ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် စစ်ရှောင်နေရသူတွေကို စာနာ ထောက်ထားတဲ့ အနေနဲ့ ရန်ကုန်မြို့မှာ နှစ်စဉ် ကျင်းပနေကျ ရခိုင် သြင်္ကန် ပွဲတော်ကို မကျင်းပတော့ပါဘူး။
ရန်ကုန်မြို့မှာ ရခိုင် သြင်္ကန် ကျင်းပတာ ဒီနှစ် ဆိုရင် ၁၆ နှစ်မြောက်ခဲ့ပါပြီ။
လက်ရှိ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲ အခြေအနေနဲ့ လုံခြုံရေး အခြေအနေကြောင့် အပြင် တခြား အကြောင်း တွေကြောင့်လည်း ပါတယ်လို့ ရခိုင် စာပေနဲ့ ယဉ်ကျေးမှု အသင်းက ဥက္ကဋ္ဌ ဒေါ်စောခင်တင့်က ဆိုပါတယ်။
“အခုကတော့ အကြောင်းအရပ် မျိုးစုံကြောင့် မဖြစ်နိုင်တဲ့ အတွက် လက်လျှော့လိုက်တာပါ။ ပါမစ်တွေ ဘာတွေ ပေးပြီး သားပါ။ အခု လက်ရှိ လုံခြုံရေး အခြေအနေကြောင့်လည်း ပါသလို ဒီမှာ ရှိတဲ့သူတွေကလည်း ရခိုင်မှာ ကိုယ့်ရဲ့ ဆွေမျိုး သားချင်းတွေ အကုန် ရှိနေကြတာ ဆိုတော့ ဘယ်လိုပဲ ဖြစ်ဖြစ် မပျော်ရွှင်နိုင်ကြဘူးပေါ့”လို့ ဒေါ်စောခင်တင့်က ပြော ပါတယ်။
ဒါ့ပြင် အဓိက အချက်တွေထဲမှာ မဏ္ဍပ် ရေလောင်းမယ့် မိန်းကလေးတွေရဲ့ အုပ်ထိန်းသူတွေက ခွင့်မပြုကြဘူး လို့လည်း ဆိုပါတယ်။
ရခိုင်ပြည်နယ်မှာလည်း တိုက်ပွဲတွေကြားထဲက ဒေသခံတွေကို စာနာတဲ့ အနေနဲ့ သြင်္ကန် ပျော်ပွဲ ရွှင်ပွဲတွေ မကျင်းပဘဲ ရိုးရာ နံ့သာသွေးပွဲနဲ့ ဘုရားရေ သပ္ပာယ်ပွဲလောက်ကိုသာ ကျင်းပဖို့ အတွက် စီစဉ်ထားကြတယ်လို့ ဒေသခံ တချို့ထံက သိရပါတယ်။
ရန်ကုန်မြို့မှာ ၁၆ နှစ်မြောက် ရခိုင်သြင်္ကန် ပွဲတော် မကျင်းပ ဖြစ်တော့ဘူး ဆိုပေမယ့်လည်း ရခိုင် သြင်္ကန်ရဲ့ ကျန်ရှိတဲ့ အပိုင်း ၂ ပိုင်း ကိုတော့ ဆက်လက် ကျင်းပဖို့ ရှိနေပါတယ်။
အဲဒါကတော့ ရခိုင် ရိုးရာ နံ့သာသွေးပွဲနဲ့ ဘုရား ရေသပ္ပာယ်တဲ့ ပွဲပါ။
ဒီနေ့ ၂၀၁၉ ခုနှစ် ဧပြီ ၁၂ ရက်ကတော့ ရခိုင် သြင်္ကန်ရဲ့ တစိတ်တပိုင်း ဖြစ်တဲ့ နံ့သာသွေးပွဲကို စတင် ပြုလုပ်နေပြီပဲ ဖြစ် ပါတယ်။
အဲဒါကိုတော့ ရွှေတိဂုံဘုရား အရှေ့ဘက်မုခ်မှာ ရှိတဲ့ ရခိုင်ပြည်နယ် ဓမ္မာရုံမှာပဲ ကျင်းပတာပါ။
