ဆောင်းပါး

အသက်တချောင်း ငွေ ၆ သိန်း (၂)

Want create site? Find Free WordPress Themes and plugins.

အားမတန်၍ မာန်လျှော့ရသည့် ဘဝများ

ရေလုပ်သားများ အနေဖြင့် ဖောင်ဦးစီးချုပ်တို့၏ ရိုက်နှက်မှု၊ ညှဉ်းပန်း နှိပ်စက်မှုများကြောင့် သေလုမျောပါး ဒဏ်ရာများ ရရှိ ခဲ့သော်လည်း အမှုဖွင့်တရားစွဲရန် အင်အားမရှိချေ။ အမှုကို သက်သေ လိုက်ပေးရမည့် သူများက ပင်လယ်ထဲက ကျားဖောင် ပေါ်မှ အကြွေးနွံနစ်နေသူများ၊ ငါးဖမ်းရာသီ မကုန်မချင်း ကုန်းပေါ်တက်ခွင့် မရှိသူများ ဖြစ်သည်။

တရားစွဲဆိုရန်ကလည်း တနေ့လုပ်မှ တနေ့စားရသည့် ရေလုပ်သားက ဒေါ်ညိမ်းရွာ ကဲ့သို့ ပင်လယ်ကမ်းစပ် ကျေးရွာ များမှ ၁၅ မိုင်ကျော်ဝေးသည့် ဖျာပုံမြို့နယ် တရားရုံးသို့ တက်ရောက် အမှုရင်ဆိုင်ရန် အလွန်ခဲယဉ်းသည့် အနေ အထား ရှိနေသည်။

ထို့ကြောင့် ဖောင်ဦးစီးချုပ်နှင့် ဖောင်ဦးစီးတို့၏ ရိုက်နှက်ညှဉ်းပန်း နှိပ်စက်မှုများကို ရေလုပ်သားများအနေဖြင့် ဥပဒေ အရ အမှုဖွင့်၍ တရားစွဲဆိုခြင်းထက် ရပ်ဓလေ့ရွာဓလေ့ဖြင့် ညှိနှိုင်းကာ လျော်ကြေး ရယူသည့်နည်းဖြင့်သာ ဖြေရှင်း နေရ သည်။

“ရိုက်တဲ့သူကို ရဲအရေးပိုင်တဲ့ အတိုင်း ဆက်သွားဖို့ ဆောင်ရွက်ပေးပါတယ်။ တချို့ကျတော့ တရားလိုဖြစ်သူ ကာယကံ ရှင်က အမှုဖွင့်တာထက်စာရင် သူတို့မှာ ရုံးသွားတဲ့စရိတ်၊ စားသောက်စရိတ် ခက်ခဲတဲ့အခါ လျော်ကြေး ရဖို့ ညှိနှိုင်း ဆောင်ရွက်ဖို့ပဲ တောင်းဆိုကြတယ်။ ဒါပေမယ့် အဲဒီညှိနှိုင်းတဲ့ကိစ္စမှာ ကျနော်တို့ ပါလို့မရတဲ့ အတွက် ဝင်မပါဘူး။ သူတို့ ညှိနှိုင်းလို့ အဆင်ပြေမှု မရှိရင် မြို့နယ်အဆင့်ကို ဆက်လက် ပို့ဆောင်ပေးပါတယ်”ဟု ဒေါ်ညိမ်း ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးရွှေပေါက ပြောပြသည်။

နိုင်ငံတကာ စံနှုန်းထက် ၃ ဆ အလုပ်ချိန်

ပင်လယ် ကျားဖောင်အလုပ်က ပင်ပန်းသည်။ အလုပ်ချိန်ကလည်း ၂၄ နာရီဖြစ်သည်။ နိုင်ငံတကာ စံနှုန်းဖြစ်သည့် အလုပ်သမား တယောက်ကို တနေ့လျှင် ၈ နာရီသာ ခိုင်းစေရမည် ဟူသည့် သတ်မှတ်ချက်က ပင်လယ် ကျားဖောင် လောကမှာတော့ ရယ်စရာဟာသ တခုသာ ဖြစ်သည်။

ဤ ကျားဖောင်ပေါ်တွင် နေထိုင်၍ ပင်လယ်တွင်းမှ ငါးပုစွန်များကို ရေလုပ်သားများက ၂၄ နာရီ ဖမ်းဆီးကြရသည်။/ ဆလိုင်းသန့်စင် / ဧရာဝတီ

ရေလုပ်သားများ အနေဖြင့် ကျားပိုက်များကို နေ့ရောညပါ ၄ နာရီလျှင် ၁ ကြိမ် ဖော်ရသည်။ တရက်တာအတွင်း ကျားပိုက် ၄ ကြိမ်ဖော်ရသည်။ ယင်းအလုပ်ကို ကျားဖောင်လောကတွင် ၄ ရေ၊ ၄ ကြိုးဟု ခေါ်သည်။

ကျားပိုက် ဖော်ပြီးနောက် ပိုက်ထဲပါလာသည့် ငါးများကို ကုန်အောင်ရွေးရသည်၊ ငါးများကို ဗိုက်ဖောက်၊ နေလှန်းရ သည်။ ပုစွန်များဆိုလည်း မိုးပြဲဒယ်နှင့်ပြုတ်ပြီး နေလှန်းရသည်။ ပြီးလျှင် နောက်ထပ် ကျားပိုက် ပြန်မချမီ အချိန် အတွင်း နာရီ အနည်းငယ်သာ အနားယူရသည့် အလုပ်ဖြစ်သည်။ အဆိုပါ ၄ ရေ၊ ၄ ကြိုး အလုပ်ကို ကျားဖောင်ပေါ်ရှိ ရေလုပ်သားများ အားလုံး နေပူမိုးရွာ မရှောင်၊ နေ့ညမရွေး အလုပ်လုပ်ရသည်။ ရေစင်းစင်းသေသည့် ရေသေရက်များ တွင်သာ ငါးဖမ်း မရသည့် အတွက် ၂ ရက် ၃ ရက်ခန့် နားရသည်။

