မြို့တိုင်း၊ နယ်တိုင်းရဲ့ အချက်အချာကျတဲ့ နေရာတွေမှာ ပန်းခြံ (သို့မဟုတ်) ဘောလုံးကွင်းတကွင်း အကျယ်အဝန်းလောက် ရှိတဲ့ မြေကွက်အလွတ်တခု မြင်ရတွေ့ရဖို့ဆိုတာ အခုနေအချိန်ခါမှာ ကြုံတောင့်ကြုံခဲ၊ မြင်ရတွေ့ရခဲတဲ့ ဖြစ်ရပ်ဆန်းတခုလို့ ပြောရပါတော့မယ်။
လွန်ခဲ့တဲ့ဆယ်စုနှစ် ၂ ခုကျော်လောက်က စပြီး မကြာသေးမီကာလထိ ဈေးကွက်စီးပွားရေးနဲ့အတူ မြေကွက်စီးပွားရေးကြောင့် အချိန်တိုကာလအတွင်း သူဌေးဘွဲ့ထူး ရရှိသွားတဲ့ လူတွေ ရှိခဲ့ကြပါတယ်။ မြေကွက်အလွတ် တွေ့ပြီဆိုတာနဲ့ ဆိုင်ရာတာဝန်ရှိသူတွေဆီ နည်းဗျူဟာမြောက်စွာ ချဉ်းကပ်ပြီး လုပ်ပိုင်ခွင့်ရအောင် အလျင်အမြန် အားထုတ်ကြပါတယ်။
လုပ်ပိုင်ခွင့်ရပြီး အချိန်တခုအတွင်း အဲဒီမြေပေါ်မှာ ထိုးထိုးထောင်ထောင်နဲ့ တိုက်တာ အမြင့်ကြီးတွေ ဟီးဟီးထလို့ မြင်ရလေတော့တယ်။
ဒါပေမယ့် အဲဒီအခန်းတွေကို ဘယ်သူတွေက ဘယ်အချိုးနဲ့ပိုင်းလို့ ဘယ်သူတွေ ဆိုင်သွားမှန်း မသိလိုက်ကြ။ အချိန် တခုအတွင်းမှာ အကြောင်းတခုကြောင့် မိမိမြေနဲ့ ကင်းလွတ်ဝေးကွာနေတဲ့ မူလပိုင်ရှင်ခမျာ သိသိချင်း ဆိုင်ရာကို သွားရောက်စုံစမ်းကြည့်တော့ မြေပိုင်ဆိုင်သူနေရာမှာ မူလပိုင်ရှင်ရဲ့ နာမည် မဟုတ်တော့၊ အမည် ပေါက်သူက နာမည်အသစ် တဦးဖြစ်နေတယ်။
အခုလို အမှန်အမှားအတွက် ရိုးအသူတွေဟာ ဘယ်သူ့ကိုအားကိုး၊ တိုင်တန်းရမှန်း မသိကြ။ မတရား အနိုင်ကျင့်ခံ အသိမ်းပိုက်ခံလိုက်ရတဲ့ မြေတွေ လူမသိသူမသိ အမျိုခံလိုက်ရတာ ဘယ်လောက်တောင် ရှိခဲ့ကြတယ်မသိ။ အဲဒီလိုနဲ့ အနယ်နယ်အရပ်ရပ်က မြို့ပြနိမိတ်အတွင်းမှာ မြေအလွတ်ဆိုတာ မရှိသလောက် ရှားပါးသွားပါပြီ။
အခု ကျနော်ပြောချင်တာက ကျနော်တို့ မြို့နယ်အတွင်းမှာ တည်ရှိတဲ့ “ရဲဘော် သုံးကျိပ် ပန်းခြံဟောင်း” ကိစ္စ ဖြစ်ပါတယ်။ ကျနော်တို့မြို့နယ်ဆိုတာက ရန်ကုန်တိုင်းဒေသကြီး အတွင်းမှာ ပါဝင်တဲ့ ကမာရွတ် မြို့နယ်ပဲ ဖြစ်ပါတယ်။