ရခိုင် သြင်္ကန်မှာ အပိုင်း ၃ ပိုင်း ရှိပါတယ်။
ပထမပိုင်း အနေနဲ့ သြင်္ကန် အကြိုနေ့မှာ နံ့သာသွေးပွဲ ကျင်းပပါတယ်။ နံ့သာသွေး ပွဲကတော့ နံ့သာဖြူ၊ နံ့သာနီ၊ ကရမက် စတဲ့ အမွှေးနံ့သာတွေကို သွေးပြီးတော့ အိုးတလုံးထဲမှာ စုစည်းထားပါတယ်။ နောက်တရက်မှာတော့ သွေးထားတဲ့ နံ့သာရည် တွေနဲ့ ဘုရားမှာ သပ္ပာယ် ပူဇော်တာပဲ ဖြစ်ပါတယ်။
အရင်နှစ်တွေက ဆိုရင် နံ့သာသွေးပွဲကို အသင်း အဖွဲ့တွေနဲ့ ပြိုင်ပွဲတခုလို ထည့်သွင်း ကျင်းပခဲ့ပါတယ်။ ဒီနှစ်ကတော့ ပြိုင်ပွဲ ပုံစံ မလုပ်ဖြစ်တော့ဘူး လို့ ရခိုင် စာပေနဲ့ ယဉ်ကျေးမှု အဖွဲ့က သိရပါတယ်။
“၁၂ ရက်နေ့ကို ညနေ လောက်ကနေ ညပိုင်း အထိ အသင်းအဖွဲ့တွေက ဆင်တူ ဝတ်စုံနဲ့ နံ့သာသွေးကြမှာပါ။ ခါတိုင်း ကတော့ အမျိုးသမီး အငယ်တွေနဲ့ သွေးတာပေါ့။ အခုကတော့ အမျိုးသမီး အကြီးတွေရော အမျိုးသားတွေရော ပါဝင် နိုင်အောင် ဖိတ်ပါတယ်။ ဘယ်သူမဆို ဝင်ရောက်ပြီး နံ့သာသွေး နိုင်ပါတယ်” လို့ ဒေါ်စောခင်တင့်က ဆိုပါတယ်။
ဧပြီ ၁၃ ရက် ဖြစ်တဲ့ သြင်္ကန် အကြိုနေ့မှာတော့ ၁၂ ရက်နေ့က အားလုံး စုပေါင်း သွေးထားတဲ့ နံ့သာရည်တွေကို ဘုရားမှာ သပ္ပာယ် ပူဇော်မှာ ဖြစ်ပါတယ်။
အဲဒီအခမ်းအနားကိုတော့ ရခိုင် တိုင်းရင်းသားရေးရာ ဝန်ကြီး၊ ရန်ကုန်တိုင်း ဝန်ကြီးချုပ်နဲ့ အစိုးရ အဖွဲ့ဝင်များ၊ အသင်း အဖွဲ့များ၊ ဧည့်သည်တော်များကိုလည်း ဖိတ်ကြားထားပါတယ်လို့ သိရပါတယ်။ ဒါကတော့ ရခိုင် ရိုးရာ သြင်္ကန်ရဲ့ ဒုတိယ အပိုင်းပါ။
ရခိုင်ရိုးရာ ဓလေ့ အရတော့ ဘုရား ရေသပ္ပာယ်ပြီးမှပဲ ရေကစားကြပါတယ်။
အရင်နှစ်တွေက ရခိုင် ရိုးရာ ယဉ်ကျေးမှု သြင်္ကန်ပွဲတော် ကျင်းပရေးမှာ ပါဝင်ခဲ့သူ ဦးအေးမောင် (မြောက်ဦး)က“လုံခြုံရေး အရ ပျော်ပွဲ ရွှင်ပွဲတွေ မလုပ်ဖြစ်တော့ပေမယ့် နောက်နှစ်တွေမှာတော့ ရခိုင်ပြည်နယ်လည်း ငြိမ်းချမ်းမှု ရှိပြီး ရခိုင် သြင်္ကန် လည်း ပြန်လည် လုပ်ဆောင်ဖို့ အတွက် မျှော်လင့်နေတယ်”လို့ ပြောပါတယ်။
