ဆောင်းပါး

ဒေါ်အောင်ဆန်းစုကြည်၏ တရုတ်ခရီးစဉ်မတိုင်မီ BRI ဆိုင်ရာ စိုးရိမ်မှု မြင့်မားနေ

Want create site? Find Free WordPress Themes and plugins.

နိုင်ငံခေါင်းဆောင်ပေါင်း ၃ ဒါဇင်နီးပါးသည် ဒုတိယအကြိမ်မြောက် ရပ်ဝန်းတခု၊လမ်းတခု Belt and Road Initiative (BRI) ညီလာခံတက်ရောက်ရန် ယခုလအတွင်း ဘေ့ဂျင်းသို့ လာရောက်ကြမည်ဖြစ်သည်။

ထိုခေါင်းဆောင်များအကြား နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်လည်း ပါဝင်မည်ဖြစ်ပြီး တရုတ်-မြန်မာစီးပွားရေး စြင်္ကန်(CMEC) ၏ အစိတ်အပိုင်းဖြစ်သည့် စီမံကိန်းအနည်းဆုံး ၆ ခုနှင့်ပတ်သက်သော သဘောတူစာချုပ်များ ချုပ်ဆိုနိုင်ရန် ညှိနှိုင်းကြမည်ဖြစ်သည်။

လွန်ခဲ့သောနှစ် စက်တင်ဘာလက CMEC အတွက် နားလည်မှုစာချွန်လွှာ(MoU) ကို လက်မှတ်ရေးထိုးစဉ်က မြန်မာအစိုးရသည် တရုတ်နိုင်ငံ၏ ရည်မှန်းချက်ကြီးမားလှသော BRI ၏လုပ်ဖေါ်ကိုင်ဖက် တရားဝင်ဖြစ်လာသည်။ BRI ၏အစိတ်အပိုင်းအဖြစ် တရုတ်နိုင်ငံသည် စီမံကိန်းပေါင်း ၃၀ အဆိုပြုထားသည်။

တရုတ်သမ္မတ ရှီကျင့်ပင်၏ အဓိကနိုင်ငံခြားရေးမူဝါဒဖြစ်သော BRI သည် သမိုင်းဝင် ပိုးလမ်းမကြီးကို ပြန်လည်အသက်သွင်းရေးနှင့် ၂၁ ရာစု ရေကြောင်းပိုးလမ်းမကြီးဖန်တီးရေး မဟာရည်မှန်းချက်ဖြစ်သည်။ ထိုအစီအစဉ်များသည် တရုတ်နိုင်ငံမှ ဗဟိုအာရှ၊ အရှေ့အလယ်ပိုင်းနှင့် ရုရှားတို့ကိုဖြတ်သန်းပြီး ကုန်သွယ်ရေးလမ်းကြောင်းများ ကွန်ရက်တခုကို ဖန်တီးမည်ဖြစ်သည်။ ၂၀၁၃ ခုနှစ်က ထုတ်ပြန်ကြေညာခဲ့သော BRI သည် နိုင်ငံပေါင်း ၇၀ နှင့် ကမ္ဘာ့လူဦးရေ သုံးပုံနှစ်ပုံ ပါဝင်နေသည်။

သို့သော် လွန်ခဲ့သော ၂ နှစ်အတွင်းတွင်မူ BRI သည် နိုင်ငံအများအပြားတွင် ဆန့်ကျင်မှုများဖြင့်ကြုံတွေ့လာရသည်။ BRI တွင် ပါဝင်ခြင်းသည် နိုင်ငံတိုးတက်ရေး အထောက်အကူပြုနိုင်သော်လည်းအချို့နိုင်ငံများသည် သဘောတူညီချက်များကို ပြန်လည်ညှိနှိုင်းလိုကြသည်။

တရုတ်အစိုးရ၏ ထိုအဓိကလမ်းကြောင်းတွင် ကျရောက်နေပြီး ရည်မှန်းချက်ကြီးမားသော အခြေခံအဆောက်အအုံများ တည်ဆောက်ရေးတွင် မရှိမဖြစ် အရေးပါသည့် နိုင်ငံအချို့က အကြွေးထောင်ချောက်မမိစေရန်နှင့် သဘောတူညီချက်များ မျှတမှုရှိရန် ပြန်လည်သုံးသပ်မည်ဖြစ်ကြောင်း ကြေညာထားသည်။

အရှေ့တောင်အာရှမှ ပူပန်မှု

လွန်ခဲ့သောနှစ်က မလေးရှားနိုင်ငံသည် ဝန်ကြီးချုပ်မဟာသီယာ ဦးဆောင်သည့်အစိုးရကို ရွေးချယ်လိုက်ပြီးနောက် မဟာသီယာက စုစုပေါင်းအမေရိကန်ဒေါ်လာ ၁၈ ဘီလျှံတန်ပြီး တရုတ်ကုမ္ပဏီတခုက တည်ဆောက်နေသည့် ရထားလမ်းတခုနှင့် ဓါတ်ငွေ့ပိုက် နှစ်ခုပါဝင်သည့် စီမံကိန်းများကိုဖျက်သိမ်းလိုက်သောအခါ BRI အတွက် အခက်အခဲများ ဖြစ်ပေါ်လာသည်။