ကျားဖောင် ရေလုပ်သားတွေ ဘယ်လို သေဆုံးနေလဲ

ဖောင်ဦးစီးချုပ်က ရိုက်နှက်လို့ လက်လွန်ပြီး ရေလုပ်သား ဒဏ်ရာပြင်းထန်စွာ ရခဲ့လျှင်ဖြစ်စေ၊ ကျန်းမာရေး ဆိုးရွား၍ ရောဂါ ပြင်းထန်လျှင်ဖြစ်စေ အရေးပေါ်လူနာကို ဆေးကုသရန် ကုန်းပေါ်သို့ ချက်ချင်း ပြန်တင်မပေးဘဲ တပတ်၊ ၁၀ ရက် ကြာမှ ပင်လယ်ထဲက ကုန်များစုစည်း၍ ဖျာပုံသို့ထွက်ခွာသည့် ငါးပေါင်းစက်လှေဖြင့်သာ ကုန်းပေါ်တင်ပေးသည့် ဖြစ်စဉ် များ လက်ရှိ အချိန်အထိ ဖြစ်ပွားနေဆဲဖြစ်သည်။

ရေလုပ်သား ဟောင်း ကိုစိုးမိုးက“ကျနော် အလုပ်လုပ်တုန်းက ကျနော်တို့နေတဲ့ ရွှေပြည်သာထဲက လူ တယောက် ကျားဖောင်မှာ အလုပ်လာလုပ်တာ။ နေမကောင်းလို့ အလုပ်မလုပ်နိုင်တော့ ဖောင်ဦးစီးချုပ်က ကမ်းပေါ် ပြန်တင်ပေးပြီး အဲဒီလူကို ငါးပိဂိုထောင်ထဲမှာ ပစ်ထားတယ်။ မိသားစုက သတင်းကြားလို့ ရွာကိုဆင်းလာပြီး လိုက်ရှာ တော့ ငါးပိ ဂိုထောင်ထဲမှာ တွေ့တယ်။ ခန္ဓာကိုယ်မှာလည်း မီးစနဲ့ ထိုးထားတဲ့ ဒဏ်ရာတွေ ပွနေတာပဲ။ အဲဒါနဲ့ ရွှေပြည်သာ ကို ပြန်ခေါ်လာတာ၊ ဒီလည်းရောက်ရော သေတာပဲ”ဟု ပြောပြသည်။

ပင်လယ်ထဲ အလုပ်လုပ်ရင်း နေမကောင်းခြင်း၊ မတော်တဆမှုကြောင့် ဒဏ်ရာရခြင်း၊ ဖောင်ဦးစီးချုပ်နှင့် ဖောင်ဦးစီးများ ရိုက်နှက်၍ ထိခိုက်ဒဏ်ရာ ရခြင်းများရှိခဲ့လျှင် ရေလုပ်သားက ကိုယ့်ပိုက်ဆံဖြင့်ကိုယ် ဆေးဝယ်သောက်၊ ဆေးလိမ်း ခြင်း များ လုပ်ရသည်ဟု ဒေါ်ညိမ်း ဒေသခံများက ပြောသည်။

“ပင်လယ်ထဲက ရေလုပ်သားက နေမကောင်းလို့ ဆေးမှာလိုက်လို့ရှိရင် ငါးပေါင်းစက်လှေက ဆိပ်ကမ်းမှာ ရေတင် တယ်၊ ထင်း တင်တယ်၊ ဆန်တင်တယ်။ အဲဒါနဲ့တင် ၅ ရက် ၆ ရက်ကြာပြီ။ ပင်လယ်ထဲ ရောက်တော့ ၈ ရက်လောက် ကြာသွား ရော။ အဲဒီတော့ နေမကောင်းလို့၊ ရောဂါပြင်းထန်လို့ ဆေးသောက်ရမယ့်လူက ဆေးမရောက်ခင် သေရော” ဟု ဒေါ်ညိမ်း ကျေးရွာ ဒေသခံ ဒေါ်မြင့်လွင်က ပြောပြသည်။

ဖောင်ဦးစီးချုပ်တို့၏ ရိုက်နှက်မှုများက ပင်လယ်လုပ်ငန်း မကျွမ်းကျင်သည့် ရွှေ့ပြောင်း ရေလုပ်သားများသာမက ပင်လယ် ပြင်တွင် အလုပ်လုပ်နေကျဖြစ်သည့် ဒေသခံကျွမ်းကျင် ရေလုပ်သားများပါ ခံကြရပြီး အခန့်မသင့်လျှင် ရရှိသည့် ဒဏ်ရာများ ဖြင့် သေဆုံးကြမှုများ ရှိနေသည်။

