ဗိုလ်ချုပ်ကြီးဟောင်း နေဝင်း ဦးဆောင်သည့် ဆိုရှယ်လစ် အစိုးရကို ဆန့်ကျင်တိုက်ခိုက်ခဲ့ကြသည့် ၁၉၈၀ နှစ်များ အတွင်း က သူ နှင့် သူ့ရဲဘော်များ နေထိုင်ခဲ့ကြသည့် ဌာနချုပ်ဟောင်း ပန်ဆန်းက မည်မျှအထိပြောင်းလဲလာခဲ့သည်ကို ကြည့်ရင်း ဗမာပြည်ကွန်မြူ နစ်ပါတီ (ဗကပ) အဖွဲ့ဝင်ဟောင်းတဦးဖြစ်သည့် ဦးသန်းစိုးနိုင် သဘောကျခဲ့ရသည်။
“တကယ့်ကို အထင်ကြီး အားကျစရာပဲ” ဟု ယခုအခါ ရန်ကုန်တွင် နေထိုင်သည့် အသက် ၇၃ နှစ်အရွယ် ဦးသန်းစိုးနိုင်က ဆယ်စုနှစ် ၃ ခု ကြာ မရောက်ဖြစ်ခဲ့သော မြို့သို့ ပြန်သွားသည့် အချိန်တွင် ပြောသည်။ ဝပြည်သွေးစည်း ညီညွတ်ရေးတပ်မတော် (UWSA) ၏ နှစ် ၃၀ ပြည့် အခမ်းအနားသို့ တက်ရောက်ရန် ပြန်ရောက်လာကြသော အခြား ကွန်မြူနစ်ပါတီဝင်ဟောင်း အများအပြားလည်း ထိုနည်းတူပင် ခံစားကြရသည်။
ယခုအခါ UWSA ၏ ဌာနချုပ် တည်ရှိရာနေရာဖြစ်သော တရုတ်နယ်စပ်ပေါ်မှ ဤမြို့က လွန်ခဲ့သော နှစ် ၃၀ လောက်က ဆိုလျှင် ရွှံ့စေးအိမ်များ၊ လျှပ်စစ်မီး မရှိသော ဖုန်ထူထူလမ်းများနှင့် ယာဉ်အနည်းငယ်မျှသာရှိသော ရှမ်း ရွာငယ်လေးတခု ဖြစ်ခဲ့သည်။ ဗကပ တပ်ဖွဲ့ဝင်များ၊ ဗကပ နိုင်ငံရေး ဦးဆောင်အဖွဲ့ဝင်များနှင့် ဝနှင့် ရှမ်း ကျေးရွာသားများက ထိုလမ်းများပေါ် တွင် လျှောက်သွားနေခဲ့ကြဖူးသည်။
ထိုနောက်ပိုင်းတွင် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေး အဖွဲ့ (နဝတ)ဟု သိခဲ့သည့် စစ်အစိုးရနှင့် ဝခေါင်းဆောင်များကြား ပထမဆုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ရရှိခဲ့ပြီးသည့်အခါ ပန်ဆန်းတွင် နေထိုင်သူများက သိသိသာသာ ပြောင်းလဲသွားခဲ့သည်။ ထိုအချိန်က စ၍ မြန်မာနှင့် ဝ တပ်ဖွဲ့များကြား ထိတွေ့တိုက်ခိုက်မှု ကြီးကြီးမားမား မရှိခဲ့တော့ပါ။
၁၉၈၀ နှစ်များအတွင်းက ရှမ်းကျေးရွာလေးတခုနှင့် ဆန့်ကျင်စွာပင် ယခုအခါတွင် ဝရဲများက ယာဉ်သွားယာဉ်လာကို လမ်း ညွှန်နေကြသည်။ ဧည့်သည်များ အနေဖြင့် တရုတ်စတိုင်လ် ဈေးဆိုင်များ၊ ဟိုတယ်များ၊ လောင်းကစားရုံများ၊ အသေးစားနှင့် အလတ်စား ရှော့ပင်းမောများကို မြင်တွေ့နိုင်ပါသည်။ မြေအောက် ကေဘယ်လ်ကြိုးများ ချထားသည်။ ဇိမ်ခံကားများက လမ်းများပေါ်တွင် သွားလာနေကြသည်။ အငှားယာဉ်၊ ကောင်းမွန်စွာ ခင်းထားသည့်လမ်းများ၊ ညဘက်ဖျော်ဖြေမှုများနှင့် တရုတ်စားသောက်ဆိုင်များ ရှိသည်။
သို့သော်လည်း ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်းတွင် တည်ရှိသည့် ပန်ဆန်းက သီးခြားအထီးကျန် ဖြစ်နေဆဲပင်။ နယ်စပ် ကို ဖြတ်ကျော်ဝင်ရောက်လာသည့် တရုတ်ဧည့်သည် အများအပြားကလွဲ လမ်းများပေါ်တွင် ကမ္ဘာလှည့် ခရီးသည်မရှိပါ။ အနောက်တိုင်းသား အနည်းငယ်မျှသာ ပန်ဆန်းသို့ ရောက်ဖူးသည်။ ဒေသ၏ အလှအပနှင့် ရှုခင်းများ ရှိသော်လည်း ဝ ခေါင်းဆောင်များက ကမ္ဘာလှည့် ခရီးသည်များ လာရောက်ခွင့်ပြုရန် နောက်တွန့်နေကြသည်။ လာရောက်လည်ပတ်မည့် မည်သူမဆို မြန်မာ အာဏာပိုင်များကရော ဝ အာဏာပိုင်များထံကပါ ခွင့်ပြုချက် ရရှိရမည် ဖြစ်သည်။ မြန်မာ အစိုးရ၏ အ ဆိုအရ ဝဒေသသည် ကန့်သတ် ဧရိယာတခု အဖြစ်ရှိနေဆဲ ဖြစ်သည်။ ထို့ကြောင့် နိုင်ငံခြားသားများ သွားရောက်လည် ပတ်ရန် အတွက် ခွင့်ပြုချက်လိုအပ်သည်။
ယခုအခါ ပန်ဆန်းကိုယ်တိုင်က အခြား တရုတ်မြို့များနှင့် ခွဲခြား၍ မရနိုင်အောင် ဖြစ်နေသည်။ ဈေးဆိုင် ဆိုင်းဘုတ်များ အားလုံးက တရုတ်ဘာသာနှင့် ဖြစ်သည်။ သို့သော်လည်း ထိုဧရိယာသည် ဝကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဇုန် အဖြစ် တရားဝင် သိ ကြသည့် မြန်မာနိုင်ငံ၏ အစိတ်အပိုင်း ဖြစ်ပါသည်။ ပန်ဆန်းတွင် နေထိုင်သူများထဲတွင် ဝ၊ ရှမ်း၊ လားဟူ၊ အခါ နှင့် ပလောင်(တအာင်း) တို့ အပါအဝင် မြန်မာ တိုင်းရင်းသား လူမျိုးစုများ အများအပြားပါဝင်နေသည်။ အချို့ ရပ်ကွက်များ တွင် ဗမာ နှင့် ပန်းသေး မွတ်ဆလင် အသိုင်းအဝိုင်းများလည်း အများအပြားနေထိုင်ကြသည်။ လူဦးရေ ၅သိန်း ဝန်းကျင် နေထိုင်သော ဝဒေသက ခရီးသွားလုပ်ငန်းအတွက် ကန့်သတ်နေရာတခု ဖြစ်ကောင်း ဖြစ်နေနိုင်ပါသည်။ သို့သော်လည်း မကြာတော့မည့် အနာဂါတ်တွင် တရုတ် ရင်းနှီးမြှုပ်နှံသူ အများအပြားနှင့် ရွှေ့ပြောင်းနေထိုင်သူများ ဝင်ရောက်လာလိမ့် မည်ဟု မျှော်လင့်ရပါသည်။
