မြန်မာ့ရိုးရာ ဆယ့်နှစ်လရာသီ ပွဲတော်များတွင် တိုင်းရင်းသားအားလုံး ပါဝင်ဆင်နွှဲကြသည့် နှစ်သစ်ကူး အတာသင်္ကြန် ပွဲတော်ကြီး မကြာခင် ရောက်ရှိလာတော့မည် ဖြစ်ပေသည်။
အလှူအတန်း စတုဒိသာများ နှင့် သင်္ကြန်ပွဲတော် အခါသမယတွင် ပါဝင်ဆင်နွှဲကြသည့် တိုင်းရင်းသား အသီးသီး၏ ရိုးရာ ဓလေ့များကိုလည်း တွေ့မြင်လေ့လာနိုင်ပြီး ပါဝင်ဆင်နွှဲနိုင်သည့် အချိန်အခါကောင်းလည်း ဖြစ်သည်။
တိုင်းရင်းသားလူမျိုး အသီးသီးအနေဖြင့် အတာသင်္ကြန်ပွဲတော် အတွင်း မိမိတို့၏ ကိုယ်ပိုင် ရိုးရာယဉ်ကျေးမှု ဓလေ့ ထုံးတမ်းများနှင့် မတူကွဲပြားစွာ ကျင်းပလေ့ ရှိကြရာ မွန်တိုင်းရင်းသား တို့သည်လည်း ယဉ်ကျေးမှု ဓလေ့တခုကို လက်ဆင့် ကမ်းလျက် ရှိကြသည်။
မွန် တိုင်းရင်းသားတို့၏ မည်သူနှင့်မျှ မတူသော ဓလေ့တခုသည် “သင်္ကြန်ထမင်း” ပင်ဖြစ်ပေသည်။
ထမင်းကို ရေနှင့် တွဲဖက်စားရသည့် “သင်္ကြန်ထမင်း”သည် မွန်တို့၏ ရိုးရာဓလေ့ဖြစ်သလို ကိုယ်ပိုင် အမှတ်အသား တခုအဖြစ်လည်း နာမည်ကြီးလှသည်။
သင်္ကြန်ထမင်းသည် အဓိကအားဖြင့် အနေတော်ပြုတ်ကာ ရေဆေးပြီး စစ်ထားသည့် ထမင်းဖြူသန့်သန့်၊ ငါးခြောက် ထောင်း၊ သရက် သီးသုပ်၊ ငရုတ်သီးတောင့်ကြော်၊ရေသန့်အေးအေးလေး တို့ဖြင့် တွဲဖက်စားရသည့် အစားအစာဖြစ် သည်။
စားကောင်းသည့် ထမင်းကိုရရှိစေရန် အတွက် ဆန်မွှေးအား ပြုတ်ရာတွင် စပယ်ဖူးလေးကဲ့သို့ အနေအထားရောက် သည် အထိ တင်စားကာ မွန်တို့က ချိန်ဆပြုလုပ်လေ့ ရှိသည်။
သင်္ကြန်ထမင်းတွင် ထူးခြားမှုတခုအနေဖြင့် ဆမ်းစားမည့် ရေထဲတွင် ဖယောင်းနံ့လေး သင်းနေအောင် ပြုလုပ်ထားခြင်း ပင် ဖြစ်သည်။ ဖယောင်းနံ့ မနှစ်သက်သူများက ရိုးရိုးရေဖြင့်သာ စားလေ့ရှိကြသည်။
ရေထဲတွင် ဖယောင်းနံ့ သင်းနေစေရန်အတွက် သန့်စင်သည့် မြေအိုးတလုံးအား ဖယောင်းထည့်ထားသည့် မီးဖိုပေါ် တွင် အုပ်ချကာ မှိုင်းခံသည့် သဘောဖြင့် ထားရလေသည်။
ယင်းနောက်တွင် ဖယောင်းခိုးများပြည့်နေသည့် မြေအိုးအတွင်းသို့ ရေထည့်ပြီး လုံခြုံစွာ ပိတ်ထားခြင်းဖြင့် ဖယောင်းနံ့ သင်းနေသည့် ရေကို ရရှိစေခြင်းဖြစ်သည်။
အချဉ်၊ အစပ်နှင့် အရသာရှိပြီး မြိန်စေရန် အတွက်လည်း သရက်သီးသုပ်၊ ငရုတ်သီးတောင့်ကြော် တို့ဖြင့် တွဲဖက် စားကြပြီး အဓိကဖြစ်သည့် ငါးခြောက်ထောင်းကြော်ကိုမူ အသားများများ ပါသည့် ငါးများဖြင့် ပြုလုပ်လေ့ ရှိကြသည်။
