မြန်မာ့ရိုးရာ သြင်္ကန်နှင့်အတူ ယှဉ်တွဲပါလာသည့် သံချပ်များကို ဒီမိုကရေစီ အစိုးရ လက်ထက်အထိ စည်းကမ်း တင်းကျပ် မှုများနှင့် ငွေကြေး အခက်အခဲများ ရှိနေ၍ သြင်္ကန်သံချပ်များ တဖြည်းဖြည်း ပျောက်ကွယ် သွားမည်ကို စိုးရိမ်ကြောင်း သံချပ် အသင်းများက ပြောဆိုကြသည်။
အထူးသဖြင့် သံချပ်ဆိုသည်က တိုင်းပြည်၏ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး စသည့် ကဏ္ဍ အသီးသီးတွင် လိုအပ်ချက်များ ကို ထောက်ပြဝေဖန်ပြီး သက်ဆိုင်ရာ အုပ်ချုပ်ရေး အာဏာပိုင်များအနေဖြင့် သိမြင်နိုင်စေရန်အတွက် မီးမောင်းထိုးပြသည့် ရိုးရာအစဉ်အလာဖြစ်ကြောင်း စွယ်စုံရ အနုပညာရှင် ဒါရိုက်တာ ဦးဝင်းဖေက ပြောသည်။
၁၉၈၈ ခုနှစ်နောက်ပိုင်း တပ်မတော်အစိုးရ လက်ထက်က သံချပ်များကို ဆက်တိုက် ဖိနှိပ်ခဲ့သောကြောင့် သြင်္ကန်ကာလ တွင် သံချပ်ထိုးကြသည့် အလေ့အထ မှေးမှိန်သွားခဲ့ပြီး ၂၀၁၀ ရွေးကောက်ပွဲပြီးနောက် တက်လာသည့် ဦးသိန်းစိန် အစိုးရ လက်ထက်မှသာ ပြန်လည် ခွင့်ပြုခဲ့သည်။
သို့သော် သံချပ်ထိုးသည့် အသင်းများသည် စာသားများ၊ တင်ဆက်မှုများကို သက်ဆိုင်ရာ တိုင်းနှင့်ပြည်နယ် အစိုးရများထံ ဆင်ဆာတင်ပြီး စိစစ်ခံကြရသည်။
“၈၈ အရေးအခင်း မတိုင်ခင်က သြင်္ကန်မှာ သံချပ်လုပ်ရတာ ပျော်စရာကောင်းတယ်။ မဏ္ဍပ်တွေကလည်း အများကြီး။ ရပ်ကွက်တိုင်း၊ မြို့နယ်တိုင်းမှာ ရှိတယ်။ စစ်အစိုးရလက်ထက်မှာ ပျောက်သွားတာ။ ဦးသိန်းစိန်လက်ထက်မှာ တချို့က လည်း မလုပ်ကြတော့ဘူး။ ပြီးတော့ သံချပ်ကို ဟိုနေရာတင်၊ ဟိုစစ်၊ ဒီစစ်လုပ်နေတော့ ဘယ်သူမှ မလုပ်ချင်ကြတော့ဘူး” ဟု ယခုနှစ်သြင်္ကန်တွင် သံချပ်ထိုးခွင့်ရထားသည့် ကာတွန်း အောက်တိုဘာ အောင်ကြီးက ဆိုသည်။
ယခုနှစ် သြင်္ကန်ကာလတွင် ရန်ကုန်တိုင်းအစိုးရအဖွဲ့၏ သံချပ်စိစစ်ရေးကော်မတီထံသို့ သံချပ်အဖွဲ့ ၁၉ ဖွဲ့ လာရောက် ဆင်ဆာတင်ခဲ့ပြီး စာသားတချို့ကိုသာ အပြောင်းအလဲအနည်းငယ်လုပ်ကာ ၁၉ ဖွဲ့လုံးကို ခွင့်ပြုချက်ပေးခဲ့ကြောင်း ရန်ကုန်တိုင်း အစိုးရအဖွဲ့ရုံးမှ တာဝန်ရှိသူတဦးက ပြောသည်။
