ဆောင်းပါး

ယမ်းငွေ့တွေ ဝေခဲ့တဲ့ စည်တောင်ရွာ

Want create site? Find Free WordPress Themes and plugins.

ဘူးသီးတောင်မြို့နဲ့ မိုင် ၂၀ နီးပါး ဝေးကွာတဲ့ စည်တောင်ရွာ ကလေးဟာ လရောင် ထိန်ထိန်အောက်မှာ ကမ္ဘာပျက် သလို ကြုံခဲ့ရပါတယ်။

အဲ့ဒီညက ဆယ်တန်း ဖြေထားတဲ့ အသက် ၁၇ နှစ်အရွယ် မစောနှင်းခင်တယောက် အတွက်ကတော့ ဒီတသက်မှာ ဘယ်တော့မှ မေ့ပျောက်မသွားမယ့် အတွေ့အကြုံကို ရင်ဆိုင်ကြုံခဲ့လိုက်ရပြီ။

မတ်လ ၂၁ ရက်နေ့ည ၉ နာရီလောက်က ရွာလယ်မှာရှိတဲ့ ဘိုးဘွား လက်ထက်ကတည်းက နေထိုင်လာကြတဲ့ နေအိမ် မှာ မိသားစုဝင် ၁၀ ဦးကျော် ပျော်ရွှင်စွာနဲ့ စကားလက်စုံကျပြီးတော့ လူစုံတက်စုံ ရှိနေချိန် ဂျိမ်း ဂျိမ်း ဆိုတဲ့ အသံက တရွာလုံးရဲ့ ငြိမ်သက်မှုကို ဖြိုခွင်းလိုက်တယ်။

ရွာထဲမှာ လက်နက်ကြီး လက်နက်ငယ်တို့ ပေါက်ကွဲသံ များနဲ့အတူ ယမ်းငွေ့တွေလည်း ဖုံးလွှမ်းသွားပါတော့တယ်။

သွပ်မိုး၊ ထရံကာ အိမ်ကလေး အနောက်ဘက်က တောင်ကမ်းပါးမှာ တူးထားတဲ့ တခုနဲ့တခု ၃ ပေလောက်သာ ကွာ ဝေး တဲ့ ဗုံးခိုကျင်း ၂ ကျင်းထဲကို တိုင်ပင်စရာ မလို၊ တယောက်ကိုတယောက် လှည့်ကြည့်ချိန်ပင် မရဘဲ ပြေးပုန်း လိုက် ကြရတော့တယ်။

အသက် ၁၀ နှစ်ဝန်းကျင်သာ ရှိတဲ့ ကလေးငယ်တွေက တကျင်း၊ မစောနှင်းခင်နဲ့ ဦးလေး၊ အဒေါ် တော်စပ်သူတို့နဲ့ တခြား မိသားစုဝင်တွေက တကျင်းနဲ့ လူစုကွဲပြီးတော့ ဗုံးခိုကျင်းတွေထဲ ရောက်ခဲ့ကြတယ်။

“သမီးတို့ ဗုံးခိုကျင်းထဲကို ပြေးတဲ့အချိန် ကျည်ဆန်တွေက “ရွှီး …. ရွှီး” မြည်ပြီး မီးခဲတွေ ဘေးနားကနေ ဖြတ်သွားတာ ကိုပဲ သိတယ်။ ခေါင်းလည်း မဖော်ရဲဘူး။ မြေမှာ မျက်နှာကို ကပ်ပြီး ဝပ်နေကြရတယ်”လို့ အဲ့ဒီနေ့က ဝမ်းဗိုက်မှာ ကျည်ဆန် ထိမှန်ထားလို့ စစ်တွေဆေးရုံမှာ ဆေးကုသနေရတဲ့ မစောနှင်းခင်က ခုတင်ပေါ်ကနေ ဝေဒနာကို ခံစားရင်း လေသံ တိုးတိုးလေးနဲ့ သူကြုံတွေ့ခဲ့ရပုံကို ပြန်ပြောပြနေတယ်။

အဲ့ဒီ ကြုံတွေ့ခဲ့ရပုံတွေကို မေးမြန်းတဲ့ အခါ သူ့နှုတ်ခမ်းက ထွက်လာတဲ့ စကားလုံးတိုင်းမှာ ဝေဒနာကို ခံစားရလို့ မျက်ရည်တွေ စီးကျပြီး ခန္ဓာကိုယ်က တဖက် လှည့်လှည့် သွားပါတယ်။
မွန်းလွဲပိုင်း ရွာပြင်မှာ တပ်မတော်သားတွေ ရောက်နေကတည်းက တရွားလုံးက စိုးရိမ်စိတ်တွေ ဖြစ်နေခဲ့ကြတယ်။

