ဆောင်းပါး

ရှမ်းပြည်နယ်မှ တောင်ရိုး တိုင်းရင်းသားတို့ အကြောင်း

Want create site? Find Free WordPress Themes and plugins.

မြန်မာနိုင်ငံတွင် တိုင်းရင်းသား လူမျိုး ၁၃၅ မျိုးရှိသည့် အနက် တောင်ရိုး တိုင်းရင်းသား လူမျိုးသည် လူသိနည်းသည့် လူနည်းစုဖြစ်သည်။

သမိုင်းပညာရှင် ဒေါက်တာသန်းထွန်း၏ ခေတ်ဟောင်း မြန်မာရာဇဝင်တွင် တိဗက် မြန်မာ(အာသံ မြန်မာ) မျိုးနွယ်စုဟု ဖော် ပြထားသည်။

မှန်နန်းရာဇဝင် ပထမအတွဲ(၁)နှင့် ပုဂံအာနန္ဒာဘုရားကျောက်စာတွင် ပုဂံပြည့်ရှင် တန်နက်မင်းနှင့် ရခိုင်ဘုရင်၏ သမီးတော်တို့ လက်ဆက်ကြောင်း၊ တန်နက်မင်းကို ညီတော် စလေငခွေးမင်းက လုပ်ကြံ ပြီး ရခိုင်မင်းသမီးကို မိဖုရား မြှောက်ရန် ကြံရွယ်ရာ ကိုယ်လုပ်တော် အချွေအရံ ဆွေတော်မျိုးတော် များဖြင့် ထွက်ပြေးပြီး ရှမ်းပြည်ဘက်သို့ လမ်းမှားရောက်ရှိကာ ရှောင်းတိမ်းနေထိုင် လုပ်ကိုင်စား သောက်ရင်း တောတောင်ကိုခင်တွယ် တန်ဘိုးထားပြီး ကြိုးစားရိုးသား လွန်းလို့” တောင်ရိုး” လူမျိုးဖြစ်လာခဲ့ကြောင်းဆိုသည်။

ဝတ်စားဆင်ယဉ်မှု

တောင်ရိုးလူမျိုးများ၏ အဝတ်အစားမှာ ရှမ်းလူမျိုးတို့၏ အဝတ်အစားနဲ့ ဆင်တူပြီး၊ အမျိုးသားများ မှာ ခေါင်းပေါင်း ပေါင်း၍ ဘောင်းဘီပွကြီးကို ဝတ်ဆင်ကြသလို အမျိုးသမီးတွေကတော့ အညိုရောင် သင်တိုင်းပွပွကို ဒူးဆစ်ဖုံးရုံမျှ ဝတ်ဆင်ကြ သည်။

နောက်ပိုင်း အညိုရောင်အစား အနက်ရောင်ကိုသာ သုံးကြောင်း၊ ဦးခေါင်းကို တဘက်အနက် အထပ်ထပ် ရစ်ပတ်ပြီး ပေါင်းကြပြီး၊ လူနည်းစု တိုင်းရင်းသား လူမျိုးများ ဖြစ်သော်လည်း သူတို့ရဲ့ရိုးရာဓလေ့နဲ့ ဝတ်စုံတွေကို ယခုတိုင် မြတ်မြတ် နိုးနိုးဝတ်ဆင်နေကြဆဲဖြစ်သည်။

တောင်ရိုး အမျိုးသားနေ့တွင် တက်ရောက်လာသည့် တောင်ရိုးတိုင်းရင်းသူများ/ လဲ့လဲ့

ယခင်က အပျိုဆိုလျှင် ငွေလက်ကောက်၊ငွေနားသန်သီး၊ငွေပုတီးနှင့် ငွေခြေချင်းများကို ဝတ်ဆင်၍ အိမ်ထောင်သည် ဖြစ်ပါက ကြေးခွေတွေ ကို ခြေသလုံးမှာ ရစ်ပတ်ဆင်ယင်လေ့ ရှိကြပေမယ့် ယခုအခါ ယင်းဓလေ့ကို ကျင့်သုံးခြင်း မရှိတော့ ဟုသိရသည်။

