အာရှ၏ ၂၀၁၉ ရွေးကောက်ပွဲ ရာသီ စတင်ခဲ့ပြီ ဖြစ်သည်။ ၂ လအတွင်း အာရှတိုက်သား ၁.၂ ဘီလီယံတို့ မဲရုံဆီသို့ ဦးတည်ကြတော့မည်။ ထိုင်းနိုင်ငံ (မဲဆန္ဒရှင် ၅၂ သန်း) က မတ်လ ၂၄ ရက်နေ့တွင် စတင်၍ ထို့နောက်တွင် အိန္ဒိယ (မဲဆန္ဒရှင် သန်း ၉၀၀)၊ အင်ဒိုနီးရှား (မဲဆန္ဒရှင် ၁၉၃ သန်း) နှင့် ဖိလစ်ပိုင် (မဲဆန္ဒရှင် ၆၄သန်း) တို့လိုက်လာကြမည် ဖြစ်သည်။
မဲပေးမည့်သူ အလွန်များပါသည်။ သို့သော်လည်း ထုံးစံအတိုင်းပင် ဒေသအပြင်ဖက်မှ လူအနည်းငယ် (အထူးသဖြင့် ဥရောပတိုက်သားများနှင့် အမေရိကန်များ) ကသာ အာရုံစိုက်ကြမည့် အသွင်ရှိပါသည်။ ထိုသို့ဖြစ်ခြင်းက သူတို့ အတွက် နစ်နာပါသည်။ အရှေ့ဘက်တွင် ဖြစ်ပျက်သည်များက အနောက်တိုင်းတွင်လည်း ဆက်လက်၍ သက်ရောက် မှု ဖြစ်တတ်ပါသည်။ ဖိလစ်ပိုင်နိုင်ငံသည် ရွေးကောက်ပွဲငလျင်၏ ဗဟိုချက်ဖြစ်ခဲ့ပြီး နောက်ပိုင်းတွင် ဗြိတိန်နှင့် အမေရိကန် တလွှားသို့ (အဆိုပါ ငလျင်လှိုင်းများက) ဆက်လက် စီးဆင်းသွားခဲ့သည်။
၂၀၁၆ ခုနှစ် မေလတွင် မြို့ငယ်လေးတခု၏ မြို့တော်ဝန် ရိုဒရီဂို ဒူတာတေး Rodrigo Duterte က သမ္မတရွေးကောက်ပွဲတွင် အနိုင်ရရှိခြင်းအားဖြင့် ကမ္ဘာကို အံ့အားသင့်စေခဲ့သည်။ မာကျောခက်ထန်သည့် အပြောအဆိုနှင့် အွန်လိုင်းမှ လုပ်ကြံသတင်းများ အဆိပ်ပြင်းပြင်း ပေါင်းစပ်ခြင်းအားဖြင့် အာဏာရရှိလာခဲ့သော၊ အများယုံကြည်လက်ခံသော ထုံးစံများကို ခပ်ကြမ်းကြမ်း ပုတ်ခတ်ဝေဖန်ပြောဆိုတတ်သော ဒူတာတေးက ဖိလစ်ပိုင်နိုင်ငံသားတိုင်း၏ စိတ်ကူး မျှော်လင့်ချက်များကို သိမ်းပိုက်ရန် မည်သည့်နေရာမှန်း မသိသည့်နေရာမှ ပေါ်ထွက်လာခဲ့သည်။
နောက် တလကြာသည့်အခါ ဗြိတိန် မဲဆန္ဒရှင်များက ဥရောပသမဂ္ဂ(EU) မှ ထွက်ခွာရန် မမျှော်လင့်ဘဲ ထောက်ခံခဲ့ကြ ခြင်းအားဖြင့် မြို့ပြမှ နိုင်ငံရေး ခန့်မှန်းတွက်ချက်ဟောကိန်းထုတ်သူများနှင့် လူထုသဘောထား ကောက်ခံသူများကို အကျဉ်းအကျပ်ထဲသို့ တွန်းပို့ခဲ့ကြသည်။ ထို့နောက် နိုဝင်ဘာလတွင် ကျနော်တို့ အားလုံး သိကြပြီး ဖြစ်သည့်အတိုင်း နောက်ပိုင်းတွင် ရုပ်သံစတားတဦး ဖြစ်လာခဲ့သော နယူးယောက်မြို့မှ သံသယဖြစ်ဖွယ်ရာ အိမ်ခြံမြေလုပ်ငန်းရှင် တဦးဖြစ်သလို လူဖြူကြီးစိုးရေးဝါဒ ထောက်ခံသည့် အသွင်အပြင်နှင့် အနားကွပ်ထားသည့် ဒေါ်နယ်ထရမ့်က လူများစုမဲကို ဆုံးရှုံးခဲ့သည့်တိုင် အိမ်ဖြူတော်သို့ ရောက်လာခဲ့သည်။
ပထဝီနိုင်ငံရေးနှင့် စတင်ကြပါစို့။
အဆိုပါ ရွေးကောက်ပွဲများကို တရုတ်နိုင်ငံက အလွန်နီးကပ်စွာ စောင့်ကြည့်နေပါလိမ့်မည်။ ပြီးခဲ့သည့် နှစ်က မလေးရှား နိုင်ငံတွင် မမျှော်လင့်ဘဲ ဒေါက်တာ မဟာသီယာ မိုဟာမက် အနိုင်ရရှိခဲ့ခြင်းနှင့် အတူ အဓိကကျသော သံတမန်ရေး ဆုံးရှုံးမှုတခု ကြုံတွေ့ခဲ့ရခြင်းနှင့် အတူ တရုတ်နိုင်ငံက အလားတူ အဖြစ်မျိုးကို ထပ်မံ မြင်တွေ့ချင်လိမ့်မည် မဟုတ်ပါ။
ယခင်သမ္မတ ဘီနစ်နို အကွီနို Benigno Aquino ၏ တရုတ်ဆန့်ကျင်ရေး သဘောထားနှင့် ဆန့်ကျင်ဘက်ဖြစ်သော ဒူတာတေး လက်အောက်မှ ဖိလစ်ပိုင်နိုင်ငံက တရုတ်လိုလားသည့်နိုင်ငံတခု ထင်ထင်ရှားရှား ဖြစ်နေခဲ့၏။ ဖိလစ်ပိုင်နိုင်ငံမှ သက်တမ်းဝက်ရွေးကောက်ပွဲများက ဒူတာတေး၏ လူကြိုက်များမှုနှင့် မူဝါဒများအတွက် အရေးပါသော စမ်းသပ်ချက်တခု ဖြစ်လာပါလိမ့်မည်။
အကယ်၍ သူ၏ အထက်လွှတ်တော်ကိုယ်စားလှယ်လောင်းများ ရွေးချယ်ခြင်းခံခဲ့ရလျှင် ဒူတာတေးက တရုတ် နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုများမှ စီးပွားရေး အကျိုးအမြတ်အနည်းငယ်ကို ရယူရင်း တောင်တရုတ်ပင်လယ်တွင် တရုတ်စစ် ရေးတိုးချဲ့မှုကို ဆက်လက် ဥပေက္ခာပြုသွားလိမ့်မည် ဖြစ်သည်။
ထိုင်းနိုင်ငံက တရုတ်နိုင်ငံကို ခြိမ်းခြောက်မှုဟု မည်သည့် အချိန်တွင်မျှ မမြင်ခဲ့ပါ။ သို့သော်လည်း လက်ရှိဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာရွတ် ချန်အိုချာ Prayuth Chan-o-Cha က (အခြားသော အာရှ စစ်ဗိုလ်ချုပ်ကြီး အများစုကဲ့သို့ပင်) တရုတ် လိုလားသူ ဖြစ်သည်။ အကယ်၍ ဒီမိုကရေစီနည်းကျ ရွေးကောက်ခံရသော ထိုင်းခေါင်းဆောင် တက်လာလျှင်မူ ပိုမို၍ ခြားနားကွဲပြားသော အမြင်များရှိနေနိုင်ပါသည်။ မည်သို့ပင်ဆိုစေကာမူ တရုတ်ခရီးသည်များက ကမ္ဘာ့လှည့် ခရီးသည်များ အကြီးအကျယ် ဝင်ရောက်လာမှုတွင် အဓိက အားဖြည့်ပေးနေကြသည်။ ဗိုလ်ချုပ်ကြီးသာ ဝန်ကြီးချုပ် ပြန်ဖြစ်လျှင် ဆက်ဆံရေးများကို ပြန်လည်ပြင်ဆင်ရန် စက်ဆုပ်လိမ့်မည် ဖြစ်သည်။
(၂ နိုင်ငံလုံးက G20 အဖွဲ့ဝင်များ ဖြစ်သည့်) အိန္ဒိယနှင့် အင်ဒိုနီးရှားတို့က တရုတ်အစိုးရ၏ ပထဝီနိုင်ငံရေး ရည်မှန်းချက်များအပေါ် စိုးရိမ်နေကြသော်လည်း တရုတ်နိုင်ငံမှ ပိုက်ဆံအတွက် အလွန်စိတ်အားထက်သန်နေကြ သည်။ အထူးသဖြင့် ကုန်ကျစရိတ်ကြီးသော ကုန်ပစ္စည်းထုတ်လုပ်ရေးနှင့် အခြေခံ အဆောက်အဦး ဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများအတွက် ဖြစ်သည်။ ဂျိုကိုဝီဒိုဒို Joko Widodo သို့မဟုတ် နေရိန်ဒြာ မိုဒီ Narendra Modi ရွေးကောက်ပွဲတွင် ရှုံးနိမ့်ခြင်း သို့မဟုတ် အင်အား နည်းပါးသွားခြင်းက မူဝါဒများကို အပြောင်းအလဲ ဖြစ်စေနိုင်ပါသည်။
သို့သော်လည်း BJP ပါတီမှ သူ၏ လုပ်ဖော်ကိုင်ဖက်များက နိုင်ငံ၏ အစောင့်အဖြစ် အမည်ပေးထားသည့် နေရိန်ဒြာ မိုဒီမှာ လတ်တလောတွင် (အကြမ်းဖက်အဖွဲ့အဖြစ် ကုလသမဂ္ဂက သတ်မှတ်ထားသော) Jaish-e-Muhammad အဖွဲ့၏ ပါကစ္စတန် အခြေစိုက် ခေါင်းဆောင် အက်ဇာမာဆွတ် Azhar Masood ကို အရေးယူပိတ်ဆို့ရန် တရုတ်နိုင်ငံက ငြင်းဆန်ခဲ့ခြင်းနှင့် ၎င်းက ပြီးခဲ့သည့် လက အိန္ဒိယ တပ်သား ၄၀ သေဆုံးခဲ့ရသည့် ပူလ်ဝါမာ ဗုံးခွဲမှုတွင် နောက်ကွယ်မှ ကြိုးကိုင်စီစဉ်ခဲ့သည်ဟု ယူဆခြင်းတို့ကြောင့် ဆိုးဆိုးရွားရွား ဒေါသထွက် အရှက်ရနေခဲ့သည်။
