ပြီးခဲ့တဲ့ ၂၃ ရက်နေ့က ပေကျင်းမြို့မှာ ကျင်းပမယ့် ဒုတိယအကြိမ်မြောက် ရပ်ဝန်းနဲ့ ပိုးလမ်းမ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး (BRI) ဖိုရမ်ကို သွားတဲ့ နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တရုတ်ပြည်ခရီးစဉ်က မြန်မာနိုင်ငံသားတွေရဲ့ မျှော်လင့်ချက်ကိုပဲ ဖြည့်ဆည်း ပေးမှာလား၊ ရခိုင်အရေးနဲ့ ပက်သက်ပြီး နိုင်ငံတကာ ဖိအားများနေချိန်မှာ တရုတ်ပါဝါကို ဆွဲယူဖို့ အလျော်အစားတွေလား ဆိုတာ စဉ်းစားစရာ အများကြီး ဖြစ်ပေါ်စေခဲ့တယ်။
ပြည်သူအများ တခဲနက် ထောက်ခံမှုနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရ တက်လာပြီး နောက်ပိုင်းမှာ ပြည်သူအများ စိတ်ဝင်စားကြတဲ့ စီမံကိန်းတွေ၊ နိုင်ငံတကာ ဆက်ဆံရေးတွေနဲ့ နိုင်ငံရဲ့ ရှေ့အနာဂတ် မျှော်လင့်ချက်တွေကို ပြည်သူတွေသိအောင် ချပြမှုအားနည်းခဲ့ပြီး ခေတ်အဆက်ဆက် အာဏာရှင်အစိုးရတွေရဲ့ လုပ်ပုံတွေအတိုင်းပဲ ဆက်လက် ကျင့်သုံးနေခဲ့တာကတော့ ပြည်သူအများက အားမလိုအားမရ ဖြစ်လာကြတယ်။
ဒီတခေါက် တရုတ်ပြည် ခရီးစဉ်မှာ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီး ဦးသန့်စင်မောင်၊ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီး ဦးဝင်းခိုင်၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီး ဦးကျော်တင့်၊ စီးပွာေးရးနဲ့ ကူးသန်းရောင်းဝယ်ရေး ဒုဝန်ကြီး ဦးအောင်ထူး၊ စီမံကိန်းနဲ့ ဘဏ္ဍာရေး ဒုဝန်ကြီး ဦးဆက်အောင် တို့လို လူတွေပါ လိုက်ပါသွားကြတာကို ကြည့်ခြင်းအားဖြင့် ဒီနေ့အချိန် ပြန်လည်ခေတ်စားလာတဲ့ မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်း၊ ကျောက်ဖြူ – ကူမင်း ရထားလမ်းနဲ့ ကားလမ်းကိစ္စ၊ မန္တလေး – မူဆယ် ရထားလမ်း ကိစ္စတွေ ပြောဆိုကြမလားလို့ မှန်းဆချက်တွေ ပိုမို ထွက်ပေါ်လာစေခဲ့ပါတယ်။
ဒီဖိုရမ်မစခင်ကတည်းက BRI သဘောတူညီချက် တွေနဲ့ ပက်သက်ပြီး အင်ဒိုနီးရှား၊ မလေးရှား ခေါင်းဆောင်တွေက စည်းကမ်းချက်တွေ၊ ပြဋ္ဌာန်းချက်တွေကို လူသိရှင်ကြား ကြေညာခဲ့ပါတယ်။ မြန်မာနိုင်ငံ အနေနဲ့ကတော့ ဒီခရီးစဉ်အတွက် ဘာတွေလုပ်မယ်ဆိုတာ မြန်မာပြည်သူတွေသိအောင် ကြေညာခဲ့ခြင်း မရှိပါဘူး။
