အနှစ် ၅၀ ဆိုသည်မှာ လူ့သက်တမ်း၏ ထက်ဝက်ဟုဆိုနိုင်သော်လည်း အသက် ၅၀ ရှိသော လူတယောက်အတွက် လူလတ်ပိုင်း အရွယ်မှ လူကြီးတယောက်အရွယ် ကူးပြောင်းစပြုသည်ဟု သတ်မှတ်နိုင်ပါသည်။
မျိုးဆက်တခုကို ယေဘုယျအားဖြင့် အနှစ် ၃၀ ကန့်သတ်ခဲ့ကြ၏။ ထိုအနှစ် ၃၀ အရွယ်ကို ပထမမျိုးဆက်ဟု သတ်မှတ် လျှင် ၅၀ ကျော် ၆၀ အရွယ်များသည် ဒုတိယမျိုးဆက်များ ဖြစ်သွားပေလိမ့်မည်။
မြန်မာနိုင်ငံ၏ ဒီမိုကရေစီရရှိရေး တိုက်ပွဲ၊ စစ်အာဏာရှင်စနစ် ဆန့်ကျင်သော အရေးတော်ပုံကြီးများတွင် ပထမ မျိုးဆက်၊ ဒုတိယ မျိုးဆက်၊ တတိယ မျိုးဆက် စသော မျိုးဆက်ပေါင်းများစွာ ကိုယ်ကျိုးစွန့် အနစ်နာခံ၊ အသက် အသေခံကာ ပါဝင်ခဲ့ကြလေသည်။
လူငယ် အတော်များများသည် ထောင်ကို ခြင်ထောင်သဖွယ် အဖမ်းအဆီးနှိပ်စက် ညှဉ်းပန်းခံရကာ မိမိတို့ဘဝများကို ပေးဆပ်ခဲ့၏။ အရေးတော်ပုံကြီးများတွင် ကျဆုံးခဲ့သူများမှာ သွေးစီးကြောင်းများကြားထဲတွင် မျောပါခဲ့လေသည်။
ကျနော်တို့ ထောင်ထဲစရောက်သော အရွယ်က ၂၇ နှစ်အရွယ်သာ ရှိသေး၏။ ကိုကိုးကျွန်းသို့ ပို့လိုက်ချိန်တွင် ၂၉ နှစ် ထဲ ရောက်နေပေပြီ။ မြန်မာပြည်နိုင်ငံရေး၏ ဖြစ်စဉ်တွင် အဆိုးဝါးဆုံးဖိနှိပ်မှုမှာ နိုင်ငံရေး အကျဉ်းသားများကို ကိုကိုး ကျွန်း သို့ ပို့ဆောင်ပြီး ညှဉ်းပန်း နှိပ်စက်ခြင်းသည် အလွန်အရုပ်ဆိုး ရိုင်းစိုင်းသော အမည်းစက်ကြီးတခု အဖြစ် ကမ္ဘာ တွင် ထင်ရှားခဲ့ပါသည်။
ပြင်သစ်နှင့် အင်္ဂလိပ်တို့ ဖြစ်ပွားခဲ့သော စစ်ပွဲ၌ အနိုင်ရသော အင်္ဂလိပ်တို့က ပြင်သစ် ဧကရာဇ် နပိုလီယံကို ဖမ်းကာ စိန့်ဟယ်လီနာ ကျွန်းသို့ ပို့ဆောင်ခဲ့ခြင်းသည် အလွန်အရုပ်ဆိုးသော အမည်းစက်အဖြစ် အင်္ဂလိပ်တို့ တာဝန်ယူခဲ့ရလေ သည်။ အင်္ဂလိပ်တို့က နိုင်ငံရေး အကျဉ်းသားဖြစ်ဖြစ်၊ ရာဇဝတ်သားဖြစ်ဖြစ် တကျွန်းပို့ခဲ့ခြင်းမှာ ရက်စက်သော ညှဉ်းပန်းမှု အဖြစ် ရှုတ်ချခဲ့ကြလေသည်။
ကိုလိုနီခေတ်က ဗြိတိသျှ အာဏာပိုင်တို့သည် မြန်မာပြည်သူများကို ဖိနှိပ်ရာတွင် ရက်စက်ယုတ်မာသော နည်းပေါင်းစုံ ဖြင့် ဦးကျိုးအောင် နှိပ်ကွပ်ခဲ့လေသည်။ နိုင်ငံရေးသမားများကိုလည်း ထောင်များထဲ သီးသန့်ထားကာ ချုပ်နှောင်ခဲ့ကြ ၏။