ထိုသို့ ဖျက်သိမ်းရခြင်းမှာ အကြွေးထောင်ချောက်ကို ရှောင်ရှားနိုင်ရန်ဖြစ်ကြောင်း မဟာသီယာပြောသည်။ ယခင်ဝန်ကြီးချုပ်က ခွင့်ပြုခဲ့သည့် တရုတ်နိုင်ငံနှင့် မမျှတသည့် သဘောတူညီချက်များကိုဖျက်သိမ်းရန် သို့မဟုတ် ပြန်လည်ညှိနှိုင်းရန် သူ တောင်းဆိုခဲ့သည်။ နာဂျစ်ရာဇာတ်မှာ ကြီးမားသောငွေကြေးအရှုပ်တော်ပုံအတွက် စုံစမ်းစစ်ဆေးခံနေရသည်။

ဝန်ကြီးချုပ် အင်မရန်ခန် ဦးဆောင်သည့် ပါကစ္စတန်အစိုးရသည်လည်း ပါကစ္စတန်ကုမ္ပဏီများအတွက် မမျှတဟု ယူဆသောကြောင့် တရုတ်-ပါကစ္စတန် စီးပွားရေးစြင်္ကန်(CPEC) စီမံကိန်းအားလုံးကို ပြန်လည်သုံးသပ်ပြင်ဆင်ရန် ဆုံးဖြတ်ခဲ့သည်။ မော်ဒိုက်နိုင်ငံတွင်လည်း တရုတ်လိုလားသော သမ္မတကို မကြာသေးမီက ရွေးကောက်ပွဲတွင် ဖြုတ်ချခဲ့သည့် သမ္မတ အီဗရာဟင် မိုဟာမက်ဆိုလစ်သည် BRI နှင့်ပတ်သက်သော အကြွေးများအားလုံးကို ပြန်လည်စိစစ်နေသည်။ အနောက်အာဖရိက နိုင်ငံတခုဖြစ်သော ဆီရာလီယွန်သည် အကြွေးဝန်ထုပ်ဝန်ပိုးကို ရှောင်ရှားရန် မြို့တော်ဖရီးတောင်းပြင်ပတွင် တည်ဆောက်မည့် အမေရိကန်ဒေါ်လာ သန်း ၄၀၀ တန် တရုတ်နိုင်ငံက ငွေကြေးစိုက်ထုတ်သော လေဆိပ်တည်ဆောက်ရေး စီမံကိန်းကို မကြာသေးမီက ဖျက်သိမ်းလိုက်သည်။

ယခု ကျင်းပမည့် ညီလာခံသို့ မတက်ရောက်မီ အင်ဒိုနီးရှားနှင့် မလေးရှားခေါင်းဆောင်များသည် BRI
သဘောတူညီချက်များရရှိရေး တရုတ်ရင်းနှီးမြှုပ်နှံသူများအတွက် စည်းကမ်းချက်များ၊ ပြဋ္ဌာန်းချက်များကို လူသိရှင်ကြား ထုတ်ပြန်ကြေညာကြသည်။ တရုတ်ရင်းနှီးမြှုပ်နှံသူများသည် စည်းကမ်းချက် ၄ ချက် လိုက်နာရမည်ဟု အင်ဒိုနီးရှားနိုင်ငံက ထုတ်ပြန်ကြေညာသည်။ ထိုစည်းကမ်းချက်များတွင် သဘာဝပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်သော နည်းပညာများကိုသာ အသုံးပြုရေး၊ ပြည်တွင်းလုပ်အားကို အများဆုံးအသုံးပြုရေး၊ လေ့ကျင့်ရေးအစီအစဉ်များဖြင့် ပြည်တွင်းလုပ်ဖေါ်ကိုင်ဖက်များကို နည်းပညာမျှဝေရေးနှင့် သတ္တုတူးဖေါ်ရေးလုပ်ငန်းများကဲ့သို့သော သယံဇာတ ထုတ်လုပ်သည့်လုပ်ငန်းများအပေါ် မှီခိုမှုလျှော့ချရန်နှင့် နိုင်ငံစီးပွားရေးအတွက် ရေရှည်အကျိုးရှိစေရန် အင်ဒိုနီးရှားစက်မှုလုပ်ငန်းများအတွက် တန်ဖိုးမြှင့် ထုတ်ကုန်ဖန်တီးသော စီမံကိန်းများဖြစ်ရေးတို့ ပါဝင်သည်။

