အနီးရှိကျေးရွာတခုတွင် နေထိုင်သူအားလုံးကို အာဏာပိုင်များက မြစ်တဖက်ကမ်းသို့ အတင်းအကျပ် ပြောင်းရွေ့ရသည့်နေ့ကို ဒေါ်ဂျာခေါန် မှတ်မိနေသေးသည်။ ထိုအချိန်မှာ၂၀၁၀ ခုနှစ်မေလက ဖြစ်သည်။ မလိဇွပ် ကျေးရွာသားများကို ၎င်းတို့ပိုင်ဆိုင်သမျှ သိမ်းဆည်းရန် အချိန် ၃ ရက်သာပေးခဲ့သည်။
မွေးမြူထားသော တိရစ္ဆာန်များအား စုစည်းပြီး ပိုင်ဆိုင်သမျှကို သယ်ဆောင်ကာ ထွက်ခွာသွားရသော ကျေးရွာသားများကို သူမြင်ခဲ့သည်။ လေးလံသောခြေလှမ်းများဖြင့် မြစ်တဖက်ကမ်းရှိ နေရာသစ်သို့ ထွက်ခွာကြရသည်။ အချို့က ထွက်ခွာသွားရင်း မျက်ရည်ကျနေကြသည်။
နောက်နှစ် ဧပြီလတွင် ထိုစဉ်က တန်ဖဲ ကျေးရွာတွင်နေထိုင်သော ဒေါ်ဂျာခေါန်သည်လည်း မလိဇွပ်ကျေးရွာသားများကဲ့သို့ပင် ကံကြမ္မာဆိုးနှင့် ကြုံရသည်။ သူတို့တရွာလုံးကိုလည်း ၈ မိုင်ခန့်ဝေးသည့် နေရာသစ်ဖြစ်သော အောင်မြင်သာရွာသို့ အတင်းအကျပ် ရွှေ့ပြောင်းစေခဲ့သည်။
ထိုသို့ အတင်းအကျပ် ရွှေ့ပြောင်းစေခြင်း၏ အကြောင်းရင်းမှာ နိုင်ငံတော် လျှပ်စစ်ဓါတ်အားရင်းနှီးမြှုပ်နှံမှုကော်ပိုရေးရှင်း(SPIC) ဟု ယခုခေါ်သည့် တရုတ်လျှပ်စစ်ဓါတ်အားရင်းနှီးမြှုပ်နှံမှုကော်ပိုရေးရှင်း(CPI) က တည်ဆောက်မည့် အကြီးစားဆည်ကြီးအတွက် ပြောင်းရွှေ့ပေးရခြင်းပင်ဖြစ်သည်။
“ဒီမှာနေရတာကို မကြိုက်ဘူး။ ကိုယ့်ရွာကိုပဲ ပြန်ချင်တယ်” ဟု ဒေါ်ဂျာခေါန်က ပြောသည်။ မေခနှင့် မလိခမြစ်ဆုံရှိ ရွာဟောင်းကိုသာ သူ သတိရနေသည်။ အောင်မြင်သာနေရာသစ်သည် ကျောက်မြေနီတွင်တည်ဆောက်ထားသောကြောင့် စိုက်ပျိုးလုပ်ကိုင်နိုင်ခြင်း မရှိဘဲ ဘဝသည် ကြမ်းတမ်းခက်ခဲသည်။
တခါက ဟင်းသီးဟင်းရွက်စိုက်ပျိုးသည့် မြေဧက အများအပြား ပိုင်ဆိုင်သူ ယခု အသက် ၅၃ နှစ်အရွယ်ရှိ ကချင်တိုင်းရင်းသူ ဂျာခေါန်နှင့် အမျိုးသမီးများသည် လူထုအခြေပြု အဖွဲ့စည်းများ အကူအညီဖြင့် အော်ဂဲနစ်ဆပ်ပြာများ၊ ဒေသထွက်မုန့်များနှင့် ‘ဆည်အလိုမရှိ’၊‘ဧရာဝတီ သက်တော်ရှည်ပါစေ’ စသည့်စာတမ်းများ ရေးထိုးထားသည့် တီရှပ်များ ရောင်းချသော ဆိုင်ကို မြစ်ဆုံတွင် ဖွင့်လှစ်ထားသည်။ ပြောင်းရွေ့ခံရသော ရွာသားအချို့မှာ ဈေးသည်အဖြစ် မြစ်ဆုံတွင် ခက်ခက်ခဲခဲ ရုန်းကန်နေရသည်။
ကချင်ပြည်နယ်၏ လှပထင်ရှားသော နေရာများအနက် တခုနှင့် ဧည့်သည်များ မဖြစ်မနေ လာရောက်လေ့ရှိသည့် မြစ်ဆုံသည် မြန်မာနိုင်ငံ၏ အသက်သွေးကြောဖြစ်သော ဧရာဝတီမြစ် ပေါ်ပေါက်လာစေသည့် မေခနှင့် မလိခမြစ်များ ဆုံစည်းသောနေရာ ဖြစ်သည်။ ထိုမြစ်ဆုံသည် ဇီဝမျိုးကွဲနှင့် သဘာဝအမွေအနှစ် ကြွယ်ဝသောနေရာအဖြစ် ကမ္ဘာ့ သားရိုင်းတိရစ္ဆာန် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့က အသိအမှတ်ပြုထားသည်။ မကြာသေးမီက ထိုနေရာသို့ ဧရာဝတီသတင်းဌာနက သွားရောက်ခဲ့ရာတရုတ်ခရီးသည်များ ဘတ်စ်ကားတစင်းစာ လာရောက်လည်ပတ်သည်ကို တွေ့ခဲ့ရသည်။
