ဆောင်းပါး

ရိုဟင်ဂျာအမည်ကို နိုင်ငံသားအခွင့်အရေးနှင့် လဲခြင်း

Want create site? Find Free WordPress Themes and plugins.

လွန်ခဲ့သော ၃ နှစ်အတွင်း ရခိုင်ပြည်နယ်တွင် နိုင်ငံသားဖြစ်ခွင့် လျှောက်ထားသော ရိုဟင်ဂျာ မွတ်စလင် ခုနစ်ထောင်ကျော် ရှိခဲ့ပြီး ငါးဆယ်ရာခိုင်နှုန်းကျော်ကို လွန်ခဲ့သော လအနည်းငယ်အတွင်းက အတည်ပြုပေးပြီးနောက် ကတ်များ ထုတ်ပေးပြီး ဖြစ်ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၏ အဆိုအရ သိရသည်။

၎င်းတို့အနက် အများစုသည် လွန်ခဲ့သော ဆယ်စုနှစ် ၇ ခုအထိ အကျုံးဝင်သော မိသားစုစာရင်းများ မရှိသောကြောင့် နိုင်ငံသားအပြည့်အ၀ မရရှိကြောင်း အမျိုးသား မှတ်ပုံတင်ရေးနှင့် နိုင်ငံသားဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးရှိန်ဝင်းက ပြောသည်။

မည်သို့ပင်ဆိုစေကာမူ မကြာသေးမီက နိုင်ငံသားကတ်များ ထုတ်ပေးလိုက်ခြင်းသည် ပဋိပက္ခ ဖြစ်ပွားနေသော ထိုဒေသတွင် မျှော်လင့်ချက်များနှင့်အတူ နစ်နာမှုများကိုလည်း ထုတ်ဖော် ပြောဆိုခြင်းများ တပြိုင်နက်တည်း ဖြစ်ပေါ်လာပြန်သည်။ ထိုဖြစ်ရပ်နှင့် ပတ်သက်ပြီး မောင်တောမြို့နယ်ရှိ ရိုဟင်ဂျာများနှင့် ရခိုင်မြောက်ပိုင်း စစ်ဆင်ရေးများကြောင့် ၂၀၁၇ ခုနှစ်နှောင်းပိုင်းမှ စတင်ပြီး ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးသူ ၇ သိန်းကျော်တို့အကြောင်း ဝေဖန်တုံ့ပြန်မှုများ ရှိနေသည်။

ဒုက္ခသည်များကို ပြန်လည်လက်ခံရေးအတွက် ဘင်္ဂလားဒေ့ရှ် နိုင်ငံနှင့် မြန်မာနိုင်ငံတို့အကြား ၂၀၁၈ ခုနှစ်က သဘောတူ ခဲ့ကြသော်လည်း ထိုလုပ်ငန်းစဉ်ကို ထိထိရောက်ရောက် စတင်နိုင်ခြင်း မရှိသေးပေ။ ပြန်လာကြသော ဒါဇင်အနည်းငယ်ခန့် သည်လည်း တရားဝင် လမ်းကြောင်းထက်၊ ကိုယ့်နည်းကိုယ့်ဟန်နှင့် ပြန်လာကြခြင်း ဖြစ်သည်။

လွန်ခဲ့သောလက အာဏာပိုင်များသည် ဒုက္ခသည်များ ပိုမိုပြန်လာရန် မက်လုံးပေးသည့် အနေဖြင့် မောင်တောတွင် နေထိုင်သူ ရိုဟင်ဂျာများကို နိုင်ငံသားပြုခွင့် ရသူများအဖြစ် သတ်မှတ်ထားသော အစိမ်းရောက်ကတ် ၁၀၀ ကျော် ထုတ်ပေးခဲ့သည်။

