လူ့အခွင့်အရေးအခြေအနေ သိသိသာသာ ဆိုးရွားနေသော ရှမ်းပြည်မြောက်ပိုင်းတွင်နေထိုင်လျှင် လက်ရှိအခြေအနေကို မည်သို့ ဖော်ပြမည်နည်း။ ထုတ်ဖော်ပြောဆိုရဲပါသလား။
ယခုလအတွင်း ကျောက်မဲတွင် လူ ၂ ဦးကိုပစ်သတ်ခဲ့သည်။ ပထမတဦးဖြစ်သူ တပ်မတော်အငြိမ်းစား ဗိုလ်ကြီးကို မြို့ထဲတွင် ပစ်သတ်ပြီး အခြားတဦးကိုမူ သူ၏ နေအိမ်တွင်ပင် သတ်ဖြတ်ခဲ့သည်။ ဒေသခံများက ကျောက်မဲသည် လက်သည်မပေါ်သော လူသတ်မြို့ဖြစ်သည်ဟုဆိုကြသည်။
ရှမ်းပြည်မြောက်ပိုင်းတွင် လူ့အခွင့်အရေး ချိုးဖေါက်မှုများစွာရှိသည်။ သတ်ဖြတ်ခံရမည်ကို စိုးရိမ်သောကြောင့် ပြည်သူများသည် ထုတ်ဖော်ပြောဆိုရဲခြင်းမရှိကြပါ။
မီဒီယာများအကြားတွင်လည်း ဒေသတွင်း လူ့အခွင့်အရေးအခြေအနေများကို ဝေဖန်ရဲသူ ရှာရန်ခက်ခဲနေသည်။ တအောင်းအမျိုးသမီးအဖွဲ့ချုပ်မှ အဖွဲ့ဝင်တဦးနှင့် လွန်ခဲ့သောအပါတ်က စကားပြောဖြစ်ပြီး နမ္မတူ မြို့နယ်မှ တအောင်းတိုင်းရင်းသား ၁၀ ဦးကို ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ကဖမ်းဆီးသည့်အကြောင်း မေးမိသည်။
စာရေးလျှင် သူ၏အမည်ကို ထုတ်ဖော်ပြောကြားခြင်းမပြုရန် သူတောင်းဆိုသည်။ သူ၏တောင်းဆိုမှုကိုနားလည်သော်လည်း မြန်မာနိုင်ငံသည် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုကို ဆောင်ရွက်နေပြီး ပိုမိုများပြားလာသောပြည်သူများသည် အစိုးရနှင့် တပ်မတော်ကို ပိုမိုဝေဖန်ရဲလာကြသည်။ သူ၏ အမည်ကို ထုတ်ဖော်ပြောဆိုခြင်းမပြုလျှင် သတင်းအပေါ် ယုံကြည်နိုင်မှု ထိခိုက်သည်။ ထို့ကြောင့် ထုတ်ဖော်ပြောဆိုရမည်ကို မကြောက်ရန် သူ့ကိုပြောရသည်။
ရှမ်းပြည်မြောက်ပိုင်းတွင် လူမျိုးစုများစွာရှိသကဲ့သို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းပေါင်းစုံလည်းရှိနေသည်။ ရှမ်း၊ ဗမာ၊ တအောင်းန်၊ ကချင်၊ လားဟူ၊ လီဆူး၊ ဝ နှင့် ကိုးကန့်ဟူ၍ လူမျိုးပေါင်းစုံရှိနေသည်။
ဒေသတွင်းတွင် လက်နက်ကိုင် ပဋိပက္ခစတင်သည်မှ စပြီး ထိုအုပ်စုများအကြားတွင် ယုံကြည်မှု ပျက်သုဉ်းသွားသည်။ တိုင်းရင်းသားများက ဗမာများသည် မြန်မာစစ်တပ်ကို သတင်းပေးသည့် သူလျှိုများဟုမြင်သည်။ သူလျှိုဖြစ်သည်ဟု ဒေသခံများက ယုံကြည်သောကြောင့် ဗိုလ်ကြီးဟောင်း အသတ်ခံရခြင်းဖြစ်သည်ဟု ကျောက်မဲနယ်ခံအချို့က ပြောသည်။
