• English
Friday, May 16, 2025
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

မြန်မာ-တရုတ် ကုန်သွယ်ရေးလမ်းမကြီး အခြေအနေ သုံးသပ်ချက် အပိုင်း – ၅

by မောင်မောင်စိုး
17 May 2019
in ဆောင်းပါး
A A
၀၁၆ ခုနှစ် ကချင်ပြည်နယ်တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ ညီလာခံတခုသို့ တက်ရောက်ခဲ့သော တရုတ်အထူးကိုယ်စားလှယ် ဆွန်ကော့ရှန် / ဧရာဝတီ

၀၁၆ ခုနှစ် ကချင်ပြည်နယ်တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ ညီလာခံတခုသို့ တက်ရောက်ခဲ့သော တရုတ်အထူးကိုယ်စားလှယ် ဆွန်ကော့ရှန် / ဧရာဝတီ

5.8k
VIEWS
Share on FacebookShare on Twitter

မြောက်ပိုင်း ၇ ဖွဲ့နှင့် တရုတ်

၂၀၁၁ ခုနှစ် မြန်မာပြည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်စတင်စဉ်ကပင် တရုတ်အစိုးရသည် အာရှရေးရာ အထူးသံတမန်တဦး ခန့်အပ်ပြီး မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် လေ့လာသူအဖြစ် နီးနီးကပ်ကပ် ပါဝင်ခဲ့သည်။ ၂၀၁၅ ခုနှစ် နှစ် NCA လက်မှတ်ရေးထိုးရာတွင် မြောက်ပိုင်းအဖွဲ့များ တဖွဲ့မှ ပါဝင်ခြင်း မရှိသည့်အပြင် ၂၀၁၆ ခုနှစ် နှစ်ကုန်ပိုင်း၌ မြောက်ပိုင်း တရုတ်နယ်စပ်တလျောက် တိုက်ပွဲများပြင်းထန်စွာ ဖြစ်ပွါးပြီးနောက် တရုတ်တို့သည် မြန်မာငြိမ်းချမ်းရေးဖြစ်စဉ်တွင် တက်ကြွစွာ ပါဝင်လာသည်ကို တွေ့ရသည်။

RelatedPosts

တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

14 May 2025
6.6k
ကရင်မလင်မှာ ရှီကျင့်ဖျင်နှင့် မင်းအောင်လှိုင် တွေ့ဆုံမှုနောက်ကွယ်

ကရင်မလင်မှာ ရှီကျင့်ဖျင်နှင့် မင်းအောင်လှိုင် တွေ့ဆုံမှုနောက်ကွယ်

14 May 2025
1.4k
အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

14 May 2025
13k

ထိုအချိန်ကစ၍ တရုတ်သံတမန်သည် မြောက်ပိုင်းအဖွဲ့များကို NCA ထိုးရန် တရားဝင် စတင်တိုက်တွန်းလာသည်ကို တွေ့ရသည်။ တရုတ်တို့သည် NCA နှင့်ပတ်သက်၍ အစိုးရနှင့်တပ်မတော် ကိုင်စွဲထားသည့် လမ်းကြောင်းဖြစ်၍ ထိုးသင့်သည်ဟု ယူဆသည်လော သို့မဟုတ် မြန်မာပြည်ငြိမ်းချမ်းရေး အဖြေရှာနိုင်သည်ဟု ယူဆ၍လော သို့မဟုတ် NCA သည် မည်သို့ပင် အားနည်းချက်ရှိသည်ဖြစ်စေ စ မှတ်တခုအဖြစ် ကိုင်ဆွဲသင့်သည်ဟု ယူဆ၍လော ဆိုသည်ကတော့ မသဲကွဲပေ။

သို့သော် ထိုသို့ တရုတ်သံတမန်က NCA ထိုးရန် ဖိဖိစီးစီး တိုက်တွန်းနေစဉ်မှာပင် ၂၀၁၇ နှစ်ဆန်း၌ FPNCC ခေါ် မြောက်ပိုင်းမဟာမိတ် ၇ ဖွဲ့ ထွက်ပေါ်ခဲ့သည်ကလည်း အံ့သြစရာပင် ဖြစ်သည်။ ထိုအဖွဲ့နှင့်ပတ်သက်၍ အနောက်တိုင်း ဝေဖန်သုံးသပ်သူများက တရုတ်သြဇာအောက်တွင် ဖွဲ့စည်းသော အဖွဲ့အစည်းဟု၎င်း အနောက်တိုင်းနှင့်နီးစပ်သည့် UNFC မှ အဖွဲ့များကို ဆွဲထုတ်လိုက်သည့် လုပ်ဆောင်ချက်ဟု ကြည့်မြင်ကြသည်။

