ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ပါတီ အာဏာရလာခဲ့လျှင် သိမ်းဆည်း ခံ မြေယာများ ပြန်လည်ရရှိမည်ဟု ဧရာဝတီတိုင်း ဒေသကြီးအတွင်းရှိ မြေသိမ်းခံလယ်သမား အများစုက မျှော်လင့် ခဲ့ကြ သည်။
၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ၌ NLD ကို စုပုံ မဲပေးခဲ့သည့် ပြည်သူများတွင် ထိုတောင်သူ လယ်သမားများက သိမ်းဆည်းခံ လယ်ယာမြေများ ပြန်လည် ရရှိရေး မျှော်လင့်ချက်ဖြင့် မဲပေးခဲ့ကြသည်ဟု ဆိုသည်။
သို့သော် NLD ပါတီ အစိုးရဖြစ်ပြီးနောက် သိမ်းဆည်းခံ လယ်ယာမြေများ မူလပိုင်ရှင် တောင်သူလယ်သမားများ လက်ထဲ ပြန်လည် ရောက်ရှိရေး NLD အစိုးရက ကြိုးပမ်းသော်လည်း ခရီးမတွင်ဖြစ်နေသည့် အခြေအနေများ အပေါ် လယ်သမား များ က စိတ်ပျက်စ ပြုလာသည်ကို တွေ့ရှိရသည်။
“၂၀၁၅ ရွေးကောက်ပွဲတုန်းက NLD ပါတီကို မဲထည့်ခဲ့တယ်။ ဘာလို့လဲဆိုတော့ NLD အစိုးရဖြစ်လာခဲ့ရင် ကျနော် တို့ ရဲ့ သိမ်းဆည်းခံထားရတဲ့ လယ်ယာမြေတွေ ပြန်ရမယ်လို့ မျှော်လင့်ပြီး မဲထည့်ခဲ့တာ။ အခု အစိုးရ သက်တမ်း ၃ နှစ် ကြာ လာတဲ့ အချိန်အထိ ကျနော်တို့ မျှော်လင့်ချက်တွေ မပြည့်ဝသေးဘဲ ဒုက္ခမျိုးစုံနဲ့ စခန်းသွားနေရတုန်းပဲ”ဟု ဧရာဝတီ တိုင်း ဒေသကြီး ညောင်တုန်းမြို့နယ် ဗျောသလန်း ကျေးရွာမှ မြေသိမ်းခံလယ်သမား ကိုခင်မောင်လွင်က ပြော သည်။
ဧရာဝတီတိုင်း သိမ်းဆည်းမြေ ပမာဏ
ဧရာဝတီတိုင်းဒေသကြီးတွင် ဌာနဆိုင်ရာရုံးဆောက်ရန်၊ စက်မှုဇုန်၊ ဟိုတယ်ဇုန်၊ ရထားလမ်းစီမံကိန်း၊ မြစ်ရေတင် စီမံ ကိန်း၊ ရေလှောင်တမံ စီမံကိန်းများ၊ တပ်များတိုးချဲ့တည်ဆောက်ရန်၊ ဌာနဆိုင်ရာ သက်သာချောင်ချိရေး စိုက်ခင်းများ အကောင်အထည် ဖော်ရန်၊ မြေအောက် ရတနာ (ရေကြီးကွင်း၊ ရေနက်ကွင်း) ဖော်ထုတ်ရေး စီမံကိန်း စသည့် ခေါင်းစဉ် မျိုးစုံဖြင့် လယ်သမားတို့ စိုက်ပျိုးလုပ်ကိုင်နေသည့် လယ်ယာမြေများနှင့် မြေလွတ်၊ မြေရိုင်းများကို စစ်အစိုးရ လက်ထက် က သိမ်းဆည်း ခဲ့သည်။
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ (ကြံ့ခိုင်ရေး ပါတီ) အစိုးရလက်ထက် ပြည်ထောင်စု လွှတ်တော်က ဖွဲ့စည်း ဆောင်ရွက်ခဲ့သည့် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်း ခံရမှုကြောင့် ပြည်သူများ နစ်နာမှုမရှိစေရေး စုံစမ်း စစ်ဆေး ရေး ကော်မတီ၏ အစီရင်ခံစာများအရ ဧရာဝတီတိုင်းတွင် မြေဧကပေါင်း ၂ သိန်းကျော် သိမ်းဆည်း ခံထား ရကြောင်း သိရသည်။
ဧရာဝတီတိုင်းတွင် မြေသိမ်းခံရမှု အများဆုံးသည် မအူပင် ခရိုင်ဖြစ်သည်။ မအူပင်ခရိုင် အတွင်းက မအူပင်၊ ညောင် တုန်း၊ ဓနုဖြူနှင့် ပန်းတနော် မြို့နယ် ၄ ခုရှိ မြေလွတ်၊ မြေလပ်၊ မြေရိုင်း ဧက ၁ သိန်း ၇ သောင်းကျော်ကို နိုင်ငံတော် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ (နအဖ) စစ်အစိုးရက ၂၀၀၀ ပြည့်နှစ် ဝန်းကျင်တွင် သိမ်းဆည်းပြီး ဝါဝါ၀င်း၊ အေးရှား မိုက်၊ အော့ချက်ဒ်၊ ပင်လုံရတနာ စသည့် ကုမ္ပဏီပေါင်း ၂၇၁ ခုကို လုပ်ပိုင်ခွင့်များ ချထားပေးခဲ့ ကြောင်း မအူပင်ခရိုင် လယ်ယာမြေ စီမံခန့်ခွဲရေး နှင့် စာရင်းအင်း ဦးစီးဌာန၏ စာရင်းများတွင် ဖော်ပြထားသည်။
