နိုင်ငံရေးတွင် အမြဲတမ်း မိတ်ဆွေနှင့် အမြဲတမ်းရန်သူမရှိဟု ပြောလေ့ရှိကြသည်။ မြန်မာနိုင်ငံတွင် မိမိတို့သည် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် အငြိမ်းစားဗိုလ်ချုပ်ကြီး ဦးရွှေမန်းတို့အကြား ထူးခြားလှသော နိုင်ငံရေးမဟာမိတ်ဖွဲ့စည်းမှု ဖြစ်ပေါ်တိုးတက်လာသည်ကို လွန်ခဲ့သော ၆ နှစ် အတွင်း မြင်တွေံခဲ့ကြရသည်။ ယခုအခါ ထိုမဟာမိတ်တွင် အက်ကြောင်းများကို တွေ့လာရပြီဖြစ်သည်။
ယခင်က ပြည်သူ့လွှတ်တော် ဥက္ကဌအဖြစ်လည်း တာဝန်ယူဖူးသော ဦးရွှေမန်းဦးဆောင်သည့် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင်၏ သက်တမ်းတိုးမြှင့်ခြင်းကို ပြည်ထောင်စုလွှတ်တော်က မကြာသေးမီက ကန့်ကွက်ပယ်ချလိုက်သည်။ မေးစရာရှိသည်မှာ ကော်မရှင် သက်တမ်းမတိုးရန် အမိန့်ကို မည်သူပေးသနည်း ဟူသောမေးခွန်းဖြစ်သည်။ အာဏာရ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) အမှုဆောင်များ၏ အမိန့်ဖြစ်သလား သို့မဟုတ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်၏ အမိန့်ဖြစ်သလားဟု မေးရမည်ဖြစ်သည်။
သူ၏ကော်မရှင်သက်တမ်းကို တိုးပေးမည်ဖြစ်ကြောင်း ကြိုတင် အာမခံထားပြီးဖြစ်သော်လည်း NLD ထိန်းချုပ်ထားသည့်လွှတ်တော်က သက်တမ်းတိုးရေးကို ပယ်ချလိုက်သောအခါ ဦးရွှေမန်း အငိုက်မိသွားသည်ဟု နေပြည်တော်မှ နိုင်ငံရေးလေ့လာစောင့်ကြည့်သူအချို့က ဆိုသည်။
ထိုကော်မရှင်ကို ၂၀၁၆ ခုနှစ် မတ်လက တနှစ်သက်တမ်းဖြင့် ဖွဲစည်းခဲ့ပြီး လွှတ်တော်တွင် တပ်မတော်သားကိုယ်စားလှယ်များက ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်မညီဟုဆိုကာ ပြင်းပြင်းထန်ထန် ကန့်ကွက်ခံခဲ့ရသည်။ သို့သော် ကော်မရှင်သည် NLD အစိုးရ၏ အမည်မခံသော ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်၏ ခိုင်မာသော ထောက်ခံမှုကို ရခဲ့သည်။
ဦးရွှေမန်းသည် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (SPDC) ဟု ခေါ်သော ယခင် စစ်အစိုးရတွင် တတိယ အဆင့်အမြင့်ဆုံး အရာရှိအဖြစ် တာဝန်ယူခဲ့သည်။ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) အဖြစ် စစ်အစိုးရတွင် သြဇာအာဏာအကြီးဆုံးသူများအနက် တဦးအဖြစ် သတ်မှတ်ခံရသည်။