နိုင်ငံရေး အပြောင်းအလဲများက ဟွာဝေး Huawei က စီစဉ်ထားသည့် 5G စနစ်ကို ကမ္ဘာသို့ ထုတ်ပြရေး၌ ပြဿနာ ဖြစ်စေနိုင်ကြောင်းလည်း တွေ့ရှိခဲ့ရသည်။ တရုတ်၏ ရည်ရွယ်ချက်များအပေါ် အိန္ဒိယ၏ မယုံကြည်မှု (သူတို့က နယ်စပ် နယ်မြေတခုအတွက် အပြင်းအထန် အငြင်းပွားနေသည်) က Qualcomm (အမေရိကန် အခြေစိုက် ဆက်သွယ်ရေး နည်းပညာကုမ္ပဏီ) ၏ ပို၍ ဈေးကြီးသော ကမ်းလှမ်းမှုကို ကောင်းကောင်း အရှိန်မြှင့်ပေးနိုင်ပါသည်။ အကြီးဆုံးနှင့် အလျှင်မြန်ဆုံး ဖွံ့ဖြိုးနေသည့် ဆက်သွယ်ရေးဈေးကွက်တခုမှ ပိတ်ပင်ခံထားရခြင်းက ခါးသီးသော ထိုးနှက်မှုတခု ဖြစ်ပါလိမ့်မည်။ အာဆီယံ အစိုးရများက စိုးရိမ်မှုနည်းသည့် အသွင်ရှိသော်လည်း နိုင်ငံရေးနှင့် အမေရိကန်၏ လော်ဘီလုပ်မှုများက ဟွာဝေး၏ အစီအစဉ်ကို ပျက်စီးစေနိုင်ပါသည်။
စီးပွားရေးနှင့် ပတ်သက်၍ ဆက်ကြည့်မည်ဆိုလျှင် ၄ နိုင်ငံ (ထိုင်း၊ ဖိလစ်ပိုင်၊ အိန္ဒိယနှင့် အင်ဒိုနီးရှား) တို့က ဥရောပ ပို့ကုန်လုပ်ငန်းရှင်များ စိတ်လှုပ်ရှားအောင် ပြုလုပ်နိုင်မည့် တိုးတက်မှုအဆင့်အတန်းများ( တနှစ်လျှင် GDP တိုးနှုန်း ၄ ရာခိုင်နှုန်း အထက်) တွင် ရှိနေကြသည်။ တချိန်တည်းမှာပင် ဈေးကွက်လိုချင်သည့် ရေနံတင်သွင်းသူများ အနေဖြင့်ဆိုပါက ၄ နိုင်ငံလုံးက အရှေ့အလယ်ပိုင်းမှ ထုတ်လုပ်သူများ၏ မြင်ကွင်းထဲတွင် အခိုင်အမာ ရှိနေကြသည်။ ဈေးကွက်ရရှိမှု သေချာစေရေးနှင့် ထိန်းသိမ်းထားရေးတို့အတွက် ဆော်ဒီအာရေးဗီးယားက ပြင်းပြင်းထန်ထန် ကြိုးစားနေသည်။
အင်ဒိုနီးရှား လေကြောင်း အာဏာပိုင်များက သူတို့၏ ဘိုးအင်း 737 Max 8 လေယာဉ်များကို ပျံသန်းခြင်းမှ တားမြစ် ခြင်းအားဖြင့် ကမ္ဘာသို့ပျံ့သွားသည့် လှိုင်းတခုကို မည်သို့ စတင်ခဲ့သည် ဆိုသည်ကလည်း မေ့မထားသင့်သော ကိစ္စ ဖြစ်ပါသည်။
စိတ်ဝင်စားစရာကောင်းသည်မှာ အမေရိကန်တာဝန်ရှိသူများသည်လည်း ထိုလမ်းကြောင်းသို့ လိုက်ရန် ဖြစ်လာခဲ့ ရသည်။ အမေရိကန် ကော်ပိုရေးရှင်းများနှင့် အဖွဲ့အစည်းများအပေါ် မယုံကြည်မှုများ တိုးလာနေခြင်းကို ပေါ်ထွက်စေ ခဲ့သည်။ အာရှနိုင်ငံကြီးများက Google၊ Facebook၊ Amazon နှင့် Netflix တို့၏ သြဇာလွှမ်းမိုးမှု နှင့် အမြတ်အစွန်းကို ကန့်သတ်ခြင်းနှင့် ဖြေရှင်းခြင်းများ ပြုလုပ်နိုင်သဖြင့် အဆိုပါ လမ်းကြောင်းကို ထပ်တူပုံစံအတိုင်း ကောင်းကောင်းပြု လုပ်နိုင်ပါလိမ့်မည်။