မောင်တောဒေသခံများ၏ အဆိုအရ လျှောက်ထားသူ ၄၀၀ ကျော်ခန့်မှာလည်း မည်သို့သော နိုင်ငံသားအဆင့် သတ်မှတ်မည် မသိရသေးသော ကတ်များရရှိမည်ကို စောင့်ဆိုင်းနေဆဲ ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံသားဥပဒေကို အာဏာရှင် ဦးနေဝင်း အစိုးရခေတ်၊ ၁၉၈၂ ခုနှစ်က ပြဋ္ဌာန်းခဲ့ပြီး နိုင်ငံသား၊ ဧည့်နိုင်ငံသားနှင့် နိုင်ငံသား ပြုခွင့်ရသူဟု နိုင်ငံသား အမျိုးအစား သုံးမျိုး သတ်မှတ်ထားသည်။ ထိုနိုင်ငံသားများအတွက် ကတ်များကိုလည်း ပန်းရောင်၊ အပြာရောင်နှင့် အစိမ်းရောင်ဟု အသီးသီး ခွဲခြားထားသည်။

ထိုဥပဒေအရ လျှောက်ထားသူသည် ဗြိတိန်လက်အောက်မှ မြန်မာနိုင်ငံ လွတ်လပ်ရေးရသည့် ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့ မတိုင်မီ မြန်မာနိုင်ငံသို့ရောက်ရှိသည့် ဘိုးဘွားများမှ ဆင်းသက်လာပါက မည်သူမဆို အထက်ပါ နိုင်ငံသား ၃ မျိုးအနက် တခုခုဖြစ်ခွင့်ရှိကြောင်း ပြဌာန်းထားသည်။

လျှောက်လွှာများ အားလုံးကို ဝန်ကြီးဌာနအများအပြား၏ ထိပ်တန်း အရာရှိများပါဝင်သော နေပြည်တော်ရှိ ဗဟိုအဖွဲ့က စစ်ဆေးသည်။

၂၀၁၄ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့တွင် မြင်ရသော မောင်တောဈေး/Reuters

ကတ်များ ထောင်ချီထုတ်ပေးပြီး

ယင်းသို့ ကတ်များထုတ်ပေးသည့် အစီအစဉ်ကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ရွေးကောက်ပွဲ အပြတ်အသတ် အနိုင်ရသည့် ရွေးကောက်ပွဲအပြီး လအနည်းငယ်အကြာ ၂၀၁၆ ခုနှစ်အတွင်းက စတင်ခဲ့သည်ဟု ဦးရှိန်ဝင်းက ပြောသည်။

လျှောက်ထားသူ အများစုသည် နိုင်ငံသားလျှောက်ခွင့် ရရှိရေးအတွက် မြန်မာနိုင်ငံတွင် နေထိုင်ဖူးသူများ၏ အထောက်အထားဖြစ်သည့် NVC ကတ် ကိုင်ဆောင်သူများ ဖြစ်ကြောင်း သူက ပြောသည်။

ယင်း NVC ကတ်များသည် အဖြူရောင်ကတ် (White card) ဟု ခေါ်သော ကတ်များဖြင့် အစားထိုးရန် ပြီးခဲ့သည့် စစ်တပ် ကျောထောက်နောက်ခံပြု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အစိုးရက စီစဉ်ခဲ့ခြင်းဖြစ်သည်။ အဖြူရောင်ကတ် ကိုင်ဆောင်သူ များသည် ၂၀၁၀ အထွေထွေ ရွေးကောက်ပွဲတွင် မဲပေးခွင့်ရသော်လည်း နောက် ၂ နှစ် ကြာသောအခါ ရခိုင်ပြည်နယ်တွင် လူမှု အသိုင်းအဝန်း နှစ်ခုအကြား ပဋိပက္ခ ဖြစ်ပွားပြီး နောက်ပိုင်း ပြန်လည်ရုပ်သိမ်းလိုက်သဖြင့် နောင်တွင် ရိုဟင်ဂျာများ မဲပေးခွင့် ဆုံးရှုံးသွားကြသည်။

အစိုးရသည် ရခိုင်ပြည်နယ်တွင် NVC ကတ် ၁၄၀၀၀ ထုတ်ထားပေးပြီး ထိုသူများအနက် အနည်းဆုံး ထက်ဝက်က နိုင်ငံသား ဖြစ်ခွင့် လျှောက်ထားကြသည်ဟု ဦးရှိန်ဝင်းက ပြောသည်။ အစိုးရက လျှောက်ထားသူ အုပ်စု ၂ စုကို ယခုနှစ် ၂၀၁၉ အစောပိုင်းက နိုင်ငံသားကတ်များ ထုတ်ပေးခဲ့ပြီး စိစစ်ရန် နောက်ဆုံး အုပ်စုတစုသာ ကျန်တော့သည်ဟုလည်း ဦးရှိန်ဝင်းက ဆိုသည်။