နိုင်ငံတော်၏ မူဝါဒကို ထိခိုက်စေသော စာသားအနည်းငယ်ကိုသာ သံချပ်အသင်းများနှင့် ပြန်လည်ညှိနှိုင်းကာ ပြောင်းလဲ ခဲ့ပြီး လာတင်သည့် အသင်းများကို ပိတ်ပင်တာမျိုး မလုပ်ကြောင်း သူက ဆက်ပြောသည်။
သို့ရာတွင် ယခုနှစ် သံချပ်အသင်း ၇ သင်းက တိုင်းအစိုးရထံသို့ တင်ပြခြင်းမပြုဘဲ သြင်္ကန်ကာလတွင် သံချပ်များကို လှည့် လည် ဖျော်ဖြေမည်ဟု အဆိုပါ သံချပ်အသင်းများထံမှ သိရသည်။
ထို့ပြင် ဆင်ဆာ၊ ခွင့်ပြုချက် မတင်ထားသည့် သံချပ်အသင်းများကို ဆုပေးမဏ္ဍပ်များတွင် ဝင်ရောက်ယှဉ်ပြိုင်ခြင်း၊ ဖျော်ဖြေ ခြင်းများ ခွင့်မပြုရန် အမိန့် ညွှန်ကြားချက်များ ထုတ်ပြန်ကာ တားမြစ်ထားသည်ဟုလည်း သိရသည်။
၂၀၁၃ ခုနှစ်ကတည်းက စတင်ဖွဲ့စည်းခဲ့ပြီး နှစ်စဉ်ဆင်ဆာမတင်ပဲ မဏ္ဍပ်ကြီးများတွင် ဖျော်ဖြေမှုပေါင်းများစွာ ပြုလုပ်ကာ ပြည်သူများ၏ အားပေးထောက်ခံမှု အခိုင်အမာရထားသော ဒေါင်းတို့မျိုးဆက် သံချပ်အသင်းသည် ယခုနှစ်တွင်လည်း ဆင်ဆာမတင်သည့်အတွက် တချို့မဏ္ဍပ်များနှင့် လှည့်လည် ဖျော်ဖြေမှုများတွင် ပိတ်ပင်တားဆီးခြင်းများ ကြုံတွေ့ရနိုင် သည် ဟု ဒေါင်းတို့မျိုးဆက် သံချပ်အသင်းမှ ကိုပိုင်ရဲသူက ပြောသည်။
“သံချပ်ဆိုတာ အစိုးရရဲ့ အမြီးအမောက်မတည့်တဲ့ဟာတွေ၊ နိုင်ငံ့အလွဲတွေ အကုန်လုံးကို သံချပ်နဲ့ ပြည်သူတွေသိအောင် ပြောတာ။ ပြီးရင် ပြည်သူတွေ ခံစားနေရတဲ့အခြေအနေတွေ အကုန်လုံးကို အစိုးရမင်းများသိအောင် အနုပညာနဲ့ တင်ဆက် တာ ဖြစ်တယ်။ ဒါက အစိုးရနဲ့ ပြည်သူတွေကို ပေါင်းကူးပေးတဲ့ ပေါင်းကူးတံတားတခုသာဖြစ်တယ်”ဟု သူက ဆိုသည်။
ရန်ကုန်တိုင်း အစိုးရအဖွဲ့ထံသို့ ဆင်ဆာတင်ပြသည့် သံချပ်အသင်းများသည် ၂၀၁၅ ခုနှစ်တွင် ၁၈ သင်း၊ ၂၀၁၆ ခုနှစ်တွင် အသင်း ၂၀ ကျော်၊ ၂၀၁၇ ခုနှစ်တွင် ၂၈ သင်း၊ ၂၀၁၈ ခုနှစ်တွင် အသင်း ၂၀ ကျော်ရှိခဲ့ရာကနေ ယခုနှစ်တွင် ၁၉ သင်းသာ ရှိတော့သည်။
