မကြာမီ နှစ်သစ်ကူး သြင်္ကန်ကာလသို့ ရောက်တော့မည့် ဖြစ်သည်၊ ပူလောင်သည့် နွေ၌ သြင်္ကန်ကာလ လေးတခုက အိုအေစစ်လေး သဖွယ် ဖြစ်သကဲ့သို့ လူတိုင်း(အထူးသဖြင့် ငယ်ရွယ်သူတိုင်း) အတွက် ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာပင်။
သြင်္ကန်သည် မြန်မာလူမျိုးတို့ အတွက်သာမက တိုင်းရင်းသားတချို့တွင်လည်း မတူညီသည့် ရိုးရာပုံစံများဖြင့် ရှိသည် ကိုတွေ့ရသည်။
ရှမ်းတိုင်းရင်းသားတို့၏ သြင်္ကန်၊ ရခိုင်တိုင်းရင်းသားတို့၏ သြင်္ကန်၊ မွန်တိုင်းရင်းသားတို့ သြင်္ကန်ဟူ၍ ရှိကြသည်။
သြင်္ကန်ဟူသော ဝေါဟာရသည် ကူးပြောင်းခြင်းဟု အနက် အဓိပ္ပါယ်ရှိ၏၊ နေမင်းသည် ၁၂ရာသီ စက်ဝန်းကို လှည့်လည်ခဲ့ ရာ၌ ၁၂ရာသီစေ့မြောက်၍ နောက်ဆုံးဖြစ်သော မိန်ရာသီမှ အစ ဖြစ်သော မိဿရာသီသို့ ကူးပြောင်းသည့် အချိန် နာရီ စက္ကန့် တွင် သြင်္ကန်ကျပြီဟု ဆိုစမှတ်ရှိကြောင်း အာဇာနည် ခေါင်းဆောင်ကြီး တဦးဖြစ်သည့် ဆရာကြီး ဒီးဒုတ်ဦးဘချိုက ဖွင့်ဆို သည်။
ထို့ကြောင့် သြင်္ကန်ပွဲတော်ကို မြန်မာနှစ်သစ်ကူူးပွဲဟူ၍ ခေါ်ဆိုကြသည်။ ရှမ်းတိုင်းရင်းသားများ ကတော့ သြင်္ကန်ကို ဆန်းကျဲန်ဟုခေါ်ဆိုပြီး ရေကစားပွဲတော် (သို့) ရေလောင်းပွဲတော် ဟု မှတ်ယူ ကြသည်။
သြင်္ကန်ပွဲတော်ကို တရုတ်(ဆစ်ဆောင်ပနား)၊ ကမ္ဘောဒီးယား၊ ထိုင်း၊ ဗီယက်နမ်၊ လာအို နိုင်ငံများတွင် နေထိုင်သည့် ရှမ်းမျိုးနွယ်စုများ ကြားမှာလည်း ကျင်းပသည်။

မြန်မာနိုင်ငံတွင် ကျင်းပသည့် ရှမ်းတိုင်းရင်းသားများ၏ ရိုးရာ သြင်္ကန်ပွဲတော်သည် မြန်မာ့တို့၏ ဓလေ့ထုံးတမ်းများဖြင့် အနည်းအငယ် ကွဲလွဲမှုများ ရှိသည့်အတွက် စိတ်ဝင်စားစရာကောင်း လှပါသည်။
မြန်မာတို့က သြင်္ကန်ကာလမှာ ပိတောက်ပန်းကို အမြတ်တနိုးထားကြသလို ရှမ်းတိုင်းရင်းသားများက မောက်ကိုဆွဲ့ပန်း(ဝါ) ဂေါ်ပန်းကို အမြတ်တနိုးထားကြပြီး၊ အကြိုနေ့ မနက်တွင် မြန်မာတို့ ဝါဆိုပန်း ခူး ထွက်သကဲ့သို့ ရှမ်းလုလင်၊ လုံမပျိုတို့က သြင်္ကန်အကြိုပန်းထွက်ခူးကြသည်။