“ကျနော့်ညီ ကိုသန်းဌေးက ပင်လယ်ထဲမှာ ဖောင်ဦးစီးလုပ်တယ်။ လှိုင်းကြမ်းတဲ့တနေ့ သူအလုပ်လုပ်တာ ပုံမကျလို့ ဆိုပြီး ဖောင်ဦးစီးချုပ်က မော်တော်ပေါ်ခေါ်တယ်။ မော်တော် ခေါင်မိုးပေါ်ရောက်တော့ ဆီးခုံကို ဖြတ်ကန်တာ ခေါင်မိုး ပေါ်က တပတ်လည်ပြီး အောက်ကိုခါးနဲ့ ပြုတ်ကျတယ်။ ၃ နာရီလောက် သတိလစ်သွားပြီး သတိပြန်ရတော့ မထနိုင် တော့ဘူး။ အဲဒါကို လေဖြတ်တယ်လို့ပြောမှ ကုန်းပေါ်ပြန်တင်ပေးမယ် ဆိုလို့ အဲ့ဒီလိုပြောပါမယ် ဆိုတော့မှ ကုန်းပေါ် တက် ဆေးကုရ တယ်။ ပြီးတော့ စခန်းမှာ အမှုဖွင့်မယ်လည်းဆိုရော စာရင်းဒိုင်က ဆေးကုသစရိတ် ငွေ ၃ သိန်း ပေး တယ်။ အဲ့ဒီငွေနဲ့ ကုနေရင်း ၂၀၁၈ ခုနှစ် ဒီဇင်ဘာလထဲမှာ ကျနော့်ညီ ဆုံးပါးသွားခဲ့တယ်”ဟု ဖောင်ဦးစီးချုပ်၏ ရိုက်နှက် မှုကြောင့် ညီဖြစ်သူ ဆုံးရှုံးခဲ့သည့် ဖျာပုံမြို့နယ် ဆိပ်မကျေးရွာ ဒေသခံ ဦးဌေးက ပြောပြသည်။

ကျားဖောင် လုပ်သားများသည် နေ့ရောညပါ ကြမ်းတမ်းသော ငါးဖမ်းလုပ်ငန်း လုပ်ကိုင်နေရသည့်အပြင် ဖောင်ဦးစီး ချုပ် နှင့် ဖောင်ဦးစီးတို့၏ ရိုက်နှက် နှိပ်စက်မှုများပါ ခံစားရသည့်အတွက် ထိုဒုက္ခများကို မခံနိုင်သည့်အဆုံး ပင်လယ်ထဲ ခုန်ချ၍ သေကြောင်းကြံသူများလည်းရှိပြီး လွတ်လိုလွတ်ငြားဖြင့် ရေထဲတွင် ပေါ်သည့် ဗော့သီးဖြင့် ခုန်ချ၍ ထွက်ပြေး သူများ လည်း ရှိသည်။

ကျားဖောင်ပေါ်တွင် အလုပ်လုပ်ရင်း ဖောင်ဦးစီးချုပ်နှင့် ဖောင်ဦးစီးများ၏ရိုက်နှက် နှိပ်စက်မှုကြောင့် ဒဏ်ရာများ ရရှိ ထားသော ရေလုပ်သား တဦး/ ဆလိုင်းသန့်စင် / ဧရာဝတီ

ပြေးလျှင်လည်း လွတ်အောင်ပြေးနိုင်မှ ရေလုပ်သား အတွက် သက်သာရာရမည် ဖြစ်သည်။ ပြန်လည် ဖမ်းမိပါက ဖောင်ဦးစီးချုပ်၏ မော်တော် ချည်သည့်ကြိုးနှင့် ရိုက်နှက်ခြင်းကို ကျောကော့နေအောင် ခံရမည်ဖြစ်သည်။

ဖောင်ဦးစီးများ၏ ရိုက်နှက်မှုကို ငါးဖမ်းရာသီ ကုန်သည်အထိ သည်းခံ၍ ကြိတ်မှိတ် လုပ်ကိုင်ရသည့် ရေလုပ်သားများ ရှိသလို သည်းမခံနိုင်သည့် ရေလုပ်သားများက ဖောင်ဦးစီးကို အလစ်အငိုက် ပြန်လည် သတ်ဖြတ်ခြင်းများလည်း ရှိသည်။

ဒေါ်ညိမ်းကျေးရွာအုပ်စုတွင် ၂၀၁၈ ခုနှစ်အတွင်း လူသတ်မှု ၁၄ မှု ဖြစ်ပွားခဲ့ပြီး ထို လူသတ်မှုများတွင် ဖောင်ဦးစီးက ရေလုပ်သားကို သတ်သည့်အမှု ပါသလို ရေလုပ်သားက ဖောင်ဦးစီးကို ပြန်သတ်သည့် အမှုများလည်း ပါဝင်ကြောင်း ဖျာပုံခရိုင် ရဲတပ်ဖွဲ့ စာရင်းများအရ သိရသည်။

ထိုသို့ ဥပဒေ ကင်းမဲ့နေသည့် ဖျာပုံပင်လယ်ဝရှိ ကျားဖောင်များထံမှ ငါးခြောက်မျိုးစုံနှင့် ပုစွန်ခြောက်များ လစဉ် ထွက် ရှိ ကာ ဖျာပုံမြို့နယ်ရှိ ပင်လယ် ဆိပ်ကမ်းများသို့ ပြန်လည် ပို့ဆောင်နေသလို ကျားဖောင်လုပ်ငန်းတွင် သေဆုံးခဲ့သည့် လူသေ အလောင်းများနှင့် သေခါနီးဆဲဆဲ လူနာများလည်း ကမ်းပေါ်သို့ လစဉ်ပါလာလေ့ ရှိသည်။

