မကြာခင် ရောက်ရှိလာတော့မယ့် မြန်မာတို့ရဲ့ နှစ်သစ်ကူး အခါသမယမှာ မိသားစု ဆွေမျိုးသားချင်းတွေ၊ အိမ်နီးချင်း မိတ်ဆွေ သူငယ်ချင်းတွေ၊ မိမိတို့ ချစ်ခင်ရသူတွေနဲ့ ရိုးရာမုန့်တွေ အတူတူ ပြုလုပ်ပြီး စတုဒိသာမဏ္ဍပ်တွေ ဆောက် လုပ် ကာ ကျွေးမွေး အလှူပြုကြတာဟာ မြန်မာတို့ရဲ့ ချစ်စရာ ဓလေ့တခု ဖြစ်ပါတယ်။
တချို့ကလည်း တပိုင်တနိုင် ကိုယ့်အိမ်က မိသားစုလေးနဲ့ပဲ သင်္ကြန်ရိုးရာ မုန့်တွေလုပ်ပြီး ဘုန်းကြီးကျောင်းပို့ ကုသိုလ် ယူ၊ ဘေးအိမ်တွေကို မုန့်လိုက်ဝေကြပါတယ်။ တအိမ်နဲ့တအိမ် မုန့်တွေလုပ်ပြီး အပြန်အလှန် လိုက်ဝေကြရင်း သင်္ကြန် တွင်း ကာလပတ်လုံး ရိုးရာမုန့်တွေကို တနေ့တမျိုး မရိုးအောင် စားရတာဟာလည်း သင်္ကြန်ပွဲတော်ရဲ့ အနှစ်သာရ တခု ဖြစ်ပါတယ်။
ဒီတော့ လာမယ့် သင်္ကြန်တွင်းမှာ အလွယ်တကူ လုပ်စားနိုင်မယ့် သင်္ကြန်ရိုးရာ မုန့်တွေနဲ့ ပြုလုပ်နည်းလေးတွေကို စုစည်း ဖော်ပြပေးလိုက်ပါတယ်။
မုန့်လုံးရေပေါ်
ဒါကတော့ သင်္ကြန်မှာ မပါမဖြစ်တဲ့ ရိုးရာမုန့်တမျိုးပဲ ဖြစ်ပါတယ်။ မိသားစု သူငယ်ချင်း မိတ်ဆွေတွေ ဝိုင်းဖွဲ့ပြီး ထန်းလျက် ညှပ်သူကညှပ်၊ မုန့်လုံးသူက လုံး၊ ပြုတ်သူက ပြုတ်၊ စားသူက စား၊ လိုက်ဝေသူက ဝေနဲ့ သိပ်ကို ပျော်စရာ ကောင်းလှပါ တယ်။ မုန့်လုပ်တဲ့ အဖွဲ့ထဲမှာ စတတ် နောက်တတ်သူတွေ ပါပြီဆိုရင်တော့ ငရုတ်သီးပါတဲ့ မုန့်လုံး ရေပေါ် စားမိရင်း ရယ်ရမလို ငိုရမလို အခိုက်အတန့်တွေလည်း ကြုံရမှာ ဖြစ်ပါတယ်။
မုန့်လုံးရေပေါ် ပြုလုပ်ဖို့ ကောက်ညှင်းမှုန့်၊ ဆန်မှုန့်၊ ထန်းလျက်နဲ့ အုန်းသီး လိုအပ်ပါတယ်။ အရင်ကတော့ မုန့်နှစ်ရဖို့ မုန့် ကြိတ်ဆုံတွေမှာ တရက်လောက် သွားတန်းစီ ကြိုပြီး အပ်ရပေမယ့် အခုတော့ မုန့်နှစ်အတွက် ကောက်ညှင်းမှုန့်၊ ဆန်မှုန့် တွေက အဆင်သင့် ရနိုင်တာမို့ မုန့်ကြိတ်ဆုံဆီ သွားစရာ မလိုတော့ပါဘူး။
မုန့်နှစ်အတွက် ကောက်ညှင်းမှုန့်ရဲ့ ၄ ပုံ ၁ ပုံကို ဆန့်မှုန့်ထည့်ပြီး ရောမွှေပါ။ ရေအနည်းငယ်ထည့်ပြီး မပျော့မမာ အနေ အထားရောက်အောင် နယ်ပြီးပြီဆိုရင်တော့ မုန့်သားကို ခဏထားလိုက်ပါ။ ထန်းလျက်ကို မုန့်လုံးရေပေါ်ထဲ ထည့်ဖို့ သင့်တော် တဲ့အရွယ် စိတ်ထားပါ။ ပြီးရင် အုန်းသီးကို ခြစ်ထားပါ။
