တရုတ်-အင်္ဂလိပ် နှစ်ဘာသာနဲ့ ဆိုင်းဘုတ်တခု တင်ထားတဲ့ ဘောလုံးကွင်း တဝက်စာလောက်ရှိ ခြံကျယ်ကြီး တခု ရှေ့ မှာ ခရီးသည် ၄၅ ယောက်စီး ကားတစီး ဆိုက်ရောက် လာပါတယ်။
ကားရပ်တာနဲ့ တပြိုင်နက် ကားပေါ်က စတစ်ကော်လာ အဖြူ၊ ပုဆိုး ဝတ်ထားတဲ့ လူငယ်တဦး ဆင်းလာပါတယ်။ သူ့နောက်ကနေ ကျောပိုးအိတ် ကိုယ်စီလွယ်ထားပြီး အချင်းချင်း ဆူညံဆူညံ စကားပြောနေကြတဲ့ လူတအုပ်လည်း လိုက်ဆင်း လာပါတယ်။
သူတို့အားလုံး မြေကြီးပေါ်လည်း ရောက်ရော သူတို့ဝတ်ထားကြတဲ့ အင်္ကျီ၊ ဘောင်းဘီ၊ ဦးထုပ်၊ ဖိနပ်တွေက ဖြူနီပြာဝါ ကြောင်ကြောင်ကျားကျား အရောင်တွေကြောင့် ခြံကျယ်ကြီး ရှေ့မှာ ရောင်စုံပန်းခင်းကြီး တခင်း ရုတ်တရက် ပွင့်လာ သလို ဖြစ်သွားပါတယ်။
လူအားလုံးလည်း စုံရော အလျှိုလျှိုနဲ့ ခြံကျယ်ကြီးထဲကို ဝင်သွားကြပါတယ်။ ပထမဆုံး ဆင်းခဲ့တဲ့ မြန်မာဝတ်စုံ နဲ့ လူငယ် ကတော့ သူတို့နဲ့ ဆန့်ကျင်ဘက်ကို တယောက်တည်း လမ်းလျှောက် ထွက်သွားပါတယ်။
မန္တလေးမြို့ကို လာလည်ကြတဲ့ ဇီးရိုးဘတ်ဂျက် ခရီးသွား တရုတ်နိုင်ငံသားတို့က သူတို့ အိမ်အပြန် လက်ဆောင် ဝယ်ယူမယ့် ကျောက်စိမ်း ဆိုင်ကြီးကို ရောက်လာကြတဲ့ မြင်ကွင်းတခုပဲ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက စပြီး တရုတ် ခရီးသွားတွေကို အစိုးရက ဆိုက်ရောက် ဗီဇာပေးလိုက်ပါတယ်။ အဲဒီလို ဗီဇာ ဖြေလျှော့ပေးပြီးနောက် လပိုင်းအတွင်းမှာပဲ မြန်မာနိုင်ငံကို တရုတ် ခရီးသွား ဧည့်သည် ၃၀ ရာခိုင်နှုန်းလောက် တိုးလာခဲ့တယ်လို့ ဆိုပါတယ်။
၂၀၁၈ ခုနှစ် ဇန်နဝါရီလ အတွင်း မန္တလေးဇုန်ကို လာရောက်ခဲ့တဲ့ တရုတ်နိုင်ငံခြားသား ဧည့်သည် ၁၈၀၀၀ ကျော် ရှိခဲ့ပေမယ့်လည်း ဗီဇာ ဖြေလျှော့ပြီးနောက် အခုနှစ် ဇန်နဝါရီလအတွင်း တရုတ်ခရီးသွား ၃ သောင်းကျော် အထိ တိုးလာ ခဲ့တယ်လို့ မန္တလေးတိုင်း ဟိုတယ်နဲ့ ခရီးသွား ညွှန်ကြားမှု ဦးစီးဌာန (ဟိုတယ်/ခရီး) က ထုတ်ပြန်တဲ့ စာရင်း ဇယားတွေ မှာ ဖော်ပြထားပါတယ်။