စီးပွားရေး အရဆိုလျှင် အိန္ဒိယက ဆုလာဘ်ဖြစ်သည်။ (ဝယ်ယူနိုင်မှု စွမ်းအားအရ) ကမ္ဘာတတိယ အကြီးဆုံး စီးပွားရေးတခု ဖြစ်ခြင်း၊ တိုးတက်မှုနှုန်းက ၆ ရာခိုင်နှုန်းမှ ၇ ရာခိုင်နှုန်းအတွင်း ရှိခြင်းနှင့် ရည်မှန်းချက်ကြီးသော ဝန်ကြီးချုပ်တယောက် ရှိနေခြင်းတို့ကြောင့် အိန္ဒိ်ယ တိုက်ငယ်သည် ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်မှုတွင် အာရှ၏ ဒုတိယ မြောက် အင်ဂျင်တလုံးနှင့် တရုတ်နိုင်ငံကို တန်ပြန်ချိန်ညှိနိုင်သူ ဖြစ်လာလိမ့်မည်ဟု အများက မျှော်လင့်နေကြသည်။ လက်ရှိ အချိန်တွင် အိန္ဒိယက အင်ဒိုနီးရှားနိုင်ငံမှ ဆီအုန်းနှင့် ကျောက်မီးသွေး ၂ မျိုးလုံးကို အများဆုံး ဝယ်ယူသူနေ ရာကို တရုတ်နိုင်ငံထံမှ အစားထိုးရယူလိုက်ပြီ ဖြစ်သည်။
နိုင်ငံရေး ဘက်သို့ ပြန်သွားကြပါစို့။
အဆိုပါ ရွေးကောက်ပွဲ ရလဒ်များက ကမ္ဘာ့လမ်းကြောင်းများကို ညွှန်ပြနိုင်ပါသလား။ ဖိလစ်ပိုင်နှင့် အိန္ဒိယတို့က ဆော့ဖ်ဝဲ၊ သတင်းအချက်အလက်နည်းပညာနှင့် Outsourcing ပြင်ပ အရင်းအမြစ် ပြုလုပ်သည့် စီးပွားရေးများအတွက် ကမ္ဘာပေါ်တွင် အကြီးဆုံးသော ဝန်ဆောင်မှုပေးနေသူများ ဖြစ်ကြသည်။ ဘီလီယံနှင့် ချီသော ဝင်ငွေများ ရရှိနေသည်။ သို့သော်လည်း မနီလာ၊ ဘန်ဂလောနှင့် ဟိုက်ဒရာဘတ်မှ လုပ်သားအမြောက်အမြား၏ လုပ်အားကို အသုံးပြုနေရသော ၂၁ ရာစု၏ ကြီးမားသော ချွေးထုတ်စက်ရုံကြီးအပေါ် အွန်လိုင်းယဉ်ကျေးမှု စစ်ပွဲများက နိုင်လိမ့်မည် သို့မဟုတ် ရှုံးလိမ့်မည် ဆိုသည်ကို ကျနော် သင်္ကာမကင်း ဖြစ်မိပါသည်။
