မကြာသေးခင်က ပြည်ထောင်စု လွှတ်တော်တွင် အတည်ပြုလိုက်ပြီ ဖြစ်သည့် လောင်းကစား ဥပဒေသစ်အရ ကာစီနို လောင်းကစား ရုံများ ရန်ကုန်၊ မန္တလေး စသည့် မြို့ကြီးများ အပါအဝင် မြို့ပြအိမ်ရာ စီမံကိန်းများ၌ ပေါ်ပေါက် လာဖွယ် ရှိနေသည်။
လတ်တလောတွင် ကာစီနို လောင်းကစား တရားဝင် ပြုလုပ်ခွင့် ပါဝင်သော အဆိုပါ ဥပဒေသစ်သည် အသက်မဝင် သေး သော်လည်း မြို့ကြီးတချို့တွင် ကာစီနိုများ ဖွင့်လှစ်ခွင့်ပြုရန် ပြည်ထောင်စု အစိုးရအဖွဲ့သို့ တင်ပြထားမှုများ ရှိကြောင်း လည်း အစိုးရ အဖွဲ့ဝင်တဦးက ဧရာဝတီသို့ ထုတ်ဖော် ပြောကြားထားသည်။
မန္တလေး တိုင်းဒေသကြီး မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန ညွန်ကြားရေးမှူး ဦးသက်နိုင်၏ ပြောကြားချက်အရ ပြင်ဦးလွင် မြို့ အနီးတွင် အကောင်အထည်ဖော်ရန် စီစဉ်နေသည့် New Mandalay Resort City (ရတနာပုံ Cyber City) စီမံကိန်းတွင် နိုင်ငံခြားသားများသာ ဝင်ရောက်ခွင့်ပြုမည့် ကာစီနို တည်ဆောက်ခွင့်ကို ပြည်ထောင်စု အစိုးရထံ တင်ပြထားမှု ရှိကြောင်းလည်း သိရသည်။
ကရင်ပြည်နယ် မြဝတီမြို့နယ် အတွင်း ကရင် နယ်ခြားစောင့်တပ် (BGF) နှင့် တရုတ် လုပ်ငန်းရှင်များ ပါဝင် ရင်းနှီး မြှုပ်နှံ ထားသည့် Myanmar Yatai International Group ကုမ္ပဏီတို့ ပူးပေါင်း ဆောင်ရွက်နေသည့် ရွှေကုက္ကို အဆင့် မြင့် အိမ်ရာ စီမံကိန်းတွင်လည်း ကာစီနိုများ ပါဝင်လာဖွယ် ရှိကြောင်း Asia Times က ရေးသား ဖော်ပြခဲ့သည်။
Asia Times ၏ ရေးသားချက်နှင့် ပတ်သက်ပြီး တရုတ် မြို့ငယ်လေးတမြို့ အဖြစ် လူမှုကွန်ရက်တွင် ဝေဖန်မှုများပြား ခဲ့ ပြီး မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က ရွှေကုက္ကို စီမံကိန်းတွင် အဆင့်မြင့်အိမ်ရာ (Villa) များသာ ခွင့်ပြုထား ခြင်း ဖြစ်ကြောင်း ပြန်လည်ရှင်းလင်း ခဲ့ရသည်။
BGF ခေါင်းဆောင် ဗိုလ်မှူးကြီး စောချစ်သူ အနေဖြင့် ဒေသဖွံ့ဖြိုးရေး အတွက် မြို့ပြစီမံကိန်း အကောင်အထည် ဖော် ရန် ကရင်ပြည်နယ် အစိုးရထံမှ မြေဧက ၆၀ ကျော် ခွင့်ပြုချက် ရရှိထားသူဖြစ်ပြီး လက်ရှိ အိမ်ရာစီမံကိန်မှာ မြေ ၂၂.၅ ဧက ပေါ်တွင် တည်ဆောက်နေခြင်း ဖြစ်သည့်အတွက် ကျန်မြေများပေါ်တွင် နောက်ဆက်တွဲ စီမံကိန်းများ ထပ်မံ အကောင် အထည် ဖော်လာနိုင်သည့် အခြေအနေလည်း ရှိနေသည်။