ညပိုင်း အမေရိကန် အသံ (VOA) သတင်းဌာနက လွှင့်နေတဲ့ ရေဒီယို သတင်းတွေကို နားထောင်နေရင်း လက်နက် ကြီး ပေါက်ကွဲသံတွေ ကြားလိုက်တာနဲ့ ဗုံးခိုကျင်းထဲ ပြေးဝင်ရတဲ့ စည်တောင်ရွာသား ဦးထွန်းသာစိန် ကလည်း သူ ဗုံးခို ကျင်းကို ပြေးမဝင်မီမှာ တပ်မတော်သားတွေက ရွာထဲက လမ်းကြားတွေအထိ ဝင်ရောက် ပစ်ခတ်နေတာကို မြင်တွေ့ ခဲ့ရတယ်လို့ ပြောပြတယ်။

အဲ့ဒီနေ့ည ၉ နာရီလောက်ကနေ ၁၁ နာရီကျော်အထိ မနားတမ်း ပစ်ခတ်သံတွေကို ကြားနေရပြီးတော့ ဒီလိုသာ ပစ်နေ မယ်ဆို ရွာကလူတွေ အကုန် သေကုန်ကြတော့မှာပဲ ဆိုတဲ့ ကြောက်စိတ်က ကြီးထွားခဲ့ရတယ် လို့လည်း သူက ဆက်ပြောတယ်။

“ည ၉ နာရီလောက်ထဲက ပစ်တာ။ ၂ နာရီလောက် ကြာတဲ့အထိ မနားတမ်းပစ်နေတာ။ ကျနော့်အိမ်နဲ့ နီးနီးလေး။ တဒိုင်းဒိုင်းနဲ့ ပစ်နေတာ”လို့ သူက ဆိုပါတယ်။

နောက်တနေ့ မနက် ၁ နာရီလောက်မှာတော့ သေနတ်ပစ်ခတ်သံတွေ နည်းပါးသွားတာကြောင့် မစောနှင်းခင် တယောက် ခေါင်းမဖော်ဘဲ သူ့ဘေးနားကို ကြည့်လိုက်တဲ့အခါ အသံတွေ တိတ်ဆိတ်နေပြီး သွေတွေလည်း အိုင်ထွန်း နေ တာကို မြင်တွေ့လိုက်ရတယ်။

“ကျမဘေးနားက မောင်လေးလက်မောင်းကို ကိုင်ပြီး မောင်ချေ..မောင်ချေ(မောင်လေး) လို့ခေါ်ပြီး လှုပ်ကြည့်တယ်။ သူ ဘာမှ ပြန်မထူးဘူး။ သူ့လက်တွေကို စမ်းကြည့်တော့ အေးစက်နေပြီ”လို့ မစောနှင်းခင်က ဆိုတယ်။

ဒါပေမယ့် သေနတ် ပစ်သံတွေက လုံးဝရပ်စဲတာ မဟုတ်တဲ့ အတွက် ဗုံးခိုကျင်းထဲမှာ တခြားမိသားစုဝင်တွေ သေနေ လား၊ ရှင်နေလားဆိုတာ ဆက်မကြည့်နိုင်ဘဲ မြေကြီးနဲ့ မျက်နှာ မကွာအောင်သာ ကပ်ထားနေရတယ်လို့ သူက ဆက် ပြော ပါတယ်။

အဲ့ဒီနေ့ဖြစ်စဉ်မှာ စည်တောင်ရွာ အိမ်ပေါ်မှာ အိပ်နေတဲ့ အသက် ၈၀ ကျော်အရွယ် မျက်မမြင်အဘွား တဦးနဲ့ ဗုံးခိုကျင်း ထဲ ဝင်ပုန်းနေတဲ့သူ ၄ ဦးတို့ သေဆုံးခဲ့ပြီး ကျေးရွာသူ၊ ကျေးရွာသားတချို့လည်း ဒဏ်ရာ ရရှိခဲ့ကြပါတယ်။

သေဆုံးခဲ့သူတွေထဲမှာ မစောနှင်းခင်ကို သိပ်ချစ်တဲ့၊ သူနဲ့အတူ ၁၀ တန်းဖြေဆိုထားတဲ့ အသက် ၁၇ နှစ်အရွယ် မောင် ဖြစ်သူ ကိုမြတ်ဆွေသိန်းလည်း ပါဝင်ခဲ့ပါတယ်။