ဝခေါင်းဆောင်များက ဤကျေးရွာငယ်ကို စည်ကားသည့် မြို့တမြို့ အဖြစ်သို့ အသွင်ပြောင်းခဲ့ကြသည်။ ဆောက်လုပ်ဆဲ စီ မံကိန်းအများအပြားလည်း ရှိနေပြီး နောက်လာမည့် ၁၀ နှစ်အတွင်းတွင် တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံ နယ်စပ် တလျှောက် မှ မြောက်ပိုင်း တိုင်းရင်းသားမြို့များနှင့် ဆက်သွယ်သည့် အခြေခံအဆောက်အဦး စီမံကိန်းအသစ်များနှင့် အတူ ပိုမို၍များ ပြားသည့် အပြောင်းအလဲများ ကြုံရလိမ့်မည်မှာ သံသယ ရှိစရာမလိုပါ။
စီးပွားရေးအောင်မြင်မှု အလားအလာကြောင့် ရှမ်းပြည်နယ်နှင့် မြန်မာနိုင်ငံ အလယ်ပိုင်းမှ စီးပွားရေးအရ ရွှေ့ပြောင်းအခြေ ချသူများ ဝင်ငွေ ပိုမို ရှာဖွေစုဆောင်းနိုင်မည့် ပန်ဆန်းသို့ အဆက်မပြတ် မှန်မှန်ရောက်လာနေသည်ကို မြင်တွေ့ခဲ့ရ ပြီး ဖြစ်သည်။ ကျနော်တို့ ဝဒေသတွင်းသို့ ဝင်လာသည်နှင့် လမ်းများက မြန်မာဘက်မှ ထိန်းချုပ်သည့် လမ်းများနှင့်စာလျှင် ပိုမို ကောင်းမွန်သွားသည်။ မိုင်းမောမြို့နယ်မှ ပန်ဆန်းသို့ သွားသည့် တောင်ပေါ်လမ်းကို တရုတ်ကုမ္ပဏီတခုက ဖောက် လုပ်ထားခြင်း ဖြစ်ပြီး အံ့အားသင့်စရာကောင်းလောက်အောင် ချောမွေ့ပါသည်။
တရုတ်ဘာသာက ဝဒေသတွင် တရားဝင် ဘာသာစကားတခု ဖြစ်သည်။ ဒေသခံတို့က တရုတ်ငွေများ၊ တရုတ် ဆိုရှယ် မီ ဒီယာ app တခုဖြစ်သည့် WeChat နှင့် တရုတ်မိုဘိုင်း ကွန်ရက်များကို အသုံးပြုကြသည်။ သို့သော် ဝများသည် တရုတ် မဟုတ်ကြပါ။ သူတို့သည် မြန်မာနိုင်ငံအတွင်းမှ မွန် သို့မဟုတ် ပလောင်(တအာင်း) တို့နှင့် တိုင်းရင်းသား ဆွေမျိုး အနီးစပ် ဆုံး ဖြစ်မည့် မွန်-ခမာ စကားပြော အုပ်စုတခု ဖြစ်သည်။ သို့သော်လည်း သူတို့က သေချာပေါက် အပေးအယူညှိနှိုင်းမှု ရှိ ခဲ့ပြီး တရုတ်နိုင်ငံနှင့် အလွန်နီးကပ်ခြင်းအတွက် ကြီးမားသော တန်ဖိုးကို ပေးနေကြရသည်။
မြို့တွင်းသို့ ရောက်ပြီဆိုလျှင် မြန်မာနိုင်ငံတွင် မဟုတ်ဘဲ တရုတ်နိုင်ငံသို့ အလည်အပတ်ရောက်ရှိနေသည်ဟု ခံ စားရပါလိမ့်မည်။ အချို့ရပ်ကွက်များတွင် မြန်မာစကားကို ကြားရနိုင်သော်လည်း တရုတ်နှင့် ဝ စကားများက အသုံး အများဆုံး ဘာသာစကားများ ဖြစ်ကြသည်။ သို့သော်လည်း ဝ အာဏာပိုင်များက ဈေးဆိုင် ဆိုင်းဘုတ်များကို တရုတ်၊ ဝ နှင့် မြန်မာ ဘာသာစကား ၃ မျိုးဖြင့် ဖော်ပြရမည်ဟု မကြာသေးမီက အမိန့်ထုတ်ခဲ့သည်။ ထိုသို့ ပြုလုပ်ခြင်းမှာ ဝဒေသ သည် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာ အောက်တွင် ရှိနေဆဲ ဖြစ်သည်ဆိုသည့် သင်္ကေတ ဖြစ်ကြောင်း ပန်ဆန်းတွင် နေထိုင် သူ အများအပြားက မှတ်ယူခဲ့ကြသည်။
၁၉၈၉ တပ်တွင်း ပုန်ကန်မှု
၁၉၈၉ ခုနှစ် ဖေဖော်ဝါရီလတွင် ဝခေါင်းဆောင်များက ၎င်း၏ ဌာနချုပ်ကို သိမ်းပိုက်လိုက်သည့် တပ်တွင်း ပုန်ကန်မှုတခု ကို ဗကပ ခေါင်းဆောင်များရင်ဆိုင်ခဲ့ကြရသည်။ ဗမာ အများစုဖြစ်သည့် ဗကပ ခေါင်းဆောင်များ တရုတ်နိုင်ငံသို့ လက် လွတ်ထွက်ပြေးခဲ့ကြရသည်။ ဗကပ ခေါင်းဆောင်များက ဝတောင်ကုန်းများကို ၁၉၇၀ နှစ်များ တွင် သိမ်းပိုက်ခဲ့ကြသည်။ သို့သော်လည်း ပုန်ကန်မှုနောက်ပိုင်းတွင် တရုတ်နိုင်ငံတွင် သူတို့ ခိုလှုံနေထိုင်ခဲ့ကြရသည်။
ထိုအချိန်မှ စတင်၍ ဗကပတပ်များက တိုင်းရင်းသားလူမျိုးစုကို လိုက်၍ ကွဲပြားသော တပ်ဖွဲ့ ၄ ခု အဖြစ်ကွဲထွက်သွားခဲ့ သည်။ ဝဒေသကို ကိုးကန့်နှင့် အခြားသောတိုင်းရင်းသား အုပ်စုများကဲ့သို့ အထူးဒေသတခု အဖြစ် သတ်မှတ်ခြင်း ခံခဲ့ရ သည်။
နောက်ပိုင်းတွင် ဝ တိုင်းရင်းသား လူနည်းစုက နဝတ စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရရှိသည့် အဖွဲ့များထဲတွင် အပါအဝင်ဖြစ်လာသည်။ အများကကြောက်ရွံရသည့် စစ်ထောက်လှမ်းရေး အကြီးအကဲနှင့် နဝတ၏ အတွင်းရေးမှူး(၁) ဗိုလ်ချုပ်ကြီး ခင်ညွှန့်က ညှိနှိုင်းဆွေးနွေးမှုများကို ဦးဆောင်ခဲ့သည်။ မြောက်ပိုင်းတွင် ဝ အပါအဝင် တိုင်ရင်းသား အဖွဲ့အစည်းအများအပြားနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရရှိခဲ့သည်။
ဗိုလ်ချုပ်ကြီး ခင်ညွှန့်၏ ဂိုဏ်းက ဝဒေသကို ဖွံ့ဖြိုးရေး အကူအညီများဖြင့် အထောက်အကူပေးခဲ့သည်။ ကျောင်းများနှင့် ဆေးရုံများ တည်ဆောက်ပေးခဲ့သည်။ ထိုနေရာများသို့ ထောက်ပံံ့မှုများ ပို့ပေးခဲ့သည်။ ဗိုလ်ချုပ်ကြီး ခင်ညွှန့် ဦးဆောင်သော ဂိုဏ်းနှင့် အထူးဆက်ဆံရေးကို ဝ က သဘောကျခဲ့ပြီး သူ့ကို ဒေသတွင်းမှ ငြိမ်းချမ်းရေး၏ ခေါင်းကိုင်ဖခင် အဖြစ် မြင်နေ ကြဆဲ ဖြစ်သည်။ ဒေသတွင်းမှ တရားမဝင် ကုန်သွယ်ရေးကို မျက်စိမှိတ်ထားခဲ့သည်ဟု စွပ်စွဲခြင်းခံရသည့် ဗိုလ်ချုပ်ကြီး ခင်ညွှန့် နှင့် ပတ်သက်၍ ယနေ့ အချိန်အထိပင် ဝခေါင်းဆောင်များက ခင်ခင်မင်မင် လိုလိုလားလား ပြောဆိုနေကြဆဲ ဖြစ်သည်။