ရခိုင် ရိုးရာ သြင်္ကန်ရဲ့တတိယ အပိုင်း ဖြစ်တဲ့ လောင်းလှေနဲ့ ရေကစားခြင်း အစီအစဉ်ကိုတော့ ဒီနှစ်မှာ မလုပ်ဆောင်ဖြစ် တော့တာပါ။
ရခိုင် သြင်္ကန်လို့ ဆိုလိုက်ရင် လောင်းလှေနဲ့ ရေကစား တာက ထင်ရှားပြီးတော့ လူသိများကြပါတယ်။
လောင်းလှေနဲ့ ရေကစားခြင်း အလေ့အထ ကတော့ ရခိုင် တိုင်းရင်းသားတွေရဲ့ ထူးခြားတဲ့ ရိုးရာ တခုလည်း ဖြစ်သလို ဒီအလေ့အထကြောင့်လည်း ရခိုင် သြင်္ကန် က ပိုပြီး ထင်ရှားစေပါတယ်။
လှေထဲမှာ ဘာကြောင့် လောင်းကြသလဲ ဆိုရင် ရခိုင် လူမျိုးတွေက ပင်လယ် ကမ်းရိုးတန်း ဒေသ တလျှောက်မှာ နေ ထိုင် ကြသူတွေပဲ ဖြစ်ပါတယ်။ ကျွန်းတွေနဲ့ ကမ်းရိုးတန်း တလျှောက်မှာ ကြီးပြင်းလာခဲ့ကြပြီး နှစ်ပေါင်းများစွာ အစဉ်အဆက် ကတည်း က ရေလမ်းကို အားကိုးပြီး သွားလာ လှုပ်ရှားကြပါတယ်။
ရခိုင် တိုင်းရင်းသားတွေဟာ အသက်မွေးဝမ်းကျောင်း လုပ်ကိုင်နေတဲ့ လှေကို အရမ်း တန်ဖိုးထားပါတယ်။ ဒါ့ကြောင့် လှေ ကို အသုံးပြုပြီး လှေထဲ ရေထည့်ကာ ရေကစားတဲ့ အလေ့အထ ဖြစ်လာတာပါ။
လောင်းလှေနဲ့ ရေကစားရာမှာ လိုက်နာရမယ့် စည်းကမ်းချက်များစွာလည်း ရှိနေပါတယ်။ အဲဒါတွေကတော့ သြင်္ကန်ထဲမှာ ပါတဲ့ အမျိုးသမီးလေးတွေက မဏ္ဍပ် အတွင်းမှာပဲ ရေကစားရပါတယ်။ ရေကစားမယ့် မိန်းကလေးတွေက အပျို ဖြစ်ရပါ မယ်။ ရေလောင်း မဏ္ဍပ်မှာ ဆိုရင် မဏ္ဍပ် ရှင်မ လို့ ခေါ်တဲ့ မဏ္ဍပ် အုပ်ထိန်းသူ ရှိပါတယ်။
ရေကစားကြမယ့် အမျိုးသားတွေကတော့ အပြင် သတ်မှတ်နေရာမှာပဲ စည်းကမ်းနဲ့ အညီ ရေကစားခွင့် ရှိပြီးတော့ အဖွဲ့ လိုက်လည်း ရေကစားနိုင်သလို သီးသန့် ရေကစားလိုတဲ့ အမျိုးသမီးလေးကိုလည်း ခွင့်တောင်းပြီး ရွေးချယ်ပြီးလည်း ရေ ကစား နိုင်ပါတယ်။
“နောက်တချက်က အမျိုးသမီးလေးတွေကို အမျိုးသားတွေနဲ့ ဘယ်လောက်ပဲ ခင်ခင် ဘယ်လောက်ပဲ ရင်းနှီးရင်းနှီး နာမည် ထုတ်ဖော်ခွင့် မရှိပါဘူး။ အဲဒီ အမျိုးသမီးတွေကို “မရီး” လို့ ပဲ ခေါ်ရပါတယ်” လို့ ဒေါ်စောခင်တင့်က ရိုးရာ ဓလေ့ကို ပြောပြ ပါတယ်။
