ပါကစ္စတန်က အိန္ဒိယအတွက် အစဉ်အလာ သဘာဝခြိမ်းခြောက်မှုတခု ဖြစ်သည် ဆိုသည်မှာ မှန်ပါသလား။
မှားပါသည်။ ၎င်း၏ အမြွှာညီအစ်ကိုတော်နိုင်ငံ လူဦးရေ၏ ၄ ပုံ ၁ ပုံမျှသာ ရှိခြင်းနှင့် အတူ ပြိုလဲနေသည့် စီးပွားရေးတခု နှင့် ကူကယ်ရာမဲ့စွာ အလုပ်မတွင် ဖြစ်နေသည့် နိုင်ငံရေးစနစ်တခုရှိနေသော ပါကစ္စတန်နိုင်ငံက ဗျူဟာအရ စိန်ခေါ်မှု သို့မဟုတ် ပထဝီနိုင်ငံရေးမှ အောက်ခြေမှတ်စုတခုထက် အနည်းငယ်မျှသာ ပိုပါသည်။
ထို့ကြောင့် နယူကလီးယားစွမ်းအား ပိုင်ရှင် ၂ ဦးကြားမှ တိုက်ပွဲက လျှင်မြန်စွာ အရှိန်မြင့်တက်လာနေခြင်းအပေါ် ကမ္ဘာက စိတ်ဝင်စားကြသည်နှင့် အမျှ တင်းမာမှု၏ နောက်ကွယ်မှ စစ်မှန်သော အကြောင်းရင်းကို သတိရရန် ထိုက်တန်ပါသည်။
အိန္ဒိယ နိုင်ငံတွင် မကြာမီ ကျင်းပတော့မည့် အထွေထွေ ရွေးကောက်ပွဲများဖြစ်သည်။
မှန်ပါသည်။ အစဉ်အလာ ခြိမ်းခြောက်မှုတခုကို အိန္ဒိယ ဝန်ကြီးချုပ် နေရိန်ဒြာမိုဒီ ရင်ဆိုင်နေရသည်။ သို့သော်လည်း နက်မှောင်သော အသားအရေနှင့် လူကောင်ခပ်သေးသေး ပုံရိပ်တခု ဖြစ်သော ရှန်တာဘိုင် တယ်ရယ် Shantabai Teral က အကောင်းဆုံး ကိုယ်စားပြုပြနေသည့် စိန်ခေါ်မှုတခု ဖြစ်သည်။
သူက ဝါစိုက်ပျိုးသည့် ခြောက်သွေ့သော ဒေသတခုဖြစ်သည့် ဗီဒါဘား Vidarbha မှ အသက် ၄၀ ကျော်အရွယ် လယ်သမားဇနီး မုဆိုးမတယောက်ဖြစ်ပါသည်။ ဗီဒါဘား မှာ ကြီးမား၍ လူဦးရေ အလွန်ထူထပ်သည့် အိန္ဒိယ အလယ်ပိုင်း မဟာရတ်ရှ်တြာ Maharashtra ပြည်နယ်၏ အရှေ့ဘက် အလွန်ဝေးကွာသော နေရာတွင် တည်ရှိပါသည်။
ရှန်တာဘိုင် ကဲ့သို့သော လယ်သမားများက အိန္ဒိယနိုင်ငံ၏ လူဦးရေတွင် ၅၈ ရာခိုင်နှုန်း ခန့်အထိ ပါဝင်နေသည်။ ဝန်ကြီး ချုပ် နေရိန်ဒြာမိုဒီ က အိန္ဒိယနိုင်ငံ၏ အလားအလာများကို အကြီးအကျယ် ဂုဏ်တင်နေခဲ့သည့် ပြီးခဲ့သည့် ၄ နှစ်အတွင်း စိုက်ပျိုးရေးကို အခြေခံသည့် စီးပွားရေး (ဂန္ဒီ ခေတ် အခြေအနေမှ တက်မလာသေးသည့် ကျေးရွာငယ်များ)က လုံးလုံးလျားလျား နီးပါး ဥပေက္ခာပြုထားခြင်း ခံခဲ့ကြရသည်။
လယ်သမားများအတွင်းမှာပင်လျှင် ၈၆.၂ ရာခိုင်နှုန်းခန့် ရှိမည့် အများစုက တဟက်တာ(၂ ဧကခွဲခန့်) ပင်မရှိသည့် မြေ အနည်းငယ်လောက်ကိုသာ ပိုင်ဆိုင်သူများဖြစ်ကြပြီး ဘဝရှင်သန်ရပ်တည်ရေးက တည်းတည်းမျှသာ ရှိသူများဖြစ်ကြ သည်။