ဧရာဝတီမြစ်ဆုံမှ တောင်ဖက်သို့ ၂၅မိနစ်ခန့် လှေခရီးတွင် အမေရိကန်ဒေါ်လာ ၃.၆ ဘီလျှံ ကုန်ကျမည်ဟု ခန့်မှန်းရသည့် ဒေသတွင်း အကြီးမားဆုံး ရေအားလျှပ်စစ် စီမံကိန်းများအနက် တခုဖြစ်သည့် ၆၀၀၀ မဂ္ဂါဝပ် ထုတ်နိုင်မည့် မြစ်ဆုံဆည်ကို တည်ဆောက်မည်ဖြစ်သည်။ CPI သည် ထိုစီမံကိန်းကိုရွှေ့ပြောင်းရသော ရွာများ တည်ဆောက်ရေးဖြင့် ၂၀၀၉ ခုနှစ်က စတင်ခဲ့သည်။ ပြန်လည်နေရာချထားပေးသော ရွာ ၂ ရွာ ဖြစ်သည့် အောင်မြင်သာနှင့် မလိယမ်ရွာတို့မှာ ဧရာဝတီမြစ် တဘက်ကမ်းတွင် မျက်နှာချင်းဆိုင် တည်ရှိသည်။
နားလည်မှုစာချွန်လွှာကို အဆင့်မြင့် စစ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီး သီဟသူရတင်အောင်မြင့်ဦး တရုတ်နိုင်ငံသို့ သွားရောက်လည်ပတ်ကာ ရေအားလျှပ်စစ်ထုတ်လုပ်ရေးအတွက် အကူအညီ တောင်းခံပြီးနောက် အမှတ်(၁) လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် CPI အကြား လက်မှတ်ရေးထိုးခဲ့သည်။
သမ္မတဟောင်း ဦးသိန်းစိန် စတင်တာဝန်ယူသောအခါ လူထုအကြားတွင် ထိုစီမံကိန်းကို အပြင်းအထန် ဆန့်ကျင်မှု စတင်ဖြစ်ပေါ်လာသည်။ ပတ်ဝန်းကျင် ထိန်းသိမ်းသူများက ရေကာတာ စီမံကိန်း ပြုလုပ်မည့်နေရာတွင် ကမ္ဘာ့ပေါ်တွင် အမြင့်မားဆုံး ဇီဝမျိုးကွဲများရှိနေပြီး ရေကာတာကြောင့် ဧရာဝတီမြစ်ရဲ့ သဘာဝအလှအပနဲ့ ရေစီးဆင်းမှုကို ထိခိုက်လိမ့်မည်ဟု သတိပေးထားသည်။ရေကာတာကြောင့် ရေနစ်မြုပ်နိုင်သော ဧရိယာမှာ စင်ကာပူနိုင်ငံ အရွယ်အစားရှိပြီး လူပေါင်းတစ်သောင်းခန့် ရွေ့ပြောင်းရလိမ့်မည်ဟု ခန့်မှန်းထားသည်။
ကျယ်ပြန့်သော သဘာဝပတ်ဝန်းကျင်နှင့် လူမှုထိခိုက်မှုများကြောင့် မြစ်ဆုံစီမံကိန်းကို ဆိုင်းငံ့လိုက်ကြောင်း ဦးသိန်းစိန်က ၂၀၁၁ ခုနှစ် စက်တင်ဘာလတွင် ကြေညာသည်။ သို့သော် တရုတ်အစိုးရသည် ကြီးထွားနေသော စွမ်းအင်လိုအပ်ချက်ကို ဖြည့်ဆည်းရန် စိတ်ထက်သန်ပြီး ဆည်လုပ်ငန်းပြန်လည်စတင်ရေး မျှော်လင့်ချက်ကို လက်မလွှတ်ခဲ့ပေ။
မကြာသေးမီ လများအတွင်း တရုတ်အစိုးရသည် ၎င်း၏ ရည်ရွယ်ချက်ကို ပိုမိုပြသလာပြီး ကချင်ဘာသာရေးနှင့် နိုင်ငံရေးခေါင်းဆောင်များအနေဖြင့် မြစ်ဆုံစီမံကိန်းကို မဆန့်ကျင်ရန်ပင် ခြိမ်းခြောက်လာပြီး ထိုစီမံကိန်းသည် ၎င်း၏ ရည်မှန်းချက်ကြီးလှသော ရပ်ဝန်းတခုလမ်းတခု အစီအစဉ်( BRI) ၏ အစိတ်အပိုင်းဖြစ်ကြောင်း အတည်ပြုပြောဆိုလာသည်။
၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ မဲဆွယ်စဉ်က အတိုက်အခံခေါင်းဆောင်ဖြစ်သော ဒေါ်အောင်ဆန်းစုကြည်က စစ်အစိုးရချုပ်ဆိုခဲ့သော ထိုစာချုပ်ပါ အချက်များကို လူသိရှင်ကြားထုတ်ပြန်မည်ဟု ကတိပေးခဲ့သည်။ သို့သော် နိုင်ငံတော်အတိုင်ပင်ခံ ဖြစ်လာသောအခါ ထိုစီမံကိန်းနှင့်ပတ်သက်သည့် သူ၏ ရပ်တည်မှုကိုပင် ထုတ်ဖေါ်ပြောဆိုခြင်း မပြုတော့ပေ။
မကြာသေးမီကဆိုလျှင် လူထုအနေဖြင့် ထိုစီမံကိန်းနှင့်ပတ်သက်ပြီး အမြင်ကျယ်ရန်ပင် ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်းပြီး ယခင်အစိုးရများလုပ်ခဲ့သည့် စီမံကိန်းများကို ယခု သူ၏အစိုးရမူဝါဒများနှင့် မကိုက်ညီသောကြောင့် မရုပ်သိမ်းသင့်ကြောင်းပင် ပြောခဲ့သေးသည်။ ထိုပြောဆိုချက်ကြောင့် ဒေါ်အောင်ဆန်းစုကြည်အစိုးရသည် တရုတ်အစိုးရ၏ ဆန္ဒ အထူးသဖြင့် မြစ်ဆုံနှင့် ပတ်သက်လျှင် တရုတ်အစိုးရဘက်သို့ တိမ်းညွတ်လိမ့်မည် ဟူသည့် ပူပန်မှုများကိုပင် ဖြစ်စေခဲ့သည်။