ရခိုင်စကားနဲ့ဆင်တဲ့ တောင်ရိုးစကား

တောင်ရိုးလူမျိုးတွေ ရဲ့ စကားမှာ မြန်မာပေါရာဏများနှင့် တူကြောင်း၊ပုဂံခေတ်က မြန်မာစကား အသုံးအနှုန်းမျိုးကို ပြော ဆိုကြတာကြောင့် တောင်ရိုးလူမျိုးတွေကို ပုဂံအနွယ် မြန်မာလူမျိုးများပင် ဖြစ်သည်ဟု ယူဆရကြောင်း၊ အချို့က တောင်ရိုး လူမျိုးများသည် ထားဝယ်ဘက်မှ ထွက်ပြေးလာ သော မြန်မာအချို့မှ ပေါက်ဖွားလာကြသူများလို့လည်း တချို့က ယူဆ ကြောင်း ဒေါက်တာသန်းထွန်း စာအုပ်မှာ ဖော်ပြထားသည်။

သို့ပေမယ့် တောင်ရိုးလူမျိုးများကမူ ၎င်းတို့၏ စကားတော်တော် များများမှာ ရခိုင်စကားက ဆင်းသက်လာသည်ဟု လက်ခံထားကြသည်ဟု သိရသည်။

အေးချမ်းစွာနေလိုသည် တောင်ရိုးများ၏ စိတ်ထား

တောင်ရိုး တိုင်းရင်းသားများ အများစုက ပင်ကို မူလသဘောအရ အေးချမ်းစွာနေလိုတဲ့တိုင်းရင်းသား လူမျိုးစုဖြစ်သည့် အတွက် ခိုက်ရန်ဖြစ်ပွားမှု၊ တယောက်နှင့် တယောက ်မလိုမုန်းထား စိတ်ဓါတ်မျိုး မရှိကြပဲ ညီအစ်ကိုအရင်းစိတ်ဓါတ်ဖြင့် အနီး ပတ်ဝန်းကျင်မှ လူများနှင့် ကျေးရွာများပါမကျန် သဟဇာတစွာ နေထိုင်ကြကြောင်း သိရသည်။

သို့သော် ရေမြေတောတောင်များကြား နေထိုင်ကြသည့် အတွက် လမ်းပန်းဆက်သွယ်ရေးခက်ခဲ၍ တောင်ရိုးတို့၏ ပညာ ရေး ကစပြီး နိမ့်ကျသွားသည့် အတွက်တောင်ရိုးတိုင်းရင်းသားတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုက အရာရာနောက်ကျ ကျန်နေခဲ့ပါ တယ်။

တောင်ယာလုပ်ငန်းခွင်တွင် တွေ့ရသည့် တောင်ရိုးတိုင်းရင်းသူ နှစ်ဦး/ အောင်ဆန်း

တောင်ရိုးလူမျိုးများသည် တဦးနဲ့ တဦး ရိုင်းပင်း ကူညီသည့် စိတ်ဓါတ်ရှိသည့် အတွက် ရပ်ရေးရွာ ရေး၊ အလှူ၊ မင်္ဂလာ ဆောင် ပြုလုပ်ပါက တခြားရွာများမှ လူငယ်များပါ စုပေါင်း၍ အလှူမင်္ဂလာပွဲ ပြီးမြောက်သည့် အထိ တာဝန်ယူပေးလေ့ ရှိသည်။

တောင်ယာ အလုပ်ကို အဓိက ထားလုပ်ကြပြီး၊ ကျွဲ၊ နွား မွေးမြူခြင်း လွန်စွာနည်းပါးသလို ကြက်နှင့် ဝက်ကို တပိုင် တနိုင်မွေးမြူသည်၊ တောင်ယာအလုပ်မှ ရရှိသည့် ငွေဖြင့် မိသားစု စားဝတ်နေရေးကို ဖြေရှင်းကြသည်။

တောင်ရိုးတို့၏ ကိုးကွယ်မှု

တောင်ရိုးလူမျိုးများသည် ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည် ကိုးကွယ်ကြသူတွေဖြစ်သလို နတ်ကိုး ကွယ်သူ တချို့လည်းရှိ သည်။ အိမ်တိုင်း၌ ဘုရားစင်အပြင် မိရိုးဖလာနတ်စင်တခုလည်း ထားရှိ တတ်သည်၊ နှစ်စဉ် ဝါခေါင်လနှင့် တပို့တွဲလတို့မှာ နတ်ပွဲပသမှုတွေ ပြုလုပ်ကြပြီး၊ တော်သလင်းလ၌ လူမျိုးစုအလိုက် ပသသော နတ်ပွဲများ ရှိသည်၊ အခုနောက်ပိုင်းတွင် နတ် ကိုးကွယ်သူ မရှိသလောက် နည်းပါး သွားပြီဖြစ်သည်။

