ဆောင်းပါး

မြန်မာ-တရုတ် ကုန်သွယ်ရေးလမ်းမကြီး အခြေအနေ သုံးသပ်ချက် အပိုင်း - ၂

Want create site? Find Free WordPress Themes and plugins.

( ၂ )
လမ်းဟောင်းကို အသုံးပြု ရာတွင် ထည့်သွင်းစဉ်းစားရမည့်အချက်များ

လက်ရှိအသုံးပြုနေသော မန္တလေး-မူဆယ်လမ်းဟောင်းအား အဆင့်မြှင့်ပြီး အသုံးပြု သွားမည်ဆိုပါက အောက်ပါအချက်အလက်များကို မဖြစ်မနေထည့်သွင်းစဉ်းစားရန် လိုအပ်ပေသည်။

ယာဉ်ကြောကြပ်မှု

လက်ရှိတွင် အဆိုပါ မူလလမ်းဟောင်းအား ဒေသတွင်း ဆက်သွယ်သွားလာမှု၊ ကူးသန်းရောင်းဝယ်မှုအတွက် သွားလာ နေသည့် မော်တော်ယာဉ်များ၊ စစ်ဆင်ရေး ဆောင်ရွက်နေသော စစ်တပ်မှ မော်တော်ယာဉ်များအပြင် မူဆယ်နယ်စပ် ကုန်သွယ်ရေးအတွက် သွင်းကုန်/ပို့ကုန်များကို သယ်ယူပို့ဆောင်နေသည့် ကုန်တင်ယာဉ်များ နိစ္စဓူဝသွားလာနေသည်က ပို၍များပြားသည်။ ဒေသတွင်း အသုံးပြုရန်နှင့် တရုတ်နယ်စပ်သို့ ပို့ဆောင်နေသည့် ဂါလံ ၈၀၀၀ ဆန့် ဆီတင်ကားကြီးများလည်း သွားလာလျက်ရှိသည်။

လက်ရှိ မူဆယ်-မန္တလေးကားလမ်းအား အသုံးပြုနေသည့် ကုန်သွယ်မှုပမာဏမှာ မြန်မာအစိုးရ ကုန်သွယ်ရေးဝန်ကြီး ဌာန၏တရားဝင်ထုတ်ပြန်ချက်များအရ ၂၀၁၇-၂၀၁၈ ကုန်သွယ်နှစ်တွင် မြန်မာပြည်မှ ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ သန်း ၄၁၂၇.၆၉၄ ၊ သွင်းကုန် ၁၆၉၅.၀၀၂ တို့ရှိပြီး စုစုပေါင်းကုန်သွယ်မှုပမာဏတန်ဖိုး အမေရိကန်ဒေါ်လာသန်းပေါင်း ၅၈၂၂.၆၉၆ ရှိသည်ဟု ဆိုပါသည်။ ဤထုတ်ပြန်ချက်နှင့်ပတ်သက်၍ဆိုရလျှင် မြန်မာအစိုးရနှင့် တရုတ်အစိုးရတို့ ထုတ်ပြန်ချက်များ တူညီလေ့ မရှိသည်ကို သတိပြုရန်လိုပါသည်။ အကြောင်းမှာ နယ်စပ်ကုန်သွယ်မှုတွင် တဘက်က တရားဝင်သတ်မှတ်ထားသည့် ကုန်စည်ကို တဖက်က တရားမဝင်သတ်မှတ်ခြင်း မရှိ၍ ဖြစ်သည်။ ဥပမာ မြန်မာဘက်က ဖော်ပြသည့် ပို့ကုန်တန်ဖိုးသည် အမှန်တကယ်ပမာဏထက် လျော့နည်းသည်မှာ သေချာသလောက်ရှိသည်။ သစ်အမျိုးမျိုး၊ ကျောက်စိမ်းနှင့်ရတနာအမျိုးမျိုးနှင့် အင်ကြင်းကျောက်ကဲ့သို့ တန်ဖိုးပမာဏကြီးမားသည့် ကုန်များသည် မှောင်ခိုကုန်များအဖြစ် တရုတ်ဘက်သို့ တင်ပို့နေ၍ဖြစ်သည်။