ဗကပ ပြိုကွဲခဲ့ပြီး စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရရှိသည့် အချိန်မှစ၍ တရုတ်ရင်းနှီးမြှုပ်နှံမှုက တက်လာခဲ့သည်။ နယ်စပ်ကုန်သွယ်ရေးက ထိုးတက်သွားခဲ့သည်။ အောင်မြင်သော တရုတ်နိုင်ငံက ဝဒေသနောက် တွင် ရပ်တည်ခဲ့သည်။ ထင်ရှားသော တရုတ်ခေါင်းဆောင် တိန့်ရှောင်ဖိန်၏ လက်အောက် တရုတ်အစိုးရက ပွင့်လင်းသော ဈေးကွက်စီးပွားရေး မူဝါဒ ကျင့်သုံးခြင်း အပါအဝင် အပြောင်းအလဲ အများအပြားကို ဖော်ဆောင်ခဲ့သည့် အချိန်က စတင်၍ တရုတ် စီးပွားရေး တိုးတက်မှုမှ အိမ်နီးချင်း နယ်နမိတ်နှင့် ထိစပ်နေသော ဝက အကျိုးအမြတ်ရရှိခဲ့သည်ဆိုသည်မှာ သံသယ ရှိရန် မလိုပါ။
အထူးသဖြင့် ယူနန်ပြည်နယ်မှ တရုတ်ကုမ္ပဏီများနှင့် ဝနှင့် အခြားသောတိုင်းရင်းသား အဖွဲ့များတွင် ခိုင်မာသော စီးပွား ရေး ဆက်နွယ်မှုများ တိုးတက်လာခဲ့သည်။ သတ္တုတူးဖော်ရေး၊ သစ်ထုတ်လုပ်ရေး၊ အစားထိုးသီးနှံစိုက်ပျိုးရေး နှင့် ဆောက် လုပ်ရေး လုပ်ငန်းအများအပြားတွင် ပါဝင်ပတ်သက်ခဲ့ကြသည်။ အဆိုပါ စီးပွားရေးလုပ်ငန်းများတွင် ပါဝင်ရန်အတွက် မြန် မာနိုင်ငံမှ ဗဟို အစိုးရ၏ အတည်ပြုချက်ရယူရန် မလိုအပ်ခဲ့ပါ။
အပစ်အခတ်ရပ်စဲရေး ပြုလုပ်ခဲ့သည့် အချိန်က စတင်၍ ဝနှင့် မြန်မာ့တပ်မတော်ကြားတွင် အရေးပါသော ထိတွေ့တိုက် ခိုက်မှုများ မရှိတော့ပါ။ ထို့အပြင် ဝတပ်များသည် မြန်မာ့တပ်မတော်နှင့် ပူးပေါင်းပြီး ဘိန်းဘုရင် ခွန်ဆာ၏ မုန်တိုင်းတပ်ကို အတူ တိုက်ခိုက်ခဲ့ကြသည်။
ခွန်ဆာက ၁၉၉၆ ခုနှစ်တွင် မြန်မာ အာဏာပိုင်များထံ လက်နက်ချခဲ့သည်။ ၁၉၉၉ ခုနှစ်တွင် ဗိုလ်ချုပ်ကြီး ခင်ညွှန့်က ဝကျေးရွာသား ၈၀၀၀၀ ကျော်ကို ရှမ်းပြည်နယ်တောင်ပိုင်း ထိုင်းနိုင်ငံနှင့် နယ်စပ်တလျှောက် (Chiang Rai ခရိုင်၏ တဘက်တွင်) သို့ပြောင်းရွှေ့ အခြေချရန် ဝပြည်သွေးစည်ညီညွတ်ရေးပါတီ/ဝပြည်သွေးစည်း ညီညွတ်ရေးတပ်မတော် သို့ ခွင့်ပြုချက်ပေးခဲ့သည်။ ထိုဧရိယာ သည် တောင်ပိုင်း ဝဒေသဟု သိကြသည့် မိုင်းယောင်း ဖြစ်လာသည်။
ထိုဒေသကို စစ်ဘုရင်တဦး ဖြစ်သည့် UWSA တပ်မှူး ဝေရှောက်ခန်က ထိန်းချုပ်သည်။ သူ့ကို မူးယစ်ဆေး ကုန်သွယ်မှု စွဲ ချက်များဖြင့် အမေရိကန်က အလိုရှိနေဆဲ ဖြစ်သည်။
ယနေ့ အချိန်အထိ ဝေရှောက်ခန်က လွတ်မြောက်နေဆဲ ဖြစ်သည်။ သူက အလွန်ချမ်းသာကြွယ်ဝသည် (ဝ အသိုင်းအဝိုင်း မှ အချို့၏ အဆိုအရ သူက ဘီလီယံနာ စီးပွားရေးသမားတယောက်ဖြစ်ပြီး တရုတ်နိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများ ရှိသည်ဟု ယုံကြည်ရသည်)။ UWSA ၏ နှစ် ၃၀ ပြည့် အထိန်းအမှတ်အဖြစ် ထုတ်ဝေသော စာအုပ်တွင် သူ၏ မည်သည့် ဓာတ်ပုံကိုမျှ ဖော်ပြခြင်း မပြုရန် သူက ဝခေါင်းဆောင်များကို တောင်းဆိုခဲ့သည်။ သူက နားလည်ရခက်သော ပုံရိပ်တခုအဖြစ် ဆက်၍ ရှိနေပြီး ထင်ကြေးပေးမှန်းဆမှု အများအပြား၏ ဇာတ်ဆောင်ဖြစ်သည်။ သူက ပန်ဆန်းတွင် နေထိုင် သည်။ တောင်ပိုင်း ဝဒေသနှင့် တရုတ်နိုင်ငံသို မကြာခန သွားရောက်လေ့ရှိသည်။ တောင်ပိုင်း ဝဒေသသို့ သွားရောက်ခွင့် ပြုရန် သုတေသီများ၏ ထပ်တလဲလဲတောင်းဆိုမှုများမှာ မှန်မှန်ပယ်ချခြင်းခံနေခဲ့ရ၏။ ထိုဧရိယာသည် ယာဘ နှင့် အိုက်စ်ခေါ် ခရစ္စတယ် မက်သဖက်တမင်း ထုတ်လုပ်မှု၏ အဓိက အချက်အချာနေရာဖြစ်သည်ဟုလည်း ယုံကြည်ကြသည်။
သူတို့၏ ပုံရိပ်ကို တိုးတက်စေချင်ကြောင်း ဝခေါင်းဆောင်များက ပြောကြသည်။ မူးယစ်ဆေး ကုန်သွယ်ရေးကို တားမြစ် ပိတ်ပင်ခဲ့ပြီး ဖြစ်ပြီး သူတို့က ယခုအခါ ရာဘာနှင့် လက်ဖက်စိုက်ပျိုးရေး၊ သံဖြူတူးဖော်ခြင်း နှင့် နယ်စပ်ကုန်သွယ်ရေး တွင် ရင်းနှီးမြှုပ်နှံသည်ဟု အခိုင်အမာပြောကြသည်။ ပန်ဆန်းတွင် ဝ နှင့် တရုတ်ကြားမှ နယ်စပ်ဖြတ်ကျော် ကုန်သွယ်ရေးက အမေရိကန်ဒေါ်လာ ၁ ဘီလီယံကျော် တန်ကြေးရှိသည်။ မကြာသေးမီက ပြုလုပ်ခဲ့သည့် အင်တာဗျူးများတွင် ဝခေါင်း ဆောင်များက သူတို့တည်ဆောက်နေသော ဥစ္စာဓနသည် မူးယစ်ဆေးအပေါ်တွင် အခြေမခံကြောင်း ပြသရန် ကြိုးစားခဲ့ ကြသည်။ သို့သော်လည်း လေ့လာစောင့်ကြည့်သူများကို ယုံကြည်အောင် မပြုလုပ်နိုင်ခဲ့ပါ။ မြန်မာနိုင်ငံတွင် ပြည်သူ့စစ်အဖွဲ့ အများအပြားနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များက မူးယစ်ဆေးကုန်သွယ်ရေးတွင် ပါဝင်ပတ်သက်နေခြင်းမှာ ရိုးရှင်းသော အချက်တခုသာဖြစ်သည်။