ရခိုင် ဓလေ့ အရတော့ လူပျိုလေးတွေက ရေကစားဖို့ လာတယ်ဆိုရင် အဲဒီမှာ ရှိနေတဲ့ အမျိုးသမီးကို ရွေးချယ်တဲ့အခါ သူ့မှာ ပါလာတဲ့ ရေနဲ့ အရင်ဆုံး ၂ ချက် ၃ ချက် ဖြန်းလိုက်ရတယ်။ အဲဒီ မိန်းကလေးက သူ့ကို လက်ခံချင်တဲ့ သဘော ဆိုရင် လှေထဲမှာ ပါတဲ့ ရေနဲ့ သူ့ကို ဖြည့်ပေးရတယ်။ ပြီးတော့မှ အတူတူ ရေကစားရတယ်လို့ သိရပါတယ်။
ဒေါ်စောခင်တင့်က “ရေကစားပြီးပြီ ဆိုရင် အမျိုးသားက အမျိုးသမီးကို ချစ်ခွင့် ပန်ချင်ရင် ဖြစ်ဖြစ် ပြန်တော့မယ် ဆိုရင် မေတ္တာရေ လောင်းတာ ဆိုတာ ရှိသေးတယ်။ နောက်ဆုံး မေတ္တာရေ လောင်းမယ် ဆိုရင် အမျိုးသမီးလေးနားကို အမျိုး သားက ကပ်ပေးရတယ်။ နောက်ဆုံး ဒီရေလေးကို တဖြည်းဖြည်းချင်း လောင်းပေးပြီးမှ သဘောကျပါတယ်။ မိဘတွေ တောင်းဖို့ ရမ်းဖို့ ကိစ္စတွေ ပြောကြတယ်” လို့ ဆိုပါတယ်။
ရခိုင်ရိုးရာ သြင်္ကန်ဟာ အမျိုးသားတွေ အတွက် အခွင့်အရေးပဲ လို့လည်း ပြောကြပါတယ်။
အရင် ရှေးကတည်းကဆို ရခိုင် အမျိုးသမီးတွေကသိပ်ပြီး အပြင် ထွက်ကြတာ မဟုတ်ဘူး။ ဒီအမျိုးသမီးတွေကို သဘော ကျတယ် ဆိုရင် အမျိုးသားတွေက သြင်္ကန်ကျအောင် စောင့်ရတာ။ ဒီသြင်္ကန်ပွဲတော်က ဖူးစာဖက် ဆုံတွေ့တဲ့ပွဲ ဆိုရင် လည်း မမှားပါဘူး။
ဒီသြင်္ကန်ကို အကြောင်းပြုပြီးတော့ အိမ်ထောင်ပြုသွားတဲ့သူတွေ အများကြီး ရှိပါတယ်လို့ ရခိုင် သြင်္ကန် ပွဲတော် ဓလေ့ကို ဆိုကြပါတယ်။
ဒါပေမယ့်လည်း အခုနောက်ပိုင်းမှာတော့ ရခိုင် သြင်္ကန်ရဲ့ စည်းကမ်း သတ်မှတ်ချက်တွေ လျော့လျဲလာကြောင်းနဲ့ ရိုးရာ ဓလေ့တွေ ပျောက်ကွယ်လာကြောင်းကို ရခိုင် သြင်္ကန် စီစဉ်သူ တချို့က ပြောပါတယ်။
ဒေါ်စောခင်တင့်က “ကျမတို့က အရင်ကဆို သိမ်ဖြူကွင်းမှာတော့ အကုန်လုံး တာဝန်ယူပြီး ရိုးရာ ဓလေ့ ယဉ်ကျေးမှုကို ထုတ်ဖော်ဖို့ အတွက် ရေဖလားကို ဘယ်လို ကိုင်ရမလဲ ဆိုတာက အစ သင်ပြီး ရိုးရာယဉ်ကျေးမှု နဲ့ အညီ ဖြစ်အောင် လုပ်ခဲ့တယ်။ စဉ်ဆက်မပြတ် ထိန်းသိမ်းခဲ့တယ်။ နောက်ပိုင်းကျတော့ တာဝန်ယူသူတွေလည်း ကွဲသွားတယ်” လို့ ဆိုပါ တယ်။
