အကယ်၍သာ စာရေးသူသည် ရခိုင်ပြည်နယ် မြောက်ဦးမြို့ ကမ္ဘောဇဘဏ်၏ မျက်နှာချင်းဆိုင်တွင်တည်ရှိသည့် “ခန့်” စားသောက်ဆိုင်တွင် ပြီးခဲ့သည့် မတ် ၁၈ ရက်နေ့တွင် ညနေစာစားခဲ့မည်ဆိုပါက ယခုအကြောင်းအရာကို ရှင်းပြနိုင်တော့မည်မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ယင်းညနေတွင် တပ်မတော်စစ်သားများသည် ယင်းလမ်းမကြီးတလျှောက်ရှိ အဆော်ကအအုံများကိုပစ်ခတ်ခဲ့ခြင်းကြောင့်ဖြစ်သည်။
မြို့၏ အဓိကလမ်းမကြီးသည် မြို့လယ်ရပ်ကွက်ကို ၃.၆ ကီလိုမီတာခန့် ဖြတ်သန်းသွားသည်။ ထိုညတွင် မိတ်ဆွေတဦးက ရခိုင်ရိုးရာ ဟင်းလျာများနှင့် အသုပ်များရသော ဆိုင်တဆိုင်တွင် ညစာစားရန် ကျနော့်ကို အကြံ ပေးသည်။ ညနေ ၆ နာရီခွဲ အထိ မြို့၏ အခြေအနေမှာ ငြိမ်းချမ်းနေဆဲဖြစ်သည်။ လူအများအပြား လမ်းမကြီးပေါ်တွင် လမ်းလျှောက်နေကြပြီး လက်ဖက်ရည်ဆိုင်များတွင်လည်း လူများရှိသေးသည်။
၇ နာရီ ၂၀ မိနစ်ခန့် ရောက်သောအခါ ဒေသခံများထံမှ ကြောက်မက်ဖွယ်ရာ သတင်းစကားတခု စာရေးသူထံ ရောက်လာခဲ့သည်။ မြန်မာ့တပ်မတော် ယာဉ်တန်းတခုသည် မြို့အတွင်း ဝင်ရောက်လာကတည်းက စတင်ပစ်ခတ်နေသည်ဟူသော သတင်းပင်ဖြစ်သည်။ မိနစ်အနည်းငယ် ကြာသောအခါတွင် ကျယ်လောင်လှသော သေနတ်သံ၊ အမြောက်သံ များကို ကြားရသည်။
ကျနော်ထိုင်နေသော စားသောက်ဆိုင်နှင့် ပစ်ခတ်မှုဖြစ်သော လမ်းမကြီးတို့အကြား ခြားထားသော တစ်ခုတည်းအရာမှာ မြက်ခင်းကွင်းပြင်တစ်ခုသာဖြစ်ပြီး မီတာ ၂၀၀ ခန့်သာဝေးသည်။ ရိုင်ဖယ်သေနတ်သံနှင့် အမြောက်သံများကို ကြားနေရသည်နှင့် တပြိုင်နက်တည်းမှာပင် လေထဲသို့ ကျည်တိုးသည့် တရွှီရွှီ အသံများကိုလည်း ကြားနေရသည်။ ထိုစားသောက်ဆိုင်အတွင်းသို့ ကျည်ဆံများ ထိုးဖောက်သွားသောအခါ အမျိုးသမီး အုပ်စုတစု၏ စူးစူးရှရှ အော်သံကို ကြားလိုက်ရသည်။
နာရီဝက်အတွင်း လူ ၆ ဦး ဒဏ်ရာရ