ဝ အပါအဝင် မြောက်ပိုင်းမှ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အများအပြားမှာ မူးယစ်ဆေးအပါအဝင် တရားမဝင်ကုန်သွယ် ရေးတွင် အကြီးအကျယ်ပါဝင် ပတ်သက်နေကြသည်။ လတ်တလော ဆယ်စုနှစ်များအတွင်းမှ အခြေခံအဆောက်အဦး တိုး တက်မှုများတွင် ဒေါ်လာ ဘီလီယံနှင့် ချီ၍ တန်ကြေးရှိသည့် အကျိုးအမြတ်များပြားလှသော အဆိုပါ စီးပွားရေးကလည်း အဆင် ပြေချောမွေ့အောင်ပါဝင်ခဲ့သည်မှာ အံ့အားသင့်စရာ မဟုတ်ပါ။
ဘရပ်ဆဲလ် အခြေစိုက် International Crisis Group (ICG) ၏ “Fire and Ice: Conflict and drugs in Myanmar’s Shan State” အမည်ရှိ လတ်တလော အစီရင်ခံစာ တစောင်တွင် “အခြေခံ အဆောက်အဦးကောင်းမွန်ခြင်း၊ မူးယစ် ဆေးဝါး ထုတ်လုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်း (Precursor) ထောက်ပံ့မှု များရရှိနိုင်သည့် တရုတ်နိုင်ငံနှင့် နီး ကပ်နေခြင်း နှင့် အစိုးရကို ထောက်ခံသည့် ပြည်သူ့စစ်များ နှင့် လက်နက်ကိုင်အဖွဲ့များက ထိန်းချုပ်သည့်နယ်မြေများ က ကပေးသော လုံခြုံမှု တို့ကလည်း သန့်စင်မှု မြင့်မားသည့် ခရစ္စတယ် မက်သဖက်တမင်း ထုတ်လုပ်ရေးတွင် ကမ္ဘာ့ အဓိက အရင်းအမြစ်တခု ဖြစ်စေခဲ့သည်” ဟု ဖော်ပြခဲ့သည်။
“တည်ငြိမ်မှုကို လိုလားသည့် မူးယစ်ဆေးကုန်သွယ်မှု ဆောင်ရွက်သူများကြားတွင် တိုက်ရိုက် ပဋိပက္ခဖြစ်ပွားခြင်း (အခြား သူများနှင့် နှိုင်းစာလျှင်) နည်းပါး သည်။ သို့သော်လည်း လက်နက်ကိုင် အဖွဲ့အစည်းအမျိုးမျိုးက ရရှိသည့် များပြားလှသော ဝင်ငွေက မြန်မာနိုင်ငံ၏ နှစ်ပေါင်း ၇၀ ကြာပြည်တွင်း ပဋိပက္ခများကို ဘဏ္ဍာငွေ အထောက်အပံ့ပေးနေခဲ့သည်။ ဆက် လက်၍ ကာလရှည်ကြာစေခဲ့သည်” ဟု ICG အစီရင်ခံစာက ဆက်ပြောသည်။
မူးယစ်ဆေး ကုန်သွယ်ရေးက လက်နက်ကိုင်အဖွဲ့များနှင့် ပြည်သူ့စစ်များအတွက် ငွေကြေးရရှိရာ အဓိက အရင်းအမြစ် ဖြစ် လိမ့်မည်ဆိုသည်မှာ သံသယရှိစရာမလိုပါ။ “ကြီးမားသော အမြတ်အစွန်းက ရှမ်းပြည်နယ်တွင် စစ်ပုံစံပိုပေါက်အောင် မီးထိုးခဲ့သည်။ အကျိုးဆက်အနေဖြင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ထိခိုက်ခဲ့ရသည်” ဟု ICG က အခိုင်အမာပြောသည်။
အမှန်တကယ်တွင် မြန်မာ့တပ်မတော်နှင့် မဟာမိတ်ပြုလုပ်ထားသည့် ပြည်သူ့စစ်များနှင့် မြောက်ပိုင်းမှ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များက ခရစ္စတယ် မက်သဖက်တမင်း နှင့် ရာဘ ထုတ်လုပ်ရေးတွင် ပါဝင်ပတ်သက်နေကြသည်။ အကျိုးအမြတ်က တနှစ်လျှင် အမေရိကန်ဒေါ်လာ ဘီလီယံ တော်တော်များများ ဖြစ်ဖွယ်ရာ ရှိပါသည်။ ICG ၏ အစီရင် ခံစာအရ “အဆိုပါ အမြတ်ငွေများ၏ အချိုးအစားအများအပြားက မြန်မာနိုင်ငံ၏ အပြင်ဘက်တွင် ဆက်လက်၍ ရှိနေနိုင် ပါသည်။ နယ်စပ်ဇုန်များရှိ လောင်းကစားရုံများမှ တဆင့် ခဝါချကြသည်။ ဒေသတွင်း အချက်အခြာနေရာများမှ ဘဏ်စာရင်းများထဲတွင် သိမ်းထားကြသည်” ဟု သိရသည်။
ပန်ဆန်းနှင့် ပတ်ဝန်းကျင် ဧရိယာများတွင် အကောင်အထည်ဖော်ဆဲ ဆောက်လုပ်ရေး စီမံကိန်းများကို မြင်နိုင်ပါသည်။ ၎င်း တို့သည် အရပ်ဘက်နှင့် စစ်ဘက် အဆောက်အဦးများ ဖြစ်ကြသည်။ လတ်တလောနှစ်များအတွင်းတွင် အဆင့်မြင့် အိမ် ကြီး အိမ်ကောင်းများ ပိုမို၍ ဆောက်လုပ်လာသည်ကို ဧည့်သည်များ သတိပြုမိခဲ့သည်။ စစ်ဘက်ဆိုင်ရာ ယာဉ်များက အလုပ်ရှုပ်နေကြပြီး စစ်သားများက ဘယ်ကို ဦးတည်မှန်းမသိဘဲ အမြဲတမ်းရွေ့လျားနေကြသည်။ လေ့ကျင့်ခန်းများ ပြုလုပ် နေကြသည်။ ကန့်သတ်ထားသည့် စစ်ဘက်ဆိုင်ရာဧရိယာများတွင် ဝများက စစ်ရေးအတွက် အကြီးအကျယ် ပြင်ဆင်နေသည် ဆိုသည့် ခံစားချက်ကို မည်သူမဆို ရရှိနိုင်ပါလိမ့်မည်။
ဗဟို အစိုးရနှင့် ဆက်ဆံရေး အတက်အကျများ
မြန်မာ အာဏာပိုင်များနှင့် ဝ ခေါင်းဆောင်များကြားမှ ဆက်ဆံရေးက ၂၀၀၀ နှစ်များနှောင်းပိုင်းတွင် အခြေအနေ ဆိုးရွား လာခဲ့သည်။ ၂၀၀၄ ခုနှစ်တွင် ဗိုလ်ချုပ်ကြီး ခင်ညွှန့် ရာထူးမှ ဖယ်ရှားခြင်းခံခဲ့ရသည်။ သူ၏ ထောက်လှမ်းရေး အစိတ် အပိုင်း အားလုံးကို ဖျက်သိမ်းခဲ့သည်။ ၂၀၀၉ ခုနှစ် ဧပြီလတွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို နယ်ခြားစောင့် တပ်ဖွဲ့ (BGF) များ အဖြစ် အသွင်ပြောင်းလဲမည့် အစီအစဉ်တခုကို စစ်အစိုးရ ခေါင်းဆောင်များက ကျေညာခဲ့သည်။ အဆို ပြုချက်ကို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အချို့က သဘောတူခဲ့သော်လည်း ဝ နှင့် ကိုးကန့် (မြန်မာအမျိုးသား ဒီမိုက ရေစီမဟာမိတ် တပ်မတော် သို့မဟုတ် MNDAA ဟုသိကြသည်) နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ကဲ့သို့သော အခြားတိုင်းရင်းသား အဖွဲ့များက ညင်းဆန်ခဲ့ကြသည်။ ကိုးကန့်က ဝ၏ အနီးကပ်ဆုံး မဟာမိတ်ဖြစ်သည်။ ကချင်နှင့် ဝ တို့က ပြိုင်ဘက်များ အဖြစ်ဆက်လက်ရှိနေကြသည်။ သို့သော်လည်း ၂ ဖွဲ့လုံးက ၂၀၁၇ ခုနှစ် ဧပြီလတွင် ဝက ထူထောင် ခဲ့သော မြောက်ပိုင်းအခြေစိုက် အဖွဲ့များ မဟာမိတ်ဖြစ်သည့် ပြည်ထောင်စု နိုင်ငံရေးဆွေးနွေးရေးကော်မတီ (FPNCC) တွင် ပါဝင်နေကြသည်။