နောက်သေဆုံးသူတွေထဲမှာ အသက် ၁၀ နှစ်အရွယ် မခင်ဇာထွန်းရဲ့ မိဘနှစ်ပါးလုံးလည်း ပါဝင်ခဲ့ပါတယ်။ မခင်ဇာ ထွန်း က အခုဆိုရင် ရင်ခွင်မဲ့လေး ဖြစ်သွားတဲ့ အတွက် သူ့ဆွေမျိုးသားချင်းတွေကပဲ ဆက်စောင့်ရှောက် ထားရတယ်။

ဒဏ်ရာရသူတွေက စေတီတောင် တိုက်နယ်ဆေးရုံမှာ တက်ရောက် ကုသမှု ခံယူနေရပြီး ဒဏ်ရာ ရသူတွေထဲမှာ အပြင်း အထန် ဒဏ်ရာရခဲ့တဲ့ မစောနှင်းခင်နဲ့ သူ့ရဲ့အဒေါ် ဒေါ်တင်အေးသိန်းတို့ အပါအဝင် ၅ ဦးကိုတော့ မြန်မာနိုင်ငံ ကြက်ခြေနီ အသင်း နဲ့ ICRC အဖွဲ့က စစ်တွေဆေးရုံကို ပို့ဆောင်ကာ အတွင်းလူနာအဖြစ် ကုသနေရပါတယ်။

အသက် ၃၀ အရွယ် ဒေါ်တင်အေးသိန်း ဆိုရင် မျက်လုံးတဖက် ဆုံးရှုံးလိုက်ရသလို ကနေ့အချိန်အထိ စကားမပြော နိုင် သေးတဲ့ အနေအထားမျိုး ရှိနေဆဲပါ။

တွေ့ရှိရသည့် လက်နက်ကြီး လက်နက်ငယ် ကျည်ခွံများ / မင်းအောင်ခိုင်/ဧရာဝတီ

ယမ်းငွေ့တွေ လွင့်ပြယ် သွားပြီးနောက်

စည်တောင်ရွာသားတွေက ဗုံးခိုကျင်းထဲမှာ တညလုံး မအိပ်စက်ဘဲ ဖြတ်သန်းပြီးနောက် မနက်ပိုင်း နေရောင်ကို တွေ့မြင် ရတော့မှ ဗုံးခိုကျင်းထဲက ထွက်လာကြပြီး ကျေးရွာအတွင်း အသေအပျောက်နဲ့ ထိခိုက်ဒဏ်ရာ ရသူ ရှိမရှိကို စူးစမ်း လေ့လာကြရတယ်။

ရွာထဲကို ရံဖန် ရံခါ ပစ်ခတ်မှုတွေ ရှိနေသေးတဲ့ အတွက် ဘူးသီးတောင်မြို့နယ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သောင်းရွှေ ဆီကို ဖုန်းနဲ့ ညက ဖြစ်ပျက်ခဲ့တာတွေကို ရွာသူရွာသားတွေက ဆက်သွယ် အကြောင်းကြား ကြ တယ်။

ဦးအောင်သောင်းရွှေ ကလည်း မြို့ပေါ်က အရပ်ဘက် လူမှုအဖွဲ့အစည်းတွေ၊ မြန်မာနိုင်ငံ ကြက်ခြေနီ အသင်း ဘူးသီး တောင် မြို့နယ်ခွဲက တပ်ခွဲမှူး ဦးကျော်မြင့်ေ၀ တို့အဖွဲ့နဲ့အတူ မတ်လ ၂၂ ရက်နေ့ မနက်မှာ စည်တောင်ရွာကို ရောက် လာခဲ့ကြတယ်။

သူတို့အဖွဲ့ စည်တောင်ရွာကို ရောက်တဲ့အချိန် တပ်မတော်သားတွေက ဆုတ်ခွာနေတာကို မြင်တွေ့ရတယ်၊ သူတို့ကို တောင် ကနဦး သေနတ်တွေနဲ့ ချိန်ထားသေးပြီး နောက်မှ ဆုတ်သွားတာလို့ ဦးအောင်သောင်းရွှေက ပြောတယ်။

ဦးကျော်မြင့်ဝေကလည်း သက်ဆိုင်ရာ ဌာနဆိုင်ရာတွေရဲ့ ခွင့်ပြုချက်နဲ့ ဒဏ်ရာရသူတွေကို သယ်ဆောင်ဖို့ စည်တောင် ရွာ ရောက်တဲ့အခါ တပ်မတော်သား တချို့ကို မြင်တွေ့ခဲ့ရတယ်လို့လည်း အတည်ပြုပါတယ်။