မြောက်ပိုင်း ၇ ဖွဲ့သည် တပ်မတော်နှင့် စစ်ရေးပဋိပက္ခ ပြင်းထန်နေစဉ်တွင် နယ်မြေချင်းဆက်စပ်နေသည့်အဖွဲ့များ၊ NCA နဲ့ပတ်သက်၍ မကျေလည်သည့် အဖွဲ့များစုစည်းမိခြင်းဖြစ်သကဲ့သို့ တရုတ်တို့နှင့် နီးနီးစပ်စပ် ဆက်စပ်နေသည်ကတော့ အမှန်ပင်ဖြစ်သည်။ FPNCC သည် နိုင်ငံရေးမဟာမိတ်သာဖြစ်ပြီး စစ်ရေးမဟာမိတ်မဟုတ်ဟု ဆိုသော်လည်း မြောက်ပိုင်း ၄ ဖွဲ့မှာ စစ်ရေးအရ ပူးတွဲတိုက်ခိုက်နေပြီး UWSA နှင့်မူ စစ်လက်နက်ခဲယမ်း ရယူမှု နှင့် ဆက်စပ်ပတ်သက်မှု ရှိသည်ဟု အကဲခတ်များက သုံးသပ်ကြပါသည်။

FPNCC သည် တပ်ပေါင်းစု တရပ်အနေနှင့် ရပ်တည်ပြီး NCA မဟုတ်သည့် လမ်းကြောင်းဖြင့် အစိုးရနှင့် ဆွေးနွေးသွားမည် ဆိုသော်လည်း ၂၀၁၇ ခုနှစ် နှစ်လည်တွင် ကျင်းပသည့် ဒုတိယ ပင်လုံတွင် FPNCC အနေနှင့် မဟုတ်သော်လည်း တဖွဲ့ချင်း ဖိတ်ကြားသော်လည်း တက်ရောက်ခဲ့ရသည်။ ၎င်းကဲ့သို့ တက်ရောက်ရခြင်းမှာ တရုတ်၏ တိုက်တွန်းမှုထက် ပိုသော ဖိအားပေးမှု ကြောင့်ဟု အကဲခတ်များက ဆိုကြသည်။ တဖက်ကလည်း တရုတ်တို့သည် အစိုးရနှင့်ညှိနှိုင်းပြီး NRPC မှ ၇ ဖွဲ့လုံးသို့ တဖွဲ့ချင်းစီ ဖိတ်စာအား ယူဆောင်ပေးနိုင်ခဲ့သည်။

တတိယပင်လုံနှင့် တရုတ်၏ပါဝင်မှု

၂၀၁၈ ခုနှစ် နှစ်ဆန်းပိုင်း တရုတ်မြန်မာနယ်စပ်တွင် တိုက်ပွဲများဖြစ်ပွါးလာပြီးနောက် အထူးသဖြင့် မူစယ်တိုက်ပွဲပြီးနောက် တရုတ်သည် မြောက်ပိုင်း နယ်စပ်အရေးတွင် ပို၍ တက်ကြွစွာ ပါဝင်လာသည်ကို တွေ့ရသည်။ နယ်စပ်တွင် တိုက်ပွဲများ ရပ်တန့်ရန် တပ်မတော်အားလည်း ဆွေးနွေးပြောဆိုမှုများ ရှိခဲ့သကဲ့သို့ မြောက်ပိုင်း ၇ ဖွဲ့အား တိုက်ပွဲများရပ်တန့်ရန် ဖိအားပေးတောင်းဆိုလာခဲ့သည်။ တရုတ်တို့အနေနှင့် နယ်စပ်တွင် တိုက်ပွဲများ ဖြစ်ပွါးသည်ကို မတွေ့မြင်ကြောင်း ပြန်ဖြစ်လာလျင် တိတိကျကျ တုန့်ပြန်မည်ဖြစ်သည်ဟု ပြောဆိုလာသည်ကို တွေ့ရပေသည်။