အတိတ်ကဆိုလျှင် ဗိုလ်ချုပ်ကြီး ခင်ညွှန့်နှင့် ဝတို့၏ ဆက်ဆံရေးကောင်းမွန်မှုကြောင့် ကျောင်းဆရာများနှင့် သူနာပြုများ ပို့ပေးခြင်း အပါအဝင် မြန်မာအစိုးရထံမှ ဒေသအတွက် အထောက်အပံ့နှင့် ဖွံ့ဖြိုးရေး အကူအညီများရရှိသည်ကို မြင်တွေ့ ခဲ့ ရသည်။
သို့သော်လည်း ၂၀၁၅ ခုနှစ်တွင် MNDAA နှင့် ပဋိပက္ခ ပေါ်ပေါက်ခဲ့သည့် အချိန်မှ စ၍ ဝဒေသ အပေါ်တွင် ကန့်သတ်မှုများ ရှိလာခဲ့သည်။ MNDAA တပ်ဖွဲ့များက ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဇုန်ကို ပြန်လည်သိမ်းပိုက်ရန် ကြိုးစားခဲ့ သော်လည်း မအောင်မြင်ခဲ့သည့် ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလတွင် ပဋိပက္ခပေါ်ပေါက်ခဲ့သည်။
မြန်မာတပ်ဖွဲ့များကို တိုက်ခိုက်ရန်အတွက် MNDAA ကို ဝက ကူညီနေခဲ့သည်ဟု မြန်မာ့တပ်မတော်က သံသယဝင်ခဲ့သည်။ ထိုအချိန်မှ စတင်၍ ဆန်၊ ဟင်းချက်ဆီနှင့် အခြားကုန်စည်များကို ဝဒေသတွင်းသို့ ဝင်ရောက်ခွင့် မပြုတော့ပါ။ ဗဟို အစိုးရ နှင့် တပ်မတော်က ဒေသကို ပိတ်ဆို့မှု ပြုလုပ်ခဲ့သည်ဟု ဝခေါင်းဆောင်များက ခါးခါးသီးသီး စောဒက တက်ခဲ့ကြသည်။ “အဲဒါက ဖြတ်လေးဖြတ် စစ်ဆင်ရေးရဲ့ အစိတ်အပိုင်းပဲ” ဟု ဝ အကြီးတန်းခေါင်းဆောင် တဦးက ဧရာဝတီသို့ ပြောသည်။ မြန်မာ့တပ်မတော်၏ နာမည်ဆိုးဖြင့် ကျော်ကြားသည့် ဖြတ်လေးဖြတ် ဆူပူသောင်းကျန်းမှု နှိမ်နင်းရေး ဗျူဟာကို ရည်ညွှန်း ခြင်း ဖြစ်သည်။
မည်သို့ပင် ဖြစ်စေ ပြည်မနှင့် လူမှုရေးနှင့် ယဉ်ကျေးမှု ဆက်သွယ်မှုများက ရှိနေဆဲ ဖြစ်သည်။ ဝခေါင်းဆောင်များက သူတို့၏ သားသမီးများကို ရန်ကုန် နှင့် မန္တလေးတွင် ပညာသင်ရန် စေလွှတ်ခဲ့ကြသည်။ လက်ရှိ အချိန်တွင် ဝကျောင်းသား ၃၀၀ ကျော် ရန်ကုန်တွင် ပညာသင်နေသည်။ မြန်မာနှင့် ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ရာတွင် သူတို့ မြန်မာ ဘာသာဖြင့် ပြောရန် လိုအပ်သည်ဟုလည်း ဝခေါင်းဆောင်များက ခံစားလာကြရသည်ဟု လေ့လာစောင့်ကြည့်သူ ဗကပဟောင်းများက မှတ်ချက်ချသည်။ ဝမျိုးဆက်သစ်က မြန်မာဘာသာကို လေ့လာခြင်းနှင့် ပေါင်းစပ်ခြင်းအားဖြင့် အမီလိုက်ရန် ကြိုးစားနေကြ ခြင်း ဖြစ်ကောင်း ဖြစ်နိုင်ပါသည်။
ဝ က FPNCC ကို ထူထောင်ခြင်းက ရဲတင်းသော နိုင်ငံရေး လုပ်ရပ်တခု ဖြစ်သည်။ အဆိုပါ အဖွဲ့တွင် တိုင်းရင်းသား လက် နက်ကိုင် အဖွဲ့ ၇ ခုပါဝင်သည်။ UWSA နှင့် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) ၊ အမျိုးသားဒီမိုကရေစီမဟာမိတ် တပ်မတော် – မိုင်းလားတပ်ဖွဲ့ (NDAA) ၊ ရှမ်းပြည်တိုးတတ်ရေးပါတီ (SSPP/SSA ) ၊ မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော်-ကိုးကန့်တပ်ဖွဲ့ (MNDAA) ၊ တအန်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) ၊ ရက္ခိုင် စစ်တပ် (AA) တို့ဖြစ်ကြသည်။ UWSA က FPNCC ၏ ဥက္ကဌ အဖြစ်တာဝန်ယူပြီး ပန်ဆန်းမှ စခန်းတခုတွင် အဖွဲ့ဝင် အဖွဲ့ အစည်းများ အားလုံးအတွက် ဆက်ဆံရေး ရုံးများ တည်ဆောက်ထားသည်။
မြောက်ပိုင်း မဟာမိတ်အဖွဲ့ ဟု သိကြသည့် အဖွဲ့သစ်တခုကို ဖွဲ့စည်းသည့် နောက်ပိုင်းတွင် အစိုးရ၊ တပ်မတော်ခေါင်း ဆောင်များ နှင့် ပြုလုပ်သည့် ဆွေးနွေးပွဲ အမြောက်အများသို့ သူတို့ ဝင်ရောက်ခဲ့ကြသည်။ သို့သော်လည်း ယခုအချိန်အထိ အောင်မြင်မှု မရရှိခဲ့သေးပါ။ သို့သော် ဝ ခေါင်းဆောင်များက သူတို့သည် လွန်ခဲ့သည့် နှစ်ပေါင်း ၃၀ ကထဲက အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် ရရှိခဲ့ပြီး ဖြစ်သဖြင့် တနိုင်ငံလုံး အတိုင်းအတာဖြင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ ညီချက်(NCA) ကို လက်မှတ်ထိုးရန် မလိုကြောင်းနှင့် NCA လက်မှတ်ထိုးထားသည့် အခြားအဖွဲ့များကဲ့သို့ပင် နိုင်ငံရေး ဆွေးနွေးပွဲများနှင့် ငြိမ်းချမ်းရေး ညီလာခံများတွင် ဆုံးဖြတ်ချက်ချမှတ်သည့် လုပ်ငန်းစဉ်တွင် ပါဝင်ရန်သာ ဆန္ဒရှိကြောင်း ပြောကြားခဲ့ကြသည်။ စည်းကမ်းချက်အရ NCA လက်မှတ်ထိုးမထားသည့် အဖွဲ့များသည် လေ့လာသူ သက်သက်မျှသာ ဖြစ်ပြီး ဆွေးနွေးပွဲများတွင် ဆုံးဖြတ်ချက် ချမှတ်ခွင့် မရှိပါ။