တပ်မတော်သားတွေက ရွာအပြင်ဘက်မှာ တဖွဲ့၊ ဘုန်းကြီးကျောင်းမှာ တဖွဲ့ ရှိနေတာကို မြင်တွေ့ရခဲ့ရတယ်လို့ သူက ဆို ပါတယ်။

မစောနှင်းခင်တို့ နေခဲ့တဲ့ ဗုံးခိုကျင်းက အိမ်အနောက်ဘက် တောင်ကမ်းပါးယံမှာ တူးထားတာဖြစ်လို့ တကယ်လို့များ လက်နက်ကြီး ကျည်ဆန်တွေ ကျလာမယ်ဆိုရင်တောင် ဗုံးခိုကျင်းကို ကျော်လွန်ပြီး နေအိမ်ကိုသာ ထိမှာဖြစ်တယ်။ ဗုံးခိုကျင်း ဝန်းကျင်မှာလည်း လက်နက်ကြီး ကျည်ဆန် ကျပြီးပေါက်ကွဲတဲ့ အစအနတွေ တခုမှ မတွေ့တာကြောင့် လက်နက် ငယ်တွေနဲ့ ကျင်းထဲကို ပစ်ခတ်သွားတာ ဖြစ်နိုင်တယ်လို့ ကျေးရွာသားတွေက ယူဆကြတယ်။

တညလုံး လက်နက်ကြီး၊ လက်နက်ငယ်သံတွေ လွှမ်းခြုံနေတာကြောင့် မစောနှင်းခင် အပါအဝင် ဗုံးခိုကျင်းထဲမှာ အသက် ရှင်လျက် ကျန်ခဲ့သူတွေတောင် ကိုယ့်မိသားစုဝင်တွေ ဘယ်လို သေဆုံးခဲ့တယ်ဆိုတာကို မသိလိုက်ကြပါဘူး။

မစောနှင်းခင် ကိုယ်တိုင်ပင် သူ့မှာ ဒဏ်ရာရခဲ့တယ် ဆိုတာကို မနက်ပိုင်း သေဆုံးသူတွေကို လာကြည့်တဲ့ ရွာသူ ရွာသား တွေက သူ့ကိုယ်မှာ သွေးတွေ စီးကျနေတာကို မြင်ပြီး ပြောမှသာ သိခဲ့ရတယ်လို့ မစောနှင်းခင်ရဲ့ ဖခင်ဖြစ်သူ ဦးကျော်ချေ က ပြောပြပါတယ်။

မြေကြီးတွင် စိုက်ဝင်နေသော လက်နက်ကြီး ကျည်တခုကို တွေ့ရစဉ် / မင်းအောင်ခိုင်/ဧရာဝတီ

စည်တောင်ရွာသို့

မတ်လ ၂၆ ရက်နေ့မှာတော့ ဧရာဝတီ သတင်းထောက်နဲ့အတူ တခြား သတင်းထောက်တဦး တို့က ရေကြောင်းကနေ အမြန် ယာဉ်နဲ့ စည်တော်ရွာကို သွားရောက်ခဲ့ကြပါတယ်။ တခြားသော သတင်းထောက်တွေက လုံခြုံရေး အခြေအနေ အရ သွားခါနီးမှ မလိုက်ခဲ့ကြတော့ပါ။

စည်တောင်ရွာဆိုတာက ရသေ့တောင်နဲ့ ဘူးသီးတောင် မြို့နယ်ကြားက အိုးဖောက်(ခ) အုတ်ဖိုရွာ ဆိပ်ကမ်းကနေ တဆင့် သွားရတာပါ။ အိုးဖောက် ဆိပ်ကမ်းဆိုတာကလည်း သတ်သတ်မှတ်မှတ် ဆိပ်ကမ်းရှိတာမဟုတ်၊ အမြန်ယာဉ် ကို ရေလယ်မှာရပ်ပြီး အသင့်စောင့်နေတဲ့ စက်လှေလေးတွေနဲ့ အိုးဖောက် ချောင်းရိုးအတိုင်း စည်တောင်ရွာကို ဆန် တက် ခဲ့ကြတယ်။