သို့သော် ၂၀၁၀ ခုနှစ်နောက်ပိုင်းတွင် ဦးရွှေမန်းသည် နိုင်ငံရေးဘ၀ အတက်အကျများကို ကြုံတွေ့လာရသည်။ ၂၀၁၀ ခုနှစ်တွင် စစ်အစိုးရက အတုအယောင်ရွေးကောက်ပွဲကို ကျင်းပပြီးသောအခါ ဦးရွှေမန်းသည် သမ္မတ သို့မဟုတ် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ဖြစ်လာမည်ဟု မျှော်လင့်ခဲကြသည်ဟုဆိုသော်လည်း ထိုသြဇာကြီးမားလှသည့် မည်သည့်ရာထူးကိုမျှ မရခဲ့ပေ။
ယခုဖျက်သိမ်းလိုက်ပြီဖြစ်သော SPDC ၏ ထိုစဉ်က ဥက္ကဌ ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် မိမိကိုယ်ကိုယ် နှိမ့်ချပြီး နိုင်ငံရေးရည်မှန်းချက်လည်း မကြီးသော ဦးသိန်းစိန်ကို သမ္မတအဖြစ် ရွေးချယ်ခဲ့သည်။ မည်သည့်အကြောင်းကြောင့်နည်း။ ဦးရွှေမန်းသည်တနေ့တွင် သူ့ကို အာခံမည်ကို ဦးသန်းရွှေ စိုးရိမ်ခဲ့ပါသလား။ ဦးရွှေမန်းမိသားစု၏ စီးပွားရေး အကျိုးစီးပွားများကို စိုးရိမ်ပူပန်ခဲ့ပါသလား။ စစ်အာဏာရှင်ဟောင်းကြီး ကိုယ်တိုင်မှလွဲပြီး မည်သူမျှသိနိုင်မည် မဟုတ်ပေ။
ဦးရွှေမန်းသည် ၂၀၁၀ ခုနှစ်အထွေထွေရွေးကောက်ပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ကို ကိုယ်စားပြုယှဉ်ပြိုင်ပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဖြစ်လာကာ ပြည်သူ့လွှတ်တော် ဥက္ကဌ အဖြစ်ရွေးချယ်ခံရသည်။
တပ်မတော်သားဘဝနှင့် ပြုပြင်ပြောင်းလဲရေးအစီအစဉ်
တပ်မှူးတဦးအနေဖြင့် သူရဦးရွှေမန်းဟုလည်း ခေါ်ကြသော ဦးရွှေမန်းသည် ၁၉၉၀ ခုနှစ်က ကရင်တိုင်းရင်းသားလက်နက်ကိုင်များအပေါ်ထိုးစစ်အတွက် ဂုဏ်ထူးဆောင် သူရဘွဲ့ရရှိပြီး ထိုတိုက်ပွဲကြောင့်ပင် ရာထူးအဆင့်ဆင့်တက်လာခဲ့သည်။
၂၀၀၈ ခုနှစ်တွင် ဦးရွှေမန်းသည် ဘေ့ဂျင်းမှတဆင့် မြောက်ကိုရီးယားနိုင်ငံမြို့တော် ပြုံ့ယမ်း သို့ စစ်ရေးကိုယ်စားလှယ်အဖွဲ့တဖွဲ့ကို ဦးဆောင်သွားရောက်ခဲ့သည်။ ဗိုလ်ချုပ်ကြီး သူရရွှေမန်းနှင့် မြောက်ကိုရီးယား ဗိုလ်ချုပ်ကြီး ကင်ဂျောက်ဆစ် တို့သည် နားလည်မှုစာချွန်လွှာ တစောင်ကို လက်မှတ်ရေးထိုးခဲ့ကြသော်လည်း ထိုစာချုပ်ပါ အကြောင်းအရာများကို အတည်ပြုနိုင်ခြင်းမရှိကြပေ။ မြန်မာနိုင်ငံသည် တရုတ်နှင့် အိန္ဒိယ နိုင်ငံများအကြားတွင် တည်ရှိသောကြောင့် ညူကလီးယားလက်နက်များလိုအပ်သည်ဟု ယုံကြည်သောကြောင့် မြောက်ကိုရီးယားနိုင်ငံ၏ ညူကလီးယား ဓါတ်ပေါင်းဖိုနှင့် စစ်ဖက်အဆောက်အအုံများကို လေ့လာရန်အတွက် ထိုခရီးစဉ်ကို ဦးသန်းရွှေက အမိန့်ပေးခဲ့သည်။