အစိုးရနှင့် တပ်မတော်က အခြားအဖွဲ့များနှင့် နှိုင်းယှဉ်လျှင် အဖွဲ့သစ်များ ဖြစ်ကြသည့် MNDAA၊ AA နှင့် TNLA တို့ကို ငြိမ်း ချမ်းရေး ဆွေးနွေးပွဲများတွင် ပါဝင်ခွင့် ပြုရန် ညင်းဆန်ခဲ့သည်။ မြန်မာ့တပ်မတော်က ယခင် သမ္မတ ဦးသိန်းစိန်ခေါင်း ဆောင်သည့် အစိုးရလက်ထက်တွင် တည်ထောင်ခဲ့သော လက်နက်ကိုင် အဖွဲ့များကို အသိအမှတ်ပြုရန် ညင်းဆန်ထား သည်။ မည်သို့ပင်ဖြစ်စေ အဆိုပါ လက်နက်ကိုင် ၃ ဖွဲ့သည် ဝ ထံမှ ထောက်ခံမှုကို ခိုင်ခိုင်မာမာ ရရှိထားကြသည်။
FPNCC အဖွဲ့ဝင်များ ကြားတွင် ဝက အင်အားအကြီးဆုံး ဖြစ်သည်။ မဟာမိတ်များက ဝ၏ ကြီးထွားလာနေသော အင်အား နှင့် ကိုယ်ပိုင်အုပ်ချုပ်သည့် နိုင်ငံရေးစနစ်ကို တိတ်တခိုး လေးစားအားကျနေကြသည်။
ဥပမာပြရလျှင် ရက္ခိုင့်တပ်မတော် (AA) ခေါင်းဆောင်များက ရခိုင်ပြည်နယ်ကို ဝဒေသ နှင့် အလားတူသော ကွန်ဖက်ဒရိတ် အနေအထားမျိုး ရရှိလိုကြောင်း ပွင့်ပွင့်လင်းလင်းပြောခဲ့ကြသည်။ သို့သော် ကချင်ခေါင်းဆောင်များက တန်းတူညီမျှမှု နှင့် ဖက်ဒရယ် စနစ်ကို ပိုသဘောကျကြသည်။ ဝက ကချင်အပေါ် အပြည့်အဝ ယုံကြည်ခြင်း ရှိ/မရှိ က မရေရာပါ။ မြောက်ပိုင်း မဟာမိတ် အဖွဲ့ဝင်များထဲတွင် ကချင်က အနောက်တိုင်းနှင့် ခိုင်မာသော ဆက်သွယ်မှုများ ရှိနေသည်။
စစ်ရေးအင်အား
UWSA တွင် တပ်သား ၃၀၀၀၀ ရှိပြီး အရံတပ်ဖွဲ့ဝင် ၂၀၀၀၀ ရှိခြင်းက ၎င်းကို မြန်မာနိုင်ငံတွင် အင်အား အတောင့်တင်းဆုံး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တခု ဖြစ်စေခဲ့သည်။ ယခုအခါ ဝခေါင်းဆောင်များက သူတို့၏ တပ်ဖွဲ့များကို ပိုမို၍ပင် ခေတ်မီ ဆန်းသစ်သော လက်နက်များတပ်ဆင်ပေးရန် ဆန္ဒ ရှိနေသည်။
ဂျာနယ်လစ်များနှင့် ဧည့်သည်များကို ဝဒေသအတွင်းရှိ စစ်စခန်းများနှင့် အခြေစိုက်စခန်းများသို့ သွားရောက်လည်ပတ် ခွင့် မပြုပါ။ ထိုသို့ တားမြစ်ခြင်းက နားလည်ပေးနိုင်စရာ ဖြစ်ပါသည်။ သို့သော်လည်း ဝတို့က တရုတ်နိုင်ငံထံမှ လက်နက်များ ပို မို ဝယ်ယူနေခဲ့ကြောင်း နှင့် သူတို့၏ ကိုယ်ပိုင်စက်ရုံများတွင် လက်နက်ကြီးများလည်း ထုတ်လုပ်နေကြောင်း ကျနော်တို့၏ ခရီးစဉ်အတွင်းတွင် လေ့လာသိရှိ နိုင်ခဲ့ပါသည်။
အမြောက်များနှင့် အခြားလက်နက် များထုတ်လုပ်ရေးတွင် အဆင့်မြင့်သင်တန်းများပေးရန်အတွက် တရုတ် ပညာရှင်များ ကို ဖိတ်ခေါ်ခဲ့သည်။ ဝတို့က သူတို့၏ ကိုယ်ပိုင်စက်ရုံများတွင် ၁၂၂ မီလီမီတာ ဟောင်းဝစ်ဇာ အမြောက်များ ထုတ်လုပ်နေ သည်ဟု ထိုအကြောင်းကို သိသည့် သတင်းရင်းမြစ်များကပြောကြသည်။
သူတို့က တရုတ်နိုင်ငံမှ စစ်ဘက်ဆိုင်ရာ ဒရုန်းကျွမ်းကျင်သူများကိုလည်း ငှားရမ်းခဲ့သည်။ မြန်မာ အစိုးရနှင့် တပ်မတော် တာဝန်ရှိသူများ လာရောက်လည်ပတ်သည့် အချိန်တွင် သူတို့၏ ရဟတ်ယာဉ်များဆင်းသက်ရန် ပန်ဆန်းတွင် ရဟတ် ယာဉ်ကွင်း ၃ ခုရှိသည်ဟု သိရသည်။
တရုတ်နိုင်ငံက ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ နှောင်းပိုင်းနှင့် မတ်လဆန်းတွင် UWSA သို့ Mil Mi-17 “Hip” ရဟတ်ယာဉ် အမြောက်အများ (အချို့ သတင်းများ၏ အဆိုအရ ရဟတ် ယာဉ် ၅ စီး) ပို့ပေးခဲ့ကြောင်း အင်္ဂလန်အခြေစိုက် Jane’s Defense Weekly က မြန်မာအစိုးရ သတင်းရင်းမြစ်များနှင့် တိုင်းရင်းသာ လက်နက်ကိုင် အဖွဲ့တခု၏ စစ်ဘက်ကို ကိုးကား ၍ ယခင်က သတင်းဖော်ပြခဲ့သည်။
ကျနော်တို့ စကားပြောခဲ့သည့် အလယ် အလတ်အဆင့်ရှိ ဝ အရာရှိများက အဆိုပါသတင်းနှင့် ပတ်သက်၍ အတည်ပြုခြင်း သို့မဟုတ် ညင်းဆန်ခြင်း မပြုလုပ်ခဲ့ကြပါ။ သို့သော်လည်း ဝနှင့် နီးစပ်သည့် သတင်းရင်းမြစ်များက ထိုကိစ္စဖြစ်နိုင်ဖွယ်ရာ အလွန်နည်းကြောင်း ပြောကြသည်။ အဘယ်ကြောင့်ဆိုသော် မြန်မာ့တပ်မတော်က ၎င်းတို့၏ လေပိုင်နက်တွင် တိုင်းရင်း သား လက်နက်ကိုင် အဖွဲ့များ၏ ရဟတ်ယာဉ်များသို့ မဟုတ် ဂျက်တိုက်လေယာဉ်များ လှုပ်ရှားခြင်းကို မည်သည့် အချိန် တွင်မှ ခွင့်ပြုလိမ့်မည် မဟုတ်သောကြောင့်ပင်။
၎င်း၏ လေပိုင်နက်ကို ကာကွယ်ရန် နှင့် နိုင်ငံခြား ခြိမ်းခြောက်မှုများကို တားဆီးရန် မြန်မာနိုင်ငံက Joint Fighter-17 (JF-17) တိုက်လေယာဉ် ၁၆ စီးကို ပါကစ္စတန် နိုင်ငံမှ ဝယ်ယူခဲ့သည်။ JF-17 Thunder(FC-1 Xiaolong ဟုလည်း အမည်ရ သည်) ဘက်စုံသုံး တိုက်လေယာဉ်များကို တရုတ်နိုင်ငံမှ Chengdu Aircraft Corporation (CAC) မှ စတင်တည်ဆောက် ခဲ့ခြင်း ဖြစ်ပြီး ပါကစ္စတန်နှင့် တရုတ်တို့ ပူးတွဲထုတ်လုပ်သည်။ ရုရှားနိုင်ငံ ထံမှ ပိုမို၍ ခေတ်မီသည့် ဂျက်တိုက်လေယာဉ် များကိုလည်း မြန်မာ့တပ်မတော် ခေါင်းဆောင်များက ဝယ်ယူနေသည်။ သတင်းဖော်ပြမှုများအရ ရုရှားနိုင်ငံက မြန်မာ လေ တပ်အတွက် Su-30SM တိုက်လေယာဉ် ၆ စီးကို စတင်တပ်ဆင်နေပြီ ဖြစ်သည်။