ထို့အပြင် တအောင်းနှင့် ရှမ်းတို့သည်လည်း တဦးနှင့်တဦး မယုံကြပေ။ ရှမ်းတို့က တအောင်းတဦးကိုတွေ့လျှင် တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် ( TNLA) ကို သတင်းပေးမည့်သူဟု သံသယဝင်ကြသည်။ တအောင်းတို့က ရှမ်းများကိုလည်း အလားတူမြင်ကြသည်။
ဤသည်မှာ ရှမ်းပြည်မြောက်ပိုင်းတွင် အကြမ်းဖက်မှုအခြေအနေပေါ်ပေါက်လာပုံဖြစ်ပြီး တိုက်ပွဲများအရှိန်မြင့်ကာ ပိုမိုများပြားသော လူများ စစ်ဘေးရှောင်ဖြစ်နေကြသည်။
၂၀၁၆ ခုနှစ်က ဒေသတွင်းတွင် RCSS နှင့် TNLA တို့ တိုက်ပွဲများဖြစ်ပွားချိန်မှ စတင်ပြီး နမ္မတူတွင် တအောင်းတိုင်းရင်းသား ၄၀ ခန့်ပျောက်ဆုံးခဲ့သည်။ ပျောက်ဆုံးသူများနှင့်ပတ်သက်ပြီးမိသားစုများ မည်သည့်အချက်အလက်မျှ မသိကြပါ။ ထိုသူများကို RCSS က သတ်ခဲ့သည်ဟု ဒေသခံတအောင်းန်များက စွပ်စွဲကြသည်။ ထိုသို့သတ်ဖြတ်ခြင်းမခံရပါက ၎င်းတို့သည် မိသားစုများထံ ပြန်လာမည်ဖြစ်ကြောင်း သူတို့ပြောသည်။ သို့သော် မိသားစုများသည် ထိုသတ်ဖြတ်မှုသက်သေများကို ရှာဖွေတွေ့ရှိခြင်း မရှိပါ။
နောက်ထပ် လက်ရှိဖြစ်ပွားနေသော လူ့အခွင့်အရေးချိုးဖေါက်မှု ပုံစံတခုရှိသည်။
အင်အားကြီးမားသော လက်နက်ကိုင်တပ်ဖွဲ့ရှိလျှင် မြန်မာ့တပ်မတော်ကို ပြန်လည်တိုက်ခိုက်နိုင်သည်။ ထို့ကြောင့် ပထမဦးစွာ ပြည်သူများကြားမှ တပ်သားသစ်စုဆောင်းပြီး အင်အားကြီးသော တပ်တည်ဆောက်ရမည်။ ထိုစိတ်ကူးမျိုးမှာ ကချင်နှင့် ရှမ်းပြည်နယ်များမှ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများတွင် တွေ့ရသော စိတ်ကူးမျိုးဖြစ်သည်။
ဒေသခံ တစုံတဦးကို လက်နက်ကိုင်အုပ်စုသို့ အတင်းအကျပ် ဝင်ရောက်စေခြင်းသည် နိုင်ငံတကာဥပဒေအရ လူ့အခွင့်အရေး ချိုးဖောက်မှုဖြစ်သည်။ သို့သော် အချို့လက်နက်ကိုင်အဖွဲ့ခေါင်းဆောင်များက ထိုသို့တပ်သားစုဆောင်းခံရသူများသည် ၎င်းတို့၏ ပြည်သူကိုကာကွယ်ရန် တာဝန်ရှိသည်ဟု ဆိုကြသည်။ ၎င်းတို့ တိုင်းရင်းသားအုပ်စုကို မြန်မာတပ်၏ ရန်မှ ၎င်းတို့မကာကွယ်လျှင် မကြာမီ ထိုတိုင်းရင်းသားများပျောက်ကွယ်သွားမည်ဟုလည်း ဆိုကြသည်။
ထို့ကြောင့် လူငယ်များသည် ၎င်းတို့၏ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းသို့ ဝင်ရောက်ရမည်လား သို့မဟုတ် မိသားစုများအတွက် ဝင်ငွေရှာရန် ကြိုးစားရမည်လားဟု စဉ်းစားလာရသည်။ စစ်ကို မကြိုက်သောကြောင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများတွင် ထမ်းဆောင်လိုသူ များများမရှိပေ။