ထို့ပြင် ပုသိမ်မြို့ အခြေစိုက် အနောက်တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူးဟောင်း၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌဟောင်း နှင့် ဗိုလ်ချုပ်ကြီးဟောင်းလည်း ဖြစ်သူ သူရဦးရွှေမန်း၏သား ဦးအောင်သက်မန်း ပါဝင်ပတ်သက်ခဲ့သည့် ဧရာရွှေဝါ ကုမ္ပဏီ က ပုသိမ် ခရိုင် ကျောင်းကုန်း၊ သာပေါင်းနှင့် ကန်ကြီးထောင့် မြို့နယ်တို့တွင် မြေဧက ၄ သောင်းကျော် သိမ်းဆည်း ရယူ လုပ်ကိုင်ခဲ့ကြောင်း ပထမအကြိမ် ဧရာဝတီတိုင်း လွှတ်တော်၏ မေးမြန်းဆွေးနွေးမှု မှတ်တမ်းများအရ သိရသည်။
သိမ်းဆည်း မြေဧကများအား အရေအတွက် အတိအကျ ဖော်ပြနိုင်ရန်အတွက် ဧရာဝတီ တိုင်းဒေသကြီး လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာနထံ ဧရာဝတီ သတင်းဌာနက သွားရောက်မေးမြန်းခဲ့သော်လည်း အချက်အလက် များ ပေးရန် ငြင်းဆန်ခဲ့သည်။
စစ်အစိုးရက လုပ်ငန်းရှင်များကို လုပ်ပိုင်ခွင့်ချပေးသည့် မြေအများစုသည် မြေစာရင်းဌာန၏ မြေပုံစာရွက်ပေါ်တွင် မြေ လွတ်၊ မြေရိုင်းများ ဖြစ်နေသော်လည်း တကယ့်မြေပြင်တွင် လယ်သမားမိသားစုများ မှီခိုအသက်မွေးနေသည့် လယ်ယာ မြေများ ဖြစ်နေခဲ့သည်။
သို့သော် စစ်အစိုးရ ခေတ်တွင် စစ်ဗိုလ်ချုပ်ကြီးများ နှင့် နီးစပ်သည့် လုပ်ငန်းရှင်များကိုလည်း ကြောက်ရသည့် အတွက် ၎င်းတို့၏ မျက်စိရှေ့တွင်ပင် လယ်ယာမြေများကို သိမ်းယူသွားခဲ့သည့် အခြေအနေကို လယ်သမားများက လက်ပိုက် ကြည့်နေ ခဲ့ရသည်။
“လယ်သိမ်းမယ်ဆိုလည်း ကျနော်တို့ စိုက်ထားတဲ့ စပါးခင်းလေး မှည့်တဲ့အထိ စောင့်ပေးပါဆိုပြီး တောင်းပန်တာ ကို တောင် အဲဒီ ခရိုနီ လုပ်ငန်းရှင်တွေက လက်မခံဘဲ စပါးခင်းကို ဘူဒိုဇာနဲ့ ထိုးပစ်တာကို လယ်သမားတွေ မျက်ရည် စက်လက်နဲ့ ထိုင်ကြည့်ခဲ့ရတာ”ဟု ညောင်တုန်းမြို့နယ် တောင်သူလယ်သမားနှင့် စိုက်ပျိုးရေး လုပ်သားအဖွဲ့ တာဝန်ခံ ဦးသန်းဝင်းက ပြောပြသည်။
လယ်ယာမြေများ သိမ်းဆည်းခံရမှုကြောင့် လယ်သမားမိသားစုများ သောင်းနှင့်ချီ၍ စီးပွားရေးနှင့် လူမှုဘဝများ ထိခိုက် ပျက် စီးခဲ့ရသည်။ အလုပ်လက်မဲ့လယ်သမားမိသားစုများမှာ နီးစပ်ရာ ရန်ကုန်တိုင်းနှင့် အခြားသော ပြည်နယ်၊ တိုင်း ဒေသ ကြီးများသို့ ပြည်တွင်းရွှေ့ပြောင်း လုပ်သားများအဖြစ် ပြောင်းရွှေ့အခြေချမှုများ ရှိခဲ့သလို အိမ်နီးချင်း ထိုင်း၊ မလေး ရှားနှင့် စင်္ကာပူ စသည့် ပြည်ပနိုင်ငံများသို့ ထွက်ခွာ၍ အလုပ်လုပ်ကိုင်မှုများလည်း ဖြစ်ပွားခဲ့သည်။
သိမ်းဆည်းမြေဧက ရာထောင်ချီ လုပ်ပိုင်ခွင့်ရရှိခဲ့သည့် လုပ်ငန်းရှင်အများစုသည် ရယူထားသည့် မြေများပေါ်တွင် လုပ်ငန်းများ အမှန်တကယ် လုပ်ကိုင်ခြင်းမရှိဘဲ လုပ်ပိုင်ခွင့်ကိုသာ ဆုပ်ကိုင်ထားပြီး မြေများကို မူလသိမ်းဆည်းစဉ် အချိန်ကအတိုင်း ပစ်ထားခဲ့ကြသည်။