ညီလာခံမတက်မီ BRI နှင့်ပတ်သက်သည့် သူ၏အမြင်ကို South China Morning Post ကလွန်ခဲ့သောလက မေးမြန်းသောအခါ မလေးရှားဝန်ကြီးချုပ်က အခြားနိုင်ငံများအနေဖြင့် ၎င်းတို့နိုင်ငံအတွင်း စီးဝင်သောငွေသည် တရုတ်နိုင်ငံမှ ချေးယူသော ငွေမဖြစ်ရေးအတွက် သတိပေးပြောကြားလိုက်သည်။ တရုတ် စီမံကိန်းများကို အလွယ်တကူ သဘောတူညီမှုကြောင့် အကြွေးနွံနစ်သောနိုင်ငံများသည် ၎င်းတို့၏လုပ်ရပ်အတွက် တာဝန်ခံရလိမ့်မည်ဖြစ်ကြောင်း သူပြောသည်။ ထို့ကြောင့်မလေးရှားနိုင်ငံသည် တရုတ်ချေးငွေနှင့် လုပ်ဆောင်သော စီမံကိန်းများထက် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုကိုသာ ပိုမိုနှစ်သက်ကြောင်း သူရှင်းပြသည်။ တရုတ်နိုင်ငံ ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးရင်းမြစ်များကို ကြိုဆိုကြောင်း သို့သော် တရုတ်နိုင်ငံ၏ထိန်းချုပ်မှုနှင့် သြဇာကို လက်မခံနိုင်ကြောင်းပြောသည်။

မြန်မာက လွယ်ကူသော သားကောင်လား

မြန်မာနိုင်ငံတွင် CMEC သည် တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ စတင်ကာ မြန်မာနိုင်ငံ၏ အဓိကစီးပွားရေးမြို့ကြီးများဖြစ်သော နိုင်ငံအလယ်ပိုင်း မန္တလေးနှင့် စီးပွားရေးမြို့တော် ရန်ကုန်ကို ဖြတ်ကာရခိုင်ပြည်နယ်မှ ကျောက်ဖြူအထူးစီးပွားရေးဇုန် ဆိပ်ကမ်းအထိ ကီလိုမီတာ ၁၇၀၀ ရှိမည်ဖြစ်သည်။ ထိုအဆိုပြုချက်တွင် မြန်မာနိုင်ငံဘက်ခြမ်း မန္တလေးနှင့် မူဆယ်ကို ဖြတ်သန်းသော အဓိကလမ်း ၂ ခုအဆင့်မြှင့်တင်ရေးနှင့် ရှမ်းပြည်နယ်မှ အခြားလမ်းအချို့ ပါဝင်မည်ဖြစ်သည်။

၂၀၁၇ ခုနှစ် မေလတွင် ဘေဂျင်းတွင် ကျင်းပသော ပထမအကြိမ် Belt and Road Forum ပိတ်ပွဲတွင် ရှီကျင့်ဖျင် မိန့်ခွန်းပြောစဉ်/Reuters

မြန်မာနိုင်ငံသည် တရုတ်နိုင်ငံက အဆိုပြုထားသော စီမံကိန်း ၃၀ အနက် အဓိက ၉ ခုကို အရှိန်မြှင့်လုပ်ဆောင်ရန် သဘောတူထားကြောင်း မန္တလေးတိုင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးနှင့် BRI ပူးတွဲကော်မတီဝင် ဦးမြတ်သူက ဧရာဝတီသတင်းဌာသို့ ပြောသည်။ သို့သော် ထိုစီမံကိန်းများသည် မည်သည့် စီမံကိန်းများဖြစ်သည်ကို သူ ထုတ်ဖေါ်ပြောဆိုခြင်း မရှိပေ။

တရုတ်-မြန်မာနယ်စပ် ရှမ်းနှင့် ကချင်ပြည်နယ်များတွင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ဇုန် ၃ ခုတည်ဆောက်ရေးမှအပ CMEC စီမံကိန်းများစာရင်းကို အစိုးရက တရားဝင် ထုတ်ပြန်ကြေညာခြင်း မရှိပေ။

သို့သော် CMEC အရ မြန်မာနိုင်ငံသည် အိန္ဒိယသမုဒ္ဓရာကို တရုတ်နိုင်ငံက တိုက်ရိုက်အသုံးပြုခွင့်ရစေပြီး ၎င်း၏ရေနံနှင့် သဘာဝဓါတ်ငွေ့များ မလက္ကာရေလက်ကြားကို မဖြတ်သန်းပဲ ပို့ဆောင်နိုင်မည့် အချက်အခြာနေရာဖြစ်သော ကျောက်ဖြူရေနက်ဆိပ်ကမ်းအတွက် နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးထားပြီး ဖြစ်သည်။ ထိုစီမံကိန်းသည် တရုတ်နိုင်ငံ၏ ကုန်းတွင်းပိတ် ယူနန်ပြည်နယ်အတွက် အကျိုးပြုမည်ဖြစ်သည်။