နောက်ပြီး ဒါက တဦး တယောက်တည်း လုပ်ဆောင်လို့ မရကြောင်းနဲ့ ရခိုင် ရိုးရာ သြင်္ကန် ယဉ်ကျေးမှု အလေ့အထ မပျောက်ကွယ်စေဖို့ အားလုံး ဝိုင်းဝန်း ထိန်းသိမ်းဖို့ လိုတယ်လို့ လည်း တိုက်တွန်းပါတယ်။
၂၀၁၉ ခုနှစ်မှာတော့ ရခိုင် ရိုးရာ သြင်္ကန်ကို ရန်ကုန် အပြင် တခြား မြို့ကြီးတွေမှာ ကြီးကျယ်ခမ်းနားစွာ မပြုကြတော့ဘဲနဲ့ နံ့သာသွေးပွဲနဲ့ ဘုရားရေသပ္ပာယ်ပွဲ ကိုသာ ကျင်းပ ကြဖို့ အတွက် နှိုးဆော်ကြတာလည်း တွေ့ရပါတယ်။
ဒါ့အပြင် ရခိုင် ပြည်နယ် စစ်တွေမြို့မှာတောင် လုံခြုံရေး အခြေအနေကြောင့်မို့ မြို့တော်ဝန် မဏ္ဍပ် မလုပ်တော့ဘူးလို့ သိရပါတယ်။
ရန်ကုန်မြို့ သုဝဏ္ဏကွင်းမှာ ကျင်းပတဲ့ ရခိုင် သြင်္ကန်ကတော့ ၂၀၁၃ ခုနှစ်လောက်ကမှ စတင် ကျင်းပခဲ့တာပါ။ အရင်က ဆိုရင် ရခိုင် သြင်္ကန်ကို သိမ်ဖြူကွင်းမှာ ၂၀၀၄ ခုနှစ်က စပြီး နှစ်စဉ်ကျင်းပ ခဲ့တာပဲ ဖြစ်ပါတယ်။
ရခိုင် သြင်္ကန်ရဲ့ ထူးခြားချက်များကြောင့်ပဲ ရခိုင် တိုင်းရင်းသားတွေသာ မက တိုင်းရင်းသား ပေါင်းစုံနဲ့ ကမ္ဘာလှည့် ခရီး သွားတွေ တကူးတက လည်ပတ်ကြရတဲ့ ပွဲတော် တခုလည်း ဖြစ်သလို နိုင်ငံတော် အဆင့် ပွဲတော် တရပ်လည်း ဖြစ်ခဲ့ ပါတယ်။
ရန်ကုန် သြင်္ကန်ကို ဆင်နွှဲတဲ့ အခါ “ရခိုင် သြင်္ကန်” ကို မရောက်ရင်တော့ သြင်္ကန်ပွဲ စုံအောင် လည်ဖြစ်တယ်လို့ မဆိုနိုင်ပါ ဘူး။
အခုလို ရခိုင် သြင်္ကန် မကျင်းပ ဖြစ်တဲ့အခါမှာတော့ ရန်ကုန်မြို့ သြင်္ကန်မှာ လည်ပတ်စရာ နေရာတခု လျော့သွားသလို နိုင်ငံခြားသား ခရီးသွား ဧည့်သည်တွေ မြန်မာနိုင်ငံကို လာရောက်လည်ပတ်ဖို့ အတွက် ဆွဲဆောင်နိုင်တဲ့ ပွဲတော် တခု လည်း လျော့သွားခြင်းပဲ ဖြစ်ပါတယ်။
တိုင်းရင်းသား အစုံ ပျော်ကြတဲ့ ရခိုင် သြင်္ကန် ပွဲတော် အဓွန့်ရှည်ဖို့ အတွက် ရခိုင် ပြည်နယ် ယမ်းငွေ့တွေ ပြယ်စေဖိ့ု…ရခိုင် ပြည်နယ် အမြန်ဆုံး ငြိမ်းချမ်း အေးချမ်းနိုင်ဖို့ ဆုမွန်ကောင်း တောင်းလိုက်ရပါတယ်။ ။