ဖျာပုံခရိုင် ရဲတပ်ဖွဲ့မှူးရုံး၏ စာရင်းများအရ ၂၀၁၈ ခုနှစ်အတွင်း ဒေါ်ညိမ်း ကျေးရွာအုပ်စု တခုတည်းမှာပင် သေမှု သေခင်း ၈၁ မှုဖြစ်ပွားခဲ့ပြီး လူပျောက်မှု ၁၂၀ ဖြစ်ပွားခဲ့သည်။ စာရင်းချုပ်လိုက်လျှင် ၂၀၁၈ တနှစ်အတွင်း ဒေါ်ညိမ်း ကျေးရွာ အုပ်စု အတွင်း၌ ပင်လယ်ရေလုပ်သားပေါင်း ၂၀၀ ခန့် သေကြေ ပျောက်ဆုံးခဲ့ခြင်း ဖြစ်သည်။

ယင်း ကိန်း ဂဏန်းအရ ဖျာပုံမြို့နယ် ရှိ ကျားဖောင် လုပ်ငန်းများမှ ၂ ရက်လျှင် လူ ၁ ဦးနှုန်း သေကြေပျောက်ဆုံး နေခြင်း ဖြစ်သည်။

“ပင်လယ်မှာ လာလုပ်သူတွေထဲမှာ ဟိုးမြန်မာပြည် အထက်ပိုင်းတွေက ဆင်းလာတဲ့ သူတွေပါလာတော့ ပင်လယ် တောင် မမြင်ဘူးတဲ့ လူတွေလေ။ အဲဒီတော့ အလုပ်ကပင်ပန်း၊ အိပ်ရေးတွေပျက်၊ ကတုန်ကယင်တွေ ဖြစ်ပြီး ရေထဲ ပြုတ်ကျ သေကုန်တာ အများကြီးပဲ။ အလောင်း ပြန်မရတာတွေလည်း အများကြီးပဲ။ ပင်လယ်ထဲမှာသေလို့ ပုပ်ပွပြီးမှ သယ်လာတဲ့ အလောင်းလည်း တွေ့ဖူးသလို မပုပ်အောင် ရေခဲရိုက်ပြီး သယ်လာတဲ့ အလောင်းတွေလည်း ကျမ ကိုယ် တိုင် တွေ့ဖူး တယ်။ တကယ့်ကို စိတ်ပျက်စရာတွေပေါ့”ဟု ဒေါ်ညိမ်းကျေးရွာဒေသခံ ဒေါ်မြင့်လွင်က ပြောပြသည်။

ကျွမ်းကျင်သည့် ပင်လယ်လုပ်သား ရှားပါးလာခြင်း၊ ရေလုပ်သား လိုအပ်ချက် မြင့်မားခြင်းနှင့် ပင်လယ် အတွေ့အကြုံ မရှိ သည့် အခြားသော အရပ်ဒေသများမှ လာရောက် လုပ်ကိုင်ကြသည့် ရွှေ့ပြောင်းလုပ်သား အဆမတန် များပြား လာခြင်း တို့ကြောင့် ကျားဖောင် လုပ်ငန်းများတွင် လူသေကြေ၊ ပျောက်ဆုံးမှုများ ပေါ်ပေါက်နေခြင်း ဖြစ်သည်ဟု ဖျာပုံ မြို့နယ် ကျားပိုက် လုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ ဦးသံချောင်းက ပြောဆိုသည်။

ပင်လယ် ကျားဖောင်များဆီမှ ငါးပေါင်းစက်လှေဖြင့် သယ်လာသည့် ရေလုပ်သားတို့၏ အလောင်းများကို ဒေါ်ညိမ်း ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးနှင့် ရဲတပ်ဖွဲ့က ဆေးရုံပို့ကာ ရင်ခွဲ စစ်ဆေးစေပြီးနောက် သေမှုသေခင်း ရေးဖွင့်သည်။

ဖျာပုံမြို့နယ် ဒေါ်ညိမ်း ကျေးရွာ ရဲစခန်း / ဆလိုင်းသန့်စင် / ဧရာဝတီ

ကျားဖောင် ရေလုပ်သား၏ အသုဘရှင်က စာရင်းဒိုင်ဟုခေါ်သည့် ရေလုပ်ငန်းရှင်၏ လူယုံဖြစ်သည်။ ပင်လယ်ထဲတွင် ဖောင်ဦးစီးချုပ်က ငါးခြောက်၊ ပုစွန်ခြောက် ကုန်ချိန်များများရရေး ဆောင်ရွက်သလို ကုန်းပေါ်တွင် စာရင်းဒိုင်က ရေလုပ်သား များ၏ ကြိုထုတ် ငွေနှင့် ပြန်လည်ပေးသွင်းသည့် ငါးကုန်ချိန်များကို စာရင်းမှတ်သည်။

ပင်လယ်ထဲမှ သယ်လာသောအလောင်းကို သေမှုသေခင်းဖွင့်၍ ရဲလုပ်ငန်းစဉ် ပြီးဆုံးချိန်တွင် စာရင်းဒိုင်က အလောင်း ကို ဆေးရုံမှထုတ်ယူကာ ဒေါ်ညိမ်းကျေးရွာ သုသာန်သို့ တိုက်ရိုက်သယ်ယူ မြေမြှုပ်သည်။ သေသူများ အတွက် ဗုဒ္ဓဘာသာ ထုံးစံအရ သံဃာများ ပင့်ဖိတ်၍ သရဏဂုံပင် တင်ခြင်းမရှိ။ လူသားတယောက်၏ ဈာပန အခမ်းအနားက လူတယောက် သေသည်နှင့်ပင်မတူ၊ ခွေးသေကောင်ပုပ် မြှုပ်သကဲ့သို့ ဖြစ်နေသည်။