အတိတ်ရဲ့ မြန်မာ့သမိုင်း နောက်ခံအရ ကျနော်တို့မြို့နယ် အတွင်းမှာ တည်ရှိတဲ့ ရန်ကုန်တက္ကသိုလ် ကျောင်းတော်ကြီးကို တက်ရောက်ခဲ့ကြပြီး နယ်ချဲ့ဆန့်ကျင်ရေး၊ ဖက်ဆစ်တော်လှန်ရေး၊ လွတ်လပ်ရေး ကြိုးပမ်းမှု တိုက်ပွဲတွေမှာ ရှေ့တန်းကပါဝင်ခဲ့ကြတဲ့ သခင်နု၊ သခင်အောင်ဆန်း၊ သခင်ဗဟိန်း၊ ဦးသိန်းဖေမြင့်၊ ဦးဗဆွေ၊ ဦးကျော်ငြိမ်း စတဲ့ ခေါင်းဆောင်ကြီးငယ်တွေ၊ ပြီးတော့ မြန်မာ့ တပ်မတော်ကြီးရဲ့ အမြုတေ ရဲဘော်သုံးကျိပ်ဝင် တွေဟာ မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုရဲ့ ဘူမိနက်သံ အောင်မြေဖြစ်တဲ့ ကမာရွတ် လှည်းတန်းမှာ တိုင်းပြည်အတွက် တချိန်တခါက ပုန်းလျှိုးကွယ်လျှိုး သွားလာနေထိုင်ခဲ့ဖူးကြပါတယ်။
၁၉၄၈ ခုနှစ်၊ မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက် ပါလီမန်ဒီမိုကရေစီ အစိုးရလက်ထက်မှာ ပန်းခြံတွေ၊ ဘောလုံးကွင်းတွေ၊ လမ်းတွေ၊ ဈေးတွေကို သမိုင်းဝင် တိုင်းကျိုးပြည်ပြု ခေါင်းဆောင်ကြီး တွေရဲ့ အမည်နာမတွေနဲ့ ကမ္ဗည်း မှတ်တမ်းတင် ခေါ်ဝေါ်ဂုဏ်ပြုခဲ့ကြတာ နိုင်ငံနဲ့ အဝန်းမှာ ရှိကြပါတယ်။
၁၉၅၇ ခုနှစ်၊ ပါလီမန်ဒီမိုကရေစီ လက်ထက်မှာ ကြည့်မြင်တိုင်က စတင် လောင်မြိုက်ခဲ့တဲ့မီးဟာ ကမာရွတ် လှည်းတန်းရပ်ကွက်ကြီး တခုလုံးကို ကူးစက် လောင်ကျွမ်း ခဲ့ပါတယ်။ မီးလောင်ကျွမ်းပြီး နောက်တနှစ် ၁၉၅၈ အိမ်စောင့် အစိုးရလက်ထက် ရန်ကုန်မြို့တော်ဝန် ဗိုလ်မှူးကြီးထွန်းစိန်က ကမာရွတ်မြို့နယ်ရဲ့ အဓိက လမ်းမကြီးဖြစ်တဲ့ လှည်းတန်းလမ်းမကြီးရဲ့ မနီးမဝေး ကပ်လျက် မြေနေရာကို ပန်းခြံပြုလုပ်ပေးဖို့ မြေနေရာ တွေကို လူနေရပ်ကွက်အဖြစ် ပြန်လည် အကွက်ရိုက်ပါတယ်။
ချန်ထားတဲ့ မြေကွက်မှာ ပါလီမန်ဒီမိုကရေစီ အစိုးရက မြန်မာ့တပ်မတော်ကြီးရဲ့ သမိုင်းဦးစွန်းဖြစ်တဲ့ “ရဲဘော်သုံးကျိပ်” ခေါင်းဆောင်တွေကို အမှတ်တရ ဂုဏ်ပြုတဲ့အနေနဲ့ “ရဲဘော်သုံးကျိပ်ပန်းခြံ” လို့ အမည်ပေးပြီး ရဲဘော်သုံးကျိပ်ဝင် တချို့နဲ့ အခမ်းအနား ကျင်းပကာ ဖွင့်လှစ် ပေးခဲ့ပါတယ်။
၁၉၆၂ ခုနှစ်မှာ တော်လှန်ရေးကောင်စီအစိုးရ တက်လာပါတယ်။ တော်လှန်ရေးကောင်စီ အစိုးရ သက်တမ်း အတွင်းမှာလည်း “ရဲဘော်သုံးကျိပ်ပန်းခြံ” ဟာ အခိုင်အမာ တည်ရှိခဲ့ပါတယ်။ အဲဒီ ရဲဘော်သုံးကျိပ် ပန်းခြံထဲမှာ ကျနော် အပါအဝင် ရပ်ကွက်ထဲက ကလေးတွေရော၊ ပန်းခြံနဲ့ အနီးဝန်းကျင် ရပ်ကွက်ထဲက ကလေးတွေပါ လွတ်လပ်ပေါ့ပါး မြူးတူးဆော့ကစားရာ နေရာလေး ဖြစ်ခဲ့ရပါတယ်။