လွန်ခဲ့သောနှစ် နိုဝင်ဘာလမှ စတင်ပြီး SPIC အရာရှိများသည် ကျေးရွာ နေအိမ်များကို သွားပြီး ဒေသခံများ၏ လိုအပ်ချက်များကို မေးကာ မြစ်ဆုံစီမံကိန်းသည် ဒေသခံများ၏ ဘဝကို တိုးတက်စေမည်ဟု ပြောဆိုနေကြသည်။ လူထုတွေ့ဆုံပွဲများတွင် ထိုဆည်စီမံကိန်းကို ကမ္ဘာ့အကောင်းဆုံး ဆည်တည်ဆောက်သူများနှင့် အကောင်အထည်ဖေါ်မည်ဟု SPIC က စီမံကိန်းအနီးမှ ဒေသခံများကို ပြောကြသည်။
“ သူတို့ရဲ့လုပ်ရပ်က မူမမှန်ဘူး။ ကျမတို့တွေကြားမှာ ဒီစီမံကိန်း ပြန်စတော့မယ်လို့ တီးတိုးပြောနေကြတယ်” ဟု ဒေါ်ဂျာခေါန်က ပြောသည်။ “သူတို့ဆီက ကျမတို့ ဘာမှ မလိုချင်ဘူး။ တကယ်လို့ ယူလိုက်မိရင် သူတို့ပြောတာကို လိုက်နာဖို့ ကျမတို့ကို အကျပ်ကိုင်လိမ့်မယ်” ဟုလည်း သူပြောသည်။
နေရာသစ်မှ အခက်အခဲ
၈ နှစ်နီးပါးကြာပြီးသည့်တိုင် ရွာသားများသည် စီမံကိန်းကြောင့် ရွှေ့ပြောင်းရသူများအတွက် တရုတ်ကုမ္ပဏီက တည်ဆောက်ထားသည့် ရွာသစ်ဖြစ်သော အောင်မြင်သာတွင် အခြေကျသည်ဟု မခံစားရပေ။
ပတ်ဝန်းကျင်သစ်တွင် နေထိုင်ရခြင်း၊ ဘုရားကျောင်းသစ်သို့ တနင်္ဂနွေနေ့တိုင်း သွားရခြင်းနှင့် မျိုးဆက်ပေါင်းများစွာ လုပ်ကိုင်ခဲ့သော အသက်မွေးဝမ်းကြောင်း ဆုံးရှုံးရခြင်းတို့ကြောင့် သူတို့သည် တနေ့တွင် ဇာတိရပ်ရွာသို့ ပြန်နိုင်မည်၊ စီမံကိန်းကို အပြီးတိုင် ဖျက်သိမ်းမည်ဟူသော မျှော်လင့်ချက်ကို မွေးမြူထားကြသည်။
“စီမံကန်းကို ဆိုင်းငံ့လိုက်ကတည်းက ကိုယ့်နေရာကို ပြန်ရလိမ့်မယ်လို့ပဲ ထင်ခဲ့ကြတယ်” ဟု တန်ဖဲကျေးရွာမှ အောင်မြင်သာ ပြန်နေရာချထားရေးစခန်းသို့ ပြောင်းရွှေ့လာခဲ့ရသူ ဒေါ်ရွယ်ဂျားက ပြောသည်။
“အခု လူက ဒီမှာရောက်နေပေမယ့် စိတ်က ဟိုမှာပဲ ရှိနေတာ။ ဒါ နေခဲ့တဲ့နေရာဟောင်းလေ” ဟု သူပြောသည်။
၎င်းတို့ကို ပြန်လည်နေရာချထားပေးသော နေရာသည် စိုက်ပျိုးထွန်ရက် မရသောနေရာဖြစ်သောကြောင့် အောင်မြင်သာတွင် နေထိုင်ရသောဘဝမှာ ခက်ခဲသည်။ ထိုကြောင့် ဒေသခံလူမှုအသိုင်းအဝန်းများသည် ဆင်းရဲတွင်း ပိုမိုနက်ပြီး အခက်အခဲကြုံရသည်။ ဘဝကို ဘာမျှမရှိသည့်ဘဝမှပြန်လည်စတင်ရန် ဖိအားပေးခံရသည့်သဘော ဖြစ်နေသည်။
“ဒီမှာ လယ်စိုက်လို့ မရဘူး။ မြေက ကျောက်မြေတွေ ပြည့်နေတယ်” ဟု ဒေါ်ဂျာခေါန် ပြောသည်။
သူမ၏ ယခင်ကျေးရွာဖြစ်သော တန်ဖဲရွာသည် ရွှေ့ပြောင်းတောင်ယာ၊ သစ်တောထွက်ပစ္စည်း ရှာဖွေခြင်း၊ မြစ်တလျှောက် ရွှေကျင်ခြင်း၊ ငါးဖမ်းခြင်း၊ ကုန်စုံဆိုင်ငယ်ဖွင့်ခြင်း၊ ဝါးရောင်းဝယ်ခြင်း၊ သစ်ခွစိုက်ခြင်းစသည်တို့အပါအဝင် အမျိုးမျိုးသော အသက်မွေးဝမ်းကြောင်းများနှင့် ဝင်ငွေရင်းမြစ်များပေးနိုင်သည်။ ထိုကဲ့သို့သော စီးပွားရေးလုပ်ငန်းဆောင်တာများ အားလုံးကို ဒေသစီးပွားရေးကရေရှည်တည်တံ့အောင် ထိန်းသိမ်းထားပြီး ပိုမိုကျယ်ပြန့်သော ဈေးကွက်အပေါ် မှီခိုရခြင်း မရှိသလောက်ပင်ဖြစ်သည်။ ဒေသ သဘာဝပတ်ဝန်းကျင်အပေါ် မှီခိုသော ဒေသစီးပွားရေးသည် ရေရှည်တည်တံ့နေသည်မှာ မျိုးဆက်ပေါင်းများစွာ ကြာမြင့်ပြီဖြစ်ပြီး ဒေသခံလူမှုအသိုင်းအဝန်း ဘဝ လုံလောက်မှုကို ပေးသည်။
