ဆောင်းပါး

စည်ပင်ဥပဒေသစ် အသက်မဝင်သေးတဲ့ အကျင့်ဟောင်းများနဲ့ မြို့တော်

Want create site? Find Free WordPress Themes and plugins.

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဟာ အကျင့်ပျက်ခြစားမှု စွပ်စွဲချက်တွေ၊ သူတို့ရဲ့ လုပ်ငန်းတာဝန်တွေကို ပေါ့ဆမှုတွေကြောင့် နှစ်ပေါင်းများစွာ နာမည်ဆိုးနဲ့ ကျော်ကြားခဲ့ပါတယ်။ ဒါပေမယ့် ၂၀၁၈ ခုနှစ်၊ ဇွန်လမှာ စည်ပင်ဥပဒေသစ်ကို ပြဌာန်းခဲ့တဲ့အချိန်မှာ မျှော်လင့်ချက်တွေ မြင့်တက်ခဲ့ပါတယ်။ စည်ပင်သာယာအဖွဲ့ကို ပြုပြင်ပြောင်းလဲရန်နဲ့ ဝန်ဆောင်မှုတွေ ပိုကောင်းကောင်းပေးနိုင်ဖို့ ရည်ရွယ်ပြီး ၁၉၂၂ ရန်ကုန်မြူနီစပါယ်ဥပဒေနဲ့ ၂၀၁၃ ခုနှစ် ရန်ကုန်မြို့တော်စည်ပင်သာယာရေးဥပဒေတို့နေရာမှာ ဥပဒေသစ်ကို အစားထိုးခဲ့တာပါ။

စည်ပင်ဥပဒေသစ်အရ ရန်ကုန်မြို့ စီမံခန့်ခွဲရေးမှာ မြို့တော်ဝန်ကို ကူညီဖို့ ဒုတိယမြို့တော်ဝန်နေရာတစ်ခု ဖန်တီးခဲ့ပြီး ရွေးကောက်ခံ YCDC ကော်မတီဝင်အရေအတွက်ကို ၄ ယောက်ကနေ ၆ ယောက်အထိ တိုးမြှင့်ခဲ့ပါတယ်။ ဥပဒေနဲ့မညီညွတ်တဲ့ လမ်းဘေးဈေးသည်တွေ၊ ကျူးကျော်တွေ၊ အမှိုက်စွန့်ပစ်ခြင်း၊ ကွမ်းတံတွေးထွေးခြင်းနဲ့ အများပြည်သူနဲ့ဆိုင်တဲ့ နေရာတွေနဲ့ သမိုင်းအမွေအနှစ်အဆောက်အဦးတွေကို ဖျက်ဆီးခြင်းတို့အတွက် ပြင်းထန်တဲ့ပြစ်ဒဏ်များ ပါဝင်ပါတယ်။ စီးပွားရေးလုပ်ငန်းနဲ့ ဆောက်လုပ်ရေးနဲ့ မြို့ပြစီမံခန့်ခွဲခြင်းတွေကို ပိုပြီး ကြပ်မတ်နိုင်ဖို့ အချက်တွေ ပါဝင်ပါတယ်။

ဒီဥပဒေသစ်မှာ အရင်အဟောင်းတွေနဲ့မတူတဲ့ နောက်ထပ်ထူးခြားချက်တရပ်ကတော့ စည်ပင်ဝန်ထမ်းတွေအနေနဲ့ တာဝန်ပျက်ကွက်တာတွေ၊ ကြီးမားတဲ့ မှားယွင်းမှုတွေအတွက် အရေးယူနိုင်တဲ့အချက်တွေ ပါဝင်လာတာပါ။

တကယ်လို့ ဒီဥပဒေသစ်သာ အမှန်တကယ်အသက်ဝင်လာမယ်ဆိုရင် အလုပ်ပြီးမြောက်ဖို့အတွက် စည်ပင်ကို လာဘ်ပေးမှရတယ်ဆိုတဲ့ ပြည်သူတွေရဲအမြင်ကို ထိထိရောက်ရောက် ပြောင်းလဲပေးနိုင်မှာဖြစ်ပြီး မြို့တော်စည်ပင်ရဲ့ ဝန်ဆောင်မှုတွေနဲ့ပတ်သက်ပြီး ကာလရှည် မပျော်မရွှင်ဖြစ်နေရတဲ့ ပြည်သူတွေအတွက် စိတ်ကျေနပ်စရာ အမှန်တကယ် ဖြစ်လာမှာ အသေအချာပါ။

