သင်္ကြန်ခေါ်တော်မူသည့် နေ့မှာ၊ မင်းညီမင်းသား၊ မှူးတော် မတ်တော်တို့ ဗောင်းနားဍောင်း ဝတ်လုံစလွယ် ဆင်ယင် ပြီးလျှင်၊ အရှေ့ သင်္ကြန်အနောက် သင်္ကြန်ခွဲဝေ၍၊ ကတော် မယားတို့မှာ မြိတ်ရစ်မြိတ်ခံ ပွဲတက် အဆင်တန်ဆာ ဆင်ယင်စေလျက်၊ အနောက် သင်္ကြန်တန်ဆောင်းတော်သို့ ဝင်ထွက် ခစားကြရသည်။
သင်္ကြန်တော် အခါနီးသည့် ကာလ။ ကုန်းတပ် ရေတပ် ခင်းကျင်းစေပြီးလျှင် ဆဒ္ဒန် ဆင်မင်းသခင် ဘဝ ရှင်မင်း တရား ကြီး ဘုရား၊ အသျှင် နန်းမတော် မိဖုရား ခေါင်ကြီး ဘုရား၊ အနောက် စမုတ်ဆောင်တော်ရှေ့ မင်္ဂလာမြောင်းတော်က၊ သမ္ဗာန်တော်နှင့် ရေကြောင်း ထွက်တော်မူ၍ သင်္ကြန်တန်ဆောင်း သို့ ရောက်တော်မူသည့် ကာလ ဘုရား ခုနှစ်ဆူ အလှူတော်များကို လှူဒါန်းတော်မူပြီးလျှင် ပရိတ်တော် တရားတော်များကို နာတော်မူပြီးမှ သင်္ကြန်ခေါ်တော်မူသည်။
ပြီးလျှင် ရွှေနန်းတော်သို့ တက်တော်မူသည်။ ပွဲသဘင်များမှာ အနောက်အတွင်းတော်တွင် အနောက် အငြိမ့်။ မှန်နန်း တော် ရှေ့ဝဲယာတွင် အရှေ့အငြိမ့်၊ အတွင်းဆိုင်း။ ဇေတဝန်ဆောင်တော်တွင် အတွင်း ဆိုင်း။ မွန်ဆိုင်း။ မြေနန်း တော်တွင် ယိုးဒယား ဇာတ်ကြီး အတီးအကများကို အခါ သုံးရက် အတွင်း နေ့ညဉ့် မပြတ် တီးမှုတ် ကခုန်ကြရသည်။
ရွှေနန်းတော် ပေါ်တွင်လည်း မြို့စား ရွာစား၊ အပျိုတော်တို့နဲ့ လက်သုံးတော် လက်ဖက်ရည်တော်တို့ အမိန့်တော် မြတ်နဲ့ တဦးကို တဦး ပျော်ရွှင်စွာ ရေသွန်းလောင်း ကစားကြရလေသည်။
(ကုန်းဘောင်ဆက် မဟာရာဇဝင်တော်ကြီး)
ဘုန်းမိုးသွန်းလောင်း .. ရွာစေလေ ဖန်ဝေလေ
ပုဂံခေတ်ကတည်းက အထင်အရှား ရှိခဲ့တယ် ဆိုတဲ့ မြန်မာ့ရိုးရာ အတာသင်္ကြန်ဟာ မန္တလေး ရတနာပုံ ခေတ်အထိ “ပဒေသရာဇ် သင်္ကြန်” အဖြစ်ပဲ မှတ်တမ်းမှတ်ရာ ရှိခဲ့တယ်။
“သင်္ကြန်” ဆိုတာ “ကူးပြောင်းခြင်း”ဆိုတဲ့ အနက် အဓိပ္ပာယ်နဲ့ ပုဏ္ဏားဖြူ ပုဏ္ဏားညို သမားဟူးရား တို့ရဲ့ “စိတ်တော်သိ ဗောင်းတော်ညိတ်” ဗေဒင် ကိန်းခန်း ယတြာများနဲ့ အတူ ဘုရင် ဧကရာဇ် အသိုင်း အဝိုင်းရဲ့ ရွှေဘုံနိဒါန်းလာ အခင်း အကျင်းများနဲ့ပဲ နှစ်စဉ်မပျက် ဆောင်ရွက် စီမံရတဲ့ ပြုဖွယ် ကိစ္စများပဲ ဖြစ်ပါတယ်။
အများ ပြည်သူ လူထုအနေနဲ့ ကတော့ နှစ်ဟောင်းက အညစ်အကြေးတွေ နှစ်သစ်မှာ ပါမလာအောင်နဲ့၊ နှစ်သစ်မှာ ရေလိုအေးပြီး ပန်းလိုလန်းကြစေကြောင်း ဇမ္ဗူဒီပါ သြဘာနိမိတ် ထွန်းတဲ့ တောင်ကျွန်းသား အစဉ်အလာတွေ အတိုင်း အောင်သပြေခက်နဲ့ ရေပက် ကစားကြတာပါပဲ။ ဘယ်မင်းဧကရာဇ် ပြောင်းပြောင်း ပြည်သူလူထုရဲ့ အစဉ်အလာက တော့ ဒီအတိုင်းပါပဲ။
မန္တလေး ရတနာပုံခေတ် သင်္ကြန်အခါတော်တွေမှာ ကျမ်းကိုး ကျမ်းကားတွေ အတိုင်း ရွှေနန်းတော်ထဲမှာ အတွင်း ဆိုင်း၊ အပြင် ဆိုင်း၊ မွန်ဆိုင်း၊ အရှေ့ အငြိမ့်၊ အနောက် အငြိမ့်၊ ယိုးဒယား ရာမ ဇာတ်တော်ကြီးတွေရဲ့ ဆိုသံ၊ ကသံ၊ တီးသံ၊ မှုတ်သံ၊ တူရိယာသံတွေနဲ့ မင်္ဂလာရှိ၊ ကျက်သရေရှိ ခန့်ညား ထည်ဝါနေမှာပေါ့။ ရွှေမြို့တော် လေးပြင် လေးရပ်၊ ဝင်းတွေ၊ ပြလမ်းတွေ မှာတော့ လူထု ဂီတဖြစ်တဲ့ အိုးစည် ဒိုးပတ်တွေကို အယိုင် တီးပြီး …
“ဖန်ပြာခွက်နဲ့ ကျောက်စက်ရေ
အမောပြေအောင် တိုက်ပါ့ မမ။
ဘုန်းတော်ကြီးလို့ သက်တော်ရှည်
တို့တတွေ ရေချမ်းအိုးကြီး။
အိုးစည်၊ အိုးစည်၊ အိုးစည်သားဗျ၊
လူရည်၊ လူရည်၊ လူရည်ခြားဗျ။
တဝမ်းပူ နှစ်ချောင်းငင်
တူမယ် ထင်ယင် ယှဉ်စမ်းတော့လား”စတဲ့ သံချပ်တွေ ထိုးကြမှာပေါ့။
ဒီအချိန်မှာပဲ ဇေတဝန်ဆောင်တော် အတွင်းဆိုင်း ကတော့ ကြေးစုံ ပတ်စုံနဲ့ ..