မင်္ဂလာဒုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်းက“ဘယ်နေရာမှာပဲ ဖွင့်ဖွင့်ပါ ကိုယ့် နိုင်ငံသား တွေ ဝင်မကစား နိုင်အောင် ထိန်းချုပ်နိုင်ရင် ရပါတယ်၊ ကျနော်တို့က နိုင်ငံစီးပွားရေး အတွက် နိုင်ငံခြားသားတွေ ဆီက နေ ပိုက်ဆံရှာမှာပါ”ဟု ကာစီနိုများ ဖွင့်လှစ်ခွင့်နှင့် ပတ်သက်ပြီး ပြောသည်။
တရားမဝင်သည့် ကာစီနိုရုံများသည် ဥပဒေသစ် အသက်ဝင်ပါက တရားဝင်ရပ်တည်ခွင့် ရှိလာမည်ဖြစ်သော်လည်း နိုင်ငံ ခြားသားများသာ ဝင်ရောက်ကစားခွင့် ရှိမည်ဖြစ်ပြီး မြန်မာနိုင်ငံသားများ ကစားခွင့်ကို ထိန်းချုပ်ကန့်သတ် ထားသည်။
ကာစီနိုများသည် လက်ရှိကျင့်သုံးနေသည့် ၁၉၈၆ ခုနှစ် လောင်းကစား ဥပဒေအရ တရားမဝင် လုပ်ငန်းများ ဖြစ်သော် လည်း မြန်မာနိုင်ငံတွင် စစ်အစိုးရ လက်ထက် ၁၉၉၅ ခုနှစ်မှစတင်၍ တနင်္သာရီတိုင်း သူဌေးကျွန်းပေါ်ရှိ ဟိုတယ်များ တွင် ကာစီနိုများ ဖွင့်လှစ်ခဲ့သည်ကို တွေ့ ရသည်။
ထို့ပြင် မြန်မာ-ထိုင်းနယ်စပ်ဒေသရှိ တာချီလိတ်၊ မြဝတီမြို့နယ်များနှင့် တရုတ်နယ်စပ်ရှိ တိုင်းရင်းသား လက်နက်ကိုင် များ ထိန်းချုပ်ရာ အထူးဒေသများတွင်လည်း ကာစီနိုများ ဖွင့်လှစ်ခဲ့သည်မှာ ဆယ်စုနှစ်ချီ၍ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။
ယင်းသို့ တရားမဝင် ကာစီနိုများသည် နိုင်ငံတော်အတွက် အခွန်ဘဏ္ဍာငွေများ မရရှိသကဲ့သို့ လက်နက်ကိုင် တပ်ဖွဲ့များ နှင့် ဆက်နွယ်မှုများ ရှိနေ၍လည်း ထိန်းချုပ်ရန် ခက်ခဲခဲ့ကြောင်း လွှတ်တော် ကိုယ်စားလှယ်များက ပြောဆိုသည်။
ပြည်ထောင်စု လွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီ အတွင်းရေးမှူး ဒေါက်တာ မြတ်ဉာဏစိုးက“လက်ရှိမှာ ဖွင့် ထားတဲ့ ကာစီနိုတွေလည်း တရားဝင်မှတ်ပုံတင်ပြီး၊ အခွန်ထမ်းဆောင်ဖို့ ဥပဒေအရ သွားရမှာပါ”ဟု ပြောသည်။