သို့သော် ဝခေါင်းဆောင်များကလည်း သူတို့၏ အင်အားများကို ထုတ်ပြနေကြသည်။ ဒေသ၏ အောင်မြင်မှုတိုးတက်လာ သည်နှင့် အမျှ ဝခေါင်းဆောင်အချို့က ပိုမို၍ ခေတ်မီဆန်းပြားသော စစ်ဘက်သုံး ဒရုန်းများနှင့် ရဟတ်ယာဉ်များ ပိုင်ဆိုင် ရေးကို စတင်တွေးတောလာခဲ့ကြသည်။ သို့သော် ဝက တရုတ်ပညာရှင်များ ထံမှ လေ့ကျင့်ရေးနှင့် အထောက်အကူများ တောင်းခံလိမ့် မည်မှာ သံသယရှိစရာမလိုပါ။ ဝက ၎င်းတို့၏ လက်နက်ကြီး အချို့ကို လာအို ကဲ့သို့သော အိမ်နီးချင်း နိုင်ငံ များတွင် သိမ်းထားလိမ့်မည်ဟုလည်း လေ့လာစောင့်ကြည့်သူ အချို့က ယုံကြည်ကြသည်။
ဝက မိုင်းမောနှင့် ပန်ဆန်းကြားတွင် လေယာဉ် ကွင်းငယ်တခု တည်ဆောက်နေသည်ဟု ထောက်လှမ်းရေးသတင်းများက ဖော်ပြကြသည်။ အတိတ်ကဆိုလျှင် ဝက သူတို့၏ ဒေသတွင်းတွင် လေယာဉ်ကွင်းတခု တည်ဆောက်နေနိုင်ကြောင်း သံသယ တစုံတရာ ရှိလာသည်နှင့် မြန်မာ့တပ်မတော်နှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုများတွင်ပါဝင်နေသည့် တာဝန်ရှိသူများက တည်ဆောက်ရေး စီမံကိန်းကို ရပ်ပစ်ရန် ဝကို ချက်ချင်းတောင်းဆို ကြလိမ့်မည် ဖြစ်သည်။
UWSA က ၎င်း၏ အင်အားကို ဧပြီလ ၁၇ ရက်နေ့ စစ်ရေးပြ အခမ်းအနားတွင် ပြသခြင်းဖြင့် ထုတ်ဖော်မည်ဟု မျှော်လင့်ခဲ့ကြသည်။
Asia Times ၏ အဆိုအရ UWSA ၏ လက်နက်များထဲတွင် ဗကပ ခေတ်က အသုံးပြုခဲ့သော အခြေခံ ခြေလျင်တပ်သုံး စနစ်များ၏ မျိုးဆက်သစ်များ ပါဝင်သည်။ အပေါ့စားနှင့် အကြီးစား စက်သေနတ်များ၊ RPG များနှင့် စိန်ပြောင်းများ နှင့် recoilless rifle များ ဖြစ်သည်။ သို့သော် အခြားသော လုံးလုံးလျားလျားဆန်းသစ်သည့် စနစ်များလည်း ရှိသည်။ ၎င်းတို့ ထဲတွင် ၂၀၀၀ ခုနှစ်များ အစောပိုင်းက တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်မတော် (PLA) တွင် အမြောက်အများ အသုံး ပြုခဲ့သည့် QBZ-95 ချေမှုန်းရေးရိုင်ဖယ် ကဲ့သို့သော ပိုမို၍ ခေတ်မီသည့် တရုတ်ခြေလျင်တပ်သုံး လက်နက်များပါဝင်နေ သည်။ ဒေသတွင်းတွင် ထုတ်လုပ်သည့် ဝ ပုံစံ တရုတ် T-81 ချေမှုန်းရေး ရိုင်ဖယ်ကို အားဖြည့်ရန် QBZ-95 အသစ်ကို ဝယ်ယူခဲ့ခြင်း ဖြစ်သည်။ ခေတ်မီတရုတ် CS/LS06 ၉ မီလီမီတာ စက်သေနတ်အငယ်စားများနှင့် M-99 ၁၂.၇ မီလီမီတာ ရိုင်ဖယ်တို့သည်လည်း ဝ၏ လက်နက်များထဲသို့ အသစ်ဖြည့်သွင်းမှုများ ဖြစ်သည်ဟု Asia Times က ဖော်ပြခဲ့သည်။
UWSA က လေကြောင်းကာကွယ်ရေး စနစ်တခုကိုလည်း တပ်ဆင်ခဲ့သည်။ ၎င်းကို ရေဒါစခန်းများနှင့် MANPADS ( သယ် ဆောင် ရွှေ့ ပြောင်းနိုင်သည့် လေကြောင်းကာကွယ်ရေး စနစ်များ) နှင့် ပေါင်းစပ်ထားသည်။ တင့်ကားဖျက် ဒုံးကျည်များ လည်း ဝယ်ယူခဲ့သည်။ လွန်ခဲ့သော ရက်သတ္တပတ် အနည်းငယ်ခန့်က Asia Times တွင် ဖော်ပြခဲ့သော ဆောင်းပါး တပုဒ် ၏ အဆိုအရ “ဗျူဟာမြောက် ထရပ်ကားများရရှိထားခြင်းနှင့် ပို၍ သိသာထင်ရှားသည်မှာ တရုတ်နိုင်ငံ၏ Xinxing (New Star) အမျိုးအစား ဘီးတပ် သံချပ်ကာ လူသယ်ယာဉ်များက (UWSA ကို) ခြေလျင်တပ်ဖွဲ့ ရွှေ့ပြောင်းနိုင်မှု အစွမ်းတွင် အသစ်ထပ်မံ အားဖြည့်ပေးခဲ့သည်” ဟု သိရသည်။
ဝက ၎င်းတို့၏ နောက်ဆုံးဝယ်ယူထားသည့် လက်နက် ခဲယမ်းများကို နှစ် ၃၀ ပြည့် အခမ်းအနားတွင် ထုတ် ဖော်ပြသလိမ့် မည်ဟု မျှော်လင့် ချက်များ မြင့်မားခဲ့သော်လည်း အံအားသင့်စရာပင် တော်ရုံသင့်ရုံ အင်အားပြပွဲတခု ဖြစ်ခဲ့ရသည်။
ဝ အကြီးတန်း အရာရှိ တဦးက ဧရာဝတီသို့ ပြောပါသည်။ “ကျနော်တို့ရဲ့ လက်နက်တွေကို နှစ်ပတ်လည်ပွဲမှာ ထုတ်ပြရ လောက်အောင် ကျနော်တို့က အဆင်ခြင် မမဲ့ပါဘူး။” ထို့နောက် သူ့က ပြုံးပြီး အဝေးသို့ ထွက်သွားသည်။ UWSA က သူ တို့၏ အင်အားကို မြန်မာ ဗိုလ်ချုပ်များ မှန်းဆတွက်ချက်၍ လွယ်ကူအောင် လုပ်လိုသည့် ဆန္ဒမရှိသည်မှာ သေချာပါသည်။ ဤသည်မှာ “လူရိုင်းများ၊ ခေါင်းဖြတ်သူများ” ဆိုသည့် သူတို့ ပုံရိပ်ကို ဖယ်ရှားရန် ဆန္ဒပြင်းပြနေသော ဝတို့၏ ပါးနပ်လိမ္မာ သော ဆုံဖြတ်ချက်တခု အဖြစ်မြင်ရပါသည်။ သူတို့က ဆင်ခြင်ဉာဏ်မဲ့သည့် အမူအရာမျိုးဖြင့် အလွယ်တကူ ပြုမှုလေ့ရှိ သူများ မဟုတ်တော့ဟု ဖော်ပြနေခြင်းလည်း ဖြစ်ပါသည်။ ယခုအခါ UWSA က တရုတ် စစ်ရေး အကြံပေးများကို ပုံမှန် ငှားရမ်းထားပြီး သူတို့ အများစုမှာ တရုတ်နိုင်ငံ ကာကွယ်ရေး စက်မှုဆိုင်ရာဘက်မှ အငြိမ်းစား ဝန်ထမ်းများ ဖြစ်ကြပါသည်။
