“ကျမတို့ လူမျိုးဆိုရင် လက်နက်ကိုင်တဲ့လူမရှိဘူး။ အများကြီး နိုင်စားတာ ခံနေရတယ်၊ အဲဒါတွေ လုံးဝ မခံချင်ဘူးရှင့်။ အဲဒါကြောင့် ဒီအဖွဲ့ထဲကို တတ်နိုင်တဲ့ဘက်ကနေ တာဝန်ထမ်းဆောင်မယ် ဆိုပြီးတော့ ဝင်လာခဲ့တာရှင့်”
ထိုစကားကို ပြောလိုက်သူကတော့ ရှမ်းနီ အမျိုးသားများ တပ်မတော် (SNA) တွင် ဆေးတပ်သား အဖြစ် တာဝန် ထမ်းဆောင် နေသည့် စစ်သမီးပျို စိန်စိန် ဖြစ်သည်။
စိန်စိန် ဝင်ရောက် အမှုထမ်းနေသည့် ရှမ်းနီ အမျိုးသားများ တပ်မတော် (SNA) သည် ၁၉၈၉ ခုနှစ် ဇူလိုင် ၅ ရက်က ဖွဲ့စည်း ထူထောင်ခဲ့ပြီး အိန္ဒိယ-မြန်မာ နယ်စပ်တွင် လှုပ်ရှားရင် တဖြည်းဖြည်း ကြီးထွားလာသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ဖြစ်သည်။
ထိုအဖွဲ့သည် စစ်ကိုင်းတိုင်းဒေသကြီး အိန္ဒိယ-မြန်မာ နယ်စပ်က နွဲ့အင်ဖာ (ကျောက်ဖြာတောင်) သို့ ၂၀၀၇ ခုနှစ်တွင် သွားရောက် လေ့လာခဲ့ပြီး ၂၀၀၉ ခုနှစ်၌ အခြေစိုက်လှုပ်ရှားခဲ့ရာ ယနေ့တွင် စစ်ကိုင်းတိုင်း ဒေသကြီး အတွင်းရှိ ခန္တီး၊ ဟုမ္မလင်း၊ တမူး နှင့် အိန္ဒိယ-မြန်မာ နယ်စပ်တွင် အခြေစိုက်ထားပြီ ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ကချင်ပြည်နယ်ထဲက မိုးညှင်း၊ မိုးကောင်း၊ ဗန်းမော်၊ ဝိုင်းမော်၊ ဟောင်ပါး၊ ဖားကန့် စသည့် ဒေသများတွင်လည်း လှုပ်ရှားနေပြီး ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် SNA သည် ၈၉၁၊ ၉၇၂၊ ၇၅၃ တပ်မဟာ ၃ ခုကို ဖွဲ့စည်းကာ လူအင်အား ၁၀၀၀ ကျော်ဖြင့် စစ်ကိုင်းတိုင်း ဒေသကြီးနှင့် ကချင် ပြည်နယ်အတွင်းမှာ လှုပ်ရှားနေကြပြီဟု ဆိုသည်။
SNA အစ နွဲ့အင်ဖာက ဟုလည်း ဆိုကြသည်။ ရှမ်းနီစကားအရ နွဲ့ဆိုသည်မှာ တောင်ကို ခေါ်ပြီး အင်ဖာ ဆိုသည်မှာ ကျောက်ဖြာဟု အနက်ဓိပ္ပာယ် ထွက်ရာ ပေါင်းစပ်ပါက ကျောက်ဖြာတောင်ဟုလည်း ခေါ်ဆိုနိုင်ပါသည်။
SNA ကို စဝ်မိန်းလျှန်းနှင့် စဝ်ခွန်အောင်တို့က ဦးဆောင်၍ ရှမ်းနီ များ၏ ဆုံးရှုံးနစ်နာနေသည့် အခွင့်အရေးများ ပြန်လည် ရရှိရေးအတွက် မူ ၅ ချက်ကို ချမှတ်ကာ အကောင်အထည်ဖော် ဆောင်ရွက်နေကြောင်းလည်း သိရသည်။
ထို မူ ၅ ချက်မှာ ရှမ်းနီပြည်နယ် ရရှိရေး၊ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး၊ စစ်မှန်သော ဖက်ဒရယ် ပြည်ထောင်စု ထူထောင် နိုင်ရေး၊ ရှမ်းမျိုးနွယ်စု အားလုံး စည်းလုံး ညီညွတ်ရေး၊ ရှမ်းနီဒေသ ဖွံ့ဖြိုးတိုးတက်ရေးနှင့် သဘာဝ ပတ်ဝန်း ကျင် ထိန်းသိမ်း စောင့်ရှောက်ရေး ဆိုသည့် အချက်များ ဖြစ်သည်ဟု ဆိုသည်။