“တချို့ကျတော့ ဆေးရုံရောက်မှ သေတယ်။ တချို့က သယ်လာရင်း လမ်းမှာသေတယ်။ တချို့ကျတော့လည်း ပုပ်ပွ နေလို့ ကိုင်လို့တောင်မရတဲ့ အလောင်းတွေရှိတယ်။ များသောအားဖြင့်တော့ ပင်လယ်ထဲကနေ သေလာတဲ့ အလောင်း များပါ တယ်။ အခုလိုတွေ မြင်ရတွေ့ရတော့ ကိုယ်ချင်းစာတရားအရ စိတ်မကောင်းပေမယ့် ဒီအတိုင်းထားလို့မှ မရတာကိုး။ အဲဒီ တော့ သူတို့ကို အကောင်းဆုံး မြှုပ်ပေးပါတယ်”ဟု ဒေါ်ညိမ်း ကျေးရွာ သုသာန်မှ သုဘရာဇာကြီး ဦးကျော်သန်း က ရှင်းပြ သည်။

သုဘရာဇာကြီး ဦးကျော်သန်းကတော့ ရှင်းသည်။ အလောင်း အမည်၊ နေရပ်နှင့်အသက်ကို အသုဘရှင် ဖြစ်သည့် စာရင်းဒိုင်ကို မေးသည်။ တိတိကျကျ ဖြေသည့် လူကို အမည်မှတ်ထားပြီး မြှုပ်သည်။ အမည်၊ နေရပ်၊ အသက် ဘာမှ မေးမရသူကို အမည်မသိ အနေဖြင့် မြှုပ်သည်။

“ဦးလေးက စနစ်တကျ လုပ်ပေမယ့် နာရေးရှင်ဖြစ်တဲ့ စာရင်းဒိုင်ဆီက အမည်နဲ့နေရပ် တိတိကျကျ မသိရတော့ အမည် မသိနဲ့ဘဲ မြှုပ်ရတာပေါ့။ ဒီသင်္ချိုင်းထဲမှာတော့ အမည်မသိ အလောင်းတွေ၊ ပင်လယ်သား အလောင်းတွေက ပွနေတာပဲ။ မြေနေရာ တောင်မလောက်လို့ တချို့နေရာမှာ မြုပ်ပြီးသားအလောင်းမြေပုံပေါ် နှစ်ကျော့၊ သုံးကျော့ ပြန်တူး ပြီး မြှုပ်နေရတယ်”ဟု သုဘရာဇာ ဦးကျော်သန်းက ရှင်းပြသည်။

အမည်မသိ အလောင်းအဖြစ် မြေမြှုပ်ပေမယ့် လွန်ခဲ့သည့် ၉ နှစ်ကတည်းက ဒေါ်ညိမ်းသင်္ချိုင်းကို စောင့်ရှောက် လာသည့် သုဘရာဇာ ဦးကျော်သန်းက မြှုပ်ချင်တိုင်းမြှုပ်သည်မဟုတ်။ အလောင်းကို လုပ်ငန်းရှင်အမည်နှင့် တွဲမှတ် ထားပြီး မြှုပ် သည်။ သူ့ကိုလာမေးလျှင် လုပ်ငန်းရှင်အမည်နှင့် အစုလိုက် နေရာသတ်မှတ်၍ မြှုပ်ထားသည့် မြေစာပုံ များကိုသာ လက်ညှိုးထိုးပြမည် ဖြစ်သည်။

ဒေါ်ညိမ်း ကျေးရွာ သုသာန်မှ သုဘရာဇာကြီး ဦးကျော်သန်း က နှိပ်စက်ခံရပြီး သေဆုံးသွားသည့် ရေလုပ်သား မြေပုံ တခုကို ပြသနေစဉ် / ဆလိုင်းသန့်စင် / ဧရာဝတီ

အသက်တချောင်း ငွေ ၆ သိန်း

ထိုသို့ သေကြေပျောက်ဆုံးခဲ့သည့် အသက်တချောင်း အတွက် ရေလုပ်ငန်းရှင်ဘက်မှ ပေးလျော်သည့် လျော်ကြေး ငွေက ၆ သိန်း ကျပ်။

အလုပ်သမား ဥပဒေအရ ပေးလျော်ခြင်းမဟုတ်ဘဲ ရပ်ရွာဓလေ့ ထုံးစံအရ မိမိတို့ အလုပ် သမား မနစ်နာစေရန် စေတနာ ထား ပေးလျော်ခြင်း ဖြစ်ကြောင်း ဖျာပုံမြို့နယ် ကျားပိုက် လုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ ဦးသံချောင်း က ပြောဆိုသည်။

“လုပ်ငန်းခွင်မှာ အလုပ်သမားတယောက် ထိခိုက်သွားတယ်၊ သေဆုံးသွားတယ်ဆိုရင် အဲဒါကို ဥပဒေအရ နိုင်ငံတော် က သတ်မှတ်တဲ့နှုန်းထားနဲ့ လျော်မယ်ဆိုရင် သူ့ကိုမှီခိုနေရတဲ့မိသားစုမှာ နစ်နာတယ်။ ဥပဒေ အရတော့ ဒီလိုရှိပေမယ့် ကိုယ်နဲ့ လည်း အတူတူအလုပ်လုပ်ခဲ့တဲ့ အလုပ်သမားပဲကွာ၊ ဒီလောက်တော့ ပေးလိုက်ပါဆိုပြီး ဥပဒေရော၊ အရပ် ဓလေ့ နဲ့ ပါညှိနှိုင်း ဆောင်ရွက်ပေးနေပါတယ်”ဟုလည်း သူက ရှင်းပြသည်။

