောပြသည်။
ဖောင်ဦးစီးချုပ်ဟူသည်က ပင်လယ်ထဲရှိ ကျားဖောင်များ အားလုံးကို လုပ်ငန်းရှင်ကိုယ်စား အုပ်ချုပ်ရသူ ဖြစ်သည်။ လုပ်ငန်းရှင်က ဖောင်ဦးစီးချုပ်ကို လုပ်ငန်းတရာသီလျှင် ကျပ်သိန်း ၄၀ မှ ၅၀ အထိပေး၍ ငှားရမ်းပြီး ဖောင်ဦးစီးချုပ်က ပင်လယ်ထဲတွင် နေထိုင်ကာ ငါးခြောက်၊ ပုစွန်ခြောက် ကုန်ချိန်များများ ရရှိရန်၎င်း၏ အုပ်ချုပ်ခံများဖြစ်သည့် ဖောင် ဦးစီး များနှင့် နောက်လိုက်များကို ခြိမ်းခြောက်လိုက်၊ ရိုက်နှက်လိုက်ဖြင့် နည်းမျိုးစုံသုံး၍ ကြပ်မတ်ခိုင်းစေသည်။
ပင်လယ် ကျားဖောင် လိုက်လာသည့် ရေလုပ်သားအများစုက ရွှေ့ပြောင်းလုပ်သားများဖြစ်သည့် အတွက် လုပ်ငန်း
မကျွမ်းကျင်ကြ။ အမှားအယွင်းဖြစ်လျှင် ဖောင်ဦးစီးချုပ်နှင့် ဖောင်ဦးစီးက ရေလုပ်သားများကို ရိုက်သည်။ ငါးဖမ်းဆီး ရရှိမှု နည်းပါးလျှင်လည်း အရိုက်ခံရသည်။ ပိုက်ပြဲလည်း အရိုက်ခံရ။ လှိုင်းလေကြမ်း၍ ဖောင်မြုပ်လည်း အရိုက်ခံရ။ ဖောင်ကြိုးပြတ်လျှင်လည်း အရိုက် ခံကြရသည်။
“ကျနော့်ကို ပင်လယ်ထဲမှာ ပိုက်ကြိုးဆွဲတာ မှားလို့ဆိုပြီး ဖောင်ဦးစီး ကိုဖိုးသိန်းက လူကိုတွန်းလှဲပြီးတော့ ဖနောင့်နဲ့ လည်း ပေါက်တယ်။ ခေါင်းကိုလည်း တက်နင်းတယ်။ လည်ပင်းကိုလည်း တက်နင်းတယ်။ ထင်းချောင်းနဲ့ရိုက်တာ ဘယ်နှချက် မှန်းတောင် မသိဘူး။ ကျနော့်တကိုယ်လုံး ဒဏ်ရာတွေ ဖြစ်ကုန်တာ ထထောင် မထနိုင်ဘူး”ဟု ဧရာဝတီ တိုင်း ဒေသကြီး ဇလွန်မြို့နယ်မှ ရေလုပ်သားဟောင်းဖြစ်သူ ကိုဇော်ဦး (အမည်လွဲှ) ကလည်း ပြောပြသည်။
ရန်ကုန်တိုင်း မှော်ဘီမြို့နယ်တွင် လက်ရှိ နေထိုင်နေသည့် ရေလုပ်သားဟောင်း ကိုစိုးမိုးကတော့ ငါးရွေးနေစဉ် အိပ်ငိုက်မိသဖြင့် ဖောင်ဦးစီးက ထင်းချောင်းနှင့် ရိုက်သည်ကို ခံခဲ့ရကြောင်း၊ လှိုင်းကြမ်း၍ ဖောင်ကြိုး ပြတ်ချိန်တွင် လည်း ဖောင်ဦးစီးချုပ်၏ ရိုက်နှက်ခြင်းကို ခံခဲ့ရကြောင်း ပြောသည်။
“ကျနော့်တုန်းက ငါးရွေးနေရင်း အိပ်ငိုက်လို့ ဖောင်ဦးစီးက ထင်းချောင်းနဲ့ရိုက်တာ ညာဘက်လက် ရောင်ကိုင်း သွား တာပဲ။ လက်နာလည်း မနားရဘူး။ ဘယ်ဘက်လက်နဲ့ ငါးရွေးရတယ်။ ပြီးတော့ လှိုင်းကြမ်းလို့ ဖောင်က ရေထဲ ငုပ်သွား တော့ ဖောင်ကြိုးတွေဖြတ်ချပြီး ဖောင်မျောချိန်မှာ ဖောင်ဦးစီးချုပ်က မော်တော်ပေါ်ခေါ်ပြီး ကျနော်တို့ ဖောင်ပေါ်က လူ ၃ ယောက် စလုံးကို ရိုက်တာ ခံခဲ့ရသေးတယ်”ဟုလည်း ကိုစိုးမိုးက ပြောပြသည်။
ပင်လယ်ပြင်က တော၏ ဥပဒေသ
ပင်လယ်ပြင်တွင်လည်း တော၏ ဥပဒေသ (The law of the jungle) ရှိသည်။
ရိုက်နှက် နှိပ်စက်သည်ကို မကျေနပ်၍ ပြန်လည် တုံ့ပြန်မည်ဆိုလျှင်လည်း ဖောင်ဦးစီးချုပ် စက်လှေတွင် လူသတ်၍ ရသည့် ဓား၊ လှံ၊ မှိန်း စသည့် လက်နက် ကိရိယာ အစုံရှိသည်။ လူအင်အားလည်း သာလွန်သည်။ ကျားဖောင်ပေါ်မှာ က ဖောင်ဦးစီး နှင့် နောက်လိုက် ရေလုပ်သား ၂ ယောက်၊ စုစုပေါင်း လူ ၃ ဦးသာ ရှိသည်။
