နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့် နောက်ဆုံးအသုတ်အဖြစ် မေလ ၇ ရက်နေ့က နောက်ဆုံးပေးခဲ့ပြီးနောက်မှာတော့ အကျဉ်းသား တန်းတူညီမျှ လွတ်ငြိမ်းချမ်းသာခွင့် ရရှိရေးဆိုပြီး ယနေ့ (မေလ ၉ ရက်) မနက်ပိုင်းအထိ အကျဉ်းထောင် ၆ ထောင်တွင် ထောင်ဆူပူမှုဖြစ်ခဲ့သည်။
မေလ ၈ ရက်နေ့ မနက်ပိုင်းက စစ်ကိုင်းတိုင်း၊ ကလေးမော်လိုက်ထောင်၊ ကရင်ပြည်နယ် ဘားအံထောင်တို့တွင် ထောင်တွင်း ဆန္ဒပြဆူပူမှု စတင်လာခဲ့ရာမှ အဆိုပါနေ့ည ၉ နာရီအချိန်တွင် စစ်ကိုင်းတိုင်း ရွှေဘိုထောင်တွင် ဒုတိယအကြိမ်မြောက် ထောင်တွင်းဆူပူမှုဖြစ်ခဲ့သည်။ မေလ ၉ ရက် မနက် ၄ နာရီအချိန်ကစပြီး ကချင်ပြည်နယ် မြစ်ကြီးနားထောင်တွင်လည်း ထပ်မံဆူပူခဲ့ကာ ပဲခူးတိုင်း သာယာဝတီထောင်၊ ဧရာဝတီတိုင်း ပုသိမ်ထောင်တို့တွင် ဆူပူမှု ဆက်တိုက်ဖြစ်ခဲ့သည်။
စစ်ကိုင်းတိုင်း၊ ရွှေဘိုထောင်တွင် ညအချိန်ဖြစ်ခဲ့သည့်အတွက် အကျဉ်းသား ၄ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရရှိခဲ့သည်ဟု ရုပ်အလောင်းများကို သယ်ဆောင်ထုတ်ယူခဲ့သော လူမှုကူညီရေးအသင်းမှ ပြောသည်။
ထိုကဲ့သို့ ထောင်ဆူပူမှုများသည် နိုင်ငံတော်သမ္မတက ရာဇဝတ်ကျင့်ထုံး ဥပဒေ ပုဒ်မ ၄၀၁(က) အရ မိမိ၏ ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြင့် လွတ်ငြိမ်းချမ်းသာခွင့် ပေးနိုင်သည့် နည်းလမ်းကို အသုံးပြုကာ မြန်မာနှစ်ဆန်း တရက်နေ့က စပြီး ၃ ကြိမ်တိတိ အကျဉ်းသား ၂၃၀၀၀ ကျော်ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့အပြီး ဆက်တိုက်ဆိုသလို ဖြစ်ပွားလာခဲ့ခြင်း ဖြစ်သည်။
လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့သည့် အကျဉ်းသားများထဲတွင် မူးယစ်ဆေးဝါးအမှုဖြင့် ထောင်ကျနေသည့် အကျဉ်းသား ၇၅ ရာခိုင်နှုန်းခန့် ပါဝင်ကြောင်း အကျဉ်းဦးစီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ ဦးမင်းထွန်းစိုးက ပြီးခဲ့သည့် ဧပြီလအတွင်းက အတည်ပြုထားသည်။
