လမ်းတိုးချဲ့ဖေါက်လုပ်ရာတွင် ဂရုပြုရမည့်အချက်များ
လမ်းတိုးချဲ့ဖေါက်လုပ်ရာတွင် ဂရုပြု ရမည့် အပိုင်း ၂ ပိုင်းရှိပါသည်။ တပိုင်းမှာ လက်တွေ့လမ်းဖေါက်လုပ်ရာတွင် ရင်ဆိုင်ရမည့်အချက်များဖြစ်ပြီး နောက်တပိုင်းမှာ နိုင်ငံရေးပြသနာများဖြစ်သည်။
လက်တွေ့လမ်းဖေါက်ရာတွင်ရင်ဆိုင်ရမည့်ပြသနာများ
လမ်းဖေါက်လုပ်ပုံ
လက်ရှိ အိုရီယမ်တယ်ဟိုက်ဝေးကုမ္ပဏီ၏ လမ်းတိုးချဲ့ဖေါက်လုပ်ပုံစနစ်မှာ ထပ်ပိုးလွှာခင်းသည့်စနစ်ဖြစ်သည်။ သို့ဖြစ်ရာ မူလလမ်းထက် လမ်းကပို၍မြင့်လာသည်။ ထိုသို့လမ်းခင်းသည့် စနစ်မှာ လူသူမနေသည့် နေရာများတွင် ပြဿနာ မရှိသော်လည်း လူအများအနေထိုင်သည့်မြို့ များတွင် မြို့နေလူထုနှင့် ပြဿနာ ဖြစ်ပွါးသည်ကို တွေ့ရသည်။
လက်ရှိ ကွတ်ခိုင်မြို့ တွင်း၌ ထပ်ပိုးလွှာခင်းသည့်အတွက် လမ်းမတန်းရှိ အိမ်များသည့် လမ်းထက်ပိုနိမ့်သွားပြီး မိုးရွာသည့်အခါ အိမ်အတွင်းသို့ ရေဝင်သည့် ပြဿနာများတွေ့ရသည်။ တချိန်တည်းတွင် လမ်းဖေါက်သည့် ကုမ္ပဏီကလည်း ရေမြောင်းဖေါက်လုပ်ခြင်းကို ဦးစွာမပြုလုပ်ဘဲ(ဝါ) တပြိုင်ထဲ မပြုလုပ်ဘဲ လမ်းဖေါက်ပြီးမှ လမ်းဘေးရေမြောင်းဖေါက်ရန် ပြင်ဆင်သည်ဖြစ်ရာ မိုးတွင်းကာလရောက်နေ၍ မိုးရွာသည့်အခါ လမ်းကလည်းမြင့် ရေမြောင်းကလည်းမရှိ၍ လမ်းဘေးဝဲယာအိမ်များသို့ ရေများဝင်ပြီး မြို့နေလူထု မကျေမနပ် ဖြစ်ပွါးနေသည်ကို လောလောဆယ်တွေ့နေရပါသည်။
လမ်းချဲ့ထွင်ခြင်း
မြို့ ရွာများအပ နေရာများတွင် လမ်းချဲ့ထွင်ပါက ပြဿနာ မရှိသော်လည်း မြို့ ရွာများအတွင်း လမ်းချဲ့ထွင်ပါက ၄ လမ်းသွားလမ်းချဲ့ ပြီးပါက လမ်းနယ်ကုန်သွားသည်ကို၎င်း၊ အရပ်သားပိုင် မြေအချို့ ပါသွားသည်ကို၎င်း တွေ့ရသည်။ လက်ရှိ မြန်မာပြည်လမ်းမကြီးဥပဒေအရ လမ်းမကြီးတိုးချဲ့ရန် မြေသိမ်းရန် မခက်ခဲသော်လည်း လူထု ကျေလည်မှုရှိရန် သို့မဟုတ် လျော်ကြေးပြသနာကို ကောင်းမွန်စွာဖြေရှင်းရန် လိုအပ်ပါသည်။
မြို့ရှောင်လမ်းနှင့် လျော်ကြေး
မြို့ရှောင်လမ်း မဖေါက်လုပ်ရသေးသော မြို့များတွင် မြို့ရှောင်လမ်း မဖြစ်မနေဖေါက်လုပ်ရန် လိုအပ်ပါသည်။ ထိုသို့မြို့ရှောင်လမ်း ဖေါက်လုပ်ရာတွင် မလွဲမသွေတွေ့ကြုံ ရမည့်ပြဿနာမှာ အရပ်သားပိုင်မြေများ သိမ်းခြင်းနှင့် လျော်ကြေးပေးခြင်း ဖြစ်သည်။ တောင်ပေါ်ဒေသတွင် မြေဈေး သိပ်မကြီးရာ ဖြေရှင်းရန် မခက်ခဲပါ။ စိုက်ပျိုးသီးနှံများဖြစ်ထွန်းသည့် မြေများသိမ်းလျှင်သာ အခက်အခဲ အတန်ငယ်ရှိပြီး လျော်ကြေးငွေ အနည်းငယ်မြင့်နိုင်သည်။