ထိုပန်းဖြင့် ဘုရားကန်တော့ခြင်း၊ အလှဆင်ခြင်းတို့ ပြုလုပ်ကြသလို သြင်္ကန်ကို ကြိုဆိုသည့် အခါမှာလည်း အသုံးပြုကြ သည်။
သြင်္ကန်အကြိုနေ့တွင် မောက်ကိုဆွဲ့ပန်းလေးများဖြင့် ဘုရားညောင်ရေအိုးထိုးကာ ဖယောင်း တိုင်မီး ထွန်းညှိပြီး အိမ်ရှေ့တွင် ထားကာ ရှမ်းတိုင်းရင်းသားတို့ သြင်္ကန်ကို ကြိုဆို၏။
“တန်ခူးလမှာ ပွင့်တဲ့ ပန်းပေါ့၊ ဂုံးသီးဗျ၊ အခွံမာ အသီးတမျိုးပဲ အဲဒီအသီးက အပွင့်နဲ့ ပန်းပေါ့၊ ရှမ်းလို မောက်ကိုဆွဲ့ ခေါ်တာ မိန့်ဂေါ်ပေါ့။ ဂေါ်ပန်း ခေါ်တာပေါ့၊ အဲဒီပန်းကို ယူလာပြီး ဘုရားရေ သပ္ပာယ် မယ့် အဝန်းအဝိုင်းပေါ့၊ ရေဇလားရှိမယ်၊ နောက် ရေပန်း ရှိမယ်။ အဲဒီမှာ ဘုရားဆင်တုတော် ကို သြင်္ကန် အကြိုနေ့ကတည်းက ပင့်ပြီးတော့ နေ့တိုင်း ရေ သပ္ပာယ် တာပေါ့”ဟု ရှမ်းစာပေနှင့် ယဉ်ကျေးမှုအသင်း (ဗဟို)မှ ဥက္ကဌ ဦးစိုင်းမောင်တင်က ပြောသည်။
ရေသပ္ပာယ်ရာမှာတော့ ရှမ်းတိုင်းရင်းသားများသည် နဂါးရုပ်၊ မြွေရုပ် စသဖြင့် ဒေသ တခုချင်းစီ အလိုက် မတူညီသော အရုပ်များနှင့်အတူ လောင်းလှေ ပုံစံ တည်ဆောက်ကာ သတ်မှတ်ထားသော နေရာရှိ သက်ကယ်မိုး ထားသော တဲ အောက်မှာ ရေလောင်းဇလားနှင့် ရေပန်းများလုပ်ကာ နေ့စဉ် ရေသပ္ပာယ်ကျသည်။
သို့သော် သြင်္ကန်ကာလ ရေကစားခြင်းတွင်မူ ဗမာတို့က အကြိုနေ့တွင် စတင် ရေကစားသော်လည်း ရှမ်းတိုင်းရင်းသား များကမူ အကျနေ့ရောက်မှသာ ရေကစားခြင်းကို စတင်ပြီး နှစ်ဆန်းတရက်နေ့ အထိ တချို့လည်း ရေကစားကြသည်။
နှစ်ဆန်းတရက်နေ့တွင် ဘုန်းကြီးကျောင်းသို့ သွားရောက်၍ ဘုရားဆင်းတုတော်များကို ပင့်ဖိတ်ပြီး ရေသပ္ပာယ် ကျသလို ဘုန်းကြီးကျောင်းကန်များကိုလည်း သန့်ရှင်းရေးလုပ်ကာ ကုသိုလ်ယူကြသည်။

ထို့နောက် မုန့်ဖက်ထုပ်၊ မုန့်လုံးရေပေါ် မုန့်များလုပ်ကာ ဘုန်းကြီးကျောင်းသို့ လှူဒါန်းကြ သကဲ့သို့ အိမ်နီးနားချင်း ဆွေမျိုး မိတ်သင်္ဂဟများ၏ အိမ်များသို့ ဝေငှကျွေးမွေးကြသလို သက်ကြီး ရွယ်အိုများ အား ကန်တော့ခြင်း၊ ခြေသည်း လက်သည်းများ ညှပ် ပေးခြင်း၊ ခေါင်းလျော်ပေးခြင်း တို့ဖြင့်လည်း ကုသိုလ် ယူကြပြီး၊ မြို့ပေါ်သို့မဟုတ် ရွာများတွင် သဲပုံစေတီများကို တည်ကာ ဘုန်းတော်ကြီးများ ပင့်ဖိတ်၍ အန္တရာယ်ကင်း ပရိတ်တရားတော်နာကြ၏။