ဒေသတွင်း နိုင်ငံတချို့တွင် ကာစီနိုများ တရားဝင်ခွင့်ပြုကာ အခွန်ဝင်ငွေ ရှာဖွေနေစဉ် မြန်မာနိုင်ငံ အနေဖြင့်လည်း တရားမဝင် လုပ်ငန်းများ အဖြစ် ရှိနေသည့် ကာစီနိုများအား တရားဝင်အဖြစ် ဆောင်ရွက်ကာ နိုင်ငံအတွက် တဖက် တလမ်းက အခွန်ရရှိရန် လွှတ်တော်က ဥပဒေအတွင်း ထည့်သွင်းရန် ကြိုးပမ်းလာခြင်းလည်း ဖြစ်သည်။
သို့သော် လတ်တလော အတည်ပြုထားသည့် လောင်းကစား ဥပဒေသစ်သည် ကာစီနိုနှင့် ပတ်သက်ပြီး နိုင်ငံသားများ ၏ ဝင်ရောက်ကစားခွင့်ကို လုံးဝကန့်သတ်ထားသော်လည်း ဖွင့်ခွင့်ပြုမည့်နေရာနှင့် ပတ်သက်၍ ကန့်သတ်မှုများ ရှိမရှိ ကို တိကျစွာ ဖော်ပြထားခြင်း မရှိသေးပေ။
ဥပဒေရေးရာ အကြံပေးတဦးဖြစ်သည့် ဦးခင်မောင်မြင့်ကမူ ဥပဒေတရပ် အနေဖြင့် ပြဌာန်းမည်ဆိုပါက နိုင်ငံတော်၏ နယ်နိမိတ်နှင့် နိုင်ငံသား အားလုံးအပေါ် သက်ရောက် လွှမ်းခြုံရမည်ဖြစ်ပြီး ကန့်သတ် ဧရိယာများ သတ်မှတ်ကာ ခွင့်ပြု ခြင်းနှင့် နိုင်ငံသားများအား ဝင်ရောက်ခွင့်ကဲ့သို့ ကန့်သတ်မှုများသည် ဥပဒေတရပ်၏ သဘော သဘာဝအရ မဖြစ်သင့် ကြောင်း ထောက်ပြသည်။
ဥပဒေသစ်အရ ကာစီနိုများ တရားဝင်ဖွင့်ခွင့် ပြုခြင်းဖြင့် နိုင်ငံတော်အတွက် အခွန်ပိုမိုရရှိနိုင်မည်ဆိုသော်လည်း ယင်း လုပ်ငန်းများမှတဆင့် နောက်ဆက်တွဲ ဆိုးကျိုးများ ဖြစ်ပေါ်လာမည်ကို စိုးရိမ်မှုများလည်း ရှိနေသည်။
နိုင်ငံခြားသားများအား ပြစ်မှတ်ထားမည့် ကာစီနိုများတွင် ခွင့်ပြုပမာဏ ကြီးရင်ကြီးသလို မူးယစ်ဆေးဝါး ပြဿနာများ၊ ငွေကြေး ခဝါချမှုများနှင့် နယ်စပ်ဖြတ်ကျော် ရာဇဝတ် မှုခင်းများပါ ယှဉ်တွဲ ဖြစ်ပေါ်လာနိုင်ကြောင်း ဥပဒေအကြံပေး တဦး ဖြစ်သူ ဦးခင်မောင်မြင့်က ထောက်ပြသည်။
ဦးခင်မောင်မြင့်က“အခွန်ပိုရချင်လို့ ရာဇဝတ်မှုအကျုံးဝင်တဲ့ ကာစီနို ဖွင့်ခွင့်ပြုမယ် ဆိုတာက ကုသိုလ် လိုချင်လို့ ဖယောင်းတိုင် ခိုးပြီး ဆီမီးလှူတာနဲ့ အတူတူပါပဲ”ဟုလည်း ပြောဆိုသည်။
လက်ရှိ ဖွင့်ထားသည့် ကာစီနိုရုံများသည် လက်နက်ကိုင် တပ်ဖွဲ့တချို့နှင့် နီးစပ်မှုများ ရှိနေသည့် အတွက်လည်း အစိုးရ ဥပဒေဖြင့် ကိုင်တွယ်ရန် ခက်ခဲပြီး လောင်းကစားခုံ အတွင်း၌ မြန်မာ ငွေကြေးသည်လည်း အသုံးမဝင်သည့် အခြေ အနေ ရှိနေသည်။
