ဆောင်းပါး

အိန္ဒိယ သမုဒ္ဒရာထဲက အမေရိကန် စစ်စခန်း

Want create site? Find Free WordPress Themes and plugins.

ကက်ရှ်မီးယားတွင် အိန္ဒိယနှင့် ပါကစ္စတန်တို့ကြားမှ လတ်တလော တိုက်ပွဲငယ်များက နယူကလီးယားလက်နက်ပိုင်ရှင် နိုင်ငံ ၂ ခုကို မှတ်မိနိုင်သမျှထဲတွင် ပဋိပက္ခနှင့် အနီးကပ်ဆုံးသို့ ယူဆောင်လာခဲ့သည်။

Islamic State of Iraq and Syria (ISIS) က ဆီးရီးယားတွင် ၎င်းတို့၏ နောက်ဆုံး ပိုက်နက်နယ်မြေများ ဆုံးရှုံးနေခြင်းက ကျန်ရှိနေသေးသော ၎င်းတို့၏ တိုက်ခိုက်ရေးသမားများက အရှေ့အလယ်ပိုင်းတလွှားနှင့် အရှေ့အလယ်ပိုင်း အလွန်ဆီသို့ ပြန့်ကျဲ ထွက်သွားလိမ့်မည်ဆိုသော အဓိပ္ပါယ်ကို ဆောင်ဖွယ်ရာ ရှိပါသည်။

အိန္ဒိယ သမုဒ္ဒရာအတွင်းတွင် တရုတ်စီမံကိန်းများက ယခင် မရှိဖူးသည့် နည်းလမ်းများဖြင့် အင်အားကောင်းလာခြင်းကြောင့် မော်လ်ဒိုက်နှင့် တောင်အာရှ နိုင်ငံများတွင် တရုတ်နှင့် အိန္ဒိယ ပြိုင်ဆိုင်မှုက အရှိန်မြင့်တက်လာနေသည်။

စစ်ပွဲကြောင့် ထိခိုက် ကျေမွနေသည့် အာဖဂန်နစ္စတန်တွင် ငြိမ်းချမ်းရေးက ယခင်အချိန်များထက်ပို၍ နားလည်ရန် ခက်ခဲလာသည်။

ထိုသို့သောဒေသတွင်းမှ ပဋိပက္ခအပူများအားလုံးတွင် အမေရိကန်ပြည်ထောင်စုအတွက် တူညီသောတချက် ရှိနေသည်။ ဒီယေးဂိုး ဂါစီယာ Diego Garcia ကျွန်း ဖြစ်သည်။

အိန္ဒိယ သမုဒ္ဒရာထဲက ဒီယေးဂိုး ဂါစီယာ ကျွန်းပြ မြေပုံ/ Facebook

အမေရိကန်နိုင်ငံက အရှေ့အလယ်ပိုင်းနှင့် အာဖဂန်နစ္စတန်မှ ၎င်း၏ စစ်ဆင်ရေး အများစုကို အီကွေတာနှင့် နီးသည့် သန္တာ ကျွန်းမှနေ၍ စီစဉ်ဆောင်ရွက်သည်။ အာရှ၊ အာဖရိက နှင့် ဥရောပကြားမှ ဗျုဟာမြောက်အရေးပါသည့် ရေကြောင်းလမ်း များကို စောင့်ကြည့်ရန်အတွက်လည်း အမေရိကန်နိုင်ငံက ဒီယေးဂိုး ဂါစီယာ ကျွန်းကို အသုံးချသည်။

ဝေးလံပြီး နည်းဗျူဟာကျသည့် အဆိုပါကင်းစခန်းသည် အကယ်၍ အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) ၏ လတ်တလော အကြံဉာဏ်ပေးမှုက တရားဝင် စာချုပ်စာတမ်းဖြင့် အုပ်ချုပ်ခြင်းဆီသို့ ရောက်သွားခဲ့လျှင် ကြိုတင်မျှော်လင့် မထားသည့် ခြိမ်းခြောက်မှုတခုနှင့် ရင်ဆိုင်ရနိုင်ပါသည်။