အဆိုပါကုန်သွယ်မှုအတွက် ကုန်စည်ပို့ဆောင်ရေးအား မူဆယ်-မန္တလေး ကားလမ်းမကြီးမှ မော်တော်ယဉ်များဖြင့်သာ သယ်ဆောင်နေရာ မူဆယ် ၁၀၅ မိုင် ကုန်သွယ်စခန်းသို့ နေ့စဉ်ကုန်တင်ယာဉ်ကြီးငယ် (၁၂ တန်မှသည် ၃၃ တန်အထိ သယ်ဆောင်နိုင်သည့် ကုန်တင်ယာဉ်များ) အစီးရေ ၁၅၀၀ ဝင်ထွက်လျက်ရှိပြီး မော်တော်ယာဉ်ငယ်နှင့် အလတ်စားများပါ ထည့်သွင်းတွက်ချက်ပါက မော်တော်ယာဉ် စီးရေ ၄၀၀၀ ခန့် သွားလာလျက်ရှိသည်။

လက်ရှိယာဉ်သွားလာမှု အနေအထားအရဆိုလျှင် လေးလမ်းသွားဖောက်လုပ်ထားရှိနိုင်သည့် လမ်းပိုင်းများတွင် ယဉ်ကြောမကြပ်ဘဲ နှစ်လမ်းမောင်းသာ ဖေါက်လုပ်ထားသည့်နေရာများတွင် ယဉ်ကြောကြပ်နေလေ့ရှိသည်ကို တွေ့ရသည်။ လမ်းကြောအနေနှင့်နှိုင်းယှဉ်ဖော်ပြရလျှင် မြဝတီနှင့်ကော့ကရိတ်ကြား အာရှလမ်းမကြီးအား ဖောက်လုပ်ထားသည်မှာ နှစ်လမ်းသွားလည်းမက၊ လေးလမ်းသွားလည်း မကျ ဟုဆိုရမည်။ လေးလမ်းသွားလမ်းအကျယ် ၄၈ပေ ( တလမ်း ၁၂ ပေနှုန်း) မရှိဘဲ တဘက်လျင် ၁၂ အကျယ်ရှိ နှစ်လမ်းသွားလမ်းအား တဖက်လျင် လမ်းပခုံးသားအဖြစ် ၆ ပေစီ ထပ်ဖြည့် ဖေါက်လုပ်ထားသည်ဖြစ်ရာ တဘက်လျင် ၁၈ ပေ၊ စုစုပေါင်း လမ်းအကျယ် ၃၆ ပေ ရှိသည့် လမ်းသာဖြစ်သည်။ သို့ဖြစ်ရာ နှစ်လမ်းမောင်းလမ်းအား ချောင်ချောင်ချိချိ မောင်း၍ ရသည့်လမ်းဖြစ်သည်။ မြဝတီလမ်း၏ တရားဝင်ကုန်သွယ်မှုပမာဏ မှာ၂၀၁၇-၂၀၁၈ နှစ်တွင် မြန်မာအစိုးရတရားဝင်စာရင်းအရ အမေရိကန်ဒေါ်လာ ၉၅၀.၉၃၀ သန်းဖြစ်သည်။ ၎င်းမှာ တရုတ်နယ်စပ် မူဆယ်ကုန်သွယ်ရေး၏ ၁၅ ရာခိုင်နှုန်းမျှသာ ပမာဏရှိသည့်နေရာရှိ ကားလမ်းအရွယ်အစား ဖြစ်ပါသည်။

သို့ဖြစ်ရာ တရုတ်မြန်မာ အနာဂတ်စီးပွားရေးရည်မှန်းချက်များပါ ထည့်သွင်းတွက်ချက်ပါက မူဆယ်-မန္တလေး ကားလမ်းပိုင်း ၆ လမ်းသွားဖောက်လုပ်ပါက ပိုမိုအဆင်ပြေဖွယ်ရှိသည်ဟု ဆိုရမည်။ သို့သော် လက်တွေ့မော်တော်ယာဉ်များ သွားလာနေ သည့် အနေအထားအရလည်းကောင်း၊ မြဝတီ-ကော့ကရိတ်ကြား အာရှလမ်းမကြီးနှင့် နှိုင်းယှဉ်လျှင်သော်လည်းကောင်း၊ မြေယာသိမ်းဆည်းမှုနှင့် ပတ်သက်သည့်ပြဿနာများကို ဖြေရှင်းရမည်ကို တွက်ဆ၍လည်းကောင်း၊ လက်ရှိ မူဆယ်-မန္တလေးလမ်းဟောင်းအား ၄ လမ်းသွား လမ်းမကြီးအဖြစ် မြှင့်တင်ဖောက်လုပ်ပါက လာမည့်နှစ်ကာလအချို့အထိ အဆင်ပြေစွာသွားလာနိုင်မည်ဖြစ်ပါသည်။