ကာစီနို ဖွင့်လှစ်ခြင်းနှင့် ပတ်သက်ပြီး မည်ကဲ့သို့ ရင်နှီးမြှုပ်နှံခွင့် ပြုမည်၊ အခွန်မည်မျှ ကောက်မည် စသည့် လိုက်နာရ မည့် အသေးစိတ် အချက်အလက်များအား ဥပဒေသစ်တွင် ဖော်ပြထားခြင်း မရှိသေးသော်လည်း ဥပဒေ အတည်ပြုပြီး ပါကပြည်ထောင်စု အစိုးရအဖွဲ့ အနေဖြင့် သီးခြား စည်းကမ်းညွန်ကြားချက်များ ထုတ်ပြန်လာဖွယ် ရှိနေသည်။
လွှတ်တော်ကိုယ် စားလှယ် ဦးအောင်လှိုင်ဝင်းက မာကာအိုနှင့် စင်္ကာပူနိုင်ငံတို့သည် ကာစီနိုလုပ်ငန်းမှ နှစ်စဉ်အခွန် ဒေါ်လာ သန်းထောင်ချီကာ ရရှိနေသကဲ့သို့ အိမ်နီးချင်း နိုင်ငံများဖြစ်သည့် လာအိုနှင့် ဗီယက်နမ် နိုင်ငံ တို့သည်လည်း ကာစီနို လုပ်ငန်းအား တရားဝင်ခွင့်ပြုကာ ဝင်ငွေရှာဖွေလျက် ရှိကြောင်း ထောက်ပြသည်။
“ကျနော်တို့ အဓိက နိုင်ငံခြားသားတွေကို ဆွဲဆောင်ပြီးတော့ သူတို့ဆီက ပိုက်ဆံရှာဖို့ပဲ၊ ဒီကရတဲ့ဝင်ငွေနဲ့ ပညာရေး၊ ကျန်းမာရေးတို့မှာ ပိုပြီး သုံးနိုင်လာမယ်၊ လက်ရှိနိုင်ငံရဲ့ အခြေအနေမှာတော့ ကျနော်တို့ နိုင်ငံသားတွေကို ကစားခွင့် ပြုမှာ မဟုတ်ပါဘူး”ဟုလည်း ဦးအောင်လှိုင်ဝင်းက ပြောသည်။
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်အနေနှင့် ကာစီနိုများအား ပြည်ထောင်စု အစိုးရအဖွဲ့နှင့် ပြည်ထဲရေး ထံမှ ခွင့်ပြု ချက် ရရှိပါက ကန့်သတ်ဧရိယာ အတွင်းရှိ ဟိုတယ်များတွင် ဆောင်ရွက်ခွင့် ပြုကြောင်းနှင့် မြန်မာနိုင်ငံသားများ ကစား ခွင့် မပြုကြောင်း ကန့်သတ်ချက်ဖြင့် ၂၀၁၃ ခုနှစ် ဇန်နဝါရီ ၃၁ ရက်နေ့တွင် အမိန့် ကြော်ငြာစာ တရပ် ထုတ်ပြန်ခဲ့သည်။
ယင်း အမိန့်စာအရ တချို့သော ကာစီနိုများကို တရားဝင် ခွင့်ပြုထားသကဲ့သို့ သဘော သက်ရောက်နေသော်လည်း အစိုးရ အနေဖြင့် အခွန်စည်းကြပ်မှု မရှိကြောင်း တနင်္သာရီ တိုင်းဒေသကြီး အစိုးရအဖွဲ့က တိုင်းလွှတ်တော် အတွင်း အတိအလင်း ပြောကြား ထားသည်။
တနင်္သာရီ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးရဲမြင့်ဆွေက“တရားမဝင်လဲ ထိန်းချုပ်လို့မရမယ့် အတူတူ အခု လို တရားဝင် စည်းကမ်းနဲ့လုပ်တာ ပိုကောင်းတယ်၊ နိုင်ငံတော်လည်း အခွန်ဝင်ငွေ ပိုရမယ်၊ ဒါပေမယ့် ရလာတဲ့ အခွန် ဝင်ငွေကိုတော့ ဘယ်နေရာတွေမှာ ပြန်သုံးမလဲ တရားဝင်ချပြဖို့ လိုပါတယ်”ဟု ပြောသည်။