မအူပင်ခရိုင် လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာန၏ စာရင်းများအရ ကုမ္ပဏီပေါင်း ၂၇၁ ခုသို့ လုပ်ပိုင် ခွင့် ချထားပေးခဲ့သည့် ခရိုင်အတွင်းရှိ မြေလွတ်၊ မြေလပ်၊ မြေရိုင်းဧက ၁ သိန်း ၇ သောင်းကျော်တွင် လုပ်ငန်း အမှန် တကယ် အကောင်အထည် ဖော်သည့် မြေဧကမှာ ၆ သောင်း ၇ ထောင်ခန့်သာ ရှိပြီး ဧက ၁ သိန်းခန့် လုပ်ငန်း အကောင် အထည် ဖော်ခြင်းမရှိဘဲ ပစ်ထားခဲ့သည့် မြေများဖြစ်နေကြောင်း သိရသည်။
ကုမ္ပဏီတချို့ဆိုလျှင် လုပ်ပိုင်ခွင့်ရထားသည့် မြေများကို လက်လွဲှရောင်းချခြင်း၊ အငှားချထားခြင်း၊ လယ်သမားများကို သီးစား ပြန်လည်ချထားခြင်း စသည့် မြေလွတ်၊ မြေလပ်၊ မြေရိုင်း ဥပဒေနှင့် မညီသော လုပ်ရပ်များ လုပ်ဆောင်ခဲ့ကြ သလို ငါးမွေးသည်ဟုဆိုကာ လုပ်ပိုင်ခွင့်ရ မြေဧရိယာအားလုံးကို ကန်ဘောင်ဖို့၍ သဘာဝအလျောက် ပေါက်ဖွားသည့် ငါးရိုင်းများ ရောင်းစားသည့် လုပ်ငန်းများသာ လုပ်ဆောင်ခဲ့ကြသည်ဟု ညောင်တုန်းမြို့နယ် အမှတ် ၂ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ဆန်းက ပြောပြသည်။
ထိုသို့သော အခြေအနေများကြောင့် NLD အစိုးရ ဖြစ်လာပြီးနောက် သမ္မတ ဦးထင်ကျော် လက်ထက်တွင် မြေသိမ်း မှုများ ဖြေရှင်းရန် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှု ပြန်လည် စိစစ်ရေး (ဗဟို မြေ/စစ်) ကော်မတီကို ဖွဲ့စည်းခဲ့ပြီး ဥက္ကဋ္ဌ အဖြစ် ဒုသမ္မတ ၂ ဦးဟင်နရီ ဗန်ထီးယူကို တာဝန် ပေးအပ်ခဲ့သည်။
၂၀၁၈ ခုနှစ် မတ်လတွင် သမ္မတ ဦးထင်ကျော် ရာထူးမှ နုတ်ထွက်ခဲ့ပြီးနောက် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဟောင်း ဦးဝင်းမြင့် က သမ္မတ တာဝန်ကို လက်ခံရယူခဲ့သည်။
ပြည်ထောင်စု အစိုးရအဖွဲ့ကို သမ္မတ ဦးဝင်းမြင့် ဦးဆောင်ပြီးနောက် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံ ရသည့် အမှုတွဲများကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက် နောက်ဆုံးထား၍ အပြီးစစ်ဆေးကာ နေပြည်တော်သို့ ပြန်လည် တင်ပြရန် ညွှန်ကြားခဲ့ကြောင်း သိရသည်။
ဧရာဝတီတိုင်း သိမ်းဆည်း မြေယာ စစ်ဆေးပြီးစီးမှု အခြေအနေ
သမ္မတ ဦးဝင်းမြင့်၏ ညွှန်ကြားချက်အရ ဧရာဝတီတိုင်း ဝန်ကြီးချုပ် ဦးလှမိုးအောင်က သိမ်းဆည်းခံ မြေယာအမှုများ ကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့အမီ အမြန်ဆုံး ပြီးပြတ်ရေး စစ်ဆေးရန် ခရိုင်၊ မြို့နယ်နှင့် ရပ်ကွက်ကျေးရွာ များမှ အဆင့်ဆင့်သော မြေ/စစ်ကော်မတီများကို ညွန်ကြားခဲ့ကြောင်း သိရသည်။
ထိုသို့ညွှန်ကြား ဆောင်ရွက်ခဲ့သော်လည်း ဝန်ကြီးချုပ် ဦးလှမိုးအောင် ဦးဆောင်သည့် ဧရာဝတီတိုင်း မြေ/စစ် ကော် မတီ သည် သမ္မတ ဦးဝင်းမြင့်၏ လမ်းညွှန်ချက်အတိုင်း ရာနှုန်းပြည့်ပြီးစီးရန် စစ်ဆေးနိုင်ခြင်း မရှိကြောင်း သိရသည်။
ပထမအကြိမ် လွှတ်တော်သက်တမ်းတွင် ဖွဲ့စည်းခဲ့သည့် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုကြောင့် ပြည်သူ များ နစ်နာမှုမရှိစေရေး စုံစမ်းစစ်ဆေးရေး ကော်မတီ အနေဖြင့် ပြည်ထောင်စု လွှတ်တော်သို့ အစီရင်ခံစာ အပိုင်း ၁ မှ ၁၈ အထိ တင်သွင်းခဲ့သည်။