ပေါက်ကြားခဲ့သော အမေရိကန်ကြေးနန်းသတင်းတွင် “မြန်မာ စစ်မြေပြင်တပ်မှူး အများစုကဲ့သို့ပင် ဦးရွှေမန်းသည် ကရင်တိုင်းရင်းသားလက်နက်ကိုင်များကို စစ်ဆင်ရာတွင် အမျိုးသမီးများနှင့်ကလေးများအပါအဝင် အဓမ္မပေါ်တာဆွဲခြင်းကို အကြီးအကျယ် အသုံးပြုသည်” ဟု ဖေါ်ပြထားသည်။
သို့သော် ယခင် သမ္မတ ဦးသိန်းစိန်က နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများ စတင်ပြီး နိုင်ငံကို တံခါးဖွင့်လိုက်သောကြောင့် အမေရိကန်အစိုးရသည် မြန်မာနိုင်ငံနှင့် ဆက်ဆံရေး ပြန်လည်ကောင်းမွန်အောင်လုပ်ပြီး ၂၀၁၂ နှင့် ၂၀၁၃ ခုနှစ်များတွင် သံတမန်ဆက်ဆံရေး အပြည့်အဝ ပြန်လည်ထားရှိသောအခါ ဦးရွှေမန်းကို ပိတ်စို့အရေးယူသည့် စာရင်းမှ ပယ်ဖျက်ပေးခဲ့သည်။ ဦးရွှေမန်းသည် ၂၀၁၂ ခုနှစ်က အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် မြန်မာနိုင်ငံသို့ ပထမဆုံးလာရောက်လည်ပတ်သောအခါကလည်း လက်ခံတွေ့ဆုံခဲ့သည်။
“ဒီမိုကရေစီ ကွန်ဂရက်လွှတ်တော်ကို လေ့လာနိုင်ဖို့ကျနော်တို့ကို ကူညီပါလို့ ဦးရွှေမန်းက ကျမကိုပြောတယ်။ သူတို့တွေက The West Wing ကိုကြည့်ပြီး ကိုယ်ဘာသာလေ့လာနေရတယ်လို့တောင် ဦးရွှေမန်းက ကျမကို ပြောတယ်” ဟု ဟီလာရီ ကလင်တန်က ပြန်လည်ပြောပြသည်။ “ကျမတို့က အဲဒီထက်ကောင်းတာတွေကိုတောင် စီစဉ်ပေးနိုင်ပါတယ် လွှတ်တော်ဥက္ကဌကြီး ” ဟု ဟီလာရီကလင်တန်က ဦးရွှေမန်းကို တုံ့ပြန်ခဲ့သည်။ သို့သော် လက်တွေ့တွင် ဦးရွှေမန်းကို တရုတ်နိုင်ငံနှင့် ပိုမိုနီးကပ်သူဟုသာ မြင်ကြသည်။
ဦးသိန်းစိန်ကဲ့သို့ပင် ဦးရွှေမန်းကိုလည်း ပြုပြင်ပြောင်းလဲရေးသမားဟု မြင်ကြသည်။ ဗိုလ်ချုပ်ဟောင်းအများအပြားတို့က ၎င်းတို့သည် ပြုပြင်ပြောင်လဲရေးကို ထောက်ခံသူများဖြစ်ကြောင်း ကမ္ဘာကို ပြသကြပြီး အများအပြားသည် အနောက်တိုင်းအရေးယူပိတ်ဆို့မှုများမှ လွတ်မြောက်လာကြသည်။
သို့သော် မိမိတို့တွေ့ခဲ့ရသည်မှာ အများအံ့အားသင့်စရာဖြစ်ခဲ့သည့် ဦးရွှေမန်းနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ နိုင်ငံရေးမဟာမိတ်ဖွဲ့သော မြန်မာ့နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုသစ်ဖြစ်သည်။ သူတို့နှစ်ဦးသည် အပတ်စဉ် တွေ့ဆုံခဲ့ကြပြီး မီဒီယာနှင့် နိုင်ငံရေးလေ့လာသုံးသပ်သူများ၏ အထူး အာရုံစိုက်စရာ ဖြစ်လာခဲ့သည်။