ထိုကဲ့သို ရေရှည်ကို မမြင်တတ်ခြင်းမျိုးက အံ့သြစရာမဟုတ်ပါ။ အာဏာရ BJP ၏ ကမ္ဘာ့ရေးရာအမြင်က အထင်ကြီးဖွယ်ရာ ဖြစ်သည်။ သို့သော် နောက်ဆုံးတွင် ဇာတ်မြင့် Brahmin အတွေးအခေါ်နှင့် Gujarati စီးပွားရေးလုပ်ငန်း ရှင်ကြီးများဖြစ်သည့် Ambanis နှင့် Adanis တို့ကဲ့သို့သော Baniya တို့၏ ရေတိုကုန်သွယ်ရေး စိတ်နေသဘောထားတို့ ထင်ယောင်ထင်မှာ ပေါင်းစပ်ထားခြင်းသာ ဖြစ်သည်။
ယခုအခါ ရွေးကောက်ပွဲက ရက်အနည်းငယ်မျှသာ လိုတော့ပြီး ရွေးကောက်ပွဲတွင် ရှုံးနိမ့်နိုင်သည့်အလားအလာက လက်တကမ်းသို့ ရောက်ရှိနေခြင်းနှင့်အတူ ဝန်ကြီးချုပ်နှင့် သူ၏ ကိုယ်စားလှယ်များက အမျိုးသားရေး စိတ်ဓာတ်ကို လှုံ့ဆော် တိုးမြှင့်ရန် အသည်းအသန်ကြိုးပမ်းလာကြသည်။ အကယ်၍ ဒေါသတကြီး ဖြစ်နေသည့် စိုက်ပျိုးရေး အသိုင်းအဝိုင်းကို တိုက်ရိုက်မရည်ရွယ်ဟု ဆိုလျှင်ပင် တိုးလာနေသည့် ရန်လိုမှုများ ပြေငြိမ်းရေး လုပ်ဆောင်ရန် ပျက်ကွက်မှုများကို မျက်နှာဖုံးစွပ်ပေးမည့် မည့်သည့် အရာမဆိုဖြစ်သည်။
အမှန်တကယ်တွင်လည်း ပြီးခဲ့သည့် နှစ်ကုန်ပိုင်း၌ မွန်ဘိုင်းနှင့် ဒေလီတို့တွင် ကြီးမားသည့် လူထုချီတက်ပွဲကြီးများ ဆက်တိုက် ပေါ်ထွက်ခဲ့ခြင်းက နိုင်ငံတွင် ထင်ပေါ်ကျော်စောသူများအပေါ် ကျေးလက်နေပြည်သူတို့၏ စိတ်ပျက်မှုကို ယူဆောင်လာခဲ့သည်။ ရာဂျတ်စသန် Rajasthan၊ ချတ်တစ်စဂါ Chhattisgarh နှင့် မတ်ဒယာပရာဒေ့ရှ် Madhya Pradesh တို့တွင် BJP ပြည်နယ် အစိုးရများကို ငြင်းပယ်ခဲ့ကြသည့် ရွေးကောက်ပွဲ ရှုံးနိမ့်မှု လှိုင်းလုံး အရှိန်အဟုန်ကို ပေးခဲ့သည်။ သူတို့ကို ချန်လှပ်ထားခဲ့ခြင်း၏ အတိုင်းအတာက ၂၀၁၇ ခုနှစ် ဇွန်လက မတ်ဒယာပရာဒေ့ရှ် ပြည်နယ် မန်ဒါစော Mandsaur တွင် ဆန္ဒပြ လယ်သမား ၅ ဦး သေနတ်နှင့် ပစ်သတ်ခံခဲ့ရသည့် အချိန်တွင် ပိုမိုမြင့်တက်သွားခဲ့သည်။