SNA တပ်မဟာ ၈၉၁ တပ်မဟာမှူး ဒုဗိုလ်မှူးကြီး စိုင်းအောင်မိန်းက“ကျနော်တို့က လူမျိုးတမျိုးပဲ၊ ရှမ်းပြည်ထဲမှာ ကျနော် တို့က မပါပေမယ့် ရှမ်း၊ ရှမ်းနီလူမျိုးဖြစ်တယ်။ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းထဲမှာ ကျနော်တို့ ပါသွားတယ်။ ပါသွားခဲ့တော့ ကျနော်တို့က တစုတစည်းထဲ ပုံစံမျိုး မရှိတော့ဘူး။ ကချင်ကပြောရင် ဗမာ လက်အောက်ခံလို့ ပြော တယ်၊ မြန်မာအစိုးရ တပ်တွေကပြောရင် ကချင်ရဲ့သတင်းပေးတွေလို့ ပြောတယ်။ ကိုယ့် ရှမ်းနီအမျိုးသား သီးသန့် ရှိပါ တယ်။ ကိုယ့်ရှမ်းနီအမျိုးသားထုရဲ့ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေကို ရရှိ အောင် လုပ်ကိုင်ဆောင်ရွက်မယ်ဆိုတဲ့ ရည်ရွယ် ချက် နဲ့ ကျနော်တို့ ဖွဲ့စည်းခဲ့တာပါ”ဟု ပြောသည်။
ရှမ်းနီတိုင်းရင်းသားများသည် ရှေးယခင်ကတည်းက ကိုယ့်မင်း ကိုယ့်ချင်းဖြင့် သီးခြား လွတ်လပ်သော လူမျိုး တမျိုး အဖြစ် နေထိုင်ခဲ့ကြသူများ ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။
မိုးညှင်းစော်ဘွား စဝ်လုံ၊ ဝန်းသိုစော်ဘွား စဝ်အောင်မြတ်တို့သည် အထင်ရှားဆုံး ရှမ်းနီစော်ဘွားများ ဖြစ်ကြပြီး ခမ်းတီးလုံ (ပူတာအို) စော်ဘွား၊ သောင်သွပ် စော်ဘွား၊ ခန္တီး စော်ဘွား တို့ကလည်း ထင်ရှားသည့် သမိုင်းများ ရှိခဲ့ကြ သည်။
၁၈၈၆ ခုနှစ်တွင် ဗြိတိသျှ လက်အောက်သို့ မြန်မာနိုင်ငံ အချုပ်အခြာအာဏာ ကျဆုံးသွားသည့် အခါမှာပင် ဝန်းသို စော်ဘွားကြီး စဝ်အောင်မြတ်သည် အင်္ဂလိပ် လက်အောက်သို့ ရှမ်းနီဒေသများ ကျဆုံးမသွားရန် ပြန်လည် တိုက်ခိုက် ခဲ့ဖူးကြောင်း ရှမ်းနီတို့က ဆိုသည်။ သို့သော် အင်အား မမျှတသည့် အတွက် အင်္ဂလိပ် လက်အောက်သို့ ကျရောက် ခဲ့ကြရသည်။
ထို့နောက် ၁၉၄၈ ခုနှစ် ဇန်နဝါရီ ၄ ရက်နေ့တွင် မြန်မာနိုင်ငံ လွတ်လပ်ရေး ရရှိခဲ့ရာ တခြားသော တိုင်းရင်းသားများ၏ ခွဲထွက်ခွင့် ပေးရေး ပြဌာန်း တောင်းဆိုချက်များကြောင့် ရှမ်းနီ ဒေသများဖြစ်သည့် မြစ်ကြီးနား ခရိုင်၊ မိုးညှင်း ခရိုင်၊ ဗန်းမော် ခရိုင် တို့အား ရှမ်းနီများ၏ သဘောဆန္ဒမပါဘဲ ဆန့်ကျင် ကန့်ကွက် နေသည့်ကြားကပင် ကချင်ပြည်နယ် အတွင်းသို့ ၁၉၄၇ ခုနှစ် ဖွဲ့စည်း အုပ်ချုပ်ပုံ ဥပဒေ ပုဒ်မ ၆ အရ ထည့်သွင်း ပေးလိုက်သည်ဟု မှတ်တမ်းများ အရ သိရ သည်။