သို့သော် သာမန်ထက် လူကြီးလူကောင်းများအဖြစ် သဘောထားကာ A ၊ B ၊ C ဟု အဆင့်ခွဲ၍ ထားရှိခဲ့လေသည်။
ရာဇဝတ် အကျဉ်းသားများထက် အစားအသောက်၊ အနေအထိုင်၊ အဝတ်အစား ခွဲခြားပြီး သီးသန့် အခွင့်အရေးများ လည်း ပေးခဲ့ကြ၏။ တသက်တကျွန်း အကျဉ်းသားများကိုမူ တသက်တကျွန်းဆိုသည့် အတိုင်း ကျွန်းသို့ ပို့ဆောင် ခဲ့ပါ သည်။
အက်ဒမန် ကျွန်းစုထဲမှ ကပ္ပလီကျွန်းဟု မြန်မာတို့ ခေါ်သည့် အကြီးဆုံးကျွန်းရှိ ပို့ဘလဲယားတွင် ထောင်ကိုထားရှိကာ တကျွန်းကျ မြန်မာနိုင်ငံမှ အကျဉ်းသားများကို ပို့လေ့ရှိပါသည်။ နိုင်ငံရေးပြစ်မှုဖြင့် အဖမ်းခံရသော ပုဒ်မ ၅ များကိုမူ ပြည်မ အကျဉ်းထောင်များတွင်သာ ထားလေ့ရှိသည်။
သို့သော် စစ်တပ်က အာဏာသိမ်းတိုင်း အဆိုးဆုံးပြစ်ဒဏ်ဖြစ်သည့် ကျွန်းပို့ခြင်းကို အမြဲတမ်းလိုလို ပြုလုပ်လေ့ရှိ ပါ သည်။
၁၉၅၈ ခုနှစ်က အိမ်စောင့်အစိုးရ အဖြစ် အာဏာသိမ်းခဲ့သော စစ်တပ်သည် နိုင်ငံရေးအကျဉ်းသားများ (အထူးသဖြင့် လက်ဝဲ နိုင်ငံရေးသမားများ)ကို ကိုကိုးကျွန်း အကျဉ်းထောင်သို့ ပထမဆုံး ပို့ဆောင်ခဲ့သည်။
၁၉၆၉ ခုနှစ်တွင်လည်း အာဏာသိမ်း စစ်ကောင်စီက ကိုကိုးကျွန်း အကျဉ်းထောင် ဆောက်ကာ ဒုတိယ အကြိမ် ပို့ဆောင် ခဲ့သည်။ နိုင်ငံရေးသမားများကို အပြင်းထန်ဆုံး ဖိနှိပ်မှုတိုင်းကို အာဏာသိမ်း စစ်အစိုးရနှင့် စစ်တပ်ကသာ ပြုလုပ်လေ့ရှိသည်ကို ငြင်း၍မရပေ။
ပြည်သူများအား အပြင်းထန်ဆုံးသော ဖိနှိပ်သတ်ဖြတ်မှုများကိုလည်း အာဏာသိမ်းစစ်အစိုးရတိုင်းက ပြုလုပ်ခဲ့သည်ကို သမိုင်းက သက်သေပြပြီး ဖြစ်ပါသည်။
၁၉၅၈ ကိုကိုးကျွန်း အကျဉ်းထောင်နှင့် ပတ်သက်ပြီး ၁၉၆၀ ရွေးကောက်ပွဲနိုင် ပထစ အစိုးရလက်ထက်၌ ထိုနိုင်ငံရေး အကျဉ်းသား စာရေးဆရာ၊ နိုင်ငံရေးသမားများက ကိုကိုးကျွန်းအကျဉ်းထောင် ဆန္ဒပြပွဲပြုလုပ်၍ လည်းကောင်း၊ ကိုကိုး ကျွန်း အကြောင်း စာအုပ်များ ရေးသား၍လည်းကောင်း၊ ကမ္ဘာကသိအောင် ပြုလုပ်ခဲ့ကြလေသည်။