“စံရာတောင် ကျွန်းလုံးသူ့ ဥသျှောင် ကျင်ငယ်လေ၊
မင်းများထိပ်ခေါင်တင်၊ သောင်းမြေပြင်လေ
ထီးဆူဆူကိုလေ … စိုးလို့ မိုးတော်မူ” စတဲ့ ဘုန်းတော်ဘွဲ့နဲ့ “ဘုန်းမိုးသွန်းလောင်း .. ရွာစေလေ ဖန်ဝေလေ၊ ချမ်းမြ ထွေထွေ” အစချီတဲ့ ဘုန်းတော်ဘွဲ့ သီချင်းကြီးတွေကို မြိုင်မြိုင်ဆိုင်ဆိုင် တီးခတ်လို့ နေပါတော့တယ်။ ကောဇာသက္ကရာဇ် … ၁၂၄၁ခုနှစ်။
အေးစေတော့ဆို .. လောင်းတဲ့ စိတ်ရင်းပင်
မန္တလေးကို ဗြိတိသျှ အစိုးရ သိမ်းပိုက်ပြီး နောက်ပိုင်း မန္တလေးရဲ့ လူမှုရေး၊ စီးပွားရေးတွေ ပုံစံ ပြောင်းသွားတယ်။ မိရိုး ဖလာ လက်လုပ် လက်စားတွေ၊ လက်မှု အနုပညာရှင်တွေ၊ ကုန်ရောင်း ကုန်ဝယ်တွေ၊ ကုန်သည် ပွဲစားတွေ ဆိုတဲ့ အလုပ်တွေ အပြင် တရုတ်၊ အိန္ဒိယ၊ အင်္ဂလိပ် စတဲ့ အရင်းရှင်ကြီးများရဲ့ ကုန်တိုက်ကြီးတွေလည်း ဖွင့်လှစ် လာကြ တယ်။
အုပ်ချုပ်မှု ယန္တရားရဲ့ အဓိက နေရာဖြစ်တဲ့ ဘုရင်ခံ အိမ်တော် တည်ရှိရာ မန္တလေး နန်းတွင်းနဲ့ အုပ်ချုပ်သူ အမှုထမ်း များ နေထိုင်ရာ သံဝင်းရပ် (ယခု – အောင်မြေသာစံ မြို့နယ်၊ သီရိမာလာ အရှေ့ရပ်)တို့ ဆက်သွယ်တဲ့ အာဠဝီ (စီ လမ်း) လမ်းမကြီးဟာ မန္တလေးရဲ့ ကုန်သွယ်မှု ဗဟို လမ်းမကြီး ဖြစ်လာတယ်။ မူလ စီးပွားရေး ရပ်ကွက်ဖြစ်တဲ့ ဈေးချို တော်ကို ပင်မ ပြုပြီးလည်း ဘီလမ်းလို၊ ရုံတော်ကြီးလို၊ ဘာဘူတန်းလို နေရာတွေမှာလည်း ကုန်တိုက်ကြီးတွေ၊ ကုမ္ပဏီ တွေ ဖွင့်လှစ်လာကြတယ်။
၁၉၂၇ ခုနှစ် ရောက်တဲ့အခါ မော်တော်ယာဉ် တစင်းကို ပိတ်ရောင်စုံများဖြင့် ရေခံထည်ဆင်ပြီး နဖူးစီးတွင် ‘ပျိုတို့မောင် သင်္ကြန်အဖွဲ့’ လို့ ရေးသားထားတဲ့ အလှပြ ရေပက်ယာဉ် တစင်း စတင် ပေါ်လာသော အခါ ဓာတ်ရှင် ကြော်ငြာ လှည့် ကား မှတ်လို့ ကလေးများ ထွက်ကြည့်ပြီး ကြော်ငြာ တောင်းကြသတဲ့။
ဒီရေပက်ခံ အလှပြယာဉ်ပေါ်က အသင်းသားများရဲ့ ခေါင်းမှာ PDM လို့ ရေးထားတဲ့ ခေါင်းစည်း ပဝါတွေ ဆင်တူ စည်းထားကြတယ်။ ဒီအဖွဲ့က အကွက် ၆၁၇၊ ၂၇ လမ်းနှင့် ၇၆ လမ်းထောင့်ရှိ ဟေမာဇလ အရှေ့ပိုင်း စာကြည့် အသင်းအဖွဲ့သားများ ဖြစ်ကြတယ်။ မန္တလေး ရုပ်ရှင် မီးဘက် ပညာရှင် ဦးရှင်၊ ဦးအေး၊ ဦးလူကလေး၊ ဦးဘကြည်တို့ ခေါင်းဆောင်ကြတယ်။
ပထမဆုံး စထွက်သော ‘ပျိုတို့မောင် အလှပြယာဉ်’ က ‘ပြည်ရွှေမန်းမြို့ နာဂရာ တခွင်၊ ပထမထွင်တဲ့ ရေပက်အသင်း၊ တူညီဝတ်လို့ ပျော်ရွှင်ရွှင်၊ မောင်တို့ ဖက်ရှင် မြင်ကြရဲ့လား၊ ပျိုတို့မောင်များ တောင်းဆုဆင်၊ မြန်ပြည် တခွင်၊ အေးမြ စေသား ….’ဆိုတဲ့ ကိုယ်ပိုင် သံချပ်ကို စည်တို ဗုံတောင် ခေါက်ပြီး သီဆိုခဲ့ကြတယ်။
၁၉၃၀ ဝန်းကျင် ရောက်တော့ သမာရိုးကျ ရေပက် ကစားသင်္ကြန်ဟာ ကုန်တိုက်ကြီးတွေက အသုံးပြုတဲ့ ကုန်တင်ကား တွေနဲ့ လှည့်လည် ရေပက် ကစားတာ၊ ကားပေါ် တူရိယာ ပစ္စည်းတင်တာ၊ ကားကို ပန်းချီ ရေခံထည် အလှဆင်တာ၊ ဘက်ထရီမီး တွေနဲ့ ထွန်းညှိ လှပစေတာတွေ အထိ တိုးတက်လာတယ်။ ဒီလို အလှပြယာဉ်ကြီးတွေနဲ့ ဧည့်ခံ မဏ္ဍပ်နဲ့ အပြန်အလှန် သီချင်း ဆိုကြတာ၊ ဖျော်ဖြေ သီဆို တီးမှုတ်ကြတာတွေ ရှိလာတယ်။
သင်္ကြန်သံချပ် ဆိုတာတွေကလည်း အရင်လို “ဖန်ပြာခွက်နဲ့ ကျောက်စက်ရေ အမောပြေအောင်တိုက်ပါ့ မမ” ဆိုတာ မျိုးတွေ မဟုတ်တော့ဘူး၊ “လူချော လူလှ လက်ရွေးစင်၊ ရှက်သွေး ခင်ရင်၊ မှိတ်လို့သာပက်၊ လောင်းလိုက် ပက်လိုက် နွဲ့ရှာသူ၊ အသည်းမှာ ပူတာ၊ အေးပေါ့ အေးပေါ့”စတဲ့ သံချပ် တွေ ဖြစ်ကုန်ပါပြီ။