တချိန်တည်းတွင် မြောက်ပိုင်းအဖွဲ့များနှင့်၎င်း အစိုးရ၊ တပ်မတော်တို့နှင့်၎င်း ညှိနှိုင်းမှုများ ပြုလုပ်လာခဲ့ပြီး တတိယအကြိမ် ၂၁ ရာစုပင်လုံညီလာခံသို့ မြောက်ပိုင်းအဖွဲ့များ လျောလျောလျူလျူ တက်ရောက်လာခဲ့ကြသည်။ တဆက်တည်းတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဒုကာကွယ်ရေးဦးစီးချုပ်တို့သည် မြောက်ပိုင်းအဖွဲ့များကို  ၂ ဖွဲ့၍ တွေ့ဆုံခဲ့သည်ကို တွေ့ရသည်။ မြောက်ပိုင်းအဖွဲ့များသည် ၇ ဖွဲ့လုံး တွေ့ရေးကို ဦးစွာရပ်ခံခဲ့သော်လည်း နောက်ဆုံးတွင် နှစ်ဖွဲ့ခွဲ၍ တွေ့သည်ကို လက်ခံခဲ့ရသည်မှာ တရုတ်၏ ပါဝင်ပတ်သက်မှုကြောင့်ဟု ဆိုနိုင်သည်။

တတိယအကြိမ် ၂၁ ရာစုပင်လုံတွင် တရုတ်သံအမတ်ကြီး မစ္စတာဟုန်လျံ နှင့် အာရှရေးရာအထူးသံတမန် မစ္စတာဆွန်ကော့ရှန် စသည့် သံတမန် နှစ်ဦးနှင့် အဖွဲ့ဝင် ၅၀ နီးပါးခန့်ဖြင့် အင်ပြည့်အားပြည့် ပါဝင်ဆောင်ရွက်သွားသည်ကို တွေ့ရသည်။ တဖက်ကလည်း မြောက်ပိုင်း ၇ ဖွဲ့၏ နေထိုင်စားသောက်ရေး ၊ သွားလာရေး၊ လုံခြုံရေးတို့ကို တရုတ်တို့က အပြည့်အဝ ကောင်းမွန်စွာ တာဝန်ယူထားပြီး တဖက်ကလည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် မြောက်ပိုင်းအဖွဲ့များပါဝင်ရေး အတွက် တွန်းအားပေးနေခဲ့သည်။

တရုတ်တို့ မြန်မာငြိမ်းချမ်းရေးဖြစ်စဉ်တွင် တက်ကြွစွာပါဝင်လာသည်မှာ တရုတ်တို့၏ OBOR အကျိုးစီးပွါးကြောင့်ဖြစ်သည် ဆိုသည်ကို ရှင်းလင်းစွာ မြင်နိုင်သည်။ လက်ရှိအချိန်တွင် တရုတ်တို့၏သဘောထားမှာ မြောက်ပိုင်း ၇ ဖွဲ့အား NCA ထိုးရန် တောင်းဆိုထားပြီး ကျန်ပြသနာများကို နိုင်ငံရေးဆွေးနွေးပွဲတွင် ဖြေရှင်းကြရန် လိုလားသည်။ နယ်စပ်တလျောက် တိုက်ပွဲများဖြစ်ပွါးပြီး OBOR ထိခိုက်သည်ကို တရုတ်တို့ လက်ခံနိုင်မည် မဟုတ်သကဲ့သို့ မြောက်ပိုင်းအဖွဲ့များ NCA မထိုးဘဲ ဆန့်ကျင်သည့်ကိစ္စအား တရုတ်အနေနှင့် လက်ခံမည်မဟုတ်ဟု တရုတ်တို့က အတိအလင်း ဆိုပါသည်။