အဆိုပါ အစီရင်ခံစာ ၁၈ ခုထဲတွင် ဧရာဝတီတိုင်းနှင့်ပတ်သက်၍ မြေသိမ်းခံရသည့် အမှုတွဲပေါင်း ၁၅၄၄ တွဲ ပါဝင် နေရာတွင် ဧရာဝတီတိုင်း မြေ/စစ်ကော်မတီ အနေဖြင့် အမှုတွဲပေါင်း ၁၃၁၁ တွဲ စစ်ဆေးပြီး ဖြစ်သည်ဟု ဆိုသည်။
“စုံစမ်းစစ်ဆေးရေး ကော်မတီ၏ အစီရင်ခံစာ အပိုင်း ၁ မှ ၁၈ အထိ အမှုတွဲများအား နေပြည်တော် ဗဟိုကော်မတီရုံး သို့ တာဝန်ခံဖြေရှင်း အပ်နှံလျက်ရှိရာမှာ ဖေဖော်ဝါရီ ၈ ရက်နေ့အထိ စိစစ်ရမယ့်အမှုတွဲ ၁၅၄၄ တွဲမှာ ၁၃၁၁ တွဲ စိစစ် အပ်နှံ ဆောင်ရွက်ပြီးဖြစ်တဲ့ အတွက် ၈၆ ဒသမ ၄၀ ရာခိုင်နှုန်း ဆောင်ရွက်ပြီး ဖြစ်ပါတယ်”ဟု ဧရာဝတီတိုင်း မြေ/စစ် ကော်မတီ ဥက္ကဋ္ဌ ဝန်ကြီးချုပ် ဦးလှမိုးအောင်က မတ်လ ၂ ရက်နေ့တွင် အိမ်မဲမြို့နယ်၌ ကျင်းပသည့် တောင်သူ လယ်သမား နေ့ အခမ်းအနားတွင် ပြောကြားသည်။
ယခင် ကြံ့ခိုင်ရေး အစိုးရ လက်ထက်က ဆောင်ရွက်ခဲ့သည့် လယ်ယာမြေ စီမံခန့်ခွဲရေး (ဗဟိုကော်မတီ) ၏ အမှုတွဲ များကို လက်ရှိ ဗဟိုမြေ/စစ် ကော်မတီထံ လွဲှပြောင်းအပ်နှံခဲ့ရာတွင် ဧရာဝတီတိုင်း ဒေသကြီးနှင့် ပတ်သက်သော အမှု တွဲပေါင်း ၁၂၃၉ တွဲ ပါဝင်ခဲ့ပြီး လက်ရှိတွင် အမှုတွဲ ၁၀၂၄ တွဲ စစ်ဆေးပြီးဖြစ်ကာ ရာခိုင်နှုန်းအားဖြင့် ၈၂ ဒသမ ၆၄ ရာခိုင်နှုန်း စစ်ဆေးပြီးဖြစ်၍ နေပြည်တော်သို့ ပြန်လည် တင်ပြထားကြောင်း သိရသည်။
အဆိုပါ ကိန်းဂဏန်းများအရ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဝန်ကြီးချုပ်ဟောင်း မန်းဂျော်နီ တာဝန်ယူခဲ့သည့် အချိန် ၂ နှစ်ကာလနှင့် လက်ရှိ ဝန်ကြီးချုပ် ဦးလှမိုးအောင် လက်ထက် ၁ နှစ်တာကာလ အတွင်း ဗဟိုမှ စိစစ်ရန် ချထား ပေးသည့် မြေယာအမှုတွဲပေါင်း ၂၃၃၅ တွဲ စစ်ဆေးနိုင်ခဲ့ပြီး အမှုပေါင်း ၄၄၈ တွဲ စစ်ဆေးရန် ကျန်ရှိနေသည်။
“ကျန်ရှိနေတဲ့အမှုတွဲ များအား အမြန်ပြီးပြတ်နိုင်ရေး မြေ/စစ်ကော်မတီ အဆင့်ဆင့်အား တွန်းအားပေး ဆောင်ရွက် လျက် ရှိပါတယ်”ဟု ဝန်ကြီးချုပ် ဦးလှမိုးအောင်က ပြောဆိုသည်။
ဝန်ကြီးချုပ် ဦးလှမိုးအောင်ဦးဆောင်သည့် ဧရာဝတီတိုင်း မြေ/စစ်ကော်မတီ အနေဖြင့် ၃ နှစ် ကာလအတွင်း သိမ်းဆည်း မြေ ပြန်လည်ပေးအပ်ပွဲ ၃ ကြိမ်ပြုလုပ်ခဲ့ပြီး မအူပင်၊ မြောင်းမြ၊ ဖျာပုံနှင့် ပုသိမ်ခရိုင် အတွင်းရှိ လယ်သမား ပေါင်း ၁၃၉၃ ဦးအား သိမ်းဆည်းမြေ ၈၉၂၄ ဧက ပြန်လည်ပေးအပ်နိုင်ခဲ့ကြောင်း တိုင်း အစိုးရအဖွဲ့ရုံး၏ စာရင်းများအရ သိရသည်။
သိမ်းဆည်း ခံထားရသည့် မြေဧက ၂ သိန်းကျော်နှင့် နှိုင်းယှဉ်လျှင် တောင်သူလယ်သမားများထံ ပြန်လည် ပေးအပ်နိုင် သည့် မြေပမာဏမှာ အဆများစွာ နည်းပါးနေသည်ကို တွေ့ရသည်။
သိမ်းဆည်း မြေယာအများစုသည် မြေသိမ်းခဲ့သည့် ကုမ္ပဏီများ၊ လုပ်ငန်းရှင်များနှင့် ၎င်းတို့ထံမှ ဧက ၁၀၀၊ ဧက ၅၀ စသဖြင့် ယူနစ်အလိုက် ငှားရမ်းကာ သီးစားခပေးလုပ်ကိုင်ခဲ့သည့် ယူနစ်လယ်သမားများ လက်ထဲတွင်ရှိနေပြီး သိမ်း ဆည်း မြေများပေါ်တွင် အဓမ္မဝင်ရောက် လုပ်ကိုင်သည့် မူလတောင်သူလယ်သမားများနှင့် မြေယာမဲ့ လယ်သမား တချို့ သာလျှင် တရားရုံးတွင် လုပ်ငန်းရှင်၏ တရားစွဲဆိုမှုကို ရင်ဆိုင်ရင်း လယ်ယာမြေများ စိုက်ပျိုးလုပ်ကိုင် နေကြရသည်။