အလားတူ ကလေးခရိုင်၊ ခန္တီးခရိုင်၊ မော်လိုက်ခရိုင်၊ ကသာခရိုင်၊ တမူး ခရိုင် တို့ကိုလည်း ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ရေးဆွဲအပြီး စစ်ကိုင်းတိုင်းကို ဖွဲ့စည်းစဉ် ထည့်သွင်း ခံလိုက်ရသည်ဟု ရှမ်းနီတို့က ဆိုသည်။
ထိုသို့ ထည့်သွင်း ပေးလိုက်ခြင်းကြောင့် ၁၉၄၇ ခုနှစ် ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေ ထဲတွင် ချင်း၊ ရှမ်း၊ ကရင်နီ (ကယား) တိုင်းရင်းသားတို့ နည်းတူ ကချင် တိုင်းရင်းသားများ၏ ခွဲထွက်ခွင့်ရှိခြင်း ထည့်သွင်းပေးရန် တောင်းဆိုမှု အဆုံးသတ်သွားကြောင်း သမိုင်း မှတ်တမ်းများတွင် ပါရှိသည်။
တိုင်းရင်းသား ခေါင်းဆောင် တဦး ဖြစ်သည့် ခွန်းမတ်ရ်ကိုဘန် ရေးသားထားသည့် ပင်လုံ စိတ်ဓာတ်မှသည် စစ်မှန် သော ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး ဆီသို့ ဆိုသော စာအုပ်တွင် “ဝန်ကြီးချုပ် ဦးနုက ဆမား ဒူဝါကြီး (ဆမားဒူဝါဆင်ဝါးနောင်)အား ကချင်ပြည်နယ် ဖွဲ့စည်းရာတွင် မြစ်ကြီးနားအပြင် ရှေးယခင်က တောင်းဆိုခဲ့တဲ့ ဗန်းမော် ဒီစတြိတ်ကိုပါ ကချင်ပြည်နယ်တွင် ထည့်သွင်းမယ်၊ ၎င်းအပြင် ကချင်ပြည်နယ် ဥက္ကဋ္ဌ သည် ကချင် လူမျိုး များသာ ဖြစ်ရမည်လို့ အခြေခံ ဥပဒေတွင် ထည့်သွင်းပေးမယ်၊ အပြန်အလှန် အနေဖြင့် ကချင် ခေါင်းဆောင်များ က ခွဲထွက်ရန် အပိုဒ်ကို စွန့်လွှတ်ပါ”ဟု ပြောရာ ဆမားဒူဝါကြီးက လက်ခံ၍ “ကချင်ပြည်နယ် ဥပဒေ ၌ ခွဲထွက်ခြင်း နှင့် ပတ်သက်သော အခြေခံဥပဒေနှင့် မသက်ဆိုင်စေရ”ဟု ထည့်သွင်း ရေးရပါသည်ဟု ဆိုခဲ့ကြောင်း ဖော်ပြထားသည်။
ထိုအပေါ် ရှမ်းနီ တိုင်းရင်းသားများက ကချင်နှင့် ဖဆပလ တို့ကြား အလဲအထပ် လုပ်လိုက်သော နည်းဗျူဟာ တခု ဖြစ်သည်ဟု ယုံကြည်ထားကြသည်။
ဤကဲ့သို့ စစ်ကိုင်းတိုင်း ဒေသကြီးနှင့် ကချင်ပြည်နယ် အတွင်းသို့ ရှမ်းနီ ဒေသများကို အပိုင်းတပိုင်းစီ ခွဲခြား၍ ထည့် သွင်း လိုက်ခြင်းကြောင့် ရှမ်းနီပြည်နယ်သည် မြန်မာနိုင်ငံ မြေပုံပေါ်ကနေ ပျောက်ကွယ် သွားခဲ့ရသည်။
ထို့ကြောင့် ရှမ်းနီ တိုင်းရင်းသားများသည် ရှမ်းနီပြည်နယ် ရရှိရေး ခေတ်အဆက်ဆက် ကြိုးပမ်းလာခဲ့ရာ ယနေ့ အထိ ပင် ဖြစ်သည်။
SNA မှ ရဲဘော် စိုင်းမိဏ်းက“ရှမ်းနီပြည်နယ် ဘာကြောင့် ရချင်လဲဆိုရင် ရှမ်းနီပြည်နယ် ဆိုတာက ကျနော်တို့ ပစ္စည်း အမှန်လို့ ပြောရမှာပေါ့၊ ရှမ်းနီပြည်နယ် အရင်တုန်းကတည်းက ရှိခဲ့တယ်။ အခု နောက်ပိုင်းမှာ ပျောက်ဆုံးပြီးတော့ ဟိုဘက် ကချင်ပြည်နယ် ဆိုရင်လည်း ကိုယ်ပိုင် အုပ်ချုပ်ခွင့်တွေ ရသွားတယ်။ ဒီဘက် စစ်ကိုင်းတိုင်း ဒေသ ကျတော့ လည်း ရှမ်းနီဒေသ ဖြစ်ရဲ့သားနဲ့ ရှမ်းနီဒေသ အဖြစ် မပေးထားဘူးပေါ့။ အဲဒါကြောင့် မလို့ ကျနော်တို့ ကိုယ့်ရဲ့ ပစ္စည်း ကို ကိုယ်ပြန်လိုချင်တယ် ဆိုတဲ့ သဘောမျိုးပါ”ဟု ပြောသည်။