ဒီတခေါက် တရုတ်နိုင်ငံ ခရီးစဉ်နဲ့ ပက်သက်ပြီး လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနရဲ့ ဒုတိယ အမြဲတမ်း အတွင်းဝန်ဆီကို ဆက်သွယ်ရာမှာ သူကိုယ်တိုင် အခုခရီးစဉ်ရဲ့ အသေးစိတ် အစီအစဉ်တွေကို မသိရှိခဲ့ဘူးလို့ ပြန်ပြောပြပါတယ်။
“ကျနော်တို့ တကယ့်ကို မသိတာ။ ကျနော်လည်း သိရင် သိတဲ့အကြောင်း ပွင့်ပွင့်လင်းလင်း ပြောပါတယ်။ သတင်းအဖွဲ့တွေကို ရှောင်ပြီးတော့ ဖြေတဲ့အဖွဲ့ထဲမှာ ကျနော်တို့ မပါပါဘူး။ နိုင်ငံတော်အဆင့်ပဲ အစည်းအဝေးတွေ လုပ်ကြတယ်” လို့ ဧရာဝတီကို ပြောပါတယ်။
နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုနဲ့ ပက်သက်ပြီး ဒေါ်အောင်ဆန်းစုကြည် ပြောဆိုခဲ့ဖူးတဲ့ နိုင်ငံရဲ့ အမျိုးသားစီမံကိန်းတွေနဲ့ ကိုက်ညီရမယ်၊ ပွင့်လင်းမြင်သာမှု ရှိရမယ်၊ တာဝန်ယူ တာဝန်ခံမှုတွေ ရှိရမယ်၊ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းနိုင်ရမယ်၊ ဒေသခံတွေရဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေ ရရမယ်ဆိုတဲ့ အချက်တွေနဲ့ ဒီ BRI ဖိုရမ်မှာ ဘယ်လောက်အထိ အကောင်အထည် ဖော်နိုင်မလဲ ဆိုတာကတော့ စောင့်ကြည့်ရမှာဖြစ်ပါတယ်။
ဖိုရမ်မတိုင်ခင်ကတည်းက တရုတ်နိုင်ငံအနေနဲ့ BRI နဲ့ ပက်သက်တဲ့ စီမံကိန်း ၆ ခုလောက်ကို ဒီဖိုရမ်မှာ ညှိနှိုင်းပြီး သဘောတူစာချုပ် ချုပ်ဆိုနိုင်အောင် ကြိုးစားမယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေခဲ့သလို BRI စီမံကိန်းနဲ့ ပက်သက်ပြီး မြန်မာနိုင်ငံအတွက် စီမံကိန်း ၃၀ ကို အဆိုပြုထားပါတယ်။
မြန်မာနိုင်ငံ အနေနဲ့တော့ တရုတ်နိုင်ငံက အဆိုပြုထားတဲ့ စီမံကိန်း ၃၀ အနက်က အဓိက ၉ ခုကို အရှိန်မြှင့် ဆောင်ရွက်ဖို့ သဘောတူထားတဲ့အကြောင်း မန္တလေးတိုင်း၊ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးလည်းဖြစ်တဲ့ BRI အဖွဲ့ရဲ့ ပူးတွဲကော်မတီဝင် ဦးမြတ်သူက ဧရာဝတီကို ပြီးခဲ့တဲ့ ဧပြီလဆန်းပိုင်းက ပြောထားပါတယ်။
ဒါ့အပြင် မန္တလေးတိုင်း ဝန်ကြီးချုပ်ရဲ့ ထုတ်ဖော်ပြောကြားချက်အရ BRI စီမံကိန်းရဲ့ ကနဦးအဖြစ် မန္တလေးကနေ တရုတ်နယ်စပ် ကုန်သွယ်ရေး အဓိကမြို့ဖြစ်တဲ့ မူဆယ်မြို့အထိ ရထားလမ်းဖောက်လုပ်ဖို့ ကနဦး စမ်းသပ်မှုအဖွဲ့တွေတောင် ဖွဲ့စည်း တိုင်းထွာနေပြီဖြစ်ပါတယ်။