လွတ်ငြိမ်းချမ်းသာခွင့် နောက်ဆုံးအကြိမ်အဖြစ် ပေးခဲ့ပြီးနောက်ပိုင်း ထောင် ၆ ထောင်က ဆက်တိုက်ဆူပူမှု ဖြစ်နေခဲ့သည်အတွက့် သွေးရိုးသားရိုးဖြစ်ရဲ့လား ဆိုသည့်အချက်ကို ပြည်သူအများက ဝေဖန်နေကြသည်။ ထို့အပြင် ရွှေဘိုထောင်တွင် ညဘက်ကြီး ဆူပူမှုဖြစ်နေချိန် ထောင်တွင်းအခြေအနေကို လူမှုကွန်ယက်တွင် တိုက်ရိုက်လွှင့်ခဲ့သည်က လူအများ၏ ဝေဖန်မှု မြင့်တက်နေခဲ့သည်။
ထောင်အတွင်း မိုဘိုင်းဖုန်း ကိုင်ပြီး လူမှုကွန်ယက်တွင် ထောင်ဆူမှုကို တိုက်ရိုက်လွှင့်ထုတ်ခြင်းသည် အကျဉ်းဦးစီးဝန်ထမ်းများ၏ တာဝန်ပေါ့လျော့ခြင်းနှင့် သက်ဆိုင်နိုင်သော်လည်း အကျဉ်းထောင်များ ဆက်တိုက် ဆူပူမှုဖြစ်စေရန် နိုင်ငံရေးအရ အကျဉ်းဦးစီးဌာန၏ ဝန်ထမ်းများက နောက်ကွယ်တွင် ရှိသည်ဆိုသည့်အချက်ကမူ မဟုတ်နိုင်ကြောင်း ထောင်မှူးကြီးဟောင်းဖြစ်သူ ဦးခင်မောင်မြင့်က သုံးသပ်သည်။
အကျဉ်းထောင်လက်စွဲအရ ထောင်တခုခုတွင် ဆူပူမှုဖြစ်လာပြီဆိုလျှင် ထောင်အာဏာပိုင်များအနေဖြင့် အနိမ့်ဆုံးအဆင့် ခုံရုံးဖွဲ့ စစ်ဆေးခံရကြောင်း၊ ထိုထက်ကြီးလေးလာလျှင် ရာထူးချခြင်း၊ ထောင်ဒဏ်အထိ အပြစ်ပေးခြင်းတို့ကို ခံကြရသည့်အတွက် ထောင်အာဏာပိုင်များက မြှောက်ပေးမှုဆိုသည့် အချက်က မဟုတ်နိုင်ဟု သူကဆိုသည်။
ဦးခင်မောင်မြင့်က “ထောင်ဆူတယ်ဆိုတာနဲ့ ထောင်ပိုင်၊ ထောင်မှူးတွေကအစ ဝန်ထမ်းအားလုံးက မထောင်းသာဘူး။ ထောင်ပါကျနိုင်ချေရှိတော့ သူတို့ကမြှောက်ပေးလို့ဆိုတဲ့ ပြောဆိုချက်တွေက လုံးဝမဖြစ်နိုင်ဘူး။ ကျနော်တို့အတွေ့အကြုံအရ ဒီဟာဖြစ်လာတာ လွတ်ငြိမ်းချမ်းသာခွင့်ရဲ့ မမျှတမှုတွေကြောင့်လို့ ထင်တယ်။ ထောင်အာဏာပိုင်တွေမှာ ကိုယ့်ကိုကိုယ် ကြိုးကွင်းစွပ်ခံရမယ့်ဟာ လုပ်မှာမဟုတ်ဘူး။ သူတို့တောင် အခုဆို ပိုအလုပ်ရှုပ်နေကြပြီ” ဟု သူကဆိုသည်။
ဘာ့ကြောင့် ထောင်ဆူရလဲ
နိုင်ငံတော်သမ္မတက ယခင်အစိုးရများလက်ထက်က လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့သည့် ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁(ခ) ကို အသုံးမပြုပဲ ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၄၀၁(က) ကိုအသုံးပြုခဲ့ခြင်း၏ အကျိုးဆက်ဖြစ်နိုင်ကြောင်း ထောင်မှူးကြီးဟောင်း ဦးခင်မောင်မြင့်က သုံးသပ်သည်။
