“ကျနော်ရဲ့ မေတ္တာဟာ ရောင်ပြန်ဟပ်တယ်လို့ပဲ ပြောရမှာပဲ”
အဆိုပါ စကားကို ပြောလိုက်သူမှာ နေလောင်ထားသော အညိုရောင် အသားအရေ၊ အရပ်ရှည်ရှည်နှင့် အဖိုးအို တဦးဖြစ်ပြီး နွမ်းနယ်နေပုံ ပေါက်သော်လည်း မျက်လုံးများကတော့ ပျော်ရွှင်မှု အရိပ်အယောင်များ အပြည့်ဖုံးလွှမ်း နေသည်။
ကျောင်းတွင် လာကြိုသူမရှိ အဖော်မဲ့ ကလေးငယ်တယောက်ကို စက်ဘီးဖြင့်တင်ကာ အိမ်အရောက် ပြန်ပို့ပေးခဲ့ဖူးပုံနှင့် ထိုကလေးငယ် အရွယ်ရောက်ပြီး ပြန်တွေ့ခဲ့ပုံကို တပြုံးပြုံးဖြင့် အဖိုးက ပြောပြနေခြင်းပင် ဖြစ်သည်။
ထိုအဖိုးသည် ၆၀ နှစ်အရွယ် ရှိပြီ ဖြစ်သည့် ဦးလှမြင့်ဖြစ်သည်။ ဦးလှမြင့်သည် အထက ၁ လမ်းမတော်-စိန်ဂျွန်း အထက်တန်းကျောင်းနှင့် အလုံ အထက ၄ တွင် နှစ် ၅၀ နီးပါး ရေခဲချောင်း ရောင်းနေခဲ့သူ တဦးဖြစ်သည်။
သူ အိမ်တိုင်ရာရောက် လိုက်ပို့ပေးခဲ့သည့် ကလေးငယ်သည် အမှတ်မထင် ပြန်တွေ့ချိန်၌ သွားဆရာဝန်ကြီး ဖြစ်နေသည်ကို ကြားသိလိုက်ရသည့် အချိန်တွင် အင်မတန်မှ ပီတီဖြစ်လှကြောင်းကို ပြောဆိုနေပုံမှာ ဟန်ဆောင်မှု ကင်းမဲ့လှသည်။
“ဦးလေးကြီး၊ ကျနော့်ကို ငယ်ငယ်က လိုက်ပို့ပေးတာလေ၊ အခု ကျနော် သွားဆရာဝန်ဖြစ်နေပြီ။ ကျနော် အရမ်း ဝမ်းသာသွားတယ်။ ဒီလိုပီတိရဖို့ ဆိုတာ မလွယ်ပါဘူး” ဟု ဦးလှမြင့်က ဝမ်းပမ်းတသာ ပြန်ပြောပြသည်။
အဆိုပါ သွားဆရာဝန် ဆိုသူက သူ၏သွားများကို ပြုပြင်ပေးမည်ဟုလည်း ပြောဆိုသွားသည်ကို အောက်သွား ရှေ့ချောင်း များ ကျိုးနေသည်ကို ပါးစပ်ဟပြရင်းဖြင့် ဦးလှမြင့်က ပြောပြသည်။
သူကူညီခဲ့သူများကို ပြန်တွေ့သည့်အခါတိုင်း ရလိုက်သည့် ပီတိတို့ကပင် သူ၏ လူမှုဝန်ထမ်း ပရဟိတဘဝ သက်တမ်းကို ရှည်လျား စေခဲ့ ဟန်တူသည်။
ခြေထောက်ကျိုးသဖြင့် အရေးပေါ် ပတ်တီးစည်းပေးလိုက်သော ကလေးငယ်တယောက်က နောက်ရက်များတွင် ဘောလုံး ကန်နေသည့် မြင်ကွင်းကို တွေ့လိုက်ရသည့် အချိန်တွင် အတိုင်းမသိ ဝမ်းသာမိကြောင်း ဦးလှမြင့်က ပြောပြသည်။ ထိုကလေးကို သစ်သားပြား ရှာမတွေ့သဖြင့် တွေ့သည့် ရေသန့်ဘူးကိုပင် ပြားကာ အရေးပေါ် ဆက်ပေးလိုက်ရသည် ကိုလည်း ဂုဏ်ယူစွာဖြင့် စကားစပ်မိသူတိုင်းကို ပြောပြသည်။
