ကမ္ဘာ့ မက်သာဖက်တမင်း ထုတ်လုပ်မှု အမြင့်မားဆုံးဖြစ်သော မြန်မာနိုင်ငံကို မက်သာဖက်တမင်း ထုတ်လုပ်မှုမှ ဖြတ်တောက်ပေးနိုင်မည့် တခြားသော နိုင်ငံများထက် များစွာ လုပ်ဆောင်နိုင်သော နိုင်ငံမှာ တရုတ်နိုင်ငံပင် ဖြစ်သည်။
ထိုအချက်မှာ ဇန်နဝါရီလက ထုတ်ပြန်သည့် အစီရင်ခံစာတစောင်တွင် ဖော်ပြထားသော အချက် ဖြစ်သည်။ ထိုအစီရင်ခံစာတွင် နှစ်နိုင်ငံအကြား ရှုပ်ထွေးလှသော ဆက်ဆံရေးကို မြန်မာနိုင်ငံရှမ်းပြည်နယ် ရွှေတြိဂံဒေသမှ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့များက မည်သို့အသုံးချနေသည်ကို မီးမောင်းထိုးပြထားသည်။ ထို လက်နက်ကိုင်များသည် ကမ္ဘာ့ ဒုတိယအကြီးဆုံး ဘိန်းဖြူ ထုတ်လုပ်ရာဒေသဟု ကျော်ကြားသော ရွှေတြိဂံတွင် မူးယစ်ဆေး တန်ချိန်ထောင်ပေါင်းများစွာ ထုတ်လုပ်နေကြသည်။
မူးယစ်ဆေး ထုတ်လုပ်ရန် လိုသော ဓာတုပစ္စည်းများသည် ရှမ်းပြည်နယ်သို့ တရုတ်နယ်စပ်ကို ဖြတ်ကျော်ဝင်ရောက်နေခြင်းဖြစ်သည်ဟု နိုင်ငံတကာ ပဋိပက္ခလေ့လာရေးအုပ်စု (ICG) က ဆိုသည်။ တရုတ်နိုင်ငံသည် ၎င်းတို့၏ သြဇာအောက်တွင် ရှိသည်ဟု မြင်ကြသည့် ထို မူးယစ်ဆေး ထုတ်လုပ်သော လက်နက်ကိုင်များကို ပြတ်ပြတ်သားသား ကိုင်တွယ်သင့်သည်ဟု ICG က ဆိုသည်။
တရုတ်နိုင်ငံသည် ဗမာပြည်ကွန်မြူနစ်ပါတီမှ ခွဲထွက်ပြီး တရုတ်နိုင်ငံနှင့် အတွေးအခေါ်၊ ယဉ်ကျေးမှုအရ နီးစပ်သည်ဟု ဆိုသော ထိုလက်နက်ကိုင် အုပ်စုများနှင့် ရှုပ်ထွေးသော ဆက်ဆံရေးရှိသည်။
“ဒီနေ့ မူးယစ်ဆေး မှောင်ခိုမှု နောက်ခံကားမှာ တရုတ်ပြည်တွင်းစစ်ရဲ့ ပြဿနာဟောင်းကို ခင်ဗျားတို့ မြင်နိုင်တယ်” ဟု အရှေ့တောင်အာရှ ဂိုဏ်းဖွဲ့ ရာဇဝတ်မှုများဆိုင်ရာ ကျွမ်းကျင်သူ ပက်ထရစ်ဝင်းက ပြောသည်။
ရပ်ဝန်းတခုလမ်းတခု အစီအစဉ်အရ ထိုဒေသမှ တရုတ်နိုင်ငံ၏ အခြေခံ အဆောက်အအုံဆိုင်ရာ ရည်မှန်းချက် များကြောင့် တရုတ်နိုင်ငံသည် ထိုလက်နက်ကိုင် အဖွဲ့အစည်းများကို သတိထား ဆက်ဆံနေရသည်။ ထိုသို့ မဟုတ်ပါက ထိုလက်နက်ကိုင် အုပ်စုများကြောင့် တရုတ်နိုင်ငံ၏ စီမံကိန်းများ မတည်မငြိမ် ဖြစ်နိုင်သည်။