ထူးခြားတဲ့ဓလေ့ စရိုက်တွေရှိတဲ့ တောင်ရိုး

ဗုဒ္ဓဘာသာဝင်တွေ ဖြစ်သည့် အတွက် ဘာသာရေးနှင့် ပတ်သက်၍ ပွဲတော်များကို အချိန်အခါအလိုက် ကျင်းပလေ့ရှိ ပါသည်။ ထိုပွဲတော်များမှာ တာတက်ပွဲက တောင်ရိုးလူမျိုးများ အတွက် ပျော်ရွင်စရာ အကောင်းဆုံး ပွဲတော်ဖြစ်သည်။

တာတက်ပွဲကို သင်္ကြန်အတက်နေ့မှ စ၍ ရွာအလိုက် ကဆုန်လပြည့်ကျော် အထိ ကျင်းပလေ့ရှိသည်။

တာတက်ပွဲ ကျင်းပသည့် နေ့၌ မိသားစုဝင်တွေ အာလုံးက ဆွမ်း၊ ကွမ်း၊ ရွှေသင်္ကန်း၊ မုန့်အချို၊ ခြံထွက် သီးနှံများကို ပဒေသာပင်ပြုလုပ်၍ ဘုန်းကြီးကျောင်းသို့ သွားရောက်လှူဒါန်းမှု ပြုကြသည်။

ထို့အပြင် တာတက်ပွဲကို ဖူးစာဖက် ရှာဖွေသည့် ပွဲဟု တောင်ရိုးလူငယ်တွေက ပြောကြသည်။

ဘုရားကို လှည့်လည် ပူဇော်နေချိန် အမျိုးသားများက မီးလုံးထမ်း၍ ကခုန်နေရသဖြင့် နံဘး ပတ်လည် ၌ ကြည့်နေသည့် မိန်းကလေးများထဲမှ ကိုယ်နှစ်သက်သည့် မိန်းကလေးကို တွေ့လျှင် ဘယ်မှာနေ သည်၊ နာမည် ဘယ်လိုခေါ်သည်တို့ကို မေးမြန်းပြီး အိမ် အလည်လာ ခွင့်တောင်းနိုင်သည်။

မိန်းကလေးက လက်ခံနိုင်လျှင် ပဲလှော်ဖြင့်ပေါက်၍ လက်ခံနိုင်ကြောင်း ပြဆိုရာ တာတက်ပွဲ လာတဲ့ မိန်းကလေးတွေက ပဲလှော်ယူဆောင်လာရသည်၊ ထိုဓလေ့စရိုက်ကို တောင်ရိုးများ အများဆုံး နေထိုင် သည့် ပင်းတယမြို့နယ်၌ ယခုတိုင် ကျင့်သုံးနေဆဲသည်။

တောင်ရိုးများ၏ အနုပညာ

တောင်ရိုးလူငယ်များ၏ ကဟန်/ လဲ့လဲ့

တောင်ရိုးလူမျိုးများသည် စာပေရေးသားမှု အပြင် ရိုးရာအလှူပွဲ ဘုရားပွဲများမှာ တီးမှုတ်သီဆို ကခုန်ရခြင်းကို အထူး နှစ်သက် သဘောကျသည်၊ တောင်ရိုးအက အပြင် မောင်းဆိုင်းအက ၊ စည်သိုင်း အက၊ တာတက်ပွဲ အက၊ ဓါးသိုင်း အကနှင့် မီးသိုင်းအက တို့လည်း ရှိသလို အမျိုးသားနဲ့ အမျိုးသမီးတွဲ၍ စုံတွဲ အကလည်းရှိသည်။

တောင်ရိုးစာပေနဲ့ ယဉ်ကျေးမှု

တောင်ရိုး တိုင်းရင်းသားများက ပျောက်ကွယ်လုနီး ရိုးရာ ယဉ်ကျေးမှု၊ ဓလေ့ ထုံးတမ်းများ၊ ဘာသာ စကား၊ စာပေ၊ ဝတ်စား ဆင်ယဉ်မှုစသည့် ယဉ်ကျေးမှုများ မပျောက်ပျက်စေရန် ပြန်လည် ဖော်ထုတ် ထိန်းသိမ်း မြှင့်တင်နိုင်ရန် ရည်ရွယ်၍ တောင်ရိုး တိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှုအဖွဲ့ကို ၂၀၀၉ခုနစ်၊ ဇွန်လ ၆ရက်နေ့တွင် ရှမ်းတောင် ပင်လောင်းမြို့နယ်၊ ဆည်ခေါင်းကျေးရွာ၌ ဖွဲ့စည်းခဲ့သည်။