နောက်နှစ်တွေမှ မြို့မ၊ မာဃ၊ မင်္ဂလာ အေဝမ်း၊ ရှုတိုင်းယဉ်၊ ဖူးစာရှင်၊ လင်းရောင်ခြည်၊ နေပြည်တော် အလှပြ အသင်း များ ထွက်လာကြတယ်။ ဒီအသင်းတွေထဲက မင်္ဂလာ အေဝမ်းက ၆ ဝပ် ဘက်ထ္ထရီ မီးလုံးတွေ ထွန်းပြီး ကားကို အလှ ဆင်တယ်။
ဒါ့အပြင် မြို့မက ငွေငန်း၊ ရှုတိုင်းယဉ်က ပဉ္စရူပ၊ ပျိုတို့မောင်က ကြက်ရုပ်များ ချိုးပြီး ကားကို အလှဆင်တယ်။ တူရိယာ များ အနေနှင့် ခေတ်မီ ထရန်းပက်၊ ကောနက် စသည့် ပစ္စည်းများကို သုံးလာကြတယ်။
အမျိုးသမီး အသင်းများ အနေနှင့်လည်း ရှမ်းပွဲရပ်မှာ ဟော်နန်း သူဇာ၊ ကြည်တင်၊ တရုတ်တန်း၌ ရွှေဝါဖူး၊ လှပျိုဖြူတို့ ရှိတယ်။ နောက်ပိုင်းမှာတော့ အမျိုးသမီး ရေသဘင် မဏ္ဍပ်တွေ မန္တလေးမြို့ အနှံ့ တပြတသင်းနှုန်း ရှိလာတယ်။ သင်္ကြန်မတိုင်မီကပင် တီးလုံးတိုက်သံတွေ ဆူညံနေတော့တယ်။ အလားတူ တီးကြမှုတ်ကြတဲ့ သီချင်းတွေမှာလည်း သင်္ကြန်နဲ့ ပစ္စက္ခ မြင်ကွင်း အခြေအနေကို သရုပ်ဖော်တဲ့ ရသ အဖွဲ့အနွဲ့တွေ ဖြစ်ကုန်ပါပြီ။
“မန်းသူ နွဲ့မူ .. နုယဉ်ယဉ်တွေ လန်းပါစေ၊
ခါရေလောင်း ညှာကြွေ ပြောင်းပေါ့ ခင်ရယ်၊
အေးစေတော့ဆို .. လောင်းတဲ့ စိတ်ရင်းပင်
အဟုတ်ပ နှမလေး အသွင်” ဆိုတဲ့ သီချင်းသံတွေနဲ့ ရင်ခုန်ဖွယ် သင်္ကြန်တွေပါပဲ။
ရွှေမန်းတောင်ရိပ် တူတူခိုမယ် ပျိုဖြူတွေရယ်..
ကမ္ဘာကြီးရဲ့ နိုင်ငံရေး ချိန်ခွင်လျှာတွေ ပြောင်းလဲမှုနဲ့ အတူ ဒုတိယ ကမ္ဘာစစ်ကြီးထဲမှာ သင်္ကြန်လည်း စုန်းစုန်းမြှုပ် လုမတတ် ဖြစ်ရတယ်။ ဒုတိယ ကမ္ဘာစစ်ကြီး ဖြစ်တော့ မန္တလေး သင်္ကြန်အရှိန်တန့် သွားတယ်။
၁၉၄၅ ခုနှစ် မတ်လမှာ စစ်ကြီးပြီး ငြိမ်းခြင်းနဲ့ အတူ မတ်လ(၂၃)ရက် စစ်ပြေးသူတွေ မန္တလေးမြို့ ပြန်အဝင် “ခါတော် ရောက်ချိန် နီးလို့ လာပြီလေ၊ ဒေါ်ဒေါ် မမ နှမတို့ရေ…”လို့ ခွန်းဆက်သံနဲ့ အတူ “မန္တလေးဆို ရွှေမြို့တို့ ရတနာပုံ နေ ပြည်၊ တင့်တယ်သာယာ စည်ကား ဟိုတုန်း အခါကလေ၊ အဲဒါတွေ မတွေးကြနဲ့ ရှေ့ဆက်ကာ စီမံကြစို့လေ…”လို့ ပြာပုံထဲက ပြန်လည် ရှင်သန် နိုးထမယ့် မန္တလေးကို သင်္ကြန်ကြိုတေးနဲ့ လှုံ့ဆော်ခဲ့တာ ကလည်း ခေတ်ကို မျက်ခြေ မပြတ်ခဲ့ဘူး ဆိုတဲ့ သာဓကပါ။
စစ်ကြီး အပြီး ၁၉၄၇ ခုနှစ်မှာ မန္တလေး သင်္ကြန်ကို မြို့လုံးကျွတ ်အားကြိုးမာန်တက် ပြန်လည် ဆင်နွှဲကြတယ်။ အလှပြ ယာဉ်တွေ ရာချီ ရှိတယ်။ အမျိုးသမီး ရေသဘင် အဖွဲ့တွေလည်း ရာချီ ရှိတယ်။ အုတ်အော်သောင်းတင်း ဆင်နွှဲကြဖို့ အတွက် သင်္ကြန်မတိုင်ခင် ရက်ပိုင်းမှာ မန္တလေးမြို့ထုတ် လူထု သတင်းစာက မျက်နှာဖုံးကနေ သင်္ကြန်သတင်းတွေကို တခမ်းတနား ရေးသား ဖော်ပြတယ်။
၁၉၄၇ ဧပြီ ၁၀ ရက်နေ့ထုတ် လူထု သတင်းစာ မျက်နှာဖုံးမှာ မြို့မ ငွေငန်း အလှပြယာဉ်ရဲ့ ဒီဇိုင်း အသစ်နဲ့ အတူ သင်္ကြန်သီချင်း အသစ် စာသားတွေ အပြည့်အစုံ ပါတယ်။ အဲဒီ သီချင်းသစ်တွေထဲမှာ “ချိုပြုံးရွှင်သော နှမပျိုရယ်” အစချီတဲ့ ရွှေမန်းတောင်ရိပ်ခို သီချင်းစာသား အစအဆုံး ပါတယ်။
စစ်ကြီးအပြီး ပြန်လည် စည်ကားလာတဲ့ ကောဇာ သက္ကရာဇ် ၁၃၀၈ခုနှစ် (ခရစ်နှစ် ၁၉၄၇ခုနှစ်)သင်္ကြန်မှာတော့ ဒီနေ့တိုင် နာမည်ကျော်ဆဲ၊ မြန်မာ့ သင်္ကြန်အမှတ်လက္ခဏာ အဖြစ်မှ မှတ်ကျောက်တင်ခဲ့တဲ့ ဆရာမြို့မငြိမ်းရဲ့ “ရွှေမန်းတောင် ရိပ်ခို” သီချင်း၊ “အေးအေး ချမ်းချမ်း” သီချင်းတွေလည်း အမွေအနှစ် အဖြစ် ကျန်ရစ်ခဲ့တယ်။