တရုတ်တို့၏ လှုပ်ရှားမှုမှ တွေ့ရသည်မှာ မြောက်ပိုင်းအဖွဲ့များ NCA လက်မှတ်ရေးထိုးရေးအား ၂၀၁၈ ခုနှစ် နှစ်မကုန်မီ မျှော်မှန်းဆောင်ရွက် သွားလိုပုံရသည်။ တရုတ်သမတရှီကျင့်ပင်သည် OBOR နှင့်ပတ်သက်၍ MOU လက်မှတ်ရေးထိုးရန် ယခုနှစ်ကုန်ပိုင်းတွင် မြန်မာပြည်သို့ လာရောက်မည်ဟု သတင်းများထွက်ပေါ်နေရာ ထိုကာလနှင့် တပြိုင်ထဲ ပြီးမြောက်အောင် စဉ်းစားထားပုံရသည်။ မြောက်ပိုင်းဒေသ နယ်စပ်တလျောက် ငြိမ်းချမ်းရေးအားလည်း ၃ နှစ်အတွင်း ပြီးစီးအောင် ဆောင်ရွက်ခါ ၎င်းတို့၏ OBOR စီမံကိန်းနှင့် ချိန်ကိုက် အကောင်အထည်ဖော်ရန် ရည်ရွယ်ထားသည်ဟု ခန့်မှန်းသုံးသပ် ရသည်။ တပ်မတော် ကာချုပ်မိန့်ခွန်းပါ နိုင်ငံရေးဆွေးနွေးမှုများအား ၂၀၂၀ ခုနှစ်တွင် ပြီးပြတ်အောင် ဆောင်ရွက်သွားမည်ဆိုသည်နှင့် ချိန်သားကိုက်နေသည်ဟု ဆိုရပါမည်။ ဤသည်မှာ လက်ရှိ တရုတ်တို့၏ စဉ်းစားလှုပ်ရှားမှု ဟုဆိုရပါမည်။

ဤသို့လုပ်ဆောင်နေသည်အချိန်ကာလအတွင်း တွေ့ရသည်မှာ တရုတ်တို့အနေနှင့် မြောက်ပိုင်းအဖွဲ့များ၏ ငြိမ်းချမ်းရေးဖြစ်စဉ်တွင် အနောက်အုပ်စုမှ ပါဝင်ပတ်သက်ခြင်းအားလက်မခံကြောင်း အနောက်အုပ်စုပါဝင်ပတ်သက်ပါက ရှုပ်ထွေးမှုများ ဖြစ်လာနိုင်သည်ဟု ဆိုသည်။ ဤသို့ကြည့်မြင်ခြင်းမှာ အခြားပယောဂများကြောင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် မထိခိုက်ရန် စဉ်းစားသည်ဟုဆိုနိုင်သော်လည်း ထိုအခြေခံပေါ်မှ အနောက်တိုင်းမှအဖွဲ့အစည်း များနှင့်ဆက်ဆံခြင်း၊ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူး၏အထူး ကိုယ်စားလည်နှင့် မြောက်ပိုင်းမှအဖွဲ့ တွေ့ဆုံခြင်းတို့အား ကန့်သတ်ခြင်းများ တွေ့မြင် နေရပေရာ ထိုဆောင်ရွက်ချက်သည် သင့်လျော်သည့် ဆောင်ရွက်ချက် ဖြစ်မည်မဟုတ်ပေ။ တရုတ်တနိုင်ငံထဲနှင့် ဆက်ဆံနေသည့် မြောက်ကိုးရီယားသည်ပင် ၎င်းနိုင်ငံပြဿနာဖြေရှင်းနိုင်ရန် အမေရိကန်နှင့် တွေ့ဆုံဆွေးနွေးနေရသည့်ချိန်တွင် မြောက်ပိုင်းအဖွဲ့များအနေနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွင်း တရုတ်နှင့်သာ ဆက်ဆံရမည်ဆိုသည့် အချက် သဘာဝမကျပေ။