၂၀၁၃ ခုနှစ်အောက်တိုလာလတွင် ဧရာဝတီသတင်းဌာနနှင့် ဒုတိယအကြိမ်မြောက်ပြုလုပ်သော တွေ့ဆုံမေးမြန်းခန်းတွင် ဦးရွှေမန်းက ချိန်ဆသော လေသံဖြင့် “ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီမိုကရေစီလှုပ်ရှားမှုက တခြားသူတွေကိုတွေ့ပြီးနောက် အတိတ်ကို စာနာနားလည်မှုနဲ့ ပြန်သတိရမိတယ်” ဟု ပြောသည်။
သူသည် ထိပ်တန်းဗိုလ်ချုပ်ကြီး ဘဝတွင်ရှိစဉ်က နိုင်ငံရေးသဘောထားကွဲလွဲသူများအပေါ် သနားစိတ်ကို သူ့စိတ်ထဲတွင်သာထားသော်လည်း ထိုသူများ မတန်တဆ ဒဏ်ခတ်ခံနေရသည်ကို သူမကြည့်လိုကြောင်း သူ့စိတ်တွင် သိနေသည်ဟု သူဆက်ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်ပြီး ဦးရွှေမန်းက “ကျနော်က သူ့ကို ခက်ခဲကြမ်းတမ်းမှုတွေကို ခံနိုင်ရည်ရှိတဲ့ အမျိုးသမီးတယောက်အဖြစ်သာမက လွတ်လပ်ရေးသူရဲကောင်း ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးအဖြစ်လည်း မြင်တယ်။ အခွင့်အရေးရရင် သူ့ကို ကူညီမယ်လို့ ဆုံးဖြတ်ထားတယ်။ သူ့ကိုသာမကဘူး လူတိုင်းကို မျှမျှတတ ဆက်ဆံခံရတာကို မြင်ချင်တယ်” ဟုလည်း သူပြောသည်။ ထိုစဉ်က ဦးရွှေမန်းသည် အာဏာရ USDP ဥက္ကဌ အဖြစ် တာဝန်ယူနေချိန်ဖြစ်သည်။
ကျနော် သာကူးမဟုတ်ဘူး
ဒေါ်အောင်ဆန်းစုကြည်နှင့် NLD တို့အောင်ပွဲ နီးကပ်လာသည်ကို ကြိုမြင်သောကြောင့် သူတို့ကို ကူညီခြင်း၏ တန်ဖိုးကို မြင်သော ရည်မှန်းချက်ကြီးမားသည့် နိုင်ငံရေးသမားတဦးအဖြစ်လည်း ဦးရွှေမန်းကို မြင်နိုင်သည်။ သို့သော် ဒေါ်အောင်ဆန်းစုကြည်နှင့်မဟာမိတ်ဖွဲခြင်းကြောင့် ဦးရွှေမန်းပေးဆပ်ရသော တန်ဖိုးမှာ လွန်စွာကြီးမားလှသည်။ သူသည် သမ္မတ ဦးသိန်းစိန်နှင့် အာဏာရပါတီမှ အခြားခေါင်းဆောင်များနှင့် အဆင်မပြေဖြစ်လာပြီး သူ့ကို ထိုသူများက သစ္စာဖေါက် တံဆိပ်ကပ်ခဲ့ကြသည်။
ရွေးကောက်ပွဲမကျင်းပမီ ၃ လအလို ၂၀၁၅ ခုနှစ် သြဂုတ်လ ညနက်သန်းခေါင်အချိန်တွင် နေပြည်တော်ရှိ USDP ဌာနချုပ်ကို လုံခြုံရေးတပ်များ ဝန်းရံထားလိုက်သောအခါ ခေါင်းဆောင် ၂ ယောက်အကြား တိုက်ပွဲမှာ ဇာတ်ရှိန်မြင့်လာသည်။ ဦးရွှေမန်းနှင့် USDP မှ ထိပ်တန်းခေါင်းဆောင်အချို့ကို ပါတီမှ ထုတ်ပယ်လိုက်သော်လည်း ဦးရွှေမန်းသည် ပါတီဝင်နှင့် လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဆက်လက်ရှိနေသည်။