ဒါတွေ ပြီးသွားပြီဆိုရင်တော့ မုန့်လုံးရေပေါ် စလုံးလို့ ရပါပြီ။ နယ်ထားတဲ့ မုန့်နှစ်ကို အနေတော်လေးလုံး၊ ထန်းလျက်ခဲ ကို မုန့်ထဲထည့်ပြီး ညီညီညာညာလေး လုံးပါ။ ဒယ်အိုး ဒါမှမဟုတ် ဒန်အိုးကြီးကြီးမှာ ရေ တဝက်ကျော်ကျော် ထည့်ပြီး မီးဖိုပေါ်မှာ တည်ထားပါ။ ရေဆူလာပြီဆိုရင် လုံးထားထဲ့ မုန့်လုံးရေပေါ်တွေကို ထည့်ပါ။
ကျက်လာရင် ရေပေါ်ကို ပေါ်လာတာမို့ ရေပေါ်ပေါ်လာတဲ့ မုန့်လုံးရေပေါ်တွေကို ပန်းကန်တခုထဲထည့်ပြီး အအေးခံ ထား လိုက်ပါ။ အားလုံး ပြီးသွားပြီဆိုရင်တော့ ခြစ်ထားတဲ့ အုန်းသီးတွေ ဖြူးပြီး သင်္ကြန်စာ မုန့်လုံးရေပေါ်ကို စားသုံးနိုင် ပါပြီ။
မုန့်လက်ဆောင်း
မုန့်လက်ဆောင်းကတော့ သင်္ကြန်ကာလရဲ့ စတုဒိသာ ရိုးရာမုန့်တမျိုးပဲ ဖြစ်ပါတယ်။ မုန့်လက်ဆောင်းကို ထန်းလျက်ရည်နဲ့ ရော အုန်းနို့သကြားရည်နဲ့ပါ စားသုံးကြပါတယ်။
ပါဝင်ပစ္စည်းတွေက ဆန်ကြမ်း ၄ လုံး၊ အုန်းသီး ၁ လုံး၊ ထုံးအနည်းငယ်နဲ့ သကြား (သို့) ထန်းလျက် ၁၅ ကျပ်သား လိုအပ် ပါတယ်။
ဆန်ကို ရေနဲ့စင်ကြယ်စွာ ဆေးပြီးနောက် မုန့်ကြိတ်ဆုံမှာကြိတ်ပြီး အနှစ်တွေကို မုန့်အိတ်နဲ့ စစ်ယူပါ။ ရေစစ်တဲ့အခါ မုန့်နှစ် ကို ထုံးကြည်နဲ့ နာနာ နယ်ပေးရပါမယ်။ ပြီးရင် ထုံးရည်ကြည်နဲ့ ကြိုပါ။ မုန့်များရေစစ်ပြီး ပျစ်လာတဲ့အခါ မုန့်လက်ဆောင်း လုပ်တဲ့ သံဆန်ခါပေါ် ထည့်ပြီး အပေါ်ကနေ ဖိချပေးလိုက်ရင် မုန့်ဖတ်ကလေးတွေ သံဆန်ခါ အောက်မှာ ခံထားတဲ့ ရေအေးဇလုံထဲ ရောက်ပြီး မုန့်လက်ဆောင်းဖတ်လေးတွေ ရရှိမှာ ဖြစ်ပါတယ်။
တချို့က အနံ့မွှေးပြီး မုန့်ဖတ် အစိမ်းရောင်လေးတွေ ရဖို့ ဆူးမွှေးရွက် အနည်းငယ် ထည့်ကျိုကြပါတယ်။
ရရှိလာတဲ့ မုန့်လက်ဆောင်းကို အုန်းနို့နဲ့ သကြားရည် ဒါမှမဟုတ် ထန်းလျက်ရည်နဲ့ အုန်းသီးဖတ်လေးတွေ ထည့်၊ ရေခဲ အနည်းငယ် ထည့်ပြီး ချိုအေးမွှေး မုန့်လက်ဆောင်လေး သောက်လို့ရပါပြီ။
မုန့်လက်ဆောင်းဖတ်ကို ကိုယ်တိုင်ပြုလုပ်ဖို့ အခက်အခဲ ရှိတယ်ဆိုရင်တော့ ပြုလုပ်ပြီးသား မုန့်လက်ဆောင်းဖတ် ဝယ်ပြီး လည်း စားသုံးနိုင်ပါတယ်။