ရန်ကုန်မှ ဒေါ်လာဘီလျှံထောင်ချီတန်သည့် ရန်ကုန်မြို့သစ်စီမံကိန်းသည်လည်း CMEC
၏ အစိတ်အပိုင်းဖြစ်သည်။ ထိုစီမံကိန်းအတွက် မူဘောင်သဘောတူညီချက်တခုကို မကြာသေးမီက လက်မှတ်ရေးထိုးခဲ့ပြီး မြို့သစ်များ၊ စက်မှုဇုန်များနှင့် မြို့ပြဖွံ့ဖြိုးရေးစီမံကိန်းများ ပါဝင်မည်ဖြစ်သည်။

ထိုစီမံကိန်းများသည် မြန်မာနိုင်ငံကို ထိန်းချုပ်ရန် ခက်ခဲသည့် ကြွေးမြီများနှင့် ဝန်ထုပ်ဝန်ပိုးဖြစ်စေပြီးစီမံကိန်းဒေသများတွင် လက်နက်ကိုင်ပဋိပက္ခ ပိုမိုဖြစ်ပွားစေမည်ဟု ဝေဖန်သူများက သတိပေးထားသော်လည်း နိုင်ငံပိုင်ကုမ္ပဏီများဖြစ်သော တရုတ်မီးရထားအုပ်စု(CREEG) နှင့် မြန်မာ့မီးရထားတို့သည် မူဆယ်-မန္တလေး မြန်နှုန်းမြင့်ရထားလမ်းအတွက် ဖြစ်နိုင်ခြေစစ်ဆေးရန် နားလည်မှုစာချွန်လွှာကို အောက်တိုဘာလက လက်မှတ်ရေးထိုးခဲ့ကြသည်။

ရထားလမ်းစီမံကိန်းသည် မြန်မာနိုင်ငံမှ စီးပွားရေးဗဟိုချက် ၂ ခုနှင့် တရုတ်နိုင်ငံအနောက်တောင်ပိုင်း ယူနန်ပြည်နယ်မြို့တော် ကူမင်းတို့ကို ဆက်သွယ်မည်ဖြစ်ပြီး ထိုစီမံကိန်းသည် တရုတ်အစိုးရ၏ဒေသတွင်း မဟာအခြေခံအဆောက်အအုံစီမံကိန်း၏ အစိတ်အပိုင်းဖြစ်သည်။ မူဆယ်-မန္တလေးရထားလမ်းသည် တရုတ်အစိုးရ၏ ယူနန်ပြည်နယ် ရွှေလီမှ ရခိုင်ပြည်နယ်ကျောက်ဖြူအထိ သေနင်္ဂဗျူဟာ ရထားလမ်း၏ ကနဦးအဆင့်ဖြစ်သည်။ ထိုရထားလမ်းနှင့်အပြိုင် အဝေးပြေးကားလမ်းကိုလည်းတည်ဆောက်မည်ဖြစ်ပြီး မြန်မာနိုင်ငံမြောက်ပိုင်း၊ အိန္ဒိယအရှေ့မြောက်ပြည်နယ်များနှင့် ဘင်္ဂလားဒေ့ရှ်တို့သို့လည်း သီးခြားလမ်းများကိုလည်း ပူးတွဲတည်ဆောက်မည်ဖြစ်သည်။

သို့သော် နိုင်ငံ၏ အသက်သွေးကြောဖြစ်သော ဧရာဝတီမြစ်ပေါ်မှ အငြင်းပွားဖွယ်ရာ မြစ်ဆုံဆည်ကို တရုတ်နိုင်ငံက ပြန်လည်အသက်သွင်းရန် ကြိုးစားနေသောကြောင့် တရုတ်နိုင်ငံအပေါ် မုန်းတီးမှုများ တိုးပွားနေချိန်တွင် မြန်မာခေါင်းဆောင်များသည် BRI နှင့်ပတ်သက်သည့် စီမံကိန်းများနှင့် မူဝါဒများကို ထုတ်ဖေါ်ပြောဆိုခြင်း မရှိကြပေ။ အခြားတဖက်တွင်လည်း ကမ္ဘာ့ဘဏ်အပါအဝင် ကျွမ်းကျင်သူများက မြန်မာ့စီးပွားရေးတိုးတက်မှုသည် ယခုနှစ်အတွင်း စတင်မည့် အဓိက BRI စီမံကိန်းများအပေါ် အကြီးအကျယ် မှီခိုနေသည်ဟု ထောက်ပြကြသည်။