၂၀၀၆ ခုနှစ်က ကျိန်ခရမ် မြစ်ရေလျှံသောအခါ ယခုအောင်မြင်သာကျေးရွာ တည်ရှိသောနေရာသည် ရေနစ်မြုပ်သွားသည်။ အပေါ်ယံမြေလွှာနှင့် မြေဆီမြေနှစ်များ ရေတိုက်စားခံရပြီး ထိုနေရာနှင့်အောင်မြင်သာ ပတ်ဝန်းကျင်သည် တိရိစ္ဆာန်ထိန်းကျောင်းရန်နှင့် သီးနှံစိုက်ပျိုးရန် သင့်တော်ခြင်း မရှိတော့ပေ။ ထိုနေရာသည် အလုပ်အကိုင်အခွင့်အလမ်းနှင့် သဘာဝရင်းမြစ်များကို အသုံးပြုရန်အခွင့်အလမ်းလည်း နည်းပါးသလို ငါးဖမ်းခြင်း၊ ရွှေကျင်ခြင်းတို့ကို လုပ်ကိုင်ရန် ကောင်းသောနေရာလည်း မဟုတ်ပေ။ ရွာအနီးရှိ မြေများကို ပုဂ္ဂလိကကုမ္ပဏီကြီးများက ပိုင်ဆိုင်ကြသောကြောင့် ရွာသားများမှာ ထင်းကောက်ရန်ပင် မတတ်နိုင်ကြပေ။
“ အားလုံးရဲ့ အသက်မွေးဝမ်းကြောင်း အခွင့်အလမ်းတွေ အကုန်နီးပါး ပျက်စီးသွားတယ်” ဟု ဒေါ်ရွယ်ဂျားပြောသည်။
ရွာသားအများစုကို စိုက်ပျိုးရန် အစားထိုးမြေကွက်များ ပေးလျှော်ခဲ့သော်လည်း ထိုမြေများသည်ပြန်လည်နေရာချထားသော နေရာမှ ၈ မိုင်၊ ၉ မိုင်ဝေးသည်။ “အရင်က ကိုယ်ခြံထဲမှာ ကိုယ်စိုက်ထားတာကို စားလို့ ရတယ်။ ဒါကြောင့် ဘာမှကို ဝယ်စရာ မလိုဘူး” ဟုလည်း သူပြောသည်။
“အခုဆိုရင် အသက်မွေးဝမ်းကြောင်းအတွက် ငွေလိုတာကြောင့် အများစုက ကလေးတွေကို တရုတ်နိုင်ငံမှာ အလုပ်သွားလုပ်ခိုင်းရတယ်” ဟုလည်း သူပြောသည်။
လယ်ယာ စိုက်ပျိုးနိုင်ခြင်း မရှိသောကြောင့် ရွာသားများသည် SPIC က ပုံမှန်ထောက်ပံ့နေသောဆန်ကိုသာ မှီခိုနေရသည်။ SPIC သည် ၃ လ တကြိမ် ဆန်ထောက်ပံ့ရန် တာဝန်ရှိသော်လည်း တခါတရံအကြောင်းမဲ့ပျက်ကွက်သည်ဟု ရွာသားများပြောသည်။
မြစ်ဆုံဆည်ကို ဆန့်ကျင်ကန့်ကွက်ရာတွင် ပါဝင်သောကြောင့် ၂၀၁၄ ခုနှစ်တွင် SPIC က ဆန်ထောက်ပံ့မှု ရပ်တန့်သူများတွင် ဒေါ်ဂျာခေါန် သည်လည်း တဦးအပါအဝင် ဖြစ်သည်။ ၎င်းတို့၏ ဒုက္ခများကို မီဒီယာများအား ပြောဆိုသော ရွာသားများကိုလည်း SPIC က ဆန်ထောက်ပံ့မှုဖြတ်တောက်သည်ဟု ဆိုသည်။
“မီဒီယာနဲ့ စကားပြောလိုက်ရင် ဆန်ထောက်ပံ့တာ ရပ်လိုက်တယ်” ဟု ဒေါ်ရွယ်ဂျားက ပြောသည်။
အစိုးရ သတင်းစာတစောင်၏ အဆိုအရ ထိုတရုတ်ကုမ္ဗဏီသည် ကျေးရွာများ နေရာချထားရေးအတွက် အမေရိကန်ဒေါ်လာ ၂၅ သန်းခန့် သုံးစွဲခဲ့သည်ဟု ဆိုသည်။ သို့သော် ရွာသားများသည်ရွှေ့ပြောင်းသော ကျေးရွာရှိ သစ်အပေါစားနှင့် ဆောက်ထားသောကြောင့် ၎င်းတို့နေအိမ်များ၏ အကြီးစားပြင်ဆင်မှုများကို ၎င်းတို့ဘာသာ လုပ်ကိုင်ရကြောင်း ရွာသားများပြောသည်။ ထိုအိမ်အများစုသည် မိုးယိုခြင်း၊ လေပြင်းတိုက်ရင် လှုပ်ခါနေခြင်း စသည်တို့ဖြစ်နေသည်ဟု ဆိုသည်။ ပြတင်းပေါက်များ တံခါးများသည်လည်း အံဝင်ဂွင်ကျ မရှိတော့ပေ။ “အိမ်က အပြင်ကနေကြည့်လိုက်ရင်တော့ တောင့်တောင့်တင်းတင်ပဲ။ ဒါပေမယ့် အတွင်းပိုင်းမှာတော့ ပျက်စီးနေတာ။ တခြားရွေးစရာမရှိတော့ ကိုယ့်ဖာသာပဲ ပြင်ဆင်နေထိုင်ကြရတယ်” ဟုလည်း သူရှင်းပြသည်။