မုန့်လက်ဆောင်းဖက် ၁ ပြည်ကို ထန်းလျက် ၂၅ ကျပ်သား (သို့) သကြား ၂၀ ကျပ်သား၊ အုန်းသီးတလုံး အရည်ညှစ်ပြီး (သို့) ခြစ်ထားသည့်အဖတ်၊ ဆားလက်ဖက်ရည်ဇွန်း တဝက်နဲ့ ရေခဲအနည်းငယ်ပဲ လိုအပ်ပါတယ်။
အုန်းနို့ကျောက်ကျော
အုန်းနို့ကျောက်ကျောကတော့ အလွယ်တကူ ပြုလုပ်လို့ရပြီး အလုပ်လည်း သိပ်မရှုပ်တာမို့ လူဦးရေနည်းတဲ့ မိသားစု တွေ အတွက် အဆင်ပြေလှပါတယ်။
အုန်းနို့ကျောက်ကျော ပြုလုပ်ဖို့ ကျောက်ကျော အသေး ၁ ထုပ် (တယ်လီဖုန်း တံဆိပ်)၊ အုန်းနို့ ယိုးဒယားသံဘူးအကြီး ၁ ဘူး၊ သကြား ၂၅ ကျပ်သားနဲ့ ရေ ၂ လီတာ လိုအပ်ပါတယ်။
ကျောက်ကျော ကျိုမယ့်အိုးထဲကို သကြား၊ ကျောက်ကျောမှုန့်နဲ့ အုန်းနို့တို့ကို ထည့်ပြီး အားလုံး ပျော်သွားအောင် မွှေ ပါ။ နှံ့ရင် ရေ ၂ လီတာပါ ထည့်ပြီး ရောမွှေလိုက်ပါ။ ပြီးရင် အိုးကို မီးဖိုပေါ်တင်ပြီး အဆက်မပြတ်မွှေကာ ပွက်ပွက်ဆူ အောင် ကျို ပါ။ ပွက်ပွက်ဆူပြီး ၅ မိနစ်လောက်အကြာမှာ ခဲမခဲသိနိုင်ဖို့ ပန်းကန်အသေးလေးထဲ ကျောက်ကျောရည် ၄/၅ စက် လောက် ချပြီး စမ်းကြည့်လို့ စက္ကန့် ၃၀ လောက်အတွင်း ခဲသွားတယ်ဆိုရင်တော့ အိုးကို ချလို့ရပါပြီ။
ပြီးရင်တော့ အအေးခံမယ့် လင်ဗန်းထဲကို ကျောက်ကျောရည် လောင်းထည့်ပြီး အအေးခံပါ။ အအေးခံထားပြီး ခဲသွားပြီ ဆို ရင်တော့ မိမိ နှစ်သက်သလို လှီးပြီး သုံးဆောင်နိုင်ပါပြီ။
ကန်ဇွန်းဥ သာကူ
အချိုကြိုက်တဲ့ သူတွေအတွက် ကန်ဇွန်းဥ သာကူ ကျိုနည်းလေးပါ။ သင်္ကြန်မဏ္ဍပ် တော်တော်များမှာလည်း စတုဒိသာ ကျွေးလေ့ရှိတာမို့ ကန်ဇွန်းဥ သာကူလုပ်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်းတွေကတော့ သာကူစေ့ ၄၀ ကျပ်သားအတွက် အုန်းသီး ၁ လုံး၊ သကြား ၃၀ ကျပ်သား၊ ကန်စွန်းဥ ၁၀ ကျပ် သားနဲ့ ဆား အနည်းငယ် ဖြစ်ပါတယ်။
သာကူကို ရေနဲ့ စင်ကြယ်စွာဆေးပြီး ကျိုပါ။ သကြားနဲ့ ဆားထည့်ပါ။ အိုးမကပ်အောင် အဆက်မပြတ် မွှေပေးပါ။ သာကူစေ့ တွေ ပျော်သွားပြီဆိုရင်တော့ မကျက်တကျက်ပြုတ်ထားတဲ့ ကန်ဇွန်းဥကို အခွံခွာပြီး အတုံးလေးတွေ စိတ်ပြီး ထည့်ပါ။ တချို့ က ကန်ဇွန်းဥအစား အာလူးစိတ်လေးတွေ ထည့်ပါတယ်။ အားလုံး ကျက်သွားပြီဆိုရင်တော့ ပန်းကန်ထဲထည့် အုန်းနို့ ဒါမှ မဟုတ် အုန်းသီးဖတ်လေးတွေ ထည့်ပြီး သုံးဆောင်နိုင်ပါပြီ။