ကလေးတွေသာမက လူငယ်၊ လူကြီးတွေပါ အားလပ်ချိန်မှာ အပန်းဖြေ နားခိုစရာ ဖြစ်ခဲ့ရပါတယ်။ ဒါ့အပြင် ရဲဘော်သုံးကျိပ် ပန်းခြံထဲက မြေကွက်လပ်မှာ ကမာရွတ်မြို့နယ်၊ ရပ်ကွက်ပေါင်းစုံ ဘော်လီဘော ပြိုင်ပွဲတွေလည်း နှစ်စဉ် ကျင်းပပါတယ်။
မြို့နယ် ဘော်လီဘော လက်ရွေးစင်တွေလည်း တိုင်းအဆင့် ပြိုင်ပွဲတွေအတွက် လေ့ကျင့် ပြင်ဆင်ခဲ့တဲ့ နေရာ ဖြစ်ခဲ့ပါတယ်။ နွေရာသီ ကျောင်းပိတ်ရက် ကာလတွေမှာ ဦးမောင်မောင် ဆပ်ကပ်အဖွဲ့နဲ့ တခြား ဇာတ်သဘင်တွေ ရုံသွင်းကပြ အသုံးတော်ခံခဲ့ကြတဲ့ နေရာလည်း ဖြစ်ပါတယ်။
၁၉၇၄ ခုနှစ်၊ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ်မှာ ရဲဘော်သုံးကျိပ်ပန်းခြံရဲ့ မြေ တစိတ်တပိုင်းပေါ်မှာ တထပ် အဆောက်အဦကို တည်ဆောက်ပြီး ကမာရွတ်မြို့နယ်ကောင်စီရုံး အဖြစ် စိုက်ပါတယ်။ အဲဒီ အဆောက်အဦရဲ့ အခန်းငယ်တခန်းမှာ မြို့နယ် စည်ပင်သာယာရေး အဖွဲ့လည်း ရုံးထိုင်ပါတယ်။
၁၉၈၈ ခုနှစ်မှာ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ (မဆလ) ပျက်သုဉ်း သွားပြီးနောက် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (နဝတ) လက်ထက် အဆိုပါ ရုံးနေရာမှာ တပ်မတော်က ရပ်ကွက်နေ ပြည်သူများ အတွက် ကုန်ပစ္စည်းမျိုးစုံ ဆိုင်ဖွင့်ပြီး ရောင်းချခဲ့ပါတယ်။ အဲဒီနေရာမှာ မြို့နယ် စည်ပင်သာယာရေး အဖွဲ့လည်း ရုံးဖွင့် ထားရှိခဲ့ပါတယ်။
အဲဒီနောက် တပ်မတော် ကုန်ပစ္စည်းမျိုးစုံဆိုင် ပြောင်းရွှေ့သွားခဲ့ပါတယ်။ အဲဒီအချိန်ကစပြီး ရဲဘော်သုံးကျိပ် ပန်းခြံဟောင်း မြေနေရာပေါ်က အဆောက်အုံ တခုလုံးကို မြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေးမှူး ရုံးအဖြစ် ဆက်လက် ထားရှိခဲ့ပါတယ်။
၂၀၁၁ ခုနှစ်၊ ဦးသိန်းစိန် ဦးဆောင်တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက တာဝန်ယူ အုပ်ချုပ်စဉ်ကာလ ၂၀၁၅ ခုနှစ်အထိ မြို့နယ် စည်ပင်သာယာ အုပ်ချုပ်ရေးမှူးရုံးအဖြစ် တည်ရှိနေတုန်းပဲ ဖြစ်ပါတယ်။
၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလအတွင်းမှာ ရဲဘော်သုံးကျိပ် ပန်းခြံဟောင်းမြေနေရာပေါ်မှာ ရုံးစိုက်ထားတဲ့ မြို့နယ် စည်ပင်ရုံးရှေ့မှာ နေပူရှိန်ကို အမှုမထားဘဲ၊ ရပ်ကွက်နေ ပြည်သူအများဟာ လက်သန်းလေးတွေ မင်အစိုခံ သက်သေထားပြီး တညီတညွတ်တည်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ကို မဲပေးခဲ့ကြတာတွေ သတိရ နေကြတုန်းပါပဲ။
