မေလ ၂ ရက်က နိုင်ငံကူး လက်မှတ် သက်တမ်း သွားတိုး ဖြစ်သည်။ ယခင် အတွေ့အကြုံ အရ၊ တခြားသူများ၏ ပြောပြ ချက်အရ နေ့လယ်ခင်း အချိန်တွင် လူပါးသည်ဟု သိထားသောကြောင့် နေ့လယ် ၁၂ နာရီခွဲခန့်တွင် နိုင်ငံကူး လက်မှတ် ထုတ်ပေးသည့် ရုံးရှေ့သို့ ရောက်ခဲ့သည်။
ပူပြင်းတောက်ပ လှသော မေလ၏ နေရောင်အောက်တွင် လူအုပ်ကြီးက ထုနှင့်ထည်နှင့် ရုံးတွင်း ဝင်ခွင့်ရရန် ကြိုးစား နေကြသည်။
ရောက်သည့်နောက် မထူးဘူးဟု စိတ်ပိုင်းဖြတ်ကာ ကျမလည်း လူအုပ်ကြီးနှင့် ဝင်ရောလိုက်သည်။ မည်သူမျှ တန်းမစီ။ အထဲက လဝက ရဲဝန်ထမ်းက တကိုယ်စာ တံခါး ချပ်လှပ်ပေးလိုက်သည်နှင့် ဝုန်းခနဲ တိုးဝင်ကြသည်။ တံတောင်နှင့် တွတ် ကြ၊ တိုးကြ ဝှေ့ကြရင်း တသုတ်ဝင်သည်နှင့် တံခါးကို ပိတ်လိုက်သည်။
ခဏနေတော့ တကိုယ်စာ တံခါးပွင့်လာ ပြန်သည်။ တိုးကြ ပြန်သည်။ ကျမလည်း လူအုပ်ကြီးနှင့် ရော၍ တဖြည်းဖြည်း တံခါးနား နီးကပ်လာသည်။ တံခါးနားနီးလာလေ လူပို တိုးလေ၊ နောက်ဆုံးတော့ စိတ်မှန်းဖြင့် လှေခါးထစ် တထစ်ကို ကျော်ကာ အများပုံစံ တိုးဝှေ့ရာ ခြေထောက် နည်းနည်း နာသွားသည်က လွဲ၍ အထဲသို့ ရောက်သွားတော့သည်။
ကျောပိုးအိတ်ကို ရှေ့တွင် လွယ်ကာ တိုးရ ဝှေ့ရသည်က အတော် မလွယ်လှ။ သို့သော် အထဲသို့ ရောက်ပြီ ဆိုတော့ တဆင့် အောင်မြင်ပြီ။
ပါလာသည့် ရေဗူးကို ဖွင့်ကာ ရေကို တငုံငုံပြီးမှ လျှောက်လွှာ သွားယူကာ လျှောက်လွှာဖြည့်သည့် နေရာတွင် ကျန်နေ သည့် တကိုယ်စာ ကပ်ကပ်သပ်သပ်ကို သွားဦးလိုက်ပြီး လျှောက်လွှာကို ဖြည့်သည်။ သက်တမ်းတိုးများ တန်းစီရသည့် လဝက ကောင်တာ ၁ တွင်တော့ လူက သိပ်မရှိ။ ကျမ ရှေ့တွင် ၃ ဦးခန့်သာ ရှိသည်။ တခြား ကောင်တာများတွင်တော့ လူများက အုံခဲလျက်။
ခန်းမကြီးထဲတွင် ပန်ကာကြီးများ ဖွင့်ထားသော်လည်း မြောက်မြား လှစွာသော လူအုပ်ကြီးကြောင့် အားလုံး ချွေးဒီးဒီး ကျ နေကြသည်။ လဝက ဖြတ်အပြီး ငွေ ၃၀၀၀ ကျပ် ပေးချေကာ သွားတန်းစီ လိုက်သည်။ သက်တမ်းတိုး လုပ်မည့်သူက မများလှဘူး ဆိုတောင် အနည်းဆုံး ၂၀၀ ခန့် ရှိမည်။ နိုင်ငံကူးလက်မှတ် အသစ်လုပ်မည့် သူကတော့ ထောင်နှင့် ချီသည်။