၄၀၁(က) တွင် ပြစ်မှုပြစ်ဒဏ်တစုံတရာအတွက် တဦးတယောက်အား ပြစ်ဒဏ်ချမှတ်ပြီးသည်နှင့် နိုင်ငံတော်သမ္မတသည် မည်သည့်အခါမဆို စည်းကမ်းချက်များမထားဘဲဖြစ်စေ၊ ပြစ်ဒဏ်စီရင်ခြင်းခံရသူ သဘောတူသည့် စည်းကမ်းချက် တခုခုထား၍ဖြစ်စေ ၎င်းအပေါ်ချမှတ်သည့် ပြစ်ဒဏ်အတည်ပြုလုပ်ခြင်းကို ဆိုင်းငံ့ထားနိုင်သည်၊ သို့မဟုတ် ၎င်းကို စီရင်သည့် ပြစ်ဒဏ်တရပ် သို့မဟုတ် အစိတ်အပိုင်းတစုံတရာကို လွတ်ငြိမ်းသက်သာခွင့် ပေးနိုင်သည်ဟု ပြဌာန်းထားသည်။
၄၀၁(ခ) တွင် မည်သည့်အခါမဆို ပြစ်ဒဏ်တခုကို ဆိုင်းငံ့ထားရန် သို့မဟုတ် လွတ်ငြိမ်းသက်သာခွင့် ပေးရန်အတွက် နိုင်ငံတော်သမ္မတထံ လျှောက်ထားသည့်အခါ ယင်းလျှောက်ထားချက်ကို ခွင့်ပြုသင့်သည် သို့မဟုတ် ငြင်းပယ်သင့်သည်ကို မည်သို့ထင်မြင်သဘောရကြောင်း၊ မည်သည့်အတွက်ကြောင့် ထိုသို့သဘောရကြောင်းကို အကြောင်းပြချက်များ ဖော်ပြရန်အပြင် အဆိုပါ ထင်မြင်ချက်စာတမ်းနှင့်အတူ အမှုတွဲမှတ်တမ်း၏ မိတ္တူ၊ သို့မဟုတ် အဆိုပါအမှုတွဲကို ပေးပို့စေရန် ၎င်းပြစ်မှုထင်ရှားစီရင်သည့် သို့မဟုတ် အတည်ပြုသည့် တရားရုံး၏ ရုံးထိုင်တရားသူကြီးအား နိုင်ငံတော်သမ္မတက ညွှန်ကြားနိုင်သည် ဟု ပြဌာန်းထားသည်။
ဦးခင်မောင်မြင့်က “၄၀၁(ခ) နဲ့ အရင်သမ္မတအဆက်ဆက်က လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့တာ။ အဲ့ဒီပုဒ်မနဲ့ဆို သမ္မတတဦးထဲက ဆုံးဖြတ်တာမဟုတ်ပဲ ကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီ အစည်းအဝေးခေါ်သလိုမျိုး သက်ဆိုင်ရာ ဌာနတွေရဲ့ သဘောထားကို တောင်းခံပြီးမှ လွတ်ငြိမ်းပေးလို့ရတာ။ ဆိုလိုချင်တာက ဒီပုဒ်မနဲ့ဆို သေဒဏ်ကို တသက်တကျွန်းပြောင်းတာမျိုး၊ ပြစ်ဒဏ် ၁၀ နှစ်အောက်ကို လွှတ်၊ ၁၀ နှစ်အထက်ဆို ၁၀ နှစ်လျော့ပေးတာမျိုးတွေ လုပ်ရတယ်။ အခုက ၄၀၁(က) ဖြစ်တော့ သမ္မတက သူ့သဘောနဲ့သူ ဘယ်သူမှ သဘောထားတောင်းခံစရာမလိုပဲ လွတ်ငြိမ်းပေးလို့ရတယ်” ဟု သူက ဆိုသည်။
ထိုအချက်တွင် သမ္မတအနေဖြင့် လွတ်ငြိမ်းချမ်းသာခွင့်ပေးရန် မည်သည့်သူများကို စိစစ်ရေးအဖွဲ့ဖွဲ့ပြီး စိစစ်လွှတ်ပေးသည်က အဓိကအချက်ဖြစ်စေခဲ့သည်ဟု သူက ဆက်ဆိုသည်။