မြေ/စစ် ကော်မတီ ဘာပြဿနာ ရှိနေလဲ
ဝန်ကြီးချုပ် ဦးလှမိုးအောင် ပြောဆိုခဲ့သည့်ကိန်းဂဏန်းများက နေပြည်တော်မှ ချထားပေးသည့်အမှုတွဲများကို စစ်ဆေး ပြီးစီးမှု အနေအထားများသာ ဖြစ်သည်။
ဧရာဝတီတိုင်းရှိ မြို့နယ် ၂၆ မြို့နယ်အတွင်း အောက်ခြေအဆင့်မှ ပြည်သူများတင်ပြလာသည့် မြေယာသိမ်းဆည်း ခံရ သည့် အမှုတွဲများက သက်ဆိုင်ရာ မြို့နယ်နှင့် ခရိုင်အဆင့် မြေ/စစ် အဖွဲ့များတွင် တပုံတပင် ကျန်ရှိနေဆဲ ဖြစ်သည်။
“ကျနော်တို့ ၃ နှစ်လောက် ကြိုးစားပြီးစစ်နေတာတောင် အခုချိန်အထိ အမှုတွဲအားလုံးရဲ့ ၅၀ ရာခိုင်နှုန်းတောင် ပြီးအောင် မစစ်နိုင်သေးဘူး”ဟု ညောင်တုန်းမြို့နယ် မြေ/စစ်ကော်မတီဝင် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ဆန်းက ပြောဆိုသည်။
မြေ/စစ် ဗဟိုကော်မတီတွင် ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူက ဥက္ကဋ္ဌ အဖြစ် ဦးဆောင်ပြီး ပြည်နယ်နှင့် တိုင်းဒေသကြီး အဆင့် မြေ/စစ် ကော်မတီများတွင် သက်ဆိုင်ရာ ဝန်ကြီးချုပ်များက ဥက္ကဋ္ဌများ အဖြစ် တာဝန်ယူ ဆောင်ရွက်နေကြ သည်။
ပြည်နယ်နှင့် တိုင်းဒေသကြီး လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာန (မြေစာရင်း) တိုင်းဦးစီးမှူးများက တိုင်း အဆင့် မြေ/စစ် ကော်မတီ အတွင်းရေးမှူးများအဖြစ် ဆောင်ရွက်နေကြသည်။ ခရိုင်၊ မြို့နယ်နှင့် ရပ်ကွက်၊ ကျေး ရွာ အဆင့် မြေ/စစ် ကော်မတီ အားလုံးတွင်လည်း အုပ်ချုပ်ရေးမှူးများက ဥက္ကဋ္ဌ၊ မြေစာရင်းဌာန ဝန်ထမ်းများက အတွင်းရေး မှူး၊ ဒေသဆိုင်ရာ လွှတ်တော် ကိုယ်စားလှယ်များက အဖွဲ့ဝင်များ အဖြစ် ဆောင်ရွက်နေကြသည်။
သိမ်းဆည်းခံ မြေယာစိစစ်ရေး လုပ်ငန်းများကို မှန်ကန်မြန်ဆန်စွာ ဆောင်ရွက်နိုင်ရန်အတွက် သမ္မတ ဦးထင်ကျော် နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့၏ ညွှန်ကြားချက်အရ ဗဟို ကော်မတီက မြေ/စစ် မူဝါဒ ၅၂ ချက်ကို ထုတ်ပြန်ကာ အဆင့်ဆင့်သော မြေ/စစ် ကော်မတီများကို မူဝါဒများအတိုင်း စစ်ဆေး ဆောင်ရွက် ရန် ၂၀၁၈ ခုနှစ် မတ်လ ၂ ရက်နေ့က စာထုတ်ပြန်၍ လမ်းညွှန်ထားသည်။
မြေစစ်မူဝါဒ ၅၂ ချက်တွင် မြေသိမ်းစဉ်က ၁၈၉၄ ခု မြေသိမ်း အက်ဥပဒေဖြင့် ညီညွတ်ခြင်း ရှိမရှိ၊ လက်ရှိ လုပ်ဆောင် နေသည့် စီမံကိန်းမှာ ဒေသခံပြည်သူများ အတွက် အကျိုးရှိမရှိ၊ ဒေသအတွက် အလုပ်အကိုင် အခွင့်အလမ်း ဖန်တီး ပေးခြင်း ရှိမရှိ၊ သိမ်းဆည်း ရယူထားသည့် မြေယာနှင့်ပတ်သက်၍ လျော်ကြေး ပေးထားခြင်း ရှိမရှိ၊ ရယူထားသည့် မြေ ပေါ်တွင် စီမံကိန်းများ အမှန်တကယ် အကောင်အထည်ဖော်ခြင်း ရှိမရှိ စိစစ်ရန်ဟူသော အချက်များ ပါဝင်သည်။