မြန်မာနိုင်ငံတွင် လက်ရှိကျင့်သုံးနေသည့် ၁၉၂၃ ခုနှစ် အလုပ်သမားလျော်ကြေး အက်ဥပဒေအရ လုပ်ငန်းခွင် အတွင်း အလုပ်သမား သေဆုံးလျှင် အလုပ်ရှင်ဘက်မှ လျော်ကြေးငွေ ကျပ် ၁ သိန်း ၅ သောင်းမှ ၄ သိန်း ၅ သောင်း အထိ ပေးလျော်ရန်နှင့် ဒုက္ခိတဖြစ်သည်အထိ ခန္ဓာကိုယ် အစိတ်အပိုင်း တခုခု ချို့ယွင်းခဲ့လျှင် ကျပ် ၆ သိန်း ပေးလျော်ရန် သတ်မှတ်ထားကြောင်း အလုပ်သမား ညွှန်ကြားရေးဦးစီးဌာနထံမှ သိရသည်။

“လျော်ကြေး အက်ဥပဒေအရ ပေးလျော်တဲ့နှုန်းက ခေတ်နဲ့လျော်ညီမှု မရှိတော့ဘူး။ ဒါကြောင့် ကျမတို့ ဌာနအနေနဲ့ ဒီဥပဒေ ကို အသစ်ရေးဆွဲဖို့ ကြိုးစားနေပါတယ်။ လတ်တလောမှာတော့ ဒီဥပဒေအတိုင်းပဲ ကျင့်သုံးနေရတယ်။ သူတို့ ဘာသာ အလုပ်ရှင်နဲ့ အလုပ်သမား ပြေလည်နေရင် ကျမတို့ဆီ ရောက်မလာကြပါဘူး။ မပြေလည်ဘူး တိုင်ပြီး တောင်း ရမယ်ဆိုမှ ကျမတို့ဆီရောက်လာတယ်။ ကျမတို့ကတော့ လာရောက် တိုင်ကြားတဲ့အမှုတွေကို ဖြေရှင်းဆောင်ရွက် ပေး နေပါတယ်”ဟု အလုပ်သမား ညွှန်ကြားမှု ဦးစီးဌာန ဧရာဝတီတိုင်း ဦးစီးမှူး လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ဌေးဌေးမြင့်က ပြောသည်။

အလုပ်သမားရေးရာကို အားမကိုးကြ

သေကြေပျောက်ဆုံးသည့် ရေလုပ်သား အတွက် လုပ်ငန်းရှင်၏ ပေးလျော်မှုက ၆ သိန်းကျပ် ရှိနေပြီး အစိုးရ အလုပ် သမား ဌာနထံတိုင်လျှင် ဥပဒေအရ ၄ သိန်း ၅ သောင်းကျပ် အထိသာ အမြင့်ဆုံး ရနိုင်သည့် အနေအထား ဖြစ်သည်။

ထို့ကြောင့် ရေလုပ်သားအများစုက အစိုးရ အလုပ်သမားရေးရာ ဌာနကို အားမကိုးဘဲ မိမိပြဿနာကို လုပ်ငန်းရှင်နှင့် ညှိနှိုင်း ဖြေရှင်း နေကြရသည်။ ၂၀၁၈ ခုနှစ်အတွင်း ဖျာပုံမြို့နယ် အလုပ်သမားရေးရာ ဌာနသို့ လာရောက် တိုင်ကြား သည့် ကျားဖောင် ရေလုပ်သားအမှု ၂ မှုသာရှိကြောင်း ဧရာဝတီတိုင်း အလုပ်သမားရေးရာ ဌာနမှ သိရသည်။

သေကြေပျောက်ဆုံး ရေလုပ်သားများအတွက် ကျန်ရစ်သူမိသားစုများကို လျော်ကြေးငွေ ပေးအပ်ရာတွင် လုပ်ငန်းရှင် တချို့က ၆ သိန်းကို အပြည့်အ၀ ပေးသော်လည်း တချို့သော လုပ်ငန်းရှင်များက ရေလုပ်သား ထုတ်ယူထားသည့် ကြိုတင် ငွေများ ခုနှိမ်ပြီးမှ ပိုသည့်ငွေကို ပေးအပ်မှုများ ရှိနေကြောင်းလည်း စုံစမ်း သိရှိရသည်။

ဖျာပုံ ပင်လယ် ကမ်းစပ်တွင် တွေ့ရသည့် ပင်လယ်ထဲမှ ဖမ်းဆီး ရမိသော ငါး ပုစွန်များကို သယ်ဆောင်နေသူ တဦး/ ဆလိုင်းသန့်စင် / ဧရာဝတီ

ဖျာပုံမြို့နယ် အေးကုန်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးသန်းဝင်းက“ရေလုပ်သားက သူ့အသက်တောင် ပေးဆပ်ပြီးတော့ အလုပ်ရှင်အတွက် အလုပ်လုပ်ခဲ့ပြီးပြီပဲဗျာ။ ငွေ ၆ သိန်းကိုတော့ သူ့ရဲ့ကျန်ရစ်သူမိသားစု ဘဝရပ်တည်ရေး အတွက် အပြည့်အ၀ ပေးသင့်ပါတယ်။ တချို့ အလုပ်ရှင်တွေက အဲဒီငွေ ၆ သိန်းကို ကြိုတင်ငွေတွေနှိမ်ပြီးမှ ပိုတဲ့ငွေကို လျော် ပေး တာမျိုးလုပ်တယ်။ ဒါက လူသားချင်း စာနာတဲ့အနေနဲ့ လုံး၀ မလုပ်သင့်ဘူးလို့ ယူဆတယ်”ဟု ပြောဆိုသည်။