အဘက်ဘက်က ဖွံ့ဖြိုးမှု နည်းခဲ့သည့် စာပေကို မြှင့်တင်နိုင်ရန် တောင်ရိုး တိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှုအဖွဲ့က တောင်ရိုး သင်ပုန်းကြီး ဖတ်စာအုပ်ကို ထုတ်ဝေထားပြီး တချို့သော အစိုးရ ပညာကျောင်းတွင်လည်း တိုင်းရင်းသား စာပေကို ဘာသာရပ်တခု အနေဖြင့် သင်ကြားခွင့် ရရှိနေပြီ ဖြစ်သည်။

တောင်ရိုး ဝေါဟာရ စကားလုံးများသည် မြန်မာစကားနှင့် ပအိုဝ်းစကားတို့၏ လေယူလေသိမ်းဖြင့် ပြောရသည့် စကား ဖြစ်သည်။ ဗျည်း၊ သရ၊ အသတ်နဲ့ ကာရန်များကလည်း မြန်မာစာပေ၊ ပအိုဝ်း စာပေတို့ဖြင့် အတူတူပင် ဖြစ်သည်။ ထို့ကြောင့် တောင်ရိုး စာပေကို ဖော်ထုတ်ရေးသားရာ၌ မြန်မာ စာပေ သင်ပုန်းကြီးကို မှီငြမ်းထားသည်။

တောင်ရိုးတိုင်းရင်းသားများသည် ပျံနှံနေထိုင်သည့် အတွက် စကားပြောဆိုရာတွင် လေယူလေသိမ်း၊ စကားလုံး အနိမ့်အမြင့်များက နေရာဒေသအလိုက် ကွဲပြားမှု ရှိနေသည်ကိုလည်း တွေ့ရသည်။

တောင်ရိုး အမျိုးသားနေ့

တိမ်မြုပ် ပျောက်ကွယ်လု နီးဖြစ်နေသည့် တောင်ရိုးလူမျိုးများကို ပြန်လည်စုစည်းခြင်း၊ အမျိုးသား စည်းလုံးညီညွတ်ရေး ပြန်လည် တည်ဆောက်ခြင်း ရိုးရာယဉ်ကျေးမှု၊ ဓလေ့ထုံးစံ၊ စာပေ၊ အဝတ် အစား ဘာသာစကားတို့ကို ပြန်လည်စုစည်း ဖော်ထုတ်နိုင်ရန်၊ ခိုင်မြဲသည့် အမျိုးသားရေးဇာတိ လက္ခဏာကို အစဉ် ထိန်းသိမ်း ကာကွယ် စောင့်ရှောက်သည့် အနေဖြင့် တပေါင်းလဆန်း ၃ ရက်နေ့ကို တောင်ရိုး အမျိုးသားနေ့အဖြစ် သတ်မှတ်ကာ နှစ်စဉ်ကျင်းပခဲ့သည်မှာ ယခုတကြိမ် အပါအဝင် ၁၁ကြိမ်ရှိပြီဖြစ်သည်။

၂၀၁၉ ခုနှစ် မတ်လ ၈ရက်နေ့တွင် ကျရောက်သည့် တောင်ရိုးအမျိုးသားနေ့/ လဲ့လဲ့

ပထမဆုံးအကြိမ်ကို ပင်လောင်းမြို့နယ် ဆည်ခေါင်းရွာ၌ ၄ကြိမ် ကျင်းပခဲ့ပြီး ကလောမြို့နယ် ဟဲဟိုးဒေသ၊ ဘော်နှင်းရွာ တွင် ၂ ကြိမ်၊ ပင်လောင်းမြို့နယ် နောင်မူရွာ၌ ၂ ကြိမ်နှင့် ပင်းတယမြို့နယ် တည်ပင်ရွာမှာ ၂ ကြိမ်ကျင်းပခဲ့သည်။

