ဟုတ်ကဲ့ ကျောင်းအမကြီးပါ။ ကျောင်းသာမက မြန်မာပြည် တနံတလျားမှာ ရှိတဲ့ ကျောင်းကန် ဘုရားတွေမှာ သူ့ ကုသိုလ် သူ့ကောင်းမှုတွေ တွေ့ရလို့ချည်း နေပါတယ်။
အဲဒီ ကျောင်းအမ ဘုရားအမကြီး တယောက် အသက် ၇၀ အရွယ် အထိ သင်္ကြန် မဏ္ဍပ် ပေါ်မှာ သင်္ကြန်မယ်တွေနဲ့ သင်္ကြန် ၄ ရက်၊ ၅ ရက် နေ့တိုင်း မိုးအလင်း ထိုင်ပြီး သင်္ကြန်ပွဲ ကို ဆင်နွှဲနေတဲ့ မြင်ကွင်းမျိုး မန္တလေးမှာက လွဲရင် တခြား ဘယ်မြို့မှာမှ တွေ့ဖူးမယ် မထင်ပါဘူး။
အသက် ၇၀- ၇၀ ကျော်အထိ ကိုယ်တိုင် ဝင်မကတာက လွဲရင် သင်္ကြန်ပွဲ ဆင်နွှဲနေတယ် ဆိုတဲ့ ကျောင်းအမကြီး ဆိုတာ က ဘယ်သူလဲလို့ မေးရင် ကျမ အစ်မ နဂါး ဒေါ်ဦးပါ လို့ပဲ ဖြေပါမယ်။
သြော် … နဂါး ဆေးလိပ် ဒေါ်ဦးလား ? ။ သူက ဒီလို သင်္ကြန်ပွဲ ဆင်နွှဲတယ် ဆိုရင် သူ့ဆေးလိပ် ကြော်ငြာချင်လို့ ဖြစ်မှာ ပေါ့ ဟုတ်ဘူးလား။ သင်္ကြန်ပွဲကို ကုန်ပစ္စည်း ကြော်ငြာဖို့ အသုံးချနေကြတာ ကြာပါပကောလို့ အကြောင်း မသိသူများ က ပြောကောင်းပြော ထင်ကောင်း ထင်ပါလိမ့်မယ်။ ဒီလို ပြောလာရင် သင်္ကြန်ပွဲကို ကြော်ငြာပွဲ ဖြစ်အောင် လုပ်လာ တာ နှစ်ပေါင်း သိပ်မကြာသေးပါဘူး။ ဒေါ်ဦးက ဒီလို နှစ်ပေါင်း ၄-၅၀ နှစ်တိုင်း နှစ်တိုင်း ငွေကုန်ကြေးကျခံပြီး သင်္ကြန်ပွဲ လုပ်ခဲ့တာ သူ့ ဆေးလိပ် ကြော်ငြာတဲ့ အကျိုးတော့ ရသင့်သလောက် ရမှာပါပဲ။ ဒါပေမယ့် သူက ဒါနဲ့ ကြော်ငြာတဲ့ ပုံစံ လုံးလုံး မလုပ်ခဲ့ပါဘူး။
သူ့သင်္ကြန် မဏ္ဍပ်ကြီးက ဘယ်နှခန်းထိ ကြီးအောင် ကျယ်အောင် ဆောက်ဆောက် သူ့အဖွဲ့ရဲ့ နာမည်ထဲ ဆေးလိပ် ဆိုတဲ့ စကား နဂါး ဆိုတဲ့ ဆိုင်းဘုတ် ယောင်လို့မှ ချိတ်မထားပါဘူး။
“ရေနန်းသူဇာ ရေသဘင် အဖွဲ့” ဆိုတာ သူ့ရေပက် အသင်းရဲ့ နှစ်တိုင်း နာမည်ပါ။ ဇာတ်ခုံကြီးရဲ့ နောက်ခံကားက စည်းပုံ ဆောင်း လူယောင်ဆောင် နဂါးမလေးတွေက ရေကန်ကြီး တကန်မှာ ရေချိုး ရေကစားနေကြတဲ့ ပုံပါ။