အခွင့်အရေး နှင့် အကာအကွယ် အတွက် ဘာတွေ လိုနေလဲ

အင်္ဂလန်ကျားဖောင် လောကတွင် ရေလုပ်သားတို့ အတွက် လိုအပ်နေသည်က အလုပ်ရှင်နှင့် အလုပ်သမားကြား ရှင်းလင်း တိကျသည့် လုပ်ငန်း သဘောတူ စာချုပ်၊ ရိုက်နှက် ညှဉ်းပန်းနှိပ်စက်မှု ရန်မှ အကာအကွယ်၊ ကောင်းမွန် သည့် ကျန်းမာ ရေး စောင့်ရှောက်မှု၊ ရာဇဝတ်မှု ကျူးလွန်သူများကို တရားဥပဒေအရ ထိရောက်စွာ ဖော်ထုတ် အရေး ယူနိုင်ရေးများကို စီစဉ်ဆောင်ရွက် ပေးရန် ဖြစ်သည်။

ထို့ပြင် ရေလုပ်သားများ အတွက် ထိရောက်သော အလုပ်သမားဥပဒေ ပြဌာန်းကာ အဆိုပါ ဥပဒေအရ နိုင်ငံတော် ကိုယ်စား အလုပ်လုပ်နေသည့် အစိုးရ ဌာနဆိုင်ရာများက ရေလုပ်သားများကို ကာကွယ် စောင့်ရှောက်ပေးရန် လိုအပ်နေသည်ကိုလည်း တွေ့ရသည်။

သို့မှသာ တနှစ်လျှင် အနည်းဆုံး လူ ၁၀၀ ကျော် သေကြေ ပျောက်ဆုံးနေသည့် ဖျာပုံ ကျားဖောင်လုပ်ငန်းမှ ရေလုပ်သား များ၏ အသက် ဆုံးရှုံးမှု လျော့ပါးနိုင်မည် ဖြစ်သည်။

“ပင်လယ် ကျားဖောင်လုပ်ငန်း ဆိုတာ ဖျာပုံမြို့နယ်ရဲ့မိရိုးဖလာ လုပ်ငန်းတွေ ဖြစ်တယ်။ မိရိုးဖလာ လုပ်ငန်းတွေမှာ ဒေသရဲ့ အခြေအနေအရ လုပ်သားရှားပါးမှုနဲ့ ဆက်စပ်ပြီး နောက်ဆက်တွဲ ပြဿနာတွေက မျိုးစုံ ဖြစ်ပေါ်နေတယ်။ ဒီလို ပြဿနာတွေ ရေရှည်မဖြစ်စေဖို့ အလုပ်သမားတွေ အတွက်လည်း အခွင့်အရေးတွေ ပါရှိမယ်၊ အလုပ်ရှင်တွေ ဘက်ကလည်း လိုက်နာ ဆောင်ရွက်ရမယ့် မျှတတဲ့ ဒေသန္တရ စာချုပ်တွေ ဖြစ်ပေါ်ဖို့ ကျနော်တို့ကြိုးပမ်းနေပါတယ်”ဟု ဖျာပုံမြို့နယ် အမှတ် ၂ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးဘိုဘိုမင်းဇော်က ပြောပြသည်။

ဖျာပုံမြို့နယ် ကျားပိုက် လုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ ဦးသံချောင်းကလည်း ပင်လယ်ထဲ အလုပ်ဆင်းမည့် ရေလုပ် သားများ အနေဖြင့် ကျားပိုက် လုပ်ငန်းရှင်များ အသင်းသို့ လာရောက်ဆက်သွယ်ကာ စနစ်တကျ မှတ်ပုံတင်သည့် လုပ်ငန်းများ ဆောင်ရွက်ပြီးမှ ပင်လယ်ထဲ ဆင်းကြရန် တိုက်တွန်း ပြောဆိုသည်။

ဦးသံချောင်းက“ရေလုပ်ငန်းလုပ်မယ့် လုပ်သားတွေအားလုံးဟာ မိသားစုတွေနဲ့ အတူတကွ လာရောက်ပြီး ကျနော်တို့ လို ခိုင်မာတဲ့ အသင်း တွေနဲ့ ဆက်သွယ် ဆောင်ရွက်မယ် ဆိုရင် သူတို့ရဲ့ကြိုတင်ငွေတွေ၊ လုပ်အားခတွေလည်း တိတိ ကျကျ ဖြစ်မယ်။ ပျက်စီး ဆုံးရှုံးမှုတွေ ဖြစ်လာခဲ့ရင်လည်း နစ်နာမှုတွေကို အပြည့်အဝရနိုင်မှာ ဖြစ်ပါတယ်။ ဒီလို ဆက် သွယ် ဆောင်ရွက်မယ် ဆိုရင် ရေလုပ်သား ပြဿနာတွေဟာ အကုန်မဟုတ်ရင်တောင် ၅၀ ရာခိုင်နှုန်းလောက်တော့ လျော့ပါးလိမ့်မယ်လို့ မျှော်လင့်ပါတယ်”ဟု ပြောသည်။