စစ်ကိုင်းတိုင်း ဒေသကြီး ဟုမ္မလင်း မြို့နယ်မှ စိုင်းလူကျန် ကလည်း SNA သည် ရှမ်းနီ တိုင်းရင်းသားများ မျှော်လင့် တောင်းတ နေသည့် ရှမ်းနီပြည်နယ် ရရှိရေးကို ရရှိအောင် လုပ်ဆောင်ပေးနိုင်မည့် အဖွဲ့အစည်းဟု ယုံကြည်ကြောင်း ဆိုသည်။
“ကျနော်တို့ ခေတ်အဆက်ဆက်က ရှိခဲ့တဲ့ ကျနော်တို့ ရှမ်းနီ နယ်မြေတွေကို ရှမ်းနီပြည်နယ် ရရှိဖို့ အတွက်ကို မျှော်လင့် ထားပါတယ်။ SNA က လုပ်ပေးနိုင်မယ်လို့ ယုံကြည်ပါတယ်။ ကိုယ့်ပြည်နယ်ကို သေချာပေါက် ရမယ်လို့ မျှော်လင့်ထား တာ ဖြစ်တဲ့အတွက် လိုအပ်တဲ့ ပံ့ပိုးမှုကို ကျနော်တို့က အချိန်မရွေး ပံ့ပိုးနိုင်ပါတယ်ဗျ။ ကျနော်တို့က မားမား မတ်မတ် ရပ်တည်ပြီး ထောက်ခံပေးနိုင်ပါတယ်”ဟုလည်း ၎င်းက ပြောသည်။
သို့သော် SNA သည် ရှမ်းနီပြည်နယ် ရရှိရေးအတွက် လွယ်ကူသည့် ခရီးလမ်းပေါ်တွင် လျှောက်လှမ်းနေရခြင်း မဟုတ် ဘဲ ခက်ခဲကြမ်းတမ်းသည့် ခရီးကြမ်းတခုကို ကျော်ဖြတ်ရဦးမည် ဖြစ်ပါသည်။
ရှမ်းနီ တိုင်းရင်းသားများ လိုလား တောင်းတနေသည့် ရှမ်းနီပြည်နယ် ဆိုသော အဝန်းအဝိုင်းသည် စစ်ကိုင်းတိုင်း ဒေသကြီးတွင် ပါဝင်နေသည့် မော်လိုက်ခရိုင်၊ ကလေးခရိုင်၊ ခန္တီးခရိုင်၊ ကသာခရိုင်၊ တမူးခရိုင်နှင့် ကချင်ပြည်နယ် အတွင်း ပါဝင်နေသော ဗန်းမော်ခရိုင်၊ မြစ်ကြီးနားခရိုင်၊ မိုးညှင်းခရိုင်၊ မိုးကောင်း ဒေသတို့ ဖြစ်ကြောင်း သိရသည်။
ဤသို့ဆိုလျှင် ရှမ်းနီပြည်နယ်ရရှိရေး တည်ဆောက်ရာတွင် SNA အနေဖြင့် ကချင်ပြည်နယ် အတွင်းရှိ ကချင် ပြည်နယ် အစိုးရ၊ တပ်မတော်၊ လွှတ်တော် အပါအဝင် ကချင် လွတ်လပ်ရေး တပ်မတော် (KIA) နှင့် ကချင် မျိုးနွယ်စု တိုင်းရင်း သား များ၊ တခြားသော တိုင်းရင်းသားများဖြင့် စေ့စပ်ညှိနှိုင်းရန် လိုအပ်သလို ထောက်ခံမှု ရရှိရန်လည်း လိုအပ်သည်။
ထို့ကြောင့် SNA အနေဖြင့် သက်ဆိုင်ရာ ဒေသမှ အဖွဲ့အစည်း၊ လူမျိုးစု ခေါင်းဆောင်များနှင့် စေ့စပ်ညှိနှိုင်းရန် လိုအပ် ရာတွင် လွယ်ကူချောမွေ့သည့် စေ့စပ်ညှိနှိုင်းမှုများတော့ ဖြစ်လာနိုင်မည်ဟု မထင်ကြောင်း နိုင်ငံရေး လေ့လာ သုံးသပ် သူ တချို့က ဆိုသည်။