ချောင်းရိုးတလျှောက်မှာ ဘင်္ဂါလီရွာသားတချို့က ငါးရှာနေကြတယ်။ စည်တောင်ရွာ မရောက်မီ လမ်းတဝက်မှာ လက်နက်ကြီး ပစ်ခတ်သံတွေက စီးလာတဲ့ စက်လှေလေးရဲ့ အင်ဂျင်စက်သံကို ကျော်လွန်ပြီး ကြားနေရတယ်။

စက်လှေသမားက ရေလယ်မှာ စက်ကို ခဏရပ်ပြီး ပတ်ဝန်းကျင်အခြေအနေကို စောင့်ကြည့်လိုက်တယ်။ ဒီဒေသရဲ့ ရွာသူရွာသားတွေဟာ ဆိုင်ကယ်၊ စက်လှေ စတာတွေနဲ့ နိစ္စဒူ၀ သွားလာနေတာမှာ လမ်းခုလတ်မှာ မထင်မှတ်ဘဲ တိုက်ပွဲနဲ့ကြုံကြရင် အပစ်ခံရတာရှိသလို ဖမ်းဆီးရိုက်နှက်ခံရတာ၊ အစအနတောင် ရှာမရဘဲ ပျောက်သွားတာမျိုးတွေ ရှိခဲ့တာကြောင့် စည်တောင်ရွာခရီးကို သွားရတာ သတိကြီးကြီး ထားပြီး သွားနေရတယ်။

တိုက်ပွဲကြား ညပ်သွားမှာစိုးလို့ ရှေ့တိုးသင့်၊ မသင့်ကို စက်လှေသမားနဲ့ တိုင်ပင်ပြီး နာရီဝက်ခန့် ရေလယ်မှာ စက်ရပ် ပြီး နားစွင့်နေရတယ်။ အိုးဖောက် ချောင်းရိုးတလျှောက်မှာလည်း စက်လှေ အဆင်း၊ အတက် တစီးမှမတွေ့တော့ တစုံ တခုသာ ဖြစ်ခဲ့မယ်ဆိုရင် လူမသိ သူမသိ သေဆုံးသွားနိုင်တယ် ဆိုတဲ့ စိုးရိမ်စိတ်က ကြီးလာနေတယ်။

မိနစ်အတန်ကြာတော့မှ စက်လှေသမားက စည်တောင်ရွာကို ဖုန်းဆက် မေးကြည့်တဲ့အခါ တိုက်ပွဲဖြစ်နေတာက စည်တောင်ရွာနဲ့ အတန်ဝေးတဲ့ ပဲသဒူရွာ အနီးက တောင်တန်းတွေမှာ ဖြစ်နေတာဆိုလို့ စက်လှေက အင်ဂျင်ကို ပြန်နှိုးပြီး ခရီးဆက်ခဲ့ကြတယ်။

စည်တောင်ရွာကို ခြေချမိလိုက်သည့်အချိန် ရွာထဲက အမျိုးသမီးတချို့က အထုပ်ကိုယ်စီဆွဲပြီး ဆိပ်ကမ်းဘက်ကို ဆောက်တည်ရာမရ ပြေးလွှားနေကြတာကို မြင်လိုက်ရတယ်။

“အိုးဖောက် ဒုက္ခသည်စခန်းက အခု ရွာကိုပြန်ပြီး အဝတ်အစားတွေ ပြန်လာယူတာ။ ရွာက ထွက်ပြေးတဲ့နေ့က ကျမတို့ မှာ ဘာမှ ယူချိန်မရလိုက်ဘူး။ ဒီနေ့မှ ပြန်လာယူတာ။ အခုလည်း လက်နက်ကြီးသံတွေ ကြားလို့”လို့ ရွာထဲကနေ ထွက်ပြေး လာနေတဲ့ အမျိုးသမီးတဦးက လှမ်းအော်ပြောတယ်။

စက်လှေပေါ်ကို ခပ်သုတ်သုတ် ဆင်းပြေးသွားတဲ့အတွက် မေးမြန်း စုံစမ်းချိန်တောင် မရလိုက်ပါဘူး။

စည်တောင်ရွာဟာ ရွာလယ်မှာ အရိပ်ကောင်းတဲ့ ကုက္ကိုပင်ကြီးနဲ့အတူ သာယာလှပ နေပေမယ့် နေအိမ်တွေကတော့ ခြံ တံခါးပိတ်ပြီး လူသူကင်းမဲ့ နေပါပြီ။ ရွာစောင့်အဖြစ် အသက်ကြီးတဲ့ အမျိုးသားတချို့နဲ့ လူလတ်ပိုင်း အမျိုးသား တချို့ သာ ကျန်ရစ်ခဲ့ကြတယ်။