ကာလတူ နှစ်နဲ့ နှိုင်းယှဉ်မယ် ဆိုရင်တော့ နှစ်ဆကျော် တိုးလာတယ်လို့လည်း သိရပါတယ်။
ဖွံ့ဖြိုးဆဲ နိုင်ငံ တခုအနေနဲ့ မီးခိုးမထွက်တဲ့ စက်ရုံဖြစ်တဲ့ ခရီးသွားလုပ်ငန်း အပေါ် အားစိုက်ထုတ်ချင် ပေမယ့် ကြိုတွက် မထားတဲ့ ဧည့်သည်မျိုးလည်း ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာတတ်တဲ့ အခြေအနေမျိုး မန္တလေးမြို့မှာ ဒီနေ့ ကြုံတွေ့ နေရပြီ ဖြစ်ပါတယ်။
အဲဒါကတော့ ဇီးရိုး ဘတ်ဂျက်နဲ့ ခရီးသွားကြတဲ့ တရုတ်ခရီးသွား ဧည့်သည်တွေပဲ ဖြစ်ပါတယ်။ စီးပွားရေး ကောင်းလာ တာနဲ့အမျှ မိမိပတ်ဝန်းကျင် ဒေသတွေကို လိုက်လံစူးစမ်းလိုတဲ့ ယဉ်ကျေးမှုက တရုတ် နိုင်ငံသားတွေကြား ရေပန်းစား လာပါတယ်။ ဥရောပ၊ အမေရိကန်၊ အာရှ စတဲ့ နိုင်ငံတွေ အနှံ့ ခြေဆန့်နေကြပါတယ်။
တရုတ် ခရီးသွား လုပ်ငန်း ဖွံ့ဖြိုးလာတာနဲ့အတူ ဈေးကွက်ယှဉ်ပြိုင်မှုကလည်း ပိုမိုပြင်းထန် လာပါတော့တယ်။ အပြိုင် အဆိုင် ခေတ်မှာ တရုတ် ခရီးသွားတွေ အတွက် ဇီးရိုးဘတ်ဂျက် (Zero Budget) လို့ အမည်ရတဲ့ ဝေါဟာရ ဟာလည်း စိတ်ဝင်စားစရာ ဆွဲဆောင်မှု တခု ဖြစ်လာပါတယ်။
“အခုလို ခရီးသွားကျနေတဲ့ အချိန်မှာ တရုတ်တိုးလ်တွေ ဝင်လာတာကို လောလောဆယ်မှာတော့ ကောင်းတယ်လို့ မြင် ပါတယ်။ ဒါပေမယ့်လည်း အခြေအနေဆိုတာ အမျိုးမျိုး ပြောင်းလဲသွားနိုင်တော့ တသမတ်တည်းတော့ မပြောလို ပါ ဘူး”လို့ မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များ အသင်း (မန္တလေးဇုန်) နာယက ဦးမြင့်အောင်က ပြောပါတယ်။
မြန်မာနိုင်ငံကို ဇီးရိုးဘတ်ဂျက်နဲ့ လာရောက် လည်ပတ်လိုပါက တရုတ်ငွေ ယွမ် ၂၀၀၀ ဝန်းကျင် (မြန်မာငွေ ၄ သိန်း ခန့်) သာ ကုန်ကျမယ်လို့ ခရီးသွား လုပ်ငန်းတွေ ဆီက သိရပါတယ်။
ကျပ် ၄ သိန်းတန် ခရီးစဉ်မှာ မြန်မာနိုင်ငံက အထင်ကရ ဖြစ်တဲ့ ရန်ကုန်၊ မန္တလေး၊ ပုဂံ စတဲ့ ဒေသတွေကို စရိတ် သက်သာစွာနဲ့ သွားရောက် လည်ပတ်ခွင့် ရရှိမှာ ဖြစ်ပါတယ်။