သြင်္ကန်ကာလတွင် သံချပ်နှင့် ပက်သက်၍ ရန်ကုန်မြို့သည် ကြီးကျယ် ခမ်းနားစွာ ကျင်းပလေ့ရှိပြီး မန္တလေး ထက်ပင် အထွန်းကားဆုံး ဖြစ်သော်လည်း ယခုနှစ်တွင်တော့ သံချပ်ထိုး ဖျော်ဖြေမည့် အသင်းများ လျော့နည်းသွားပြီ ဖြစ်သည်
မန္တလေးမြို့တွင်မှု ထူးထူးခြားခြား အသက် ၁၀ နှစ်မှ ၁၃ နှစ်ကြား ကလေး ၁၅ ဦးဖြင့် ဖွဲ့စည်းထားသည့် သံချပ်အဖွဲ့က ဖျော်ဖြေ သွားမည်ဖြစ်ကြောင်း သိရသည်။
ထိုကဲ့သို့ တနှစ်ထက်တနှစ် သံချပ်အသင်းများ လျော့ကျလာရခြင်း၏ တခြားအကြောင်းရင်းတရပ်မှာ ငွေကြေးပံ့ပိုး ကူညီ ပေးမှု လျော့ပါးလာခြင်းကလည်း အဓိကအကြောင်းရင်း ဖြစ်သည်ဟု ကာတွန်း အောက်တိုဘာ အောင်ကြီးက ပြောသည်။
မိမိတို့အသင်းဆိုလျှင် သန်လျင်မြို့နယ် အုပ်ချုပ်ရေးအဖွဲ့မှ မြို့နယ်မဏ္ဍပ်တွင် ဖျော်ဖြေမှုအတွက် ကျပ်ငွေ ၇ သိန်း ထောက်ပံ့ပေးသည့် အတွက် ယခုလို သံချပ်အသင်းကို ပြုလုပ်နိုင်ခြင်းဖြစ်ကြောင်း၊ တခြားသော အစဉ်အလာရှိခဲ့ကြသည့် သံချပ် အသင်းများသည် ငွေကြေးထောက်ပံ့ပေးမည်သူ မရှိသည့်အတွက် ယခုနှစ်တွင် သံချပ်ထိုး ဖျော်ဖြေမှုများ မပြုလုပ် ကြတော့ကြောင်းလည်း သူက ပြောဆိုသည်။
“သံလျင်မြို့နယ် အုပ်ချုပ်ရေးက သံချပ်တသင်းကို ၇ သိန်း၊ ယိမ်းအဖွဲ့တဖွဲ့ကို ၃ သိန်းထောက်ပံ့တယ်။ ဒါတောင် ကျနော် တို့အသင်းဆို ၂ ရက်ပဲ သံချပ်ထွက်ဖို့စီစဉ်နိုင်တယ်။ တရက်ကို ကားငှားခတင် တသိန်းခွဲကျပ်၊ ဆိုင်းအဖွဲ့ငှားတာက တသိန်း ခွဲကျပ်။ အဲ့ဒီတင် ၃ သိန်းကုန်နေပြီ။ သံချပ်အသင်းသားတွေကို ကျွေးတာမွေးတာက ရှိသေးတယ်။ ဒါတောင် ကားကို အလှဆင်တာ၊ အဝတ်စားစရိတ်တွေ မပါသေးဘူး။ အဲ့ဒီတော့ ဒီလောက်ကုန်ကျစရိတ်ကို ဝါသနာပါတာတောင်မှ ငွေမရှိရင် ဘယ်လိုလုပ်နိုင်မှာလဲ။ နိုင်ငံတော်ကလည်း ဘာမှ မပံ့ပိုးပေးနိုင်ဘူးလေ”ဟု သူက ပြောဆိုလိုက်ပါသည်။
ထက်ခေါင်လင်း ပူးပေါင်းရေးသားသည်။