၄ လမ်းသွားနှင့် ၆ လမ်းသွား

၄ လမ်းသွားလမ်းမ ဖောက်လုပ်သည်ထက် ၆ လမ်းသွားလမ်းမ ဖောက်လုပ်သည်က ရှေရှည်တွင်အဆင်ပြေမည်ဟု ဆိုနိုင်သော်လည်း လက်တွေ့တွင် အခက်အခဲများ ပိုမိုတွေ့နိုင်သည်။ လမ်းမကြီးတလျှောက် တောတောင် ဒေသများကို ဖြတ်သန်းသွားရပြီး မြို့များအား မြို့ရှောင်လမ်းဖောက်လုပ်၍ ရသည်ဆိုသော်လည်း ကားလမ်းတလျှောက် ဒေသခံတိုင်းရင်းသားကျေးရွာ အများအပြားရှိပေရာ ၄ လမ်းသွား ဖောက်လုပ်ပါက အရပ်သားပိုင်မြေ ထိခိုက်မှုနည်းပါးပြီး ၆ လမ်းသွားလမ်းဖောက်လုပ်ပါက အရပ်သားပိုင်မြေ ထိခိုက်မှု များပြားမည်ဖြစ်သည်။ ထို့ကြောင့်လည်း အခက်အခဲများ ပိုမိုတွေ့နိုင်ခြင်း ရှိနိုင်သည်ဟု ဆိုရခြင်းဖြစ်သည်။

၄ လမ်းသွား ဖေါက်လုပ်ပါက ဖြေရှင်းရမည့် ပြဿနာနည်းပြီး လက်တွေ့လည်း အလုပ်ဖြစ်မည်။ အဆိုပါလမ်းကြောင်းအား ပုံမှန်ထိမ်းသိမ်းရန်နှင့် ယဉ်ကြောပိတ်ဆိ့ုမှု မဖြစ်ရန်အား ထိမ်းကြောင်းသွားနိုင်ပါက ချောမွေ့စွာ အသုံးပြု နိုင်မည်ဖြစ် သည်။ထို့ပြင် အချိန်ကာလတခုကြာမှ ၆ လမ်းသွားဖြင့် ထပ်မံ ချဲ့ထွင်ပါက နောက်ကျမည် မဟုတ်ပေ။

သတိပြုရမည့် လမ်းပိုင်းများ

နန့်ဖတ်ကာနှင့် ကွတ်ခိုင်ကြား ၄၄ ကီလိုမိုင်နှင့် ဂုတ်တွင်း ကီလိုမိုင်၂၀ နီးပါးခန့်သည် ထိုလမ်းပိုင်းတွင် ယဉ်ကြောပိတ်ဆိ့ုမှု အဓိက ဖြစ်ပွါးသည့်အဓိက နေရာ ၂ ခုဖြစ်သည်။ လက်ရှိတွင် ကွတ်ခိုင်နှင့်နမ့်ဖတ်ကာကြား၌ လေးလမ်းသွား လမ်းအူကြောင်း ဖေါက်လုပ်ပြီးစီးသော်လည်း ကတ္တရာလမ်းခင်းမှု မပြီးစီးသေးသည့်ပြင် တောင်ကမ်းပါးရံမျာ းဖြိုချပြီး လမ်းကိုတိုးချဲ့ ထားသည်ဖြစ်ရာ တောင်ကမ်းပါးရံများသည် မြေအသားသေမှုမရှိဘဲ မိုးရာသီတွင် တောင်နံရံများပြိုကျပြီး လမ်းပိတ်ဆို့များ ဖြစ်ပေါ်နေသည်။ မြေကြီးအသားမသေဘဲ တောင်နံရံများပြိုကျသည့် ပြသနာမှာ တနှစ် ၂ နှစ်ပြသနာမဟုတ်ဘဲ မိုးရာသီတိုင်း ကြုံတွေ့ရမည့် ပြသနာဖြစ်နေပေရာ အဆိုပါ တောင် ကမ်းပါးရံများအား မြေထိန်းအတားအဆီးများ ပြုလုပ်ရန် လိုအပ်ပါသည်။

အဆိုပါလမ်းပိုင်းသည် အဓိက ငွေကြေးအင်အားနှင့် နည်းပညာပိုင်းဆိုင်ရာ အထောက်အကူရှိပါက ဥမင်လိုဏ် ခေါင်းဖေါက်လုပ်သင့်သည့် လမ်းပိုင်းဖြစ်ပြီး ထိုသို့ဖောက်လုပ်နိုင်ပါက အချိန်တိုအတွင်း ယာဉ်များသွားလာနိုင်မည်ဖြစ်ပါသည်။