တတိယပင်လုံညီလာခံကာလအတွင်း တရုတ်သံတမန်နှင့် မြောက်ပိုင်း ၇ ဖွဲ့မှ ခေါင်းဆောင်အချို့  သမတရှီကျင့်ပင်၏ စာအုပ်အား ကိုယ်စီကိုင်၍ မှတ်တမ်းတင် ဓါတ်ပုံရိုက်ထားသည်ကို တွေ့ရသည်။ တရုတ်သံတမန်က စာအုပ်လက်ဆောင်ပေးသည်ကို ဓါတ်ပုံရိုက်ထားပုံရသည်။ လွန်ခဲ့သော နှစ် ၅၀ ကလည်း မော်စီတုန်းစာအုပ်နီလေးများ ကိုင်ထားသော ဗမာပြည်ကွန်မြူနစ်ပါတီအား တရုတ်တို့ ကူညီခဲ့ဘူးသည်။ အောင်မြင်မှု မရခဲ့ပေ။ မော်စီတုန်းသည်၎င်း ရှီကျင့်ပင်သည်၎င်း တရုတ်ပြည်၏ခေါင်းဆောင်ကောင်းများဖြစ်သည်မှာ အငြင်းပွါးဖွယ် မရှိပေ။ သို့သော် မတူညီသော နိုင်ငံများကြား လုပ်ဆောင်ချက်များအား ပုံတူကူးချ၍ မရပေ။ သီးခြားလက္ခဏာနှင့် ထူးခြားချက်များကို သုံးသပ်ဆောင်ရွက်ရန် လိုအပ်ပါသည်။ သို့မဟုတ်ပါက ဖိနပ်နှင့် တော်အောင် ဖနောင့်လှီးသကဲ့သို့ အောင်မြင်မှု ရမည်မဟုတ်ပေ။

တရုတ်တို့၏ မြန်မာ့ပြည်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်ခြင်းမှာ OBOR အကျိုးစီးပွါးအတွက် နယ်စပ်ဒေသတည်ငြိမ်ရေး အတွက် ဖြစ်သည်။ သို့ဖြစ်ရာ စေ့စပ်ညှိနှိုင်းသူအဖြစ် တရုတ်တို့ပါဝင်မှုအား ငြင်းပယ်ရန် မရှိသော်လည်း တရုတ်တို့အနေနှင့် ငြိမ်းချမ်းရေးရရှိရန် လိုအပ်သည့် မြန်မာ့ပြည်၏ပကတိ အခြေအနေ၊ တိုင်းရင်းသားလူမျိုးများ၏ ဆန္ဒသဘောထားနှင့် ရှည်ကြာသောသမိုင်းဇစ်မြစ်များအား နားလည်အောင် အားထုတ်ရန်  လိုအပ်သကဲ့သို့ မြန်မာပြည်ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တွင် ပါဝင်သည့် အစုအဖွဲ့အသီးသီးမှ stakeholders များ၏ အမြင်များကို အလေးထားရန်လိုသည်။

တရုတ်တို့သည် စေ့စပ်သူညှိနှိုင်းသူ အခန်းကဏ္ဏမှ ပါဝင်ပါက လက်မခံနိုင်စရာ မရှိပေ။  စေ့စပ်ညှိနှိုင်းသူဆိုသည်မှာ မိမိလိုချင်သည့်ရလဒ်အတွက် ပုံဖေါ်သူသက်သက်မဟုတ်ဆိုသည်ကို ဂရုပြုရန် လိုအပ်သည်။ နှစ်ဘက်စလုံး၏အမြင်သဘောထားများကို သေချာစွာ ဂရုပြု နားထောင်ရန်လိုအပ်သည်။ မိမိအကျိုးစီးပွါးအခြေခံပေါ်မှ မိမိလိုချင်သည့်ရလဒ် အမြန်ထွက် စေရန်  မလိုလားအပ်သည့် ဖိအားပေးမှုများ ပြုလုပ်ပါက ဆိုးကျိုးများ ထွက်ပေါ်လာ နိုင်ပါသည်ကို သတိပြုရန် လိုအပ်ပါသည်။

မည်သို့ပင်ဖြစ်စေ တရုတ်မြန်မာ နယ်စပ်တည်ငြိမ်ရေးအတွက် အပစ်ရပ်ရေးနှင့် နိုင်ငံရေးဆွေးနွေးမှု များတွင် တလျောက်လုံးငြင်းပယ်ခဲ့သော TNLA/AA/MNDAA အဖွဲ့ ၃ ဖွဲ့ ပါဝင်ရေးကို တရုတ်တို့ ရပ်ခံခဲ့ခြင်းသည် ထိုအဖွဲ့ ၃ ဖွဲ့အတွက်သာမက မြန်မာပြည်ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် အားလုံးပါဝင်ရေး ရပ်ခံချက်အတွက် အထောက်အကူဖြစ်စေခဲ့သည်ကတော့ ငြင်းပယ်ရန် မရှိပေ။