“လျှောက်လွှာအများစုကို ချထားပေးပြီးပါပြီ။ ကိန်းဂဏန်းတွေလောက်ပဲ ကျနော်မသိတာ။ စိစစ်စရာ နောက်ဆုံးတသုတ်ပဲ ကျန်တော့တယ်” ဟု သူက ပြောသည်။

ခွင့်ပြုခံရသူ အများစုသည် အစိမ်းရောင်နှင့် အပြာရောင်ကတ်များ ရရှိကြောင်း ဦးရှိန်ဝင်းက ရှင်းပြသည်။ မိသားစုမှတ်တမ်း အပြည့်စုံဆုံး တင်ပြနိုင်သူ အနည်းငယ်ကိုသာ ပန်းရောက်ကတ်များ ပေးခဲ့သည်။

“ပန်းရောင်ကတ် ကတော့ အနည်းဆုံးပါပဲ” ဟု သူက ပြောသည်။

အခွင့်အရေး ပိုရ

ဗဟိုအဖွဲ့သည် အစိမ်းရောင်ကတ် ၇၄ ကတ်ကို မကြာသေးမီက အတည်ပြုပေးခဲ့သည်ဟု ကတ်လျှောက်ထားသူ ရိုဟင်ဂျာ တချို့က ပြောသည်။

အဒူရာရှစ်က (လုံခြုံရေးအတွက် အမည်ပြောင်းလဲထား) သူ၏ မိသားစုသည် လွန်ခဲ့သော ဆယ်စုနှစ် ၇ ခုစာ မိသားစု မှတ်တမ်းကို တင်ပြနိုင်သောကြောင့် ကံကောင်းထောက်မစွာ ပန်းရောင်ကတ် ရရှိသူများတွင် ပါကြောင်း ပြောပြသည်။

လျှောက်ထားသူ အများအပြားတို့သည် နိုင်ငံသား အပြည့်အ၀ ဖြစ်ခွင့်ရမည်ဟု ထင်ခဲ့ကြသော်လည်း ၁၉၄၈ ခုနှစ်နှင့် ထိုထက် စောသော ကာလများက မိသားစုမှတ်တမ်းကို တင်ပြနိုင်ခြင်း မရှိသောကြောင့် အစိမ်းရောင်နှင့် အပြာရောင်ကတ် များကိုသာ ရရှိကြကြောင်း သူက ဆက်ပြောသည်။

အစိမ်းရောင်ကတ် ရရှိသူတချို့သည် မကျေနပ်သောကြောင့် အယူခံဝင်ရန် အထက်ကို တင်ပြထားကြောင်းနှင့် တချို့ဆိုလျှင် ထိုကတ်ကိုပင် ထုတ်ယူခြင်း မပြုရန် ဆုံးဖြတ်ထားကြောင်း ပြောပြသည်။

အေမာ ဟမ်ဇာ (အမည်လွဲ) သည် သူ၏ လျှောက်လွှာနှင့် ပတ်သက်သော ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းနေသူတဦး ဖြစ်သည်။ ပန်းရောင်ဖြစ်စေ၊ အစိမ်းရောင်ဖြစ်စေ၊ အပြာရောင်ဖြစ်စေ ထိုထုတ်ပေးသော ကတ်များတွင် မွတ်စလင်များ ခေါ်စေလိုသည့် ရိုဟင်ဂျာဆိုသည့် ဝေါဟာရ သုံးစွဲခြင်းအစား အစိုးရ သတ်မှတ်ထားသည့် အတိုင်း ဘင်္ဂါလီဟု ဖော်ပြထားကြောင်း သူက ဆိုသည်။