“အေးအေးချမ်းချမ်း” သီချင်းက မဟာ ဂီတလာ “ဘုန်းမိုးသွန်းလောင်း” ကြိုးသီချင်း အသွားမှာ ခံ့ညားတဲ့ သင်္ကြန်စာသားနဲ့ ရေးဖွဲ့ထားတဲ့ သီချင်းပါ။ ၁၉၄၇ခုနှစ် သင်္ကြန်မှာ မြို့မငြိမ်းရဲ့ ရွှေမန်းတောင်ရိပ်ခိုသီချင်းအပြင် မြို့မငြိမ်း ရေးသားခဲ့သော “အေးအေးချမ်းချမ်း” သီချင်း၊ “ရေလောင်း ရေပက်” သီချင်းတို့နှင့်အတူ ဦးဘသိန်း (မန္တလေး) ရဲ့ “ပျော်ပါစေမယ် လာကွယ် အလှရယ်” အစချီ သီချင်းတို့ လည်း တနှစ်ထဲ ရေးသား သီဆိုခဲ့ကြောင်း ၁၉၄၇ခုနှစ် ဧပြီလ ၁၀ ရက်နေ့ ထုတ် လူထု သတင်းစာပါ သတင်းဆောင်းပါး အရလည်း ထပ်မံ သိရှိရတယ်။
အဲဒီ မန္တလေးဟာ စစ်ကြီးထဲက ပြန်လည် အောင်ပွဲခံခဲ့ကြတာနဲ့ အတူ လွတ်လပ်ရေး တိုက်ပွဲဆီ အမျိုးသား အားမာန်နဲ့ ရည်မျှော်တဲ့ ပုံရိပ် လက္ခဏာတွေနဲ့ ထင်ဟပ်ခဲ့တယ်။ ရာချီရှိတဲ့ အလှပြယာဉ်တွေက အမျိုးသား အားမာန် ပြဋ္ဌာန်းခွင့် ဆန္ဒ၊ ခေတ်မီ မျိုးချစ် လွတ်လပ်ရေး တိုက်ပွဲဝင် တပ်မတော် စတဲ့ သရုပ်ဖော်မှုတွေနဲ့ တက်ကြွခဲ့ကြလေရဲ့။ သံချပ်တွေ ကလည်း လွတ်လပ်ရေး တိုက်ပွဲခေါ်သံတွေ …။
ငြိမ်းချမ်းရေး ရွက်သစ်နုနု ခါတော်ရေစင် ဖျန်းလို့
၁၉၄၈ ခုနှစ် ဇန်နဝါရီ (၄)ရက်နေ့ လွတ်လပ်သော ပြည်ထောင်စု သမ္မတနိုင်ငံ ထူထောင်မှုနှင့် အတူ ဖွားဖက်တော် ဖြစ်တဲ့ အမျိုးသားချင်း သဘောထား ကွဲလွဲမှု ပြယုဂ် ပြည်တွင်းစစ်ကြီးလည်း စိတ်မချမ်းသာစွာ ခံစားခဲ့ကြရတယ်။ တမျိုးသားလုံးရဲ့ဆန္ဒက နှစ်ဦးနှစ်ဖက် အာဃာတတွေ စွန့်လွှတ်ပြီး ငြိမ်းချမ်းစေလိုတယ်။ အားလုံးရဲ့ ဘုံဆန္ဒက “ငြိမ်းချမ်းရေး”ပါပဲ။
ဒါကြောင့် တမျိုးသားလုံးနဲ့ ဆိုင်တဲ့ သင်္ကြန်ကလည်း မမေ့မလျော့နဲ့ “ငြိမ်းချမ်းရေး”ဆီ ဦးတည်ခဲ့ကြတယ်။ ၁၉၅ဝ ခု (ကောဇာ သက္ကရာဇ် ၁၃၁၁ ခုမှ ၁၃၁၂ ခုနှစ် အကူး) သင်္ကြန်ကို မန္တလေးမှာ ‘ငြိမ်းချမ်းရေး’ သင်္ကြန်ဟု ကမ္ဗည်း တင်တယ်။ ထိုစဉ်က နိုင်ငံတော် သမ္မတကြီး စဝ်ရွှေသိုက် ကိုယ်တိုင် ပါဝင် ဆင်နွှဲပါတယ်။ ဒါပေမယ့် အဲဒီနှစ်က မန္တလေးမြို့မ အသင်းသား တွေက ရန်ကုန်သင်္ကြန်မှာ ဆင်နွှဲကြ သတဲ့။
ရန်ကုန်ရောက် ‘မန္တလေးမြန်မာ ကုန်သည်များ အသင်း’ရဲ့အစီအစဉ်နဲ့ ‘ရွှေမန်း ရေယာဉ်’ လို့ အမည်ပေးကာ ငွေငန်း ရုပ် အလှဆင် ရေသဘင်ကားကြီး ဆင်တယ်။ ဒီ့နောက် ရုပ်ရှင် နောက်ခံဂီတ အသံသွင်းရန် ကိစ္စ အတွက် ရန်ကုန် ရောက်နေတဲ့ ဆရာမြို့မငြိမ်း ကိုယ်တိုင် ‘ရွှေမန်း ရေယာဉ်’ နဲ့လိုက်ပါပြီး သင်္ကြန်ပွဲ ဆင်နွှဲ တယ်။
မန္တလေးမှာ ရှိစဉ် ကာလ တလျှောက်လုံး မြို့မ ငွေငန်းယာဉ်ပေါ်မှာ လိုက်ပါလေ့ မရှိတဲ့ ဆရာမြို့မငြိမ်းက ရန်ကုန် သင်္ကြန်မှာ ကိုယ်တိုင်ပါဝင် ဆင်နွှဲလို့ ထူးခြားနေပါတယ်။ ‘ရွှေမန်းရေယာဉ်’မှာ ၁၉၄၇ ခုနှစ်က ရေးစပ်ခဲ့တဲ့ ‘ရွှေမန်း တောင် ရိပ်ခို’ သီချင်းကို ၁၉၅ဝ ခုနှစ် ရန်ကုန် သင်္ကြန်မှာ ရွှေမန်းရေယာဉ်က ပြန်လည် သစ်ဆန်းခဲ့သော အခါ အထူး နှစ်သက်ခဲ့ကြသတဲ့။
နာမည်ကျော် ဘီတီ ဘရားသား အုပ်စုကလည်း ဒီသီချင်းကို တက်ယူပြီး သူတို့ ကော်ဖီ ကြော်ငြာ ရုပ်ရှင် ကားပိုင်းတို က သင်္ကြန်အစီအစဉ် နောက်ခံ သီချင်း အဖြစ် ကိုအံ့ကြီးက သီဆို အသံသွင်းခဲ့တယ်။ ဘီတီ ဘရားသား တီးဝိုင်းက ဧည့်ခံပွဲတိုင်း ဒီသီချင်းက ခေတ်စားခဲ့တယ်။