မိသားစုဝင် တဦးဦး တပ်သားစုဆောင်းခံရလျှင် ထိုအကြောင်းကို နှုတ်ပိတ်နေရသည်။ ထိုသို့နှုတ်ပိတ်မနေပါက အမျိုးသားရေးဝါဒီများက ထိုမိသားစုသည် ကိုယ့်တိုင်းရင်းသားကိုယ် သစ္စာဖောက်သည်ဟု စွပ်စွဲကြသည်။ မီဒီယာများသို့လည်း ထိုအတိုင်းမပြောရဲကြသော်လည်း ကိုယ့်အမျိုးကိုယ်ကာကွယ်ရန် တာဝန်ရှိသည်ဟူသော စကားကို သူတို့မုန်းတီးကြသည်။
မြန်မာ့တပ်မတော်နှင့် ရှမ်းပြည်မြောက်ပိုင်းမှ တိုင်းရင်းလက်နက်ကိုင် အဖွဲ့အစည်းများအကြား နေ့စဉ် တိုက်ခိုက်မှုရှိသည်။ ပြိုင်ဖက်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း အချင်းချင်းလည်း နေ့စဉ်တိုက်ခိုက်ကြသည်။
ထို့ကြောင့် ရှမ်းပြည်မြောက်ပိုင်းတွင် ငြိမ်းချမ်းရေး မရှိ။ ဒေသခံတို့ လွတ်လပ်စွာ ခရီးသွားလာနိုင်သော ရက်မရှိ။ လွတ်လပ်စွာ ရိက္ခာစိုက်ပျိုးနိုင်သောရက် မရှိ။ ဒေသခံများသည် တိုက်ခိုက်မှုတွင် မပါဝင်လိုကြသော်လည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ လူသစ်စုဆောင်းခံကြရသည်။
ရှမ်းပြည်မြောက်ပိုင်းသည် ဒေသခံများ နေ့စဉ်နီးပါးထွက်ပြေးနေရသော စစ်ဇုန်ဖြစ်နေသည်။ ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်းများကို လူထု ဝတ်ပြုရန်၊ တရားထိုင်ရန်နေရာအဖြစ် သတ်မှတ်ကြသည်။ သို့သော် ထိုဘုန်တော်ကြီးကျောင်းများသည် စစ်ဘေးရှောင်စခန်းများ ဖြစ်လာနေကြသည်။ ခရစ်ယာန် ဘုရားကျောင်းများလည်း အလားတူပင်ဖြစ်နေပြီး ကချင်စစ်ဘေးရှောင်များ ခိုလှုံနေကြသည်။
တချိန်တည်းတွင် သီပေါမှ စစ်ဘေးရှောင် ၂၀၀၀ ခန့်သည် နမ္မတူနှင့် သီပေါမြို့နယ်များမှ တိုက်ပွဲများကြောင့် ထွက်ပြေးနေကြရသည်။
လက်နက်ကိုင် အချင်းချင်း ရန်တိုက်ပေးနေ
မြန်မာ့တပ်မတော်က ထုတ်ပြန်ထားသော အမိန့်အရ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများသည် ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှ နောက်ဆုံးထားပြီး မိမိတို့စခန်းတွင်သာ နေကြရန် သတိပေးထားသည်။ မလိုက်နာသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို အရေးယူမည်ဟု တပ်မတော်က ဆိုသည်။
သို့သော် RCSS သည် ရှမ်းပြည်တောင်ပိုင်း လွယ်တိုင်းလျှံတွင် အခြေစိုက်သော်လည်း နမ္မတူနှင့် သီပေါတွင် လှုပ်ရှားနေသည်။ အထက်ပါနောက်ဆုံးသတ်မှတ်ရက် ကျော်သွားသော်လည်း တပ်မတော်က RCSS ကို တစုံတရာပြောကြားခြင်းမရှိသေးပါ။