တိုင်းရင်းသား အရေး သုတေသီ ဦးမောင်မောင်စိုးက“ပြည်နယ် လိုချင်တယ်ဆိုတဲ့ ပြဿနာကတော့ ဒါကတော့ သူတို့ တောင်းဆိုချက်ပေါ့ဗျာ၊ သူတို့လို ချင်တယ်ဆိုတဲ့ ပြည်နယ်က ကျနော် သိသလောက်တော့ စစ်ကိုင်းတိုင်းနဲ့ ကချင် ပြည်နယ် ထဲမှာ ပါတဲ့ ဒေသပေါ့။ ဒီလို ကိစ္စမျိုးကျတော့ ကျန်တဲ့ တိုင်းရင်းသားတွေရဲ့ သဘောထားလည်း ပါဝင်ဖို့ လို တာပေါ့။ ပြီးတော့ ပြည်ထောင်စု အစိုးရရော ဆွေးနွေး တိုင်ပင်ပြီး ဆုံးဖြတ်မှ ရမယ့်ကိစ္စ ဖြစ်နေတယ်။ ရသင့်တယ် မရသင့်ဘူး ဆိုတာကတော့ ကိုယ့်လူမျိုး တမျိုးချင်း အလိုက် ပြောတာဆိုတာ ရှိမှာပေါ့။ ဒါကတော့ သူတို့ရဲ့ Rights ပေါ့၊ တောင်းဆိုချက်ပေါ့၊ တကယ် ဖြစ်နိုင် မဖြစ်နိုင်ကတော့ လက်တွေ့ အခြေအနေနဲ့ မူတည်ပြီး ဆိုင်တာပေါ့”ဟု ပြော သည်။
SNA အနေဖြင့် ခရီးကြမ်း ရှည်ကြီးတခုကို ကျော်ဖြတ်ရမည်ဖြစ်ရာ မည်သည့် ပုံစံဖြင့် စေ့စပ်ညှိနှိုင်းမှု ပြုလုပ်ပြီး ရှမ်းနီ ပြည်နယ် ရရှိရေးကို အကောင်အထည် ဖော်မလဲ ဆိုသည့်အပေါ် စိတ်ဝင်စားလျက် ရှိနေကြသည်။
ရှမ်းနီ တိုင်းရင်းသားများနှင့် SNA ကတော့ မိမိတို့သည် ပြည်နယ် တပြည်နယ် သတ်မှတ်ရာတွင် လိုအပ်သည့် အချက် ၇ ချက်ဖြင့် ပြည့်စုံပြီးသား ဖြစ်သကဲ့သို့ စစ်ကိုင်းတိုင်း ဒေသကြီးနှင့် ကချင်ပြည်နယ် အတွင်းမှာ ရောက် ရှိနေသည့် ရှမ်းနီ ဒေသများသည် နယ်မြေ တစပ်တည်း ဖြစ်နေကြောင်း၊ ရှမ်းနီ ပြည်နယ်သည် ယခင်ကတည်းက တည်ရှိသည့် အတွက် မိမိတို့ ပစ္စည်းအမှန်ကို မိမိတို့ ပြန်လည် တောင်းဆိုခြင်း ဖြစ်ကြောင်း ဆိုသည်။
တိုင်းရင်းသား လူမျိုးစုများကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၊ ပြည်နယ် အဖြစ် သတ်မှတ် ရာ တွင် ဂုဏ်အင်္ဂါရပ် ၇ ရပ်ဖြင့် ပြည့်စုံရန် လိုအပ်ကြောင်း ဖ.ဆ.ပ.လ ပဏာမ ညီလာခံတွင် ချမှတ် ထားသည်ဟု ဦးခွန်မောင်တုတ် ရေးသားသည့် ပအို့ဝ် အမျိုးသားခေါင်းဆောင် ဦးအောင်ခမ်းထီ၏ နိုင်ငံရေးခရီးတွင် ဖော်ပြထားသည်။
ထို ဂုဏ်အင်္ဂါရပ် ၇ ရပ်မှာ (၁) ပထဝီ အနေအထားအရ နယ်နိမိတ် အထင်အရှားရှိခြင်း၊ (၂) ဗမာစကားနှင့် မတူသော ဘာသာစကား တမျိုးတည်း ရှိခြင်း၊ (၃) ယဉ်ကျေးမှု တမျိုးတည်း ရှိခြင်း၊ (၄) ရာဇဝင် အစဉ်အလာအရ တမျိုးတည်း သော လူစုရှိခြင်း၊ (၅) စီးပွားရေး ဆိုင်ရာ အကျိုးကျေးဇူး နှင့် စီးပွားရေး လုံလောက်မှုရှိသော လူစု ရှိခြင်း၊ (၆) လူဦး ရေ အတော်အတန် ရှိခြင်းနှင့် (၇) ပြည်ထောင်စု ဒေသ အဖွဲ့ဝင် တခုအဖြစ်ဖြင့် မိမိကိုယ်ပိုင် ထင်ရှားချက်အတိုင်း နေထိုင် လိုသော ဆန္ဒရှိခြင်း စသည့် အချက်များဖြင့် ပြည့်စုံလျှင် ပြည်ထောင်စု ပြည်နယ် အဆင့်အတန်းကို ဖြစ်စေ၊ ပြည်နယ် ကိုယ်ပိုင်အုပ်ချုပ်ခွင့် အဆင့်အတန်းကို ဖြစ်စေ၊ လူမျိုးစု ပြည်နယ်အဆင့် အတန်းကို ဖြစ်စေ ရရှိစေရမည်ဟု ချမှတ်ခဲ့ကြောင်း ထိုစာအုပ်တွင် ဖော်ပြထားသည်။