ဒါပေမယ့် ဇီးရိုးဘတ်ဂျက် ခရီးသွားတွေ အတွက် သံမဏိစည်းမျဉ်းတွေ ရှိပါတယ်။ ခရီးသွားတိုင်း အတွက် လည်ပတ် စရာ၊ တည်းခိုစရာ၊ စားသောက်ဆိုင်သာမက နောက်ဆုံး အိမ်ပြန်လက်ဆောင် ကျောက်စိမ်း လက်ဝတ် ရတနာ ဝယ်ဖို့ အတွက် သက်ဆိုင်ရာ ခရီးသွား အေဂျင်စီတွေက စီစဉ်ထားပြီး ဖြစ်တဲ့ နေရာ ဌာနတွေမှအပ တခြား ဘေးချော် ထွက်ခွင့် မပြုပါဘူး။
ဘုမသိဘမသိနဲ့ ဇီးရိုးဘတ်ဂျက် ခရီးသွားတွေ အတွက် ဈေးချောင်ချောင်နဲ့ ခရီးထွက်ရတာ အမြတ် ဖြစ်ပေမယ့်လည်း သူတို့ လာရောက်တဲ့ ဒေသအတွက်ကတော့ အကျိုးစီးပွား ခေါင်းပုံဖြတ် ခံရမှုတခု ဖြစ်နေပါတယ်။
“ပိုက်ဆံရှိတဲ့ သူဌေးက သူ့တရုတ်ပြည်က ဧည့်သည်တွေကို မြန်မာပြည် အလကား ခေါ်လာတယ်။ ပြီးရင် အပြန်ကျ ဈေးဝယ်ခိုင်းတယ်။ အဲဒီကနေ အမြတ်စားပြီး သူ့အိတ်ထဲ ထည့်တယ်”လို့ မန္တလေးတိုင်း ဧည့်လမ်းညွှန်များ အသင်း ဥက္ကဋ္ဌ ဦးဝင်းဇော်ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၈ တနှစ်လုံး အတွင်း မန္တလေး၊ ပုဂံ အကျုံးဝင်တဲ့ မန္တလေးတိုင်းကို လာရောက် လည်ပတ်ခဲ့တဲ့ တရုတ် ခရီးသွား ဧည့်သည်ပေါင်း ၂ သိန်းကျော်ရှိတယ်လို့ ဟိုတယ်/ခရီးက ဆိုပါတယ်။
အဲဒီပမာဏ အတွက် မန္တလေးတိုင်းက မည်ရွေ့မည်မျှ အကျိုးခံစားခွင့်ရပါသလဲ။ အနည်းဆုံးတော့ ဇုန်ဝင်ကြေး ရမယ် လို့ တွေးကောင်း တွေးမိပါလိမ့်မယ်။ အထင်မစောပါနဲ့။
မန္တလေးတောင်၊ မဟာမုနိ၊ ကုသိုလ်တော်၊ ရွှေကျောင်းကြီး၊ ဦးပိန်တံတား စတဲ့ နေရာတွေပါဝင်တဲ့ မန္တလေးဇုန်ကို လာရောက်တဲ့ နိုင်ငံခြားသား တယောက်ကို ၁၀ ဒေါ်လာ ပေးဆောင်ရမှာ ဖြစ်ပါတယ်။ အဲဒီ ဇုန်ဝင်ကြေး လက်မှတ် တစောင်နဲ့ အဲဒီဇုန်အတွင်းမှာ နိုင်ငံခြားသား တဦးဟာ ၅ ရက်အထိ နေထိုင်လည်ပတ်ခွင့် ရရှိပါတယ်။
သတ်မှတ်ကာလ ၅ ရက် မပြည့်သေးဘဲ အခြားဇုန်ကို သွားရောက်မယ့် တရုတ်ခရီးသွားတွေက သူတို့ ဝယ်ထားတဲ့ ရက် မပြည့်သေးတဲ့ ဇုန်ဝင်ကြေး လက်မှတ်အဟောင်းကို သူတို့နဲ့အတူ လိုက်ပါလာတဲ့ တရုတ် ခရီးသွား ကုမ္ပဏီက Tour Leader ဖြစ်တဲ့ တရုတ်နိုင်ငံသား လက်ထဲ အပ်ခဲ့ပါတယ်။