တရုတ်-မြန်မာ စီးပွားရေး စြင်္ကန်သည် အလုပ်အကိုင်သစ်များ ဖန်တီးပေးပြီး တရားမဝင် မူးယစ်ဆေးဝါး ထုတ်လုပ်မှုကို လျှော့ချနိုင်သည်ဟု ICG ၏ အစီရင်ခံစာက မျှော်လင့်နေသော်လည်း ထိုအချက်ကို ကျွမ်းကျင်သူ အားလုံးက ယုံကြည်သည်တော့မဟုတ်ပေ။ ပိုမိုကောင်းမွန်လာသော အခြေခံ အဆောက်အအုံ ကြောင့် မူးယစ်းဆေးဝါး သယ်ယူပို့ဆောင်ရေးကိုပင် အထောက်အကူပြုမည်ဟု တချို့ ကျွမ်းကျင်သူများက ထောက်ပြကြသည်။
“ရှမ်းပြည်နယ် အခြေအနေများသည် မူးယစ်ဆေးဝါး အကြီးအကျယ် ထုတ်လုပ်ရန် တစိတ်တပိုင်းအားဖြင့် အကောင်းဆုံး အနေအထားဖြစ်နေသည်။ မူးယစ်ဆေး အကြီးအကျယ် ထုတ်လုပ်ရန်အတွက် ကြိုတင် တွက်ချက်နိုင်သော မလုံခြုံမှု လိုသည်” ဟု ICG ကဖော်ပြသည်။
“မူးယစ်ဆေး ကုန်သွယ်ခြင်းသည် ရှမ်းပြည်နယ် ပဋိပက္ခ၏ ရောဂါလက္ခဏာ တခုဖြစ်လျှင် ထိုပဋိပက္ခကို ရေရှည်ချုပ်ငြိမ်းအောင် လုပ်ရာတွင် အတားအဆီးဖြစ်မည်” ဟုလည်း ICG က ဆက်လက် ဖော်ပြထားသည်။
“တရားဝင်လုပ်ငန်းများထက် များစွာ ပိုမိုကြီးမားနေသော မူးယစ်ဆေး ကုန်သွယ်ခြင်းသည် ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ထိခိုက်စေသော နိုင်ငံရေးဘောဂဗေဒကို ဖန်တီးပေးသည်” ဟုလည်း ဖော်ပြထားသည်။
နယ်စပ်ပြဿနာများ
လွန်ခဲ့သော နှစ်အတွင်း မြန်မာ့တပ်မတော်သည် စံချိန်တင် များပြားသော မက်သာဖက်တမင်း ဆေးများကို ဖမ်းဆီးမိခဲ့သည်။ အကြီးမားဆုံး ဖမ်းဆီးရမိမှုမှာ ဇန်နဝါရီလက မက်သာဖက်တမင်း ၁၇၅၀ ကီလိုဂရမ်၊ ဘိန်းဖြူ ၅၀၀ ကီလိုဂရမ်၊ ယာဘ (မက်သာဖက်တမင်းနှင့် ကဖင်းအရောအနှော) ဆေးပြား သန်း ၃၀ ဖမ်းမိခြင်း ဖြစ်သည်။ ထိုဆေးများသည် မြန်မာနိုင်ငံအတွင်းတွင်ပင် အမေရိကန်ဒေါ်လာ ၅၄ သန်းတန်သည်ဟု ဆိုသည်။
ထိုသို့ အများအပြား ထုတ်လုပ်နေခြင်းမှာ ရှမ်းပြည်နယ်သည် မက်သာဖက်တမင်းတွင် ပါဝင်သည့် တရုတ်နိုင်ငံမှ မူးယစ်ဆေး ဓာတုကုန်ကြမ်းများနှင့် နီးကပ်နေခြင်းကြောင့် ဖြစ်သည်ဟု ICG က ဆိုသည်။