ဒီယေးဂိုး ဂါစီယာ အပါအဝင် ယခင် ချားဂို့စ် Chagos ကျွန်းများမှ ဒေသခံ ပြည်သူများကို ဗြိတိန်က နှင်ထုတ်ခဲ့ခြင်းသည် နိုင်ငံတကာ ဥပဒေ များကို ချိုးဖောက်ခြင်းဖြစ်ကြောင်း ICJ က ဖေဖော်ဝါရီလ နှောင်းပိုင်းတွင် ပြောကြားခဲ့သည်။ ဗြိတိန်က အဆိုပါကျွန်းများတွင် ၎င်း၏ အုပ်ချုပ်မှုကို ဖြစ်နိုင်သမျှ အမြန်ဆုံး အဆုံးသတ်ရန်လည်း အကြံပြုခဲ့သည်။

ယခုအခါ ဗြိတိသျှ အိန္ဒိယ သမုဒ္ဒရာပိုင်နက်(British Indian Ocean Territory – BIOT) ဟု သိကြသည့် ချားဂို့စ် ကျွန်းစု သည် ဆူးအက် Suez မြို့ အရှေ့ဘက်တွင် ဗြိတိန်၏ နောက်ဆုံးပိုင်ဆိုင်မှုဖြစ်သည်။ ၎င်းကို ဗြိတိန်ကိုလိုနီဖြစ်သည့် မောရစ်သျှမှ ၁၉၆၅ ခုနှစ်တွင် သီးခြားခွဲထုတ်ခဲ့သည်။ မောရစ်သျှ ကျွန်းနိုင်ငံ လွတ်လပ်ရေးမရမီ ၃ နှစ် အလိုတွင် ဖြစ်သည်။

ဒီယေးဂိုး ဂါစီယာ ကျွန်းပေါ်တွင် ရပ်ထားသော အမေရိကန် စစ်လေယာဉ်များကို ၂၀၁၇ ခုနှစ် ဒီဇင်ဘာအတွင်း မြင်ရစဉ်/Facebook

၁၉၆၇ ခုနှစ်မှ ၁၉၇၃ ခုနှစ်အတွင်းတွင် BIOT ၏ လူဦးရေ စုစုပေါင်းမှာ ၁၅၀၀ မှ ၂၀၀၀ ကြားတွင် ရှိသည်။ အများစုမှာ အိန္ဒိယနှင့် အာဖရိကန် ရောနှောနေသည့် Creole စကားပြောသူများဖြစ်ကြပြီး အုန်းပင်စိုက်ပျိုးခြင်း၊ မြေသြဇာအဖြစ်အသုံး ပြုသည့် ငှက်ချေးများ စုဆောင်းခြင်းတို့ဖြင့် အသက်မွေးသူများဖြစ်ကြသည်။ သူတို့ကို မိုင်ပေါင်း ၁၀၀၀ ကျော် အဝေးတွင် ရှိသော မောရစ်သျှ သို့မဟုတ် ဆေရှဲလ် နိုင်ငံများသို့ ပို့ဆောင်ခဲ့ကြသည်။

အဓိက ကျွန်းဖြစ်သည့် ဒီယေးဂိုး ဂါစီယာ သို့ အမေရိကန် စစ်ဘက်မှ လူများ ၁၉၇၁ ခုနှစ်မတ်လတွင် ရောက်ရှိလာကြသည်။ သူတို့နှင့် အတူ မြေတူးမြေသယ်စက်များ၊ တည်ဆောက်ရေး ပစ္စည်းများနှင့် အလုပ်သမားများ ပါလာခဲ့ကြသည်။ ယခုအခါ ကမ္ဘာပေါ်၌ အရေးအပါဆုံးသော စစ်အခြေချစခန်း များထဲမှ တခုဖြစ်လာမည့် အဆိုပါ စခန်းကို တည်ဆောက်ရန် ခေါ်ယူ လာသည့် အလုပ်သမား အများစုမှာ ဖိလစ်ပိုင်လူမျိုးများ ဖြစ်ကြသည်။

၁၉၆၆ ခုနှစ်တွင် ဗြိတိန်နှင့် အမေရိကန်တို့က အိန္ဒိယ သမုဒ္ဒရာမှ ကျွန်းအချို့ကို ကာကွယ်ရေးရည်ရွယ်ချက်ဖြင့် အသုံးပြု နိုင်ရေး (Availability of Certain Indian Ocean Islands for Defense Purposes) သဘောတူညီချက်တခုကို လက်မှတ် ရေးထိုးခဲ့ကြသည်။ အဆိုပါသဘောတူညီချက်၌ ကျွန်းများပေါ်တွင် လုပ်ဆောင်မည့် ကိစ္စများ၏ သဘောသဘာဝကို အသေးစိတ် ရည်ညွှန်းဖော်ပြခြင်း မရှိခဲ့ပါ။