ဒုတိယ ယာဉ်ကြောပိတ်ဆို့မှု ဖြစ်ပွားသည့်နေရာမှာ ဂုတ်တွင်းဖြစ်သည်။ လက်ရှိထိုနေရာတွင် ကုန်တင်ကားကြီးတစီးပျက်လျှင် သို့မဟုတ် တိမ်းမှောက်လျင် အချိန်ကြာမြင့်စွာ ယာဉ်ကြောပိတ်ဆို့သည့်နေရာဖြစ်သည်။ ထိုနေရာသည် တောင်ဆင်းတောင်တက် မတ်စောက်၍ အကွေ့အကောက်များသဖြင့် ၄ လမ်းသွားလမ်း ဖေါက်လုပ်ရန် အဆင်ပြေသည့်နေရာမဟုတ်ပေ။ ထိုနေရာကို ကျော်လွှားရမည့်နည်းလမ်းမှာ ဂုတ်တွင်းအား တံတားဖြတ်၍ဆောက်လုပ်ခြင်းဖြစ်သည်။ လက်ရှိ အိုရီယမ်တယ်ဟိုက်ဝေးကုမ္ပဏီမှ တံတားဆောက်လုပ်ရန် အခိုင်အမာ ဆောင်ရွက်လျက်ရှိသည်ဟု သိရသည်။ ငွေကြေးနှင့် နည်းပညာအားဖြင့် ဂုတ်တွင်းအားဖြတ်၍ တံတားထိုးနိုင်ပါက ယာဉ်ကြောပိတ်ဆို့မှုအား ကျော်လွှားနိုင်မည့်အပြင် အချိန်တိုတွင်း ယဉ်များဖြတ်သန်းနိုင်မည်ဖြစ်သည်။

မန္တလေး-မူဆယ်လမ်းကြောင်းတွင် အထက်ပါလမ်းပိုင်း ၂ ခုသည် လက်ရှိအချိန်တွင် အဓိက ယာဉ်ကြောပိတ်ဆို့သည့်နေရာ ၂ ခုဖြစ်နေရာ မလွဲမသွေ သတိထားရမည့် နေရာ ၂ ခုဖြစ်ပေသည်။

လမ်းကြောချုံ့ခြင်း

လက်ရှိ မန္တလေး-မူဆယ်ကားလမ်းပိုင်းတွင် ကားလမ်းတလျှောက်လုံးရှိ လမ်းဖောက်လုပ်မှုမှာ ကွန်တိုမျဉ်းအတိုင်း ကွေ့ဝိုက်၍ ဖေါက်ထားသည်ဖြစ်ရာ လမ်းကြော အတန်ငယ်ရှည်သည်။ အဆိုပါကွေ့ဝိုက်နေသော လမ်းပိုင်းအချို့အား တည့်ဖြတ်ဖောက်လုပ်၍ ရသည်ဖြစ်ရာ တည့်ဖောက်လုပ်လိုက်ပါက ငွေကြေးကုန်ကျမှု အတော်အတန်ရှိမည်ဖြစ်သော်လည်း လမ်းကြောတိုသွားမည်ဖြစ်ပါသည်။

သို့ဖြစ်ရာ လက်ရှိ ၄၇၇ ကီလိုမိုင်ရှိသော မန္တလေး-မူဆယ်လမ်းမကြီးသည် ကီလို ၄၀၀ ခန့်ထိ လမ်းကြောချုံ့နိုင်ဖွယ်ရှိပြီး ပိုမိုလျင်မြန်သော သွားလာ ဆက်သွယ်ပို့ဆောင်မှုများ ရရှိမည်ဖြစ်ပါသည်။

ဘုရားပွဲ၊ စီမံခန့်ခွဲမှုအလွဲနှင့် လမ်းပိတ်ဆို့မှု

လမ်းတလျှောက်မြို့ရွာများရှိ ဒေသခံ ရှမ်း၊ တအာင်းပလောင်များသည် ဗုဒ္ဓဘာသာ ကိုင်းရှိုင်းသူများဖြစ်သည်။ သို့ဖြစ်ရာ လမ်းတလျှောက်ရှိ နာမည်ကြီးဘုရားပွဲနှင့် နာမည်ကြီး ဆရာတော်(ဘုန်းကြီး) များ၏ ပွဲများတွင် လူစည်ကားလေ့ရှိသည်။