ကျန်ခဲ့တဲ့ရွာသားတွေက ကိုယ်တွေ့ကြုံခဲ့ကြရတဲ့ အဖြစ်အပျက်တွေကို ရှင်းပြကြပြီး ရွာထဲမှာ မပေါက်ကွဲဘဲ ကျန်ခဲ့တဲ့ လက်နက်ကြီး ကျည်ဆန်တွေကို လိုက်ပြကြတယ်။ ကျည်ဆန်ထိမှန်ထားတဲ့ တပိုင်းတစ ကျိုးပျက်နေတဲ့ နေအိမ်တွေ၊ အပြာရောင် သွပ်မိုးတွေက ခေါင်မိုးပေါ်မှာ လုံးဝမရှိတော့ဘဲ ဆိုင်ကလုံးမုန်တိုင်း တိုက်သကဲ့သို့ ပျက်စီးနေတဲ့ နေအိမ် တွေ ကို မြင်တွေ့ခဲ့ရတယ်။

မစောနှင်းခင်တို့ ဝင်ပုန်းခဲ့တဲ့ ဗုံးခိုကျင်းထဲမှာ သေဆုံး၊ ဒဏ်ရာရသူတွေရဲ့သွေးတွေက ခြောက်ကပ် ကျန်ရစ်နေဆဲပါ။

စည်တောင်ရွာ ပစ်ခတ်မှုဖြစ်တဲ့ မတ်လ ၂၁ ရက်နေ့ မွန်းလွဲပိုင်းမှာ စည်တောင်ရွာနဲ့ ၁ မိုင်ကျော်လောက်ဝေးတဲ့ စပါးထား ရွာကနေ တပ်မတော်သားတွေ ရောက်လာဟန်ရှိပြီးတော့ အဲ့ဒီနေ့မတိုင်ခင် တရက်အလိုကလည်း သုံးဆက် တဘုံ ဘုရား အနီးက စံဂိုးထောင်ရွာ အနီးမှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် (AA) တို့ တိုက်ပွဲဖြစ်ဟန် ရှိခဲ့ တယ်လို့ ရွာသားတွေက ပြောကြတယ်။

“ကျနော်တို့ ဒီနားတွေမှာက ဒီလိုပဲ။ လက်နက်ကြီး ပစ်ခတ်သံတွေ အမြဲတမ်းကြားနေရတော့ တိုက်ပွဲဖြစ်တာလား၊ နယ်မြေရှင်းတာလားဆိုတာ ကျနော်တို့ မခွဲတတ်ဘူး”လို့ စည်တောင်ရွာသား ဦးထွန်းသာစိန်က ပြောပါတယ်။

နေ့လယ်ပိုင်းထဲက ရောက်လာကြတဲ့ တပ်မတော်သားတွေရဲ့ ယူနီဖောင်း လက်မောင်းတံဆိပ်မှာ ၂၂ ဆိုတဲ့ နံပါတ် တွေ ကို တွေ့မြင်ခဲ့ရပြီး စစရောက်ချင်းက တပ်မတော်သားတွေဟာ ရွာသားတွေနဲ့ အေးအေးဆေးဆေးပဲ ယဉ်ယဉ် ကျေးကျေးနဲ့ အပြန်အလှန် စကားပြောခဲ့ကြပေမယ့် ညနေ ၄ နာရီနောက်ပိုင်းမှာ တပ်မတော်သားတချို့ရဲ့ အပြုအမူက ပြောင်းလဲလာတာကို တွေ့ခဲ့ရတယ်လို့ အိုးဖောက် စစ်ဘေးရှောင် စခန်းကို ရောက်နေတဲ့ စည်တောင်ရွာသူ မနွယ်နွယ်စိုး က ပြန်ပြောပြတယ်။

“ညနေပိုင်းကြတော့ သူတို့က အိမ်တွေကိုဝင်ပြီး အစ်မ ဘာဟင်းချက်လဲ၊ ရော့ ဒီဗုံးသီးယူ၊ အိုးထဲထည့်ပြုတ်လိုက်၊ ဒီ သေနတ် ကြောက်လား၊ အဲ့ဒီလိုမျိုး ပြောလာတယ်။ အဲ့ဒါကြောင့် တခုခုဖြစ်လာမလား ဆိုပြီး သတိနဲ့ နေနေခဲ့ကြတာ။ မိန်းကလေးတွေ တွေ့ရင်လည်း ဟေ့.. ပြေးတယ် .. ပြေးတယ်.. လိုက်လိုက်နဲ့။ ဘေးနားက အိမ်တွေကိုလည်း ဒီအိမ် က ငါ့ယောက္ခမ အိမ်။ အဲ့ဒီလို စသလို နောက်သလိုနဲ့ ပြောလာတယ်”လို့ သူက ဆိုပါတယ်။