မြန်မာအစိုးရသည် CMEC နှင့်ပတ်သက်သော မဟာစီမံချက်တခုကို ရေးဆွဲနေကြောင်း ဧရာဝတီသတင်းဌာနက သိရသည်။ ထိုမဟာစီမံချက်တွင် စီမံကိန်းများကို လူသိရှင်ကြား တင်ဒါစနစ်ဖြင့်ခေါ်ယူရေး၊ ချေးငွေလိုအပ်ပါက မြန်မာနိုင်ငံအနေဖြင့် ရင်းမြစ်အများအပြားမှ ချေးယူနိုင်ရေးစသည်တို့အပါအဝင် အဓိက စည်းကမ်းချက်များ ပါဝင်သည်ဟု သိရသည်။ သို့သော် ထိုမဟာစီမံချက်ပါအကြောင်းအရာများသည် ကြွေးမြီဆိုင်ရာ မူဝါဒ၊ လူသိရှင်ကြား တင်ဒါလုပ်ငန်းအဆင့်ဆင့်နှင့် အလုပ်သမားအခွင့်အရေးတို့အရ လွန်စွာ ကျယ်ပြန့်လွန်းနေသည်။ တရုတ်နိုင်ငံနှင့်ပတ်သက်သော စီမံကိန်းများအတွက် အခြားနိုင်ငံများမှ ချေးငွေရယူရန် ခက်ခဲကြောင်း ကျွမ်းကျင်သူများက ထောက်ပြကြသည်။ လူသိရှင်ကြား တင်ဒါစနစ်အရ ဝင်ရောက်ယှဉ်ပြိုင်သူ အနည်းမျှရှိလျှင်ပင် တရုတ်နိုင်ငံမှမဟုတ်သော ကုမ္ပဏီမဟုတ်လျှင် BRI စီမံကိန်းကို တည်ဆောက်ခွင့်ရဖွယ် မရှိကြောင်း ဝေဖန်သူများက ပြောသည်။

CMEC စီမံကိန်းများသည် မြန်မာရေရှည်ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (MSDP) နှင့် ကိုက်ညီရမည်ဟု စီမံကိန်းနှင့် ဘဏ္ဍာရေး ဒု ဝန်ကြီး ဦးဆက်အောင်က ပြောသည်။ စစ်မှန်ပြီး အားလုံးအကျုံးဝင်ကာ အသွင်ကူးပြောင်းရေးကာလ စီးပွားရေးတိုးတက်မှုရရှိရေးအတွက် ထိုစီမံကိန်းကို လက်ရှိအစိုးရက ရေးဆွဲခဲ့သည်။

MSDP တွင် ဖေါ်ပြထားသော သေနင်္ဂဗျူဟာများသည် အလွန်ကောင်းမွန်သော်လည်း အစိုးရသည် ထိုစီမံကိန်းကို မြေပြင်တွင် မည်သို့အကောင်အထည်ဖေါ်မည်ကို ထုတ်ဖေါ်ပြောကြားခြင်း မရှိသေးကြောင်း သေနင်္ဂဗျူဟာနှင့် မူဝါဒလေ့လာရေးဌာန (ISP- Myanmar) မှ တရုတ်နိုင်ငံဆိုင်ရာ လေ့လာရေးအကြီးအကဲ ဒေါ်ခင်ခင်ကျော်ကြီးက ဧရာဝတီသတင်းဌာနသို့ ပြောသည်။

“CMEC နဲ့ပတ်သက်ရင် MSDP ကို အကောင်အထည်ဖေါ်ဖို့ အစိုးရမှာ လိုအပ်တဲ့ အောက်ခြေယန္တရားတွေ မရှိဘူး” ဟု ပြောသည်။

MSDP အရ ထိုစီမံကိန်းများနှင့် ပတ်သက်သော ဆုံးဖြတ်ချက်များ ချမှတ်ခြင်းနှင့် အကောင်အထည်ဖေါ်ခြင်းနှင့်ပတ်သက်လျှင် အစိုးရသည် အများပြည်သူအသံနှင့် ဆန္ဒများကို နားထောင်ရန် လိုသည်။အစိုးရက လက်မှတ်ရေးထိုးပြီးနောက်ပိုင်း CMEC စီမံကိန်းများနှင့်ပတ်သက်သော သတင်းအချက်အလက်များကို ပြည်သူလူထု မရရှိကြောင်းလည်း သူထောက်ပြသည်။

“ဒီသဘောတူညီချက်နဲ့ပတ်သက်ပြီး ပြည်သူလူထုကို အခြေခံ သတင်းအချက်အလက်တွေတောင် မပေးဘူးဆိုရင် ပွင့်လင်းမြင်သာမှုရှိတယ်လို့ ပြောလို့ မရဘူး” ဟု ထိုစီမံကိန်းများနှင့် ပတ်သက်သော သတင်းအချက်အလက်များ လူသိရှင်ကြားထုတ်ပြန်ရန် အားထုတ်မှုမရှိခြင်းကို သူမေးခွန်းထုတ်သည်။