ရှမ်းစာပေနှင့် ယဉ်ကျေးမှုအသင်း (ဗဟို)မှ ဥက္ကဌ ဦးစိုင်းမောင်တင်က ““သဲပုံစေတီလေး လုပ်တယ်၊ ရွာအလယ်မှာ တဆူ၊ ရွာထိပ်မှာ တဆူ၊ ရွာနောက်မှာ တဆူ သုံးဆူလုပ်တယ်၊ အဲဒီမှာ ပရိတ်ရွတ်တယ်၊ အန္တရာယ်ကင်းဖို့ပေါ့။ ဘုန်းကြီး ပင့်ဖိတ်ပြီးတော့ လုပ်တယ်”ဟု ပြောသည်။
ထူးခြားမှု တခုမှာ မြန်မာတို့သည် သြင်္ကန်ကာလ၌ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ကိစ္စရပ်များနှင့် ပတ်သက်၍ မကြေလည် သည် များကို သံချပ်ဖြင့် ပုံဖော်၍ ရင်ဖွင့်ကာ တင်ဆက်ကြသည်မှာ စစ်ကြို ခေတ်မှသည် ယနေ့တိုင် သံချပ်ထိုးခြင်း ဓလေ့ စွဲမြဲခဲ့သည်။
စစ်ကြိုခေတ် သံချပ်များသည် ထိုခေတ် သတင်းစာများထက်ပင် ပိုမိုပွင့်လင်းကြပြီး ပြည်သူ့လှုပ်ရှားမှု များ ပါဝင်ခဲ့ကာ သေခါနီးမှ ရိက္ခာယူ အဘိဇ္ဈာထူတာ ငပု- ငပု၊ ညွှန်ပေါင်း လက်သစ် ရာထူးယူ- တိုင်းပြည်ဆူရင် သူတို့ကြောင်ပဲ။ မြန်မာ ပြည်ကြီး နစ်ဖို့ဖန်- ကလိန်ဉာဏ်နဲ့ ငစော ငစော စသည်ဖြင့် သံချပ်ထိုးကြသည်၊ ယနေ့ခေတ် အကဲဆတ်သည့် အစိုးရများ အနေဖြင့်မူ ထိုသို့ ပွင့်လင်းသည့် သံချပ်များကို လက်ခံနိုင်မည်မဟုတ်ပေ။
ရှမ်းတိုင်းရင်းသားများမှာမူ သြင်္ကန်နှင့် သက်ဆိုင် သော ရှမ်းသီချင်းများ ကိုသာ ဖွင့်လှစ်နားထောင်၍ ရိုးရာ အမျိုးသား ဝတ်စုံများကို ဝတ်ဆင်ကာ ပျော်ပါးကြကြောင်း သိရသည်။
ထိုနည်းတူစွာ ရှမ်းတိုင်းရင်းသားများထဲမှာမှ ကျိုင်းတုံဒေသရှိ ဂုံရှမ်းတို့၏ သြင်္ကန်ပွဲတော် ကျင်းပပုံကလည်း အလွန် ဆန်းပြား နေပြန်သည်။

ကျိုင်းတုံသြင်္ကန်ကို တချို့က မိုးခေါ်သြင်္ကန်ဟုလည်း ညွန်းဆိုလေ့ရှိကြောင်း ဒေသခံများ၏ အဆိုရ သိရသည်။