ဗဟိုမြေ/စစ် ကော်မတီက မူဝါဒများ လမ်းညွှန်ထားသော်လည်း အောက်ခြေတွင် ဌာနဆိုင်ရာတို့၏ အချိန်ဆွဲခြင်း၊ ဌာန နှင့် ပတ်သက်သည့် မြေယာအမှုများတွင် ဖုံးဖိဆောင်ရွက်ခြင်းများ ရှိနေသည်ဟု ညောင်တုန်းအမတ် ဦးကျော်ဆန်းက ပြောဆိုသည်။
“မြေစစ်ကိစ္စတွေမှာ ဌာနဆိုင်ရာတချို့က သူတို့ရဲ့ လုပ်ပိုင်ခွင့်ထဲကနေ အချိန်ဆွဲပြီး လုပ်နေတာမျိုးတွေ ရှိတယ်။ အမှု စစ် ဖို့ကိုလည်း ဌာနကနေခေါ်မှ စစ်ရတယ်။ အမှုတွဲတွေဆိုလည်း သူတို့တွေ တင်လာတဲ့အမှုပဲ သိရတယ်။ မတင်လာ တဲ့ ဟာ မသိရဘူး။ အမှုစစ်ပြန်တော့လည်း သူတို့က ဌာနဆိုင်ရာ ဝန်ထမ်းဖြစ်နေတော့ သူတို့အတွက် ပွတ်တိုက်မှုရှိမယ့် ဟာမျိုး တွေ ရှောင်ကြဉ်ပြီးတော့ လုပ်တယ်။ တချို့ဆိုလည်း မိမိဌာနနဲ့ပတ်သက်ပြီး အရင်က လုပ်ထားတဲ့ဟာတွေကို ဖုံးဖုံးဖိဖိနဲ့ သွားတာတွေ ရှိနေတယ်။ အဲ့ဒီလိုဆိုတော့ အမှန်တရား ပေါ်ပေါက်ဖို့က ဝေးတာပေါ့”ဟု ဦးကျော်ဆန်းက ရှင်းပြသည်။
ရပ်/ကျေး၊ မြို့နယ်နှင့် ခရိုင်အဆင့် မြေ/စစ်ကော်မတီ အဆင့်ဆင့်တွင် အုပ်ချုပ်ရေးမှူးများကို ဥက္ကဋ္ဌ ခန့်အပ်ခြင်း၊ မြေစာရင်း ဌာန ဦးစီးမှူးများကို အတွင်းရေးမှူး အဖြစ် ခန့်အပ်ထားခြင်းက သိမ်းဆည်းခံ မြေယာပြဿနာများ ဖြေရှင်း ရန် ပိုမိုခက်ခဲစေသည်ဟု ဧရာဝတီတိုင်းရှိ အရပ်ဘက် လူမှုအဖွဲ့အစည်းများက ထောက်ပြ ပြောဆိုကြသည်။
“အောက်ခြေ ရပ်ကွက်၊ ကျေးရွာမြေစစ်ကော်မတီမှာ ဥက္ကဋ္ဌနဲ့ အတွင်းရေးမှူးတွေက မြေသိမ်းမှုတွေမှာ ပတ်သက်ခဲ့သူ တွေ အများစု ဖြစ်နေတယ်။ မြေစစ်ကော်မတီမှာပါတဲ့ လယ်သမားကိုယ်စားလှယ်ဆိုတာကလည်း စနစ်တကျ ရွေးချယ် တင်မြှောက် ထားတာ မဟုတ်ဘူး။ ဌာနဆိုင်ရာတွေက သူတို့အဆင်ပြေမယ့်လူတွေ ဆွဲထည့်ထားတာ။ ပြီးတော့ မြေ/စစ် မှာ လွှတ်တော် ကိုယ်စားလှယ်တွေ ပါဝင်သော်လည်း ကိုယ်စားလှယ်တွေက လုပ်ပိုင်ခွင့်မရှိဘူး။ ကိုယ်စား လှယ် တွေ ပြောချင်ရာပြော သူတို့က ရေးချင်တာရေးပြီး အထက်ကို တင်ပြတာတွေ ရှိနေတယ်။ အဲဒီတော့ ဘယ်လိုပဲ စစ်စစ် အမှန်တရား ထွက်မလာနိုင်ဘူး”ဟု ဧရာဝတီတိုင်း တောင်သူ လယ်သမားသမဂ္ဂ ဥက္ကဋ္ဌ ဦးမျိုးချစ်က ပြောဆို သည်။
မြေ/စစ် ကော်မတီတွင် ဌာနဆိုင်ရာ ဝန်ထမ်းပါဝင်မှု အချိုးအစား များပြားနေပြီး လယ်သမားများဘက်မှ လိုက်ပါ ဆောင် ရွက် ပေးမည့် အရပ်ဘက်ကိုယ်စားလှယ် နည်းပါးနေခြင်း၊ မြေသိမ်းမှုနှင့် တိုက်ရိုက် မသက်ဆိုင်သည့် ငါး လုပ် ငန်း၊ သစ်တော၊ စီမံကိန်း၊ သမဝါယမစသည့် ဌာနဆိုင်ရာ ဦးစီးမှူးများကို မြေ/စစ် ကော်မတီတွင် ထည့်သွင်း ထားခြင်း ကလည်း သိမ်းဆည်းခံ မြေယာ စိစစ်ရေးလုပ်ငန်းများ နှောင့်နှေးကြန့်ကြာရသည့် အကြောင်းရင်းများ ဖြစ်နေသည်။
“မြေစစ်ကော်မတီမှာ ငါးလုပ်ငန်း၊ သစ်တော၊ တချို့နေရာတွေဆို သမဝါယမ ဦးစီးမှူးတွေ ထည့်ထားသေးတယ်။ ကျေးရွာ တိုင်းမှာ လယ်ယာမြေပြဿနာတွေက အများကြီးရှိနေတော့ အမှုတခုစစ်ဖို့ကို ငါးလုပ်ငန်း၊ သစ်တော၊ ထွေ အုပ်၊ မြေစာရင်း၊ လွှတ်တော် ကိုယ်စားလှယ်တဦး ဆုံဖို့ လိုနေတယ်။ လွှတ်တော် ကိုယ်စားလှယ်က လွှတ်တော်တက် တယ်။ ငါးဦးစီးက အင်းရာသီဆို သူ့မိခင်ဌာနတာဝန် ထမ်းလို့တောင် မနိုင်ဘူး။ သစ်တော ဆိုလည်း အတူတူပဲ။ အဲဒီ လူတွေဆုံပြီးတော့မှ မြေယာပြဿနာ ရှင်းရတယ်ဆိုတော့ ဒီအမှုတွေ ဘယ်တော့ ပြီးမလဲ”ဟု ပဒေသာမိုး အဖွဲ့မှ မြေယာ ဥပဒေပညာရှင် ဦးကျော်ဇေယျက ရှင်းပြသည်။