SNA မှ ဗဟိုကော်မတီဝင် ဒုဗိုလ်မှူးကြီး စိုင်းအောင်မိန်းက“ကျနော်တို့ ပြောချင်တာက အမျိုးသားရေး၊ အမျိုး သားရေး ကိုပဲ အဓိကထားပြီး ပြောမယ်၊
ကချင်ပြည်နယ်မှာပဲ ရှိနေပါစေ၊ စစ်ကိုင်းတိုင်းမှာပဲ ရှိပါစေ၊ ရှမ်းနီဆိုတဲ့ အမျိုးသားရေး ကို ကိုင်ဆွဲပြီးမှပဲ ကျနော်တို့ ညီညွတ်ရေးကို တည်ဆောက်မှာ။ အဲဒါအပြင် တခြားဒေသက ရှမ်းတွေကိုလည်းပဲ ကျနော် တို့နဲ့ ညီညွတ်ရေးရအောင် တည်ဆောက်သွားမယ်။ စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ် ဆိုရင် နယ်မြေ တဆက် တစပ်တည်း ဖြစ်တယ်။ ကျနော်တို့ ရှမ်းနီတွေက ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဆိုတဲ့ အဆင့်ထက်ကို ကျော်တယ်။ ဒါကြောင့် ပြည်နယ်ရရှိရေးကို ကျနော်တို့ တောင်းဆိုတာ ဖြစ်တယ်”ဟု ပြောသည်။
လက်ရှိတွင် SNA သည် ၎င်းတို့ ကျော်ဖြတ်ရမည့် ခရီးကြမ်းအတွက် ရှမ်းနီ တိုင်းရင်းသားများကို စည်းရုံး နေရ သကဲ့ သို့ မဟာမိတ် အဖွဲ့အစည်း များကိုလည်း လိုက်လံ ရှာဖွေနေရကြောင်း သိရသည်။
တဖက်ရှိ ရှမ်းနီ တိုင်းရင်းသား အရေး ကို ဆောင်ရွက်နေသည့် ရှမ်းနီပါတီ များကလည်း ညီညွတ်မှုမရှိဘဲ ပါတီကွဲများ ဖြစ်နေခြင်း ကလည်း SNA အတွက် ခေါင်းခဲစရာ တခု ဖြစ်နေပြန်သေးသည်။
ရှမ်းနီ ပါတီများ ဖြစ်သော တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုး တိုးတက်ရေး ပါတီ (TNDP) နှင့် ရှမ်းနီ (တိုင်းလိုင်) အမျိုးသားများ ပါတီ (SNP) တို့ ပေါင်းစည်းရန်လည်း ကြိုးပမ်းရန် လိုအပ်နေသည်။
TNDP ပါတီ ဥက္ကဌ ဦးစိုင်းဌေးအောင်က “ဒီ ဗမာ အင်ပါယာကြီးကို ကျနော်တို့ ခဏခဏ သိမ်းပိုက်ပြီးမှ အုပ်ချုပ်တာ ကျနော်တို့ ရှမ်းနီတွေပါ။
ပထမ ရှမ်း ခေတ်၊ ဒုတိယ ရှမ်းခေတ်ကို တည်ထောင်ခဲ့တာ ကျနော်တို့ ရှမ်းနီတွေပါ။ ဒုတိယ ရှမ်းခေတ် ကုန်သွားပြီး နောက်ပိုင်းမှာမှ ကျနော် တို့ ရှမ်းနီတွေဟာ တဖြည်းဖြည်းနဲ့ ဖိနှိပ်ခြင်းကို ခံခဲ့ရတာပေါ့။ စုစည်းမှု အားနည်းလာခဲ့တယ်။ နောက် အင်္ဂလိပ် လက်အောက် ရောက်တယ်။ ဝန်းသိုစော်ဘွား ဦးအောင်မြတ်က အင်္ဂလိပ်ကို