ဘဏ်ငွေ သွင်းရန် ခန်းမ ကူးဖို့ တန်းစီကြရသည်။ သက်တမ်းတိုးမည့် သူများ၊ စာအုပ် အသစ်လုပ်မည့်သူများ တန်းအသီး သီး စီကြသော်လည်း ဝင်ပေါက်က တပေါက်တည်း ဖြစ်နေ၍ ထိုဝင်ပေါက် နေရာတွင် စုပြုံတိုးကြ ပြန်သည်။
လဝက ရဲက အဝတွင် စောင့်ကာ သက်တမ်းတိုးမည့်သူများ တလှည့်၊ စာအုပ်အသစ် လုပ်မည့်သူများ တလှည့်သွင်းပေး သည်။ အထဲရောက်တော့ ကျမ တကိုယ်လုံး ချွေးများနှင့် ရွှဲနစ်နေပြီ။ အထဲတွင် ရေသောက်ချင်သူများ အတွက် ရေသန့် ဗူးသေးများ ဝေပေးနေသည်ကို တွေ့ရသည်။ ကျမတွင် ရေဘူးကြီး တဝက်ကျော် ကျန်နေသေးသောကြောင့် ဝေသည့် ရေဘူးလေးကို မယူတော့။
ထိုနေရာတွင် ပြဿနာက စသည်။ လဝက ရဲဝန်ထမ်း လမ်းညွှန်သည့် ဘဏ်ငွေသွင်းရမည့် နေရာကို ဘယ်လိုမှ သွားမရ။ ကျပ်ပြွတ်နေအောင် ရပ်စောင့်နေသည့် လူအုပ်ကြီးထဲ တစောင်းတိုးလိုက်၊ တံတောင် သုံးလိုက် တရွေ့ရွေ့ သွားနေရ သည်။
ထိုသို့ သွားသည့်တိုင် ဘဏ်ကောင်တာကို တော်တော်နှင့် မမြင်ရ၊ လူများလွန်း၍ တန်းစီနေသည်လား စုပြုံ တိုးနေ သည်လားလည်း မသဲကွဲ။
တန်းစီနေသည်ဟု ယူဆရသော ကောင်တာတွင် ကျမလည်း ဝင်ရပ်လိုက်သည်။ နောက်က လူအုပ်ကြီးက ဖိတွန်းသည်။ ဒီလောက် ဆိုးရွားမည် မထင်၍ ပလတ်စတစ် ဖိုင် မယူခဲ့မိရာ လက်ထဲတွင် ကိုင်ထားသည့် စာရွက်စာတမ်းများ ချွေးနှင့် ပျော့အိလာသည်။
အိတ်ဖွင့်ထည့်ရန်လည်း ငါးပိသိပ်ငါးချဉ်သိပ် လူအုပ်ကြီးထဲ မဖြစ်နိုင်။ ထို့ကြောင့် စာရွက်ကိုင်ထားသည့် လက်ကို လူအများ နှင့် လွတ်အောင် အပေါ်မြှောက် ထားလိုက်သည်။
ထိုစဉ် မှတ်ပုံတင်ကို လည်ပင်းတွင် ဆွဲထားသော အမျိုးသမီး တဦးကို ကျမကို အတင်း တိုးဝှေ့ကျော်ကာ၊ ကျမရှေ့က လူများကိုလည်း တိုးဝှေ့က ကောင်တာနားထိ သွားသည်။ သူ့လက်ထဲတွင် ငွေသွင်းစလစ်က အထပ်လိုက်။ သူက နာမည် တခုကို ပြောကာ ကောင်တာ တာဝန်ခံကို ထိုစလစ် အထပ်လိုက် ပေးလိုက်သည်။ ထို့နောက် အဲဒီနားက မခွာဘဲ ဆက်ရပ် နေသည်။
ခဏနေတော့ နောက်ထပ် မှတ်ပုံတင် လည်ဆွဲနှင့် အမျိုးသမီး တဦး ရောက်လာပြန်သည်။ သူလည်း ကျမတို့ကို ကျော် ဖြတ် တိုးဝှေ့ တံတောင်နှင့် တွတ်ကာ ရှေ့တိုးသည်။ သူကျတော့ နာမည် တခုကို ပြောကာ စလစ် အထပ်လိုက် ပြန်ယူ သည်။