ဒီခရီးစဉ်မှာ ဘယ်ဟာတွေ အဓိကလုပ်ဖို့ ပြင်ဆင်နိုင်မလဲ
ကနေ့အချိန်အထိ မြန်မာအစိုးရဘက်က တရုတ်နဲ့ ဘယ်လိုစာချုပ်တွေ ချုပ်ဆိုခဲ့ပြီးပြီးဆိုတာ မြန်မာ ပြည်သူတွေကို တိတိကျကျ ထုတ်ပြန် မပေးသေးပေမယ့် အနည်းဆုံး စာချုပ် ၃ ခုလောက်တော့ ချုပ်ဆိုပြီး ဖြစ်ကြောင်း ကြားသိရတယ်။
အဲဒီအပြင် တရုတ်နိုင်ငံက မြန်မာနိုင်ငံ ဖွံ့ဖြိုးရေး လုပ်ငန်းတွေအတွက် တရုတ်ငွေ ယွမ် သန်း ၁၀၀၀ ကို ကူညီတယ် ဆိုတာလည်း ဘယ်လောက်အထိ နှောင်ကြိုးတွေ ပါမလဲဆိုတာ စဉ်းစားစရာဖြစ်စေတယ်။
၂၀၁၄ ခုနှစ်ကတည်းက သဘောတူစာချုပ် ချုပ်ထားပြီးဖြစ်တဲ့ ရခိုင်ပြည်နယ် ကျောက်ဖြူကနေ တရုတ်နိုင်ငံ ကူမင်းအထိ တိုက်ရိုက် ဆက်သွယ်မယ့် ရထားလမ်းရဲ့ အစိတ်အပိုင်းထဲက ကနဦးအနေနဲ့ မန္တလေး – မူဆယ် ရထားလမ်းကတော့ သေချာနေပြီဖြစ်ပါတယ်။
BRI နဲ့ ပက်သက်ပြီး ကနဦး နိုင်ငံ ၇၀ ပါဝင်ခဲ့ပေမယ့် အခုဆိုရင် အီတလီလို ဥရောပနိုင်ငံတွေအထိပါ နိုင်ငံပေါင်း ၂၆ နိုင်ငံ ပါဝင်လာတဲ့အတွက် မိမိတို့လို ဖွံ့ဖြိုးဆဲ နိုင်ငံငယ်လေးအတွက်ကတော့ ငြင်းပယ်ရနိုင်မယ် မထင်လို့ နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးက ပြောပါတယ်။
“တရုတ်က သူ့အင်နဲ့အားနဲ့ ဇောက်ချလုပ်တာကိုး။ အဓိကကတော့ ကျနော်တို့တိုင်းပြည်အတွက် ဘာ အကျိုးရှိမလဲ၊ ဖြတ်သွားမယ့် လမ်းတွေမှာ ကျနော်တို့က ဘယ်လို ထိန်းချုပ်ခွင့်ရှိမလဲဆိုတာက ပိုအရေးကြီးမယ် ထင်တယ်။ လုံးဝဆန့်ကျင် ငြင်းပယ်ဖို့ကတော့ မဖြစ်နိုင်ဘူးထင်တယ်” လို့ သူက ဆိုပါတယ်။
BRI စီမံကိန်းအရ လာအိုနိုင်ငံ၊ ကမ္ဘောဒီးယား နိုင်ငံတို့လိုတွေမှာ တည်ဆောက်ခဲ့တဲ့ မီးရထားစီမံကိန်း တချို့ဆိုရင် တရုတ်နိုင်ငံအနေနဲ့ စီမံကိန်း လမ်းတလျှောက်မှာ ရှိနေတဲ့ မြေယာတွေကို နှစ်ရှည် ငှားရမ်းတယ် ဆိုတဲ့နည်းနဲ့ တရုတ်တွေရဲ့ စိတ်ကြိုက်စီမံခွင့်ရအောင် ပြုလုပ်ခဲ့တဲ့ နည်းလမ်းတွေကို သတိထားဖို့လိုတယ်လို့ သူက ဆက်ဆိုတယ်။
အဲဒီ နမူနာတွေကို မြန်မာအစိုးရအနေနဲ့ သင်ခန်းစာယူပြီးတော့ မိမိတို့နိုင်ငံမှာ လာလုပ်မယ့် မန္တလေး – မူဆယ် ရထားလမ်းမျိုး၊ ကားလမ်းမျိုးဆိုရင်တော့ မိမိတို့တိုင်းပြည်ရဲ့ အစိုးရစီမံခန့်ခွဲမှုအောက်မှာ ရှိနေဖို့ကို စီမံ သင့်တယ်လို့ ဦးမောင်မောင်စိုးက သုံးသပ်တယ်။