ဦးရွှေမန်းသည် အငြင်းပွားဖွယ်ရာ ဥပဒေကြမ်းများကို ထောက်ခံပြီး ပြိုင်ဖက်ပါတီခေါင်းဆောင်များနှင့် အဆက်အဆံရှိသောကြောင့် အာဏာရပါတီ ခေါင်းဆောင်အဖြစ်မှ ထုတ်ပယ်ခံရသည်ဟု ထိုစဉ်က ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်ကပြောသည်။
ဦးရွှေမန်းကို USDP မှထုတ်ပယ်လိုက်ခြင်းသည် ဒီမိုကရေစီ နည်းလမ်းမကျကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြောသည်။ “ညကြီးသန်းခေါင်မှာဖြစ်ရတယ်ဆိုတာမျိုးက အလုပ်ဖြစ်တဲ့ ဒီမိုကရေစီမှာ ဖြစ်တတ်တာမျိုး မဟုတ်ဘူးလေ” ဟု ဒေါ်အောင်ဆန်းစုကြည်ပြောသည်။
၂၀၁၅ ခုနှစ်အထွေထွေရွေးကောက်ပွဲတွင် ဦးရွှေမန်းသည် USDP အလံအောက်မှပင် ဝင်ရောက်ယှဉ်ပြိုင်ပြီး NLD ကိုယ်စားလှယ်လောင်းတဦးကို ရှုံးနိမ့်ခဲ့သည်။ သို့သော် သူသည် ဒေါ်အောင်ဆန်းစုကြည်၏ ရင်နှီးသော မဟာမိတ် ဆက်လက်ဖြစ်နေပြီး ထိုကာလများတွင် အပါတ်စဉ်ဆွေးနွေးပွဲများ ဆက်လက်ကျင်းပကြသည်ဟု ဆိုသည်။
၂၀၁၆ ခုနှစ်တွင် ဦးရွှေမန်းကို လွှတ်တော်၏ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင် ဥက္ကဌအဖြစ်ခန့်အပ်ခံရသည်။ ဥပဒေများ ပြန်လည်သုံးသပ်ရေးတွင် အဆုံးအဖြတ်ပေးသည့်အဆင့်ဖြစ်သောကြောင့် သြဇာကြီးမားလှသော ရာထူးဟု ဆိုရမည်ဖြစ်သည်။ ထိုကော်မရှင်ကို ဖွဲ့စည်းရန်နှင့် ဦးရွှေမန်းဦးဆောင်ရန် ဆုံးဖြတ်ချက်ကို NLD အမှုဆောင်များက မဟုတ်ဘဲ ဒေါ်အောင်ဆန်းစုကြည်ကချမှတ်ခဲ့ခြင်းဖြစ်သည်။ ရွေးကောက်ပွဲတွင် NLD အပြတ်အသတ်အနိုင်ရပြီးနောက် ဒေါ်အောင်ဆန်းစုကြည်သည် အာဏာရှင်ဟောင်း ဦးသန်းရွှေကို သူ၏နေအိမ်တွင် သွားရောက်တွေ့ဆုံခဲ့ပြီး ဦးရွှေမန်းလည်း လိုက်ပါသွားခဲ့သည်။ ထို့ကြောင့် ဦးသန်းရွှေသည် ၂၀၁၁ ခုနှစ်က တရားဝင် အငြိမ်းစားယူသွားခဲ့သော်လည်း ဦးရွှေမန်းနှင့် ဆက်လက်တွေ့ဆုံနေသေးကြောင်း ထိုအချက်က ပြသနေသည်။
သို့သော် ကော်မရှင်ဥက္ကဌအဖြစ်ခန့်အပ်ခံရသောကြောင့် ဦးရွှေမန်းကို သစ္စာဖေါက်အဖြစ် တံဆိပ်ကပ်ကြသည်မှာ အံ့သြဖွယ်တော့မဟုတ်ပေ။