သို့သော် ပိုမိုကောင်းမွန်သော ဘဝကိုပိုင်ဆိုင်နိုင်ရေး အတွက် ထိုအသုံးအနှုန်းကို လျှောက်ထားသူများက လက်ခံကြသည်ဟု သူ့အဆိုအရ သိရသည်။ ထိုကတ် သုံးမျိုးသုံးစားထဲက ပန်းရောင်ဖြစ်စေ၊ အပြာရောင်ဖြစ်စေ၊ အစိမ်းရောင်ဖြစ်စေ ကတ် တမျိုးမျိုး ကိုင်ဆောင်ထားသူသည် လွတ်လပ်စွာ သွားလာခွင့်၊ အိုးအိမ်ပိုင်ဆိုင်ခွင့်၊ ပညာသင်ကြားခွင့်၊ မဲပေးခွင့်နှင့် နိုင်ငံကူး လက်မှတ်များ လျှောက်ထားခွင့် ရှိသောကြောင့် ထိုသို့ လက်ခံကြခြင်း ဖြစ်ကြောင်း သူက ရှင်းပြသည်။

“ကျနော်တို့က ဘင်္ဂါလီထက် ရိုဟင်ဂျာနာမည်ကို ပိုလိုချင်ပေမယ့် အစိမ်းရောင်ပဲ ဖြစ်ဖြစ်၊ ပန်းရောင်ကတ်ပဲ ဖြစ်ဖြစ် ဒါက လိုအပ်ချက် တခုပဲ။ ဒါကြောင့် လူမျိုးစု အဆင့်အတန်းကို လက်တွေ့ဘဝနဲ့ လဲလိုက်တာ” ဟု အေမာ ဟမ်ဇာက ပြောသည်။

ကတ်သစ်များတွင် ကိုင်ဆောင်သူများကို ဘင်္ဂါလီဟု ဖော်ပြထားကြောင်း ဦရှိန်ဝင်းကလည်း အတည်ပြု ပြောကြားသည်။ ထိုသို့ ဖော်ပြခြင်းမှာ ၎င်းတို့သည် လွတ်လပ်ရေး မတိုင်မီက အလုပ်သမားအဖြစ် ဗြိတိသျှတို့ ခေါ်လာသော ဘင်္ဂလားဒေ့ရှ် နိုင်ငံသားများဟု သတ်မှတ်သည့် အစိုးရ၏ သဘောထားကို ဖော်ပြထားခြင်းပင် ဖြစ်၏။

၂၀၁၇ ခုနှစ် ဒီဇင်ဘာလအတွင်း မြင်ရသည့် ဘင်္ဂလားဒေ့ရှ်ရှိ ဒုက္ခသည်စခန်းတခု/Reuters

ခက်ခဲသော ရွေးချယ်မှု

ဖေဖော်ဝါရီလအထိ NVC ကတ် ကိုင်ဆောင်သူ မည်မျှ နိုင်ငံသား လျှောက်ထားသည်ကို ရှင်းရှင်းလင်းလင်း မသိရပေ။ သမ္မတရုံး၏ အဆိုအရ လူဝင်မှုကြီးကြပ်ရေး ဌာနသည် အဖြူရောင်ကတ် ၇ သိန်း ၆ သောင်းကျော် ထုတ်ပေးခဲ့ကြောင်းနှင့် ၂၀၁၆ ခုနှစ် ဒီဇင်ဘာလအထိ ၄ သိန်း ၇ သောင်းခန့် ပြန်လည် အပ်နှံပြီးကြောင်းလည်း သိရသည်။

ထိုအချိန်မှ စတင်ပြီး လူဝင်မှုကြီးကြပ်ရေးဌာနသည် အဖြူရောင်ကဒ် လာရောက်အပ်နှံသူများကို NVC ကတ် ၆ ထောင်ကျော် ထုတ်ပေးပြီး ဖြစ်သည်။ မောင်တော အရာရှိအသိုင်းဝိုင်းနှင့် ဆက်ဆံရေးပြေပြစ်သူ အေမာ ဟမ်ဇာက ဖေဖော်ဝါရီလ ကတည်းက ရခိုင်ပြည်နယ်တွင် အစိမ်းရောင်ကတ် ၁၅၀ ထုတ်ထားပြီးဖြစ်ကြောင်း ပြောသည်။