ယခုလွတ်ငြိမ်းချမ်းသာခွင့် ပေးသည့်စနစ်သည် ပွင့်လင်းမြင်သာမှုမရှိပဲ မည်ကဲ့သို့ စိစစ်လွှတ်ပေးသည်ကို တိတိကျကျ မသိရသဖြင့် ဘဝင်မကျမိကြောင်း၊ နိုင်ငံတော်သမ္မတအနေဖြင့် လွှတ်ပေးရမည့် အကျဉ်းသားများနှင့် ပက်သက်ပြီး တိကျစွာမသိနိုင်ခြင်းကြောင့် အောက်ခြေမှ မည်သို့စိစစ်သည်၊ မည်သည့်မူများဖြင့် လွှတ်ပေးသည်ကို ပြည်သူအများ သိသင့်ကြောင်း ထောင်မှူးကြီးဟောင်း ဦးခင်မောင်မြင့်က ဆက်ဆိုသည်။
သို့ရာတွင် အကျဉ်းထောင် အာဏာပိုင်များအနေဖြင့် မိမိတို့ထောင်တွင်းရှိ မည်သည့်အကျဉ်းသားက စည်းကမ်းလိုက်နာသည်၊ လွတ်ငြိမ်းချမ်းသာခွင့် ပေးသင့်သည်ဆိုသည့်အချက်ကို နိုင်ငံတော်သမ္မတနှင့် အကျဉ်းဦးစီးဌာနတို့ထံ တင်ပြခဲ့ခြင်းမျိုးမရှိဟု ရန်ကုန် အင်းစိန်အကျဉ်းထောင်မှ ထောင်မှူးကြီး ဦးဇော်ဇော်က ပြောသည်။
အထူးသဖြင့် ထောင်အတွင်း သတ်မှတ်လူဦးရေ၏ ၂ ဆခွဲမျှ လူများ ကျပ်တည်းနေမှုကိုသာ တင်ပြခဲ့ကြောင်း၊ အကျဉ်းသားများနှင့် ပက်သက်သည် နေ့စဉ်မှတ်တမ်းများကိုသာ တင်ပြခဲ့ရသည်ဟု သူက ဆက်ပြောသည်။
ဦးဇော်ဇော်က “ကျနော်တို့မှာ နေ့စဉ် အချုပ်သားဘယ်လောက်၊ ဘယ်ပုဒ်မတွေနဲ့ဆိုတာ၊ ထောင်အကျအကျဉ်းသား ဘယ်လောက်၊ ဘယ်အမှုတွဲတွေ၊ ဘယ်လောက်ထောင်ကျန်ရှိတာတွေ စတာတွေပဲ ပေးပို့ရတယ်။ အဓိကကတော့ သမ္မတရဲ့ ဆုံးဖြတ်ချက်ပေါ်ပဲ မူတည်ပါတယ်။ ကျနော်တို့ဆီမှာ ထောင်သားတွေ ကျပ်နေတော့ မူးယစ်ဆေးဝါး ခိုးသွင်းတာမျိုး၊ အကျဉ်းသားအချင်းချင်း ရန်ဖြစ်တာ၊ အနိုင်ကျင့်တာမျိုးဖြစ်နေတာပေါ့။ သတ်မှတ်ထားတဲ့ လူဦးရေးအတိုင်းသာဆို ကျနော်တို့က ကောင်းကောင်းထိန်းနိုင်ပါတယ်” ဟု ဆိုသည်။
လူ့အခွင့်အရေး ကော်မရှင်ထံသို့ တိုင်ကြားနိုင်
နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့် ၃ ကြိမ်လုံးတွင် ပါသင့်ပါထိုက်ပေမယ့် ကျန်ရစ်ခဲ့သော မူးယစ်အမှုဖြင့် ထောင်ချခံရသူများအနေနှင့် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်ထံသို့ ဆက်သွယ်တိုင်တန်းကြရန် တိုက်တွန်းကြောင်း လူ့အခွင့်အရေး ကော်မရှင်မှ တိုင်ကြားစာများကော်မတီ ဦးဆောင်သူ ဦးယုလွင်အောင်က ပြောသည်။
မြန်မာနှစ်ဆန်းတရက်နေ့မှစပြီး မတ်လ ၇ ရက်နေ့အထိ ၃ ကြိမ်တိတိ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် အကျဉ်းသား ၂၃၀၀၀ ကျော်ကို ပေးခဲ့ရာတွင် မူူးယစ်ဆေးဝါးအမှုဖြင့် ထောင်ချခံခဲ့ရသူ အများစုပါဝင်ခဲ့ရာတွင် တချို့အကျဉ်းသားများ မပါခဲ့မှုများ ရှိနေသည်ဟု ပြည်သူအများ ပြောဆိုဝေဖန်နေမှုကို လူ့အခွင့်အရေး ကော်မရှင်အနေဖြင့် နိုင်ငံတော်သမ္မတထံသို့ အချက်အလက်နှင့်တကွ အသိပေး အကြောင်းကြားစာ ပေးပို့ရန် ပြင်ဆင်နေကြောင်း သူက ဆက်ပြောသည်။