အဲဒီ ဖော်မြူလာအရ မြန်မာနိုင်ငံမှာ ခရီးသွားဇုန် နယ်မြေတခုမှာ တရုတ်နိုင်ငံသား ခရီးသွားတဦးကို ၅ ဒေါ်လာနှုံး လောက်နဲ့ လက်ခံပေးနေရတဲ့ အနေအထားတခု ပါပဲ။
“တကယ်တော့ တိုးလ်ကုမ္ပဏီတွေက ကူလီကူမာ လုပ်နေကြတာ။ ဒါကြောင့် ခရီးသည်နှစ်ယောက် ဝင်ရင် ငါတို့က တယောက်စာပဲ ရနေတဲ့ သဘောမျိုးဖြစ်နေတယ်”လို့ ဟိုတယ်နဲ့ ခရီးသွား ကဏ္ဍကို တာဝန်ယူထားတဲ့ မန္တလေးတိုင်း စီမံကိန်း နဲ့ ဘဏ္ဍာရေး ဝန်ကြီး ဦးမြတ်သူက ပြောပါတယ်။
ဒီလို အခြေအနေအရ ဇုန်ဝင်ကြေး ပေးသွင်းတဲ့ ခရီးသွားဦးရေနဲ့ လူဝင်မှု ကြီးကြပ်ရေး ဌာန (လ.ဝ.က) က ကောက်ယူ ရရှိ တဲ့ နိုင်ငံခြားသား အဝင်အထွက် စာရင်း မကိုက်ညီမှုကို ဖြစ်စေတယ်လို့ ဝန်ကြီးက ဆိုပါတယ်။
မန္တလေးရဲ့ အထင်ကရ ဦးပိန်တံတားကို သွားရာလမ်း တခုဖြစ်တဲ့ စစ်ကိုင်း-မန္တလေးလမ်း အရှေ့ဘက်နားမှာ ရှိနေတဲ့ အထက်က ပြောခဲ့တဲ့ ခြံကျယ်ကြီးဆီကို ၄၅ ယောက်စီး မှန်လုံကားများစွာ ဆိုက်ရောက် နေကြပါတယ်။
ဝင်ပေါက်တံခါးမကြီး တခုမှအပ အုတ်တံတိုင်း အပြည့် ကာထားတဲ့ ခြံကျယ်ကြီးရဲ့ ဥပစာမှာတော့ မြန်မာနိုင်ငံ အလံ တလူလူ လွှင့်ထားပါတယ်။ မန္တလေးမြို့ပြင်မှာ ချောင်ကျကျ ရှိနေတဲ့ အဲဒီ ခြံကျယ်ကြီးထဲကို တိုးလ်ကားတွေဟာ နေ့စဉ် လိုလို ဝင်လိုက် ထွက်လိုက်ပါပဲ။
ကျောက်စိမ်းဈေးကွက် အထင်ကရဖြစ်တဲ့ မန္တလေးမြို့ပေါ်မှာ ကျောက်စိမ်း အရောင်းဆိုင်တွေ ပေါများရဲ့နဲ့ ဘာကြောင့် များ အခုလို ခြံကျယ်ကြီးကိုမှ တရုတ် ခရီးသွားတွေက ဓာတ်ကျကြသလဲဆိုတာ စိတ်ဝင်စားစရာပါ။
မန္တလေးမြို့ခံ ကျောက်စိမ်း လုပ်ငန်းရှင် အသိုင်းအဝိုင်း ပြောပြချက်အရ အခုလို ကျောက်စိမ်း အရောင်းဆိုင်ကြီးတွေက တရုတ်ပြည်က ခရီးသွားကုမ္ပဏီတွေနဲ့ တိုက်ရိုက် ချိတ်ဆက်ထားတဲ့ ဆိုင်တွေဖြစ်ပြီး အခုလို တရုတ်ခရီးသွား တွေကို သာ သီးသန့်ရောင်းချပေးတဲ့ ဆိုင်တွေဖြစ်တယ်လို့ သိရပါတယ်။