“တရုတ်စီမံကိန်းတွေ လာအိုမှာ၊ ကမ္ဘောဒီယားမှာ ဖြစ်ခဲ့သလို မြေသိမ်းမှု ပြဿနာတွေက ဒီမှာလည်း သေချာပေါက် ဖြစ်လာမှာပဲ။ ပြဿနာက အကြီးကြီးဗျ။ ဒါကို မှန်မှန်ကန်ကန် မဖြေရှင်းနိုင်ခဲ့ရင် အစိုးရမှာလည်း အခက်အခဲတွေ့မယ်။ ပြည်တွင်းမှာလည်း တရုတ်ဆန့်ကျင်ရေးက ပိုများလာမယ်” လို့ သူက ဆိုပါတယ်။
ဒါပေမယ့် လက်ရှိ NLD အစိုးရအနေနဲ့ တရုတ်နိုင်ငံနဲ့ ပက်သက်တဲ့ ကုန်သွယ်ရေး၊ စီမံကိန်းတွေမှာ သတိထား ဆောင်ရွက်နေတဲ့ သဘောမျိုး တွေ့ရတယ်လို့ Sandhi Governance Institute က ဦးခိုင်ဝင်းက ပြောပါတယ်။
တရုတ်နိုင်ငံက အဆိုပြုထားတဲ့ ဦးစားပေး စီမံကိန်း ၃၀ ထဲမှာ လမ်းတံတားကိစ္စတွေ၊ ဆိပ်ကမ်းကိစ္စတွေ၊ ဓာတ်မြေသြဇာ စက်ရုံကိစ္စတွေ၊ သန်လျင် ရေနံချက်စက်ရုံကိစ္စတွေလို အများအပြားပါပေမယ့် အခု ခရီးစဉ်မှာတော့ ဒီဟာတွေအားလုံးကို ပါဝင်သွားဖို့ မြန်မာအစိုးရအနေနဲ့ စီစဉ်ဖွယ် မရှိသေးဘူးလို့ သူက သုံးသပ်ပါတယ်။
ဒါ့အပြင် မန္တလေး – မူဆယ် ရထားလမ်း တည်ဆောက်ရေးမှာ မန္တလေးကနေ လားရှိုးအထိ ရှိနေပြီးတဲ့ ရထားလမ်းဟောင်း နေရာကို အဓိက အသုံးပြုဖွယ်ရှိပြီး ကျန်တဲ့မူဆယ်အထိ ရထားလမ်းဖောက်လုပ်ရာမှာသာ မြေသိမ်းမှုတွေ ရှိလာနိုင်ခြေများတဲ့အတွက် အသိမ်းခံရမယ့် မြေယာ အများအပြား မရှိနိုင်ဘူးလို့ သူက ယူဆထားပါတယ်။
“နောက်ပြီး ဒီအစိုးရလက်ထက်မှာ မြေသိမ်းကိစ္စတွေ ပေါ်လာမှာပဲဆိုပေမယ့် စည်းနဲ့ ကမ်းနဲ့ သိမ်းမယ်လို့ ကျနော်ယူဆတယ်။ အရင်အစိုးရတွေတုန်းကလို လုပ်ချင်တိုင်း လုပ်လို့ မရတော့ဘူး” လို့ ဦးခိုင်ဝင်းက ဆိုပါတယ်။
အဲဒီထက်ပိုတာက အရင်အစိုးရအဆက်ဆက် ခေတ်တွေကလို စီမံကိန်းတခုကို အကောင်အထည် ဖော်မယ် ဆိုရင် နီးစပ်ရာတွေကို လက်သိပ်ထိုးပေးတဲ့ အလေ့အထထက် ပွင့်လင်းမြင်သာစွာနဲ့ တင်ဒါခေါ်မယ့်စနစ်ကို ကျင့်သုံးလာတာ များလာတယ်လို့ သူက ပြောပါတယ်။
တကယ်လို့ မန္တလေး – မူဆယ် ရထားလမ်းကိစ္စမှာ တရုတ်နိုင်ငံက ကုမ္ပဏီတွေပဲ ရနိုင်ခြေများတယ်ဆိုပေမယ့် တင်ဒါခေါ်တဲ့အခါမှာ တရုတ်ကုမ္ပဏီတွေသာမကဘဲ တခြားကုမ္ပဏီတွေလည်း ပါဝင်ခွင့် ရနိုင်မယ်လို့ သူက ဆက်ပြောတယ်။