ဒါပမေယ့် ဥပဒေပြုပြီး ၈ လကြာချိန်အထိ (ပညာပေးကာလ ၃ လ – ဇူလိုင်၊ သြဂုတ်၊ စက်တင်ဘာ ၂၀၁၈ – အပါအဝင်) ဥပဒေကို အကောင်အထည်ဖော်နိုင်မှုက အနည်းငယ်သာ ရှိနေပါတယ်။

YCDC အနေနဲ့ ဥပဒေသစ်ကို လက်တွေ့အကောင်အထည်ဖော်ရာမှာ အားနည်းချက်တွေ ရှိနေသေးတာနဲ့ ပတ်သက်ပြီး မကြာသေးခင်က ရိုက်ကူးထားတဲ့ ဧရာဝတီရဲ့ ဓာတ်ပုံတွေက မီးမောင်းထိုးပြနေပါတယ်။

(၁) အထိန်းအကွပ်မဲ့နေတဲ့ လမ်းဘေး ဈေးသည်များနှင့် လမ်းကျူးများ

ရန်ကုန်မြို့လမ်းမတွေပေါ် ခေါင်းရွက်ဗြက်ထိုးတွေ၊ လမ်းဘေးဈေးသည်တွေ ပိတ်ဆို့ထားတာက ယာဉ်ကြောပိတ်ဆို့မှုတွေ ဖြစ်ရသလို၊ လမ်းသွားလမ်းလာတွေ ကားလမ်းပေါ်တွေပေါ်ဆင်းပြီး လမ်းလျှောက်နေရခြင်းနောက်ကွယ်က အဓိက အကြောင်းအရာတရပ်လည်း ဖြစ်နေပါတယ်။

ပန်းပဲတန်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်ဦးကတော့ YCDC ဥပဒေ အသက်ဝင်လာချိန်မှာ မြို့လယ်က အဓိကလမ်းများရဲ့ လူသွားစြင်္ကန်များပေါ်က လမ်းဘေးဈေးသည်တွေကို ရှင်းလင်းဖို့ တာဝန်ရှိသူများက ဆောင်ရွက်နိုင်ခဲ့တယ်လို့ ပြောပါတယ်။ နောက်ပိုင်းမှာ လမ်းတွေမှာ ဈေးသည်တွေ ညအိပ်နေတာကိုပါ တဖြည်းဖြည်းချင်း တားမြစ်သွားမယ်လို့ ဆိုပါတယ်။

ဒါပေမယ့် ဒီလမ်းဘေးဈေးသည်တွေနဲ့ တာဝန်ရှိသူတွေရဲ့ လိုက်တမ်းပြေးတမ်းကစားပွဲကို တိုင်းလွှတ်တော်ကိုယ်စားလှယ် တော်တော်များများကတော့ စိတ်ပျက်နေကြပါတယ်။

အင်းစိန်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဝေဖြိုးဟန်က သူ၏ မဲဆန္ဒနယ်တွင် တိုင်ကြားမှုရှိတဲ့ အချိန်မှာ ပြန့်ကျဲနေတဲ့ ဈေးသည်တွေနဲ့ ဆိုင်တွေကို စည်ပင်ဝန်ထမ်းတွေက ရှင်းလင်းကြပေမယ့် စည်ပင်တွေထွက်သွားရင် ဈေးသည်တွေက ပုန်းနေရာကနေ အလျှိုလျှိုပြန်ပေါ်လာကြတယ်ဟု ပြောပါတယ်။

အချိန်အတော်ကြာ ဥပဒေနှင့် အညီ မဆောင်ရွက်ခဲ့တဲ့အတွက် ဈေးသည်တော်တော်များများက သူတို့က ဥပဒေကို ကျော်လွန်ပြီလုပ်နေတဲ့ဆိုတာ မသိတော့ဘဲ အမှန်လို့ ထင်နေတယ်လို့ စမ်းချောင်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသော်တာအောင်က ပြောပါတယ်။

လမ်းဘေးဈေးသည်ပြနာက တရားဝင်ဈေးတွေမှာ ရောင်းနေတဲ့ဈေးသည်တွေကိုပါ နစ်နာစေတယ်လို့ သူက ဆိုပါတယ်။