ရွှေရင်အေး
ရာသီဥတု ပူပူမှာ ရွှေရင်ကို အေးစေမယ့် ရွှေရင်အေးလေး လုပ်စားကြရအောင်။ ရွှေရင်အေးမှာ မုန့်လက်ဆောင်း၊ သာကူ၊ ကျောက်ကျော၊ ကောင်းညှင်းပေါင်း၊ ပေါင်မုန့် စသဖြင့် စုံလွင်စွာ ပါဝင်တာမို့ ပြုလုပ်ရတာ နည်းနည်းလေး အလုပ်ရှုပ်တယ် လို့ ထင်ရပေမယ့် ချိုအေးဆိမ့် အရသာလေးနဲ့ ရွှေရင်အေးက နွေအပူရဲ့ အိုအေစစ်လေးတခုဆိုရင် မမှားပါ။
ရွှေရင်အေးမှာ ပါဝင်ပစ္စည်းတွေက မုန့်လက်ဆောင်းဖတ် ၁ ပြည်ဆိုရင် သာကူစေ့ ၁၀ ကျပ်သား၊ ကောက်ညှင်းပေါင်း ၁၀ ကျပ်သား၊ ကျောက်ကျော ၁ ထုပ်၊ အုန်းသီး ၁ လုံး (အရည်ညှစ်ပြီးသား)၊ သကြား ၃၀ ကျပ်သား ဖြစ်ပါတယ်။
ကျောက်ကျော ပြုလုပ်နည်းကတော့ အပေါ်မှာ ဖော်ပြထားပြီးသား ဖြစ်ပါတယ်။
ရွှေရင်အေး ပြုလုပ်ဖို့ ဒန်အိုး တလုံးထဲကို အုန်းရည်တွေနဲ့အတူ သကြားထည့်ပြီး သကြား အရည်ပျော်တဲ့အထိ ဇွန်းနဲ့ ခပ် ပြင်းပြင်းလေး မွှေပေးထားပြီး ကျိုပါ။ ပြီးမှ သာကူ ကျိုပါ။ သာကူကျိုဖို့ ဒန်အိုးတလုံးထဲ ရေထည့်ပြီး ပွက်ပွက်ဆူ လာ မှသာ ကူကို ထည့်ကာ အဆက်မပြတ် မွှေပေးပါ။ သတိထားရမှာက သာကူတွေ မပြဲစေဖို့ပါ။ နောက်ပြီး သာကူ တွေ မကပ်အောင် အဆက်မပြတ် မွှေပေးရပါမယ်။ သာကူထဲက အဆံလေးတွေ မရှိတော့ဘူးဆိုရင် ရပါပြီ။ ဆန်ခါနဲ့ ဆယ်ယူထားလိုက်ပါ။
ကောက်ညှင်းကို ထမင်းပေါင်းအိုးလေးနဲ့ ချက်ပါ။ ထမင်းချက်တာနဲ့စာရင် ကောက်ညှင်းချက်တဲ့အခါ ရေ လျှော့ထည့်ရ ပါ မယ်။ ကောက်ညှင်းကျက်ရင် ပန်းကန်ထဲထည့်ပြီး အအေးခံထားလိုက်ပါ။
ပြီးတဲ့အခါမှာတော့ ပန်းကန်တခုထဲကို သာကူ၊ ကျောက်ကျော၊ မုန့်လက်ဆောင်းဖတ်၊ ကောက်ညှင်းပေါင်းနဲ့ ပေါင်မုန့် တပွဲစာ ထည့်လိုက်ပြီး အုန်းနို့ရည်ကို ယောက်ချိုဇွန်းနဲ့ ၁ ဇွန်းခန့် ထည့်လိုက်ပါ။ နောက်ဆုံးမှာတော့ ရေခဲတုံးလေးတွေ ထည့်ပြီး စားသုံးနိုင်ပါပြီ။
နှစ်သစ်ကူး အခါသမယမှာ သင်္ကြန်မုန့်လေးတွေ လုပ်ပြီး အလှူဒါနပြုရင်း ကုသိုလ်ယူနိုင်ကြပါစေ။ ။