ဒေါ်ဦးက သူကိုယ်တိုင်က အဆို အက ဝါသနာပါပါတယ်။ ကျမတို့ ညီအစ်မ လေးယောက်ထဲမှာ သူက အကကို မသင် ရ ဘဲ နဲ့ ငယ်ငယ်လေးကတည်းက က တတ်ပါတယ်။ သူငယ်ငယ်က ရုပ်ရှင်ကြော်ငြာ လှည့်တဲ့ကား အတီးနဲ့ လာရင် သူက အဲဒီ အတီးနဲ့ အိမ်ထဲကနေပြီး လိုက်ကနေတာပါ။ သူ့ အက ကလည်း ခေါင်းရော ခါးရော ပါတဲ့အကပါ။ သူ့ ပါရမီပဲ။ ကျမတို့ လေးယောက်ထဲမှာ ဒုတိယ က တတ်သူက ကျမ ညီမ ဒေါ်တင်တင်ပါ။ ကျန် နှစ်ယောက် လုံးဝ မကတတ် ကြဘူး။
အဲဒီလို က တတ်တဲ့ ဒေါ်ဦးက သင်္ကြန်နား နီးပြီ ဆိုရင် သူ့ ဆေးလိပ်ခုံက မိန်းကလေးတွေ ထဲက အက သင်ရင် တတ် လောက်တဲ့ မိန်းကလေး၊ အရွယ်လေးရော၊ ရုပ်ကလေးရော သင့်တဲ့ မိန်းကလေးတွေကို သူက ကိုယ်တိုင် ရွေးပါတယ်။ ၁၀၀- ၁၅၀။ ပြီးတော့ အကဆရာမ (ပန်တျာကလို ဟာမျိုး) ကို ခေါ်ပြီး တလ ကိုးသီတင်း သင်ပေးပါတယ်။ တော်တော် ဟန်တော့ စိန်တင်ဟန် တို့လို ဆိုင်းဝိုင်းကြီး တဝိုင်းကို ခေါ်ပြီး တနှစ်တခါ အရေးခိုင်းထားတဲ့ သူ့သင်္ကြန် သီချင်းနဲ့ အက ကို ဆိုင်းနဲ့ တိုက်ပြီး ကစေတာပါ။
သူ့ တိုက်ကြီးပေါ်မှာ ညနေ ကနေ ည မိုးချုပ် အထိ တိုက်နေတာ အကြာကြီး၊ ရက်နီးတော့ တနေ့လုံး ယိမ်း တိုက်နေ တော့ တာပါ။ ဒီလို တိုက်နေရင်း ဟန်ကျအောင် မကတဲ့ မိန်းကလေးကို တွေ့ရင် မမဦးက သူကိုယ်တိုင် ဒီမိန်းကလေး ကို အပြင် ဆွဲခေါ်ပြီး လက် ဒီလိုထား၊ ခေါင်းနဲ့ ခါးက ဘယ်လိုနေ ဆိုပြီး လုပ်ပြတယ်။ အလုပ်ခိုင်းတယ်။ ရှေ့က သူက လုပ်ပြပြီး သင် ပေးတာပါ။
သူ့ယိမ်းက စပ်ထားတဲ့ သီချင်းထဲမှာ ဆေးလိပ် အကြောင်း ယောင်လို့မှ တလုံး တပါဒမှ မပါဘူး။ တကယ်တမ်း ပြောရ ရင် နှစ်တိုင်း နှစ်တိုင်း ဒီကောင်မလေးတွေကို နေ့တွက်ပေး၊ ထမင်းကျွေး၊ ဆိုင်းနဲ့ အက သင် ဆရာမကိုလည်း ထိုက်ထိုက် တန်တန် ပေးပြီး သင်ပြ အက ခိုင်းနေတာဟာ သူ့ ဆေးလိပ် ကြော်ငြာချင်လို့ မဟုတ်ပါဘူး။ သူကိုယ်တိုင် က ဝါသနာ ပါလို့ပါ။ သူ့မွေးစား သမီးဆိုရင် နှစ်တိုင်း ယိမ်းထဲ ရှေ့တန်းက ပါရတာပဲ။ ကျမ ထင်ပါတယ်။ သူကိုယ်တိုင် လူက ဝင်မက ပေမယ့် စိတ်ကတော့ ဝင်ကနေမှာပါ။