ဧရာဝတီသတင်းဌာနသည် အောင်မြင်သာကျေးရွာသို့လည်း သွားရောက်ခဲ့ပြီး အိမ်အများအပြားကိုရွာသားများက ပြင်ဆင်ထားကြသည်ကို တွေ့ခဲ့ရသည်။
သဘာဝပတ်ဝန်းကျင် ထိခိုက်မှု
ပြန်လည်နေရာချထားရေးလုပ်ငန်းများ ပြီးစီးချိန်မှ စတင်ပြီး ရွှေတူးဖေါ်ရေး ကုမ္ပဏီကြီးများသည်ဆည်၏ ရေလှောင်ကန်နေရာတွင် ရွှေတူးဖေါ်နေကြကြောင်း ဒေသခံလူမှုအဖြေပြုအဖွဲ့အစည်းတခု၏ အစီရင်ခံစာဖြစ်သော “လျစ်လျူရှုခံတို့၏အသံများ” အမည်ရှိ အစီရင်ခံစာက ဆိုသည်။
ထိုရွှေတူးဖေါ်ရေးလုပ်ငန်းများသည် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်ပြီး စိမ်းလန်းနက်မှောင်သောသစ်တောကြီးများကို မြေဆီမြေနှစ် ကင်းမဲ့ဒေသဖြစ်စေကာ တောရိုင်းတိရစ္ဆာန်များ ဆက်လက်ရှင်သန်နိုင်ရန် နေရာမကျန်တော့ကြောင်း အဆိုပါ အစီရင်ခံစာက ဆိုသည်။
တခါက မြစ်ရေကြည်လင်လှသော မြစ်ဆုံတွင် ယခုအခါ တိုက်စားခံနှုန်းများကြောင့် ရွံ့နှစ်ရောင်ရေကိုသာ မြင်တွေ့နိုင်သည်။
တခါက ဧည့်သည်များ လာရောက်သောနေရာဖြစ်သည့် မေခမြစ်ကမ်းဘက်သို့ ယခုအခါ သွားရောက်ခွင့် ပိတ်ပင်ထားသည်။ စီမံကိန်းနေရာများကို ဆက်သွယ်သောလမ်းတခုကို တရုတ်ကုမ္ပဏီတခုက တောင်များပေါ်တွင် ပတ်ပြီး ဖေါက်ထားသည်။ မြစ်ဆုံမှ ၄ ကီလိုမီတာခန့် ကွာဝေးသောနေရာတွင် SPIC သည် ကမ်းနှစ်ဖက်လုံးတွင် အဆောက်အအုံများ တည်ဆောက်ထားပြီးဖြစ်သည်။ လုံခြုံရေးဝန်ထမ်းများထားရှိပြီး မြစ်ကမ်း၂ဖက်လုံးတွင် မည်သည့်လှေမျှ မဆိုက်ကပ်စေရန် တားမြစ်ထားသည်။
၂၀၁၀ ခုနှစ်မှ စတင်ပြီး ရွာသားများသည် ၎င်းတို့၏ လယ်တောအိမ်များနှင့် လယ်မြေများသို့ သွားရောက်ခွင့် မရတော့ပေ။ ထိုလယ်မြေများအားလုံး အစိုးရက အစိုးရပိုင်နေရာများအဖြစ် ကန့်သတ် သတ်မှတ်လိုက်သည်။ ၎င်းတို့ လယ်တောသို့ ပြန်သော ကျေးရွာသား ၅၀ ကျော်တို့ကို ခရိုင်နှင့်မြို့နယ်အုပ်ချုပ်ရေးမှူးများက ခေတ္တဖမ်းဆီးခဲ့ကြောင်း ဒေသခံ လူမှုအခြေပြုအဖွဲ့အစည်းများကပြောသည်။ ထိုဖမ်းဆီးခံရသူများ လွတ်မြောက်ရေးအတွက် အလဲအလှယ်အနေဖြင့် ရွာသားအချို့မှာ ရွာဟောင်းသို့ မည်သည့်အကြောင်းကြောင့်မျှ ပြန်မည် မဟုတ်ကြောင်း ခံဝန်လက်မှတ်ရေးထိုးရသည်ဟုလည်း ဆိုသည်။
ထိုကုမ္ပဏီသည် ဆည်တည်ဆောက်ရေးအတွက် မြေညှိစဉ် မြေပေါ်၊ မြေအောက်နှင့် မြစ်ဆုံပတ်ဝန်းကျင်မှ သယံဇာတများကို ထုတ်ယူရန်၊ သစ်ပင်ကြီးငယ်များ အားလုံးကို ခုတ်လှဲရန်စက်ယန္တရားကြီးများကို ယူဆောင်လာသည်ဟု ရွာသားများ၏အဆိုအရ သိရသည်။
“စီမံကိန်းကို ဆိုင်းငံ့လိုက်တာတောင်မှ ဒီကုမ္ပဏီက ကျမတို့ရဲ့မြေကို ပိုင်နေသေးတယ်” ဟု ဒေါ်ရွယ်ဂျား ပြောသည်။
“စီမံကိန်းစပြီး တနှစ်လောက်ကြာတော့ တောင်တွေပေါ်မှာ ဘာပင်မှ မရှိတော့ဘူး” ဟု ဒေါ်ဂျာခေါန် က မေခမြစ်ကမ်းတလျှောက်ရှိ တောင်များကို လက်ညှိုးထိုးကာ ပြောသည်။ “စီမံကိန်း ဆိုင်းငံ့လိုက်တော့မှ သစ်ပင်တွေ ပြန်ပေါက်လာတာ။ ဒါပေမယ့် ကြည်လင်တဲ့ရေကတော့ ပျက်သွားပြီ” ဟုလည်း သူဆက်ပြောသည်။
မြစ်ဆုံအတွက် သွေးစည်းညီညွတ်မှု