နှစ်စဉ်ပြုလုပ်သော နာမည်ကြီးဘုရားပွဲတခုမှာ သီပေါမြို့အထွက်ရှိ ဘော်ကြို ဘုရားပွဲဖြစ်သည်။ ထိုဘုရားပွဲကာလတွင် ပတ်ဝန်းကျင်ကျေးရွာများမှ ဘုရားဖူးလာသူ ဒေသခံများ၏ ကားများ၊ ထော်လာဂျီများဖြင့် ကားလမ်းတလျှောက် ပြည့်ကြပ်နေပြီး တနေကုန်နီးပါး ယဉ်ကြောပိတ်ဆို့လေ့ရှိသည်။ ဤသို့ဖြစ်ပွားသည်ကို တာဝန်ရှိသူများက မရှင်းလင်းနိုင်ခြင်း၊ တောင်ပေါ်ကျေးလက်မှ ဒေသခံတိုင်းရင်းသားအများစုမှာ ယဉ်စည်းကမ်း၊ လမ်းစည်းကမ်းသဘောပေါက်မှုအားနည်းခြင်း၊ ဘာသာရေးပွဲများဖြစ်၍ အတင်းဖိအားပေး ကိုင်တွယ်အမိန့်ပေး၍ မရခြင်းတို့ကြောင့်ဖြစ်သည်။

လမ်းကြောင်းပေါ်ရှိ ဤပုံမှန်ဘုရားပွဲအပြင် ရံဖန်ရံခါပြုလုပ်သည့် နာမည်ကြီးဆရာတော်များ၏ ဘုရားပွဲ၊ အစိုးရက ကမကထပြုသည့် ဘုရားပွဲများ ပြုလုပ်သည့် ကာလများတွင်လည်း ယဉ်ကြောပိတ်လေ့ရှိသည်။ ၂၀၁၈ ခုနှစ်၊ ဇူလိုင်လကုန်ပိုင်းတွင် မိုင်ဖုန်းဆရာတော် ကမကထပြုတည်သည့် လွယ်ဆမ်ဆစ်တောင်ပေါ်ဘုရားပွဲကြောင့် ကွတ်ခိုင် အနီးတွင် တနေကုန် ယာဉ်ကြောပိတ်သည်ကို ကြုံတွေ့ခဲ့ရသည်။ ဤသို့သော ယာဉ်ကြောပိတ်ဆို့မှုပြဿနာမှာ ခြွင်းချက်ပြဿနာဟု ဆိုရမည်ဖြစ်သော်လည်း ထည့်သွင်းစဉ်းစားထားရမည့် ပြဿနာဖြစ်ပါသည်။

မြို့ရှောင်လမ်း

လက်ရှိအခြေအနေတွင် အဆိုပါလမ်းမကြီး၌ မြို့ရှောင်လမ်း မရှိသေးသည့်မြို့များမှာ နန့်ဖတ်ကာ၊ ကွတ်ခိုင်၊ သိန္နီ၊ သီပေါ ၊ နောင်ချိုတို့ဖြစ်သည်။ ယခင် တမြို့နှင့်တမြို့ သာမန်ဆက်သွယ်သွားလာစဉ်က ကားအသွားအလာ နည်းပါးသည်ဖြစ်ရာ မြို့တွင်းမှ ဖြတ်သန်းသွားလာမှုနှင့် ပတ်သက်၍ သိသာသော ထူးခြားမှု မရှိပေ။ သို့သော် နယ်စပ်ကုန်သွယ်ရေး မြင့်မားလာသည်နှင့် ကားကြီးကားငယ်များစွာ ဖြတ်သန်းသွားလာမှု ပြုလာရာ ယခုအခါ နေ့စဉ် ကားကြီး၊ ကားငယ် ၄၀၀၀ အထက် ဥဒဟို သွားလာနေသည့် အချိန်ဖြစ်သည်။