“ကိုယ့်မိသားစုဝင်တွေ မူးယစ်အမှုမှာ ပါသင့်ပါထိုက်တယ်လို့ ယူဆပေမယ့် မပါခဲ့လို့ရှိရင် ကျနော်တို့ကော်မရှင်ကို အထောက်အထားတွေနဲ့တကွ ပေးပို့တာကို ကြိုဆိုပါတယ်။ ကျနော်တို့ဘက်ကလည်း ဒီအထောက်အထားတွေစုပြီး နိုင်ငံတော်သမ္မတသိအောင်လို့ အကြောင်းကြားစာ ပေးပို့သွားမယ်။ ခက်တာက အခု ဘယ်သူတွေလွတ်တယ်၊ ဘယ်ဝါတွေလွတ်တယ်ဆိုတာ ကျနော်တို့ စာရင်းမရရှိတာပဲ” ဟု သူက ဆိုသည်။
ယခင်ဦးသိန်းစိန်အစိုးရလက်ထက်ကတည်းက ယခုအစိုးရအထိ လွတ်ငြိမ်းချမ်းသာခွင့်နှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်ထံသို့ အကြံတောင်းခြင်း၊ စာရင်းများတောင်းခြင်းကို မပြုလုပ်ခဲ့ကြောင်း၊ ထို့အပြင် လွတ်ငြိမ်းချမ်းသာခွင့်ပေးသည့် အကျဉ်းသားဦးရေစာရင်းများကိုလည်း ထုတ်ပြန်ပေးခြင်းမျိုး မရှိခဲ့ကြောင်း သူက ဆက်ဆိုသည်။
ယခုလွတ်ငြိမ်းချမ်းသာခွင့်တွင် မိမိ၏သားကိုယ်တိုင် စိတ်ကြွဆေးပြား မသုံးစွဲကြောင်း ဆေးစစ်ချက်ပေါ်ပေါက်ခဲ့ပေမယ့် မိမိသား တည်းခိုရာအခန်းထဲတွင် စိတ်ကြွဆေးပြား ၁၃ ပြားနှင့် ဆေးပြားအသုံးပြုရာတွင် ပါဝင်သည့် ဆက်စပ်ပစ္စည်းများ တွေ့ရှိခဲ့သည်ဟုဆိုပြီး သာယာဝတီထောင်တွင် ထောင်ဒဏ် ၅ နှစ်အပြစ်ပေးခံနေရသူကလည်း လွတ်ငြိမ်းချမ်းသာခွင့်တွင် မပါဝင်ခဲ့သဖြင့် စိတ်ဘဝင်မကျကြောင်း ရန်ကုန်မြို့နေ ဒေါ်စန္ဒာက ပြောသည်။
မြဝတီမြို့မှ မြို့မျက်နှာဖုံးဖြစ်သူ စားသောက်ဆိုင်နှင့် ဟိုတယ်များ ပိုင်ဆိုင်သည့်သူက နေအိမ်တွင် စိတ်ကြွဆေးပြား ၂၆ ပြားမိသည်ဆိုပြီး ထောင်ဒဏ် ၁၀ နှစ်ချမှတ်ခံလိုက်ရသော်လည်း ယခုတခေါက် လွတ်ငြိမ်းချမ်းသာခွင့်တွင် မပါဝင်ခြင်းက မမျှမတ ဖြစ်ရသည်ဟု ထောင်ဒဏ်အပြစ်ပေးခံရသူ၏ ဇနီးက ပြောသည်။ သို့သော် ထောင်တွင်းတွင် မိမိ၏ အမျိုးသားအပေါ် အခြေအနေတမျိုးဖြစ်လာနိုင်မည်ကို စိုးရိမ်သည်ဟုဆိုပြီး ၎င်း၏ အမည်ကိုတော့ ထုတ်ဖော်မပြောခဲ့ပေ။