တရုတ်အစိုးရက မကြာသေးမီက ဖိအားပေးလိုက်သောကြောင့် မြစ်ဆုံစီမံကိန်းကို ဆန့်ကျင်မှုများ နိုင်ငံတဝန်းတွင် အသစ်တဖန် ပေါ်ပေါက်လာသည်။ တရုတ်သံအမတ် ဟုန်လျှံသည် လွန်ခဲ့သောဒီဇင်ဘာလကုန်က ကချင်ပြည်နယ်သို့ သွားရောက်လည်ပတ်ပြီးနောက် ကချင်တိုင်းရင်းသားများသည်ဆည်တည်ဆောက်ခြင်းကို မဆန့်ကျင်ကြောင်း ပြောလိုက်သောကြောင့် ထိုသို့ ဆန့်ကျင်မှုများပေါ်ပေါက်လာခြင်းဖြစ်သည်။
မကြာသေးမီကဆိုလျှင်လည်း ကချင်ဘာသာရေးခေါင်းဆောင်များအနေဖြင့် မြစ်ဆုံစီမံကိန်း ပြန်လည်စတင်ရေးကို ထောက်ခံရန် ယူနန်ပြည်နယ်မှ အဆင့်မြင့်ခေါင်းဆောင်များက တရုတ်နယ်စပ်မြို့ ရွှေလီတွင် တွေ့ဆုံပြောကြားခဲ့သည်။ ယူနန်ပြည်နယ် ထိပ်တန်းခေါင်းဆောင်များ ကချင်နှစ်ခြင်းအသင်းတော်(KBC) ကိုယ်စားလှယ်များအကြား အစည်းအဝေးတွင် တရုတ်အရာရှိများက မြစ်ဆုံဆည်သည် တရုတ်သမ္မတရှီ၏ ဦးစားပေးစီမံကိန်းဖြစ်ကြောင်းနှင့် ထိုဆည်နှင့်ပတ်သက်ပြီး ၎င်းတို့ဘက်ကသဘောထားပြောင်းလဲခြင်း မရှိကြောင်း ပြောခဲ့သည်။
ထို့ကြောင့် တရုတ်နိုင်ငံက မြစ်ဆုံဆည်ကို ပြန်လည်စတင်ရန် တွန်းအားပေးပြီးနောက် လွန်ခဲ့သောအပတ်များအတွင်း ရန်ုကုန်၊ မြစ်ကြီးနား၊ ပုသိမ်အပါအဝင် အဓိက မြို့ကြီးများတွင် မြစ်ဆုံဆည်ကိုဆန့်ကျင်သော ကန့်ကွက်ပွဲများ ပေါ်ပေါက်လာသည်။
ကချင်လူမှုအသိုင်းအဝန်းမှ လူတစ်သောင်းခန့် ပါဝင်သည့်မြစ်ဆုံဆည်ကို ဆန့်ကျင်သည့် ဆန္ဒပြပွဲတခုကို ဖေဖေါ်ဝါရီလက ဦးဆောင်ကျင်းပပြီးနောက် ဒေါ်ဂျာခေါင်န်သည် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ရေးဥပဒေ ပုဒ်မ ၂၀ အရ တရားစွဲဆိုခံရသည်။
ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနားမှ ၁၉ ကီလိုမီတာခန့်ဝေးသော ဝိုင်းမော်တွင်လည်း ဒေသခံ ၄၀၀၀ တို့သည် မြစ်ဆုံဆည်စီမံကိန်းကို ဧပြီလဆန်းတွင် ထပ်မံ ဆန့်ကျင်ကန့်ကွက်ရန် စီစဉ်ထားသည်။ ဝိုင်းမော်သည် စီမံကိန်း၏ မြစ်အောက်ဖက်ရှိမြို့နယ်တခုဖြစ်ပြီး ဆည်ကျိုးပေါက်ပါက ၎င်းတို့၏နေအိမ်များကို ရေလွှမ်းမိုးခံရမည်ကို ဒေသခံများ စိုးရိမ်နေကြသည်။
“ဒီဆန္ဒပြပွဲ တမြို့လုံး ပါဝင်မယ်။ တရုတ်သံအမတ်ရဲ့ ပြောစကားတွေဟာ မှားယွင်းကြောင်းသက်သေပြမယ်” ဟု ဝိုင်းမော်မြို့နယ် မြစ်ဆုံကော်မတီ ဥက္ကဌ ဝုယန်ကျေးရွာမှ ဘောင်ဆောင်မ်ပြောသည်။
“တရုတ်နိုင်ငံက ဒီစီမံကိန်းကို အမြန်ပြန်စချင်တာနဲ့ အပြင်းအထန် တွန်းအားပေးနေတာ” ဟုလည်း သူပြောသည်။
မြစ်ဆုံဆည်ကို အကန့်အသတ်မရှိ ဆိုင်းငံ့မည် သို့မဟုတ် ပြန်လည်စတင်မည်နှင့်ပတ်သက်ပြီး ပါတီ၏ရပ်တည်ချက်ကို ထုတ်ဖေါ်ပြောဆိုခြင်း မရှိသောကြောင့် အာဏာရပါတီအပေါ် စိတ်ပျက်မှု များသည်လည်း ဒေသခံများအကြားတွင်သာမက ဆည်တည်ဆောက်ရေးလုပ်ငန်းများကို ဆန့်ကျင်သူများအကြားတွင် ပေါ်ပေါက်လာနေသည်။
“ကျနော်တို့က ရှင်းလင်းတဲ့အဖြေပဲ လိုချင်တယ်။ နေ့နေ့ညည စိုးရိမ်ပူပန် မနေချင်ဘူး” ဟု ဘောင်ဆောင်မ်ပြောသည်။