ကားလမ်းများသည့် မြို့၏ အဓိကမြို့လယ်ခေါင်လမ်းမကြီးမှ မောင်းနှင်သည်ဖြစ်ပြီး ကားလမ်းအတော်အသင့်ကောင်းမွန်သည်နှင့် အရှိန်မလျှော့ဘဲ မောင်းနှင်နေသော ကားကြီးကားငယ်များ၊ ကားတိ့ု၏ဆူညံသံများ၊ ကားမီးခိုးငွေ့များ၊ ကားများမောင်းနှင်၍ ထွက်ပေါ်လာသော ဖုန်လုံးတို့ဒဏ်ကို မြို့သူမြို့သားတို့ ခံနေရပေသည်။ ထိုသို့ ကားကြီးကားငယ်များ ဥဒဟိုဖြတ်သန်းသွားနေ၍ သက်ကြီးရွယ်အိုများ၊ ကလေးငယ်များ လမ်းဖြတ်ကူးရန် အခက်အခဲရှိနေသည့် အဖြစ်မျိုး ကြုံနေရသည်ဟု ဒေသခံများက ဆိုသည်။ အဓိက ကျောင်းဆင်းကျောင်းတက်ချိန်များ၊ ဈေးစည်ကားနေသည့်အချိန်များတွင် လူများ ယာဉ်ရှုပ်ထွေးမှုများဖြစ်ပြီး ယာဉ်အန္တရယ်စိုးရိမ်နေရသည်။ ထို့ပြင် အဆိုပါဒေသ၍ မြို့ ပြဈေးသို့လည်းကောင်း၊ ဆေးရုံများသို့လည်းကောင်း လာကြသည့် တောင်ပေါ်သားများမှာ ဘာသာစကား အခက်အခဲရှိသည့်အပြင် လမ်းစည်းကမ်း၊ ယာဉ်စည်းကမ်းများကို နားမလည်ကြပေရာ ယာဉ်မတော်မဆမှုများ၊ ယာဉ်အန္တရာယ်များ တိုးပွါးလာနေသည်ဟု ဒေသခံများက ဆိုပါသည်။

သို့ဖြစ်ရာ မန္တလေး-မူဆယ် ကားလမ်းမတွင် မူစယ်၊ လားရှိုး၊ ကျောက်မဲ၊ ပြင်ဦးလွင်၊ မန္တလေးတိ့ုမှာ မြို့ ရှောင်လမ်းများ ဖေါက်လုပ်ထားပြီးဖြစ်သော်လည်း မြို့ရှောင်လမ်း မဖေါက်ရသေးသည့် နန့်ဖတ်ကာ၊ ကွတ်ခိုင်၊ သိန္နီ၊ သီပေါနှင့် နောင်ချိုတို့တွင် မြို့ ရှောင်လမ်း မဖြစ်မနေ ဖေါက်လုပ်ရန် လိုအပ်သည်။

ဤအဆိုပါမြို့ များရှိ မြို့ မျက်နှာဖုံးဆိုသူ စီးပွါးရေးသမား အချို့၏ အမြင်ကို သတိပြုရန် လိုသည်။ ကားလမ်းမတလျောက်မြို့ များတွင် တစုံတရာ စီးပွားရေးတောင့်တင်းသူအချို့သည် မြို့ မျက်နှာဖုံးများအဖြစ် ရပ်တည်နေကြရာ ၎င်းတို့ ၏ သဘောထားမှာ မြို့ စည်ကားစေရန်အတွက် မြို့ရှောင်လမ်းမဖေါက်လုပ်ဘဲ မြို့ တွင်းမှ ဖြတ်သန်းဖေါက်လုပ်ရန် အဆိုပြုကြသည်။ ၎င်းတို့သည် မြို့ လယ်လမ်းမပေါ်တွင် စားသောက်ဆိုင်၊ ကုန်စုံဆိုင်စသည့် စီးပွါးရေးလုပ်ငန်းများရှိကြရာ ကားစီးရေထောင်အချို့ ဖြတ်သန်းသွားနေရာ ကားစီးရေ ရာဂဏန်းမျှက နေ့စဉ် ဝယ်ယူစားသုံးပင်လျင် တနှစ်ပတ်လုံးအရ ၎င်းတို့၏ စီးပွါးမြင့်တက်နိုင်သည်ကို တွက်ချက်၍ ပြောဆိုရပ်ခံလေ့ရှိပါသည်။

အမှန်ပင် မြို့တွင်းမှ အဝေးပြေးလမ်းဖြတ်သန်းပါက မြို့ လယ်လမ်းမရှိ အရောင်းအဝယ်လုပ်ငန်းအချို့ စီးပွါးရေးကောင်း နိုင်သော်လည်း မြို့ခံလူထုအများစုမှာ အကျိုးမရှိဘဲ ယာဉ်အန္တရယ်နှင့် ကြုံရပေသည်။ လက်ရှိ ၄ လမ်းသွားချဲ့ထွင်ဖေါက် လုပ်ရာ၌ အိုရီယမ်တယ်ဟိုက်ဝေးကုမ္ပဏီအနေနှင့် မူလက မြို့ ရှောင်လမ်းဖေါက်လုပ်ရန် စဉ်းစားခဲ့သည်ဟု သိရသော်လည်း လက်တွေ့တွင် ကွတ်ခိုင်မြို့ တွင်းမှ ဖြတ်သန်းဖေါက်လုပ်ခြင်းမှာ စီးပွါးရေးသမားအချို့၏ တိုက်တွန်းချက်ဟု သိရပါသည်။ လက်ရှိမြို့တွင်းမှ ဖြတ်သန်းတိုးချဲ့ ဖေါက်လုပ်မှုကြောင့် ဒေသခံမြို့ လူထုအများစုနှင့် အရပ်ဘက်အဖွဲ့အစည်းများ၏ မကျေလည်မှု ဖြစ်နေသည်ကို တွေ့ရသည်။