ပစ်ခတ် ခံရမှုကြောင့် အမိုးလန်သွားသော အဆောက်အအုံတခု / မင်းအောင်ခိုင်/ဧရာဝတီ

ရွာသူရွာသားတွေက မြေစာပင်လား

ရခိုင်ပြည်နယ် အတွင်း တပ်မတော်နဲ့ AA လက်နက်ကိုင်တို့ ၂ ဖက်တိုက်ပွဲများကြား ဒေသခံ ရွာသူရွာသားတွေဟာ မြေစာပင်တွေ ဖြစ်နေရတယ်။

တပ်မတော် စစ်ကြောင်းတွေကို ကျေးရွာနားတွင် မိုင်းခွဲ တိုက်ခိုက်ခံရတဲ့ အတွက် ရသေ့တောင်မြို့နယ်က သမီးလှ ကျေးရွာနဲ့ မင်းဖူး ကျေးရွာတို့မှာ ပစ်ခတ်မှုတွေကြောင့် ရွာသူရွာသားများ ထိခိုက်သေဆုံးမှု ရှိခဲ့ပါတယ်။

AA တပ်ဖွဲ့ဟာ ကျေးရွာနား များကိုပင်မရှောင် တပ်မတော် စစ်ကြေားတွေကို ချောင်းပစ်တာ၊ မိုင်းခွဲတာ၊ အများ ပြည်သူ သွားလာနေတဲ့ လမ်းမကြီးတွေမှာ တပ်မတော် စစ်ကားတွေကို တိုက်ခိုက်တာကို စိတ်နာနေတဲ့ အကြောင်း အောက်ခြေ တပ်မတော်သား တချို့နဲ့ တပ်မတော်နဲ့ နီးစပ်သူတွေဆီက ကြားရပါတယ်။

တပ်မတော်နဲ့ AA တို့ ၂၀၁၈ ခုနှစ် နိုဝင်ဘာလက စပြီး ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် စစ်ရှောင် ဒေသခံဦးရေဟာ ၂၆၀၀၀ ကျော်အထိ တိုးလာနေပါတယ်။

စည်တောင်ရွာ ပစ်ခတ်မှုဖြစ်စဉ်နဲ့ ပတ်သက်ပြီး တပ်မတော်နဲ့ AA တို့ တိုက်ပွဲ အပြန်အလှန် ဖြစ်ပွားမှုရှိခဲ့ပြီး ကျေးရွာ ထိခိုက်မှုနဲ့ ပတ်သက်လို့တော့ ဖြစ်စဉ် အသေးစိတ်ကို မသိကြောင်း တပ်မတော် သတင်းမှန် ပြန်ကြားရေး အဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

“ကျနော် သိသလောက် အဲ့ဒီနေ့ည ၉ နာရီလောက်မှာပေါ့။ တိုက်ပွဲဖြစ်သွားတာ ရှိတယ်။ စည်တောင်ရွာနဲ့ နီးတယ်။ စည်တောင်ရွာနဲ့ မီတာ ၁ ထောင်(ကိုက် တထောင်ကျော်)လောက် ဝေးမယ်နဲ့တူတယ်။ AA ခန့်မှန်း အင်အားက ရာဂဏန်း လောက် ရှိတယ်။ တိုက်ပွဲမှာ အပြန်အလှန် ဖြစ်တာတော့ ရှိတယ်။ ည ၁၁ နာရီလောက်အထိ ဖြစ်ခဲ့တယ်” လို့ သူက ဆိုပါတယ်။

မတ်လ ၁၉ ရက်နေ့က AA နဲ့ တပ်မတော်တို့ ဘူးသီးတောင်မြို့နယ် ကွမ်းတောကွမ်း တောင်ရွာနဲ့ စပါးထားရွာ ကြားမှာ မနက် ၁၀ နာရီလောက်မှာ တိုက်ပွဲ ၁ နာရီကျော်ကြာ ဖြစ်ပွားခဲ့တယ်လို့ မတ်လ ၂၄ ရက်နေ့မှာ AA အဖွဲ့က သတင်း ထုတ်ပြန်ထားတယ်။