ပါလီမန်ဒီမိုကရေစီ အစိုးရလက်ထက်၊ တော်လှန်ရေးကောင်စီခေတ်၊ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ်၊ နဝတ၊ နအဖ၊ စစ်အုပ်ချုပ်ရေးခေတ်နဲ့ ဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရခေတ်အထိ ရဲဘော်သုံးကျိပ် ပန်းခြံဟောင်း မြေနေရာအဖြစ် ခေတ်အဆက်ဆက် တည်ရှိခဲ့ရာက၊ ၂၀၁၉ ခုနှစ် NLD အစိုးရ အုပ်ချုပ်စဉ် ကာလကျမှ ရဲဘော်သုံးကျိပ်ပန်းခြံ မြေနေရာမှာ ရှင်သန်ပေါက်ရောက်နေတဲ့ လူကြီးတဖက်စာ၊ နှစ်ဖက်စာ အရွယ် ကုက္ကိုပင်ကြီးတွေ၊ စိန်ပန်းပင်၊ ကံ့ကော်ပင်၊ ငုပင်၊ မန်ကျည်းပင်၊ ပိန္နဲပင်၊ သဖန်းပင်၊ သရက်ပင်၊ ဗာဒံပင် စတဲ့ သက်တမ်းရင့် အပင်ကြီးတွေကို ပြောင်တလင်းခါအောင် ခုတ်လှဲပြီး အများပြည်သူ အနားယူအပန်းဖြေဖို့ ပန်းခြံအဖြစ် ပြန်မပေးတော့ဘဲ အဆိုပါ မူလ ရဲဘော်သုံးကျိပ် ပန်းခြံဟောင်း မြေနေရာပေါ်မှာ အထပ်မြင့် အဆောက်အဦ ဆောက်လုပ်မယ်လို့ ကြားသိလိုက်ရပါတယ်။
၁၈၅၂ ခုနှစ် အင်္ဂလိပ်တို့ အောက်မြန်မာပြည်ကို သိမ်းပိုက်ပြီးနောက် ရန်ကုန်မြို့ကို အစိုးရရုံး စိုက်ရာ မြို့တော်အဖြစ် သတ်မှတ်ခဲ့ပြီး ၁၇၅၅ ခုနှစ်က အလောင်းမင်းတရားကြီး တည်ဆောက်ခဲ့တဲ့ သစ်တပ်မြို့ထက် ကျယ်ဝန်းတဲ့ ရန်ကုန်မြို့ ကွက်သစ်ကို ၁၈၅၄ ခုနှစ်မှာ စတင်အကွက်ချ တည်ဆောက်တဲ့အခါမှာ ရန်ကုန်မြို့သူ မြို့သားများ အလုပ်ခွင်ကနေ ပြန်လာတဲ့အခါမှာပဲ ဖြစ်ဖြစ်၊ အလုပ် အားလပ်ရက်တွေမှာ ဖြစ်ဖြစ် အပန်းဖြေ အနားယူနိုင်ဖို့ (သူ့နိုင်ငံ/ သူ့လူမျိုးမဟုတ်ပါဘဲ) အဓိက ဦးစားပေးပြီး ပန်းခြံတွေကို တည်ဆောက်ခဲ့ကြပါတယ်။
ပန်းခြံ ဥပမာအနေနဲ့ မဟာဗန္ဓုလပန်းခြံကို သက်သေပြရာမှာပဲ ဖြစ်ပါတယ်။
အင်္ဂလိပ်အစိုးရဟာ လူသားကို လူသားဆန်စွာ စဉ်းစားပြီး ပန်းခြံတွေကို တည်ဆောက်ပေးခဲ့တာပါ။ မဟာဗန္ဓုလ ပန်းခြံဟာ အခု အချိန်အထိ ရန်ကုန်မြို့သူမြို့သားတွေ၊ ခရီးသွားပြည်သူတွေ အနားယူအပန်းဖြေရာ ဘုံဌာနကြီးအဖြစ် တည်ရှိ နေပါတယ်။