၃ နှစ်ကြာခဲ့သည့် ယခုချိန်အထိတိုင် မေးရန် ထိုက်တန်ပါသေးသည်။ ချိန်သီးက ဒူတာတေး၏ ရက်စက်မှုများမှ ဖယ်ခွာ တော့မည့် အချိန်ဖြစ်နိုင်ပါသလား။ လစ်ဘရယ်ဒီမိုကရေစီ စံနှုန်းများသို့ ကျနော်တို့ ပြန်သွားခြင်း ဖြစ်နိုင်ပါသလား။ သို့မဟုတ် အမေရိကန်တွင် ဒီမိုကရက်များ ပြန်လည် အာဏာရလာမည်လား။ AOC ဟု သိကြသော အလွန် တက်ကြွသည့် Alexandria Ocasio-Cortez (အမေရိကန် အောက်လွှတ်တော် သမိုင်းတွင် အသက်အငယ်ဆုံးသော အမျိုးသမီးကိုယ်စားလှယ်) ရွေးချယ်ခံရခြင်းက ထင်ယောင်ထင်မှား မြင်တွေ့ရခြင်း တခုမျှသာလား။
သင်္ကေတများက မျှော်လင့်ချင်စရာ မဟုတ်ပါ။ အိန္ဒိယနိုင်ငံတွင် BJP နှင့် မိုဒီကို အားပေးထောက်ခံသူများထက် အနည်းငယ်မျှသာ ပိုသာသည့် အခြေအနေသို့ ရောက်လာသော ပင်မမီဒီယာကို သတင်းအတုအယောင် အများစုက ဖုံးအုပ်ထားသည်။ အကြမ်းဖက်တိုက်ခိုက်မှုတခု နှင့် ပါကစ္စတန်နှင့် တင်းမာမှုများမြင့် တက်လာခြင်းက ဒေါသ ဖြစ်စရာများကို ထပ်တိုးစေခဲ့သည်။ ယခုအခါ ကိုယ့်ပတ်သက်ရာ အသိုင်းအဝိုင်းကိုသာ အခြေခံသည့် ဝါဒနှင့် လှည့်ကွက်များဖြင့် ပြည့်နေသော ပတ်ဝန်းကျင်တခုတွင် ဘာသာရေးနှင့် နိုင်ငံရေးကို ခွဲခြားထားသည့် နေရူး အတွေးအခေါ်များ ပြန်လည်လွှမ်းမိုး လာပါတော့မည်လား စဉ်းစားစရာပင်။
သမ္မတရွေးကောက်ပွဲ မဲဆွယ်လှုပ်ရှားမှုများ နိဂုံးပိုင်းသို့ ရောက်နေသည့် အင်ဒိုနီးရှားနိုင်ငံတွင် ၂၀၁၇ ခုနှစ်က တရုတ်လူမျိုး ခရစ်ယန်ဘာသာဝင် ဂျကာတာ မြို့တော်ဝန်ကို ဘာသာရေး စော်ကား ပြောဆိုမှု စွပ်စွဲချက်များဖြင့် လှုံ့ဆော် ဖယ်ရှားခဲ့ရသည့် အမှတ်ရစရာများက ယခုအခါ အင်ဒိုနီးရှား၏ လူမှု အသိုင်းအဝိုင်းကို ပြင်းထန်သော သတိပေး ချက်တခု အနေဖြင့် ဆိုရှယ် မီဒီယာပေါ်တွင် ရှိနေဆဲဖြစ်သည်။
ထို့ကြောင့် အာရှမှ မဲဆန္ဒရှင် ၁.၂ ဘီလီယံတို့ မဲရုံများသို့ သွားကြသည့် အချိန်တွင် မည်မျှအထိ အရေးကြီးသည်ဆို သည်ကို စိတ်ထဲတွင် စွဲမှတ်ထားသင့်ပါသည်။ ကမ္ဘာကလည်း အလေးထားဖို့ လိုပါသည်။
(ကာရင်ရတ်စလန်သည် အာဆီယံရေးရာများကို အထူးပြုလေ့လာရေးသားနေသူ မလေးရှား စာရေးဆရာတဦး ဖြစ်သည်။ ကွာလာလမ်ပူ အခြေစိုက် အကြံပေးအဖွဲ့ Ceritalah ASEAN ကို တည်ထောင်သူ အမှုဆောင်အရာရှိချုပ်လည်း ဖြစ်သည်။)