ဦးရဲမြင့်ဆွေသည် သူဌေးကျွန်းနှင့် ရတနာကျွန်းတို့ပေါ်ရှိ ဟိုတယ်များတွင် ကာစီနို လောင်းကစားများ ဖွင့်လှစ် ထားခြင်း နှင့် ပတ်သက်ပြီး အစိုးရက တရားဝင် ခွင့်ပြုထားခြင်း မရှိပါက ပိတ်သိမ်း အရေးယူရန် တနင်္သာရီ တိုင်းဒေသ ကြီး လွှတ်တော်တွင် မေးမြန်း ဆွေးနွေးခဲ့သူ ဖြစ်သည်။
ယင်းကာစီနိုများအား အရေးယူရန် အတွက် တိုင်းအစိုးရအနေဖြင့် ပြည်ထဲရေး ဝန်ကြီးဌာနထံ တင်ပြကာ ဆောင်ရွက် လျက်ရှိကြောင်း ၂၀၁၈ ခုနှစ် နှစ်စပိုင်းကပင် ဖြေကြားခဲ့သော်လည်း ကာစီနိုများသည် ယနေ့တိုင် ဖွင့်လှစ် လုပ်ကိုင်နေ ကြောင်း လည်း ၎င်းက ပြောသည်။
လွှတ်တော်ကိုယ်စားလှယ် အများစုကမူ ကာစီနိုများ ဖွင့်လှစ်ခြင်းဖြင့် ခရီးသွားကဏ္ဍ အတွက် နိုင်ငံတကာ ခရီးသွား များ အား ဆွဲဆောင်နိုင်မည် ဖြစ်သလို လာရောက် ဆော့ကစားခြင်းဖြင့် အနိုင်ရလဒ်မှ ဝင်ငွေခွန်များ၊ ကာစီနို၏ အမြတ် ခွန် များ၊ အလုပ်အကိုင် အခွင့်အလမ်းနှင့် အမှတ်တရပစ္စည်း ရောင်းချမှုများမှ အခွန်ဝင်ငွေအရပ်ရပ် ရရှိလာမည်ကို မျှော်မှန်း ထားကြသည်။
လောင်းကစား ဝိုင်းများနှင့် ပတ်သက်ပြီး ပြည်ထဲရေး ဝန်ကြီးဌာနက ကိုင်တွယ်ခဲ့ခြင်း ဖြစ်ပြီး လက်ရှိ ပြည်ထောင်စု လွှတ်တော်က အတည်ပြုထားသည့် လောင်းကစား ဥပဒေသစ်တွင် ကာစီနိုများအား ပြည်ထောင်စု အစိုးရအဖွဲ့၏ ဆုံးဖြတ်ချက်ဖြင့် ထိန်းချုပ် ဆောင်ရွက်မည် ဖြစ်သလို အခြားသော လောင်းကစားများနှင့် ပတ်သက်ပြီး ပြည်ထောင်စု အစိုးရအဖွဲ့ရုံး ဝန်ကြီးဌာနနှင့် ပြည်ထဲရေး ဝန်ကြီးဌာနတို့ ပူးပေါင်း ဆောင်ရွက်သွားမည် အခြေအနေ ရှိနေသည်။
ဥပဒေအရ ကာစီနိုသည် တရားဝင်လောင်းကစား ဖြစ်လာသော်လည်း ကာစီနို နည်းတူ နည်းပညာ အသုံးပြု၍ လောင်း ကစား ပြုလုပ်သည့် အွန်လိုင်းလောင်းကစား ဂိမ်းများမှာမူ တရားမဝင်များ အဖြစ် ဆက်လက် ရှိနေဦးမည် ဖြစ်ပါသည်။
ဘောလုံးပွဲ လောင်းခြင်း၊ ဖဲကစားခြင်း တို့ကဲ့သို့ ကစားနည်း မျိုးစုံသည်လည်း လူမှုကွန်ရက် များမှတဆင့် တရားဝင် လုပ်ငန်းများ သဖွယ် ပြည်တွင်းဘဏ်များတွင် ဘဏ်စာရင်း ဖွင့်လှစ်ထားရုံဖြင့် ဝင်ရောက် လောင်းကစားနိုင်ကြောင်း ကြော်ငြာ များစွာကိုလည်း တွေ့လာရသည်။