လျော်ကြေးပေးရသည်ထက် ပို၍ဂရုပြုရန် လိုအပ်သည်ပြသနာမှာ လျော်ကြေးငွေများ အမှန်တကယ် နစ်နာသူများလက်ထဲသို့ တိုက်ရိုက်ရောက်ရေးဖြစ်သည်။ အထက်ပါအချက်သည် မြေသိမ်းခံလူထု မ ကျေနပ်မှု မဖြစ်စေရန်သော်၎င်း မလိုအပ်သောသွေးထိုးလှုံ့ဆော်မှုများ ရှောင်ရှားနိုင်ရန်သော်၎င်း အရေးပါသောအချက်ဖြစ်သည် အထူးဂရုပြုရမည့်အချက်ဖြစ်သည်ကို တွေ့ရပါသည်။ ဤလျော်ကြေးပေးမှု နှင့်အတူတွဲ၍ တွေ့ရမည့် ပြဿနာမှာ အခွင့်အရေးယူတတ် ကိုယ်ကျိုးရှာတတ်သည့် တာဝန်ရှိသော အစိုးရအရာရှိများ ပြဿနာဖြစ်သည်။
လမ်းထိန်းသိမ်းခြင်း
မြန်မာပြည် လမ်းဖေါက်လုပ်သည့်စနစ်တွင် အားနည်းချက်မှာ လမ်းများအား စနစ်တကျ ပုံမှန် ထိန်းသိမ်းသည့် ဘတ်ဂျက်များ ထားရှိခြင်းနှင့် ဝန်ထမ်းများခန့်ထားပြီး ပုံမှန် လမ်း ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းဖြစ်သည်။ မြန်မာအစိုးရဖေါက်လုပ်သော လမ်းများတွင် လမ်းတခုဖေါက်လုပ်ပြီးပါက ပုံမှန်ထိန်းသိမ်းမှု မရှိဘဲ လမ်းအတော်ကြီးပျက်စီး၍ သုံးစွဲရန် ခက်ခဲသည့်အနေအထားရောက်မှ ပြန်လည်ပြုပြင်လေ့ရှိသည်။ ထို့သို့သော အခြေအနေအောက်တွင် တရုတ်တို့အနေနှင့် မူဆယ်-မန္တလေး လမ်းမကြီး တိုးချဲ့ဖေါက်လုပ်ခြင်း နှင့်အတူ လမ်းပြုပြင်ထိန်းသိမ်းသည့် စနစ်ကောင်းများ သယ်ဆောင်လာပါက မြန်မာပြည်လူထု လိုလားမှုနှစ်သက်မှုကို ရရှိနိုင်မည် ဖြစ်သည်။ လမ်းကောင်းနှင့် စနစ်ကောင်းပါ သယ်ဆောင်လာသည့်ဟု ယူဆပါက လူအများ၏ အကောင်းမြင်ခြင်း ခံရပေမည်။
လမ်းဖေါက်သည့်ပုံစံ
လက်ရှိအချိန်တွင် မူဆယ်-မန္တလေးလမ်းဖေါက်လုပ်ရေးအတွက် တရုတ် ဆောက်လုပ်ရေးဘဏ်မှ အိုရီယမ်တယ်ဟိုက်ဝေး ကုမ္ပဏီအား တရုတ်ယွမ်ငွေ သန်း ၂၀၀ ခန့်ချေးငွေထုတ်ပေးထားသည်ဟု စီးပွါးရေးအသိုင်းအဝိုင်းက ဆိုပါသည်။ အကယ်၍ လာမည့် OBOR ကုန်သွယ်မှု လမ်းကြောင်းအတွက်ပါ စဉ်းစား၍ မူဆယ်-မန္တလေးလမ်းဟောင်းအား အမှန်တကယ်အဆင့် မြှင့်တင်၍ အသုံးပြုမည်ဟု ဆုံးဖြတ်ပါက အဆိုပါလမ်း အဆင့်မြှင့်တင်ရေးနှင့်ပတ်သက်၍ အိုရီယမ်တယ်ဟိုက်ဝေး ကုမ္ပဏီကဲ့သို့ ကုမ္ပဏီတခုအား ချေးငွေထုတ်ပေးခြင်းထက် မြန်မာအစိုးရနှင့် တိုက်ရိုက်ဆွေးနွေး သဘောတူညီချက် ရယူပြီး အစိုးရချင်း ပူးပေါင်းဆောင်ရွက်မှု ဖြင့်ဆောင်ရွက်သင့်သည်ဟု ယူဆကြသည်။ သို့မှသာ နည်းပညာမြင့်၍ ကောင်းမွန်သော လမ်းမတခုကို ဖေါက်လုပ်နိုင်မည်ဟု သုံးသပ်ကြပါသည်။
ရင်ဆိုင်ရမည့် နိုင်ငံရေးပြဿနာများ
လမ်းဖေါက်လုပ်ရာတွင်ရင်ဆိုင်ရမည့် နိုင်ငံရေးပြသနာ ၂ ပိုင်းရှိသည်။ ပထမပိုင်းမှာ ဒေသခံများနှင့် ဒေသခံအရပ်ဖက်အဖွဲ့ အစည်းများဖြစ်သည်။ ဒုတိယပိုင်းမှာ လမ်းလုံခြုံ ရေးနှင့်ဆက်နွယ်နေသည့် တိုင်းရင်းသားအဖွဲ့အစည်းများဖြစ်သည်။
ဒေသခံများနှင့် ဒေသခံအရပ်ဘက်အဖွဲ့အစည်းများ