ဒါပေမယ့် မတ်လ ၂၁ ရက်နေ့ စည်တောင်ရွာ အနီးဝန်းကျင်မှာတော့ တိုက်ပွဲ လုံးဝဖြစ်ပွားတာ မရှိဘူးလို့ AA အဖွဲ့ရဲ့ ပြောရေး ဆိုခွင့်ရှိသူ ခိုင်သုခက ပြောပါတယ်။

“စည်တောင်ရွာနားမှာ ကျနော်တို့နဲ့ တိုက်ပွဲဖြစ်တာ လုံးဝမရှိဘူး။ မတ်လ ၂၁ ရက်နေ့မှာရော မတ်လ ၂၀ ရက်နေ့မှာ ရော တိုက်ပွဲဖြစ်တာ မရှိဘူး။ မြန်မာစစ်တပ်ကတော့ မဖြစ်ရင်လည်း ကျနော်တို့အဖွဲ ရှိတယ်ထင်ပြီးတော့ လှမ်းပစ်တာ တော့ ရှိတယ်။ တိုက်ပွဲဖြစ်တဲ့ တလျှောက်မှာ သူတို့နိုင်တဲ့ပွဲ တပွဲမှ မရှိသေးဘူး။ ကြွက်မနိုင် ကျီမီးရှို့တဲ့ သဘောနဲ့ ရွာသားတွေကို တမင်ပစ်ခတ်နေတဲ့သဘောသာဖြစ်တယ်”လို့လည်း သူက ဆိုပါတယ်။

တပ်မတော်နဲ့ AA အဖွဲ့ရဲ့ ပြောဆိုချက်တွေ ကွဲလွဲနေသလို စည်တောင်ရွာ ဒေသခံတွေရဲ့ အမြင်မှာလည်း ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး တိုက်ပွဲ ဖြစ်ပွားခြင်း မရှိဘဲ ရွာသားတွေကို ဦးတည်ပစ်ခတ်ခြင်းဟာ AA နဲ့ ပတ်သက် ဆက်နွယ်မှုရှိတယ် ဆိုပြီး စွပ်စွဲချက်တွေနဲ့ ပစ်ခတ်တာဖြစ်သလို AA အပေါ် ရခိုင်ဒေသခံတွေရဲ့ ထောက်ခံမှု ကျဆင်းလာအောင် လုပ်ဆောင် ခြင်း ဖြစ်တယ်လို့ ဝေဖန်ခဲ့ကြတယ်။

ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်းရွှေက အခုလို အရပ်သားတွေ သေကြေ ပျက်စီးမှုနဲ့ ပတ်သက်ပြီး လက်ရှိ အစိုးရအနေနဲ့ အကာကွယ်ပေးဖို့ လိုအပ်တယ်၊ တဖက်မှာ စစ်ဘေးရှောင် ဒေသခံ တွေ အတွက် အစိုးရရဲ့ ကူညီထောက်ပံ့မှုက မဖြစ်စလောက်သာ ရှိနေပြီးတော့ အလှူငွေ ကောက်ခံတဲ့ အရပ်ဘက် အဖွဲ့အစည်းတွေကိုလည်း ကန့်သတ်ပိတ်ပင်တာတွေ ဖြစ်လာတဲ့အတွက် ရခိုင်လူထုနဲ့ အစိုးရကြားမှာ ပျောက်ဆုံးနေ တဲ့ ယုံကြည်မှုကို ပြန်တည်ဆောက်ဖို့ မလွယ်ကူတဲ့ အခြေအနေကို ရောက်နေတယ်လို့ သုံးသပ် ပြောဆိုတယ်။

စည်တောင်ရွာက ပြန်လာပြီးတော့ အိုးဖောက်ရွာက စာသင်ကျောင်းမှာ ဖွင့်ထားတဲ့ စစ်ဘေးရှောင် ဒုက္ခသည်စခန်းမှာ စစ်ဘေးရှောင်တွေကို အင်တာဗျူး လုပ်နေစဉ်မှာပဲ အုံး..ဂျိန်း ဆိုတဲ့ လက်နက် ပေါက်ကွဲသံတွေက လက်နက်ကြီး ပေါက်ကွဲသံတင်မက ရဟတ်ယာဉ်နဲ့ ပစ်ခတ်နေတဲ့ အသံတွေ နားထဲ တိုးဝင်လာနေတာကို ကြုံခဲ့ရ ပါတယ်။ ။

Did you find apk for android? You can find new Free Android Games and apps.
Loading