သို့သော် ၁၉၆၉ ဒုတိယ ကိုကိုးကျွန်း၌ ဖြစ်ပွားခဲ့သော ရက်စက်မှုများ၊ ဖိနှိပ်မှုများ၊ အစာငတ်ခံ တိုက်ပွဲများ၊ အစာငတ် ခံ တိုက်ပွဲတွင် ကျဆုံးခဲ့သူများ၊ မလောက်ငသော စားနပ်ရိက္ခာကြောင့် အစာရှာရင်း သေဆုံးသွားသူများကို တရားဝင် ထုတ်ပြန်ခြင်း၊ ရှုတ်ချကန့်ကွက်ခြင်း၊ နောင်ထိုသို့ ရက်စက်မှုများ မဖြစ်ပေါ်ရအောင် ဒီမိုကရေစီ အစိုးရအနေဖြင့် တာဝန် ယူခြင်းများ ပြုလုပ်သင့်ပါသည်။
၁၉၆၉ ခု ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် နိုင်ငံရေး အကျဉ်းသားများအား ဒုတိယ အကြိမ် ကိုကိုးကျွန်းသို့ ပို့ဆောင်ခဲ့ ခြင်း ဖြစ်သည်။ ထို ဒုတိယအကြိမ် ကိုကိုးကျွန်း အကျဉ်းထောင်သည် နိုင်ငံရေးအကျဉ်းသား သေဆုံးမှု အများဆုံးဖြစ် သည်။ ဒီမိုကရေစီ အစိုးရများ အနေဖြင့် ရှုတ်ချ ကန့်ကွက်သင့်သည်ဟု ဆိုရမည်။
ကိုကိုးကျွန်း အကျဉ်းထောင်တွင် နိုင်ငံရေး အကျဉ်းသား ပုဒ်မ ၅ များကို ပို့ဆောင်စဉ်က နိုင်ငံရေး အကျဉ်းသား သတ် မှတ်မှုနှင့် ပုဒ်မ ၅ ဆိုသော နိုင်ငံရေးအကျဉ်းသား အခွင့်အရေးများကို ဥပဒေအရ အသိအမှတ်ပြု ခွင့်ပြုထား၏။
ထိုအချိန်က ပြည်မထောင်တွင် ပုဒ်မ ၅ များကို တနေ့ ၁ ကျပ်ခွဲနှုန်း ကျွေး၏။ နေ့စဉ် ညတိုင်း အသားဟင်းများကို တမျိုးစီ ကျွေးမွေးသည်။ ဝက်၊ ကြက်၊ အမဲ၊ ဆိတ်၊ ငါး၊ ဘဲဥ စသည်များကို ဆီပြန်ဟင်း အဖြစ် ကျွေးမွေးပါသည်။ မွေ့ယာ၊ ခုတင်၊ စောင်၊ ခြင်ထောင်၊ မှို့ခေါင်းအုံး အနွေးထည်၊ အတွင်းခံ စသည်များလည်း ဥပဒေအတိုင်း ပေးအပ်ကြ သည်။
သတင်းစာ ဖတ်ခွင့်ရသလို၊ မဂ္ဂဇင်းဖတ်ခွင့်ရသည်။ အိမ်မှပို့သော ငွေကို စာရင်းဖွင့်ထားခွင့်ရသည်။ ဆေးလိပ်သောက် သူများကို ထောင်က ဆေးလိပ်ပေးသည်၊ ဆေးလိပ်မသောက်သူများကို မုန့်ပဲသားရည်စာပေးသည်။ ထောင်ဝင်စာ မရှိ ဘဲ မိမိအိမ်နှင့် တလတကြိမ် စာရေးခွင့်ပေးသည်။ နောက်ပိုင်း ကိုကိုးကျွန်း အကျဉ်းထောင်တွင် ထိုအခွင့်အရေးများ ဆုံးရှုံး သွားတော့သည်။ ဥပဒေများကို ချိုးဖောက်ပစ်လိုက်၏။