အဲဒီလိုဆိုင်မျိုးတွေက မြို့တွင်း အချက်အချာကျတဲ့ နေရာမျိုးမှာတော့ မဟုတ်ဘဲ မြို့သစ်၊ စက်မှုဇုန်နဲ့ အမရပူရ ဘက် မှာရှိကြပြီး ကျောက်စိမ်း လက်ကောက်၊ ပုတီး အဆင့်လောက်ကို မှန်ကောင်တာထဲ သာမန်ပြသပြီး ရောင်းချတာမျိုး မဟုတ်ဘဲ ကျောက်စိမ်း အရိုင်းတုံးကနေ အချောထည်အထိ အဆင့်ဆင့် ပြသပြီးမှ ရောင်းချပေးတာမျိုး ဖြစ်တယ်လို့ ဆိုပါတယ်။
“အဲဒီလောက် လာဝယ်ကြတယ်ဆိုလို့ ကိုယ့်နိုင်ငံ ပိုက်ဆံတွေ အရမ်းရနေပြီ မထင်နဲ့ သူတို့အချင်းချင်း ငွေပေး ငွေယူ ကို We Chat ကနေပဲ လုပ်ကြတာမို့ ကိုယ့်နိုင်ငံက တပြားမှမရလိုက်ဘူး”လို့ မြို့ခံ ကျောက်စိမ်း လုပ်ငန်းရှင် ကိုဖြိုးက ပြောပါတယ်။
နိုင်ငံခြားသား ခရီးသွားတွေကို ရောင်းချဖို့ အတွက် အမှတ်တရ လက်ဆောင်ပစ္စည်း အရောင်းဆိုင် တဆိုင် ဖွင့်မယ် ဆိုရင် ဆိုင်ဖွင့်လှစ်ခွင့် အတွက် သက်ဆိုင်ရာဌာနမှာ မှတ်ပုံတင်ရပြီး ၇ ရက် (သို့မဟုတ်) ၁၄ ရက် တကြိမ် အရှုံး အမြတ် စာရင်း ဌာနကို ပြန်လည် တင်ပြရပါတယ်။
တင်ပြလာတဲ့ စာရင်းဇယားအပေါ် အခွန်ကောက်ခံခြင်း ဖြစ်ပြီး အဲဒီကမှတဆင့် နိုင်ငံဝင်ငွေ ရရှိမှာဖြစ်ပါတယ်။ မှတ်ပုံ တင်ထားခြင်းမရှိတဲ့ အရောင်းဆိုင်တွေကို ဥပဒေနဲ့ အညီ အရေးယူဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။
အလားတူ နိုင်ငံခြားသား ဝယ်ယူသွားတဲ့ အမှတ်တရပစ္စည်းဟာ အခွန်ပေးဆောင်ပြီး ပြေစာမျိုးနဲ့အတူ နိုင်ငံရပ်ခြားကို သယ်ယူခွင့် ပြုဖို့ လိုအပ်တယ်လို့လည်း သိရပါတယ်။
ဒါပေမယ့် လက်ရှိ တရုတ် ခရီးသွားအများစုက ငွေပေးချေရာမှာ “We Chat Pay” ကိုသာ အဓိကထား သုံးကြသလို အထက်ပါ အရောင်းဆိုင်သည်လည်း တရားဝင်မှတ်ပုံတင်ပြီး ဖွင့်လှစ်ရောင်းချခြင်း ဟုတ်၊ မဟုတ်ကိုမူ အတပ် မပြော နိုင် ပေ။ ဒါကြောင့် တရားမဝင်ဆိုပါက ယခုအရောင်းအဝယ် အတွက် နိုင်ငံတော်က မည်သည့်အခွန်မှ ရရှိမည် မဟုတ် ပါ။
နောက်ထပ် အတည်မပြုနိုင်တဲ့ သတင်းအရဆိုရင် အဲဒီ ကျောက်စိမ်း အရောင်းဆိုင်ကြီး ပိုင်ရှင်တွေရဲ့ နောက်ကွယ်က လက်မည်း တွေကလည်း တရုတ်လူမျိုးတွေပဲ ဖြစ်ပြီး သူတို့အချင်းချင်း ချိတ်ဆက်ပြီး သူတို့နိုင်ငံသားကိုပဲ ဈေးကြီးကြီး ရိုက်စားခွင် ထည့်ပေးတဲ့ သဘောပါပဲ။