“သူတို့တွေက နိုင်ငံနဲ့ ပြည်သူအကျိုးအတွက် ပူးပေါင်းဆောင်ရွက်ဖို့ လိုတယ်လို့ပြောနေပေမယ့် သစ္စာဖေါက်တွေ၊ သာကူးတွေ” ဟု ဦးသိန်းစိန်လက်အောက်တွင် ဝန်ကြီးတဦးအဖြစ် ဆောင်ရွက်ခဲ့သူ ဦးစိုးသိန်းက သူ၏ စာအုပ်ဖြစ်သော ‘ ဒီမိုကရေစီနိုင်ငံတော်သစ်နှင့် သမ္မတ ဦးသိန်းစိန်’ စာအုပ်တွင် ရေးသားခဲ့သည်။
“ကျနော်သာကူးမဟုတ်ဘူး” ဟု ဦးရွှေမန်းက ထိုစွပ်စွဲချက်ကို ဖြေရှင်းခဲ့သည်။
ဦးရွှေမန်းတွင် ရန်သူ အများအပြား ရှိနေပုံရသည်။ လက်ရှိ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဦးရွှေမန်းအကြားဆက်ဆံရေးတင်းမာမှုများရှိသည်။ ဦးရွှေမန်း၏ ကော်မရှင် သက်တမ်းတိုးခြင်းကို တပ်မတော်သားကိုယ်စားလှယ်များက အကြိမ်ကြိမ်ကန့်ကွက်ခဲ့ကြသည်။
NLD ထိပ်တန်းခေါင်းဆောင်အချို့သည်လည်း ဦးရွှေမန်း-ဒေါ်အောင်ဆန်းစုကြည် နိုင်ငံရေးမဟာမိတ်ကြောင့် စိတ်မသက်မသာဖြစ်နေကြသည်။ သူတို့က ဦးရွှေမန်းကို မယုံကြည်နိုင်ကြသည်မှာ ရှင်းလင်းလှသည်။ ထိုထက်မက ဆိုရပါက ဦးရွှေမန်းနှင့် နီးကပ်သော ဆက်ဆံရေးကြောင့် NLD အစိုးရနှင့် တပ်မတော်အကြား ပိုမိုကောင်းမွန်သော ဆက်ဆံရေးတည်ဆောက်ရေးအတွက် အဟန့်အတားဖြစ်သည်ဟု ပင်အချို့က ဆိုကြသည်။ သမ္မတဦးဝင်းမြင့်နှင့် ဦးရွှေမန်းအကြားဆက်ဆံရေးသည်လည်း နွေးထွေးခြင်းမရှိလှပေ။ ယခင်ပြည်သူ့လွှတ်တော်ဥက္ကဌဖြစ်ခဲ့သော ဦးဝင်းမြင့် လွှတ်တော်တွင်ရှိစဉ်က ဦးရွှေမန်းကို သဘောမကျကြောင်း ဖေါ်ပြခဲ့ဖူးသည်။ ထိုကာလတလျှောက်လုံးတွင် ဒေါ်အောင်ဆန်းစုကြည် မည်သို့စဉ်းစားနေသနည်းက စိတ်ဝင်စားဖို့ ကောင်းသည်။
ဦးရွှေမန်း၏ သားများအနက် ၂ ဦးသည်လည်း နိုင်ငံတွင် အဓိက စီးပွားရေးလုပ်ငန်းအများအပြားကို လုပ်ကိုင်နေသောကြောင့် ပါတီဝင်များကလည် စိတ်မသက်မသာဖြစ်ကြသည်ဟု ဆိုသည်။ ဦးရွှေမန်းသည် တပ်မတော်တွင် ထိပ်တန်းဗိုလ်ချုပ်အဖြစ် ထမ်းဆောင်နေချိန်မှ စတင်ပြီး ဦးအောင်သက်မန်းနှင့် ဦးတိုးနိုင်မန်း တို့သည် ဆက်သွယ်ရေးလုပ်ငန်း၊ စိုက်ပျိုးရေး၊ သဘာဝဓါတ်ငွေ့၊ စားသောက်ဆိုင်လုပ်ငန်း၊ အိမ်ခြံမြေလုပ်ငန်းနှင့် အခြားလုပ်ငန်းများလုပ်ကိုင်နေကြပြီး နိုင်ငံ၏ အချမ်းသာဆုံးသူများစာရင်းတွင်ပါဝင်သည်ဟု သတ်မှတ်ခံကြရသည်။