နိုင်ငံရေး အကျဉ်းသားသည် ဘာအလုပ်မှ မလုပ်ရဆိုသော်လည်း ကိုကိုးကျွန်း အကျဉ်းထောင်တွင် ထင်းခွေခြင်း၊ ရေခပ် ခြင်း၊ ထမင်းချက်ခြင်း စသော အလုပ်များအားလုံးကို လုပ်ကြရသည်။
လုံလောက်သော ဆေးဝါးကုသခွင့် မရရှိခဲ့။ အသားစို လုံးဝမစားရဘဲ အသားဘူးများသာ စားကြရ၏။ ပိုးထိုး ငါးပိများ နှင့် ပဲများကိုသာ စားကြရလေသည်။ အစောပိုင်းက ပိုးထိုးဆန်များကို စားခဲ့ကြရသည်။
ထိုသို့ အစာရေစာ ငတ်မွတ် ခေါင်းပါး၍ နိုင်ငံရေး အကျဉ်းသားတဦးက အုန်းပင်ပေါ်တက် အုန်းသီးခူး ရာမှ လိမ့်ကျ သေဆုံး၏။ နောက်တဦးမှာ ခရုများကို ပင်လယ်ရှိ ကျောက်ဆောင်များပေါ် သွားရောက်ရှာဖွေရင်း ပင်လင်ထဲကျကာ သေဆုံး၏။ တဦးမှာ အသည်းရောင်အသားဝါ ရောဂါဖြစ်ကာ ဆေးဝါးမရှိသဖြင့် ထိုရောဂါဖြင့် သေဆုံးသွား၏။
ထို့ကြောင့် အစာငတ်ခံတိုက်ပွဲ Hunger Strike ပြုလုပ်ကြရာ ၄၆ ရက် တိုက်ပွဲတွင် ၂ ဦး ကျဆုံးခဲ့သည်။ နောက်ဆုံး ကိုယ်ထူ ကိုယ်ထ ဖျက်သိမ်းပေးရေး ဆိုသော ၅၃ ရက် အစာငတ်ခံ တိုက်ပွဲကြီးတွင် နိုင်ငံရေးအကျဉ်းသား ၈ ဦး ကျဆုံး သွားသောကြောင့် ကိုကိုးကျွန်း အကျဉ်းထောင်တွင် စုစုပေါင်း ၁၃ ဦးကျဆုံးခဲ့လေသည်။
ထိုအခါမှသာ ကျွန်းအကျဉ်းထောင်ကို ဖျက်သိမ်းပြီး ပြည်မသို့ အားလုံးကို ပြန်ခေါ်မည်ဟု ဆိုကာ ၁၉၇၁ ခု နိုဝင်ဘာ လ တွင် ပြည်တော်ညွှန့် သင်္ဘောဖြင့် ရန်ကုန်သို့ ပြန်လည် ခေါ်ဆောင်ပါတော့သည်။
ထိုဖြစ်စဉ်မှာ အမှန်တကယ်ဖြစ်ပျက်ခဲ့သော ကိုကိုးကျွန်းအကျဉ်းထောင် အကြောင်းဖြစ်ပါသည်။
၁၉၆၉ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ညတွင် ရန်ကုန်မြို့ ပန်းဆိုးတန်း ဆိပ်ကမ်းမှနေ အကျဉ်းသားများကို ကိုကိုးကျွန်းသို့ ခေါ်ဆောင်သည့် သင်္ဘောမှာ ပြည်တော်ညွှန့် သင်္ဘော (ထိုအချိန်က ကုန်တင်င်္ဘော) ဖြစ်သည်။
၁၉၇၁ ခုနှစ် အကျဉ်းသားများကို ကိုကိုးကျွန်းမှ ပြန်ခေါ်ချိန်တွင် ခရီးသည်တင် သင်္ဘောအဖြစ် ပြောင်းလဲလိုက်သည်။ သို့ဖြင့် ကိုကိုးကျွန်းသို့ ပို့ဆောင်ခဲ့သည်မှာ ယခုဆိုလျှင် နှစ်ပေါင်း ၅၀ တင်းတင်းပြည့်ခဲ့လေပြီ။