၂၀၁၀ ပြည့်နှစ်နောက်ပိုင်းမှစ၍ ပြည်မနှင့်နည်းတူ ရှမ်းပြည်မြောက်ပိုင်းတွင်လည်း အရပ်ဘက်အဖွဲ့အစည်းများ အားကောင်းလာခဲ့သည်။ ဒေသခံလူထုအား ကိုယ်စားပြု၍ ဒေသခံလူထု၏နစ်နာမှု များဖေါ်ထုတ်ခြင်း၊ ဒေသခံလူထု၏ ကျန်းမာရေး၊ လူမှုရေးကိစ္စရပ်များကို ကူညီခြင်း၊ စစ်ဘေးဒုက္ခသည်များကို ကူညီခြင်းများကို တက်ကြွစွာ ဆောင်ရွက်ကြသဖြင့် လူထုထောက်ခံမှုကို ရရှိထားကြသည်။ရှမ်းပြည်မြောက်ပိုင်းရှိ အရပ်ဖက်အဖွဲ့အစည်းများသည် ကိစ္စရပ်တခု ကဏ္ဍတခုကိုဦးတည်၍ ဖွဲ့စည်းထားလေ့ရှိကြသည်လည်းရှိသကဲ့သို့ တိုင်းရင်းသားစာပေ ယဉ်ကျေးမှု အဖွဲ့စည်းပုံစံနှင့်လည်း ဖွဲ့စည်းထားကြသည်လည်း ရှိသည်။
ထိုရှမ်းမြောက်ရှိ အရပ်ဖက်အဖွဲ့အစည်းများအား ငွေကြေးထောက်ပံ့သည့် အလှူရှင်များမှ အနောက်နိုင်ငံများမှဖြစ်ပြီး ပြည်မမှ အရပ်ဖက်အဖွဲ့အစည်းများနှင့်လည်း ကွန်ယက်ချိတ်ဆက်ထားလေ့ရှိကြပါသည်။ သို့သော် ရှမ်းမြောက်ရှိ အရပ်ဖက်အဖွဲ့အစည်းအချို့မှာ နံမည်သာရှိပြီး လှုပ်ရှားမှု မရှိကြပါ။ သို့သော် အချို့အဖွဲ့များမှာမူ တက်ကြွစွာ လှုပ်ရှားကြသည်ကို တွေ့ရပါသည်။
ထိုတက်ကြွစွာ လှုပ်ရှားနေကြသည့် အရပ်ဖက်အဖွဲ့အစည်းများနှင့် ဒေသခံများမှ လေ့လာသိရှိရသည်မှာ အောက်ပါအတိုင်းဖြစ်သည်။
၁။ မူဆယ်-မန္တလေးလမ်းမကြီး တိုးချဲ့ဖေါက်လုပ်ခြင်းအား လှိုက်လှိုက်လှဲလှဲ ကြိုဆိုမှု မရှိပါ။
၂။ လမ်းမကြီးဖေါက်လုပ်ပြီးနောက် လမ်းဆက်သွယ်ရေးကောင်းမွန်လာပါက တပ်မတော်မှ စစ်ကြောင်းများရောက်လာပြီး စစ်ဆင်ရေးများပြုလုပ်ခြင်းကြောင့် စစ်ဘေးဒုက္ခခံစားရမည်ကို စိုးရိမ်မှု ရှိသည်ကို တွေ့ရသည်။
၃။ လမ်းမကြီးကောင်းမွန်လာပြီး ပေါ်ထွက်လာသည့် အကျိုးစီးပွါးကြောင့် တပ်မတော် နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ တိုက်ပွဲပိုမိုပြင်းထန်လာမည်ကို စိုးရိမ်ကြသည်ကိုတွေ့ရသည်။ (ကချင်ပြည်နယ်၌ တရုတ်ပြည်မှ လာရောက်ဆောက်လုပ်သည့် တပိန်ရေအားလျှပ်စစ်စက်ရုံ အကျိုးအမြတ်ကြောင့် ၂၀၁၁ ခုနှစ်တွင် KIA နှင့် စစ်တပ်တို့ တကျော့ပြန်စစ်ပွဲဖြစ်ခဲ့ရာ ယခုတိုင် အဆုံးသတ်နိုင်ခြင်းမရှိဟု ထောက်ပြကြသည်)
၄။ ဤသို့ လမ်းမကြီးကောင်းမွန်ပြီး ကုန်သွယ်ရေး ပိုမိုကောင်းမွန်လာပါကလည်း ဒေသခံတို့အတွက် မည်သည့်အကျိုးခံစားခွင့်မှမရှိ၍ လမ်းမကြီး တိုးချဲဖေါက်လုပ်သည်ကို ကြိုဆိုခြင်းမရှိကြပါ။
၅။ လမ်းမကြီးတိုးချဲ့ ဖေါက်လုပ်၍ အရပ်သားအိမ်များထိခိုက်ခြင်းနှင့် လျော်ကြေးပေးလျော်မှုများ တရားမျှတမှု မရှိမည်ကို စိုးရိမ်မှုရှိကြပါသည်။