လက်ရှိကြွေးမြီများ၏ ထက်ဝက်ကို တရုတ်နိုင်ငံတွင် ပေးရန်ရှိနေသော ဖွံ့ဖြိုးဆဲနိုင်ငံတနိုင်ငံအနေဖြင့် မြန်မာနိုင်ငံသည် စီမံကိန်းအဆိုပြုချက် အပြိုင်တင်သွင်းရန် လိုအပ်သလို၊ စီမံကိန်းကြီးများကို ပြန်လည်သုံးသပ်ခြင်း၊ သဘာဝပတ်ဝန်းကျင်နှင့် ကြွေးမြီမူဝါဒများဆိုင်ရာ နိုင်ငံတကာစံနှုန်းများကို ကျင့်သုံးခြင်းစသည့် BRI စီမံကိန်းနှင့် ပတ်သက်သေ ာလုပ်ထုံးလုပ်နည်း တခုချင်းစီကို အကောင်အထည်ဖေါ်သင့်ကြောင်း ကျွမ်းကျင်သူများက အကြံပြုကြသည်။

တရုတ်နိုင်ငံသည် အကူအညီပေးရေးလှုပ်ရှားမှုများနှင့် ချေးငွေအကြီးအကျယ်ထုတ်ပေးခြင်းတို့ဖြင့် BRI တွင် ပါဝင်သောနိုင်ငံအများအပြားကို ဘဏ္ဍာရေးအန္တရာယ် ကျရောက်စေသည်ဟု ဝါရှင်တန်အခြေစိုက် ကမ္ဘာ့တိုးတက်ရေးဌာန အစီရင်ခံစာတစောင်က ၂၀၁၈ ခုနှစ် မတ်လတွင် ဖေါ်ပြခဲ့သည်။

“BRI စီမံကိန်းတွေ အကြွေးတွေ အရမ်းတင်သွားတဲ့နိုင်ငံတွေဆီကနေ မြန်မာနိုင်ငံအနေနဲ့ လေ့လာနိုင်တယ်” ဟု ဘန်ကောက်ရှိ ချုလာလောင်ကွန်တက္ကသိုလ် နိုင်ငံရေးသိပ္ပံဌာနရှိ လုံခြုံရေးနှင့် နိုင်ငံတကာရေးရာဌာနမှ တွဲဖက်ပါမောက္ခ သစ်တည်နန်ပေါင်ဆူဒီရက်က ဧရာဝတီသတင်းဌာနသို့ ပြောသည်။

“မြန်မာနိုင်ငံအနေနဲ့ ပြည်ပကြွေးမြီအများဆုံး ဘယ်လောက်ပဲ ယူရမယ်၊ နိုင်ငံခြားသုံးအရန်ငွေ၊ ပို့ကုန်တိုးတက်မှု၊ စုစုပေါင်းပြည်တွင်းထုတ်လုပ်မှု တိုးလာခြင်းစတဲ့ မက်ခရိုစီးပွားရေးအပေါ် အခြေခံပြီးအကြွေးဘယ်လောက်ဆိုရင် ထိန်းချုပ်နိုင်မယ်ဆိုတာကို ကန့်သတ်တဲ့ကြွေးမြီဥပဒေ ပြဋ္ဌာန်းသင့်တယ်” ဟုလည်း သူပြောသည်။

ပူးပေါင်းဆောင်ရွက်ရေးနှင့် ထိပ်တိုက်မတွေ့ဆုံရေး

နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော မြန်မာနိုင်ငံ BRI ဦးဆောင်ကော်မတီတွင် ပြည်ထဲရေးဝန်ကြီးဌာနမှ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းအထိပါသော ဝန်ကြီးဌာနများမှ ဝန်ကြီး ၁၈ ဦးနှင့် ကချင်၊ မန္တလေး၊ ရခိုင်၊ ရန်ကုန်နှင့် ရှမ်းမှ ဝန်ကြီးချုပ် ၅ ဦး၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်နှင့် နေပြည်တော်ကောင်စီ ဥက္ကဌ စသည့် အဖွဲ့ဝင် ၂၅ ဦးပါဝင်သည်။

၂၀၁၈ ခုနှစ် စက်တင်ဘာလအတွင်း တရုတ်-မြန်မာစီးပွားရေးစြင်္ကန် တည်ဆောက်ရေး နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးစဉ်/ NDRC

BRI စီမံကိန်းများကို BRI ဦးဆောင်ကော်မတီက သုံးသပ်ရမည်ဖြစ်ပြီး မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က ခွင့်ပြုရမည်ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦး၏အဆိုအရ သိရသည်။