ထိုအခါ ကျမတို့လို ပုံမှန် သက်တမ်း တိုးသူ၊ စာအုပ်အသစ် လုပ်သူများ အရှေ့ မရောက်တော့။ ပထမ အမျိုးသမီး၏ စာရွက်အထပ်လိုက်ကို ငွေသွင်းနေသောကြောင့် ကျမတို့ လုံးဝ ရှေ့မရောက်တော့ခြင်း ဖြစ်သည်။ ကျမတို့နောက်က လူအုပ်ကြီးက ကြားမဖြတ်ဖို့၊ အရှေ့က ငွေသွင်းပြီးရင် ပြန်ကြဖို့ အော်ဟစ်ကြသည်။
ကျမ ကောင်တာနား နည်းနည်း နီးလာတော့ လက်ထဲက စလစ်နှင့် ထုတ်ထားပြီးသား ငွေ ၂၅၀၀၀ ကျပ်ကို လက်ထောင်၍ လှမ်းပေးလိုက်သည်။ ကျမ ထောင်ထားသည့် လက်ထဲက စလစ်နှင့် ငွေကို ဘဏ်ဝန်ထမ်းက လှမ်းယူလိုက်သည်။ ကျမ ကဲ့သို့ပင် စောင့်နေသည့် အမျိုးသမီးတဦးကလည်း ကျမ အတုကို ယူကာ လှမ်းပေးသည်။
စလစ် ပြန်ယူရန် မစောင့်တော့ဘဲ လူအုပ် အပြင်ဘက်သို့ တိုးဝှေ့ ထွက်လိုက်သည်။ လူတိုင်းလူတိုင်း ချွေးဒီးဒီးကျကာ ရေချိုးထားသကဲ့သို့ ဖြစ်နေသည်။ ထိုင်ခုံများ ရှိသော်လည်း တခုံမျှ မလွတ်၊ ထိုင်ခုံ ရထား သူများ အပြည့်။ တချို့က အိပ် ပင်ပျော်နေသေးသည်။
ငွေသွင်း ဌာနနှင့် မျက်နှာချင်းဆိုင်တွင် ဓာတ်ပုံရိုက်သည့် အခန်းများ ရှိနေသောကြောင့် ဓာတ်ပုံ ရိုက်ရန် တန်းစီသူများ ကလည်း အပြည့်အကျပ်၊ ဘဏ်တွင် ငွေသွင်းမည့် သူများကလည်း အပြည့်အကျပ်ဖြင့် ခန်းမ တခုလုံး ကြက်မ တဝပ်စာ ပင် နေရာ မလပ်ချင်။
ကျမလည်း စလစ် ပြန်စောင့်ရန် ငွေသွင်း ဌာနက ခေါ်လျှင် ကြားနိုင်မည့် လူတယောက် ရပ်စာ နေရာလေးတွင် ရပ်စောင့် နေလိုက်သည်။
ကျမ ပါလာသည့် ရေလည်း ကုန်ပြီ။ ခုနက ရေဝေနေသည့် နေရာကို ကြည့်လိုက်တော့ ရေတဗူးပင် မကျန်တော့။ ဆူညံ နေသည့် လူအုပ်ကြီး ကြားထဲ ကောင်တာကနေ၍ နာမည်များ အော်ခေါ်နေသည်ကို နားစွင့်ရသည်မှာ အတော် ခက်ခဲ သည်။
ထို့ကြောင့် အနားရောက်လာသည့် လဝက ရဲဝန်ထမ်း တဦးကို ပြောပြလိုက်ရာ သူက ကောင်တာမှ ငွေသွင်းပြီး စာရွက်များ တောင်းယူပြီး အော်ခေါ်ပေးသဖြင့် ကျမ စလစ်ရပြီ။
ထိုအခါ ဓာတ်ပုံရိုက်ရန် ကျမ အပေါ်ထပ်သို့ တက်သည်။ ကျမနှင့် အတူ ငွေသွင်းခဲ့သော အမျိုးသမီးလည်း လိုက်ပါလာ သည်။ အပေါ်တွင် တန်း အတိုဆုံးကို ရွေး၍ စီလိုက်သည်။ အပေါ်ထပ်တွင်က ပန်ကာ အလုံအလောက် မရှိသောကြောင့် ပို၍ ပူအိုက်သည်။ ခဏနေတော့ လူတအုပ် တက်လာကာ တန်း ၂၇ က ဘယ်မှာလဲဟု မေးလာသည်။