ရိုဟင်ဂျာများသည် မိမိတို့ လိုချင်သော အမည်ကိုသာ ဆက်လက် ဆုပ်ကိုင်ထားပြီး ဘင်္ဂါလီဟု ဖော်ပြခြင်းကို ဆက်လက် ငြင်းဆန်နေလျှင် မည်သည့်အခါမှ နိုင်ငံသားဖြစ်ခွင့်ရမည် မဟုတ်ကြောင်းလည်း သူက ပြောသည်။

“ကျနော်တို့ရဲ့ မျိုးရိုးနာမည်ကို ဆုံးရှုံးသွားပေမယ့် အခွင့်အလမ်းတွေ ပိုမိုရလာတယ်။ ကျနော် လျှောက်လိုက်တာ မမှားဘူးလို့ ထင်တယ်” ဟု သူက ပြောသည်။

နိုင်ငံသားပြုခွင့်ရသူများနှင့် ဧည့်နိုင်ငံသားတို့မှာ မြန်မာနိုင်ငံသိ့ု ၁၉၄၈ ခုနှစ် နောက်ပိုင်းမှ ဝင်ရောက်လာသူ၊ ထိုသူများမှ ဆင်းသက်လာသူ သို့မဟုတ် နိုင်ငံခြားသား မှတ်ပုံတင်ကိုင်ဆောင်သူ မည်သူကိုမဆို ပေးအပ်သော နိုင်ငံသားအဆင့် အတန်းဖြစ်သည်။ သို့သော် ထိုကဲ့သို့သော နိုင်ငံသားများကို သံတမန်ဖြစ်ခွင့်၊ လွှတ်တော် ကိုယ်စားလှယ် သို့မဟုတ် သမ္မတ ရွေးကောက်ခံခွင့်နှင့် အစိုးရ ထိပ်တန်းရာထူး ဖြစ်ခွင့်မရှိပေ။

အဒူရာရှစ်နှင့် အေမာ ဟမ်ဇာ နှစ်ဦးစလုံးက ဘင်္ဂလားဒေ့ရှ်မှ ရိုဟင်ဂျာ တချို့သည်လည်း နိုင်ငံသား လျှောက်ထား လိုကြသော်လည်း ARSA အာဆာက ပစ်မှတ်ထားမည်ကို စိုးရိမ်နေကြကြောင်း ပြောပြသည်။ ထိုစစ်သွေးကြွ အုပ်စုသည် ၂၀၁၇ ခုနှစ်က စစ်ဆင်ရေးများ ဖြစ်စေခဲ့သည့် လုံခြုံရေး တပ်စခန်းများကို တိုက်ခိုက်ခဲ့သည့် အဖွဲ့ဖြစ်ပြီး ထိုအဖွဲ့ဝင် တချို့သည် စခန်းရှိ ဒုက္ခသည်များ အကြားတွင် ပုန်းအောင်နေသည်ဟု သတင်းများ ထွက်ပေါ်ခဲ့သည်။

အားနည်းချက်များရှိ

မောင်တောရှိ ရိုဟင်ဂျာများကို မိသားစု မှတ်တမ်းလိုအပ်ချက်ဖြင့် အစိမ်းရောင်ကတ် ထုတ်ပေးခြင်းသည် ပြည့်စုံ လုံလောက်ခြင်း မရှိကြောင်း ယခု ဖျက်သိမ်းလိုက်ပြီ ဖြစ်သော ရခိုင်ပြည်နယ် ဆိုင်ရာ အကြံပေးကော်မရှင် အဖွဲ့ဝင်ဟောင်း ဖြစ်သူ ဟာဂျီ ဦးအေးလွင်က ပြောသည်။

သူသည် ကော်မရှင်အဖွဲ့ဝင်အဖြစ် ဘင်္ဂလားဒေ့ရှ်ရှိ ဒုက္ခသည် စခန်းများသို့ အကြိမ်ကြိမ် သွားရောက်ခဲ့ပြီး ထိုဒုက္ခသည် အများအပြားတွင် မြန်မာအစိုးရက ၁၉၅၁ ခုနှစ်တွင် နိုင်ငံသားတိုင်းကို ထုတ်ပေးပြီး ပြန်လည်သိမ်းယူခဲ့သည့် အမျိုးသား မှတ်ပုံတင် (NRC) များရှိကြောင်း လေ့လာသိရှိခဲ့ရသည်။ မွတ်စလင်အများအပြား၊ အထူးသဖြင့် ရခိုင်ပြည်နယ်မှ မွတ်စလင် များသည် ထိုကတ်များကို ပြန်လည်အပ်နှံခြင်း မရှိပေ။