ထိုအချိန်တွင် လက်ထပ်နိုင်သည့် အသက်အရွယ်ရှိ သားသမီး ၂ ယောက်၏ မိခင်ဖြစ်သော ရှန်တာဘိုင် (သူ၏ သမီးဖြစ် သူ မင်္ဂလာဆောင်က အိန္ဒိယ ရူပီး ၁ သိန်း ဝန်းကျင် ကျသင့်လိမ့်မည် ဖြစ်သည်။ သူချေးငှား သုံးစွဲရမည့် ပမာဏ ဖြစ် သည်) အတွက် ပစ္စုပ္ပါန်က ယခင့်ယခင်ကာလများအတိုင်း မှုန်မှိုင်းနေဆဲ ဖြစ်သည်။ အာဏာပိုင်များက သူ၏ မြေပေါ်တွင် တူးပေးထားသည့် ရေတွင်းနက်နက်တခု၏ ဘေးတွင်ရပ်၍ ရေတွင်းအောက်ခြေမှ ရွှံ့ရောင်ထနေသောရေများသည် မတ်လတွင် ကုန်ခမ်းသွားလိမ့်မည် ဖြစ်ကြောင်းနှင့် လျှပ်စစ် ရေစုပ်စက်တခုမရှိပါက သူ့လယ်ကွင်းကို ရေပေးနိုင်မည် မဟုတ်ကြောင်း ဒေါသဖြင့် ရှင်းပြသည်။
သူ၏ အနီရောင်တောက်တောက် ဆာရီက နေလောင်ထား၍ မွဲခြောက်နေသော အသားအရည်ကြောင့် ပို၍ ထင်ရှားနေသည်။ သူ၏ ကလေးများကို အစာလုံလောက်စွာ ကျွေးနိုင်ရေး သူ့ကိုယ်သူ အဆာလောင်ခံ၍ နေခဲ့ကြောင်းလည်း အလွန်ပင် ထင်ရှားနေပါသည်။
သူ၏ အသက်၂၀ အရွယ်သားဖြစ်သူ ရာမက် Ramesh (သူ့အသက် ၁၅ နှစ် အရွယ်ကတည်းက နေ့စား အလုပ်ကြမ်းသမား ဖြစ်ခဲ့ရသူ) က တလေးတစားဖြင့် စောင့်ကြည့်နေရှာသည်။ သူ၏ လက်များကို ဆုပ်ချေရင်း ရှန်တာဘိုင်က လွန်ခဲ့သော ဆယ်စု နှစ်တခုခန့်က သူ၏ခင်ပွန်းဖြစ်သူ ကိုယ့်ဘဝကိုယ် အဆုံးစီရင်ရန် ရွေးချယ်သွားခဲ့သည့် နေ့ အကြောင်းကို ပြန်ပြောပြသည်။
“ထုံးစံအတိုင်း တခြားနေ့တွေလိုပါပဲ။ လယ်ကွင်းထဲကို မနက်အစောကြီး ထွက်သွားတယ်။ သူဘယ်တော့မှ ပြန်မလာတော့ဘူး။ နောက်နေ့ကျတော့ အရင်က အမြဲတမ်း လုပ်ခဲ့သလိုပဲ ကျမ အလုပ်ထဲကို သွားခဲ့တယ်။ အဲဒါက ကျမအတွက် အရမ်း ခက်ခဲပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျမမှာ လူမမယ်ကလေး ၂ ယောက်ကျန်ခဲ့တယ်လေ။”
ရှန်တာဘိုင် နှုတ်ဆိတ်ငြိမ်သက်သွားသည်။ သတိရခြင်း၏ နာကျင်မှုက ကြီးမားလွန်းသည်။ ထို့ကြောင့် သူ့ဇာတ်ကြောင်းကို ကျနော်က သူ၏ မိတ်ဆွေများနှင့် အိမ်နီးချင်းများထံမှ မေးမြန်း စုပေါင်းကြည့်ခဲ့ရသည်။ သူ၏ခင်ပွန်းဖြစ်သူ သေဆုံးခဲ့ရသည့် အတွက် အာဏာပိုင်များက ရူပီး ၁ သိန်း( အမေရိကန်ဒေါ်လာ ၁၄၀၈) ထောက်ပံ့ကြေးပေးခဲ့သည်။ သို့သော်လည်း ဒေသတွင်းမှ ငွေတိုးချေးစားသူထံ ပြန်ဆပ်ရန် လုံလောက်ရုံမျှသာ ဖြစ်သည်။