လမ်းဘေးမှာ ဈေးရောင်းနေတဲ့ ဈေးသည်တွေအပြင် လမ်းတွေပေါ်ကို ကျူးကျော်ထားတဲ့ ဆိုင်ခန်းတွေ ဆိုင်ကြီးတွေကိုပါ အရေးယူဖို့လိုတယ်လို့ ဦးသော်တာအောင်ကပြောပါတယ်။

YCDC ဥပဒေသစ်မှာ အများပြည်သူနှင့်ဆိုင်တဲ့ လမ်းမများ၊ လမ်းများနဲ့ လူသွားစြင်္ကန်တွေကို ပိတ်ဆို့ခြင်းကို တားမြစ်ထားပါတယ်။ ချိုးဖောက်ပါက ဒဏ်ငွေ ၁၀၀၀၀၀ မှ ၅၀၀၀၀၀ အထိ ချမှတ်နိုင် သလို ထပ်မံ ဖောက်ဖျက်ကျူးလွန်သူများကို ထောင်ဒဏ် ၃ လ အထိချမှတ်နိုင်တယ်လို့ ဥပဒေမှာ ပြဌာန်းထားပါတယ်။

မြေနီကုန်းရှိ စည်းကမ်းမဲ့ လမ်းဘေး ဈေးရောင်းမှုများက ပို ကားကျပ်လာစေသည်/ ထက်ဝေ

“အများပြည်သူ အနှောင့်အယှက်ဖြစ်ရတာမျိုးဆိုရင် ဥပဒေအတိုင်းပဲ သွားရပါမယ်” လို့ ဦးသော်တာအောင်က ထပ်ပြောပါတယ်။

လမ်းဘေးဈေးသည်များကို ထိရောက်စွာ ထိန်းချုပ်ကိုင်တွယ်ရန် ပျက်ကွက်ခြင်းရဲ့ နောက်ကွယ်က အဓိက အကြောင်းရင်းက YCDC ရဲ့ စီမံချက်ချမှတ်မှု အားနည်းတာနဲ့ ရေရှည်အတွက် အဖြေများ မရှိတာကြောင့် ဖြစ်တယ်လို့ ဒဂုံမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက ပြောပါတယ်။

“ဈေးသည်တွေကို ဘယ်နေရာမှာ ပြန်ချပေးမလဲ ဘယ်လိုလုပ်မလဲ အစကတည်းက မျှော်မှန်းထားရမယ်။ အခုတော့ ဒီလို အစီအမံမျိုး မရှိဘူး။ ပြောလိုက်မှ ဖယ်ဆိုတော့ ဈေးသည်တွေက ဘယ်သွားလို့သွားရမလဲ မသိဘူး” ဟု သူက ပြောပါတယ်။

လူသွားလမ်းပေါ်က မီးစက်များ

ဥပဒေအတိုင်း အကောင်အထည်ဖော်ရန် YCDC ရဲ့ ပျက်ကွက်မှုထဲက နောက်ထပ် ထင်ရှားတဲ့ ဥပမာတခုက ဥပဒေတွင် ဒဏ်ငွေ ၁၀၀၀၀၀ မှ ၅၀၀၀၀၀ အထိ ချမှတ်မည်ဟု ဖော်ပြထားသည်ကို ပမာမခန့်ပြု၍ ထီးထီးမားမား ရပ်တည်နေတဲ့ မီးစက်ဟောင်းကြီးများ ဖြစ်ပါတယ်။ ပြစ်ဒဏ်ကို ထပ်မံကျူးလွန် သူတွေကို ထောင်ဒဏ် ၆ လ ချမှတ်မည်လို့လည်း ဥပဒေမှာ ဖော်ပြထားပါတယ်။

သူ၏ မဲဆန္ဒနယ်အတွင်း ဥပဒေသစ်အရ ဖယ်ရှားပေးရန်လိုအပ်တဲ့ မီးစက်တွေကို စာရင်းကောက်ထားပြီးဖြစ်ကြောင်း ပန်းဘဲတန်းမြို့နယ်က လွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်ဦးက ပြောပါတယ်။ မီးစက်ချထားသူတွေကို သတိပေးစာတွေပေးပို့သွားပြီး အချိန်နည်းနည်းပေးပြီး ဖယ်ရှားခိုင်းသွားမယ်လို့ ပြောပါတယ်။

“ဒါပေမယ့် ဒါကို အကောင်အထည်ဖော်ဖို့ ကျနော်တို့ အချိန်ယူဖို့ လိုပါတယ်။” ဟု သူက ထပ်ပြောပါတယ်။