ဤဒေသမှာ ဒေသခံများနှင့် အရပ်ဖက်အဖွဲ့အစည်းများ၏ သဘောထားဖေါ်ပြချက်ဖြစ်သည်။ ဤသို့ ဆို၍ လမ်းတိုးချဲ့ ဖေါက်လုပ်ခြင်းနှင့်ပတ်သက်၍ အားလုံးက ဆန့်ကျင်ကြသည်တော့ မဟုတ်ပေ။ ကူးသန်းရောင်းဝယ်မှု ပြုလုပ်သည့် ကုန်သည်များ၊မော်တော်ယဉ်ပြေးဆွဲသူများနှင့် NLD ပါတီထောက်ခံသူများ ကတော့ လမ်းတိုးချဲ့ ဖေါက်လုပ်ခြင်းအား ကြိုဆိုမှု ရှိကြပါသည်။ ကုန်သည်နှင့်ကားသမားများကတော့ သူတို့အကျိုးရှိ၍ ထောက်ခံခြင်းဖြစ်ပြီး NLD ပါတီထောက်ခံသူများကတော့ ၎င်းတို့ NLD အစိုးရပေါ်လစီအား ထောက်ခံခြင်းဖြစ်သည်။ သို့သော် ကြိုဆိုသူက အနည်းစုဖြစ်ပြီး ဆန့်ကျင်သူက အများစုဖြစ်သည်။ သို့သော်လည်း မှန်ကန်စွာ ကိုင်တွယ်ဖြေရှင်းရနိုင်သည့် ကိစ္စဖြစ်ပါသည်။
ဒေသခံများနှင့် ပတ်သက်၍ ရင်ဆိုင်ဖြေရှင်းရာတွင် ပထမအချက်အနေနှင့် လက်တွေ့ကျကျအလေးထားရမည်မှာ လမ်းတိုးချဲ့၍ဖြစ်စေ၊ မြို့ရှောင်လမ်း ဖေါက်လုပ်ရာ၌ မြေယာသိမ်းဆည်းရာ၌ဖြစ်စေ ထိခိုက်သည့်အရပ်သား အိမ်ထောင်များအား ကောင်းမွန်စွာ ခေါ်ယူတွေ့ဆုံခြင်း၊ ထိုက်သင့်သောမြေယာ လျော်ကြေးသတ်မှတ်ပေးခြင်း၊ လျော်ကြေးငွေများအား နစ်နာသူများ၏ လက်တွင်းသို့ တိုက်ရိုက်ရောက်အောင် ပို့ပေးခြင်း တို့ကို ဂရုစိုက်လုပ်ဆောင်ရန် လိုအပ်သည်။
မြန်မာပြည်ဘက်ရှိ တာဝန်ရှိသော အောက်ခြေအဆင့်အချို့သည် လျော်ကြေးငွေအား ၎င်းတို့ကိုယ်ကျိုးအတွက် ဖြတ်စားတတ်သည်ကို ဂရုပြုရန်လိုသည်။ ထိုသို့ ဖြစ်ပွါးပါက အရပ်သားလူထုအနေနှင့် အဖြစ်မှန်မသိဘဲ တရုတ်တို့ကိုသာ မကြေမလည်ဖြစ်မည်ဖြစ်ပေရာ တရုတ်တို့အနေနှင့် ငွေလည်းကုန်သေး ကျေနပ်မှုလည်းမရဆိုပါက မိအေးနှစ်ခါနာဖြစ်ပေလိမ့်မည်။
ထို့ ကြောင့် နစ်နာသူများကိုယ်တိုင် ကျေနပ်မှုရရှိရေးကို ဂရုစိုက်ရန်လိုသည်။
ဒုတိယအချက်မှာ ကားလမ်းဖြတ်သန်းရာ မူစယ်မှ နောင်ချိုအထိသည် ရှမ်းပြည်နယ် တိုင်းရင်းသားဒေသဖြစ်သည်။ လက်ရှိမြန်မာပြည်တွင် တိုင်းရင်းသားဒေသများတွင် ပြုလုပ်သော စီးပွါးရေးလုပ်ငန်းများနှင့်ပတ်သက်၍ အကျိုးအမြတ်ခွဲဝေမှု ၊ တိုင်းရင်းသားဒေသဖွံ့ဖြိုးမှု ၊ အာဏာခွဲဝေမှု တို့နှင့် ပတ်သက်ပြီး မကျေလည်မှုများဖြစ်ပွါး၍ လက်နက်ကိုင်တိုက်ခိုက်မှု များ ဖြစ်ပွါးနေသကဲ့သို့ မြို့ ပေါ်ဥပဒေတွင်း၌လည်း မကျေလည်မှု များရှိသည်။ ဤပြဿနာသည် မြန်မာပြည် ပြည်တွင်းပြသနာဖြစ်၍ တရုတ်တို့ ဝင်ရောက်ဖြေရှင်းရန် မလွယ်ကူပေ။ သို့သော် လမ်းမသစ်တိုးချဲ့ ဖေါက်လုပ်မည့် တရုတ်တို့အနေနှင့် ဒေသဖွံ့ဖြိုးရေးနှင့်ပတ်သက်၍ ထည့်သွင်းစဉ်းစားရန် လိုအပ်သည်။
အဆိုပါ လမ်းမကြီးတလျှောက် ပညာရေး၊ ကျန်းမာရေးကဏ္ဏများတွင် ဖွံ့ဖြိုးမှုအကူအညီပေးခြင်း( ကျောင်း၊ ဆေးပေးခန်း၊ ဆေးရုံများဆောက်လုပ်ပေးခြင်း၊ ဒေသခံတိ့ုအား တရုတ်ပြည်သို့ခေါ်ယူ၍ သင်တန်းများပေးခြင်း စသည်များ) တို့ကို နှစ်အလိုက် ရံပုံငွေရာထားပြီး ဆောင်ရွက်ရန်လိုအပ်သည်။ ဥပမာ ကျောက်ဖြူ အခြေစိုက် တရုတ် CNPC လက်အောက်ခံ သဘာဝဓါတ်ငွေ့ ကုမ္ပဏီနှင့်ရေနံကုမ္ပဏီတို့သည်တနှစ်လျင် ဒေါ်လာတသန်းစီ ဒေသဖွံ့ဖြိုးရေးရံပုံငွေထားရှိသည်။ ထိုသို့ ထားရှိဆောင်ရွက်ပါက တရုတ်တို့သည် ကားလမ်းမတိုးချဲ့ ဖေါက်လုပ် အသုံးပြုသည်သာမက ဒေသဖွံဖြိုးရေးပါ ဆောင်ရွက်ပေးသည်ဟူ၍ ဒေသခံများကြား အကောင်းမြင်လာနိုင်ပါသည်။ ဤအချက်သည် တရုတ်တို့လုပ်နိုင်သည့် အချက်ဖြစ်ပြီး အလေးထားလုပ်ဆောင်ရန် လိုအပ်ပါမည်။