အမေရိကန် ပညာရှင်တဦးဖြစ်သည့် ဒေးဗစ်ဗိုင်း David Vine ၏ အဆိုအရ ထိုသဘောတူညီချက်ကို ကွန်ဂရက် သို့မဟုတ် လွှတ်တော်၏ စစ်ဆေးကြီးကြပ်မှုမပါဘဲ “အမှောင်ထုကို အကာအကွယ်ယူ၍” (ပွင့်လင်းမြင်သာမှု မရှိစွာဖြင့်) လက်မှတ်ထိုးခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

သို့သော်လည်း မည်သို့သော သဘောတူညီချက်ဖြစ်ကြောင်း မကြာမီမှာပင် ထင်ထင်ရှားရှား ပေါ်ပေါက်လာခဲ့သည်။ ဒီယေးဂိုး ဂါစီယာကို ဝိုင်းပတ်ထားသော ထုံးအိုင်သည် ၂၄ ကီလိုမီတာရှည်၍ ၆.၄ ကီလိုမီတာကျယ်သည်။ ၁၀ မီတာနီးပါး နက်၏။ သောင်များကို တူးခြင်း၊ အောက်ကို ထပ်တူးခြင်းများ ပြုလုပ်ပြီးနောက် ရေနက်ဆိပ်ကမ်းတခု တည်ဆောက်လိုက်သည်။

သေသေချာချာခင်းထားသည့် လမ်းများဖြင့် ဆက်သွယ်ထားသည့် ခေတ်မီအိမ်များကို နောက်က ကျောက်ကျွန်းပေါ်တွင် တည်ဆောက်သည်။ ကြီးမားသော စစ်လေယာဉ်များ ဆင်းသက်နိုင်လောက်အောင် ရှည်လျားသည့် လေယာဉ်ပြေးလမ်း တခု ရှိသည်။ ဒီယေးဂိုး ဂါစီယာက အခြားသော အမေရိကန် စစ်စခန်းများနှင့် လျှင်မြန်စွာပင် ဆင်တူလာခဲ့သည်။ သို့သော်လည်း ဆန့်ကျင် ကန့်ကွက်မည့် ဒေသခံ ပြည်သူများက အနီးတွင် မရှိခဲ့ပါ။

ဒီယေးဂိုး ဂါစီယာကို ရွေးချယ်ခဲ့ခြင်းသည် “ဗျူဟာမြောက် ကျွန်းများ သဘောတရား” အဖြစ် ထိုစဉ်က သိခဲ့ကြသည့် အမေရိကန် မူဝါဒတခု နှင့် အညီဖြစ်သည်။ အဆိုပါမူဝါဒက ဒေသခံတို့၏ အနောက်တိုင်းဆန့်ကျင်ရေးများ ဖြစ်ပေါ်နိုင်သည့် လူဦးရေထူထပ်သော ကုန်းမြေများနှင့် ဝေးကွာသည့်နေရာတွင် စစ်စခန်းများ တည်ထောင်ရန် ရည်ရွယ်ချက်ရှိခဲ့သည်။

ဒီယေးဂိုး ဂါစီယာကို အမေရိကန် သို့ နှစ် ၅၀ အငှားချထားရန် ဗြိတိန်က သဘောတူခဲ့ကြောင်း နောက်ပိုင်းတွင် ပေါ်ထွက် လာခဲ့သည်။ ထိုသဘောတူညီချက်က ၂၀၁၆ ခုနှစ်တွင် သက်တမ်းကုန်ဆုံးသွားခဲ့သော်လည်း ဗြိတိန်က နောက်ထပ် နှစ် ၂၀ ငှားရန် ရွေးချယ်ခဲ့သည်။ မည်သည့် အချိန်တွင်မဆို စစ်သားနှင့် အရပ်သား ၃၀၀၀ မှ ၅၀၀၀ အထိ အခြေချနေကြ သည်။