အမှိုက်စီမံခန့်ခွဲရေး

ရန်ကုန်ရဲ့ စွန့်ပစ်အမှိုက်စီမံခန့်ခွဲမှုက အချိုးအစားမမျှတဲ့ ဝန်ထမ်းတွေ၊ လုံလောက်မှု မရှိတဲ့ အမှိုက်ပုံးတွေနဲ့ စားသုံးသူတွေရဲ့ ကုန်ပစ္စည်းဝယ်ယူမှုမြင့်တက်လာမှုတွေကြောင့် ရန်ကုန်က လမ်းတွေက ပလတ်စတစ်တွေ စွန့်ပစ်ပစ္စည်းတွေနဲ့ ရှုပ်ပွလေ့ရှိပြီး နောက်ဖေးလမ်းကြားနဲ့ ရေမြောင်းတွေမှာလည်း စားကြွင်းစားကျန်တွေ စွန့်ပစ်အမှိုက်တွေနဲ့ ပြည့်နေတတ်ပါတယ်။

အင်းစိန်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဝေဖြိုးဟန်က သူရဲ့ မဲဆန္ဒနယ်အပါအဝင် ရန်ကုန်က မြို့နယ်အချို့မှာ လွှတ်တော်ကိုယ်စားလှယ်တွေက အထုပ်ကောက်တဲ့စနစ်အသစ်တခုကို စီမံချက်ဆွဲပြီး စလုပ်နေကြကြောင်း ပြောပါတယ်။

နေအိမ်တွေက အမှိုက်တွေကို တပတ်လျှင်၂ ကြိမ် သို့မဟုတ် ၃ ကြိမ် အိမ်တိုင်ရာရောက် စည်ပင်ဝန်ထမ်းတွေက လာရောက် ကောက်ပေးတဲ့ အစီအစဉ် ဖြစ်ပါတယ်။ အမှိုက်ပုံးရှိတဲ့နေရာနဲ့ ဝေးလို့ဆိုပြီး မြောင်းတွေထဲနဲ့ လမ်းတွေပေါ် အမှိုက်ထုပ်တွေ ပစ်ထည့်တာကို လျှော့ဖို့အတွက် ရည်ရွယ်တဲ့အစီအစဉ်က စည်ပင်က ဝန်ထမ်းအင်အားနဲ့ ယန္တရားလိုအပ်ချက်တွေကြောင့် ရေရှည်ဖြစ်ဖို့ကတော့ ခက်ခဲနေပါသေးတယ်။

လမ်းဘေးခွေးပြသနာနဲ့ ကုသိုလ်ပြု အစာကျွေးခြင်း

ရန်ကုန်မြို့မှာ နေထိုင်နေသူတွေ နောက်ထပ်ရင်ဆိုင်နေရတဲ့ပြဿနာကတော့ လမ်းဘေးခွေးတွေေ ဖြစ်ပါတယ်။

“ကျနော်တို့မှာ ခွေးချစ်သူတွေရှိသလို ခွေးကြောက်သူတွေလည်း ရှိပါတယ်။ သူတို့အတွက်တော့ လမ်းဘေးခွေးတွေက အန္တရယ်ပါပဲ” လို့ စမ်းချောင်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသော်တာအောင်က ပြောပါတယ်။

ရန်ကုန်မြို့က မြို့နယ်အတော်များများမှာ လမ်းဘေးခွေးတွေဟာ အုံနဲ့ ကျင်းနဲ့ မင်းမူနေတတ်ပြီး ဒီအထဲက မြို့နယ်တခုကတော့ စမ်းချောင်းပါ။ စမ်းချောင်းရဲ့ ညပိုင်းတွေမှာ နယ်မြေလုပွဲအတွက် ခွေးတွေ အချင်းချင်းကိုက်ကြတာနဲ့ လမ်းပေါ်မှာ ကစားတဲ့ကလေးတွေပါ ခွေးကိုက်ခံရတာတွေ ရှိနေပါတယ်။ ခွေးရူးပြန် ရောဂါအပေါ် စိုးရိမ်ကြသူတွေက ဒီပြဿနာကို ကိုင်တွယ်ပေးဖို့ တာဝန်ရှိသူတွေကို မကြာခဏတောင်းဆိုကြပါတယ်။ ဒါပေမယ့် စည်ပင်ရဲ့ နည်းလမ်းဟောင်းဖြစ်တဲ့ ခွေးတွေကို အဆိပ်ကျွေးတာကိုလည်း တော်တော်များများက လက်မခံကြပါဘူး။ YCDC ရဲ့ အခြားရွေးချယ်စရာတွေဖြစ်တဲ့ ကာကွယ်ဆေးထိုးတာနဲ့ သားကြောဖြတ်တာတွေကိုလည်း အခြေအနေ အနည်းငယ်တွင်သာ အကောင်အထည်ဖော်နိုင်ခဲ့ပါတယ်။