တပြိုင်နက်တည်းမှာပင် မြောက်ဦးမှ လူမှုကွန်ရက် အသုံးပြုသူများသည် ထိခိုက်ဒဏ်ရာရသည့် စာရင်းများကို ရေးသားကြသည်။ အမြောက်၊ သေနတ် ကျည်တို့ကြောင့် စုစုပေါင်း လူ ၆ ဦး ဒဏ်ရာရသည်။ နောက်တနေ့ နံနက် ဖြစ်သော မတ်လ ၁၉ ရက်နေ့တွင် စာရေးသူသည် ပစ်ခတ်မှု ဖြစ်ပွားသောနေရာသို့ သွားရောက် ကြည့်ရှုှုနိုင်ခဲ့သည်။ ကမ္ဘောဇဘဏ်ခွဲ၏ ရှေ့တံခါးမှာ ပေါက်ကွဲလွင့်စင်သွားပြီး နံရံများတွင် ကျည်ဆံ ဖောက်ဝင်သွားသော အပေါက်များကို တွေ့နေရသည်။
ပစ်ခတ်မှုအတွင်း ဘေးမသီရန်မခဘဲ လွတ်မြောက်လာသောသူများက ထိုနေရာတွင်ပင် စာရေးသူကို ၎င်းတို့၏ ကြောက်မက်ဖွယ် အတွေ့အကြုံကို ပြန်ပြောပြကြသည်။ ၎င်းတို့၏ ပြောပြချက်နှင့် စာရေးသူကိုယ်တိုင် ကြုံတွေ့ရသည့် အခြေအနေအရ အကဲဖြတ်ရလျှင် ရက္ခိုင့်တပ်မတော် (AA) က တပ်မတော် ယာဉ်တန်းကို မြို့လယ်တွင် တိုက်ခိုက်သောကြောင့် ပြန်လည် ပစ်ခတ်သည်ဆိုသည့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက ထုတ်ပြန်သော မြောက်ဦးပစ်ခတ်မှု အကြောင်းပြချက်သည် အဓိပ္ပာယ် ကင်းမဲ့နေပေသည်။
ထိုရှင်းလင်းချက်ကြောင့် စာရေးသူတွင် မေးစရာ မေးခွန်းများ ရှိလာခဲ့သည်။ AA ကသာ တပ်မတော်ကို အမှန်တကယ် ချောင်းမြောင်း တိုက်ခိုက်ခဲ့လျှင် မည်သည့်အတွက် တပ်မတော်ဘက်က ထိခိုက်ဒဏ်ရာ ရခြင်း မရှိရသနည်း။ ထိုနေ့က ၎င်းတို့ဘက်တွင် ထိခိုက်မှုမရှိကြောင်း တပ်မတော်က ကြေညာခဲ့သည်။ ချောင်းမြောင်း တိုက်ခိုက်မှုကို တုံ့ပြန် ပစ်ခတ်သည်ဆိုလျှင် မည်သည့်အတွက် ကမ္ဘောဇဘဏ်ခွဲရုံးကို ရည်ရွယ် ပစ်ခတ်ရ သနည်း။
ကမ္ဘောဇဘဏ်သည် AA တပ်ဖွဲ့ဝင်မျာကို လက်ခံ ထားရလောက်အောင်လည်း အသိဉာဏ် ကင်းမဲ့ခြင်း ရှိပုံမရပေ။ လမ်းတလျှောက်တွင် ၅.၅၆ မမ ကျည်ဆံခွံများ၊ ၄၀ မမ လက်ပစ်ဗုံး အိမ်များနှင့် မော်တာ ကျည်အရွယ်စုံ တို့ကို တွေ့ရပြီး ထိုလက်နက်များသည် တပ်မတော်က အသုံးပြုသော လက်နက်များသာ ဖြစ်နေသည်။

ကျည်ထိပ်ဖူး တတောင့်သည် နဝရတ်ဟိုတယ်၏ စားသောက်ခန်းမကို ထိမှန်သည်။ မတ်လ ၁၉ ရက်နေ့ နံနက်အထိ ပစ်ခတ်သံများကို မြောက်ဦးမြို့လယ်မှ ရှင်းရှင်းလင်းလင်း ကြားနေရသောကြောင့် နိုင်ငံခြားသားနှင့် ရန်ကုန်မှ ပြည်တွင်း ခရီးသွား တဒါဇင်ခန့် တို့သည် ပြည်နယ်မြို့တော် စစ်တွေသို့ အမြန်ယာဉ်များ၊ ကားများဖြင့် ထွက်ပြေးကြသည်။