ဒီယေးဂိုး ဂါစီယာက အမေရိကန်၏ တောင်ကိုရီးယား၊ ဂျပန်နှင့် ဂျာမနီမှ စစ်စခန်းများထက် သေးငယ်သော်လည်း ဒေသ တွင်းမှ အဓိက အချက်အချာနေရာတွင် တည်ရှိခြင်းနှင့် အိန္ဒိယ သမုဒ္ဒရာဒေသတွင် တရုတ်နိုင်ငံ၏ ကျူးကျော်မှုမြင့်တက် လာခြင်းတို့ကြောင့် ၎င်း၏ ဗျူဟာမြောက် အရေးပါမှုက ပိုမိုကြီးမားဖွယ်ရာ ရှိပါသည်။

ချားဂို့စ်ကျွန်းများ မောရိသျှသို့ ပြန်ပေးရန် ဆန္ဒပြတောင်းဆိုနေသူများ/Facebook

အခြေစိုက်စခန်းအတွင်းသို့ အပြင်လူများ ဝင်ခွင့်မရှိပါ။ သတင်းများအရ ပစ္စည်းစုံသော စူပါမားကက်များ၊ ဟမ်ဘာဂါဆိုင် များ၊ ဘီယာဘားများ၊ တင်းနစ်ကွင်းများ၊ အပြေးလေ့ကျင့်သည့် လမ်းများ၊ ဂြိုလ်တုစနစ်သုံး TV တို့ဖြင့် အမေရိကန် ဆင်ခြေဖုံးတခု အသွင်ဖြစ်ကြောင်း ဖော်ပြနေသည်။

သမ္မတ ဂျော့ဘုရှ်၏ အကြမ်းဖက်တိုက်ဖျက်ရေးစစ်ပွဲ အတွင်းတွင် ဒီယေးဂိုး ဂါစီယာက လူသိများ ကျော်ကြားမှု ရရှိခဲ့သည်။ အာဖဂန် နစ္စတန်မှ အပါအဝင် အကြမ်းဖက်သံသယ ရှိသူများကို ထိန်းသိမ်း စစ်ဆေးသည့် နေရာများထဲမှ တခုအဖြစ် ပေါ်ထွက်ခဲ့သောကြောင့် ဖြစ်သည်။

၂၀၀၂ နှင့် ၂၀၀၃ ခုနှစ်များအတွင်းတွင် သာမန်ထက် ထူးကဲသည့် စစ်ဆေးမေးမြန်းမှုများဟု နားခံသာအောင် ပြောလေ့ရှိသည့် ကိစ္စများ သို့မဟုတ် ထိန်းသိမ်းခံများအား ဥပဒေ ပြင်ပ လွှဲပြောင်းမှုများအတွက် ဒီယေးဂိုး ဂါစီယာကို ဗြိတိန် အာဏာပိုင်များ၏ အပြည့်အဝ ပူးပေါင်းဆောင်ရွက်မှုဖြင့် အသုံးပြုခဲ့သည်ဟု ကာတာ အခြေစိုက် သတင်းဌာနတခုဖြစ်သည့် Al-Jazeera က သတင်းဖော်ပြခဲ့သည်။ ထိန်းသိမ်းခံရသူများကို ဒီယေးဂိုး ဂါစီယာတွင် နှိပ်စက် ညှဉ်းပမ်းမှုများပြုလုပ်ခဲ့သည့် သတင်းများလည်း နောက်ပိုင်းတွင် ပေါ်ထွက်ခဲ့သည်။

သို့သော်လည်း ၁၉၆၀ နှစ်များအတွင်းက ကြိုတင်မမြင်နိုင်ခဲ့သည့် ပြဿနာတခုက အဆိုပါ ကျွန်းများပေါ်မှ ဖိအားသုံး ပြောင်းရွှေ့ခိုင်း၍ မောရစ်သျှနှင့် ဆေရှဲလ်တို့တွင် အခြေချခဲ့ရသည့် ပြည်သူများထံမှ မမျှော်လင့်ဘဲ ပေါ်ထွက်လာခဲ့သည်။ ထိုစဉ်က သူတို့ကို နစ်နာမှုအတွက် ငွေကြေးပေးခဲ့သော်လည်း အများစုက အိမ်ကိုပြန်ရန် သူတို့ အခွင့်အရေးအတွက် တိုက်ပွဲဝင်နေခဲ့ကြသည်။