လမ်းဘေးခွေးတွေကို လမ်းတွေမှာ စည်းမဲ့ကမ်းမဲ့ အစာကျွေးနေတာတွေက ပတ်ဝန်းကျင်ကိုအမှိုက်ပွစေပါတယ်လို့ ဦးသော်တာအောင်က ပြောပါတယ်။


ဒဏ်ရိုက်မည်ဆိုသော်လည်း လမ်းမပေါ်တွင် ကွမ်းသွေးထွေးခြင်းက နေ့စဉ်မြင်နေရသေးသည်/ ထက်ဝေ

စည်ပင်ဥပဒေမှာ တိရစ္ဆာန်တွေကို လမ်းမပေါ် အစာပစ်ကျွေးတာကို ဒဏ်ငွေ ၁ သိန်းကနေ ၅ သိန်းအထိ ပြစ်ဒဏ်ချမှတ်နိုင်တယ်လို့ သတ်မှတ်ထားပြီး လမ်းပေါ် ကွမ်းတံတွေး ထွေးခြင်းကိုလည်း ဒဏ်ငွေ ၃ သောင်းကနေ ၅ သောင်းအထိ သတ်မှတ်ထားပါတယ်။


မျှော်လင့်ချက်သစ်

စည်ပင် သာယာရေး အဖွဲရဲ့ ပြည့်စုံမှု မရှိတဲ့ ဖွဲ့စည်းပုံက ဥပဒေသစ် အကောင်အထည်ဖော်ရေးမှာ အဓိက အားနည်းချက်တခုဖြစ်တယ်လို့ စမ်းချောင်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသော်တာအောင်က ပြောပါတယ်။

သင်္ကန်းကျွန်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးနေဘုန်းလတ် နဲ့ ကျောက်တံတားမြို့နယ်မှ လွှတ်တော် ကိုယ်စားလှယ် ဒေါ်ကြည်ပြာတို့ကလည်း အမြင်တူကြပါတယ်။ ရွေးကောက်ခံကိုယ်စားလှယ်များ မရှိဘဲ အစိုးရကခန့်ထားတဲ့ ကော်မတီဝင် ၅ ယောက်ထဲနဲ့ ကျန်တဲ့ဌာနတွေအကုန်လုံးကို စီမံခန့်ခွဲရာမှာ လုပ်ငန်း မနိုင်နင်းမှုတွေရှိနိုင်တယ်လို့ ပြောပါတယ်။

စည်ပင် ရွေးကောက်ပွဲတွေကို လာမယ့် မတ်လ ၃၁ ရက်နေ့တွင် ကျင်းပမှာဖြစ်ပါတယ်။ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ် ပြိုင်ဖို့ စုစုပေါင်း ကိုယ်စားလှယ်လောင်း ၂၇၄ ယောက် စာရင်းသွင်းထားပါတယ်။ မြို့နယ် အဆင့်အတွက် ၉၉ နေရာ (မြို့နယ် ၃၃ ခုတွင် တမြို့နယ်လျှင် ၃ နေရာ) နှင့် YCDC အလုပ်အမှုဆောင် ကော်မတီဝင် ၆ နေရာ ရှိပါတယ်။

“ရွေးကောက်ပွဲ ပြီးရင် တိုးတက်ဖို့ ကျမတို့က မျှော်လင့်တယ်။ ရွေးကောက်ခံ ကိုယ်စားလှယ် တွေရဲ့ တဝက်လောက်ကပဲ ပြည်သူတွေအတွက် တကယ်စေတနာထားပြီး လုပ်တဲ့သူတွေပါလာရင် လာမယ့် ၂ နှစ်အတွင်းမှာ အရွေ့ကိုရွေ့အောင်လုပ်လို့ရပါတယ်” လို့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ပြာက ပြောပါတယ်။

( San Yamin Aung ၏ Yangon Authorities Slow to Implement New Municipal Law ဘာသာပြန်သည်။)

Did you find apk for android? You can find new Free Android Games and apps.
Loading