‘ရွှေမန်းတော် ရိပ်ခို’ အပြင် သီချင်းသစ် အဖြစ် ဆရာမြို့မငြိမ်းက ‘ငြိမ်းချမ်းရေး ရေသဘင်’ သီချင်းကိုလည်း ရေးစပ် ခဲ့တယ်။ သမိုင်းနောက်ခံဖြင့် ထင်ရှားစေခဲ့သော သီချင်းဟု ဆိုသော် လွန်အံ့မထင် ….၊ နားဆင် ကြည့်ကြပါဦး။
”သဘာဝရွှင်မြူး၊ နှစ်ကူးဗမာ့(မြန်မာ့) ရေသဘင်
ခါရေစင်လန်းကြည်ရွှင် အေးစေချင် ချမ်းတယ်ခင်
စိမ့်စိမ့်ချမ်းချမ်း … အေးအေးလောင်းပေ
လောင်းလေအေးလေ၊ အေးလေလောင်းလေတွေမို့
ချစ်မိတ်ဆွေ ဖြစ်ကြောင်း အခွင့်ကောင်း ကြုံလို့ပင်)၂
(ရွှေဂုန်သူမို့ ဖျတ်လတ်ဖြူစင် ရှင်းကြော့ယဉ်ယဉ်
မာပါစေ ဆုထူးဆင်)၂
ပိတောက်တွေ ဝေဝေလွင်လွင် ရွှေရည်လူး၊ ဖူးပွင့်တဲ့ ဒီအချိန်တွင် ….
ဗမာ (မြန်မာ) ပြည်၊ ငြိမ်းချမ်းရေး ရွက်သစ်နုနု
ခါတော်ရေစင်ဖြန်းလို့ ဝေစီလွင် …။
ငွေငန်းဆုတောင်း … အောင်ကြောင်းကိုပင် ခါတော်ရေသဘင်။
ကောဇာ သက္ကရာဇ် ၁၃၁၁ ခုနှစ် (၁၉၅၀) သင်္ကြန်(ဝါ) ငြိမ်းချမ်းရေး သင်္ကြန်
ရွှေသဇင်တွေ .. ဟိုမှာ နှင်းဆီ တို့တတွေ လှဦးတော့ သရဖီလေးနှင့် စံပယ်လည်းပါပေ။
မြန်မာပြည်ဟာ တိုင်းရင်းသား အားလုံး ညီအစ်ကိုမောင်နှမ စိတ်ဓာတ်နဲ့ အတူ လက်တွဲကာ အေးအတူ ပူအမျှ ခံစား နေထိုင် ကြတဲ့ ပြည်ထောင်စု နိုင်ငံတော် ဖြစ်တယ်။ ဒါပေမယ့် ပြည်တွင်းစစ်မီးနဲ့ အတူ အုပ်ချုပ်သူ အစိုးရတွေရဲ့ မမှန် ကန်တဲ့ သဘောထား အချို့ကြောင့် ပြည်ထောင်စုကြီး ပြိုကွဲဖို့ အခြေအနေတွေ ဖြစ်ခဲ့တယ်။ “ပြည်ထောင်စု” ဆိုတဲ့ အစည်းမပြေရေး ဟာလည်း တမျိုးသားလုံး ဆိုင်ရာ ကိစ္စ ဖြစ်တယ်။ ဒါကြောင့် “ငြိမ်းချမ်းရေး” နှင့်အတူ “ပြည်ထောင်စု ရေး” ကလည်း ခေါင်းနဲ့ ပန်းလို ခွဲလို့ မရပေဘူး။
ဒါကြောင့် တမျိုးသားလုံး ဆိုင်ရာ သင်္ကြန်ပွဲတော်ဟာ “ပြည်ထောင်စု” ကိစ္စကိုလည်း လျစ်လျူရှုကာ အပျော် မဖက်ခဲ့ ဘူး။ ငြိမ်းချမ်းရေး သင်္ကြန်လိုပဲ နောက်တနှစ်မှာ အသင်းပေါင်း ရာချီပြီး သင်္ကြန်ပွဲတော် ဆင်နွှဲကြရာမှာ “ပြည်ထောင်စု ရေး”ကို မမှိတ်မသုန် ဦးတည်ကာ သီချင်းတွေ သံချပ်တွေနဲ့ သင်္ကြန်ပွဲတော်ကြီး တခုကို မန္တလေးသူ မန္တလေးသားတွေ ဝှဲချီး ကျင်းပခဲ့ကြတာလည်း မမေ့ပျောက် နိုင်စရာပါပဲ။
ထိုနှစ်က ပိုမိုထူးခြားမှု တခုမှာ ၂၅ နှစ်မျှ မြို့မနှင့် မခွဲမခွာ ဦးဆောင်ခဲ့တဲ့ ဆရာမြို့မငြိမ်းဟာ ပြည်ထောင်စု သင်္ကြန်နှစ် မှာ အမရပူရ-မန္တလေး AMBA မော်တော်ယာဉ် အသင်းရဲ့ စောင်းကောက် အလှပြယာဉ်ကို ဦးဆောင်ကာ ထူးခြားတဲ့ ဂီတ အစီအစဉ် တခု ဖွဲ့စည်းခဲ့ခြင်း ဖြစ်တယ်။
ဂီတ ဆိုလို့ နကန်းတလုံးမျှပင် မသိတဲ့ ဘတ်စ်ကား ဒရိုင်ဘာ၊ စပယ်ယာတွေက မြန်မာဖြစ် ဝါးပုလွေတွေ၊ မန်ကျည်း စေ့ ထည့်လှုပ်ရတဲ့ ဘူးသီးခြောက်တွေ၊ ရာဘာပြားကျက် ရေစည်ပိုင်းတွေနဲ့ တူရိယာ အသင်း ပုံစံ တီထွင်ခြင်း ဖြစ် တယ်။ သံစဉ်များ အလိုက် အုပ်စုဖွဲ့ လေ့ကျင့် တီးခတ်ပြီး ထူးခြားတဲ့ ဂီတဖွဲ့စည်းမှုကို ဖြစ်စေခဲ့တယ်။ သီဆိုတီးမှုတ်တဲ့ သီချင်းများကလည်း ဥရောပ စည်းဝါး အသွားတွေပါ။ ဒီလို…
”ခါတော်မီ သိင်္ဂီရွှေပန်း ပိတောက်တို့သာ။
မှည့်ဝင်းကာ နေလိမ့်မယ်၊ ထင်မိတာတွေ။
ဝန်ခံပါပြီ၊ ခုတော့ဖြင့် တခြားစီနေ….။
မာလာစုံ အမည် မှည့်နိုင်ပေ ….