ထို့ကြောင့် နှစ်ပေါင်း ၅၀ အတွင်း ကိုကိုးကျွန်းသို့ ပို့ခဲ့သော နိုင်ငံရေးအကျဉ်းသား ၂၃၃ ဦးတွင် ယခုအချိန်၌ ဆယ် ဂဏန်း ခန့်သာ ကျန်ရှိပါတော့သည်။
ထိုသို့သော အစာရေစာ ငတ်မွတ်ခေါင်းပါးခြင်းနှင့် ဆေးဝါး လုံလောက်စွာ ကုသခွင့်မရ၍ သေဆုံးခဲ့ရသူများ အကြောင်း ကို ကျန်ရစ်ခဲ့သူ အကျဉ်းသားများက ပြည်မပြန်ရောက်ချိန်တွင်လည်း ရေးသားခွင့်၊ ရှင်းပြခွင့်၊ ဖော်ပြခွင့် မရခဲ့ပေ။
အသက်မသေသူများ ထောင်မှလွတ်သည့် အချိန်တွင် စစ်ကောင်စီနှင့် စစ်ဗိုလ်ချုပ်များသည် အရပ်ဝတ်ပြောင်းကာ မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ် ပါတီ ခေါ် တပါတီ အာဏာရှင်စနစ်ကို ကျင့်သုံးခဲ့လေသည်။ ထို့ကြောင့် သူတို့ စစ် အာဏာ ရှင်များ ဖြစ်သည့်အချိန်က ညှဉ်းပန်း နှိပ်စက်မှုများကို ဖုံးကွယ်ခဲ့ခြင်း ဖြစ်ပါသည်။
၁၉၇၂ ခုနှစ်မှသည် နောက်နှစ်ပေါင်း ၄၀ ကျော်ကြာမှ ပါတီစုံစနစ်ကို ကျင့်သုံးကာ လွတ်လပ်စွာ ရေးသားခွင့်ရသည့် အချိန်တွင် ထိုကဲ့သို့ ကိုကိုးကျွန်း အကျဉ်းထောင် အကြောင်းကို ရေးသားခြင်း၊ ရှင်းလင်း ပြောဆိုခြင်း၊ ကိုကိုးကျွန်း အကျဉ်းထောင်နေ့ အခမ်းအနားများ ပြုလုပ်ခြင်းဖြင့် ပြည်သူလူထု သိခွင့်ရလာပါသည်။
ကိုကိုးကျွန်းသို့ ပို့ဆောင်ခံရသူများတွင် အမှုထမ်းများ၊ ကျောင်းသားများ၊ အလုပ်သမားများ၊ ဆရာဝန်များ၊ စာရေးဆရာ များ၊ ဗမာပြည် ကွန်မြူနစ် ပါတီမှ ရဲဘော်များ၊ အလံနီ ကွန်မြူနစ် ပါတီမှ ရဲနီများ၊ မြန်မာနိုင်ငံ အလုပ်သမား ညီညွတ် ရေး ပါတီမှ ရဲဘော်များ၊ တသီးပုဂ္ဂလများ စသည်ဖြင့် လူငယ်၊ လူလတ်၊ လူကြီး အားလုံးလို ပါဝင်ခဲ့ကြလေသည်။
သံဆူးကြိုး နှစ်ထပ်ကာရံထားသော ကိုကိုးကျွန်းအရှေ့ခြမ်း ကျွန်းတောင်ဘက်တွင် အဆောင်ဆောက်ပြီး အကျဉ်း သား များကို ထားရှိခဲ့ခြင်း ဖြစ်သည်။ ထောင်နံရံများတွင် မီးဆလိုက်ကြီးဖြင့် ထောင်မှူးထောင်ပိုင်၊ ထောင်ကြပ် များက စောင့်ကြပ်သည်။ မနက်မိုးလင်းလျှင် ထိုနိုင်ငံရေး အကျဉ်းသားများသည် ထင်းရှာထွက်ကြရသည်။ ပိုးထိုးဆန်များကို သန့်စင်ရသည့် ဆန်ဂိုဒေါင်များသို့သွားကာ တနေ့လုံး အလုပ်လုပ်ကြရသည်။ ရေချိုတွင်းများမှ ရေခပ်ရသည်။ ထမင်း ချက်ပြုတ်ကြရသည်။ ဤကဲ့သို့ဖြင့် ကိုကိုးကျွန်း အကျဉ်းထောင်တွင် ၁၉၆၉ ဖေဖော်ဝါရီလ ၁၃ မှ ၁၉၇၁ နိုဝင်ဘာလ အထိ အကျဉ်း ကျခဲ့ကြရလေသည်။