ထို့ပြင် တကယ့်လက်တွေ့တွင်လည်း အဆိုပါ လမ်းမကြီးတွင် ကုန်သွယ်မှု မြင့်မားလာသည်နှင့်အမျှ ဖြတ်သန်းသွားလာမည့် ကားအရေအတွက် တိုးပွားလာမည်ဖြစ်ပေရာ လူနေထူထပ်သည့်မြို့များအတွင်းမှ ဖြတ်သန်းသည်မှာ ဖြစ်သင့်သည့် အချင်းအရာ မဟုတ်ပေရာ မြို့ ရှောင်လမ်း မဖေါက်လုပ်ရသေးသည့်မြို့များတွင် မြို့ရှောင်လမ်းများ မဖြစ်မနေဖေါက်လုပ်ရန် လိုအပ်ပါသည်။

သိန္နီ-ကွန်လုံလမ်းပိုင်းမှ သတိပြု ရမည့်အချက်များ

ပထမအချက်မှာ သိန္နီ မှ နန့်ဇလပ်ကြား ကီလို ၃၀ မိုင် ခန့်သည် ရွာစဉ်များဆက်နေပြီး ရွာလယ်လမ်းမများကျဉ်းမြောင်းသည်။ နန့်ဇလပ်နှင့် နားတီးကြား ၁၈ ကီလိုမိုင်မှာ မူ ရွာစဉ်အနည်းငယ် ကွာဝေးသည်။ မည်သို့ပင်ဖြစ်စေ သိန္နီနှင့်နန့်ဇလပ်ကြား ရွာစဉ်များဆက်ပြီး ရွာလယ်လမ်းမများ ကျ ဉ်းမြောင်းရာ ၄ လမ်း သွားလမ်း ဖေါက်လုပ်ပါက လမ်းတလျောက် ရွာစဉ်များမှ အရပ်သားအိမ်မြေများစွာထိခိုက်မည်။ ရင်ဆိုင် ဖြေရှင်းရမည့် ပြသနာများမည်ဖြစ်သည်။

လက်ရှိ ချင်းရွှေဟော်နယ်စပ်ဂိတ်၏ ကုန်သွယ်မှုမှာ မြန်မာအစိုးရ၏ တရားဝင်ထုတ်ပြန်မှုအရ ၂၀၁၇/၁၈ ကုန်သွယ်နှစ်တွင် အမေရိကန်ဒေါ်လာ ၅၇၂.၈၉၁ သန်းရှိသည်။ ၂၀၁၇/၁၈ ကုန်သွယ်နှစ် အတွင်း အမေရိကန်ဒေါ် လာ ၉၅၀.၃၉၀ သန်းရှိသည့် မြဝတီနယ်စပ်ဂိတ်၏ တဝက်သာသာခန့်သာ ရှိသည်ဖြစ်ရာ ယာဉ်အသွားအလာ ပိုမိုလျော့ကျသည်။

ထို့ပြင် သိန္နီ-ကွန်လုံလမ်းကြောင်းတွင် ကုန်သွယ်ယာဉ်များအပ ဒေသခံများသာ အသွားအလာရှိရာ မော်တော်ယာဉ် သွားလာမှု မများလှပေ။ တနာရီကျော်ခန့် မောင်းနှင်ရသည့် သိန္နီ-ကွန်လုံကြား၌ လက်တွေ့သွားလာရာတွင်လည်း မော်တော်ယာဉ် သွားလာမှု အလွန်ရှင်းသည်ကို တွေ့ရပါသည်။ လက်ရှိ ချင်းရွှေဟော်-သိန္နီ ကားလမ်းမှာ ၂၀၁၁ ခန့်က တိုးချဲ့ ဖေါက်လုပ်ခဲ့ပြီး ၂၀၁၄ ခန့်တွင် စတင်အသုံးပြုနိုင်သည့် နှစ်လမ်းမောင်းကားလမ်းဖြစ်သည်။ မော်တော်ယာဉ် အသွားအလာနည်း၍ လမ်းပျက်စီးမှု နည်းပြီး လက်ရှိအချိန်တွင် လမ်းကြောကောင်းမွန်သည်။ ထိုသို့သော အခြေအနေတွင် သိန္နီ-ကွန်လုံကြား လမ်းမအား ၄ လမ်း သွားလမ်းအဖြစ် တိုးချဲ့ ဖေါက်လုပ်သည်ထက် မြဝတီ-ကော့ကရိတ် အာရှလမ်းမ ကဲ့သို့ ၃၆ ပေလမ်း ( ၂ လမ်းသွားနှင့် ၄ လမ်းသွားကြားရှိ စကလမ်း) ဖောက်လုပ်ပါက သင့်လျော်မည်ဟု သုံးသပ်ရပါသည်။