အဆိုပါကိစ္စကို မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်က စုံစမ်းစစ်ဆေးခဲ့ပြီး ရဲတပ်ဖွဲ့ဝင်များက နေအိမ်တွင်း ဝင်ရှာမည်ဟုဆိုပြီး အဆိုပါ မူးယစ်ဆေးဝါးကို ဗီဒိုထဲရှိ ဘောင်းဘီရှည်ထဲတွင် ထည့်သွင်းကာ ကြားလူတယောက်ကို ထပ်ရှာခိုင်းရာမှ မူးယစ်ဆေးတွေ့ရှိသည်ဟုဆိုပြီး ထောင်ဒဏ်ချမှတ်ခံလိုက်ရသည့်အမှုဖြစ်ကြောင်း တွေ့ရှိခဲ့ရသည်ဟု လူ့အခွင့်အရေး ကော်မရှင်မှ ဦးယုလွင်အောင်က ပြောသည်။
ဦးယုလွင်အောင်က “ဒီအမှုဆို သူဟာ လူ့အခွင့်အရေး ချိုးဖောက်ခံနေရတယ်ဆိုတာကို ကျနော်တို့ စစ်ဆေးတွေ့ရှိခဲ့တယ်။ အထူးသဖြင့် ရဲတပ်ဖွဲ့နဲ့ အဆင်မပြေလို့ ထောင်ဖမ်းခံခဲ့ရတယ်ဆိုတာကို နိုင်ငံတော်သမ္မတအထိ စာပေးပို့ပြီးသားအမှုပါ” ဟု သူက ဆိုသည်။
အကျဉ်းသား စိစစ်ရေး ကော်မတီကို တိတိကျကျ ဖွဲ့စည်းသင့်
နိုင်ငံတော်သမ္မတ၏ နှစ်ဆန်းတရက်နေ့တွင် ပထမအကြိမ် လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ပြီးနောက်ပိုင်း ဧပြီ ၂၃ ရက်နေ့တွင် ပထမအကြိမ် စစ်ကိုင်းတိုင်း ရွှေဘိုထောင်တွင် ထောင်တွင်းဆူပူ ဆန္ဒပြမှု ဖြစ်ပေါ်ခဲ့သည်။ မကြာမီ ဧပြီ ၂၆ ရက်နေ့တွင် သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်တွင် အဆိုပါထောင်တွင်းမှ မူးယစ်အမှုဖြင့် အကျဉ်းကျနေသူ တချို့ လွတ်မြောက်ခဲ့သည်။
နိုင်ငံတော်သမ္မတ၏ မေလ ၇ ရက်နေ့က လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ခြင်းသည် နောက်ဆုံးအကြိမ်ဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံး၏ ပြောရေးဆိုခွင့်ရှိသူ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက တရားဝင်ထုတ်ပြောပြီးနောက် ထောင် ၅ ထောင်မှ ဆူပူဆန္ဒပြမှု ဆက်တိုက်ဖြစ်ပေါ်လာခဲ့သည်။
ထောင်မှူးကြီးဟောင်း ဦးခင်မောင်မြင့်က “ထောင်ဆူမှ လွတ်ငြိမ်းချမ်းသာရမယ်ဆိုတဲ့ အစဉ်အလာဖြစ်လာမှာတော့ စိုးရိမ်မိတယ်။ အခုက ထောင်ဆူတာတွေ ဆက်တိုက်ဖြစ်လာတာ လွတ်ငြိမ်းချမ်းသာခွင့် ပေးတာမှာ မမျှမတဖြစ်လာလို့ ဆိုတာ သိပ်ကိုပေါ်လွင်နေပြီ။ စနစ်မကျတဲ့ စီမံခန့်ခွဲမှုကြောင့် အစိုးရဆီမှာ ပိုပြီးဖိအားဖြစ်စေခဲ့ပြီ” ဟု သူက ဆိုသည်။