ကမ္ဘောဇဘဏ်ရှေ့တွင် တပ်ဆင်ထားသော စီစီတီဗီ ကင်မရာ ၂ လုံးရှိသည်။ ထို စီစီတီဗီတွင် အထောက်အထား တချို့ ရှိနေမည်မှာ သေချာနေသည်။
ပစ်ခတ်မှုမတိုင်မီ မည်သည်တို့ ဖြစ်ပျက်ခဲ့သနည်း
မြောက်ဦးတွင် ပစ်ခတ်မှုမတိုင်မီ ညနေ ၆ နာရီခွဲခန့်က စစ်တွေမှ မြောက်ဦးသို့ လာသော လက်နက် အပြည့်အစုံ တပ်ဆင်ထားသည့် စစ်သားများအပြည့် ပါသော စစ်ကား ၁၁ စင်းခန့်ရှိ ယာဉ်တန်းကို AA တပ်ဖွဲ့များက မြောက်ဦးမှ ၃၂ ကီလိုမီတာ ကွာဝေးသည့် ကျောက်တော်မှ မဟာမုနိ ဘုရားအနီး ကျောက်ကျက်နှင့် တောင်ဦး ကျေးရွာများ အနီးတွင် တိုက်ခိုက်ခဲ့သည်။
စစ်ကား ၃ စင်းကို RPG ဖြင့် လုံး၀ ဖျက်ဆီးလိုက်သည်ဟု AA အဆင့်မြင့် အရာရှိများက စာရေးသူကို ပြောသည်။ ထိုနေရာတွင် စစ်သား ၂၀ ခန့် ပွဲချင်းပြီး သေဆုံးသည်ဟု ဒေသခံများက ခန့်မှန်းကြသည်။ AA ထံမှ စာရေးသူ သိရသော သတင်းအရ ညနေ ၆ နာရီ ၅၀ မိနစ် မြောက်ဦး ပစ်ခတ်မှုမတိုင်မီ ထိုတိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ထို့နောက်တွင် စစ်ကား ၈ စင်းသည် မြောက်ဦးတွင် အရပ်သားများကို ပစ်ခတ်သည်။ ထို စစ်ကားများသည် AA တိုက်ခိုက်မှုကို ခံခဲ့ရသော ယာဉ်တန်းမှ လက်ကျန်ကားများ ဖြစ်နိုင်သည်။ ပစ်ခတ်မှုသည် မမျှော်လင့်ဘဲ ဖြစ်လာပြီး အဓိကလမ်းများကြီမှ ဒေသခံများ ဆိုင်ပိုင်ရှင်များ အားလုံး ဖရိုဖရဲ ဖြစ်သွားစေခဲ့သည်။ မပြေးနိုင်သူ များက ပစ်ခတ်မှုအတွင် မြေပြင်တွင် ဝပ်နေရကြောင်း ပြန်ပြောပြကြသည်။
အမြောက်ဆံ၊ ကျည်ဆံ ထိမှန်ပြီး နေအိမ်များအပါအဝင် အဆောက်အအုံ အများအပြား ပျက်စီးသွားသည်။ မတ်လ ၁၉ ရက်နေ့ နံနက်တွင် မြောက်ဦးတွင် အစည်ကားဆုံးဖြစ်သော မြောက်ဦး မြို့မဈေးကြီးကို သော့ခတ် ထားပြီး ပတ်ဝန်းကျင်ရှိ လမ်းများတွင် လူသူကင်းမဲ့နေသည်။ အမြောက်သံ၊ လူနာတင်ယာဉ် ဥသြဆွဲသံ များကို နေရာတိုင်းတွင် ကြားနေရသည်။ ထိုဒေသ၏ သမိုင်းဝင် ဘုရားကျောင်းကန်များ ဖြစ်သည့် ရှစ်သောင်းနှင့် ထုက္ကန်သိမ် တို့တွင် ဈေးသည်နှင့် ခရီးသည်တို့ ကင်းမဲ့နေသည်။