ပန်းခြံတခုရဲ့ အနှစ်သာရနဲ့ တန်ဖိုးမည်မျှ ရှိပါသလဲလို့ မေးလို့ အတိုဆုံးစကားနဲ့ ပြန်ဖြေရမယ်ဆိုရင် လူပီသတဲ့ လူသားတိုင်း အတွက် အလွန်တရာ တန်ဖိုးထိုက်ပါတယ်လို့ ဖြေရမှာပဲ ဖြစ်ပါတယ်။ ပန်းခြံတခုက ပေးတဲ့တန်ဖိုးကို အသားရောင်မခွဲခြား၊ အသက်အရွယ်မခွဲခြား၊ ဆင်းရဲချမ်းသာ မရွေး တူမျှစွာ ရရှိကြမှာပဲ ဖြစ်ပါတယ်။
မြန်မာ့တပ်မတော်ကြီး စတင်ထူထောင်ရာမှာ ဦးဆောင်ဦးရွက် ပြုခဲ့ကြတဲ့ ရဲဘော်သုံးကျိပ် ခေါင်းဆောင်ကြီးများကို အမှတ်တရ ဂုဏ်ပြုခဲ့ကြတဲ့ “ရဲဘော်သုံးကျိပ်ပန်းခြံ” ကို ပန်းခြံဟောင်း မြေနေရာမှာပဲ ပန်းခြံအဖြစ် ပြန်လိုချင်တဲ့ ရပ်ကွက်နေ အများပြည်သူရဲ့ ဆန္ဒကို ငြင်းဆန်ပြီး၊ ရုံးခန်းများ၊ ဆိုင်ခန်းများနဲ့ လူတချို့ နေထိုင်နိုင်ဖို့အတွက် ရည်ရွယ်ဆောက်လုပ်မယ့် အထပ်မြင့်အဆောက်အဦ အလျင်အမြန် ဆောက်လုပ်ဖို့ ကြိုးစား အားထုတ်နေတယ်လို့ သိရှိရပါတယ်။
ရုံးခန်း၊ ဆိုင်ခန်း၊ ခန်းမတို့အတွက် အသုံးပြုဖို့ အခန်းလွတ် လိုအပ်မယ်ဆိုရင် ကမာရွတ်မြို့နယ်အတွင်း မြေအလွတ် တချို့အပေါ်မှာ ဆိုင်ရာဌာနများနဲ့ အကျိုးတူပူးပေါင်း ဆောက်လုပ်ပြီးစီးထားတဲ့ အထပ်မြင့်များနဲ့ အကျိုးတူ ပူးပေါင်း ဆောက်လုပ်နေဆဲ အထပ်မြင့်စီမံကိန်းများ ရှိနေပါတယ်။ ဒါမှမဟုတ် အခန်းလွတ်မဟုတ်ဘဲ သင့်လျော်တဲ့မြေနေရာ အလိုရှိရင်လည်း အလွယ်တကူ ရနိုင်လိမ့်မယ်လို့ မဆိုချင်သော်လည်း မခက်ခဲလောက်ဘူးလို့ ထင်ပါတယ်။
နိဂုံးချုပ်ပါမယ်။ “ရဲဘော်သုံးကျိပ်” ဆိုတဲ့ အမည်နာမဟာ မြန်မာ့တပ်မတော်ကြီးကို ကိုယ်စားပြုပါတယ်။ ရဲဘော်သုံးကျိပ် ဆိုတဲ့ အမည်နာမဟာ မြန်မာ့သမိုင်းမှာ ဖယ်ထား၊ ချန်ထားလို့မရတဲ့ မြန်မာ့ တပ်မတော်ကြီးနဲ့ ဆိုင်တဲ့ ကြီးမားတဲ့ ဂုဏ်ဒြပ်ပါ။
ရဲဘော်သုံးကျိပ်ဝင် ခေါင်းဆောင်ကြီးတွေရဲ့ ဂုဏ်ဒြပ်ကို အမှတ်တရ ဂုဏ်ပြုခဲ့ကြတဲ့ ခေတ်အဆက်ဆက် အလေးအနက် ထားရှိတဲ့ ရဲဘော်သုံးကျိပ် အမည်ရ ပန်းခြံနဲ့ ပန်းခြံဟောင်း မြေနေရာကို အပြီးတိုင် ဖယ်ရှား ရှင်းလင်းပြီး အထပ်မြင့် ဆောက်လုပ်ဖို့ သဘောတူ ဆုံးဖြတ်ပေးခဲ့ကြတဲ့ တာဝန်ရှိသူများအနေနဲ့ အချိန်မီ ပြန်လည် စဉ်းစားသင့်ကြောင်း တင်ပြ လိုက်ရပါတယ်။
(စာရေးသူသည် အမှတ် ၈၊ စံပယ် ၁ လမ်း၊ ၃-ရပ်ကွက်၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့တွင် နေထိုင်နေသူတဦးဖြစ်သည်။)