ဧရာဝတီတိုင်းဒေသကြီးအတွင်း မြေယာလုပ်ပိုင်ခွင့်ရယူခဲ့ပြီး သတ်မှတ်အချိန် ကာလအတွင်း လုပ်ငန်းအမှန်တကယ် အကောင်အထည် မဖော်သည့် ကုမ္ပဏီများထံမှ မြေဧက ၄၇၈၂၂ ဧကကို ဗဟိုမြေ/စစ် ကော်မတီထံ တင်ပြ၍ ၂၀၁၈ ခုနှစ် အောက်တိုဘာလတွင် လုပ်ပိုင်ခွင့် ပြန်လည် ရုပ်သိမ်းခဲ့ကြောင်း ဧရာဝတီတိုင်း အစိုးရအဖွဲ့ စိုက်ပျိုးရေးနှင့် မွေးမြူ ရေး ဝန်ကြီးဌာနထံမှ သိရသည်။
မြေသိမ်းခံမူလတောင်သူလယ်သမားများအနေဖြင့် အဆိုပါမြေလွတ်မြေရိုင်းများကို လုပ်ကိုင်ခွင့်ရရန် သက်ဆိုင်ရာ လယ် ယာ မြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဌာနများတွင် လျှောက်ထားကြရန် ဧရာဝတီတိုင်းအစိုးရက ပြောဆိုထား သော် လည်း လယ်သမားများအနေဖြင့် မြေလွတ်မြေရိုင်းလျှောက်ရန် ရပ်/ကျေး မြေ/စစ်ကော်မတီ အတွင်းရေးမှူးများ ဖြစ်သည့် မြေစာ ရင်းဌာန ဝန်ထမ်းများထံမှ မြေလွတ်မြေရိုင်းလျှောက်လွှာပင် တောင်းမရသည့် ပြဿနာများ အောက်ခြေ တွင် ဖြစ်ပွားနေသည်။
“ကျနော်တို့ဒေသမှာ အေးရှားမိုက် ကုမ္ပဏီက မြေဧက ၃၀၀၀ လောက် စွန့်လွှတ်ထားတာ ရှိတယ်။ အဲဒါလည်း ဌာန ဆိုင်ရာ ပြောလို့ သိတာမဟုတ်ဘူး။ အရပ်ဘက် အဖွဲ့အစည်းတွေ ပြောပြမှသိတာ။ အဲဒါကို မြေလွတ်မြေရိုင်း လျှောက် ဖို့ မြေတိုင်းစာရေးဆီမှာ လျှောက်လွှာသွားတောင်းတာ ကျနော်တို့ကို မပေးဘူး။ ကျေးရွာအုပ်ချုပ်ရေးမှူးဆီကထောက် ခံချက် တောင်းတာလည်း မပေးဘူး။ အေးရှားမိုက်ကုမ္ပဏီနဲ့ အကျိုးတူလုပ်ခဲ့တဲ့ လယ်သမားတွေကို ကျတော့ အုပ်ချုပ် ရေးမှူးက မြေလွတ်မြေရိုင်းလျှောက်ဖို့ ထောက်ခံပေးတယ်။ လက်ရှိလည်း အဲဒီမြေတွေကို ကုမ္ပဏီနဲ့အကျိုးတူလုပ်ခဲ့တဲ့ လယ်သမား တွေ ပဲ ရယူလုပ်ကိုင်နေတာ”ဟု ပန်းတနော် မြို့နယ် ကညင်ကုန်းအုပ်စု ကျောက်ပြင်ကုန်း ရွာမှ ဒေသခံ လယ်သမား ကိုစောကျော်ဝင်းက ပြောပြသည်။
မြေ/စစ်ကော်မတီများအပေါ် ဝေဖန်ပြောဆိုမှုများနှင့်ပတ်သတ်၍ ဧရာဝတီတိုင်းဒေသကြီး မြေ/စစ်ကော်မတီ အတွင်း ရေး မှူးဖြစ်သူ ဧရာဝတီတိုင်း လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဝင်းမြင့်ထံ ဧရာဝတီ က သွားရောက် မေးမြန်းခဲ့သော်လည်း တွေ့ဆုံ ဖြေကြားရန် ငြင်းဆန်သည်။
မြေ/စစ်ကော်မတီ ပြင်ဆင်ဖွဲ့စည်းရန် လိုအပ်နေ
သိမ်းဆည်းခံ မြေယာပြဿနာများ အဓိကစစ်ဆေး ဆောင်ရွက်နေရသည့် မြေ/စစ် ကော်မတီကို အရပ်ဘက် အဖွဲ့ အစည်း ကိုယ်စားလှယ် အချိုး ပိုမိုပါဝင်သည့် ဖွဲ့စည်းပုံမျိုး အမြန်ဆုံးပြင်ဆင် ဖွဲ့စည်းရန် လိုအပ် နေကြောင်း ပုသိမ်မြို့ အခြေစိုက် တောင်သူဖွံ့ဖြိုးရေး သင်တန်းကျောင်း (GPI) ဒါရိုက်တာ ဦးတင်လင်းအောင်က အကြံပြုသည်။