ဤသို့ ကားလမ်းတလျောက် ဖွံဖြိုးရေးလုပ်ရာတွင် ဂရုပြုရမည့်အချက် တရုတ်ပြည်နယ်စပ်ခရိုင်အချို့၏ ဆောင်ရွက်ချက်များကို စိစစ်ရန်လိုသည်။ ဥပမာ နယ်စပ်ဒေသ ဘိန်းပပျောက်ရေးနှင့်ပတ်သက်၍ နှစ်နိုင်ငံနယ်စပ်ရှိ ဒေသများ ပူးပေါင်းဆောင်ရွက်မှု များရှိသည်။ မြန်မာပြည်အရှေ့ပိုင်း မိုင်းလား( NDAA) ဒေသနှင့် ဆစ်ဆောင်ပဏ္ဏားဒေသ မုန်းဟိုင်းခရိုင်တို့ ပူးပေါင်းဆောင်ရွက်ခဲ့သည်။
ဘိန်းအစားထိုးအတွက် ကြံစိုက်ခြင်း၊ ရာဘာစိုက်ခြင်းတို့အား မုန်းဟိုင်ခရိုင်မှ စိုက်ပျိုးရေးအတတ်ပညာ အကူအညီပေးခြင်းများ ပြုလုပ်ခဲ့သည်။ မြန်မာပြည် မိုင်းလားဒေသ၌ ဘိန်းစိုက်ပျိုးမှု ပပျောက်၍ မိုင်းလား-မုန်းဟိုင်လမ်းကြောင်းသည် အောင်မြင်သည်ဟု ယူနန်ပြည်နယ်တွင်း၌ ဝါဒဖြန့်နေသည်ကို တွေ့ရသည်။ သို့သော်လက်တွေ့တွင် မိုင်းလားဒေသ၌ ဘိန်းအစားထိုးသီးနှံ စိုက်ပျိုးသူများ ဒုက္ခရောက်နေကြသည်။
အကြောင်းမှာ ဘိန်းအစားထိုးသီးနှံများအဖြစ် ထွက်ပေါ်လာသည့် ရာဘာ၊ ကြံမှကုန်ချော ထွက်သည့် သကြားတို့ကို အနီးဆုံး တရုတ်ပြည်မှ တရားဝင် ဝယ်ယူခြင်းမရှိ၍ ဈေးကွက်ပျောက်နေသည်။ ထွက်ကုန်များဈေးကျ ပြီး စိုက်ပျိုးသူများ အရှုံးပေါ်နေသည်။ ဤသို့သော အခြေအနေသည် မိုင်းလား-မုန်းဟိုင်လမ်းကြောင်းသည် အောင်မြင်သည်ဟု မြန်မာပြည်ဖက်မှ တိုင်းရင်းသားများက မခံစားရပေ။ ထို့ပြင် ဘိန်းအစားထိုးသီးနှံများကို မဝယ်ယူဘဲ ပိတ်ဆို့ထားသည့် တရုတ်တို့အား စိတ်ပျက်နေကြသည်။ ဤသို့ဖြစ်ရခြင်းမှာ တရုတ်ဗဟိုအစိုးရပေါ်လစီကောင်းမွန်သော်လည်း နယ်စပ်ရှိ တရုတ်ပြည်တွင်း ခရိုင်အုပ်ချုပ်ရေးပိုင်းမှ ၎င်းတို့ခရိုင်၊ ဒေသအကျိုးစီးပွါးအတွက်သာ ကြည့်ရှုခြင်းကြောင့်ဖြစ်သည်ဟု သုံးသပ်ကြပါသည်။
နောက်ထပ်ဂရုပြုရမည့်အချက်တချက်မှာ တရုတ်အစိုးရတို့သည် ဒေသဖွံ့ဖြိုးရေးအတွက် ဖြစ်စေ၊ အခြားအကြောင်းများ ကြောင့်ဖြစ်စေ G to G ဟုဆိုသည့် အစိုးရချင်းဆက်ဆံရေးကို အားသန်ကြသည်။ ထိ့ုပြင် မြန်မာပြည်ရှိ အရပ်ဘက်အဖွဲ့ အစည်းများ(CSO များ)၊ အစိုးရမဟုတ်သည့်အဖွဲ့ အစည်းများ(NGO များ) နှင့်ပတ်သက်၍ အနောက်တိုင်းအထောက်အပံ့ ယူထားသော အဖွဲ့အစည်းများ၊ တရုတ်အကျိုးစီးပွါးအား တိုက်ခိုက်မည့် အဖွဲ့အစည်းများအဖြစ် သဘောထားကြသည်။ ဆက်စပ်လုပ်ကိုင်ခြင်းမျိုး မရှိပေ။