ထင်ရှားသော ကချင်နိုင်ငံရေးသမားဖြစ်သူ ကချင်ပြည်နယ် ဒီမိုကရေစီပါတီ(KSDP) ဥက္ကဌ မနမ်တူးဂျာသည် ဒီဇင်ဘာလက တရုတ်သံအမတ်ကြီးကို တွေ့ဆုံခဲ့ရာတွင်လည်း မြစ်ဆုံဆည်ကို ကချင်လူမှုအသိုင်းအဝန်းက ပြင်းထန်စွာ ဆန့်ကျင်ကြောင်း ပြောဆိုခဲ့သည်။
“ကျနော်တို့က ကချင်ပြည်သူလူထုကို ကိုယ်စားပြုမှန်း သူတို့သိတယ်။ ဒါကြောင့်မို့ သူတို့က ကျနော်တို့ကို ချဉ်းကပ်လာတာ” ဟု သူပြောသည်။
ဒေသခံများ၏ ဆည်ဆန့်ကျင်ရေးစိတ်ဓါတ်ကို သိသောကြောင့် ဒေသခံတိုင်းရင်းသားပါတီများက ၎င်းတို့သည် မြစ်ဆုံဆည်ကို ဆန့်ကျင်မည်ဖြစ်ကြောင်း ကြားဖြတ်ရွေးကောက်ပွဲအတွင်းက ကတိပေးခဲ့ကြသည်။
မနမ်တူးဂျာနှင့် အခြား ကချင်နိုင်ငံရေးသမားများသည်လည်း ဖေဖေါ်ဝါရီလက မြစ်ကြီးနားတွင် ကျင်းပသည့် မြစ်ဆုံစီမံကိန်း အပြီးတိုင်ဖျက်သိမ်းရေး ချီတက်ဆန္ဒပြပွဲတွင် ပါဝင်ခဲ့ကြသည်။
“ကျနော်တို့က ကျနော်တို့ ပြည်သူတွေနဲ့ တသံတည်းပါပဲ။ ဒီစီမံကိန်းကို ပြန်လည်အသက်သွင်းလာတာကို ကျနော်တို့ လုံးဝဆန့်ကျင်ပါတယ်” ဟု မြစ်ကြီးနားရှိ သူ၏နေအိမ်တွင် ဧရာဝတီ သတင်းဌာနနှင့်တွေ့ဆုံစဉ် မနမ်တူးဂျာပြောသည်။
“မြန်မာနိုင်ငံမှာရှိတဲ့သူ ၉၉ ရာခိုင်နှုန်းက ဒီဆည်စီမံကိန်း ပြန်စတာကို သဘောမတူဘူးဆိုတာ ကျနော်ပြောလို့ရတယ်။ ဒီလူတွေထဲမှာ ကချင်တိုင်းရင်းသားတွေသာမက တတိုင်းပြည်လုံးက လူတွေလည်း ပါတယ်” ဟုလည်း သူပြောသည်။
ရိုဟင်ဂျာများကို ဆက်ဆံပုံနှင့်ပတ်သက်ပြီး အနောက်နိုင်ငံများနှင့် မြန်မာနိုင်ငံ၏ဆက်ဆံရေးမှာလွန်ခဲ့သောနှစ်အတွင်း စတင်အစည်းပြေလာသောကြောင့် မြန်မာနိုင်ငံသည် တရုတ်နိုင်ငံနှင့် ပိုမိုနီးကပ်လာသည်ဟု ကချင်နိုင်ငံရေးသမားများ ခံစားနေကြရသည်။ တရုတ်နိုင်ငံ၏ သြဇာကြီးထွားလာခြင်းကြောင့် ထိုဆည်နှင့်ပတ်သက်ပြီး စာချုပ်သစ်တခုချုပ်ရန် အစိုးရကို ဖိအားပေးလာနိုင်သည်ကို ဆည်ဆန့်ကျင်သူများက စိုးရိမ်နေကြသည်။
အစိုးရက ဆည်စီမံကိန်းကို ဖျက်သိမ်းလိုက်ပါက မြန်မာနိုင်ငံသည် ၎င်းတို့ကိုလျှော်ကြေးဒေါ်လာသန်း ၈၀၀ ပေးရမည်ဖြစ်ပြီး ဆက်လုပ်လျှင် တနှစ်လျှင် ဝင်ငွေဒေါ်လာသန်း ၅၀၀ ရမည်ဟု SPIC က ၂၀၁၆ခုနှစ်တွင် ပြောကြားခဲ့သည်။ ရပ်တန့်ထားသည့်အတွက်လည်း နှစ်စဉ် ဒေါ်လာ သန်း ၅၀ ခန့် အတိုးတတ်နေကြောင်းကိုလည်း ပြောဆိုခဲ့သည်။
အာဏာရလာပြီးနောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် မြစ်ဆုံစီမံကိန်းကို ပြန်လည်သုံးသပ်ရန် နှင့် ဖြစ်နိုင်ခြေရှိသော သဘာဝပတ်ဝန်းကျင်နှင့် ဒေသခံအသိုင်းအဝန်းများအပေါ် သက်ရောက်မှုများကို လေ့လာရန် ကချင်ပြည်နယ်ဝန်ကြီးချုပ်အပါအဝင် အဖွဲ့ဝင် ၂၀ ပါဝင်သောကော်မရှင်ကို ဖွဲ့စည်းခဲ့သည်။ ထိုကော်မရှင်သည် ယနေ့အထိ အစီရင်ခံစာ ၂ စောင် တင်သွင်းပြီးဖြစ်သော်လည်း မည်သည့်အစီရင်ခံစာကိုမျှ အစိုးရက ထုတ်ပြန်ကြေညာခြင်း မရှိသေးပေ။
ဇန်နဝါရီလနှောင်းပိုင်းတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်ဆံရေးဝန်ကြီး ဦးသောင်းထွန်းကအစိုးရနှင့် ထိုစီမံကိန်းကို လေ့လာသောကော်မရှင်တရပ်တို့ အပြင်းအထန်ဆွေးနွေးနေကြောင်း၊ ဆည်အရွယ်အစားနှင့် တည်နေရာ သို့မဟုတ် အခြားစီမံကိန်းများဖြင့် အစားထိုးခြင်းတို့အပါအဝင် ဖြစ်နိုင်ခြေအားလုံးကို ထည့်သွင်းစဉ်းစားကြောင်း ပြောကြားခဲ့သည်။