စင်စစ်အားဖြင့် မြန်မာ့နိုင်ငံရေးသမိုင်း။ အကျဉ်းထောင်သမိုင်းတွင် အဆိုးဆုံးသော ကိုကိုးကျွန်း အကျဉ်းထောင်ပို့ ဆောင် ခြင်းကို ဒီမိုကရေစီ အစိုးရအနေဖြင့် မှတ်တမ်းတင်သင့်သလို တရားဝင် ထုတ်ပြန်ခြင်း၊ ရှုတ်ချကန့်ကွက်ခြင်း၊ နောင် ထိုရက်စက်မှုများ မဖြစ်ပေါ်ရအောင် တာဝန်ယူခြင်းများ ပြုလုပ်သင့်ပါသည်။
ယခုဆိုလျှင် ထိုဖြစ်ပျက်ခဲ့သော အိမ်မက်ဆိုးကြီးမှာ အနှစ် ၅၀ ရှိပြီဖြစ်သည်။ ထိုအနှစ် ၅၀ ကို ဒီမိုကရေစီ ဘက်တော် သားတိုင်းက အမှတ်ရသင့်သည်ဟု ယူဆသည်။ ထိုကဲ့သို့ ပြင်းထန်လွန်းသော အဖြစ်ဆိုးများကို ကန့်ကွက် ရှုတ်ချသင့် သလို နောင် ထိုသို့မဖြစ်အောင် တားဆီး တောင်းဆိုကြရပေမည်။
ထိုသို့ ဒီမိုကရေစီ အမှောင်ကျသော နေ့ကိုလည်း စစ်မှန်သော ဒီမိုကရေစီ အစိုးရများ၊ နိုင်ငံရေး ပါတီများက အလေး အနက် ထား၍ ဒီမိုကရေစီ အမှောင်ကျသော အနှစ် ၅၀ အဖြစ် ဦးညွတ်သင့်ကြပါသည်။
ထိုကဲ့သို့သော အရုပ်ဆိုး အကျည်းတန်လှသည့် ကမ္ဘာတွင် အရက်စက်ဆုံးသော အကျဉ်းထောင်စနစ်တွင် စွန့်လွှတ်ခဲ့ ရသော နိုင်ငံရေး အကျဉ်းသားများကို ဦးညွတ်သင့်ကြပါသည်။ ဂုဏ်ပြုသင့်ကြပါသည်။
နောင်တခေတ်တွင် ထိုသို့ အကျည်းတန်ရုပ်ဆိုးသော အဖြစ်များ မဖြစ်ရအောင်၊ ကာကွယ်ခြင်းများ ပြုလုပ်နိုင်အောင် နှစ်ပေါင်း ၅၀ ကြာပြီဖြစ်သော ၁၉၆၉ ခုနှစ်က ကိုးကိုးကျွန်း အကျည်းထောင် အကြောင်းကို အမှတ်တရအဖြစ် ရေး သား တင်ပြလိုက်ရပါသည်။ ။
စာရေးသူ ထက်မြက် သည် ကိုကိုးကျွန်း အကျဉ်းထောင်သို့ ပို့ဆောင်ခံခဲ့ရသည့် နိုင်ငံရေး အကျဉ်းသား တဦး ဖြစ်ပါ သည်။ ဆရာ ထက်မြက်သည် ရန်ကုန် အခြေစိုက် စာရေးဆရာ တဦး ဖြစ်ပြီး လက်ရှိ ပြည်တွင်းတွင် ထုတ်ဝေနေသည့် စာနယ်ဇင်း မီဒီယာများတွင် နိုင်ငံရေး စာပေများကိုလည်း ရေးသားနေသော စာရေးဆရာ တဦးဖြစ်ပါသည်။