သို့သော်လည်း အကြွေးနှင့် မျှော်လင့်ချက်မဲ့ခြင်း သံသရာက လုံးဝ ပြီးဆုံးမသွားခဲ့ပါ။ နှစ်အနည်းငယ်ကြာသည့်အခါ သူ့ ခင်ပွန်း၏ အကိုဖြစ်သူမှာလည်း ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားပြီး ရှန်တာဘိုင်၏ လင်ညီအစ်မဖြစ်သူမှာလည်း မုဆိုးမ ဖြစ်ခဲ့သည်။ မိသားစုတစု အတွင်းမှာပင် မုဆိုးမ ၂ယောက် ဖြစ်သွား၏။
အားကိုးအားထား မပြုနိုင်သည့် မုတ်သုန်မိုး၊ စာနာမှု မရှိသည့် အစိုးရတခု၊ စိုက်ပျိုးရေးထွက်ကုန်များ ဈေးနည်းခြင်း နှင့် ငွေတိုးချေးသူတို့၏ မတော်လောဘတို့က အိန္ဒိယကျေးလက်ကို ကာလရှည်ကြာစွာ ခြောက်လှန့်နေခဲ့သော ဒုက္ခများဖြစ် ကြသည်။
ထို့ပြင် ရှန်တာဘိုင် ကဲ့သို့သော ဒေသတွင်း ဝါစိုက်တောင်သူများသည် သူတို့၏ မြေယာပိုင်ဆိုင်မှုက နည်းပါးလှခြင်းနှင့် အတူ အမေရိကန်မှ အစိုးအထောက်အပံ့ကို အကြီးအကျယ်ရရှိထားပြီး စက်ယန္တယားများကို အသုံးပြုနေသည့် ဝါစိုက် တောင်သူများနှင့် ယှဉ်နိုင်မည့် မျှော်လင့်ချက်က မည်သည့် အချိန်တွင်မျှ ရှိမနေခဲ့ပါ။
၂၀၁၈ ခုနှစ်က မဟာရတ်ရှ်တြာ ပြည်နယ် တခုတည်းအတွင်းမှာပင် တောင်သူလယ်သမား ၂၇၆၁ ဦးခန့် အဆုံးစီရင်သွားခဲ့ ခြင်းက အံ့အားသင့်စရာ ဖြစ်ပါသလား။ တနိုင်ငံလုံး အတိုင်းအတာနှင့် ဆိုပါက ကိုယ့်ကိုယ်ကိုသတ်သေနှုန်းက တနှစ်လျှင် ပျမ်းမျှ ၁၂၀၀၀ ထက်များစွာ ကျော်လွန်ပါသည်။ စာရင်းမဝင်သည့် သေဆုံးမှုများလည်း အများအပြား ရှိလိမ့်ဦးမည် ဆိုသည်ကို ထည့်ပြောရန် လိုမည် မထင်တော့ပါ။
သူတို့ ထုတ်လုပ်သည့် ကုန်ပစ္စည်းများ တန်ဖိုးကျဆင်းခြင်းကလည်း တပူပေါ် နှစ်ပူဆင့်စေသည်။ မြေသြဇာပိုးသတ်ဆေး စသည့် သွင်းအားစုများ၏ တန်ဖိုးက ဆက်လက်မြင့်တက်နေသည့် အချိန်တွင် သူတို့၏ သီးနှံများ (အိန္ဒိယ အစားအစာ တိုင်းနှင့် တွဲဆက်နေသည့် ခရမ်းချဉ်သီး၊ အာလူးနှင့် ကြက်သွန်များ) ၏ ဈေးက ဆက်လက် ကျဆင်းနေသည်။
အလာဟာဘတ် Allahabad မြို့ရှိ Chowk ဈေးတဝိုက်တွင် ကျနော် လျှောက်ကြည့်ခဲ့စဉ် ကုန်သည်များက မဟာရတ်ရှ်တြာ ပြည်နယ် နာရှစ် Nashik မှ လာသည့် အလုံးလှလှ ကြက်သွန်ဥများကို ညွှန်ုပြ၍ ၁၂ လ ခန့် ကာလအတွင်းမှာပင် ဈေးနှုန်းက ၄၀ ရာခိုင်နှုန်း ကျဆင်းသွားခဲ့ကြောင်း ပြောသည်။
၂၀၁၆ ခုနှစ်နှောင်းပိုင်းက ငွေစက္ကူများ အံ့အားသင့်ဖွယ်ရာ ပယ်ဖျက်ခဲ့ခြင်း ကဲ့သို့သော ကိုယ့်ဖာသာ ချမှတ်ခဲ့သည့် အမှား များကလည်း ရှိခဲ့သည်။