တပ်မတော်နှင့် မြောက်ပိုင်းအဖွဲ့များ

တတိယအကြိမ် ၂၁ ရာစုပင်လုံတက်ရောက်လာသော မြောက်ပိုင်း၇ ဖွဲ့အား ကာချုပ်နှင့် ဒုချုပ်တို့က အသီးသီးခွဲ၍ တွေ့ခဲ့ကြပါသည်။ အဖွင့်မိန့်ခွန်း၌ ကာချုပ်၏မိန့်ခွန်းသည် မူအရတင်းမာသည်ဟု ဝေဖန်မှု များရှိနေသော်လည်း မြောက်ပိုင်း ၇ ဖွဲ့နှင့်တွေ့ဆုံရာ တပ်မတော် ခေါင်းဆောင်များသည် ပျော့ပျောင်းမှု ရှိသည်ဟု မြောက်ပိုင်းအဖွဲ့များက ခံစားရပြီး တလျောက်လုံးအငြင်းခံခဲ့ရသော အဖွဲ့ ၃ ဖွဲ့အားလည်း လမ်းဖွင့်ပေးလာသည်ဟုဆိုပါသည်။ UWSA ခေါင်းဆောင် ၂ ဦး ဆေးရုံတက်ရချိန်တွင်လည်း တပ်မတော်ခေါင်းဆောင်က နွေးထွေးမှု ပြခဲ့သည်ဟုဆိုရမည်။

သို့ဖြစ်ရာ တတိယ ၂၁ ရာစုပင်လုံညီလာခံသို့ မြောက်ပိုင်းအဖွဲ့များ လာရောက်ခြင်းသည် ဒုတိယအကြိမ်ထက် ပို၍တိုးတက်မှု ရှိသည်ဟု ဆိုရပါမည်။ ဆက်လက်ဆွေးနွေးရန် လမ်းပွင့်သွားခဲ့ပြီး အခိုင်အမာဆွေးနွေးကြရာတွင် အလျော့အတင်းပြုလုပ်ပြီး သဘောတူညီမှု ရယူနိုင်ရန်သာ လိုအပ်နေပေတော့သည်။ သို့သော်လည်း ငြိမ်းချမ်းရေးအတွက်လမ်းဖွင့်သည့် တပ်မတော်ခေါင်းဆောင်တို့၏သဘောထားသည် အောက်ခြေပိုင်းအထိ ရောက်ရှိရန် လိုအပ်ပေသည်။

မြောက်ပိုင်း ၇ ဖွဲ့ အလားအလာ

မြောက်ပိုင်းအဖွဲ့များအနေနှင့် ယခုအကြိမ်လာရောက်ရာတွင် ဒုတိယအကြိမ် ပင်လုံလာစဉ်ကထက် နှိုင်းစာလျှင် အစိုးရ၊ တပ်မတော်နှင့် PC မှ တာဝန်ရှိသူများ၏ ပျော့ပြောင်းနွေးထွေးစွာ ကြိုဆိုခြင်းခံရသည်ဟု သဘောထားကြပါသည်။ သို့သော် ဆက်လက်တွေ့ဆုံများ ပြုလုပ်၍ လမ်းကြောင်းရှာဖွေသွားရန် လိုအပ်သည်ဟု KIA မှ ဗိုလ်ချုပ် ဂွမ်မော်က ဆိုပါသည်။ PC မှ တာဝန်ရှိသူများကလည်း တတိယပင်လုံပြီးပါက အမြန်ဆုံး ဆက်လက်တွေ့ ဆုံသွားမည်ဟု ဆိုကြပါသည်။