ဤနေရာတွင် ဆေးရုံ၊ ကျောင်းစသည်တို့ ဆောက်လုပ်လှူဒါန်းခြင်းတို့နှင့်ပတ်သက်၍ အစိုးရချင်း ဆက်ဆံ လုပ်ကိုင်သည်နှင့်ပတ်သက်၍ ဝေဖန် ကန့်ကွက်ရန် အကြောင်းမရှိသော်လည်း မြန်မာပြည်တွင် CSO များ၊ NGO များကို ပစ်ပယ်၍မရသည်ကို သဘောပေါက်ရန်လိုအပ်သည်။ အထူးသဖြင့် တိုင်းရင်းသားဒေသများတွင် ပိုမိုလိုအပ်သည်။ အကြောင်းမှာ ပြည်တွင်းနိုင်ငံရေးပဋိပက္ခများကြောင့်ဖြစ်သကဲ့သို့ မြန်မာပြည်၏ နိုင်ငံရေးစနစ်ကြောင့်လည်း ဖြစ်သည်။
တရုတ်ကွန်မြူ နစ်ပါတီနိုင်ငံတကာဆက်ဆံရေးဌာနကြီးအောက်တွင် NGO ကွန်ယက်တခု ဖွဲ့စည်းထားသော်လည်း တရုတ် NGO များသည် မြန်မာပြည်ရှိ CSO/NGO များ မဆက်စပ်နိုင်ဘဲ မြန်မာအစိုးရအာဏာပိုင်အဖွဲ့အစည်းများနှင့်သာ ချိတ်ဆက်နေသည်ကို တွေ့ရသည်။ ပြည်ထောင်အစိုးရ၏အုပ်ချုပ်ရေးကို မကျေလည်သော တိုင်းရင်းသားဒေသလည်းဖြစ်၊ တရုတ်ပြည်နှင့် နိုင်ငံရေးစနစ်နှင့် ကြည့်မြင်ပုံလည်း မတူသည့် တိုင်းပြည်လည်းဖြစ်သည့် အခြေအနေတွင် တိုင်းရင်းသား ဒေသများတွင် လုပ်ကိုင်မည့် တရုတ်စီးပွါးရေးလုပ်ငန်းများအတွက် အကျိုးရှိစေရန်အတွက် ဒေသခံတိုင်းရင်းသားပါတီများ၊ ဒေသခံ CSO/NGO များကို ဆက်ဆံထားရန်လိုအပ်သည်။ ထိုအဖွဲ့အစည်းများနှင့် ဆက်ဆံခြင်းဖြင့် ဒေသခံလူထု၏ ထောက်ခံမှုကို ရနိုင်မည်ဖြစ်သည်။
တရုတ်ကွန်မြူ နစ်ပါတီနှင့် တရုတ်အစိုးရသည် ၂၀၁၂ နောက်ပိုင်းစ၍ မြန်မာပြည်မှနိုင်ငံရေးပါတီများ၊ တိုင်းရင်းသားပါတီများနှင့် အဆက်အဆံရှိသည်။ အားသာချက်ရှိပြီး ဖြစ်သည်။ သို့သော် တရုတ် NGO ကွန်ယက်သည် မြန်မာပြည်ရှိ NGO များ၊ CSO များနှင့် ဆက်ဆံရာတွင် လွန်စွာအားနည်းနေဆဲဖြစ်သည်။ တရုတ် NGO အဖွဲ့အစည်းများသည် မြန်မာ့အစိုးရ အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များနှင့် ဆက်ဆံနေပြီး တရုတ်အစိုးရလုပ်ရမည့်အလုပ်ကို လုပ်နေပြီး NGO အလုပ်ကိုမလုပ် သို့မဟုတ် မြန်မာပြည်နိုင်ငံရေးစနစ်တွင် အံဝင်ဂွင်ကျ ဖြစ်အောင် မဝင်တတ်ဟုဆိုရမည်။ ထိုအချက်မှာ တရုတ်တို့အနေနှင့် အားနည်းချက် ဖြစ်သည်။
ဤသို့ဆို၍ ရှမ်းမြောက်အပါ မြန်မာပြည်တွင်းရှိ NGO/CSO များသည် ချို့ယွင်းချက် အားနည်းချက်မရှိဟု မဆိုလိုပါ။ အဆိုပါ NGO/CSO များတွင် အဖွဲ့အစည်းဖွဲ့ထားသော်လည်း တက်ကြွလှုပ်ရှားမှု မရှိသည့် အဖွဲ့များလည်း ရှိသည်။ နိုင်ငံတကာအဖွဲ့အစည်းများသို့ project များ တင်စားနေသောသူများလည်းရှိသည်။ တရုတ်ပြည်မှ ပြုလုပ်သော စီးပွါးရေး လုပ်ငန်းများကို ပစ်မှတ်ထားပြီး အနောက်အထောက်အပံ့နှင့် လုပ်ကိုင်နေသောအဖွဲ့များလည်း ရှိသည်။ ဥပမာ ရွှေလီမြစ်တွင်း ရေကာတာများဆောက်လုပ်မှုကြောင့် သဘာဝ ပတ်ဝန်းကျင်ထိခိုက်မှု ၊ ရေနံနှင့်သဘာဝဓါတ်ငွေ့ ပိုက်လိုင်းဖြတ်သန်း၍ ဒေသတွင်းထိခိုက်နစ်နာမှု စသည်များကို စစ်တမ်းကောက်ယူ လှုပ်ရှားနေသော အဖွဲ့များလည်း ရှိသည်။