ဒုတိယအချက်မှာ သိန္နီမှ စတင်တိုင်းထွာလျင် ကီလိုမိုင် ၆၀ မှ ကီလို မိုင် ၇၂ မိုင်ကြား ( နားတီးနှင့် ကွန်လုံကြား ) တွင် လမ်းဘေးတလျှောက် တောင်ကြောမှာ ဗြုံးတောင်များဖြစ်၍ အမြဲတစေ တောင်ပြို ကျလျက်ရှိပြီး လမ်းပိတ်ဆို့မှု ဖြစ်ပွါးလေ့ရှိရာ ထိုလမ်းပိုင်းအား အမြဲတစေ စောင့်ကြည့်ထိန်းသိမ်းရန်လိုအပ်သည်။ မြေထိန်းနံရံများ ဆောက်လုပ်၍ရပါက ဆောက်လုပ်ရန် လိုအပ်ပါသည်။

တတိယအချက်မှာ ကွန်လုံမြို့ လယ်မှ ဖြတ်သန်းထားသည့် ကြိုးတံတားမှာ ကုန်တင်ကားကြီးများ ဖြတ်သန်းရန် မဖြစ်နိုင်ပါ။ ၂၀၁၆ ခုနှစ် ဒေါ်အောင်ဆန်းစုကြည်၏ တရုတ်ပြည်ခရီးစဉ်အတွင်း အဆိုပါ ကွန်လုံတံတားအား တရုတ်အကူအညီဖြင့် ဆောက်လုပ်ပေးရန် သဘောတူညီမှု ရရှိခဲ့ပြီဖြစ်သော်လည်း ယနေ့တိုင် ဆောက်လုပ်နိုင်ခြင်း မရှိသေးပါ။ ၂၀၁၈ ခုနှစ် ဇူလိုင်လဆန်းက သိရှိရသော သတင်းအချက်အလက်အရ ကွန်လုံတံတားအသစ်အား ဆောက်လုပ်ရန် နေရာရွေးချယ် ထားပြီးဖြစ်သည်ဟု ဆိုသည်။ တံတားတည်ဆောက်ရန် ရွေးချယ်ထားသောနေရာမှာ ကွန်လုံမှ သိန္နီဘက်သို့ အထွက် ၅ ကီလိုမိုင်အကွာခန့်တွင်ရှိသော ဟူလီကျေးရွာနယ်မြေအတွင်းဖြစ်သည်ဟု သိရသည်။ လက်တွေ့တည်ဆောက် ရေးလုပ်ငန်းများ အစပြု နိုင်ခြင်း မရှိသေးပါ။ အဆိုပါတံတား မပြီးသေးဘဲ ကုန်သွယ်မှု ၊ မော်တော်ယဉ်သွားလာမှုများအား အရှိန်မြှင့်၍ လုပ်နိုင်မည် မဟုတ်ပါ။

စတုတ္ထအချက်အနေနှင့် သိန္နီမြို့ အား မြို့ရှောင်လမ်း ဖေါက်လုပ်နိုင်သော်လည်း ကွန်လုံအား မြို့ ရှောင်လမ်းဖေါက်လုပ်ရန် ခက်ခဲပါသည်။

ဆက်လက်ဖော်ပြပါမည်။

(မောင်မောင်စိုးသည် ဖက်ဒရယ်၊ တိုင်းရင်းသားရေးရာနှင့် နယ်စပ်ရေးရာများကို လေ့လာစမ်းစစ်သော သုတေသီတဦး ဖြစ်သည်။)

ဆက်စပ်ဖတ်ရှုရန်မြန်မာ-တရုတ် ကုန်သွယ်ရေးလမ်းမကြီး အခြေအနေ သုံးသပ်ချက် အပိုင်း – ၁

Did you find apk for android? You can find new Free Android Games and apps.
Loading