နေ့စဉ်ရက်ဆက် အမြောက်နှင့် ပစ်
မတ်လ ၁၉ ရက်နေ့တွင် မြို့ပြဒေသသို့ ရောက်လာကြသူများမှာ ပတ်ဝန်းကျင် ကျေးရွာများမှ နေရပ်စွန့်ခွာ ထွက်ပြေးရသူများ ဖြစ်သည်။ အများစုမှ ရွာဟောင်းတော မှ ဖြစ်သည်။ ယခုတပတ်အထိ ရခိုင်မြောက်ပိုင်းတွင် နေရပ် စွန့်ခွာ ထွက်ပြေးရသူ ၂ သောင်းကျော်ရှိသည်။ ရွာဟောင်းတော ရွာကို မြောက်ဦး အခြေစိုက် ရဲတပ်ရင်း ၃၁ သို့မဟုတ် အမှတ် ၅၄၀ ခြေလျင်တပ်ရင်းက ပစ်ခတ်သည်ဟု ယူဆရသည့် ၁၂၀ မမ နှင့် ၆၀ မမ မော်တာ ကျည်များ ထိမှန်သည်။
တပ်မတော်က ထိုရွာကို မတိုက်ခိုက်မီ AA က တပ်မတော်ကို တိုက်ခိုက်မှု မရှိကြောင်း ရွာဟောင်းတော ဘုန်းတော်ကြီးကျောင်း ကျောင်းထိုင်ဆရာတော် အပါအဝင် မျက်မြင် သက်သေများနှင့် ပစ်ခတ်မှုကို ကိုယ်တိုင် ကြုံတွေ့ရသူများက စာရေးသူကို ပြောသည်။ ရွာမှ ဝါးနှင့် သက်ကယ်အိမ်များလည်း ကျည်ဆံထိမှန် ပျက်စီးကုန်ပြီး ဇနီးမောင်နှံ ၂ ဦးမှာ ၁၂၀ မမ ကျည်ကြောင့် ဒဏ်ရာရသွားကြောင်းလည်း သိရသည်။
မြောက်ဦးတွင် တပတ်တာ နေထိုင်ခဲ့စဉ်အတွင်း ကိုးသောင်းဘုရား အနီးတွင်ရှိသော ရဲတပ်ရင်းသည် မင်းပြားမြို့နယ် ပန်းမြောင်း ကျေးရွာအနီး AA တပ်ဖွဲ့များ ရှိသည်ဟု ယူဆသည့် တောင်များပေါ်သို့ နေ့စဉ် ဟော်ဝစ်ဇာ အမြောက်ဖြင့် အကြိမ် ၄၀ မှ ၆၀ အကြား ပစ်ခတ်နေသည်။
ရန်ကုန်မှ မြောက်ဦးသို့ ဘုရားဖူးလည်ပတ်ကြသော ဧည့်သည်တချို့က ၎င်းတို့၏ ဘဝတွင် သေနတ်သံ ၊ အမြောက်သံများကို ယခုပထမဆုံးအကြိမ်ကြားဖူးခြင်းဖြစ်ကြောင်း၊ ပစ်ခတ်မှုများသည် မြို့ပေါ်သို့ထိရောက်ရှိ လာသောကြောင့် ခရီးစဉ်ကိုရုတ်တရက်ဖျက်လိုက်ကြောင်း ပြောပြသည်။၎င်းတို့၏ အပန်းဖြေ ခရီးစဉ်မှာ ပျက်စီးသွားပြီဖြစ်သော်လည်း သူတို့သည် မြောက်ဦးမြို့၏ အခြေအနေမှန်ကို သိခွင့်ရသောကြောင့် ဒေသခံ နေရပ်စွန့်ခွာ ရသူများနှင့် ထိခိုက်ဒဏ်ရာ ရသူများ၏ ဆိုးရွားသော ကံကကြမ္မာကို ပိုမိုနားလည်ခွင့် ရကြမည်ဖြစ်သည်။