ထို့ကြောင့် သူတို့ ဘာလိုချင်ပါသနည်း။ ခွဲထွက်ရေးလား သို့မဟုတ် ကိုယ်ပိုင် အုပ်ချုပ်ခွင့်လား။
အကယ်၍ ဝက မြန်မာနိုင်ငံမှ ခွဲထွက်ကြောင်း သူ့ဖာသာ ကြေညာလျှင်ပင် တရုတ်က လက်ခံလိမ့်မည် မဟုတ်ပါ။ ထို့ ကြောင့် ထိုကိစ္စက ဖြစ်လာဖွယ် မရှိပါ။ တရုတ်က နေပြည်တော်မှ အစိုးရနှင့် တပ်မတော်ကို ရန်စရန် ရည်ရွယ်ချက် မရှိပါ။ ထိုသို့ ပြုလုပ်ခြင်းက မြန်မာနိုင်ငံနှင့် ခိုင်မာသည့် စီးပွားရေးနှင့် ပထဝီနိုင်ငံရေး ဗျူဟာ ဆက်စပ်မှုများ တည်ဆောက်ရာတွင် ၎င်းတို့၏ အကျိုးစီးပွားနှင့် ဆန့်ကျင်ဖက် ဖြစ်စေပါလိမ့်မည်။ ယခုအခါ မြန်မာ အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များကြားတွင် ငြိမ်းချမ်းရေး ပွဲစားကဏ္ဍမှာ ပါဝင်နေသော တရုတ်နိုင်ငံက (သူတို့က မရှိမဖြစ်ဟု မြင်သော၊ ညီငယ်ကလေး အဖြစ် သဘောထားသော) ဝကို နယ်စပ်ပေါ်တွင် ကြားခံတခု အဖြစ် ပျော်ပျော်ကြီး ဆက်၍ ထားပါလိမ့်မည်။
တရုတ်ကို သူတို့ လုံးလုံးလျားလျား ယုံကြည်၍ မရနိုင်ကြောင်း ဝခေါင်းဆောင်များ သိကြပါသည်။ မြန်မာ ဗိုလ်ချုပ်ကြီးများ ဘေဂျင်းသို့ သွားရောက်သည့် အခါတိုင်း သူတို့ စိတ်အနှောက် အယှက်ဖြစ်ကြသည်။ စိုးရိမ်ကြောင့်ကျကြသည်။ ဝ နှစ်ပတ် လည် အခမ်းအနားမတိုင်မီတွင် မြန်မာကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဘေဂျင်းသို့ သွားရောက် ခဲ့ပြီး တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။ ဗဟို စစ်ကော်မရှင် အဖွဲ့ဝင် နှင့် ပူးတွဲ စစ်ဦးစီး ချုပ် ဗိုလ်ချုပ်ကြီး လီကျွမ်ချင်းနှင့်လည်း သူက တွေ့ဆုံခဲ့သည်။ တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်မတော် ခေါင်း ဆောင်များနှင့်လည်းတွေ့ဆုံ ဆွေးနွေးခဲ့သည်။ လေ့ကျင့်ရေးကျောင်းများ၊ စက်ရုံများနှင့် အခြား ထင်ရှားသည့် နေရာများ သို့ သွားရောက်ခဲ့သည်။ ထို လုပ်ရပ်က ဝခေါင်းဆောင်များကို စိုးရိမ်စေခဲ့မည်မှာ သံသယ ရှိစရာမလိုပါ။
နှစ် ၃၀ ပြည့် အခမ်းအနားတွင် ဝခေါင်းဆောင်များမှာ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနမှ အာရှရေးရာ အထူးကိုယ်စား လှယ် ဆွန်ကော့ရှန် ရောက်လာ/မလာ နောက်ဆုံး အတည်ပြုချက်ကို စိတ်လှုပ်ရှားစွာဖြင့် စောင့်မျှော်နေခဲ့ကြသည်။ သို့သော်လည်း ဆွန်ကော့ရှန်က နောက်ဆုံး မိနစ်ကျမှ ပေါ်လာခဲ့သည်။ ထို့ကြောင့် ဝနှင့် အခြား တိုင်းရင်းသား မဟာ မိတ်အဖွဲ့ဝင်များ ဝမ်းသာသွားကြသည်။
အခမ်းအနားအတွင်းတွင် ဝခေါင်းဆောင်နှင့် စစ်ဦးစီးချုပ် ပေါက်ယူချန်းက သူ၏ ဒေသ အတွက် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ကို တောင်းဆိုခဲ့သည်။
“ကျနော်တို့ လိုအပ်တာက လူမျိုးရေးတန်းတူညီမျှမှု၊ လူမျိုးရေး ဂုဏ်သိက္ခာနဲ့ လူမျိုးအလိုက်ကိုယ်ပိုင် အုပ်ချုပ်ခွင့် ဖြစ်ပါ တယ်။ ဝကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းရင်းသားပြည်နယ် အဖြစ်ပေးဖို့ အစိုးရကို ကျနော်တို့ တောင်းဆိုပါတယ်။”
“ကျနော်တို့ရဲ့ နိုင်ငံရေး လိုအပ်ချက်တွေ အကောင်အထည်ပေါ်လာတဲ့ အထိ ကျနော်တို့က ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီ နဖူး စည်းကို လက်တဘက်က မြှင့်တင်ကိုင်စွဲသွားပါမယ်။ နောက်တဘက်က ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ လက်နက်ကိုင်စွဲသွား ပါမယ်။ လက်ရှိ အနေအထားကို ဆက်လက် ထိန်းသိမ်းသွားပါမယ်” ဟု သူက ထပ်ပြောသည်။
ဝက အပယ်ခံများကဲ့သို့ မခံစားရတော့ပါ။ သို့သော် သူတို့၏ တည်ရှိမှုကို ဂုဏ်သိက္ခာအပြည့်ဖြင့် ကြေညာသည်။ နေပြည် တော် အတွက် အလေးထားရမည့် စိန်ခေါ်မှု တခု ဖြစ်လာနေသည်။ မြန်မာ အစိုးရနှင့် တပ်မတော်နှင့် ညှိနှိုင်းဆွေးနွေးရေး တွင် အားသာချက်ဖြစ်စေရန် သူတို့၏ အင်အားများကို ဆက်လက်တည်ဆောက်နေသည်။ အစိုးရ ကိုရော တပ်မတော် ကို ပါ ဝ က ယုံကြည်ခြင်းမရှိပါ။
သတင်းစကားက ရှင်းလင်းပါသည်။ အညံ့ခံခြင်းဆိုသည်မှာ ရှိလာလိမ့်မည် မဟုတ်ပါ။ ဝ က လက်ရှိ အနေအထားပေါ်တွင် အခြေတည်၍ တိုးတက်အောင် လုပ်ချင်သည်။ သေချာပေါက် ရင်ဆိုင်တိုက်ခိုက်ရန် မဟုတ်သည့်တိုင် အင်အားကောင်း သည့် အနေ အထားတခုမှနေ၍ ညှိနှိုင်းဆွေးနွေးရန် အတွက် သူတို့က တတ်နိုင်သမျှ အင်အားအတောင့်တင်းဆုံး စစ်တပ်တခုကို တည်ဆောက်ရမည်ဟု သူတို့ခံစားနေကြသည်။
(အောင်ဇော်သည် The Irrawaddy ကို တည်ထောင်သူနှင့် အယ်ဒီ တာချုပ် ဖြစ်ပါသည်။ ၎င်း၏ The Wa Flex Their Muscles on The Hill ဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)