အဲဒီလို အရောင်းဆိုင်အများစုက ပြင်ပလူစိမ်း အဝင်မခံဘဲ မြန်မာလူမျိုးဖြစ်ပါက အချက်နှစ်ချက်ရှိမှသာ လက်ခံတယ် လို့ သိရပါတယ်။ နံပါတ်တစ်ကတော့ တရုတ်စကားကျွမ်းကျင်တဲ့ မြန်မာလူမျိုး၊ နံပါတ်နှစ်ကတော့ ခြံစောင့် (သို့မဟုတ်) အောက်ခြေသိမ်း အလုပ်လုပ်နိုင်သူသာ ဖြစ်ပါတယ်။
ဇီးရိုးဘတ်ဂျက်တိုးလ် အခန်းကဏ္ဍက ဒီနေရာတွင် မပြီးသေးပါ။ ဧည့်လမ်းညွှန်၊ ဟိုတယ်၊ စားသောက်ဆိုင်၊ ကား ဝန်ဆောင်မှု သာမက နောက်ဆုံးအဆင့် ဇုန်ဝင်ကြေး အထိပါ။ လိုင်စင်မဲ့ ဧည့်လမ်းညွှန်များ ငှားရမ်းခြင်း၊ ဈေး သက် သာတဲ့ ရုပ်ပြ(အထိုင်ဂိုက်) ဧည့်လမ်းညွှန်များ ငှားရမ်းခြင်း၊ ဟိုတယ်များကို အခန်းပြတ်၊ အလုံးပြတ် ငှားရမ်းလာခြင်း၊ မိမိနှင့် အကျိုးစီးပွား ချိတ်ဆက်ထားတဲ့ စားသောက်ဆိုင်၊ ကားဝန်ဆောင်မှု များကိုသာ အသုံးပြုခြင်းတို့အထိ ဖြစ်လာ ပါတယ်။
ခေတ်စကားနဲ့ အရှင်းဆုံးဆိုရရင် တရုတ်အချင်းချင်း ဂျင်းထည့်တဲ့ ကိစ္စဖြစ်သလို မီးခိုးမထွက်တဲ့ စက်ရုံတည်လိုတဲ့ ဒေသခံ ရွှေမြန်မာများ အတွက်လည်း ဇီးရိုး ဘတ်ဂျက် ဆိုတဲ့ စကားအတိုင်း “ဇီးရိုး” တလုံးသာ ရမယ့် အခြေအနေ ဖြစ်ပါတယ်။
“တရုတ် တိုးလ်ကားကြီး ၁၀ စီး၊ ၁၅ စီးမှာ လိုင်စင်ရ တရုတ်ဂိုက်က လက်ချိုးရေလို့တောင် ရတဲ့ အနေအထား ရှိ တယ်။ တချို့ဆို ဂိုက်တောင်မပါဘဲ ကိုယ့်နိုင်ငံ သမိုင်းကြောင်းကို ခပ်တည်တည်ပဲ သူတို့အချင်းချင်းကို ရှင်းပြနေကြ တာ”လို့ မန္တလေးမြို့မှ လိုင်စင်ရ တရုတ်ဧည့်လမ်းညွှန် တဦးက ဇီးရိုး ဘတ်ဂျက် ခရီးသွားတွေနဲ့ ပတ်သက်ပြီး သူ့ အတွေ့ အကြုံ ကို ပြောပြပါတယ်။
တရုတ် ခရီးသွားတွေကြား လိုင်စင်မဲ့ ဧည့်လမ်းညွှန်ကိစ္စ အသံတွေ ဆူလာတဲ့အခါ ပြည်တွင်း အမည်ခံ ခရီးသွား ကုမ္ပဏီ တွေက သူတို့နဲ့ ပတ်သက်ရာ ပတ်သက်ကြောင်း တရုတ်လူငယ်တွေကို ဧည့်လမ်းညွှန် သင်တန်း တက်ခိုင်းပြီး လိုင်စင် ရရှိအောင် အားထုတ် စေပါတယ်။