ပြာသိုမှာ ခွာညိုဟာ ပွင့်ခဲ့ပေါ့လေ …
ခုတန်ခူးလည်း သူလည်း ပါစွာ လိုက်ပုံတွေ
အို … အလိုဗျာ၊ သင်္ကြန်မယ်တွေ၊ ပန်းမှတ်ထင်နေ
လူလည်ဆို အဦးကွဲ့လေ …
ရွှေသဇင်တွေ ..၊ ဟိုမှာ နှင်းဆီတို့ တတွေ
လှဦးတော့ သရဖီလေးနှင့် စံပယ်လည်းပါပေ
AMBA ငေးမိပေါ့ ကျက်သရေ
အို … အစုလိုက် ယဉ်မျာ့ ခေါင်တွေ”
မြို့လယ်ခေါင်မှာ ရှိတဲ့ နာမည်ကျော် ‘ဝင်းလိုက်မယ်’ အမျိုးသမီး ရေသဘင် အဖွဲ့မှာလည်း ဥရောပ ဆန်ဆန်ချောသည့် သင်္ကြန်မယ် တဦးက အလွန် နာမည်ကြီး သတဲ့။ သင်္ကြန်ပျိုဖြူ ‘ရတနာ နတ်မယ်’ ရဲ့ ဥရောပ ဆန်သော အလှ၊ ဥရော ပ ဆန်သော အကတွေနဲ့ ဆရာ မြို့မငြိမ်းရဲ့ AMBA စောင်းကောက် အလှပြယာဉ်က ထူးခြားသော ဥရောပဟန် တေး သွားများသည် အလွန် လိုက်ဖက်လှ သတဲ့။
ဝင်းလိုက်မယ်နဲ့ စောင်းကောက် အဖွဲ့ တွေ့ဆုံမှုတိုင်းဟာ ပရိသတ် ကြိတ် ကြိတ် တိုးမျှ သြဘာ သံမစဲ အုတ်အော် သောင်းနင်း အားပေးခံရတဲ့ ယှဉ်ပြိုင်မှုတွေ ဖြစ်ခဲ့တာကို သိ မှီ သူတိုင်း ယခု အထိ တသသ ပါပဲ။
၁၉၆၀ မှ ၁၉၈၀ ဝန်းကျင် ယဉ်ကျေးမှု သင်္ကြန်ကာလများ
မြန်မာ့ရိုးရာ အတာ သင်္ကြန်ဆိုတာ မြန်မာတို့ရဲ့ စိတ်ရင်း နူးညံ့ သိမ်မွေ့မှုနှင့် ခိုင်ခံ့ ယဉ်ကျေးသော အနုပညာကို အယုတ်၊ အလတ်၊ အမြတ်မရွေး ရင်ထဲ ရှိသလောက် ဖော်ထုတ် ခံစားနိုင်တဲ့ အမျိုးသား ပွဲတော် ဖြစ်လေတော့ မြန်မာ အများစုရှိတဲ့ မန္တလေး သင်္ကြန်ကလည်း မြန်မာ့ရိုးရာ ယဉ်ကျေးမှု အတာ သင်္ကြန်သရုပ်ကို အပီပြင်ဆုံး ဖေါ်ထုတ်နိုင် ခဲ့ပါတယ်။
၁၉၅၀ ကျော် ကာလ၊ ၁၉၆၀ ကျော် ကာလ၊ ၁၉၇၀ ကျော် ကာလ၊ ၁၉၈၀ ကျော် ကာလ မန္တလေး သင်္ကြန်တွေဟာ အမျိုးသား အလှပြ အသင်းကလည်း အရေအတွက် ရာချီရှိတယ်။ အမျိုးသမီး ဧည့်ခံ ရေသဘင် အဖွဲ့တွေကလည်း အသင်းပေါင်း ရာချီ ရှိကြတယ်။ မန္တလေးမှာက လူတိုင်း လိုလို အနုပညာနဲ့ မဝေးကြ။
တီးတတ်၊ မှုတ်တတ်၊ ဆိုတတ်၊ ကတတ်ကြရုံမက သီချင်း ဂီတကိုလည်း ရေးတတ် ချွတ်တတ်၊ သံစဉ် တေးသွားများ လည်း စပ်တတ် ဟပ်တတ်ကြတယ်။ ဒါ့အပြင် ပန်းချီ၊ ပန်းပု၊ ရုပ်လုံးရုပ်ကြွ စပ်ပန်းချီ အတတ်တွေလည်း မျက်စိရေဝ ကာ ယဉ်ပါးနေကြလို့ ကိုယ့်ဆိုင်ရာ ဆိုင်ရာ အလှပြယာဉ်တွေ၊ မဏ္ဍပ်တွေကို လက်စွမ်းပြကြတယ်။
စိတ်ကြိုက်ခံစား ဖန်တီးနိုင်တဲ့ ပတ်ဝန်းကျင်
မန္တလေးမှာ တခေတ်တခါက အရပ်သားများထဲမှ အနုပညာသမားတွေ ခပ်များများ ထွက်ပေါ်ခဲ့တာ ‘သင်္ကြန်’ ကြောင့် ဖြစ်ပါတယ်။ သင်္ကြန်ဟာ မိမိတို့ ရင်တွင်း ရှိနေတဲ့ အနုပညာ ဗီဇကို နိုးထစေသလို … ပျိုးထောင် အညွန့်အညှောက် ထွက် ရှင်သန် ကြီးထွားရာ မြေသြဇာ အပြည့်ရှိတဲ့ ပျိုးခင်းကြီးနဲ့တူတယ်။ လွတ်လွတ်လပ်လပ် အယုတ်အလတ် အမြတ်မရွေး ခံစားရေးဖွဲ့ ကွန့်မြူးနိုင်တယ်။
ရှေ့က နောင်တော်၊ အစ်မတော်များ စပ်ဟပ် သီကုံး တီးမှုတ် ကခုန် ရေးဖွဲ့ကြတာ ကြည့်ရင်း အားကျမခံ စိတ်ဖြင့် ညီငယ်၊ နှမငယ်များကလည်း အနုပညာ မျိုးဆက် အမွေကို လက်ဆင့်ကမ်း ခံယူခဲ့ကြခြင်းလည်း ဖြစ်သလို အလွှာ ပေါင်းစုံ လူတိုင်းစေ့က စိတ်ကြိုက်ခံစား ဖန်တီးနိုင်တဲ့ ပတ်ဝန်းကျင်ဖြစ်လည်းခဲ့တယ်။