ပျံနှံနေထိုင်သည့် တောင်ရိုးများ

တောင်ရိုးတိုင်းရင်းသားများသည် ရှမ်းပြည် တောင်ပိုင်းတခွင်မှာ ပြန့်ကျဲ နေထိုင်လျက်ရှိပြီး တောင်ကြီးခရိုင် အတွင်းရှိ ဆီဆိုင်မြို့နယ်၊ ပင်လောင်းမြို့နယ်၊ ကလောမြို့နယ်၊ ပင်းတယမြို့နယ်၊ ညောင်ရွှေမြို့နယ်၊ ရပ်စောက်မြို့နယ်နှင့် လွိုင်လင်ခရိုင်၊ နမ့်ဆန်မြို့နယ်၊ ပင်လုံမြို့နယ်တို့တွင် အများစုရှိပြီး ပြန်ကျဲနေထိုင်နေသည့် လူဦးရေပေါင်းမှာ ရှစ်သောင်းလေးထောင်ကျော်ရှိသည်။

သို့သော် ၂၀၁၄သန်းခေါင်စာရင်း၌ တောင်ရိုး တိုင်းရင်းသား လူမျိုးစုပေါင်း ၄သောင်းခန့်ရှိကြောင်း ဖော်ပြသည်။ ရှမ်းပြည် တောင်ပိုင်းရှိ တောင်ကြီး၊ ညောင်ရွှေ၊ပင်လုံ ဆီဆိုင်၊လွိုင်လင်၊နမ်စန်၊ ရပ်စောက်၊ ပင်းတယ၊ပင်လောင်းနှင့် လွိုင်ကော်အပြင် မန္တလေးတိုင်း ရမည်းသင်း၊ တပ်ကုန်းစတဲ့ မြို့နယ်များ၌ တောင်ရိုးလူမျိုးတွေ ပြန့်ကျဲစွာနေထိုင်သည့်အတွက် လူသိနည်းသည့် လူမျိုးစုများထဲမှာ တခုဖြစ်သည်။

သို့သော် လူနည်းစုတိုင်းရင်းသားမျိုးနွယ် တခုဖြစ်ခြင်းကြောင့် နိုင်ငံသားစီစစ်ရေး ကတ်လုပ်ရာတွင် နီးစပ်ရာ လူမျိုးများ၏ အမည်ကို မှားယွင်းစွာ ဖော်ပြခံရမှုကြောင့် အရေအတွက်အားဖြင့် လူဦးရေ လျော့နည်းနေရတာဟု တောင်ရိုး လူမျိုး အများစု ထောက်ပြပြောဆိုကြသည်။

တောင်ရိုး တိုင်းရင်းသားများသည် မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေရှိ ဝ.၁ရာခိုင်နှုန်းဆိုသည့် လူဦးရေကို ပြည့်မီရုံ မက ကျော်လွန်နေကြောင်း လွှတ်တော်၌ အကြိမ်ကြိမ်တင်ပြထားသော်လည်း ယခုအချိန်အထိ အကောင်အထည် ဖော် ခြင်းမရှိသေးသည်ကို တွေ့ရကြောင်း သိရသည်။

နိုင်ငံရေး

မြန်မာနိုင်ငံသည် ကိုလိုနီနယ်ချဲ့၏ အုပ်စိုးမှု ခံခဲ့ရသကဲ့သို့ ဂျပန်၏ ဝင်ရောက် အုပ်ချုပ်မှုကိုလည်း ခံရသည့် နိုင်ငံဖြစ်သည်။ ထို့အပြင် ပြည်တွင်းစစ်ကလည်း အချိန်ကြာမြင့်စွာ ဖြစ်ခဲ့ရာ နိုင်ငံရေးဆို သည်မှာ စစ်ရေးသို့မဟုတ် စစ်တိုက်ခြင်းဟုသာ တောင်ရိုး တိုင်းရင်းသားများက မှတ်ယူထားကြရာ နိုင်ငံရေး နည်းပရိယာယ်၊ နိုင်ငံရေး ဝေါဟာရများကို ကောင်းကောင်း နားမလည်၍ တောင်ရိုးများမှာ နိုင်ငံရေးကို စိတ်မဝင်စားခဲ့ကြပေ။