တော်လှန်တယ်။ အဲဒီအခါကျတော့ အင်္ဂလိပ်က ကျနော်တို့ကို ဖိနှိပ်ပြန်တယ်။ လွတ်လပ်ရေး ရပြီးတဲ့ အခါမှာလည်း ကျနော်တို့ လူမျိုးက စစ်ကိုင်းတိုင်းထဲမှာ တပိုင်း၊ ကချင်ပြည်နယ်က တပိုင်း ကျနော်တို့ နယ်မြေကို ၂ ပိုင်း ခွဲပြီးတော့မှ ဖြစ်သွားပါတယ်။ ရှမ်းနီတွေဟာ နယ်မြေ ခွဲခြား အုပ်ချုပ်ခြင်းခံရတဲ့ အခါကျတော့ စိတ်လေးတွေ ဝေးသွားကြတာပေါ့။ ခံစားချက်လည်း ကွာသွားကြပါတယ်”ဟု ၂၀၁၈ ခုနှစ် ဇူလိုင်လ အတွင်းက ဧရာဝတီကို ပြောဆိုထားသည်။
ထို့ပြင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကို တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (NCA) လက်မှတ် ရေးထိုးရန် အစိုးရနှင့် တပ်မတော်က ကြိုးပမ်းနေသည့်တိုင် SNA ကို ကမ်းလှမ်းခြင်း မရှိဘဲ ဥပက္ခာပြုထား သည့် အတွက် SNA အနေဖြင့် ရှမ်းနီ တိုင်းရင်းသားများ၏ နစ်နာမှုများကို တင်ပြ တောင်းဆိုခွင့် မရဘဲ ဖြစ်နေသည်။
တခြားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကလည်း အားလုံးပါဝင်ရေး အစိုးရ နှင့် တပ်မတော်ဘက်က လမ်းဖွင့် ပေးသင့်သည်ဟု တိုက်တွန်း တောင်းဆိုနေသည့်တိုင် SNA ကို ပါဝင်ခွင့်ပေးရန် တိုက်တွန်းမှုကိုမူ နှုတ်ပိတ် နေကြသလို တစုံတရာ ဖွင့်ဟပြောဆိုမှုပင် မရှိကြသည်ကို တွေ့ရှိရသည်။
SNA အနေဖြင့် NCA တွင် ပါဝင် လက်မှတ်ရေးထိုးခွင့် မရသကဲ့သို့ ပါဝင်ရန် ကမ်းလှမ်းခြင်း မခံရသည့် အတွက် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ – ၂၁ ရာစု ပင်လုံ (အစည်းအဝေး) တွင် ရှမ်းနီ တိုင်းရင်းသားများ၏ နစ်နာ ဆုံးရှုံးမှု များကို တင်ပြ တောင်းဆိုခွင့် ထိထိရောက်ရောက် မလုပ်နိုင်ဘဲ ဖြစ်နေခြင်းကြောင့် ရှမ်းနီ ပြည်နယ်ရရှိရေး ရှမ်းနီ တိုင်းရင်းသားများ၏ အိမ်မက်ကို အသက်သွင်းပေးရာတွင် အားနည်းမှု ဖြစ်နေသည်။
ထို့ပြင် ရှမ်းနီတိုင်းရင်းသားများသည် မူးယစ်ဆေးဝါး နွံထဲသို့ နစ်မွန်းနေသူများ များပြားသည့်အတွက် SNA အနေဖြင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးကိုလည်း ထိထိရောက်ရောက် လုပ်ဆောင်ရန် လိုအပ်နေသေးသည်။