ရန်ကုန်ထက် ယူနန်ပြည်နယ်နှင့် ပိုမိုနီးကပ်သောကြောင့် ရှမ်းပြည်နယ် ဒေသခံ အများအပြားတို့သည် တရုတ် ဆက်သွယ်ရေး ကွန်ရက်နှင့် ချိတ်ဆက်ထားသည့် တရုတ်ဖုန်းများကို သုံးပြီး ကူးသန်းရောင်းဝယ်ရာတွင်လည်း တရုတ်ငွေကို သုံးသည်။
ထိုနယ်စပ်သည် ရေနံပိုက်လိုင်းအပါအဝင် ဘင်္ဂလားပင်လယ်အော်မှ ကုန်စည်များ တရုတ် နိုင်ငံအတွင်းသို့ ဝင်ရောက်ရာတွင် အရေးပါသော ကုန်းတွင်း ကြားစခန်းလည်း ဖြစ်နေပြီး အခြေခံ အဆောက်အအုံတွင် တရုတ်နိုင်ငံက ရင်းနှီးမြှုပ်နှံခြင်းသည် တရားဝင် လူသုံးကုန်များကိုသာမက၊ မူးယစ်ဆေးဝါး သယ်ယူ ပို့ဆောင်ရာတွင်ပင် ပိုမို လွယ်ကူစေမည်ဟု မြင်ကြသည်။
ဆက်ဆံရေး အကျပ်အတည်း
အထက်ပါ လက်နက်ကိုင် အုပ်စုများနှင့် တရုတ်နိုင်ငံ၏ ဆက်ဆံရေးသည် လက်တွေ့ကျသည်ဟု ကျွမ်းကျင်သူများက ပြောသည်။
“ပိုက်လိုင်းကို ဗုံးမခွဲအောင်လို့၊ လမ်းတွေကို ပိတ်မပစ်အောင်လို့ တရုတ်နိုင်ငံက ဒီအဖွဲ့တွေနဲ့ သင့်တင့်တဲ့ ဆက်ဆံရေးရှိဖို့ လိုတယ်။ တရုတ်ရဲ့ အခြေခံအဆောက်အအုံ အိပ်မက်တွေကြောင့် တရုတ်နိုင်ငံဟာ ဒီလက်နက်ကိုင် အဖွဲ့အစည်းနဲ့ ဆက်ဆံရေးကောင်းအောင် လုပ်နေရတယ်” ဟု ဝင်းက ပြောသည်။
သို့သော် ထိုအဖွဲ့များနှင့် ဆက်ဆံရေးကို ချိန်ခွင်လျှာ ညှိနေရသည် တရုတ်တနိုင်ငံတည်း မဟုတ်ပေ။ တခါတရံတွင် ယာယီ အပစ်အခတ် ရပ်စဲရေးနှင့် အလဲအလှယ်အဖြစ် တပ်မတော်သည်လည်း ထိုအဖွဲ့အစည်း များနှင့် သဘောတူ စာချုပ်များ ချုပ်ဆိုထားရသောကြောင့် ထိုအဖွဲ့များသည် မူးယစ်ဆေးဝါး ထုတ်လုပ် ရောင်းချရန် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပေးထားသကဲ့သို့ ဖြစ်နေသည်။
ထို့အပြင် တပ်မတော်က ခွင့်ပြုထားသည့် ပြည်သူ့စစ်များကလည်း မူးယစ်ဆေးဝါး လုပ်ငန်း ကို အကြီးအကျယ် လုပ်ကိုင်ကြသည်။
“ဒီပြည်သူ့စစ် တော်တော်များများဟာ ငွေရဖို့ မူးယစ်ဆေးဝါး လုပ်ငန်းမှာ ပါဝင် ပတ်သက်ကြတယ်။ ခွဲထွက်ရေး သမားတွေကို တန်ပြန်ဖို့ အစိုးရတပ်ရဲ့ သေနင်္ဂဗျူဟာက ပြည်သူ့စစ်တွေကို မွေးဖို့ပဲ။ သူတို့ကိုယ်တိုင်လည်း ငွေတွေရတယ်” ဟု ဟောင်ကောင် တက္ကသိုလ်မှ နိုင်ငံရေးနှင့် ပြည်သူ့ ရေးရာ စီမံခန့်ခွဲရေး တွဲဖက်ပါမောက္ခ အန်ဇီဟန်က ပြောသည်။