မူလနေထိုင်သူများမှ ဆင်းသက်လာသူများ အပါအဝင် ယခုအခါ လူ ၆၀၀၀ ခန့်ရှိမည့် Chagossians ချာဂို့စ် ကျွန်းသားများ က ကမ္ဘာတဝှမ်းမှ လူ့အခွင့်အရေး အဖွဲ့အစည်းများ၏ စာနာမှုနှင့် ထောက်ခံမှုများကို ရရှိခဲ့ကြသည်။ သူတို့ကိစ္စကို နိုင်ငံတကာ တရားရုံးများသို့ တင်သွင်းနိုင်ရန် အချို့က ဥပဒေရေးရာ အကူအညီများ ပေးနေကြသည်။

ချာဂို့စ် ကျွန်းသားများ၏ ကိစ္စက ဗြိတိန်တရားရုံးများ၊ ကုလသမဂ္ဂ၊ ဥရောပ လူ့အခွင့်အရေးဆိုင်ရာ တရားရုံးနှင့် သည်ဟိဂ်မှ အမြဲတမ်း ခုံသမာဓိရုံး နှင့် အခြားတရားရုံးများ ပါဝင်နေသည့် အဓိက နိုင်ငံတကာ ကိစ္စတခုအဖြစ်သို့ ပြောင်းလဲလာခဲ့သည်။

မောရစ်သျှ နိုင်ငံရေးသမားများကလည်း သူတို့၏ ဘိုးဘေးများ ချာဂို့စ်ကို မည်ကဲ့သို့ မတရား လက်လွှတ်ခဲ့ကြရကြောင်း ရှေ့တန်းထွက်ပြီး စတင်ပြောဆိုလာခဲ့ကြသည်။ ကျွန်းများကို ထိန်းချုပ်မှုရရှိရန် ဗြိတိန်က နိုင်ငံရေးအရ ခြိမ်းခြောက်အကျပ်ကိုင်မှုကို အသုံးပြုခဲ့သည်ဟု ယခုအခါ အချို့က မြင်နေကြသည်။

ICJ ၏ အကြံပေးချက်တွင် ဖော်ပြထားသည့် သတင်းအချက်အလက်များအရ ချာဂို့စ်ကျွန်းစုကို ပေးအပ်ရန် သူတို့က သဘောမတူပါက လွတ်လပ်ရေးကို ခွင့်ပြုလိမ့်မည် မဟုတ်ကြောင်း ဗြိတိသျှတို့က ဒေသခံ ခေါင်းဆောင်များကို ပြောခဲ့ကြောင်း ပေါ်ထွက်လာခဲ့သည်။

ချာဂို့စ် ကျွန်းစုကို မောရစ်သျှ နိုင်ငံမှ ခွဲထုတ်သည့် အချိန်တွင် ဗြိတိန်က ကိုလိုနီ စွန့်လွှတ်ခြင်း လုပ်ငန်းစဉ်ကို ဥပဒေနှင့် အညီ ဆောင်ရွက်ခဲခြင်း ရှိ မရှိ ICJ ထံမှ ထင်မြင်ချက် တောင်းခံရန် ၂၀၁၇ ခုနှစ် ဇွန်လတွင် ကုလသမဂ္ဂ အထွေထွေ ညီလာခံက ထောက်ခံမဲ ၉၅ မဲ၊ ကန့်ကွက်မဲ ၁၅ မဲ၊ ကြားနေမဲ ၆၅ မဲဖြင့် ဆုံးဖြတ်ခဲ့သည်။

ဖေဖော်ဝါရီလ ၂၅ ရက်နေ့က ထုတ်ပြန်ခဲ့သော ICJ ၏ ထင်မြင်ချက်တွင် ဥပဒေနှင့်အညီ စာချုပ်စာတမ်းဖြင့် ပြုလုပ်ထားခြင်း မဟုတ်ကြောင်း ဖော်ပြထားပြီး BIOT ကို စွန့်လွှတ်ရန် ဗြိတိန်ကို တိုက်တွန်းခဲ့သည်။ သဘောတရားမှာ ချာဂို့စ် ကျွန်းစုကို မောရစ်သျှသို့ ပြန်ပေးရလိမ့်မည်ဆိုသည့် အဓိပ္ပါယ်ဖြစ်သည်။ ဥပဒေရေးရာ လုပ်ထုံးလုပ်နည်းများ ဆောင်ရွက်ရန် ICJ က အချိန်စာရင်းတခု ထုတ်ပြန်ပေးခဲ့ခြင်း မရှိသေးသော်လည်း နစ်နာခဲ့ရသည့် ချာဂို့စ် ကျွန်းသားများက သူတို့၏ အမှုကို နောက်ထပ် ဖိအားပေးကြဖွယ်ရာ ရှိသည်။