ဤသို့အဖွဲ့များရှိ၍ NGO/CSO များကို မဆက်ဆံဘဲ နေ၍မရပေ။ မည်သို့ဆိုစေ CSO/NGO များသည် မြန်မာပြည်နိုင်ငံရေးလူမှု ရေးစနစ်အတွင်း လျင်မြန်စွာ အသားကျလာနေပြီး လူထုကြားပျံ့နှံစိမ့်ဝင်နေသော အဖွဲ့အစည်းများဖြစ်ပြီး လူထုကြား တစုံတရာသြဇာရှိသည်ကိုလည်း ငြင်းပယ်၍မရပေ။ လက်ရှိ ရှမ်းပြည်မြောက်ပိုင်းရှိ နမ့်ခမ်း၊ မူစယ်၊ နန့်ဖတ်ကာ၊ သိန္နီ၊ လားရှိုး၊ သီပေါ၊ ကျောက်မဲ၊ နောင်ချို စသည့် ကားလမ်းမကြီးပေါ်ရှိ မြို့များသာမက ကားလမ်းဝဲယာရှိမြို့ငယ်များ၊ ကျေးရွာကြီးများ၌ပါ ထိုအဖွဲ့များ၏ ကွန်ရက်ဆက်စပ်နေသည်။ ဒေသခံလူထုအားလည်း ကျန်းမာရေး၊ ပညာရေး၊ လူမှုရေးစသည့်တိ့ုကို အကူအညီ ပေးနေသည်ဖြစ်ရာ ဒေသခံလူထုကြား၌ စိမ့်ဝင်နိုင်သည်။ သို့ဖြစ်ရာ မည်သို့ဆက်ဆံမည်နည်း ဆိုသည်ကိုသာ စဉ်းစားရန်လိုပေသည်။
ဆက်ဆံခြင်းမရှိပါက တရုတ်တို့၏ စီးပွါးရေးလုပ်ငန်းများအတွက် ကောင်းကျိုးရှိမည်မဟုတ်ပေ။ အထူးသဖြင့် လမ်းဖေါက်ရေးကိုထောက်ခံသော ဒေသတွင်းစီးပွါးရေးသမား အနည်းစုကိုသာ မျက်နှာမူ၍ ဒေသခံအများစုနှင့် NGO/CSO များကို ကျောခိုင်းပါက တရုတ်၏လမ်းဖေါက်လုပ်ရေး လုပ်ငန်း အဆင်ပြေချောမွေ့မည် မဟုတ်ပေ။ အနှောက်အယှက်နှင့် ဆန့်ကျင်မှုများမည်ကို သတိပြုရန်လိုပါသည်။
မြောက်ပိုင်း ၇ ဖွဲ့
မြောက်ပိုင်း ၇ ဖွဲ့ဟုခေါ်သော UWSA/NDAA/KIA/SSPP/AA/TNLA/MNDAA အဖွဲ့များသည် ယခုချိန်ထိ နိုင်ငံရေးအရ ဆွေးနွေးဖြေရှင်းသည့်ဖြစ်စဉ်အတွင်း ပါဝင်နိုင်ခြင်း မရှိသေးပေ။ မြောက်ပိုင်း ၇ ဖွဲ့မပါဘဲ ငြိမ်းချမ်းလုပ်ငန်းစဉ်သည် ပြီးပြည့်စုံမည်မဟုတ်သကဲ့သို့ စစ်ပွဲများကိုလည်း ရပ်တန့်နိုင်မည်မဟုတ်ပေ။ မြောက်ပိုင်းအဖွဲ့များ၏ စုစုပေါင်းလက်နက်ကိုင် အင်အားမှာ တပြည်လုံးရှိ တိုင်းရင်းသားလက်နက်ကိုင်အင်အား၏ ၈၀% ရှိနေပေရာ မြောက်ပိုင်းအဖွဲ့များပြသနာကို ဖြေရှင်းရေးသည် ငြိမ်းချမ်းရေး အတွက် အရေးပါသည်။
၂၀၁၇ နှစ်ဆန်းပိုင်း အဆိုပါ မြောက်ပိုင်းအဖွဲ့များသည် FPNCC ဟူ၍ မြောက်ပိုင်း မဟာမိတ်အဖွဲ့ကို ဖွဲ့စည်းပြီး အစိုးရ/တပ်မတော်တိ့ုနှင့် ဆွေးနွေးရေးအား NCA မဟုတ်သောလမ်းကြောင်းမှသွားမည်ဟု ထုတ်ပြန်ကြေညာခဲ့သည်။ အဆိုပါ မြောက်ပိုင်းမဟာမိတ်အဖွဲ့ FPNCC အား စတင်ဖွဲ့စည်းကတည်းက ယနေ့အထိ အစိုးရနှင့် တပ်မတော်က အသိအမှတ်မပြု ခဲ့ပေ။ ထို့ ပြင် အဆိုပါ မြောက်ပိုင်း ၇ ဖွဲ့ထဲမှ KIA/TNLA/MNDAA/AA အဖွဲ့ ၄ အား အကြမ်းဖက်အဖွဲ့များအဖြစ် သတ်မှတ်ရန် တပ်မတော်နှင့် ကြ့ခိုင်ရေးပါတီက ပြည်သူ့လွှတ်တော်တွင် တင်သွင်းလာခဲ့ရာ မဲခွဲ၍ ရှုံးနိမ့်သွားခဲ့သော်လည်း တပ်မတော်နှင့် ကြံ့ခိုင်ရေးပါတီအများစုရှိသော ရှမ်းပြည်နယ်လွှတ်တော်တွင် တင်သွင်း အတည်ပြုနိုင်ခဲ့သည်ကို တွေ့ရသည်။ သို့ဖြစ်ရာ ၂၀၁၇ ခုနှစ်အတွင်း မြောက်ပိုင်း အဖွဲ့များနှင့် တင်းမာမှု မြင့်တက်ခဲ့သည်ဟု ဆိုရပါမည်။