SNA သည် ပထမဆုံးအနေဖြင့် NCA တွင် ပါဝင်လာနိုင်ရေး ကြိုးပမ်းရန်၊ ထိုမှတဆင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာ ခံသို့ တက်ရောက်၍ ရှမ်းနီ တိုင်းရင်းသားများ၏ သဘောထား ဆန္ဒများ တင်ပြနိုင်ရေး ကြိုးပမ်းရန်၊ မူးယစ် ဆေးဝါး တိုက်ဖျက်ရန်၊ ရှမ်းနီပါတီများ တပါတီတည်း ဖြစ်ရေး ကြိုးပမ်းရန်၊ လွှတ်တော်တွင်း၌ လွှတ်တော်အမတ်များ ရှိလာရေး ကြိုးပမ်းရန်၊ ရှမ်းနီ တိုင်းရင်းသားများ နိုင်ငံရေး အသိ ဖွံ့ဖြိုး တိုးတက်လာရန်၊ ရှမ်းနီ ဒေသတွင်းရှိ သဘာဝ ပတ်ဝန်းကျင်များ ပျက်စီးနေခြင်းကို တားဆီးနိုင်ရန် စသည်တို့ လိုအပ်ကြောင်း ရှမ်းနီအရေး တက်ကြွ လှုပ်ရှားသူများ က ဆိုသည်။
SNA မှ ဒုဗိုလ်မှူးကြီး စိုင်းအောင်မိန်းက“NCA ဘောင်ထဲကို ဝင်သွားဖို့အတွက် ကျနော်တို့ အနေနဲ့ ကြိုးစားနေ ပါ တယ်။ NCA ဘောင်ထဲ ဝင်သွားမှ ရှမ်းနီ အမျိုးသားရေးကို ပိုမို ဆောင်ရွက်နိုင်မယ်။ NCA ကို လက်မှတ် ရေးထိုးဖို့ကို လည်း ကျနော်တို့အနေနဲ့ မျှော်လင့်တယ်။ ကျနော်တို့ SNA အနေနဲ့ ပါကိုပါရမယ်။ မပါလို့မရဘူး ဘာကြောင့်လဲဆိုလို့ ရှိရင် ကျနော်တို့ ရှမ်းနီပြည်နယ်အဆင့် မရောက်သေးရင် လက်ရှိ ရှမ်းနီတွေနေထားတဲ့ ဒေသက ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်း။ ဒီဒေသကြီး တခုလုံး မငြိမ်ချမ်းဘဲနဲ့ မြန်မာပြည် ငြိမ်းချမ်းမလား၊ ဒီတော့ ကျနော်တို့က ပါသင့်တယ်”ဟု ပြောဆိုသည်။
တိုင်းရင်းသားအရေး သုတေသီ ဦးမောင်မောင်စိုးကမူ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ပေါ်ပေါက်လာလျှင် အစိုးရ နှင့် တပ်မတော်ဘက်က လွယ်လင့်တကူ အသိအမှတ်ပြုလေ့ မရှိကြောင်း၊ ယခုလို အဖွဲ့မျိုး ပေါ်လာပါက စောစော စီးစီး မီးငြှိမ်းသင့်ကြောင်း၊ NCA ထိုးသည့် ပုံစံမဟုတ်ရင်တောင် ဆွေးနွေးပွဲ အဖြေရှာသင့်ကြောင်း၊ မည်သည့် ပုံစံဖြင့် ဆွေးနွေးမလဲဆိုသည်ကို မြန်မြန်ဖြေရှင်း သင့်ကြောင်း၊ သို့မဟုတ်ပါက အပ်နှင့်ထွင်းရမည့် ကိစ္စ ပုဆိန်နှင့် ထွင်း ရမည့် အခြေအနေသို့ ဖြစ်သွားနိုင်ကြောင်း ပြောသည်။
“တကယ်လို့ ဒီဟာကို ဆက်ထားလို့ သူ့ဟာနဲ့သူ အင်အားက ချည့်နဲ့သွားတယ်၊ လျော့ကျသွားတယ် ဆိုရင် ပြဿနာ မရှိဘူး၊ ဒါပေမယ့် AA လိုပဲ စစချင်းဖွဲ့တုန်းက လူ ၃၀-၄၀ လောက်နဲ့ နောက်ပိုင်း ၅၀၀၀-၁၀၀၀၀ လောက်ကျမှ ဖြေရှင်း မယ် ဆိုရင် ကျနော်တို့က ဘာဖြစ်သွားမလဲဆိုရင် အပ်နဲ့ထွင်းရမယ့်ကိစ္စကို ပုဆိန်နဲ့ ထွင်းရမလိုဖြစ်သွား လိမ့်မယ်။ ဒါက ဖြေရှင်းဖို့လိုအပ်တဲ့ နိုင်ငံရေးအရ စောစောစီးစီး ဖြေရှင်းဖို့လိုအပ်တဲ့ ပြဿနာ တရပ်အဖြစ် မြင်ပြီး ဖြေရှင်း တယ် ဆိုရင်တော့ ကျနော်တို့က မီးမလောင်ခင် တားနိုင်လိမ့်မယ်လို့ မြင်ပါတယ်”ဟုလည်း ဦးမောင်မောင်စိုးက ပြောဆို ပါသည်။ ။