စာရေးသူ တုန်လှုပ်မိသည်မှာ မြောက်ဦးမှ ဝေးကွာလှသော မြို့ကြီးများမှ လူအများအပြားတို့သည် လူမှုကွန်ရက်တွင် မြောက်ဦး အခြေအနေကို အမျိုးမျိုး ရေးသားနေကြခြင်းပင် ဖြစ်သည်။ ပြည်တွင်း ခရီးသွားများသည်ပင် မြောက်ဦးတွင် ရက်အနည်းငယ်ပင် မနေနိုင်အောင် ဖြစ်နေကြသည်။ မြို့ခံများအတွက်မူ အခြေအနေမှာ အိမ်ရှေ့တံခါးများတွင်ပင် သေနတ်ကျည်၊ အမြောက်ကျည်များ ကျနေပြီး အိပ်မက်ဆိုးကြီး ဖြစ်နေပေလိမ့်မည်။
ရခိုင် တိုင်းရင်းသားများသည် မြို့လယ်တွင် အမြောက်နှင့် ပစ်ခြင်း အပါအဝင် တိုက်ခိုက်မှုများကို ဆယ်စုနှစ် ၆ ခုမျှအတွင်း တွေ့ကြုံဖူးခြင်း မရှိပေ။ အချို့သော သက်ကြီးရွယ်အိုများမှာ ကားအိတ်ဇောပေါက်သံကိုကြားလျှင်ပင် သေနတ်သံဟုထင်မှတ်ပြီး အိမ်တွင်းသို့ပြေးဝင်သည်အထိ စိတ်ဒဏ်ရာရနေကြသည်။
အမြောက်ဆံများကြား ခရီးသွားခြင်း
ရပ်ကွက်တခုသို့ လူစိမ်းတယောက် ရောက်လာပါက အထူးသဖြင့် စာရေးသူကဲ့သို့ လူစိမ်းတစ်ယောက် နေ့ခင်းဘက်တွင် အမြောက်ပစ်သံများကြား ဖြတ်သန်းသွားလာနေသည်ကို တွေ့လျှင် ရပ်ကွက်နေထိုင်သူများက သံသယဖြင့်ကြည့်လေ့ရှိသည်။ မြေပြင်အခြေအနေကို သတင်းယူသော သတင်းထောက် တဦး အနေဖြင့် အခြေအနေကို မျက်မြင်ကိုယ်တွေ့ သိနိုင်ရေးသည် အရေးပါလှသော်လည်း ဒေသခံများမှာ တိုက်ပွဲ ဖြစ်ပွားသော နေရာများကို စာရေးသူနှင့်အတူ လမ်းပြအဖြစ် လိုက်ပါရန်ပင် စိုးထိတ်နေကြသည်။
ဒေသခံများ၏ ပူပန်မှုများကို နားလည်နိုင်ပေသည်။ ရွာဟောင်းတော ကျေးရွာအနီးရှိ တနေကုန် အမြောက်ဖြင့် ပစ်နေသော ရဲတပ်ရင်းအနီး ဖြတ်သန်းသွားလာရခြင်းမှာ တုန်လှုပ်စရာ ကောင်းလှပေသည်။ ရွာဟောင်းတော ကျေးရွာ အတွင်းသို့ အမြောက်ဆံ ၁၀ လုံး ကျရောက် ပေါက်ကွဲပြီး ဖြစ်သည်။ မြောက်ဦးမြို့လယ်မှ အရှေ့ဘက် ၁၂ ကီလိုမီတာ အကွာရှိ အိမ်နီးချင်း ပန်းမြောင်း ကျေးရွာအနီး တောအတွင်းသို့လည်း တပ်မတော် ဂျက်လေယာဉ်များက ဗုံးများ ကျဲချခဲ့သည်။ အမြောက်များဖြင့် ရမ်းသန်းပစ်ခတ်နေသော ယင်းနေရာတွင် ခရီးသွားလာခြင်းက အန္တရာယ်မကင်းသည်မှာ ဧကန်မုချင်ပင်ဖြစ်၏။