လက်ရှိတွင် ဖျာပုံ ကျားပိုက် အသင်း အနေဖြင့် အိမ်ထောင်စုစာရင်း၊ ရပ်ကွက်နှင့် ရဲစခန်း ထေက်ခံစာ ပါရှိလာသည့် ရေလုပ်သား များကို အသင်းရုံးတွင် မှတ်တမ်းသွင်း၍ ခိုင်မာသည့် လုပ်ငန်းရှင်များထံ အလုပ်သွင်းပေးနေပြီး ရေလုပ် သား အနေဖြင့် လုပ်အားခ အပြည့်အဝရရှိရန်၊ ထိခိုက်သေကြေမှုများ ပေါ်ပေါက်လာပါက လုပ်ငန်းရှင်၏ အနိုင်ကျင့် ခြင်း မခံရစေရန်နှင့် နစ်နာကြေးများ အပြည့်အဝရရှိရန် ကြပ်မတ် ဆောင်ရွက် ပေးနေကြောင်းလည်း ဦးသံချောင်း က ပြောဆိုသည်။

ပင်လယ်ထဲက လုပ်ငန်းကို ဘယ်လို ကြပ်မတ်မလဲ

လွှတ်တော် ကိုယ်စားလှယ်များနှင့် ဖျာပုံ ကျားပိုက် လုပ်ငန်းရှင် အသင်းတို့က ကျားဖောင်လုပ်ငန်းတွင် အလုပ်ရှင်၊ အလုပ်သမား ပြဿနာများ လျော့ပါးရေး ကြိုးပမ်းနေသော်လည်း ဖြေရှင်းရန်ခက်ခဲနေသည့် အဓိက ပြဿနာ တရပ် က ရှိနေပါသည်။

လူ ထောင်သောင်းချီ နေထိုင်လုပ်ကိုင်နေသည့် အင်္ဂလန်ကျားဖောင် လုပ်ငန်းများက ဖျာပုံ ပင်လယ်ဝတွင် တည်ရှိသည့် အတွက် ဖောင်ဦးစီးချုပ်နှင့် ဖောင်ဦးစီးတို့၏ ရိုက်နှက် ညှဉ်းပန်းမှု မရှိရန်၊ ရေလုပ်သားများ ဘေးကင်းလုံခြုံစွာ အလုပ် လုပ်နိုင်ရန် မည်သည့် ဌာနဆိုင်ရာ၊ မည်သည့် အဖွဲ့အစည်းက မည်သို့သော နည်းလမ်းများဖြင့် ကြီးကြပ် ဆောင်ရွက်မလဲ ဆိုသည့် ပြဿနာဖြစ်သည်။

ဖျာပုံ ကျားဖောင် လုပ်ငန်းများသည် ယခုနှစ်ပိုင်း ကာလများအတွင်း သတင်းမီဒီယာများ ပေါ်တွင် နာမည်ဆိုးဖြင့် ကျော်ကြား လာသည့် စီးပွားရေး လုပ်ငန်းများ ဖြစ်လာနေသည်။

ရွှေ့ပြောင်းလုပ်သား များပြားလာခြင်း၏ နောက်ဆက်တွဲ အဖြစ် ပေါ်ပေါက်လာသည့် ပင်လယ် ကျားဖောင် လုပ်သား ပြဿနာက ရိုးရိုးသာမန်ပြဿနာ မဟုတ်။ စီးပွားရေး အတွက် လူ့အသက်များ သေကြေပျက်ပြုန်း နေရသည့် မြန်မာ သာမက၊ ကမ္ဘာနှင့်ပါ သက်ဆိုင်နေသည့် လူသားဆိုင်ရာ ပြဿနာလည်း ဖြစ်နေသည်။

ထို့ကြောင့် ပြည်ထောင်စု အစိုးရနှင့် တိုင်းအစိုးရ အနေဖြင့် ပင်လယ်ကျားဖောင် လုပ်သားများ သေကြေ ပျောက်ဆုံး နေသည့် ပြဿနာကို အလျင်အမြန် ထိရောက်စွာ ဖြေရှင်းရန်လိုအပ်နေပြီး ဖြေရှင်းမှု နှောင့်နှေး ကြန့်ကြာနေပါက ကျားဖောင် လုပ်သားတို့၏ နှစ်စဉ်သေကြေ ပျောက်ဆုံးမှုနှုန်း ယခုထက် ပိုမို လာဖွယ်ရာ ရှိနေသည်။

ရေလုပ်သားဟောင်း ကိုစိုးမိုးကလည်း“ကျနော့် ဆန္ဒကတော့ ပင်လယ်မှာ ရေလုပ်သားတွေကို ရိုက်နှက် ညှဉ်းပန်းတာတွေ ပျောက်အောင် နိုင်ငံတော်ရဲ့ ဌာန ဆိုင်ရာ အဖွဲ့အစည်းတခုခုက ပင်လယ်ထဲ ပုံမှန်ကွင်းဆင်း စစ်ဆေးတာတွေ၊ ရေ လုပ်သား တွေ ကျန်းမာရေး မကောင်း ရင် အလျင်အမြန် ဆေးကုနိုင်အောင် ကူညီပေးတာတွေ၊ ရေလုပ်သားတွေကို လူပွဲစားတွေနဲ့ စာရင်းဒိုင်တွေ အနိုင်ကျင့် ခေါင်းပုံဖြတ်တာတွေ မဖြစ်အောင် ဆောင်ရွက် ပေးစေချင်ပါတယ်။ ကျနော့် လိုမျိုး ရိုက်နှက် နှိပ်စက်ခံခဲ့ရတဲ့ အဖြစ် အပျက်တွေ နောက် လူတွေကို မဖြစ်စေချင်တော့ဘူး”ဟု ပြောဆိုပါသည်။ ။

ဆက်စပ်ဖတ်ရှုရန်အသက်တချောင်း ငွေ ၆ သိန်း (၁) 

Did you find apk for android? You can find new Free Android Games and apps.
Loading