ဘယ်တန်း ဝင်စီစီ ရတယ်ဟု ကျမ ပြန်ပြောသော်လည်း သူတို့ကို ပွဲစားက၂၇ တွင် စီခိုင်းသောကြောင့် ၂၇ ကိုသာ လိုက် ရှာ သည်။ ထိုအခါကျမှ ကျမ သဘောပေါက် သွားသည်။
ကျမတို့တန်းက အခန်းနံပါတ် ၃၀၊ လူ အနည်းဆုံး၊ အနည်းဆုံးပင် အ ယောက် ၅၀ ကျော်မည်။ ကျမတို့ဘေးက ၃၁ ဆို လျှင် လူ ၁၀၀ ခန့်ပင် ရှိလောက်သည်။ အေးအေးဆေးဆေး ထိုင်စောင့်နေကြသည်။ မှတ်ပုံတင် လည်ဆွဲသမားများက တက်လိုက်ဆင်းလိုက်။ တန်းစီနေသူများကြား သွားစကားပြောလိုက် အလုပ်ရှုပ်နေကြသည်။
ကျမ သဘောပေါက်သွားသည် ဆိုခြင်းက လည်ဆွဲ ဆွဲထားသည့် ပွဲစားများက ဘဏ်ငွေသွား သွင်းပေးထားစဉ် ဓာတ်ပုံ ရိုက်ရန် တန်းကြိုစီခိုင်းထားခြင်း ဖြစ်သည်။
“ကျနော်ကို စာအုပ်လုပ်ဖို့ တယောက်ကို ၇ သောင်းပေးရတယ်” ဟု ကျမနောက်က တန်းစီနေသည့် လူငယ်တဦးက ပြောသည်။
သူက အောင်လံ ဘက်က၊ သူတို့ အုပ်စုက ၁၀ ယောက်ခန့် ရှိသည်။ မလေးရှားသို့ သွားအလုပ်လုပ်ရန် နိုင်ငံကူးလက်မှတ် လာလုပ်ခြင်း ဖြစ်သည်။
ကျမတို့ တန်းဘေးက ထိုင်စောင့်နေသော အမျိုးသမီးအုပ်ထဲသို့ ကျမရှေ့မှ ကြားဖြတ်ကာ အထပ်လိုက် ငွေသွင်းသွားသော အမျိုးသမီး ရောက်လာပြီး တင်ပြင်ခွေ ဝင်ထိုင်သည်။ ထိုနေရာတွင်ပင် ဓာတ်ပုံရိုက်ရန် စောင့်ဆိုင်းနေသူများက သူ့ကို ငွေ ရှင်းနေတာ တွေ့ရသည်။
နာရီဝက်ခန့် တန်းစီ အပြီးတွင် ကျမတို့ရှေ့မှ လူ ၇ ယောက်၊ ၈ ယောက်ခန့်ကို မှတ်ပုံတင် လည်ဆွဲဖြင့် လူတဦးက ဆွဲ ထုတ်သွားသည်။
“ဒီနေ့ ငွေသွင်းတာ မမီတော့လို့ မနက်ဖြန်မှ လုပ်လို့ ရမယ်၊ အားလုံး ပြန်ကြမယ်” ဟု ပြောနေတာ ကြားလိုက်သည်။
ကျမ စိတ်တွင်ဖြင့် တွက်နေမိသည်။ နိုင်ငံကူး လက်မှတ်ကို ကိုယ့်ဘာသာ လုပ်လျှင် အမှန်တကယ် ကုန်ကျငွေက ၂ သောင်း ၈ ထောင် ဆိုတော့ ပွဲခက ၄ သောင်း ၂ ထောင် ဖြစ်နေသည်။ ဘယ်ကောင်တာမှာ စီ၊ ဘယ်ကောင်တာမှာ မစီနဲ့ ဆိုပြီး ပြောထားတာကလည်း သိပ် စဉ်းစားစရာ မလို။
ရာဇဝင် စစ်ဆေးကာ ဓာတ်ပုံ ရိုက်သည့် အခန်းထဲသို့ မှတ်ပုံတင် လည်ဆွဲ ဆွဲထားသူများ တခါဝင်သွားလျှင် ကျမတို့ တော်တော်နှင့် ရှေ့မရောက်တော့။