ယင်း အွန်လိုင်း လောင်းကစားများသည် တည်ဆဲဥပဒေ အရရော ဥပဒေသစ် အရပါ တရားမဝင် လုပ်ငန်းများ ဖြစ် သော် လည်း တာဝန်ရှိသူများက ထိထိရောက်ရောက် အရေးယူမှု အားနည်းလှသည်။
လောင်းကစားဥပဒေအရ အနိမ့်ဆုံးပြစ်ဒဏ်အနေဖြင့် ထောင်ဒဏ် ၆ လအထိ ချမှတ်နိုင်ပြီး အမြင့်ဆုံးပြစ်ဒဏ် အနေ ဖြင့် ထောင်ဒဏ် ၅ နှစ်အထိ ချမှတ်နိုင်ကြောင်း ပြဌာန်းချက်များသည်လည်း ပြည်ထောင်စု လွှတ်တော်က လက်ရှိ အတည်ပြု ထားသည့် လောင်းကစား ဥပဒေတွင် ယခင်အတိုင်း ပါဝင်လျက် ရှိသည်။
ဒဏ်ငွေအနေဖြင့် ယခင်က ကျပ် ၅၀၀ မှ ကျပ် ၁ သောင်းအထိ သတ်မှတ်နိုင်ကြောင်း ပြဌာန်းထားသော်လည်း လောင်း ကစား ဥပဒေသစ်တွင် ကျပ် ငါးသောင်းမှ ဆယ်သိန်းအထိ အဆတရာခန့် တိုးမြှင့် သတ်မှတ်ထားသည်ကို တွေ့ရသည်။
ထို့ပြင် လောင်းကစား ပြုလုပ်နေမှုအား ဖမ်းဆီးနိုင်ရန် အတွက် သတင်းပေး တိုင်ကြားသူကို ဖမ်းမိသည့်ငွေနှင့် ပစ္စည်း များ၏ စုစုပေါင်း တန်ဖိုးမှ ၁၀ ရာခိုင်နှုန်းအား ဆုငွေအဖြစ် ချီးမြှင့်မည်ဖြစ်သလို ဝင်ရောက် ဖမ်းဆီးပေးသည့် တပ်ဖွဲ့ဝင် များကိုလည်း ၂၀ ရာခိုင်နှုန်းချီးမြှင့်မည့် ပြဌာန်းချက်များလည်း ဥပဒေသစ်တွင် ပါဝင်လျက်ရှိသည်။
ဥပဒေသစ်အား ပြည်ထောင်စု လွှတ်တော်က အတည်ပြုထားသော်လည်း နိုင်ငံတော်သမ္မတ အနေဖြင့် ပြင်ဆင်လိုပါ က သဘောထား မှတ်ချက်ဖြင့် ပြန်လည်ပေးပို့ကာ ပြင်ဆင်မှုများ ဆောင်ရွက်နိုင်သည့် အခြေအနေ ရှိသေးသည်။
လွှတ်တော် ကိုယ်စားလှယ်တချို့ကမူ လောင်းကစား ဥပဒေသစ်တွင် ကာစီနိုများ ဖွင့်ခွင့်ထည့်သွင်း ထားသည်ကို ပြည်ထဲ ရေး ဝန်ကြီးဌာနကပါ သဘောတူထားပြီ ဖြစ်သည့်အတွက် သြင်္ကန်ကာလ မတိုင်မီ အတည်ပြဌာန်းနိုင်ရန် မျှော်မှန်း နေကြပါသည်။ ။
ဆက်စပ် ဖတ်ရှုရန်
ကာစီနို လောင်းကစား ဥပဒေ လွှတ်တော် အတည်ပြု
ထိုင်း – မြန်မာ နယ်စပ်က စည်ကားနေတဲ့ ကာစီနို လောင်းကစားရုံ
နိုင်ငံခြားသားများ သီးသန့် ကစားခွင့်ရှိသော ကာစီနိုများ ခွင့်ပြုရေး လွှတ်တော်တွင် ဆွေးနွေး