နေ့တခြိမ်းခြိမ်း ယိမ်းတိုက်၊ ည ညဉ့်နက် သန်းခေါင် ဒီတိုက်ပေါ်မှာပဲ ယိမ်းတိုက်၊ က ရာမှာဝတ်ဖို့ ဆင်တူ အဝတ်တွေ ဝယ် ပေးပြီး သင်္ကြန်ရက်မှာ တရက်မှ ဇာတ်ခုံပေါ်က မဆင်းဘဲ မိုးအလင်း ထိုင်နေတယ် ဆိုတာ တော်ရုံ ဝါသနာ ပါရုံနဲ့ တောင် တတ်နိုင်တယ် မထင်ပါဘူး။ ကျမ အနေနဲ့ ပြောရရင် သူမို့သာ ခံနိုင်တာပါ။ သူ့အိမ်နဲ့ ကျမအိမ် မျက်စောင်းထိုး မျက်နှာချင်း ဆိုင်ပဲဟာ၊ အားလုံး မြင်တွေ့ ကြားသိနေရတာပါပဲ။
မန္တလေးမြို့ရဲ့ ဟိုတုန်းက သင်္ကြန်ကလည်း သူများမြို့တွေက သင်္ကြန်နဲ့ မတူပါဘူး။ လူကို မီးသတ်ပိုက်နဲ့ပက်ပြီး ရေလုံး နဲ့ နှိပ်စက်ချင်တဲ့ သင်္ကြန်မျိုး မဟုတ်ပါဘူး။ ကုန်ပစ္စည်း ရောင်းချင်တဲ့ လူတွေ ကြိုက်သလောက် ကြော်ငြာနိုင် တဲ့ သင်္ကြန်မျိုး ဟိုတုန်းက မဟုတ်ခဲ့ဘူး။ အချင်းချင်း ပျော်ပျော်ပါးပါး ချစ်ချစ်ကြည်ကြည် ကကြ ဆိုကြ တီးကြ မှုတ်ကြမယ်၊ ရေပက်ကြမယ်၊ အလှပြကြမယ် ဆိုတဲ့ သင်္ကြန်လေ။
ကိုယ့်မြန်မာ အချင်းချင်းသာ မကဘူး။ မကြုံဘူးတဲ့ လူမျိုးခြား ဘာသာခြားတွေလာရင်လည်း လာခဲ့၊ ရေပက်မယ်၊ က ပြ မယ်၊ ဆိုပြမယ်။ ဒါ မြန်မာ ပျော်ပွဲ ရွှင်ပွဲ၊ လာပြီး ဝင်ပါလှည့်ကြ ပျော်လှည့်ကြ၊ ကတတ်ရင်လည်း ဝင်က၊ အတူတူ ပေါ့ ဆိုတဲ့ ပွဲမျိုးပါ။
ဟိုတုန်းက မန္တလေးမှာ နဂါး ဒေါ်ဦး သာလား ဆိုတော့ ဘယ်ဟုတ်ပါ့ မလဲ၊ ဈေးချိုတော်မှာ အလယ်ပေါက်ကြီးကနေပြီး အနောက်ဘက်ကို လှည့်ကြည့်လိုက်ရင် “အမေကြမ်း ပွဲရုံ” ဆိုတဲ့ ဆိုင်းဘုတ်ကြီး ဧရာမ စာလုံးကြီးတွေ ပွဲရုံ ခေါင်မိုး ကြီး မှာ ရေးထားတဲ့ ပွဲကတော်ကြီး ဒေါ်ကြမ်းရဲ့ သမီး ဒေါ်ထားရီရဲ့ သင်္ကြန် မဏ္ဍပ် ဆိုရင် မန္တလေး သင်္ကြန်ပွဲ လာနွှဲလို့ ကတော့ သူ့ မဏ္ဍပ် မရောက်ခဲ့ရ၊ မမြင်ခဲ့ရရင် မန္တလေး သင်္ကြန်ကို နှံ့အောင် စုံအောင် မလည်ခဲ့ရဘူးလို့ ပြောနိုင်တယ်။