အထူးသဖြင့် အကျဉ်းသားအချင်းချင်းကြားတွင် ထောင်အာဏာပိုင်များ၏ ခွဲခြားဆက်ဆံမှု၊ ထောင်တွင်းနေရေးထိုင်းရေးကို စနစ်တကျ တတန်းစားထဲ မစီမံနိုင်မှုကလည်း အကျဉ်းသားများအကြားတွင် စိတ်ဒဏ်ရာရခဲ့သည်ဟု တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောသည်။
ထို့အပြင် မြန်မာနိုင်ငံတွင် တရားစီရင်ရေးစနစ်၏ မမျှတသည့် အခြေအနေများကြောင့် အကျဉ်းသားများတွင် လွတ်ငြိမ်းချမ်းသာခွင့်ကိုသာ အဓိကထား မျှော်လင့်နေကြရာမှ လွတ်ငြိမ်းချမ်းသာခွင့်တွင် ပြစ်မှုတူ၊ ပြစ်ဒဏ်တူအချင်းချင်း အလွတ်မြောက်မှုက ယခုလို ထောင်ဆူပူမှုကို ဖြစ်ပေါ်စေခဲ့သည်ဟု နိုင်ငံရေး အကျဉ်းသားများ စောင့်ရှောက်ရေးကော်မတီ AAPP ၏ မြန်မာနိုင်ငံတာဝန်ခံ ကိုအောင်မျိုးကျော်က သုံးသပ်သည်။
မိမိ၏ အမှုတွဲတူ၊ ပြစ်ဒဏ်တူသူတဦးက လွတ်မြောက်ပြီး မိမိက မလွတ်မြောက်သည့်အခါ ထောင်ထဲတွင် ဆန္ဒပြသည့်နည်းလမ်းကလွဲပြီး ရွေးချယ်စရာမရှိတော့သည့် အနေအထားမျိုးကို ရောက်သွားစေသည်ဟု သူက ပြောသည်။
ထို့အတွက် နိုင်ငံတော်သမ္မတအနေဖြင့် အမှန်တကယ် လွှတ်ပေးသင့်သည့် အကျဉ်းသားများကို လွှတ်ပေးနိုင်ရန်အတွက် စနစ်ကျသည့် ကော်မတီတရပ်ကို ဖွဲ့စည်းရန်လိုအပ်လာပြီဟု သူကဆက်ပြောသည်။
ကိုအောင်မျိုးကျော်က “လွတ်ငြိမ်းချမ်းသာမှ မျှတတယ်၊ မမျှတဘူးဆိုတာထက် အကျဉ်းကျခံနေရတဲ့သူအများစုက မြန်မာနိုင်ငံရဲ့ မျှတတဲ့ တရားစီရင်မှုကို ရခဲ့တယ်လို့ကို မခံစားရတာ။ ဆင့်ကဲ ဆင့်ကဲ တရားရေးတွေမှာကို မျှတမှု မခံစားခဲ့ရဘူး။ ဒါတွေကို ပြန်သုံးသပ်ဖို့လိုတယ်။ သက်ဆိုင်ရာဒေသအလိုက် လွှတ်တော်ကိုယ်စားလှယ်တွေရှိမယ်၊ အစိုးရအဖွဲ့ဝင်တွေရှိမယ်၊ လူမှုရေးအဖွဲ့တွေရှိမယ်။ အဲ့ဒါတွေနဲ့ စုပေါင်းပြီးတော့ အကျဉ်းသားစိစစ်ရေး ကော်မတီဖွဲ့ဖို့ လိုတယ်ဆိုတာကို ပြောချင်တယ်” ဟု သူကဆိုသည်။
မိမိတို့အဖွဲ့အနေဖြင့် ပြည်သူအများကို ဒုက္ခပေးနိုင်သည့် ရာဇဝတ်အကျဉ်းသားများကို လွှတ်ပေးခြင်းမျိုး မထောက်ခံကြောင်း၊ သို့ရာတွင် အမှတ်တကယ် ပြစ်မှုမကျူးလွန်ခြင်း၊ ပြစ်မှုနှင့် ပြစ်ဒဏ် မမျှမတ ဖြစ်နေသည့် အကျဉ်းသားများ ဖြစ်နေခြင်းမျိုးကိုတော့ စနစ်တကျစိစစ်ကာ လွှတ်ပေးသင့်သည်ဟု ယူဆကြောင်း သူက ဆက်ဆိုသည်။
ဆက်စပ်ဖတ်ရှုရန် – ဆေးအတွက်လေးနေတဲ့ သမ္မတ လွတ်ငြိမ်း