ထိုသို့ ပရဟိတ သက်တမ်းရှည်လျားစွာ လုပ်ကိုင်ခဲ့သည့် သူ၏ ဝမ်းတခါး အတွက် ဖြေရှင်းပုံမှာလည်း ရိုးစင်းလွန်းလှသည်။ ပရဟိတ လုပ်ခဲ့သည့် သက်တမ်းတလျောက်ပင် ကျောင်းနှင့် ရပ်ကွက်များတွင် ရေခဲချောင်းရောင်းရင်းဖြင့် ဝမ်းစာရေး အတွက် ဖြေရှင်းခဲ့သည်။
အဖိုး ဦးလှမြင့်သည် ရေခဲချောင်းရောင်း၍ ဝမ်းရေးဖြေရှင်းသော်လည်း အရေးကိစ္စပေါ်လျင် ရေခဲချောင်းပုံးကို ရောက်သည့် အရပ်တွင် ပစ်ကာ သွားရောက်ကူညီတတ်သူလည်း ဖြစ်သည်။
သူ့အတွက် ဝင်ငွေရရာ ရကြောင်း အလုပ်သည် ရေခဲချောင်းရောင်းခြင်းက လွဲလို့ အခြားမရှိ။ သူေရောင်းချနေသည့် ရေခဲစက်က ပေးထားသည့် ကုတင်တလုံးစာ သူ့ကိုယ်ပိုင်နေရာလေးကပင် သူ့အတွက် နိဗ္ဗာန်ဘုံ။ သူ့အကြောင်းကို သိသည့် လမ်းဘေး ထမင်းဆိုင်ကပင် သူ့ကို မငြူစူရက်ပေ။
“ကျနော်ရတဲ့ အမြတ် ၃ ပုံ ၁ ပုံလောက်ရတော့ ထမင်းဖိုးလေး ရတာပေါ့။ လက်ထဲမှာရှိရင်တော့ ကျနော် ထွက်စားတာပဲ။ ဒါပေမယ့် ကျနော် စားနေကျ ဆိုင်ကတော့ ပိုက်ဆံမပါလည်း စားလို့ရတယ်၊ နောက် ကျနော်ရှိမှ ပြန်ပေးလိုက်တယ်” ဟု ဦးလှမြင့်က ဆိုသေးသည်။
စာသင်နှစ် တနှစ်ပြီး တနှစ် ဖြတ်သန်းရင်း ကလေးပေါင်းများစွာ အရွယ်ရောက်သွားခဲ့သည်။ သို့သော် သူ့အတွက် ပြောင်းလဲ မသွားသည့် အဖော်ဟူ၍ ကြက်ခြေနီဝတ်စုံနှင့် ရေခဲချောင်းပုံးသာ ဖြစ်ဟန်တူသည်။ မပြည့်စုံသည့် သူ့ဘဝ အတွက် အိမ်ထောင်ပြုရန်ကိုလည်း မစဉ်းစား။ ဈေးရောင်းရင်း ပရဟိတ လုပ်ရသည့် ပရဟိတသမား အဖြစ်ကို ခုံမင်နေ ခဲ့သည်။
“ကျနော့်ဘဝမှာ မပြည့်စုံတဲ့ အတွက်က ဒါတွေ မစဉ်းစားမိပါဘူး။ ပြည့်စုံရင်တော့ တမျိုးပေါ့လေ။ အခုကျောင်းမှာ ဈေးရောင်းတယ်၊ ကလေးတွေနဲ့ ပျော်ပျော်နေတယ်။ လူတွေကို ကူညီတယ်” ဟု သူက ဆိုသည်။
နှစ် ၅၀ အတွင်း ရေခဲချောင်းကို လွယ်ပုံး၊ တွန်းလှည်း၊ စက်ဘီး စသည်ဖြင့် အမျိုးမျိုးပြောင်းလဲ ရောင်းချလာသော်လည်း ယခုအချိန်အထိ မပြောင်းမလဲ ဝတ်ဆင်လာသည်က ကြက်ခြေနီ ယူနီဖောင်းပင်ဖြစ်သည်။
တယောက်ယောက် ထိခိုက်သည်ဆိုလျှင် ရေခဲပုံးကိုပစ်ချပြီး ကူညီဖို့အရင် လုပ်သည်။ တနေရာရာ မီးလောင်သည်ဆိုလျှင် ရေခဲပုံးကို ပစ်ထားခဲ့ပြီး မီးလောင်ရာ အရပ်ကို ပြေးသည်။ လုပ်အားပေးဆိုလျှင်လည်း ရှေ့ဆုံးက တက်တက်ကြွကြွ။ သူ သွေးလှူဒါန်းသည့် အကြိမ်ရေကပင် အသက်ထက်မက ၉၇ ကြိမ် ပြည့်ပြီး ဖြစ်သည်။