ရေလုပ်သားများ စုစည်းပြီး ပြန်လည် တိုက်ခိုက်ရန် ဆိုသည်ကလည်း ပင်လယ်ထဲတွင် ကျားဖောင် တခုနှင့်တခု ကိုက် ၂၀၀ ခန့် ဝေးသည်။ ဖောင်တိုင်းတွင် လက်နက် ဆိုလို့ ငါးခွဲဓားနှင့် ထင်းခွဲသည့် ဓားမ တချောင်းသာ ရှိသည်။
လက်နက် အင်အား၊ လူအင်အား သာလွန်သည့် ဖောင်ဦးစီးချုပ်ကို ပြန်အံတုလျှင် ရေလုပ်သားများ ကိုယ့်သေတွင်း ကိုယ် တူးသလို ဖြစ်သွားမည့် အခြေအနေ ဖြစ်သည်။
တကယ့် တော၏ ဥပဒေသ။ အားကြီးသူက နိုင်စားစတမ်း ဖြစ်သည်။
ဖောင်ဦးစီးချုပ်နှင့် အဖွဲ့က ရေလုပ်သားကို သတ်ပြီး ပင်လယ်ထဲ ပစ်ချ လိုက်လျှင်လည်း ပင်လယ်ထဲဖြစ်သည့် အတွက် မျက်မြင်သက်သေမရှိ။ “မတော်တဆ ပင်လယ်ထဲ ပြုတ်ကျ၍ ပျောက် သွားသည်၊ အလောင်းရှာမတွေ့”ဟု ပြောလျှင် ဥပဒေအရ အရေးယူမရသည့် အနေအထားများ ရှိနေသည်။
“ဖောင်ပေါ်မှာ လူသတ်မှုဖြစ်တယ်ဆိုရင်တောင် အလောင်းကို ပင်လယ်ထဲ ပစ်ချမယ်။ ပြီးရင် သူ့ဘာသာ ပင်လယ်ထဲ ပြုတ်ကျသွားတယ်လို့ ပြောမယ်၊ လူသတ်တာ မျက်မြင်သက်သေလည်း မရှိဘူး။ သေဆုံးသူ အလောင်းလည်း မပြ နိုင် ဘူး ဆိုရင် ဥပဒေအရ အဲ့ဒီလူကို အမှုတည်ဆောက်ပြီး တရားရုံးကိုတင်ဖို့ အရမ်း ခက်ပါတယ်”ဟု ဧရာဝတီတိုင်း ဒေသ ကြီး ရဲတပ်ဖွဲ့မှူး ရုံးမှ ပြောရေး ဆိုခွင့်ရှိသူ ဒုရဲမှူးကြီး ထွန်းရွှေက ရှင်းပြသည်။
ကျားဖောင် လုပ်ငန်းခွင်က ဖျာပုံကမ်းခြေမှ ရေမိုင် ၄၀ ကျော်ကွာဝေးသည့် ပင်လယ်ဝတွင် တည်ရှိသည်။ ပင်လယ် ထဲ တွင် ရာဇဝတ်မှုဖြစ်၍ ကျားဖောင်များဆီ သွားမည်ဆိုလျှင် မော်တော်ဖြင့် အနည်းဆုံး ၂၄ နာရီ မောင်းမှရောက်သည်။ ရဲတပ်ဖွဲ့တွင် မော်တော်မရှိသည့် အတွက် ရာဇဝတ်မှုဖြစ်လာလျှင် ပင်လယ်ထဲသွားရန် လုပ်ငန်းရှင်၏ ငါးပေါင်းစက်လှေ (ရိက္ခာနှင့် ပင်လယ်ထွက်ကုန် သယ်သော စက်လှေ) ကိုသာ အားကိုးရသည်။
“ဖောင်ပေါ်မှာ လူရိုက်မှု၊ လူသတ်မှုဖြစ်လာရင် အခင်းဖြစ်နေရာသွားဖို့က အရမ်း အခက်အခဲရှိတယ်။ အလောင်း ကောက် ဖို့၊ တရားခံဖမ်းဖို့က လုပ်ငန်းရှင်ရဲ့ငါးပေါင်းစက်လှေနဲ့ပဲ လိုက်ရတယ်။ သွားစရာကလည်း ဒါပဲရှိတယ်လေ။ တခါတလေ ကျတော့လည်း သူတို့ဘာသာ တရားခံဖမ်းပြီး လာအပ်ပေးတာ ရှိပါတယ်”ဟု ဒုရဲမှူးကြီး ထွန်းရွှေက ရဲတပ်ဖွဲ့ ကြုံတွေ့နေရသည့် အခက်အခဲကို ပြောပြသည်။
ရဲတပ်ဖွဲ့က အရေးယူဆောင်ရွက်ရန် ခက်ခဲသည့် အနေအထားများကြောင့် ကျားဖောင်လုပ်ငန်းများ တည်ရှိသည့် ဖျာပုံ မြို့အနီးရှိ ပင်လယ်ဝနေရာက တရားဥပဒေစိုးမိုးမှု ကင်းမဲ့နေသည်။ တရားဥပဒေ မစိုးမိုးသည့်အတွက် ငွေကြေး၊ လူ အင်အားနှင့် လက်နက်အင်အား သာလွန်သူ ဖောင်ဦးစီးချုပ်တို့က စိတ်တိုင်းကျ ဗိုလ်ကျစိုးမိုးခွင့် ရနေကြသည်။ ။
ဆက်လက်ဖော်ပြပါမည်။