၂၀၁၇ ခုနှစ် ဇူလိုင်တွင်း ကျင်းပသည့် ဒုတိယအကြိမ် ၂၁ ရာစုပင်လုံညီလာခံသို့ တရုတ်၏ ညှိနှိုင်းမှု အရ မြောက်ပိုင်း အဖွဲ့များ လာတက်သည်။ FPNCC အနေဖြင့်သာ ဆွေးနွေးမည်ဆိုသည့် မြောက်ပိုင်း ၇ ဖွဲ့သည် တရုတ်၏ ညှိုနှိုင်းမှုကြောင့် တနည်းအားဖြင့်ဆိုရလျင် ဖိအားပေးမှုကြောင့် တဖွဲ့ချင်း ဖိတ်ကြားသည်ကို လက်ခံခဲ့ရသည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရာ တွင် KIA/SSPP/UWSA/NDAA အဖွဲ့ ၄ ဖွဲ့ နှင့် AA/TNLA/MNDAA အဖွဲ့ ၃ ဖွဲ့ ဟူ၍ နှစ်ဖွဲ့ခွဲတွေ့ဆုံခဲ့ရသည်။ သို့သော် တပ်မတော် ခေါင်းဆောင်ပိုင်းနှင့် တွေ့ဆုံခဲ့ခြင်းမရှိသကဲ့သို့ ညီလာခံသို့ လာရောက်သော်လည်း ဆက်ဆံရေး များက မာမာထန်ထန်ရှိနေသည်ကို တွေ့ရသည်။ ၂၀၁၇ ဒုတိယပင်လုံသို့လာ ရောက်ပြီးနောက်ပိုင်းတွင်လည်း တိုးတက်မှု သိသိသာသာ မတွေ့ရသည့်ပြင် ၂၀၁၇ နှစ်ကုန်ပိုင်းနှင့် ၂၀၁၈ ခုနှစ်ဆန်းပိုင်း တွင် မြောက်ပိုင်း ၄ ဖွဲ့ နှင့် တိုက်ပွဲများ ဖြစ်ပွါးခဲ့သည်။
တွေ့ဆုံမှုများ
သို့ရာတွင် ၂၀၁၇ နှစ်ကုန်ပိုင်းနှင့် ၂၀၁၈ နှစ်ဆန်းပိုင်းတွင် တွေ့ဆုံမှုအချို့ရှိခဲ့သည်။ UWSA နှင့် NDAA (မိုင်းလား) တိ့ုအား နယ်စပ်ဒေသဖွံ့ဖြိုးရေးခေါင်းစီးအောက်တွင် နယ်စပ်ဒေသဝန်ကြီးခေါင်းဆောင်၍ ၂၀၁၇ နှစ်ကုန်ပိုင်းတွင် သွားရောက် တွေ့ဆုံခဲ့သည်။ ထိုတွေ့ဆုံမှု တွင် PC (ငြိမ်းချမ်းရေးကော်မရှင်) မှ တာဝန်ရှိသူများ ပါဝင်ခဲ့သည်။
၂၀၁၈ ခုနှစ်အစောပိုင်းတွင် KIA ကိုယ်စားလည်အဖွဲ့နှင့် တပ်မတော်ခေါင်းဆောင်များ တရုတ်ပြည်တွင်း တွေ့ဆုံခဲ့သကဲ့သို့ PC မှတာဝန်ရှိသူများလည်း UWSA ခေါင်းဆောင်များနှင့် တရုတ်ပြည်တွင်း၍ တွေ့ဆုံခဲ့သည်။ ထို့ ပြင် SSPP ဌာနချုပ်သို့လည်း PC မှ တာဝန်ရှိသူများ သွားရောက်တွေ့ဆုံခဲ့သည်။ ဆိုရလျင် MNDAA/TNLA/AA အဖွဲ့ ၃ ဖွဲ့မှ လွဲ၍ ကျန် ၄ ဖွဲ့အား တွေ့ဆုံခဲ့ပြီး NCA လက်မှတ်ထိုး လာစေရန် PC မှ ရည်ရွယ်ခဲ့သည်ကို တွေ့ရသည်။ အကဲခတ်များကမူ မြောက်ပိုင်းမဟာမိတ် ၇ ဖွဲ့အား ခွဲထုတ်ရန် ကြိုးစားမှုအဖြစ် ရှုမြင်ခဲ့ကြသည်။
ဆက်လက်ဖော်ပြပါမည်။
(မောင်မောင်စိုးသည် ဖက်ဒရယ်၊ တိုင်းရင်းသားရေးရာနှင့် နယ်စပ်ရေးရာများကို လေ့လာစမ်းစစ်သော သုတေသီတဦး ဖြစ်သည်။)
ဆက်စပ်ဖတ်ရှုရန် –
မြန်မာ-တရုတ် ကုန်သွယ်ရေးလမ်းမကြီး အခြေအနေ သုံးသပ်ချက် အပိုင်း – ၁
မြန်မာ-တရုတ် ကုန်သွယ်ရေးလမ်းမကြီး အခြေအနေ သုံးသပ်ချက် အပိုင်း – ၂
မြန်မာ-တရုတ် ကုန်သွယ်ရေးလမ်းမကြီး အခြေအနေ သုံးသပ်ချက် အပိုင်း – ၃