မျှော်လင့်ချက်အတွက် အခြေခံများ
ထို လက်နက်ကိုင် အဖွဲ့များအပေါ် တရုတ်နိုင်ငံက သြဇာရှိခြင်းသည် ကောင်းမွန်သော အချက်ဖြစ်သည်ဟု တချို့က ပြောသည်။ တပ်မတော်နှင့် ထိုလက်နက်ကိုင် အုပ်စုများ အကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို အခါအားလျော်စွာ အိမ်ရှင်အဖြစ် လက်ခံ ကျင်းပပေးသောကြောင့် ထိုအုပ်စုများ မဟာမိတ် အနေဖြင့် တပ်မတော်နှင့် ဆွေးနွေးရာတွင် စွမ်းရည်ပိုမို တိုးတက်စေသည်ဟု ဝင်းက ဆိုသည်။
ရပ်ဝန်းတခု၊ လမ်းတခု အစီအစဉ်၏ အစိတ်အပိုင်းဖြစ်သော တရုတ်-မြန်မာ စီးပွားရေး စြင်္ကန်သည် မြန်မာနိုင်ငံကို တရုတ်နိုင်ငံ၏ သြဇာနယ်ပယ်အတွင်း ပိုမိုကျရောက်စေပြီး တရားမဝင် လုပ်ငန်းများတွင် လုပ်ကိုင်နေသော အလုပ်သမားများအတွက် တရားဝင် အလုပ်အကိုင် အခွင့်အလမ်းများ ပေးသည်ဟု ICG က ဖော်ပြသည်။
“ဒါက ရည်ရွယ်ချက်နဲ့ ဆိုင်တယ်။ တရုတ်နိုင်ငံရဲ့ ရည်ရွယ်ချက်က လမ်းပန်းဆက်သွယ်မှု လုပ်ဖို့ နယ်စပ်မှာ တည်ငြိမ်မှု ထိန်းဖို့ပဲ။ မတည်မငြိမ်ဖြစ်နေရင် တရုတ်-မြန်မာ စီးပွားရေး စြင်္ကန်အကြောင်း ဆွေးနွေးတာ ဘာအဓိပ္ပာယ်ရှိမှာလဲ” ဟု အန်ဇီဟန်က ပြောသည်။
တရုတ်နိုင်ငံသည် မည်မျှ သြဇာကြီးမားသည်ဖြစ်စေ မြန်မာနိုင်ငံ ကိုယ်တိုင်က မူးယစ်ဆေးထုတ်လုပ်မှုကို ဖြတ်တောက်ရန် အဓိက သော့ချက်ဖြစ်သည်ဟု ၎င်းက ဆိုသည်။
“ဒီ တိုင်းရင်းသားအုပ်စုတွေကို မြန်မာစစ်တပ်က ကိုယ်ပိုင်အုပ်ချုပ်ခွင့်တွေ ပိုပေးရင် ပြဿနာတွေ အများကြီး ပြေလည်သွားမယ်။ အုပ်စု အတော်များများက ကိုယ်ပိုင်အုပ်ချုပ်ရေးထူထောင်ပြီး ဖက်ဒရယ် ပြည်ထောင်စု ပေါ်ပေါက်လာမယ်” ဟု ဝင်းက ဆိုသည်။
“ဒီလိုလုပ်မှ မဟုတ်ရင်တော့ သေနတ်နဲ့ ကျည်ဆံလိုတယ်။ မူးယစ်ဆေး ကုန်သွယ်ရေးက သေနတ်ဖိုး၊ ကျည်ဆံဖိုး ပေးတယ်လေ” ဟု သူက ပြောသည်။
( South China Morning Post ပါ Meaghan Tobin ၏ What does China’s Belt and Road have to do with Myanmar’s meth problem? ကို ဘာသာပြန်သည်။)