ဒေါ်ထားရီက မမဦးထက်တော့ အသက်နည်းနည်း ငယ်တယ်။ ဒါပေမယ့် သူလည်း အလုပ်ကြီး အကိုင်ကြီး အရောင်း ကြီး အဝယ်ကြီး သမား။ ဈေးချိုတော် ပန်းဆိုးတန်းမှာ သိန်းသန်းချီပြီး ရင်းနှီး လုပ်ကိုင်တယ်။ အလှူအတန်း ရက်ရက် ရောရော လှူဒါန်း ပေးကမ်းတယ်။ ဒါကြောင့် ကျောင်းအမ ဘုရားအမပါပဲ။ ပြီးတော့ သင်္ကြန်မှာတော့ သူ့မဏ္ဍပ်က စင်မြင့်ပေါ်မှာ ဒေါ်ဦးလို ထိုင်ရုံ မကပါဘူး။ သူကလည်း သူ့အလုပ်ထဲက၊ သူ့အရပ်ထဲက ဝါသနာတူ ကလေးမလေး တွေနဲ့ အတူ ဝင်က ပါတယ်။ သီချင်းလည်း ဆိုပါတယ်။
တနှစ်ဟာများ မန္တလေး သင်္ကြန်ကို လာရောက် ဆင်နွှဲနေကျ ရုပ်ရှင်မင်းသား ဝင်းဦးနဲ့၊ သူက စင်ပေါ်က ဝင်းဦးက အလှပြ ကားပေါ်က နေကြပြီး ပိတောက်ပန်း လက်ဆောင်ပေးရင်း အလဲအလှယ် ဆိုကြ ကကြ ပါသေးတယ်။
ဒီမြင်ကွင်းမျိုး မော်ရွှေမြိုင်မှာလည်း ရှိမယ် မထင်ပါဘူး။ မြို့ရွှေဂုံမှာလည်း ရှိမယ် မထင်ပါဘူး။ ဒေါ်ထားရီ မဏ္ဍပ်လို့ နာမည် ကြီးတဲ့ အိမ်တော်ရာ ဆင်တံတားက လှသူဇာ ဆိုရင် အဲဒီ မဏ္ဍပ်က အမျိုးသမီးတွေ အက ကောင်းလှတယ်လို့ နာမည် ကျော်ပါတယ်။ နာမည်ကျော်ပေမယ့် အားလုံး အရပ်သူတွေ ချည်းပါ။
မန္တလေး သင်္ကြန် မဏ္ဍပ်တွေမှာ နေ့မှာ ရေပက်တယ်၊ ညမှာ ကိုယ့်အတီး အဖွဲ့နဲ့ ကိုယ့်အကနဲ့ အလှကားတွေကို ဧည့်ခံ တယ်။ အဲဒီတော့ အက, ကောင်းတယ်လို့ နာမည်ကြီးတဲ့ မိန်းမလျာကြီးတွေ ဦးစီးတဲ့ ရေပက် မဏ္ဍပ်တွေလည်း ရှိပါ တယ်။
မန္တလေးက ရေစက်ဗိုလ် (မီးသတ်ဗိုလ်) ဦးမောင်မောင်ရဲ့သား ဗိုလ်ဗိုလ် ဦးဆောင်တဲ့ ရေပက်အဖွဲ့၊ ဒီဘိုးလမ်းက မာမီ အောင် ဦးဆောင်တဲ့ ယမင်းသူဇာ အဖွဲ့ဆိုတာတွေက အကမှာ နာမည်ကြီး ကြပါတယ်။