လိုင်စင် ကိုင်ရပြီးနောက် မဝတ်တတ်ဝတ်တတ် လုံချည်၊ ပုဆိုးတို့နဲ့ မြန်မာဟန်ဖမ်းကာ ဌာန အသိအမှတ်ပြု ဧည့်လမ်း ညွှန် လည်ဆွဲ ကိုယ်စီနဲ့ ဇီးရိုးဘတ်ဂျက် တရုတ်ခရီးသွားတွေကို တာဝန်ယူရမှာ ဖြစ်ပါတယ်။
ဒီလို အကြောင်းရင်းတွေကြောင့် ဒေသခံဧည့်လမ်းညွှန် အချင်းချင်းကြားမှာတောင် အမြင်မတူ ဝိဝါဒကွဲလွဲမှုတွေ ဖြစ်လာ ပြီး မိုးရွာတုန်း ရေခံလိုသူတွေနဲ့ တရက် ဒေါ်လာ ၃၀ လောက်နဲ့ တရုတ်ကျွန် မဖြစ်လိုသူတို့ ပေါ်ထွက်လာ ကြပါတယ်။
ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးလာစေခြင်းရဲ့ နံပါတ်တစ် ရည်ရွယ်ချက်မှာ နိုင်ငံခြားငွေ ရရှိဖို့နဲ့ ဒေသစီးပွားရေး ဖွံ့ဖြိုး တိုးတက် ဖို့ ဖြစ်ပေမယ့်လည်း မြေပြင် အခြေအနေမှာတော့ ရည်ရွယ်ချက်နဲ့ သွေဖည်နေတာက အမှန်ပင်။ ဒေသအကျိုးစီးပွား မဖြစ်တဲ့ ဇီးရိုးဘတ်ဂျက် ခရီးသွားတွေနဲ့ ပတ်သက်ပြီး ဟိုတယ်နဲ့ ခရီးသွား ညွှန်ကြားမှု ဦးစီးဌာနကို မေးမြန်းကြည့်ရာ တာဝန်ရှိသူတွေ ကိုယ်တိုင်ကလည်း အနာ သိပေမယ့် ဆေးဖော် နေဆဲ အခြေအနေမျိုး ဖြစ်နေပါတယ်။
“အဓိက ကတော့ ကျနော်တို့နိုင်ငံရဲ့ ငွေကြေးစီးဆင်းမှုနဲ့ ဘဏ်လုပ်ငန်းတွေမှာ ပြုပြင်ပြောင်းလဲရမယ့် အားနည်းချက် တွေ ရှိနေလို့ပါ”လို့ ဟိုတယ်နဲ့ ခရီးသွားညွှန်ကြားမှု ဦးစီးဌာနက ဒု ညွှန်ကြားရေးမှုးချုပ် ဦးအောင်အေးဟန် က ပြောပါ တယ်။
ဒါပေမယ့် ဘဏ်လုပ်ငန်း စနစ်တွေ ကောင်းမွန်ဖို့ ပြုပြင် ပြောင်းလဲခြင်းဟာ ဟိုတယ်ခရီးရဲ့ တာဝန် မဟုတ်လို့ အဓိက သက်ဆိုင်တဲ့ ဝန်ကြီးဌာနကို တင်ပြထားဆဲ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
“အခုနောက်ပိုင်း ပြည်ထောင်စု ဝန်ကြီးကဆို ဇီးရိုးဘတ်ဂျက်တွေ လက်မခံဖို့နဲ့ လက်ခံတဲ့ အေဂျင်စီကို အရေးယူမယ် ဆိုတဲ့ အထိ ပြောလာတယ်။ ဒါပေမယ့် ဒီကိစ္စကလည်း အများစုက အိမ်နီးချင်း နိုင်ငံက လာတာ ဖြစ်နေတော့ အကဲ ဆတ်တဲ့ အနေအထား တခုမှာ ထိထိရောက်ရောက် ကိုင်တွယ်နိုင်ဖို့ အဖြေ ရှာနေတုန်းပါပဲ”လို့ ခရီးသွား မြှင့်တင်ရေး ဌာနခွဲမှ အမည် မဖော်လိုသူ တာဝန်ရှိသူ တဦးက ပြောပါတယ်။