တောင်ရိုးတိုင်းရင်းသားများသည် လက်နက်ကိုင် တော်လှန်ရေး လုပ်ခြင်း မရှိခဲ့သလို ပါတီထောင်ပြီး နိုင်ငံရေး လုပ်ခဲ့ခြင်း လည်း မရှိခဲ့ပါ။ ဤအချက်သည် တောင်ရိုးတိုင်းရင်းသားများ နိုင်ငံရေးအပေါ် စိတ်မဝင်စားဆိုသည့် အချက်ကို ဖော်ပြနေ သည်။

သို့သော် ကိုယ့် အမျိုးသားရေးနှင့် ပတ်သက်၍ နိုင်ငံရေး အသိပညာရှိရန် လိုအပ်သည့်အတွက် ၂၀၁၀ ခုနှစ်မှ စ၍ တောင်ရိုး တိုင်းရင်းသားများသည် တဖြေးဖြေးနှင့် နိုင်ငံရေး ရေစီးကြောင်း အတွင်းသို့ ဝင်လာရာ နိုင်ငံသား တယောက် အနေဖြင့် နိုင်ငံရေးကို သိသင့်ကြောင်း၊ နိုင်ငံရေးကို မဖြစ်မနေ လုပ်ဆောင်သင့်ကြောင်း အမြင်များ ရှိလာသည့် အတွက် ယခုအခါမှာ တောင်ရိုးများ နိုင်ငံရေး၌ ပါဝင်လာပြီ ဖြစ်ကြောင်း သိရသည်။

တောင်ရိုးအလံ

တောင်ရိုးတိုင်းရင်းသားများ၏ အလံ၌ ကြယ်ပွင့်အကြီးက မြန်မာနိုင်ငံကို ကိုယ်စားပြုပြီး ကြယ်ပွင့် အသေးသုံးပွင့်က ဒို့တာဝန်အရေးသုံးပါးကို ကိုယ်စားပြုကြောင်း၊ အနီရောင်က ရဲရင့်ပြတ်သားခြင်းကို ဖော်ဆောင်ပြီး အပြာရောင်က တည်ကြည်ငြိမ်းချမ်းသော အဓိပ္ပါယ်ကို ဖော်ဆောင်ကြောင်း သိရသည်။

ထို့အပြင် တောင်ရိုးတိုင်းရင်းသားများ၏ အထိမ်းအမှတ်လက္ခဏာမှာ ရတနာမြင်းဖြူဖြစ်ပြီး၊ ထိုမြင်းဖြူသည် ပုဂံ အနော်ရထာမင်းလက်ထက် နောက်ပိုင်း အုပ်ချုပ်သူ မင်းလောင်း မပေါ်ပေါက်မီ မင်းလောင်း ပေါ်လိမ့်မယ်လို့ အတိတ်တဘောင်ထွက်ခဲ့သည်။

ထိုအချိန်မှာ မင်းလောင်းဖြစ်မည့် တောင်ရိုးတိုင်းရင်းသား ဖိုဆော်က မင်းလောင်းကို မြင်ဖူးလို စိတ်ပြင်းပြနေချိန်မှာ သိကြားမင်းက သိရှိပြီး လူ ယောင်ဖန်ဆင်း၍ ဖိုဆော်အား သွားရောက် ကြည့်ရှု့ရန် မြင်းဖြူထည့်ပေးလိုက်ကြောင်း၊ ဖိုဆော်ရောက်သွားချိန် ပုဂံပြည်သူများက မင်းလောင်း လာပြီဟု ဆိုကာ မင်းလောင်းတင်မြှောက်ရာ ပုဂံမင်းဖြစ်လာကြောင်း တောင်ရိုးတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံများ စာအုပ်တွင် ရေးသားထားသည်။

ထို့ရာဇဝင်မှ ဆင်းသက်လာသည့် သိကြားမင်းပေးသည့် ရတနာမြင်းလို့ ခေါ်တွင်ခဲ့တာဖြစ်ပြီး၊ ထိုရတနာမြင်းကို နမိတ် ယူကာ မြင်းဖြူကို တောင်ရိုးအမျိုးသား အထိမ်းအမှတ် လက္ခဏာအဖြစ် အသုံးပြုဖို့ သတ်မှတ်ခဲ့ကြကြောင်း သိရသည်။

ကိုးကား- တောင်ရိုး တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံများ(ပြည်ထောင်စု တိုင်းရင်းသား လူငယ်များ စွမ်းရည် ဖွံ့ဖြိုးရေး ဒီဂရီ ကောလိပ်၊ မနုဿဗေဒဌာန)

Did you find apk for android? You can find new Free Android Games and apps.
Loading