ပုလဲ ငွေရောင်က မေစံပယ် အဖွဲ့၊ ၁၄ လမ်း ကျုံးအနောက်က မေနုယဉ် အဖွဲ့၊ မြောက်ပြင် ထားဝယ်ရပ်က မေထားဝယ် အဖွဲ့၊ မြဝတ်ရည်တို့၊ ရှုတိုင်းယဉ် တို့ ဆိုတာတွေလည်း ရှိပါသေးတယ်။
မန္တလေး သင်္ကြန်က အဲဒီလို အက တွေနဲ့ ဧည့်ခံတယ်ဆိုတော့ အက ဝါသနာ ပါလို့ ကချင်တဲ့လူများ လာလည်ကြ ဝင်ကကြတာတွေလည်း ရှိတာပဲ။
မန္တလေး သင်္ကြန်ဟာ အဲဒီလို အက၊ အဆို၊ အတီးတွေနဲ့ ဆင်နွှဲတာ တခြား ဒေသတွေနဲ့ မတူ တမူထူးခြားနေတာက သက်တမ်း ၇၅ နှစ် ပြည့်တော့မှာမို့ စိန်ရတု သဘင် ဆင်နွှဲတော့မယ် ဆိုတဲ့ မြို့မ တီးဝိုင်း အဖွဲ့နဲ့ အညမည ဖြစ်တယ် ထင်ပါတယ်။
ကျမတို့ မှတ်မိသလောက် ဆိုရင် တနှစ် သင်္ကြန်မှာ “ဖူးမြော်ဖို့ ကျွန်ုပ်လာ ဦးတော်လုံ ဥက္ကဋ္ဌပါ” ဆိုတဲ့ သီချင်းကို သီဆို တီးမှုတ်လာတဲ့ ငန်းရုပ်ကြီး ကားထိပ်က တင်လာတဲ့ မြို့မ တူရိယာ အဖွဲ့ မဟာမုနိ ဘုရားကြီးကို သွားတော့ နောက်နှစ် နောက်နှစ်တွေမှာ အလှပြယာဉ်ဆိုတာတွေ တိုးတိုးများများ လာတယ်။ ဒီယာဉ်တွေက မြို့လှည့်ပြီး ရေခံလည်ကြတော့ လည်း ရေပက်ရတဲ့ မိန်းကလေးတွေက ရေပက် အပြီး သူတို့ ယာဉ်ကို လှည့်ပတ် က ရတာ သိပ်မလိုက်ဖက်လို့ ရေပက် မဏ္ဍပ်ကို မြင့်ရာတင်လာ ရတယ်။
ရေပက်တာလည်း စင်ပေါ်က လှမ်းပက်ရအောင် ရေအိုးတွေ စည်ပိုင်းတွေပါ စင်ပေါ်တင်လာကြတယ်။ ရေပက်လည် တဲ့ ကားရယ်လို့ မရှိ သလောက် ဖြစ်ပြီး ရေခံလည်တဲ့ ကား ရေပက်တဲ့ အဖွဲ့ ဒီအဖွဲ့က အကနဲ့ ဧည့်ခံတယ် ဆိုတာမျိုး ဖြစ်လာတယ်။
မြို့မ အသင်းဟာ ရေပက်ခံလည်ရာမှာ စည်းကမ်း အရှိဆုံး အယဉ်ကျေးဆုံး သီချင်း အကောင်းဆုံး ဆိုတာမျိုးတွေနဲ့ နာမည် ရလာပြီး မြို့ချစ်တဲ့ အဖွဲ့အဖြစ် တနေ့တခြား ဖြစ်လာတယ် ထင်ပါတယ်။