ဒါကြောင့် ယနေ့ အထိ တင်ကျန်ရစ်တဲ့ သင်္ကြန်သီချင်းတွေ၊ တီးလုံးတီးကွက်တွေကို ဖန်ဆင်းခဲ့ကြသူများက မျက် မှန်ကြီး တဝင်းဝင်း၊ ပေကြိုး ပခုံးတင်ကာ အထည်တွေ ညှပ်ကိုက်ချုပ်တဲ့ စက်ချုပ်ဆရာလည်း ဖြစ်တယ်။ အားချိန် မယ်ဒလင် တလက်နဲ့ ဂီတနဲ့ အတူနေတဲ့ ဆံသ ဆရာလည်း ဖြစ်တယ်။
ခြေနင်းဖားဖိုလေးနဲ့ လက်ဝတ် ရတနာ ပစ္စည်းတွေ ပြုလုပ်နေတဲ့ ပန်းထိမ်ဆရာလည်း ဖြစ်တယ်။ ထို့အတူ ကျောင်း ဆရာ၊ ဝန်ထမ်း၊ ဝပ်ရှော့ သမား၊ ကျောင်းသား၊ ဆရာဝန်၊ ဈေးသည်၊ ပွဲစား၊ ကျူရှင် ဆရာ၊ ဖိနပ်ထောင်၊ လျှပ်စစ် လိုင်း မင်း၊ စာတိုက်ဗိုလ်၊ အပျော်တမ်း မီးသတ်သမား၊ လက်ဖက်ရည် ဆိုင်ပိုင်ရှင် စတဲ့ အရပ်သားတွေဆီက အဖိုးတန် အနုပညာ ပစ္စည်းတွေ တွင်တွင် ကျယ်ကျယ်ကြီး ထွက်ပေါ်ခဲ့တယ်။
အမျိုးသား အမွေအနှစ် အနုပညာ ပစ္စည်းတွေ
အမျိုးသား အသင်း ဖြစ်စေ၊ အမျိုးသမီး အသင်း ဖြစ်စေ၊ အသင်း တသင်းဆီမှာ ဒီလို အနုပညာ ဝါသနာခံရှိသူ ဦးရေ ၅ဝ ဝန်းကျင် ရှိသည်ထား၊ အသင်း အဖွဲ့ပေါင်း ၂ဝဝ မှာ လူတသောင်း ရှိတယ်။ အမျိုးသား အသင်း ဖြစ်စေ၊ အမျိုးသမီး အသင်း ဖြစ်စေ၊ အသင်းတသင်းဆီမှာ အနုပညာနဲ့ ပတ်သက်လို့ ကျွမ်းကျင် လိမ္မာသူ ၅ ဦး ရှိတယ်ထား၊ အသင်း ၂ဝဝ မှာ လူ ၁ဝဝဝ ရှိတယ်။
အမျိုးသား အသင်း ဖြစ်စေ၊ အမျိုးသမီး အသင်း ဖြစ်စေ အသင်းတသင်းဆီမှာ တနှစ်လျှင် သီချင်းပုဒ်ရေ ၅ ပုဒ်ပဲ ပျမ်းမျှ ရှိတယ်ထား၊ အသင်း ၂ဝဝ မှာ တနှစ် သီချင်းပုဒ်ရေ ၁ဝဝဝ ရှိတယ်။ ကိုင်း … သင်္ကြန်တနှစ်မှာပဲ ရလာလိုက်တဲ့ အမျိုးသား အမွေအနှစ် အနုပညာ ပစ္စည်းတွေက နည်းနည်းနောနော မဟုတ် …။
၁၉၃ဝ ဝန်းကျင်မှသည် ၁၉၈ဝ ဝန်းကျင် နှစ် ၅ဝ အတွင်း မန္တလေးတမြို့တည်းမှာပင် သင်္ကြန်ကြောင့် ရလာတဲ့ သီချင်းတွေ၊ ဂီတတွေ၊ သံချပ်တွေ၊ ပန်းချီတွေ စသော အနုပညာ ပစ္စည်းတွေကို မှန်းဆသာ ကြည့်ပါ လေရော …။
တခြား မကြည့်ပါနဲ့ နာမည်ကျော် မြို့မ အသင်း တသင်းကိုပဲ ကြည့်ပါဘိ။ တနှစ်မှာ သီချင်းအသစ် ၅ ပုဒ်ပဲ အနည်းဆုံး ထား (တကယ်တော့ ၅ ပုဒ်နဲ့ ၁ဝ ပုဒ်ကြား ရှိပါတယ်) နှစ် ၅ဝ အတွင်း သင်္ကြန်သီချင်းပေါင်း ပုဒ်ရေ ၂၅ဝ ရှိနေပြီလေ။
ဘုန်းမိုးသွန်းလောင်းမှသည် သင်္ကြန်မိုးသို့
ကနဦးအစ သင်္ကြန်သီချင်းတွေက မဟာဂီတလာ ‘ဘုန်းမိုးသွန်းလောင်း’ သီချင်းကြီး၏ နရီစည်းချက် အတိုင်း
‘အေးအေး ချမ်းချမ်း လောင်းစမ်း သင်္ကြန်ရေ၊
မာပါစေ တောင်းဆုကိုခြွေ၊
ဖြန်းပက်သူတို့ ယဉ်စစ ချောနွဲ့နွဲ့လုံမေ၊
တထောင့် သုံးရာရှစ် ခုနှစ် သင်္ကြန်ရေ..’ ဟူသော သင်္ကြန်သီချင်းမှ စည်းသွက် ဖြစ်သော လေးချက် စည်းအတိုင်း
‘ သင်္ကြန်နှစ်ဦး တူးပို့တူးပို့
တူးသံ မြူးသာယာ၊
သင်္ကြန်မယ်များ တူးပို့တူးပို့
တူးမာရဲ့နော်ဗျာ၊
ငွေငန်းသံစုံ တူးပို့တူးပို့၊
အာရုံဖျော်ဖြေကာ..’ ဆိုတဲ့