ယင်းအတွက်လည်း သူကိုယ်တိုင်က ဘယ်အရာကိုမှ မမျှော်ကိုးခဲ့ဘူးကြောင်းနှင့် ဝါသနာကို အရင်းခံ ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း ပြောပြသည်။
“ဘာမှ မမျှော်ကိုးပါဘူး။ ကျနော် ဒီလိုပဲ၊ ဝါသနာအရင်းခံပြီး လုပ်နေတာပါ။ ကျန်တာတွေလည်း ဘာမှ မစဉ်းစားမိပါဘူး” ဟု သူက ဆိုသည်။
“ဒီလိုလုပ်နေတာ ကျနော် တယောက်တည်း မဟုတ်ပါဘူး။ မြို့နယ်တိုင်းမှာ အများကြီးပါ။ လုပ်နေကြတာ” ဟု သူက ပြောသေးသည်။
ဦးလှမြင့်ကဲ့သို့ ကြက်ခြေနီတပ်ဖွဲ့ဝင်များသည် လခစားမဟုတ်ဘဲ၊ မည်သည့် အထောက်အပံ့မှ မရသည့် စေတနာ လုပ်အားရှင်များ သက်သက်သာဖြစ်သည်။ ဝတ်စုံပင်လျှင် ကိုယ့်စရိတ်နှင့်ကိုယ် ချုပ်ထားရခြင်းဖြစ်သည်။
ယနေ့အချိန်တွင်မူ ဦးလှမြင့်သည် ကြည့်မြင်တိုင်မြို့နယ် ကြက်ခြေနီတပ်ဖွဲ့၏ တပ်ဖွဲ့မှူး၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း (ကြည့်မြင်တိုင်မြို့နယ်) ၏ အတွင်းရေးမှူးလည်း ဖြစ်နေပေပြီ။ စံပြကြက်ခြေနီ၊ ထူးချွန်ကြက်ခြေနီ၊ လူမှုထူးချွန် တတိယ အဆင့် စသည့် ဆုအမှတ်တံဆိပ်များ အပါအင် ဆုတံဆိပ်ပေါင်း ၅၀ ကျော်ကို ပိုင်ဆိုင်ထားသူလည်း ဖြစ်သည်။
သူ၏ဆုတံဆိပ်များကို ရတနာပစ္စည်းများ ထုပ်သိမ်းထားသည့်သဖွယ် တမြတ်တနိုးဖြင့် ထုတ်၍ ပြသသည်။
သူနှစ်ပေါင်း ၅၀ ကျော် နေထိုင်ခဲ့သည့် အခန်းသည်ပင် ရေခဲချောင်းပြုလုပ်သည့် ရေခဲစက်က နေခွင့်ပေးထားခြင်း ဖြစ်သည်။
အသက် ၁၁ နှစ်အရွယ်ကတည်းက ကြက်ခြေနီတပ်ဖွဲ့ကို ဝင်ရောက်ခဲ့ပြီး လူပေါင်းများစွာကို ကူညီခဲ့သည့် ထိုအဖိုးအိုတွင် ပိုင်ဆိုင်သည့် ပစ္စည်းဆို၍ သူရခဲ့သော ဆုတံဆိပ်များ၊ ဖော့ရေခဲပုံး ၁ ပုံးနှင့် လာရောက်လှူဒါန်းထားသည့် စက်ဘီး တစီးသာ ရှိသည်။
သူပိုင်ဆိုင်သည့် စက်ဘီး နောက်ခုံ ပေါ်တွင် ရေခဲပုံး၊ ဖော့ပုံးအဝါရောင်ထဲသို့ ရေခဲချောင်းများကိုထည့်ကာ ကြိုးဖြင့် ပတ်ချည်နှောင်ပြီး နေအိမ်မှ ထွက်ခွာလေ့ရှိသည်။ စက်ဘီးလက်ကိုင်တွင် ကြိုးဖြင့် ချိတ်ဆွဲထားသော ခေါင်းလောင်း လေးကို လက်ဖြင့် လှုပ်ခါရမ်းကာ စေတနာ့ ဝန်ထမ်း ပရဟိတ သမားကြီး ဦးလှမြင့် ဝမ်းရေး အတွက် ရေခဲချောင်း ရောင်းရန် ထွက်လေပြီ။