အကျင့်ပျက်ခြစားမှုနှင့် အကြမ်းဖက်မှုများ ထိန်းချုပ်ရန် နည်းလမ်းတခုအဖြစ် ရည်ရွယ်ခဲ့သော်လည်း အသားတင် ရလဒ်က ပြည်တွင်းလည်ပတ်ငွေ သိသိသာသာနှင့် ကာလရှည်စွာ ကျုံ့သွားစေခဲ့သည်။ သန်းပေါင်း ရာနှင့် ချီသူများအတွက် အလွန်တရာ ခက်ခဲမှုများ ဖြစ်စေခဲ့သည်။ ကျနော် အိန္ဒိယသို့ သွားရောက် လည်ပတ်ခဲ့သည့် ယခုနှစ် အစောပိုင်း ရောက်သည့်တိုင်အောင်ပင် ဈေးကွက်များက မူလ သန်စွမ်းမှု အနေအထားသို့ ပြန်လည် ရောက်ရှိမလာသေးဟု ပြည်သူ အများစုက ပြောကြသည်။
သူတို့၏ ခြေလှမ်းမှားများကို သတိပြုမိသည့် အနေဖြင့် ဖေဖော်ဝါရီလ နှောင်းပိုင်းတွင် BJP အစိုးရက နောက်ဆုံး ဘတ်ဂျက်ကို လယ်သမားများကို ချွေးသိပ်ရန် အခွင့်အလမ်းတခု အဖြစ် အသုံးပြုခဲ့သည်။ ငွေထောက်ပံ့ခြင်းများ အပါအဝင် စိတ်ပါလက်ပါ မရှိဘဲ ဆက်တိုက် အကောင်အထည်ဖော်သည့် အစီအစဉ်များက အချို့ကို ကျေနပ်ကောင်း ကျေနပ်စေနိုင်သော်လည်း နည်းလွန်းသည်၊ နောက်ကျလွန်းသည်ဟု မထင်မိဘဲ နေနိုင်ရန် ခက်ပါသည်။
ရှန်တာဘိုင်၏ သောကက ပြင်းထန်ပါသည်။ သူ့ဖက်က မျှော်လင့်နိုင်သမျှမှာ အစိုးရက ဈေးနှုန်းများ ခိုင်မာလာအောင် ပါဝင်ပတ်သက်ပေးရေး၊ သွင်းအားစုများ ထောက်ပံ့ရေးနှင့် ချေးငွေများ ထုတ်ပေးရေးသာ ဖြစ်ပါသည်။
မိုဒီ လုပ်ခဲ့ပြီးသည့် ဈေးကွက်အတွင်းတွင် တောင်သူလယ်သမားများချည်းသာ အကူအညီမဲ့ ပစ်ထားခြင်းက အဖြေမဟုတ်ပါ။ အကြွေးနှင့် စိတ်အားငယ်မှုက ပြန်လည်ရှင်သန်ထမြောက်နိုင်သော၊ ယုံကြည်စိတ်ချရနိုင်သော အိန္ဒိယကို ဖြစ်စေလိမ့်မည် မဟုတ်ပါ။
ထို့ကြောင့် ဒေလီ Delhi နှင့် အစ္စလမ်မာဘတ် Islamabad ကြားမှ စကားလုံးတိုက်ပွဲများက ယခင်ကထက် ပိုမို ကျယ်လောင် စူးရှလာသည့် အချိန်တွင် အရွယ်မတိုင်မီ အိုမင်းရင့်ရော်ခဲ့ရသော မုဆိုးမက BJP ၏ ဥပေက္ခာနှင့် အသည်းမာမှု၏ သင်္ကေတအဖြစ် အမှတ်ရနေမည်သာ။
(ကာရင်ရတ်စလန်သည် အာဆီယံရေးရာများကို အထူးပြုလေ့လာရေးသားနေသူ မလေးရှား စာရေးဆရာတဦး ဖြစ်သည်။ ကွာလာလမ်ပူ အခြေစိုက် အကြံပေးအဖွဲ့ Ceritalah ASEAN ကို တည်ထောင်သူ အမှုဆောင်အရာရှိချုပ်လည်း ဖြစ်သည်။)