“တရုတ်နိုင်ငံက ကိုယ်စားလှယ်တွေနဲ့ စားပွဲဝိုင်းမှာ ညှိနှိုင်းနိုင်တဲ့ ကျွမ်းကျင်သူတွေကို ဖိတ်ခေါ်သင့်တယ်” ဒေါ်ခင်ခင်ကျော်ကြီးပြောသည်။

အစိုးရသည် CMEC စီမံကိန်းများကို တရုတ်နိုင်ငံ၏ အဆိုပြုချက်များအပေါ်တွင်သာ အခြေခံစဉ်းစားကြောင်း၊ လက်တွေ့တွင် နိုင်ငံအကျိုးနှင့်ပြည်သူ့အကျိုး ဖြည့်ဆည်းမည့်အရာများကို အခြေခံပြီး တန်ပြန်အဆိုပြုချက်တင်သင့်ကြောင်းလည်း သူပြောသည်။ ဥပမာဆိုရပါက တရုတ်နိုင်ငံဘက်မှ ကိုယ်ပိုင် BRI စီမံကိန်းများ အဆိုပြုထားသော်လည်း အင်ဒိုနီးရှားအစိုးရသည် နိုင်ငံ၏သေနင်္ဂဗျူဟာစီမံကိန်းများနှင့် ကိုက်ညီပြီး စုစုပေါင်း အမေရိကန်ဒေါ်လာ ၉၁.၁ ဘီလျှံကုန်ကျမည့် စီမံကိန်း ၃၀ ခန့်ကို တန်ပြန် အဆိုပြုခဲ့ကြောင်း သိရသည်။

“တရုတ်နိုင်ငံရဲ့ တာဝန်မဲ့တဲ့ ရင်းနှီးမြှုပ်နှံမှု အလေ့အထတွေကို ဆွေးနွေးတဲ့အခါတိုင်း သူတို့က မြန်မာအစိုးရရဲ့ လုပ်ထုံးလုပ်နည်းတွေကို လိုက်နာမယ်လို့ သူတို့ပြောတယ်။ ဒါက ကျမတို့မှာ နိုင်ငံတကာ စံနှုန်းမီတဲ့ လုပ်ထုံးလုပ်နည်းတွေ လုံလုံလောက်လောက် မရှိကြောင်း ပြသနေတာပဲ” ဟုလည်း သူပြောသည်။

မြန်မာ ရင်းနှီးမြှုပ်နှံမှု ဥပဒေသစ်သည် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စီမံကိန်းများတွင် မြန်မာလုပ်သားအများဆုံး သုံးရန် ဖေါ်ပြထားခြင်း မရှိကြောင်းလည်း သူထောက်ပြသည်။

နိုင်ငံတွင်း တရုတ်ရင်းနှီးမြှုပ်နှံမှုများနှင့် ပတ်သက်သော အများပြည်သူပူပန်မှုများ ရှိစေကာမူ ရခိုင်ပြည်နယ်မှ လူသားချင်းစာနာမှု အကျပ်အတည်းကြောင့် မြန်မာနိုင်ငံသည် တရုတ်နိုင်ငံ၏ လက်အတွင်းသို့ ပြန်တွန်းပို့ခံလိုက်ရသည်။

ဇန်နဝါရီလနှောင်းပိုင်းက ကျင်းပသည့် နိုင်ငံ၏ ပထမဆုံး ရင်းနှီးမြှုပ်နှံမှု ထိပ်သီးဆွေးနွေးပွဲတွင် အခြေခံအဆောက်အအုံ စိန်ခေါ်မှုများအကြောင်း ပြောကြားရာ၌ ဦးသောင်းထွန်းက ကမ္ဘာ့အရေးအပါဆုံး ထွန်းသစ်စစီးပွားရေးများဖြစ်သော တရုတ်နှင့် အိန္ဒိယတို့အကြား သေနင်္ဂဗျူဟာကျစွာတည်ရှိခြင်းကို အသုံးချလိုကြောင်း ပြောသည်။

“BRI ကို ပြန်ကြည့်လိုက်မယ်ဆိုရင် မြန်မာနိုင်ငံက အလယ်မှာ ရှိနေတာ တွေ့ရလိမ့်မယ်။ ရေကြောင်းပိုးလမ်းမကြီးက မြန်မာကနေ ဖြတ်သန်းရမှာမို့လေ” ဟုပြောပြီး မြန်မာနိုင်ငံသည် BRI ၏ဗဟိုချက်ဖြစ်ကြောင်း သူပြောသည်။

BRI စီမံကိန်းများမှ နိုင်ငံအားလုံး အကျိုးခံစားရနိုင်သည်ဟု သူယုံကြည်သောကြောင့် တရုတ်နိုင်ငံသြဇာကြီးထွားလာခြင်းကို အတားအဆီးအဖြစ် မမြင်သင့်ကြောင်း သူပြောသည်။