ရှမ်းပြည်မြောက်ပိုင်းသို့ RCSS မရောက်မီက TNLA နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ ( SSPP) တပ်မတော်ကို တိုက်ခိုက်နေပြီး ဒေသတွင်း အခြေအနေမှာ ယခုလောက်မဆိုးသေးပေ။ RCSS သည် ၂၀၁၅ ခုနှစ်တွင် တနိုင်ငံလုံးပစ်ခတ်တိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးပြီးနောက် ရှမ်းပြည်မြောက်ပိုင်းသို့ ဝင်ရောက်လာသည်။ မြန်မာနိုင်ငံ၏ ကုန်သွယ်ရေးတွင် အဓိကကျသော မူဆယ်-မန္တလေး လမ်းကို ထိန်းချုပ်ရန် ရည်ရွယ်ချက်ဖြင့် ဖြစ်မည်။
TNLA သည် RCSS နှင့်တိုက်ပွဲအကြိမ် ၁၀၀ ကျော်ဖြစ်ခဲ့သည်ဟု ၎င်းတို့၏ နှစ်ပတ်လည် အစီရင်ခံစာအရ သိရသည်။ ထိုအရေအတွက်သည် တပ်မတော်နှင့် ဖြစ်ပွားသော တိုက်ပွဲအရေအတွက်ထက် နည်းနေသေးသည်။ RCSS နှင့်တိုက်ရာတွင် တခါတရံ TNLA ဘက်မှ SSPP က ပူးပေါင်းမဟာမိတ်အနေဖြင့် ဝင်ရောက်တိုက်ခိုက်သည်။
ပူးပေါင်းတပ်ဖွဲ့အနေဖြင့် TNLA နှင့် SSPP တို့သည် RCSS ကို ရှမ်းပြည်မြောက်ပိုင်းမှ တိုက်ထုတ်ရန် ဆက်လက်တိုက်ခိုက်နေကြသည်။ RCSS ကို မြန်မာ့တပ်မတော်က ကျောထောက်နောက်ခံပေးသည်ဟု ၂ ဖွဲ့လုံးကပြောသည်။ ထိုသို့သာကျောထောက်နောက်ခံမပေးပါက RCSS သည် ရှမ်းပြည်မြောက်ပိုင်းမှ ထွက်သွားရပြီးဖြစ်မည်ဟု ဆိုကြသည်။
နောက်ဆုံးဥပမာပြရပါက ၎င်းတို့တပ်များသည် မတ်လ ၉ ရက်နှင့် ၁၀ ရက်များတွင် မြန်မာ့တပ်မတော်နှင့် သီပေါတွင် တိုက်ပွဲဖြစ်သည်ဟု SSPP မှ ဗိုလ်မှူး စိုင်းသန်းအောင်က ဧရာဝတီ သတင်းဌာနသို့ပြောသည်။ ဒေသခံ ၁ ဦးသေပြီး ၂ ဦးဒဏ်ရာရသည်ဟု သူပြောသည်။
တပ်မတော်ကတိုက်ခိုက်မှု အရှိန်မြှင့်ပြီး မတ်လ ၁၀ ရက်နေ့တွင် ရဟတ်ယာဉ်များ အသုံးပြုတိုက်ခိုက်သည်ဟု သူပြောသည်။ SSPP အခြေစိုက်စခန်းကို RCSS က တိုက်ခိုက်ရန်ကြံစည်ရာမှ တင်းမာမှု ပြုချိန် တပ်မတော်က ဝင်ရောက်တိုက်ခိညက်ခြင်း ဖြစ်ကြောင်း သူက ပြောသည်။
ကျောက်မဲမြို့နယ် ပန်လိုအာ ကျေးရွာတွင် TNLA နှင့် SSPP ပူးပေါင်းတပ်က RCSS ကို တိုက်ရာတွင်လည်း အလားတူဖြစ်ရပ်မျိုးဖြစ်ခဲ့ကြောင်း TNLA မှ ဗိုလ်မှူးချုပ်တာဖုန်းကျော်က ပြောသည်။ ထိုတိုက်ပွဲသည် တပတ်ခန့်ကြာပြီး RCSS တပ်များဆုတ်ခွာလာမည် ပြုသည့်အခါ မြန်မာ့တပ်မတော်က ထိုနေရာကို ဝင်လာသည်။
မြန်မာ့တပ်မတော်နှင့် ပူးပေါင်းဆောင်ရွက်သည်ဟု TNLA နှင့် SSPP တို့၏ စွပ်စွဲချက်များကို RCSS ကမူ အမြဲငြင်းဆန်ခဲ့သည်။
( Lawi Weng ၏ N. Shan Residents Live in Fear as Rights, Security Situation Deteriorates ကို ဆီလျော်အောင် ဘာသာပြန်သည်။)