မြို့မဟာ မြို့ချစ်တဲ့ ခေတ်ပေါ်တူရိယာ အဖွဲ့ရယ်လို့ ခိုင်ခိုင်မြဲမြဲ ဖြစ်လာတာမှာ အဖွဲ့သားတွေရဲ့ ဝါသနာ၊ စေတနာ၊ ကြိုးစားမှုတွေ ပါလာနဲ့အတူ ပညာဘက်က မြို့မငြိမ်းတို့၊ ဓားတန်း ဦးသန့်တို့ ထိန်းသိမ်း ဖေးမမှုလည်း ပါပါလိမ့်မယ်။ မြို့မငြိမ်းဟာ ၁၉၅၅ ခုနှစ်ကမှ ကွယ်လွန် အနိစ္စရောက်တာပါ။ သူ မရှိတဲ့နောက် ဓားတန်း ဦးသန့် တို့က မြို့မကို ဆက်ပြီး ဖက်ထားကြတာပါ။ ဦးသန့်က ၁၉၈၈ ခုနှစ်ကမှ အနိစ္စ ရောက်တာပါ။
မြို့မဟာ ထီးချက်စောင့် နတ်သမီးတွေလို ပုဂ္ဂိုလ်တွေ မရှိတော့ပေမယ့် မန္တလေးရဲ့ အလှကို ဂီတနဲ့ တဖက်တလမ်းက လုံးပန်းနေတဲ့ မြို့မ ကတော့ ရှေးမူမပျက် စေတနာ မပျက် ဆက်လက်လို့ မန္တလေးကတော့ ရှန်သန်စေချင်တာ အမှန်ပဲ ဖြစ် လိမ့်မယ်။
မြို့မဟာ အပျော်တမ်း အဖွဲ့၊ အပျော်တမ်း အဖွဲ့ ဆိုတာ စေတနာ၊ မေတ္တာ၊ ယုံကြည်ချက်နဲ့ ရပ်တည်မှ ရတယ်။ ဒုတိယ ကမ္ဘာစစ်ကြီး ဖြစ်တော့ ဒီနိုင်ငံဟာ စစ်တလင်း နှစ်ကြိမ် ဖြစ်ရတယ်။ ဒါကြောင့် မန္တလေး မြို့ကြီးဟာ ပြာပုံ ဘဝ ရောက် ရ တယ်။ မြို့သူ မြို့သားတွေက စစ်ဘေးလွတ်ရာ တောလက် ကျေးရွာတွေကို ထွက်ပြေးခဲ့ကြရတယ်။
စစ်ကြီးပြီးတော့ ရွှေမြို့တော် မန္တလေး ပြာပုံက ပြန်ထကြမယ် ဆိုပြီး မြို့ကို ပြန်ဝင်ကြတဲ့ အခါ မြို့မ အဖွဲ့က “မြို့မနဲ့ တူတကွ လိုက်ပါနိုင်စေ၊ အောင်စည်ရွမ်းသံ ကြားပြီထင် ပြည်တော်ဝင်မယ်လေ” ဆိုပြီး ပြာပုံ မန္တလေးကို ပြန်လည် ထူထောင်ဖို့ ပြန်ဝင်ခဲ့ကြ သလို ဘယ်အဖြစ်က မဆို မြို့မဟာ ကုန်းရုန်းထနိုင်ပါစေ။ မြို့သက်နဲ့ အတူ ရှည်လျားပါစေ လို့ ဆန္ဒ ပြုရတယ်။ ။
ဤဆောင်းပါးကို လူထု စာအုပ်တိုက်က ထုတ်ဝေသော စာရေးဆရာမကြီး လူထုဒေါ်အမာ ရေးသားသည့် “မန္တလေး မတိုင်ခင်က…မန္တလေး၊ ကျွန်မတို့ ငယ်ငယ်တုန်းက မန္တလေး၊ ကျွန်မတို့ မန္တလေး” စာအုပ်မှ ကူးယူ ဖော်ပြပါသည်။ ၂၀၀၁ ခုနှစ် ဇန်နဝါရီလက ထုတ်ဝေသော မြို့မ စိန်ရတု မဂ္ဂဇင်းအား ကိုးကား ဖော်ပြထားသည်ကိုလည်း စာအုပ်တွင် တွေ့ရှိ ရပါသည်။