“ထိပ်တိုက်မတွေ့ဘဲ ပူးပေါင်းဆောင်ရွက်လို့ ရတယ်။ ဒီစီမံကိန်းက ဒေသတွင်းမှာသာမက တကမ္ဘာလုံးတိုးတက်ဖို့ အထောက်အကူပြုနိုင်တယ်” ဟုပြောပြီး BRI အရ မြန်မာနိုင်ငံသည် သယ်ယူပို့ဆောင်ရေးဗဟိုချက် ဖြစ်လာနိုင်ကြောင်း သူရှင်းပြသည်။

တရုတ်နိုင်ငံသည် ဖွံ့ဖြိုးဆဲကမ္ဘာတွင် အခြေခံအဆောက်အအုံ ငွေကြေးစိုက်ထုတ်ပြီး ဆက်လက်တွန်းအားပေးနေချိန်တွင် ကြွေးမြီဆိုင်ရာ သံခင်းတမန်ခင်း စွပ်စွဲချက်များ ပေါ်ပေါက်လာသည်။ BRI
ကို စတင်ကြေညာစဉ်က တရုတ်နိုင်ငံ၏ နိုင်ငံခြားသုံးအရန်ငွေသည် အမေရိကန်ဒေါ်လာ ၄ ထရီလျှံပတ်ဝန်းကျင်တွင် ရှိနေကြောင်း သိရသည်။ ဘေ့ဂျင်းယွမ်ငွေအပေါ် ဖိအားကို လျှော့ချရန် ကြိုးစားသောကြောင့်နှင့် ထိုအရန်ငွေအချို့ကို ပြည်ပတွင် သုံးရန် စိတ်ဝင်စားသော တရုတ်ကုမ္ပဏီများကို ပေးသောကြောင့် လွန်ခဲ့သော ၅ နှစ်အတွင်းတွင် ထိုအရန်ငွေသည် အမေရိကန်ဒေါ်လာ ၃ ထရီလျှံသို့ ကျဆင်းသွားသည်ဟု မီဒီယာသတင်းများအရ သိရသည်။

အမေရိကန်ကုန်သည်ကြီးများ၏ အဆိုအရ တရုတ်ကုမ္ပဏီကြီးများသည် အမေရိကန် အခွန်၏ ဖိအားပေးခံနေရပြီး တရုတ်နိုင်ငံမှ စက်ရုံများ၏ ထုတ်လုပ်မှုမှာ လွန်ခဲ့သောဆယ်စုနှစ်က ဘဏ္ဍာရေးအကျပ်အတည်းနောက်ပိုင်းတွင် မကြုံဖူးသည့်နှုန်းဖြင့် ကျုံ့နေသည်။ ထို့ကြောင့် တရုတ်ကုမ္ပဏီများသည် အကြွေးပိနေပြီး BRI ကဲ့သို့သော ပြည်ပစီမံကိန်းများကို လုပ်ကိုင်ရန် မကြာတော့သောအနာဂတ်တွင် တတ်နိုင်ကြတော့မည် မဟုတ်ပေ။

အင်ဒိုပိစိဖိတ်ဒေသတွင် ၂၀၁၃ ခုနှစ်မှ စတင်ပြီး ဆောင်ရွက်ခဲ့သည့် BRI စီမံကိန်း ၁၈၁၄ ခု၏ ၂၇၀ ကျော်မှာ လက်တွေ့မကျမှုနှင့် ဘဏ္ဍာရေးအရ လက်တွေ့မဖြစ်နိုင်မှုများကြောင့် ရပ်ဆိုင်းသွားခဲ့သည်ဟု မီဒီယာသတင်းများအရ သိရသည်။

“နှစ်ဘက်စလုံးပြန်ညှိပြီး စီမံကိန်းတွေကို မျှမျှတတ ပွင့်လင်းမြင်သာစွာနဲ့ ရင်းနှီးမြှုပ်နှံသူရဲ့ အကျိုးအတွက် မဟုတ်ဘဲ အိမ်ရှင်နိုင်ငံရဲ့ အကျိုးအတွက်ပါ အကောင်အထည်ဖေါ်ရမယ်” ဟု ဒေါ်ခင်ခင်ကျော်ကြီးပြောသည်။

“တရုတ်နိုင်ငံနဲ့ နောက်ထပ်သဘောတူစာချုပ်တွေ မချုပ်ခင် မြန်မာပြည်သူတွေရဲ့ အကျိုးကျေးဇူးကို အာမခံနိုင်တဲ့ မဟာစီမံချက် ဒါမှမဟုတ် လုပ်ထုံးလုပ်နည်းတွေ ရှိသင့်တယ်” ဟုလည်း သူပြောသည်။

( Nan Lwin ၏ Wariness Over BRI as State Counselor Prepares for Beijing Forum ကို ဘာသာပြန်သည်။)

Did you find apk for android? You can find new Free Android Games and apps.
Loading