ရှစ်သောင်း ဘုန်းကြီးကျောင်းတွင် ခိုလှုံနေသည့် နေရပ်စွန့်ခွာရသူ ကရင်ချေက စာရေးသူကို သူ၏ ရွာသို့ လမ်းပြပေးရန် သဘောတူခဲ့သောကြောင့် စာရေးသူသည် မျက်မြင်သက်သေများနှင့် တွေ့ဆုံမေးမြန်းနိုင်ခဲ့ပြီး ၎င်းတို့ ကောက်ယူထားသော အမြောက်ဆံ ၈ ခုကို ဓာတ်ပုံရိုက်နိုင်ခဲ့သည်။

တပ်မတော်သည် မင်းပြားမြို့နယ် ပန်းမြောင်း ကျေးရွာအနီး တောင်များရှိ AA တပ်များကို ၃ ရက်ကြာ တိုက်ခိုက် ရာတွင် တိုက်ခိုက်ရေး ရဟတ်ယာဉ်နှင့် ဂျက်လေယာဉ်များစွာ သုံးခဲ့ကြောင်း မြောက်ဦးတွင် နေခဲ့သည့် တတိယနေ့ ဖြစ်သော မတ်လ ၁၈ ရက်နေ့တွင် သိခဲ့ရသည်။
အိမ်ခြေ ၂၀၀၀ နှင့် ဈေးတခု၊ ဆေးရုံတရုံနှင့် ဘုန်းကြီးကျောင်း များစွာလည်းရှိသော ပန်းမြောင်း ကျေးရွာသည် ၎င်း၏ ပတ်ဝန်းကျင် ကျေးရွာများမှ စစ်ဘေးရှောင် ၂၀၀၀ ခန့်ကို ပိုမို လက်ခံထားရသည်။ ဒေသတွင်းတွင် ချထားသည့် အမှတ် ၅၅ နှင့် ၂၂ ခြေမြန် တပ်မများက ၎င်းတို့ကို ဖမ်းဆီး သတ်ဖြတ်မည်ကို စစ်ဘေးရှောင်များ ကြောက်လန့် နေရသည်။
ပန်းမြောင်း ကျေးရွာအခြေအနေကို ကိုယ်တိုင်တွေ့မြင် ရေးသားလိုသော်လည်း မြောက်ဦး ဒေသခံများက စာရေးသူကို ထိုနေရာသို့ ပို့ဆောင်မပေးဘဲ၊ ငြင်းဆန်ခဲ့သည်။
စစ်သားများ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများ
မြောက်ဦးတွင်နေထိုင်ရင်း ငါးရက်မြောက်နေ့ (မတ်လ ၂၁ ရက်နေ့) တွင် စာရေးသူသည် ပန်းမြောင်း ကျေးရွာသား များနှင့် တွေ့ဆုံနိုင်ခဲ့ပြီး ထိုရွာတွင် တညအိပ်ခဲ့သည်။ မတ်လ ၂၁ ရက်နေ့ နံနက်တွင် အမြောက်သံများကြောင့် အိပ်ယာမှ နိုးလာသည်။ အမှန်မှာ တပ်မတော်၏ စစ်ဗျူဟာ အခြေစိုက် စခန်းတခုသည် ပန်းမြောင်း ဘုန်းကြီးကျောင်း အနီး တောင်ကုန်းတခု၏ အနောက်တွင် တည်ရှိနေသည်။ ထို ဘုန်းကြီးကျောင်းသည် စစ်ဘေးရှောင် ၁၀၀၀ ခန့် ခိုလှုံနေသော နေရာ ၂ ခုအနက် တခုဖြစ်သည်။