“မြေ/စစ် ကော်မတီကို ဌာနဆိုင်ရာဘက်က ၅ ဦးလောက် ပါဝင်ပြီးတော့ အရပ်ဘက် ကိုယ်စားလှယ် အနေနဲ့ တောင်သူ လယ်သမား ကိုယ်စားလှယ်၊ အမျိုးသမီး ကိုယ်စားလှယ်၊ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေ၊ တိုင်းရင်းသား ကိုယ်စား လှယ် တွေ၊ ဥပဒေ ကျွမ်းကျင်သူတွေက ၆ ယောက်လောက် ပါဝင်တဲ့ ကော်မတီမျိုး အဖြစ် ပြင်ဆင် ဖွဲ့စည်း သင့်တယ်။ ဒါမှသာ မြေယာ ကိစ္စတွေ စစ်ဆေးရာမှာ မှန်ကန်တဲ့ရလဒ်တွေ ထွက်ပေါ်မယ်။ လယ်သမားတွေ အတွက်လည်း တရား မျှတမှု ရလိမ့်မယ်”ဟု ဦးတင်လင်းအောင်က ပြောဆိုသည်။
၂၀၁၆ ခုနှစ်တွင် NLD အစိုးရတက်လာသည့်နောက်ပိုင်း စီမံကိန်းအကောင်အထည်မဖော်သည့်မြေများ ပြန်သိမ်းမည် ဟူ သည့်သတင်းများကြောင့် မအူပင်၊ ညောင်တုန်း၊ ဓနုဖြူနှင့် ပန်းတနော်မြို့နယ်တို့တွင် မြေဧက ရာနှင့်ချီ ရယူထား သည့် လုပ်ငန်းရှင်အများစုမှာ နှစ်ပေါင်းများစွာ မလုပ်ဘဲပစ်ထားသည့်မြေများကို ငါးကန်တူးဖော်ခြင်း၊ စပါးထွန်ယက် စိုက်ပျိုး ခြင်းများ ဆောင်ရွက်ခဲ့ကြသည့်အတွက် မြေသိမ်းခံလယ်သမား များနှင့် ပဋိပက္ခဖြစ်ပွားမှုများ ရှိခဲ့သည်။
ထို့ပြင် လုပ်ငန်းရှင်က စီမံကိန်းအကောင်အထည်မဖော်ဘဲပစ်ထားသည့်မြေများကို ဝင်ရောက်၍ ထွန်ယက် စိုက်ပျိုး ကြ သည့် မအူပင်၊ ညောင်တုန်းနှင့် ပန်းတနော်မြို့နယ်မှ မြေသိမ်းခံလယ်သမားများနှင့် မြေယာမဲ့ လယ်သမားများကို လုပ်ငန်း ရှင်များက သက်ဆိုင်ရာမြို့နယ်တရားရုံးများတွင် မြေလွတ်၊ မြေလပ်၊ မြေရိုင်းဥပဒေများဖြင့် အသုတ်လိုက်ခွဲ၍ တရားစွဲဆိုမှုများ လက်ရှိ အချိန်အထိ ဖြစ်ပွားနေဆဲ ဖြစ်သည်။
“ဗဟိုမြေ/စစ် ကော်မတီက ညွှန်ကြားထားတဲ့ မြေ/စစ်မူဝါဒ ၅၂ ချက်နဲ့အညီ သက်ဆိုင်ရာ စိစစ်တဲ့ကော်မတီက မှန်မှန် ကန်ကန်နဲ့ သေချာတိုက်ဆိုင် စစ်ဆေးမယ်ဆိုရင် မြေသိမ်းခံပြည်သူက မရစရာ မရှိပါဘူး။ ကော်မတီတွေ အဲ့ဒီလို မှန်ကန် စွာ ဆောင်ရွက်ဖို့ကိုလည်း သက်ဆိုင်ရာ တိုင်းဒေသကြီးအစိုးရနဲ့ လွှတ်တော်ရေးရာကော်မတီ အသီးသီးက သေချာကြပ် မတ် မယ်၊ ကွင်းဆင်း စစ်ဆေးမယ်ဆိုရင် မြေယာနဲ့ ပတ်သက်တဲ့ ပဋိပက္ခတွေ ဖြစ်ပွားမှုကို ကြိုတင် ဟန့် တားနိုင်မှာဖြစ် တယ်။ မဟုတ်ရင်တော့ ကိစ္စသေးသေးလေးကနေ လူ့အသက်တွေ သေဆုံးတဲ့အထိ ကြီးမားတဲ့ ပဋိပက္ခတွေ ဖြစ်လာနိုင် တယ်”ဟု မြေယာ ဥပဒေ ပညာရှင် ဦးကျော်ဇေယျက ပြောသည်။
ညောင်တုန်းမြို့နယ် ဗျောသလန်း ကျေးရွာမှ မြေသိမ်းခံလယ်သမား ကိုခင်မောင်လွင်ကတော့ သူတို့ မဲပေးရွေးချယ် ခဲ့သည့် NLD အစိုးရ၏ လက်ရှိ သက်တမ်းအတွင်း ၎င်းတို့လက်လွှတ်ဆုံးရှုံးခဲ့ရသည့် သိမ်းဆည်းမြေများ ပြန်လည် ရရှိ မည်ဟု မျှော်လင့်နေဆဲ ဖြစ်သည်။
“ကျနော်တို့ မဲပေးရွေးချယ်ခဲ့တဲ့ NLD အစိုးရရဲ့ဒီသက်တမ်းအတွင်းမှာတော့ သိမ်းဆည်းမြေတွေ ပြန်ရမယ်လို့ မျှော်လင့် နေတုန်းပါပဲ။ အစိုးရဘက်ကလည်း ကျနော်တို့ မျှော်လင့်တကြီးနဲ့ မဲပေးခဲ့တာကို တန်ဖိုးထားပြီး သိမ်းဆည်း မြေတွေ မူလတောင်သူတွေ လက်ထဲ ပြန်ရောက်အောင်၊ တရားဥပဒေ စိုးမိုးမှုရှိအောင် အစွမ်းကုန် ကြိုးစားပေးပါလို့ ပြောချင်ပါ တယ်”ဟု မြေသိမ်းခံလယ်သမား ကိုခင်မောင်လွင်က ပြောဆိုသည်။ ။