သမိုင်းအရ ခေမရဋ် တုံဂပူရိ ဟု ခေါ်သည့် ကျိုင်းတုံနယ်ကို စော်ဘွား ဖရာ့ ကျောက်မထုက အုပ်ချုပ် စဉ် သက္ကရာဇ် ၇၇၂ နှစ်က တနယ်လုံး မိုးခေါင်ရေရှား ဖြစ်၍ ငတ်မွတ်ခေါင်းပါးမှု အန္တရာယ်နှင့် ရင်ဆိုင်ခဲ့ရာ ဥတ္တမ အမည်ရှိ ပုဏ္ဏားက ကျိုင်းတုံမြို့၏ နေ့နံသည် တနင်္လာနံ ဖြစ်ရာ ဂုံလူမျိုး၏ ပါးစပ်မှာ တနင်္လာနံ လခြမ်းကို ငုံစေလျက် သဲပုံစေတီနှင့်တကွ ဖားရုပ်ကို ပုံဖော်၍ ပူဇော်ပသခဲ့ရာ မိုးသည်းထန်စွာ ရွာသွန်းခဲ့သည့်အတွက် လယ်ယာ များ ထွက်ရက်စိုက်ပျိုးမှု အထွက်တိုးခဲ့ကြောင်း သိရသည်။
ထို့ကြောင့် သြင်္ကန် ကာလ ရောက်တိုင်း မင်္ဂလာစည်တော်ကြီးအား ထုတ်၍ တီးကာ သြင်္ကန်ကို ယနေ့တိုင် ကြိုဆိုလေ့ ရှိကြပြီး သြင်္ကန်ပွဲ ကိုလည်း ပျော်ပျော်ပါးပါး ဆင်နွဲကြသည်။
မင်္ဂလာစည်တော်တီးကာ သြင်္ကန်ကို ကြိုဆိုပြီးနောက် သြင်္ကန်မင်း ရုပ်တုနှင့်အတူ အလံဖြူ၊ အလံနီများ ကိုင်ဆောင်သည့် အဖွဲ့ကို ဂုံရှမ်းမျိုးနွယ်ဝင် တဦးက မြင်စီးကာ ဦးဆောင် မြေသားဖြင့် ပြုလုပ်ထးသည် ဖားရုပ်ရှိရာသို့ စီတန်းလှည့်လည် သွားကြသည်။
စီတန်းလှည့်လည်ရာ လမ်းတလျောက် ရေပက်ကစားသူများဖြင့် စည်ကားလှပြီး ဧည်ပရိသတ်က မိုးခေါ်သည့် မြေသား ပုံဖော်ထားသည့် ဖားရုပ်အား ဝိုင်းလုကြသည်။

ထို မြေကြီးဖြင့် ပြုလုပ်ထားသည့် ဖားရုပ်ကို ဝိုင်း၍ လုရခြင်းမှာ ၎င်းမြေသားကို ရရှိပါက မိမိတို့၏ လယ်ယာ၊ခြံမြေ၊ အိုးအိမ်တို့တွင် ပက်ကြဲပါက ဆန်ရေစပါး၊ သစ်သီးဝလံများ အထွက်တိုးကာ စီးပွားလာဘ်လာဘ တိုးတက် ရွင်လန်း သည်ဟု ယုံကြည်ခြင်း ကြောင့်ဖြစ်ကြောင်း ကျိုင်းတုံဒေသခံ စိုင်းကျော်အောင်က ပြောသည်။
ထို့ကြောင့် ကျိုင်းတုံသြင်္ကန်ကို မိုးခေါ်သြင်္ကန်ဟုလည်း ဆိုကြသည်၊ ဤသည်ကား ရှမ်းတိုင်းရင်းသား များ၏ ရိုးရာ သြင်္ကန်ပွဲ ကျင်းပပုံထဲမှ ထူးခြားဆန်းပြားသည့် ဓလေ့တခုဖြစ်သည်။
ယခုနှစ် သြင်္ကန်ပွဲတော်ကို ကျိုင်းတုံမြို့မ ဘောလုံးကွင်းတွင် ဧပြီလ ၁၃ရက်နေ့မှ ၁၅ ရက်နေ့အထိ တိုင်းခင်၊ တိုင်းလိ၊ တိုင်းနေနှင့် တိုင်းလုံဟုခေါ်သည့် ရှမ်းတိုင်းရင်းသား ၄ဖွဲ့တို့မှ စာပေနှင့် ယဉ်ကျေးမှု ကော်မတီဝင်များဖြင့် ဖွဲ့စည်းထားသော ကော်မတီက ဦးစီးကျင်းပမည် ဖြစ်ကြောင်း Tai Khun Literature And Culture Association- Keng Tung မှ ရေးသား ဖော်ပြထားသည်။ ။