ဦးမောင်မောင်စိုးက NLD အစိုးရဟာ အရင်အစိုးရများရဲ့ လုပ်ခဲ့တဲ့ လုပ်ရပ်တွေကို နေရပ်ရင်းနေ ပြည်သူတွေမထိခိုက်၊ မနစ်နာအောင် ဆောင်ရွက်ဖို့တော့ လိုအပ်တယ်လို့ ပြောပါတယ်။
မန္တလေး – မူဆယ် ရထားလမ်းဆိုရင် ရှမ်း၊ ကချင်စတဲ့ ဒေသခံတွေနေတဲ့ နယ်မြေတွေကို ဖြတ်သန်း သွားလာရမှာ ဖြစ်တာကြောင့် အဲဒီ ဒေသခံတွေအတွက် ဘာလုပ်ပေးမှာလဲ၊ သူတို့တွေအတွက် ဘယ်လို ဖွံ့ဖြိုးအောင် လုပ်မှာလဲက အင်မတန် အရေးကြီးတယ်လို့ သူက ဆက်ပြောတယ်။
“မလုပ်ပေးနိုင်ရင်တော့ ဒေသခံတွေက ဒါကိုငြိုငြင်မှာပဲ။ ရခိုင်ပြည်နယ်၊ ကျောက်ဖြူက မဒေးကျွန်းကိစ္စဆိုရင် ဒေသခံတွေက ငုတ်တုတ်ထိုင် ကြည့်နေကြရတယ်။ အခုချိန်ထိ ဒေသခံတွေ မီးတောင် မရသေးဘူး” လို့ သူက ဆိုပါတယ်။
မြစ်ဆုံစီမံကိန်း ပါနိုင်မလား
မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းမှာက ၇ ခုအထိ ရှိခဲ့ပြီး အဓိက ရေမြုပ်နိုင်ခြေနဲ့ အရပ်သားထိခိုက်မှု အကြီးဆုံးတွေက ဧရာဝတီမြစ်ဆုံက ဆည်စီမံကိန်းနဲ့ မလိခမြစ်ပေါ်က ဆည်စီမံကိန်းတို့ပဲဖြစ်ပါတယ်။ ကျန်တဲ့ မေခမြစ်ပေါ်က စီမံကိန်း ၅ ခုကတော့ ဝေးလံခေါင်ဖျားပြီး ပတ်ဝန်းကျင် ကျေးရွာတွေမှာကလည်း ရွာသေးသေးလေးတွေသာ ဖြစ်တာကြောင့် အဲဒီ စီမံကိန်းတွေကတော့ ဖြစ်သွားနိုင်ခြေရှိမယ်လို့ ပညာရှင်တချို့က ယူဆနေကြပါတယ်။
“ဒီတခေါက်မှာ တကယ်လို့ လျှပ်စစ်စီမံကိန်း တခုခုပါမယ်ဆိုရင်တောင် မေခမြစ်တလျှောက်က စီမံကိန်း ၅ ခုထဲက တချို့တော့ ပါကောင်းပါနိုင်တယ်။ အဲဒီဘက်မှာ တချို့စီမံကိန်းဆိုရင် ရွာသေးသေးလေး တရွာ၊ နှစ်ရွာ လောက်ပဲ ထိခိုက်တာ။ ဒါကျတော့ ဖြေရှင်းလို့ရတယ်” လို့ သူကိုယ်တိုင် အဲဒီ စီမံကိန်းနဲ့ ပက်သက်ပြီး ပတ်ဝန်းကျင် ထိခိုက်မှု စစ်တမ်း (EIA) ကောက်ရာမှာ ပါဝင်ခဲ့ဖူးတဲ့ နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးက ပြောပါတယ်။
အဲဒီလိုပဲ ဒေါ်အောင်ဆန်းစုကြည်နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ ဧပြီ ၂၄ ရက်နေ့က တွေ့ဆုံစဉ်ကလည်း ပြည်သူ အချင်းချင်း ဆက်ဆံရေးနဲ့ လူမှုဘဝမြှင့်တင်ရေးဆိုတဲ့ အချက်တွေကို ထည့်သွင်းပြောကြား သွားတဲ့အတွက် တရုတ်နိုင်ငံအနေနဲ့ မြန်မာပြည်သူတွေရဲ့ ဆန္ဒကို အလေးထားမလား