ထိပ်တန်းဗိုလ်ချုပ်ကြီးများ၏ ဆွေမျိုးရင်းများသည် အစိုးရဝန်ကြီးဌာနများ၏ မျက်နှာသာပေးမှုဖြင့် စီးပွားရေးလုပ်ငန်းကြီးများလုပ်ကိုင်ကြသည်မှာ မြန်မာနိုင်ငံတွင် မထူးဆန်းလှပေ။ ထိုသား ၂ ယောက်သည်လည်း ဒေါ်အောင်ဆန်းစုကြည်နှင့် ရင်းနှီးကြသော်လည်း ၎င်းတို့၏ စီးပွားရေးအင်ပါယာကြီးများ၏ အရွယ်အစားကို အောင်ဆန်းစုကြည် သိ၊ မသိ ကို မသိရပေ။( မသိဟု ဆိုလျှင်ပင် သိသင့်သည် ဖြစ်သည်။)
ထို့ပြင် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင်၏ လွှတ်တော်တွင် လုပ်ဆောင်မှုများနှင့် ပတ်သက်ပြီး ဝေဖန်သူများက မကျေနပ်ကြသကဲ့သို့ အချို့သော လွှတ်တော်ကိုယ်စားလှယ်များက ကော်မရှင်သည် လုပ်ပိုင်ခွင့်ကိုချိုးဖေါက်သည်ဟုပင် ထင်ကြသည်။
နိုင်ငံရေးပါတီသစ်
ဦးရွှေမန်းသည် ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီအမည်ဖြင့် နိုင်ငံရေးပါတီသစ်တခု တည်ထောင်ရန် ရွေးကောက်ပွဲ ကော်မရှင်တွင ဖေဖေါ်ဝါရီလက မှတ်ပုံတင်လိုက်သည်။
ထိုပါတီသည် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် လုပ်ဆောင်ပြီး နိုင်ငံတိုးတက်ရေးအခြေခံလိုအပ်ချက်အဖြစ် စီးပွားရေးတိုးတက်ရေးကို ပညာရေး၊ ကျန်းမာရေးနှင့် ယဉ်ကျေးမှု၊ တရားဥပဒေစိုးမိုးမှု ထူထောင်ရေး၊ တည်ငြိမ်ရေး၊ တန်းတူညီမျှရေးနှင့် ငြိမ်းချမ်းရေး များအား စနစ်တကျအကောင်အထည်ဖေါ်ရေးတို့နှင့်အတူ အားပေးမည်ဟု သူပြောသည်။ သူ၏ ပါတီသစ်သည် နိုင်ငံအတွက် သင့်တော်သော ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ကို ရေးဆွဲမည်ဟုလည်း သူပြောသည်။ NLD ခေါင်းဆောင်များကို ထိုလုပ်ရပ်ကို မည်သို့တုံ့ပြန်မည်နှင့် သူသည် ကော်မရှင် ဥက္ကဌအဖြစ် ဆက်လက် ရှိနေမည်၊ မနေမည်ကို ထိုအချိန်မှ စတင်ပြီး ခန့်မှန်းပြောဆိုမှုများပေါ်ပေါက်လာသည်။
သို့သော် ကော်မရှင်ကို ဆက်လက် သက်တမ်းတိုးပေးလိမ့်မည်ဟု ဦးရွှေမန်း ဆက်လက်မျှော်လင့်နေခဲ့သည်။ ကော်မရှင်ကို သူနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ၂ ဦး ၂ ဖက် ဆက်ဆံရေးပေါ်တွင် အခြေခံဖွဲ့စည်းခဲ့သောကြောင့် ကော်မရှင်၏ အနာဂတ်သည် သူနှင့် ဒေါ်အောင်ဆန်းစုကြည်တို့အကြား ညှိနှိုင်းမှုများအပေါ် မူတည်သည်ဟု ဖေဖေါ်ဝါရီလက သူပြောခဲ့သည်။