၎င်းတို့ အနေဖြင့် ICJ ၏ ထင်မြင် အကြံပြူချက်အပေါ် ဂရုတစိုက် လေ့လာသွားမည်ဖြစ်ကြောင်း ဗြိတိန် နိုင်ငံခြားရေးရုံးက ပြောကြားခဲ့သလို ဥပဒေနှင့် အညီ စာချုပ်စာတမ်းဖြင့် ပြုလုပ်ခဲ့ခြင်း မဟုတ်ကြောင်း အသိအမှတ်ပြုခဲ့သည်။ ကာကွယ်ရေး ဆိုင်ရာ အဆောက်အဦးများမှာ ဗြိတိန်နှင့် ကမ္ဘာတလွှားမှ ပြည်သူများကို အကြမ်းဖက်ခြိမ်းခြောက်မှုများ၊ အစုအဖွဲ့အလိုက် ကျူးလွန်သည့် ရာဇဝတ်မှုများနှင့် ပင်လယ်ဓားပြ ရန်မှ ကာကွယ်ပေးရန်တွင် အထောက်အကူဖြစ်စေရန် ထားရှိခြင်း ဖြစ် ကြောင်းလည်း ပြောကြားခဲ့သည်။

ICJ တရားသူကြီးများက သူတို့၏ ထင်မြင်အကြံပြုချက်တွင် အမေရိကန်အပါအဝင် ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံ အားလုံး အနေဖြင့် မောရစ်သျှတွင် ကိုလိုနီဖျက်သိမ်းရေး ပြီးမြောက်အောင် ပူးပေါင်းဆောင်ရွက်ရန် တာဝန်ရှိကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။

ထိုကိစ္စက မည်သို့ဖြစ်လာမည်ဆိုသည်က လုံးလုံးလျားလျား မသဲကွဲသေးပါ။ ပြီးခဲ့သည့် နှစ်က ပြုလုပ်ခဲ့သော ကြားနာမှု တခုတွင် မောရစ်သျှ ကာကွယ်ရေး ဝန်ကြီး Anerood Jugnauth က ၎င်းတို့ နိုင်ငံက ဒီယေးဂိုး ဂါစီယာ၏ တည်ရှိမှုကို အသိအမှတ်ပြုကြောင်းနှင့် အခြေစိုက် စခန်း၏ အနာဂတ်ကို လက်ခံကြောင်း အမေရိကန် နှင့် စီရင်ဆုံးဖြတ်ခွင့်ရှိသည့် အဖွဲ့အစည်းများသို့ ရှင်းလင်းစွာ အကြိမ်ကြိမ် ပြောခဲ့ပြီး ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထိုကဲ့သို့ အာမခံချက်မျိုးကို အမေရိကန်အစိုးရက ကြိုဆိုလိမ့်မည် ဖြစ်သလို အမေရိကန်နိုင်ငံက ၎င်း၏ ဝေးလံပြီး သီးခြား အထီးကျန်သည့် အခြေစိုက်စခန်းနှင့် ပတ်သက်၍ ဗြိတိန်နှင့် ပြုလုပ်ခဲ့သည့် ကြီးမားသော အားထုတ်မှုနှင့် ယုံကြည်စိတ်ချ ရသော အစီအစဉ်ကို ဆက်လက် ထိန်းသိမ်းထားလိုသော ဆန္ဒရှိမည်မှာ သံသယရှိစရာ မလိုပါ။

(Asia Times ပါ Bertil Lintner ၏ Legal storm clouds gather over Diego Garcia ကို ဘာသာပြန်ဆိုသည်။)

Did you find apk for android? You can find new Free Android Games and apps.
Loading