ကျမနှင့် အတူ ငွေသွင်းသည့် အမျိုးသမီးက “ဒီလောက် လူတွေ များနေတာ၊ တိုင်းနဲ့ ပြည်နယ်တိုင်းမှာ ပတ်စ်ပို့ရုံးတွေ ထား ပေးသင့်တယ်နော်။ အဲဒါဆို နယ်က လူတွေလည်း ရန်ကုန် ဆင်းလာစရာ မလိုဘူး” ဟု ပြောသည်။
ကျမ တွေ့ရသလောက် လဝက ရဲဝန်ထမ်းများ စကားပြော ချိုသာကြသည်၊ ရေလည်း ဝေပေးသည်။ ဒါတွေကတော့ ယခင် အခြေအနေထက် များစွာ ပြောင်းလဲ တိုးတက် လာသည်ဟု ဆိုရမည်။
တဖြည်းဖြည်းနှင့် ကျမ အရှေ့ ရောက်လာသည်။ ရှေ့ရောက်ခါနီးတော့ ကျမတို့ရှေ့က တန်းစီနေသူများ အနက် ၄ ဦးက စလစ် မရသေးဟု ဆိုသောကြောင့် ကျမရှေ့ရောက်တော့မည်ဟု ထင်သွားချိန် လည်ဆွဲတဦး သုတ်ကနဲ အခန်းထဲ ဝင်သွားသည်။
ထိုအခါ ကျမတို့ ရှေ့က စလစ်မရဟု ဆိုသော ၄ ဦးကို အထဲက လဝက ရဲဝန်ထမ်းက နာမည်ခေါ်သည်ကို ထူးဆန်းစွာ ကြားလိုက်ရသည်။ ကျမနားလည်ထားသည်က ကိုယ့်စလစ်ကိုယ် ကိုင်ပြီး အလှည့်ကျ ဝင်ရသည် ဟု။
နောက်ဆုံးတွင် ၄ နာရီခန့် ကျောပိုးအိတ်လွယ် တိုးဝှေ့ မတ်တပ်ရပ်ပြီးနောက် ကျမချွေးများဖြင့် စိုရွှဲ ပျော့အိနေသော စာရွက်စာတမ်းများကို မစုတ်ပြဲအောင် ထိမ်းသိမ်းနိုင်ခဲ့ပြီး အောင်မြင်စွာ အစစ်ဆေးခံ၍ လက်ခံ ဖြတ်ပိုင်းကို ရယူနိုင်ခဲ့ပြီ ဖြစ်သည်။
ငွေသွင်း ကောင်တာတွင် လဝက ရဲတချို့ ကိုယ်တိုင် စလစ်ထပ် ကိုင်ကာ ငွေသွင်းဖို့ လုပ်ပေးနေသည်ကို တွေ့လိုက်ရခြင်း၊ လည်ဆွဲဝတ် ပွဲစားများ ခြေချင်းလိမ်ကာ မသိနားမလည်သူများထံမှ အမြတ် ထုတ်နေခြင်း၊ မြောက်မြားလှစွာသော လူအုပ် ကြီးကို တန်းစီရန် မပြောဘဲ ထားခြင်း၊ လူရှင်းသွားချိန် ခန်းမကြီးထဲ ရေသန့်ဗူးခွံများ၊ ကွမ်းတံတွေး ဗူးများ၊ အမှိုက်များ၊ တစ်ရှူးစများ ပွထနေသည့် မြင်ကွင်းကို မြင်ရခြင်း စသည် စသည်တို့ ကတော့ မြင်ခဲ့ကြားခဲ့သမျှ တင်ပြမိခြင်းသာ ဖြစ်ပါ တော့သည်။
You May Also Like These Stories:
ရန်ကုန် အလုံဆိပ်ကမ်းသစ်က ကုန်သေတ္တာ အဝင်အထွက် တိုးလာရန် မျှော်မှန်း
မီးပြတ်မှုကြောင့် ရေအားလျော့နည်းခြင်းနှင့် ရေပြတ်ခြင်းများဖြစ်ပေါ်နေ
မီတာခကို Online မှ ပေးဆောင်နိုင်ရန် မွန်လွှတ်တော်တွင် အဆိုတင်