သူ၏ကော်မရှင်ကို ဆက်လက်ထားရှိမည်ဟု ဦးရွှေမန်းကို ပြောခဲ့ကြောင်း ထင်ရှားသောကြောင့် လွန်ခဲ့သောအပါတ်ကဖြစ်ရပ်မှာ အထူးစိတ်ဝင်စားစရာကောင်းနေသည်။ သူသည် ကော်မရှင် ခေါင်းဆောင်မှုကို ဦးဝင်းထိန်ထံ လွှဲပေးရန် စီစဉ်နေသည့်သဘော အတွင်း သတင်းများက ဆိုသည်။ ဒေါ်အောင်ဆန်းစုကြည်၏ တချိန်က အနီးဆုံး လူယုံတဦးဖြစ်ခဲ့သော တပ်မတော်အရာရှိဟောင်း နိုင်ငံရေးသမား ဦးဝင်းထိန်သည် ပါတီတွင်း အာဏာလွန်ဆွဲပွဲကြောင့် သြဇာနှင့် ဒေါ်အောင်ဆန်းစုကြည်၏ ထောက်ခံမှု ဆုံးရှုံးနေသည်။ ဦးရွှေမန်းနှင့် ဦးဝင်းထိန်တို့အကြား ကော်မရှင်ခေါင်းဆောင်မှုနှင့် ပါတ်သက်ပြီး နားလည်မှုတခု ရှိပုံရသည်။
သို့သော် ကော်မရှင်၏ အနာဂတ်ကို ဦးဝင်းထိန်အား အပ်တော့မည်ဟု သတင်းများထွက်လာသောအခါ ပါတီ အမှုဆောင်များ ထိတ်ထိတ်ပြာပြာဖြစ်ပြီး ကော်မရှင်သက်တမ်းကို ရပ်ဆိုင်းလိုက်သည်ဟု အယူအဆတခုအရ ခန့်မှန်းကြသည်။ ဦးဝင်းထိန်တွင်လည်း ပါတီတွင်းပါတီပ ရန်သူများစွာ ရှိနေကောင်းရှိနေနိုင်သည်။ ပါတီတွင်းမှ သူ့ကို ဆန့်ကျင်သူများသည် သူ၏ ဩဇာအာဏာကို တားဆီးရန် ဆုံးဖြတ်ထားပြီး အနားယူသွားစေလိုပုံရသည်။
ထို့ကြောင့် ကော်မရှင်သက်တမ်းတိုးခြင်းကို ကိုယ်စားလှယ် ၂၀ ကသာထောက်ခံပြီး ၅၅၅ ဦးက ကန့်ကွက်ကာ ၁၀ ဦး မဲမပေးဘဲနေသည်။ ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးရွှေမန်းအကြား နိုင်ငံရေးမဟာမိတ် နိဂုံးချုပ်သွားပြီဟု ဆိုနိုင်ပါမည်လား။ ကော်မရှင် သက်တမ်းတိုးခြင်းကို ကန့်ကွက်မဲပေးရန် မည်သူအမိန့်ပေးသနည်း။ အခြေအနေမှာ ရှုပ်ထွေးနေသည်။ သို့သော် ထိုဆုံးဖြတ်ချက်သည် ထိပ်ဆုံးမှလာသော ဆုံးဖြတ်ချက်ဖြစ်သည်။ ဦးရွှေမန်းနှင့် အထူလုပ်လုပ်ကိုင်ခဲ့သော အချို့ပါတီဝင်များက “ဒီလိုလုပ်တာကတော့ အရပ်ဆိုးတာပေါ့၊ ဒီထက်ကောင်းတဲ့နည်းလမ်းမျိုး ရှိသင့်ပါတယ်” ဟု မကျေမချမ်း ဆိုကြသည်။
ကော်မရှင်ဖျက်သိမ်းသော ဆုံးဖြတ်ချက်ချချိန်မှ စတင်ပြီး ဦးရွှေမန်းနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ဆက်လက်တွေ့ဆုံဆွေးနွေးနေသည်ဟူသော ကောလာဟလများလည်း ရှိသည်။ သို့သော် သေချာသည်မှာ လွှတ်တော်တွင် ကော်မရှင်သက်တမ်းတိုးရေး မဲခွဲဆုံးဖြတ်ပြီးနောက် NLD မှဖြစ်စေ၊ ဗိုလ်ချုပ်မှူကြီး မင်းအောင်လှိုင်အပါအဝင် အခြားနေရာများမှဖြစ်စေ ဦးရွှေမန်း၏ရန်သူများသည် ရှန်ပိန်ဖြင့် အောင်ပွဲခံနေကြမည် ဟူသောအချက်ပင် ဖြစ်တော့သည်။
( Aung Zaw ၏ For U Shwe Mann, Enemies Lurk Everywhere ကို ဘာသာပြန်ဆိုသည်။)