သင်္ကြန်ထမင်း၏ ဇစ်မြစ်သည် ရှေးအခါက လွန်စွာချမ်းသာကြွယ်ဝသည့် သူကြွယ်ကြီး တဦးသည် သင်္ကြန် အချိန်အခါ တွင် လူအများခြံရံလျက် မြစ်ကမ်းတနေရာရှိ ပညောင်ပင်အောက်တွင် ဆန်အားပြုတ်ပြီးနောက် ၇ ကြိမ်အထိ ရေဖွဖွ ဆေးထားသည့် ထမင်းကို အမွှေးနံ့သာများ ရောစပ်ထားသည့် စားသောက်ဖွယ်ရာများဖြင့် ညောင်ပင်စောင့်နတ်ထံ တွင် သားဆုပန်ရာ ပြည့်ဝခဲ့သည်ဟု မွန်တို့သမိုင်းတွင် မှတ်တမ်းပြုထားသည်ကို တွေ့ရကြောင်း မွန်တိုင်းရင်းသူ စာရေးဆရာမ မိုးပန်းမွန်(ရာမည)က ဆိုထားသည်။
ထိုမှတ်တမ်းကို အစွဲပြုပြီး မွန်လူမျိုးတို့ အနေဖြင့်လည်း အတာသင်္ကြန် အချိန်အခါတွင် စည်းစိမ်ချမ်းသာများ တိုးတက် ပွားများစေရန် ရည်စူးလျက် သင်္ကြန်ထမင်း ချက်ပြုတ်ကာ လှူဒါန်းကျွေးမွေးမှုများ ပြုလုပ်လေ့ ရှိကြခြင်းဖြစ်ကြောင်း သိရသည်။
“သင်္ကြန်းထမင်း ကျွေးခြင်းဖြင့် မွန်တွေမှာ စီးပွားလာဘ်လာဘ တိုးတက်တယ်၊ အန္တရာယ်ကင်းတယ်၊ အချင်းချင်း ချစ်ကြည် ရင်းနှီးမှုကို ရစေတယ်၊ ကိုယ်စိတ် ချမ်းသာစေတယ် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကျွေးမွေးကြတာပေါ့”ဟု စာရေးဆရာမ မိုးပန်းမွန်(ရာမည)က ပြောသည်။
နှစ်သစ်ကူး ကာလ နှစ်ဆန်းတရက် နေ့တွင် ကျင်းပသည့် မုဒုံမြို့နယ် ရိုးဂိုး ဘုရားပွဲသည်လည်း မွန်လူမျိုးတို့၏ ထင်ရှား သည့် ဓလေ့တခုဖြစ်ပြီး ရေကစားသူများ၊ ဘုရားသန့်ရှင်းရေး လုပ်သူများဖြင့် လွန်စွာစည်ကားသည်။
အထူးသဖြင့် မွန်လူငယ်များသည် နှစ်ဆန်းတရက်နေ့ကို ယခင်ရက်များထက် ပိုမိုရေကစားလေ့ရှိကြပြီး အခြားသော မြို့များမှလည်း မွန်ပြည်နယ်သို့ လာရောက် လည်ပတ်ကြလေ့ ရှိကြသည်။
ဗုဒ္ဓသာဘာဝင်များ ဖြစ်ကြသည့် မွန်လူမျိုးတို့သည် အတာသင်္ကြန် ကာလအတွင်း ရဟန်းခံ ရှင်ပြုခြင်းများ၊ သက်ကြီး ပူဇော်ပွဲများ၊ စတုဒိသာ ကျွေးမွေးခြင်းများကိုလည်း အားတက်သရော ပြုလုပ်လေ့ရှိကြသည်။
အတာသင်္ကြန်ကာလအတွင်း မွန်ပြည်နယ်အတွင်းရှိ မွန်တိုင်းရင်းသားတို့၏ အိမ်တိုင်းနီးပါးတွင် သင်္ကြန်ထမင်းကို ပြင်ဆင် ထားလေ့ရှိပြီး ရိုးရာယဉ်ကျေးမှု ဓလေ့ကို ဖော်ကျူးထားသလို သဒ္ဒါတရား ထက်သန်သည်ကိုလည်း တွေ့မြင် ကြရ ပါသည်။ ။