ဆိုတဲ့ စဉ်းစားစရာတွေ အများကြီး ဖြစ်ပေါ်စေခဲ့တယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလက တရုတ်သံအမတ်က ကချင်ပြည်နယ်က နိုင်ငံရေးခေါင်းဆောင်တွေ၊ ဘာသာရေး ခေါင်းဆောင်တွေကို သွားရောက်တွေ့ဆုံခဲ့ပြီး မြစ်ဆုံစီမံကိန်းကို ပြန်စချင်တဲ့အရိပ်အယောင်တွေ ထွက်ပေါ် လာခဲ့လို့ မြစ်ဆုံစီမံကိန်းကို အစဉ်တစိုက် ကန့်ကွက်ခဲ့ကြတဲ့ မြန်မာပြည်တွင်း လူမှုအဖွဲ့အစည်းတွေ၊ တက်ကြွ လှုပ်ရှားသူတွေက မြစ်ဆုံကို ပြန်ရွေးကြမယ်ဆိုတဲ့ ခေါင်းစဉ်နဲ့ လှုပ်ရှားမှုတွေ တန်ပြန်လုပ်ခဲ့ကြတယ်။
အခု ဒေါ်အောင်ဆန်းစုကြည်ရဲ့ တရုတ်ခရီးစဉ်မှာ မြစ်ဆုံစီမံကိန်းနဲ့ ပက်သက်ပြီး တရုတ်နိုင်ငံနဲ့ ပြန်ဆွေးနွေးမလား ဆိုတာကို တိတိကျကျ မပြောနိုင်ပေမယ့် လက်ရှိအစိုးရအနေနဲ့ မြစ်ဆုံစီမံကိန်းသာ ပြန်စခဲ့မယ်ဆိုရင် မြန်မာလူထုရဲ့ ပြင်းထန်တဲ့ ဆန့်ကျင်မှုတွေကို တွေ့လာရမှာဖြစ်တယ်လို့ Sandhi Governance Institute က ဦးခိုင်ဝင်းက ဆိုပါတယ်။
“မြစ်ဆုံကိစ္စက အစိုးရအတွက်လည်း အခက်အခဲရှိတယ်။ လာမယ့်ရွေးကောက်ပွဲအထိပါ သက်ရောက် သွားနိုင်တယ်။ တရုတ်အစိုးရ အနေနဲ့လည်း ပြန်စဖို့ လုပ်မယ်မထင်သေးဘူး။ ဒါပေမယ့် ထွက်ပေါက် တခုခုတော့ အဖြေရှာကြမယ် ထင်တယ်။ တခြားတခုခုနဲ့ အစားထိုးမလား ဆိုတဲ့ ပုံစံပေါ့” လို့ သူက ဆက်ပြောတယ်။
ဒါပေမယ့် ပိုးလမ်းမ စီမံကိန်းနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံက လုပ်ရမယ့်နေရာတွေ တော်တော်များများက လက်ရှိ မငြိမ်းချမ်းသေးတဲ့ နယ်မြေတွေ ဖြစ်နေတာကြောင့် မြန်မာ့ငြိမ်းချမ်းရေးကို တရုတ်က တပ်မတော်အပြင် တိုင်းရင်းသား လက်နက်ကိုင်တွေ ဘက်ကိုပါ အစဉ်တစိုက် ဖိအားပေးလာတာကို တွေ့ရတယ်။
အထူးသဖြင့် အပစ်အခတ် ရပ်စဲရေးစာချုပ် (NCA) လမ်းကြောင်းကို တက်လှမ်းကြဖို့အတွက် တိုင်းရင်းသား အဖွဲ့တွေနဲ့ တွေ့ဆုံတိုင်း ပြောကြားနေခဲ့တယ်။ NCA စာချုပ်လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေဘက်က အခု တပ်မတော်က စွဲကိုင်ထားတဲ့ မူဝါဒတချို့ဟာ NCA လက်မှတ်ထိုးဖို့မှာ အခက်အခဲတွေ ရှိနေတာကို လူသိရှင်ကြား ပြောကြားထားကြတယ်။