မြန်မာနိုင်ငံကို လာရောက် လည်ပတ်ကြတဲ့ တရုတ်ခရီးသွား အများစုပုံစံက မရောက်ဘူးတဲ့ ဒေသတခုကို လာလည် တယ်၊ သွားမယ်၊ စားမယ်၊ ဝယ်မယ်၊ ဓာတ်ပုံ ရိုက်မယ် ဆိုတဲ့ သမားရိုးကျ အလေ့အထတွေကိုသာ တွေ့ရပါတယ်။ ဒါပေမယ့် နိုင်ငံရဲ့ တည်ဆဲ ဥပဒေတွေနဲ့အညီ လုပ်ကိုင် ဆောင်ရွက်ခြင်း ရှိ၊မရှိကိုမူ သက်ဆိုင်ရာ တာဝန်ရှိဌာန တွေ က စစ်ဆေး ကြပ်မတ် အရေးယူဖို့ လိုအပ်ပါတယ်။
လက်ရှိမှာ ခရီးသွား ဥပဒေပြဌာန်းပြီးလို့ နည်းဥပဒေ ထွက်ဖို့ စောင့်ဆိုင်းနေတဲ့ ကာလလည်း ဖြစ်ပါတယ်။ နည်းဥပဒေ ထွက်ရှိလာပါက လက်တလုံးခြား အပြုအမူတွေ၊ စည်းကမ်း မလိုက်နာတဲ့ ပြည်တွင်း ပြည်ပ ခရီးသွား ကုမ္ပဏီတွေကို အခုထက် ပိုမိုကြပ်မတ် နိုင်မယ်လို့ ဟိုတယ် နဲ့ ခရီးသွား ကဏ္ဍကို တာဝန်ယူထားတဲ့ တိုင်းစီမံကိန်း နဲ့ ဘဏ္ဍာရေး ဝန်ကြီး ဦးမြတ်သူက ဆိုပါတယ်။
ဒါ့အပြင် ခရီးသွားကဏ္ဍ ပိုစနစ်ကျစေဖို့ ဟိုတယ်နဲ့ ခရီးသွား ကဏ္ဍမှာ ဆက်စပ်နေသူတွေ ပါဝင်တဲ့ တိုင်းအဆင့် လုပ်ငန်း ကော်မတီ ဖွဲ့စည်းဖို့ စီစဉ်နေတယ်လို့လည်း သိရပါတယ်။
“ဝန်ကြီးဌာနဘက်က ပေါ်လစီအရ ဖွင့်မယ်ဆိုတုန်းကလဲ ဘာမှကြိုတင် ပြင်ဆင်မှုမရှိဘဲ ဇွတ်လုပ်လိုက်တယ်။ အခုကျ အခြေအနေကို မထိန်းနိုင်တော့ ပိတ်မယ်ဆိုတာမျိုး ဖြစ်လာတယ်။ ဖြေရှင်းဖို့ အကောင်းဆုံး အဖြေမရှာဘဲ အဲဒီလို လုပ် မယ် ဆိုရင် အားလုံး ထမင်းငတ်ကုန်မယ်”လို့ မန္တလေးတိုင်း ဧည့်လမ်းညွှန်များ အသင်း ဥက္ကဋ္ဌ ဦးဝင်းဇော်ဦး က ပြောပါတယ်။
တရုတ်နိုင်ငံကို ဆိုက်ရောက်ဗီဇာ ခွင့်ပြုပေးပြီး ၅ လအတွင်း အခုလို အခြေအနေမျိုး မန္တလေးမှာ နဖူးတွေ့ ဒူးတွေ့ ကြုံ ရပြီ ဖြစ်ပါတယ်။
အဲဒီလို အခင်းအကျင်းကို ပြောင်းလဲနိုင်ရေး အတွက် ခရီးသွား ကဏ္ဍမှသည် ဒေသအကျိုးစီးပွား၊ အမျိုးသား အကျိုး စီးပွား အတွက် အားလုံး ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်နေတာ အမှန်ပင် ဖြစ်ပါတော့တယ်။ ။