တပ်မတော်က အမြောက်တချက် ပစ်လိုက်တိုင်း ဘုန်းကြီးကျောင်း ဝင်းအတွင်း ဆော့ကစား နေသော ကလေး များသည် ကျောင်းအတွင်းသို့ ဝင်ပြေးကြသည်။ အမြောက်ကျရောက် ပေါက်ကွဲသံထက် သေနတ်သံကို ပိုမို ကြောက်ရကြောင်း စစ်ဘေးရှောင် များက စာရေးသူကို ပြောသည်။ တပ်မတော်က ရဟတ်ယာဉ်နှင့် ဂျက် လေယာဉ်များ အသုံးပြု တိုက်ခိုက်သော ၅ ကီလိုမီတာ အကွာရှိ ဗျူဟာ အခြေစိုက်စခန်းနှင့် မျက်နှာချင်းဆိုင်ရှိ တောင်တန်းများကို ရွာသားများက စာရေးသူကို ပြသသည်။
AA နှင့် တပ်မတော်တို့ တိုက်ခိုက်မှုများမရှိသော်လည်း စစ်သား ၁၀၀ ခန့်သည် ပန်းမြောင်းစံပြကျေးရွာ အနီးရှိနေရာများကို စီးနင်းခဲ့ကြသည်ကို ရွာသားများက ကျနော့်ကိုပြန်ပြောင်းပြောပြသည်။စစ်သားများက နေအိမ်များကို ပစ်ခတ်ပြီး သံသယရှိသော ရွာသား ၁၂၀ ခန့်ကို နာရီပေါင်းများစွာ ညှဉ်းပမ်းနှိပ်စက်ပြီး ရွာမှ အရပ်သား ၄ ဦးကို ဖမ်းဆီးခဲ့သည် ဟုလည်း ဆိုသည်။
ပန်းမြောင်း ကျေးရွာသား ၈ ဦးတို့က တပ်မတော်၏ မတ်လ ၁၉ ရက်နေ့က ညှဉ်းပမ်းနှိပ်စက်မှု၊ ပစ်ခတ်မှုနှင့် လုယက်မှု များအတွက် အထောက်အထားများ ပြသခဲ့ကြသည်။ မြောက်ဦးဆေးရုံတွင် တွေ့ဆုံစကားပြောခွင့် ရခဲ့သည့် သေနတ်ကျည်နှင့် အမြောက်ဆံထိမှန် ဒဏ်ရာရသူ လူနာ ၆ ဦးခန့် (မြောက်ဦးနှင့် မင်းပြားမြို့နယ်များတွင် ထိမှန်သည်) တို့က တပ်မတော်က သူတို့ကို အကြောင်းမဲ့ ပစ်ခတ်ကြောင်း ပြောသည်။

တပ်မ ၂၂/ ၅၅ နှင့် ရခိုင်မြောက်ပိုင်းမှ ဒေသခံတပ်များသည် မည်သည့် လူ့အခွင့်အရေး ချိုးဖောက်မှုများမှ ကျူးလွန်ခြင်းမရှိကြောင်း တပ်မတော် ထိပ်တန်းအရာရှိများက ပြောသော်လည်း အမှတ် ၂၂ ခြေမြန်တပ်မက စစ်သားများသည် မြောက်ဦးဆေးရုံတွင် ဆေးကုသမှုခံယူနေသော လူနာများကို လွန်ခဲ့သောတပတ်က ငွေ ကျပ် ၁ သိန်း ပေးခဲ့သည်။
ဒဏ်ရာရှိသွား၍ ဆေးကုသမှုခံယူနေသော ပန်းမြောင်းကျေးရွာမှ ဒေါ်သန်းသန်းဝင်း၏ သမီး မနန္ဒာခိုင်က စစ်သားများကိုကြောက်ရွ့၍ ထိုငွေများကို ယူထားမိ ကြောင်း၊ ဖြစ်နိုင်လျှင် ယင်းငွေကိုပြန်ပေးလိုကြောင်း ပြောပြသည်။
ဧရာဝတီ အင်္ဂလိပ်ပိုင်းတွင် ဖော်ပြခဲ့သော Reporter’s Notebook: On the Ground in Mrauk-U ကို ဘာသာပြန်ဖော်ပြခြင်းဖြစ်သည်။