တချို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်တွေဆိုရင် တရုတ်နိုင်ငံက ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံတိုင်း ဒီ NCA လက်မှတ်ထိုးဖို့ချည်း တိုက်တွန်းနေတာကြောင့် တွေ့ဆုံဖို့တောင်မှ တော်တော် စဉ်းစားကြရတယ်လို့ ဆိုကြတယ်။
အဲဒါကြောင့် မြန်မာ့ငြိမ်းချမ်းရေးနဲ့အတူ တရုတ်နိုင်ငံရဲ့ အိပ်မက်ဖြစ်တဲ့ ပိုးလမ်းမ စီမံကိန်းဟာ တော်တော်လေး အရေးပါနေတယ်။ လက်ရှိ ရှိနေပြီးသား တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေရဲ့ နယ်မြေကို ဖြတ်သန်းထားတဲ့ စီမံကိန်းတွေမှာ တရုတ်ရဲ့ အကျိုးစီးပွားနဲ့အတူ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကလည်း အကျိုးခံစားနေရတာ ရှိနိုင်မှာပဲ ဆိုတဲ့ သုံးသပ်ချက်တွေလည်း ရှိနေပါတယ်။
“အဓိကကတော့ တိုင်းရင်းသား လက်နက်ကိုင်တွေကိုလည်း အခွန်ဆောင်နေကြမှာပဲ။ အခွန်ပေးနေရင် ဘယ်အဖွဲ့က နှောင့်ယှက်မှာလဲ။ တရုတ်ရဲ့ ပါဝါကြောင့်မဟုတ်ဘူး။ မပေးဘဲနေကြည့်၊ ချမှာပဲ။ ဘန်ကောက် ကနေ ဆွဲထားတဲ့ ပိုက်လိုင်းဆို ကရင်လက်နက်ကိုင်အဖွဲ့ (KNU) အနေနဲ့ မရပဲနေမလား။ မရကြည့် အဲဒီပိုက်လိုင်း ပျက်တာ ကြာလှပြီ။ သူတို့ကလည်း ရံပုံငွေရရင် ခွင့်ပြုကြမှာပဲ” လို့ ဦးမောင်မောင်စိုးက ဆိုတယ်။
လက်ရှိ အစိုးရအနေနဲ့ တရုတ်နဲ့တွေ့ဆုံတဲ့အခါမှာ နယ်စပ် ကုန်သွယ်ရေးကိုလည်း အလေးထား ဆောင်ရွက်ဖို့ လိုပါတယ်၊ အထူးသဖြင့် တရုတ်နယ်စပ် မူဆယ်ကုန်သွယ်ရေးနဲ့ ပက်သက်ပြီး ထိန်းညှိပေးနိုင်မယ့် ပေါ်လစီ တခုခုကို ချမှတ်နိုင်မှ ရမယ်လို့ သူက ဆက်ပြောပါတယ်။
မူဆယ် နယ်စပ်ကုန်သွယ်ရေးမှာ မြန်မာဘက်က ပို့ကုန်တွေဟာ တရားဝင်လမ်းကြောင်းအဖြစ် ရှိနေခဲ့ပေမယ့် တရုတ်နိုင်ငံဘက် အခြမ်းမှာတော့ တရားမဝင်ဖြစ်နေတဲ့ ပုံစံက မြန်မာ့ကုန်သည်နဲ့ တောင်သူတွေအတွက်က အခက်အခဲကြီး ဖြစ်နေသေးတယ်လို့ သူက ပြောပါတယ်။
“ဖရဲသီး သယ်သွားတယ်။ မူဆယ်ရောက်တော့ ပိတ်လို့ဆိုပြီး လွှင့်ပစ်ကြရတယ်။ နွားသယ်သွားတယ်။ တော်ကြာ ပိတ်ပြန်ပြီလုပ်တယ်။ သွင်းခွင့်ပေးလိုက်၊ မပေးလိုက်နဲ့။ ဆန်မှာလည်း ကျနော်တို့ကသာ တရားဝင်သွင်းနေတာ။ ဟိုဘက်မှာ မှောင်ခိုလို ဖြစ်နေတာ။ ဒါကို အစိုးရအနေနဲ့ ကိုင်တွယ်ဖို့လိုတယ်” လို့ ဦးမောင်မောင်စိုးက မှတ်ချက်ပြုပါတယ်။