၁၉၈၈ ခုနှစ် အရေးတော်ပုံ အပြီးတွင် အစိုးရသည် မွတ်စလင်များကို အဖြူရောင်ကတ်များ စတင် ထုတ်ပေးခဲ့သည်။ ထို့ကြောင့် အဖြူရောင်ကတ် ကိုင်ဆောင်သူ အများအပြားသည် ယခင်က အမျိုးသား မှတ်ပုံတင်ကတ် (NRC) ကိုင်ဆောင် သူများ ဖြစ်နိုင်ကြောင်း သူက ပြောသည်။ ၎င်းက အာဏာပိုင်များအနေဖြင့် ထိုသို့ အထောက်အထား ပိုင်ဆိုင်သူများကို နိုင်ငံသားပြုခွင့် ရသူများကတ် ထုတ်ပေးခြင်းအပေါ် ပြန်စဉ်းစားစေလိုကြောင်း ဆိုသည်။

“ခွင့်ပြုခံရသူက အစိမ်းရောင်၊ ဒါမှမဟုတ် ဧည့်နိုင်ငံသားအဖြစ် သတ်မှတ်တာကို လက်ခံရင် ကျနော်တို့ဘာမှ ပြောစရာ မရှိဘူး။ ဒါပေမယ့် သူတို့အစိမ်းရောင်ကတ် လက်ခံလိုက်တဲ့အခါ ကျတော့ နိုင်ငံသား တင်းပြည့်ကျပ်ပြည့် အဆင့်က တဆင့် နိမ့်သွားပြီလေ” ဟု မြန်မာနိုင်ငံ ဘာသာပေါင်းစုံ ချစ်ကြည်ရေးအဖွဲ့တွင် အဖွဲ့ဝင်လည်း ဖြစ်သော ဦးအေးလွင်က ပြောသည်။

သို့သော် ယခု အစိမ်းရောင်ကတ် ရရှိသူများ၏ ကလေးများသည် နောင်တွင် နိုင်ငံသား အပြည့်အဝဖြစ်ခွင့် လျှောက်ထား နိုင်ကြမည်ဟု သူက မှတ်ချက်ပြုသည်။

အေမာဟမ်ဇာက ၎င်းတို့အနေဖြင့် မောင်တောတွင် လက်ရှိ ဖြစ်ပွားနေသော အကြမ်းဖက်မှုနှင့် ဖိနှိပ်မှုများကြောင့် မည်သည့် အရောင်ကတ်ကို ရသည်ဖြစ်စေ ရန်ကုန်သို့ပြောင်းကာ ဘဝသစ်ကို စတင်ရန် မျှော်မှန်းထားသည်။

“အဲဒီကတ်ရရင် မြန်မာတနိုင်ငံလုံးမှာ ကိုယ်သွားချင်ရာ သွားလို့ရတယ်” ဟု သူပြောသည်။

သို့သော် ယခင်က ရိုဟင်ဂျာများကို မှတ်ပုံတင်ကတ် အမျိုးမျိုးပေးပြီး ပြန်လည်သိမ်းယူ သွားခဲ့သောကြောင့် ယခုအခါ တွင်လည်း ထိုသို့ဖြစ်မည်ကို အများအပြားက စိုးရိမ်မကင်း ဖြစ်နေကြသည်။

ထိုပူပန်မှုများအကြောင်း ဦးဝင်းရှိန်ကို မေးသောအခါ သူက ရယ်မောလိုက်ပြီး “ဒီအစီအစဉ်ကို နိုင်ငံတော်က လုပ်တာ ဆိုတော့ အဲဒါမျိုးမဖြစ်ပါဘူး။ စိတ်မပူပါနဲ့” ဟု ပြောသည်။

(Moe Myint ၏ Rohingya Trading Identity for Partial Citizenship, More Rights in Rakhine State  ကို ဘာသာပြန်ဆိုသည်။)

Did you find apk for android? You can find new Free Android Games and apps.
Loading