ယနေ့တိုင် မရိုးနိုင်တဲ့ ဆရာမြို့မငြိမ်း ရဲ့ ‘ တူးပို့တူးပို့’ သီချင်းလို သင်္ကြန်ဒိုးချက် အသွား မြူးမြူး ကြွကြွ သီချင်းတွေကို နောက်မျိုးဆက်တွေက ဆက်တိုက် ဆိုသလို ရေးစပ်ခဲ့ခြင်းဟာ တကယ့် ခုန်ပျံ တိုးတက် မှုကြီး ဖြစ်ပါတယ်။ တပြိုင်နက်တည်း ဆိုသလိုပင်.. ဆရာ မြို့မငြိမ်းက
‘ပျော်ခင်းလေးသာ ပါဘိတယ်
အတိတ် ကောင်းယူမယ်၊
နှစ်ဦး သင်္ကြန်တော်ဝယ်….’ တဲ့။
ဒီ စာသား၊ ဒီအသံ၊ ဒီအသွား၊ ဒီစည်းချက်ကလည်း ၁၉၄၇ ခုနှစ်ကတည်းက တကယ့် ‘ပါရာဒိုင်း’ ကြီး ဖြစ်ခဲ့တယ်။ အခု ထိ အဟုန်ပြင်းဆဲ…။ ဒီ့နောက် မြို့မ အသင်းသားကြီး တဦးဖြစ်သော ဦးဘသိန်းကလည်း ‘ သင်္ကြန်မယ်တွေ မာပါစေ ရွှေမန်းမြို့မှာ အသရေ လျှမ်းဖို့ရာ သြော်.. ငွေငန်း မြို့မ လာပြီလေ..’ တဲ့။ ဖောက်ထွက် လာပြန်တယ်။
နောက် ကိုဘိုခင်၊ ကိုပေါ၊ ကိုရွှန်းမြိုင်..။ အခြား အသင်းတွေမှာလည်း ကိုသန်းကြွယ်၊ ကိုခင်မောင်သန်း၊ စိန်တင်ဟန်၊ ကိုရဲထွေး၊ ကျော်မြင့်သူ၊ စန္ဒရား ငြိမ်းထက်၊ ကိုချမ်းငြိမ်း… စသဖြင့် ၁၉၈ဝ ကျော် ဝန်းကျင် အထိ ခေတ်နဲ့ အမီ သင်္ကြန်တေးရေး ဆရာတွေ ပေါ်ထွက်ခဲ့တာ အများအပြားပါပဲ။
ဟော.. ၁၉၈၅ရောက်တော့
‘ပျော်ပျော်ရွှင်ရွှင် တီးမှုတ်ကြတဲ့ပွဲမှာ….
ငုံနေရှာတဲ့ ပန်းပိတောက်ဖူးတွေထဲ….
ရာသီချိန်မီ လန်းပွင့်ခဲ့တဲ့ ပိတောက်ကို
ပန်ဆင် ပါရင်၊ လှသထက် တင့်မှာမို့….’ ဆိုတဲ့ ကိုမောင်မောင်(မဇ္ဈိမလှိုင်း)ရဲ့ သီချင်း အထိ ဒီ ‘ပါရာဒိုင်း’ ရဲ့ အရှိန် အဟုန်ကို ထပ်ဆင့် မြှင့်တင်ခဲ့ကြတာပဲ မဟုတ်ပါလား။
သေချာတာ ကတော့ သင်္ကြန်ဆိုတာ လူတန်းစား အလွှာ ပေါင်းစုံ ပါဝင် ဆင်နွှဲနိုင်ပြီး လူတိုင်း ကိုယ်စီရဲ့ နှလုံးသားထဲ က အပျော်ဓာတ်တွေက တဆင့် ကွန့်မြူးလာမယ့် အနုပညာတွေကို လွတ်လပ်စွာ ထုတ်ဖော်နိုင်ဖို့ပါပဲ။ လူထု သင်္ကြန်တွေက အမျိုးသား အမွေအနှစ်တွေ ကျန်ရစ်စေခဲ့တာ သာဓက တွေပဲလေ။ ။
မန္တလေး သင်္ကြန်များမှ ထင်ရှား ကျန်ရစ်ခဲ့သည့် သီချင်း အချို့
၁၃၀၀ ပြည့် သင်္ကြန်မြို့မငြိမ်း (၁၉၃၈) ၁၃၀၀ ပြည့်နှစ် အတွက် စပ်ဆိုသည်
သင်္ကြန်လုလင် မြို့မငြိမ်း ၁၉၄၀ ဝန်းကျင်
တူးပို့တူးပို့ မြို့မငြိမ်း ၁၉၄၀ ဝန်းကျင်
ရွှေမန်း မာလာ မြို့မငြိမ်း ၁၉၄၀ ဝန်းကျင်
ပြည်တော်ဝင် ဆရာညှာ ၁၉၄၅ ဝန်းကျင်
ရွှေမန်းတောင် ရိပ်ခို မြို့မငြိမ်း ၁၉၄၇ ခု(၁၃၀၉ ခု သင်္ကြန်အတွက် စပ်ဆိုသည်)
အေးအေး ချမ်းချမ်း မြို့မငြိမ်း ၁၉၄၇ ခု
မူယာကြော့ ဦးဘသိန်း ၁၉၅၀ ဝန်းကျင်
အေးတဲ့ရေ
(မြူမှောင်ဝေကင်း) ဦးရင်လေး ၁၉၅၈ ခု
သော့(ကျေးဇူးတင်) ဦးရင်လေး ၁၉၅၈ ခု
ညှင်းသွဲ့သွဲ့ လေပြည် ဦးဘိုခင် ၁၉၅၈ ခု
မန်းသူနှင့် ငန်းဖြူ ဦးပေါ ၁၉၆၀ ဝန်းကျင်
မြတ်ဆုမွန် ဦးရွှန်းမြိုင် ၁၉၆၈ ခု
အိပ်မက် စေတမန် ဦးသန်းကြွယ် ၁၉၇၀ ဝန်းကျင်
ရွှင်လန်း ချမ်းမြေ့ပါစေ ဦးခင်မောင်သန်း ၁၉၇၀ ဝန်းကျင်
ချစ်စွာသော သင်္ကြန်ကိုလှထွန်း ၁၉၇၀ ဝန်းကျင်
ရှာပုံတော် မင်းသားကြီး ကျော်မြင့်သူ ၁၉၇၀ ဝန်းကျင်
နဂါးမယ် သီချင်းများ စိန်တင်ဟန် ၁၉၈၀ ဝန်းကျင်
သင်္ကြန်မိုး သီချင်းများ မြို့မ ကိုပေါ / ကိုမောင်မောင်(မဇ္ဈိမလှိုင်း) ၁၉၈၄