“အရွယ်အစား လျှော့ချတာတို့၊ နေရာရွှေ့တာတို့လည်း အလုပ်ဖြစ်မယ်လို့ ကျနော်မထင်ဘူး။ ကျနော်တို့က ဧရာဝတီမြစ်ပေါ်မှာ ဆည်မလိုချင်ဘူး။ တရုတ်ကုမ္ပဏီတွေဟာ မလိရော မေခရောရဲ့ အထက်ပိုင်းမှာ ဆည်တွေဆောက်နေပြီ။ တော်လောက်ရောပေါ့။ ဒီစီမံကိန်းကို သူတို့ လုံးဝ ရုတ်သိမ်းသင့်တယ်” ဟု ဘောင်ဆောပြောသည်။
ငြိမ်းချမ်းသောအနာဂတ်အတွက် ထိုဆည်စီမံကိန်းကို ရပ်ရမည်ဖြစ်ကြောင်း ရန်ကုန်မှ သာသနာပိုင်ချုပ် ချားလ်ဘိုကလည်း ပြောကြားခဲ့ပြီး ထိုဆည်ကို ဆည်ဆောက်ခြင်းသည် မြန်မာပြည်သူများကို သေဒဏ်ချမှတ်ခြင်းပင် ဖြစ်ကြောင်း ပြောသည်။
တချိန်တည်းတွင် ထင်ရှားသော လူမှုအခြေပြုအဖွဲ့အစည်းခေါင်းဆောင်များ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝါဒီများနှင့် ဆည်ဆန့်ကျင်ရေးလှုပ်ရှားသူများသည် မြစ်ဆုံဆည်စီမံကိန်းနှင့်ပတ်သက်သော သွေးစည်းညီညွတ်မှုကို ပြသရန် ရန်ကုန်တွင် နိုင်ငံလုံးဆိုင်ရာကော်မတီတခုကို ဖွဲ့စည်းခဲ့သည်။
ဦးသိန်းစိန်၏ အရပ်သားတပိုင်းအစိုးရသည်ပင် ထိုစီမံကိန်းကို ၅ နှစ်ကြာ ဆိုင်းငံ့ခဲ့ကြောင်းပြောသည်။ “NLD ကရော ဘာကြောင့်မလုပ်နိုင်ရမှာလဲ။ သူတို့က ပြည်သူက ရွေးချယ်ထားတဲ့အစိုးရလေ” ထင်ရှားသော ပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားတဦးဖြစ်သူ ဒေါ်ဒေဝီသန့်စင်က ပြောသည်။
“NLD အနေနဲ့ သူတို့ မဲဆွယ်ဆောင်ပုဒ်အတိုင်း လိုက်နာစေချင်တယ်။ သူတို့ပဲ ပြည်သူနဲ့ အတူ ရပ်တည်မယ်လို့ ပြောခဲ့တာလေ” ဟုလည်း သူပြောသည်။
“နိုင်ငံ ၂ နိုင်ငံကြားမှာ ချစ်ကြည်ရင်းနှီးမှုတည်ဆောက်ရင် အစိုးရနဲ့ပဲ ဆက်ဆံရေးတည်ဆောက်လို့ မရဘူး။ ပြည်သူတွေနဲ့လည်း ဆက်ဆံရေး တည်ဆောက်ရမယ်။ မြန်မာပြည်သူတွေနဲ့ ဆက်ဆံရေးတည်ဆောက်ဖို့ တရုတ်နိုင်ငံကို ကျမ သတိပေးချင်တယ်” ဟုလည်း သူဆက်ပြောသည်။
NLD အနေဖြင့် ပြည်သူလူထုကို ပြတ်သားရှင်းလင်းသော သတင်းစကားတခု ပေးရန် လိုနေကြောင်းနှင့် ထိုသို့မလုပ်ဆောင်ပါက နိုင်ငံတဝန်းမှ ပြင်းထန်သော ဆန့်ကျင်မှုကို ခံရမည်ဖြစ်ကြောင်း ဒေသခံပြည်သူများ၊ နိုင်ငံရေးသမားများနှင့် တက်ကြွလှုပ်ရှားသူများ၏ ဆည်ဆန့်ကျင်မှု လှိုင်းများက ပြသနေသည်။
“ဧရာဝတီဟာ ဒီနိုင်ငံရဲ့ အသက်သွေးကြောပဲ။ ဒီကိစ္စဟာ ကချင်ပြည်နယ် တခုတည်းရဲ့ ကိစ္စသာမကဘူး အမျိုးသားရေးကိစ္စလည်း ဖြစ်တယ်။ တိုင်းပြည်အသက်သွေးကြောမြစ်တစင်းရဲ့ လည်ပင်းကို ပိတ်လိုက်မယ်ဆိုရင် မြန်မာပြည်သူအားလုံးကို သတ်လိုက်တာနဲ့ အတူတူပဲ” ဟု ဒေါ်ဂျာခေါန်င် ပြောသည်။
“ကျမက တရုတ်လူမျိုးတွေကို မမုန်းဘူး။ ဘာပဲဖြစ်ဖြစ် အိမ်နီးချင်းတွေပဲ။ ကျမတို့ တောင်းဆိုနေတာကို သူတို့နားထောင်သင့်တယ်” ဟုလည်း သူပြောသည်။
“တရုတ်တွေ သူတို့နိုင်ငံကို ငြိမ်းငြိမ်းချမ်းချမ်း ပြန်သွားမယ်လို့ မျှော်လင့်ပါတယ်” ဟုလည်း သူပြောသည်။
(Nan Lwin ၏ As China Pushes, Opposition to Myitsone Dam Builds ကို ဘာသာပြန်ဆိုသည်။)