သို့သော် ကျော်လွှားရမည့် ဆွေးနွေးဖြေရှင်းရမည့် ပြသနာများရှိပါသေး သည်။ ပထမ ပြသနာမှာ NCA လက်မှတ်ထိုးရေး ဖြစ်သည်။ မြောက်ပိုင်း ၇ ဖွဲ့အနေနှင့် မူလဖွဲ့စည်းစဉ်က NCA လမ်းကြောင်းမဟုတ်ဘဲ သီးခြားလမ်းကြောင်းက သွားမည်ဟုဆိုထားခဲ့သော်လည်း အစိုးရနှင့်တပ်မတော်က NCA ကိုသာ ရပ်ခံထားခြင်း၊ တရုတ်ကလည်း NCA လက်မှတ်ရေးထိုးရန် ၂၀၁၆ ခုနှစ်မှစ၍ တောက်လျောက် တိုက်တွန်းလာခြင်းတို့ကြောင့် NCA သည် မရှောင်မလွှဲသာ စမှတ်တခုအဖြစ် စဉ်းစားရသည့်အခြေသို့ဆိုက်ရောက်နေပေသည်။

KIA/SSPP/TNLA/AA/MNDAA တို့သည် မူလ EAOs ညီလာခံများ တွင် ပါဝင်ခဲ့ကြပြီး UNFC အဖွဲ့ဝင်ဟောင်းများဖြစ်ကြရာ NCA သည် ၎င်းတို့နှင့်မစိမ်းခဲ့ပေ။ NCA နှင့် ပတ်သက်၍ အကြိမ်ကြိမ်ဆွေးနွေးခဲ့ဖူးသူများဖြစ်သည့်ပြင် ၂၀၁၅ စက်တင်ဘာ ၉ ရက်နေ့က ဦးသိန်းစိန်နှင့်တွေ့ဆုံစဉ် အားလုံးပါဝင်ရေးကို ရပ်ခံခဲ့ကြပြီး TNLA/MNDAA/AA  အဖွဲ့ ၃ ဖွဲ့ကိုသာ ထိုစဉ်က လက်ခံခဲ့ပါက NCA လက်မှတ်ရေးထိုးခဲ့ကြပြီးဖြစ်သည်။ ထိုအဖွဲ့ ၅ ဖွဲ့အနေနှင့် NCA သည် စိမ်းလှသည် မဟုတ်ပေ။

NCA ထိုးရန်မလိုဟု မူလကထဲက ရပ်ခံခဲ့သည့် အဖွဲ့ ၂ ဖွဲ့မှာ UWSA နှင့် NDAA တို့ဖြစ်သည်။ ဦးသိန်းစိန်အစိုးရလက်ထက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အားနည်းချက်တခုမှာ NCA နှင့်ပတ်သက်၍ အဆိုပါ အဖွဲ့နှစ်ဖွဲ့ သီးခြားဆွေးနွေးခဲ့ခြင်းလည်း မရှိ၊ အခြား EAOs များနှင့်အတူလည်း ဆွေးနွေးခဲ့ခြင်းမရှိဘဲ အခြား EAOs များနှင့် ဆွေးနွေးပြီး NCA ရလဒ် ထွက်လာမှ ထိုနှစ်ဖွဲ့အား NCA လက်မှတ်သွားထိုးခိုင်းခဲ့ခြင်းဖြစ်သည်။

သို့သော်လည်း တရုတ်၏ ဆက်တိုက် ဖိအားပေး တိုက်တွန်းမှု များကြောင့် ၂၀၁၈ ခုနှစ်အစောပိုင်း PC မှ တာဝန်ရှိသူများနှင့် UWSA တာဝန်ရှိသူများတွေ့ဆုံရာတွင် NCA နှင့် ပတ်သက်၍ UWSA က သဘောထားပြောင်းလဲ ဖေါ်ပြခဲ့သည်ကို တွေ့ရသည်။ ထိုသဘောထားကို တတိယညီလာခံတွင် UWSA က စာဖြင့် အတည်ပြု ထုတ်ပြန်ခဲ့သည်ကို တွေ့ရသည်။ ထိုသဘောထားမှာ NCA အား ပြင်ဆင်ခွင့်နှင့် သဘောမကျပါက NCA မှ နှုတ်ထွက်ခွင့်ရှိပါက NCA လက်မှတ်ထိုးရေးကို UWSA က စဉ်းစားပေးမည်ဆိုခြင်းဖြစ်သည်။ အဆိုပါ သဘောထားနှင့် ပတ်သက်၍ အစိုးရတာဝန်ရှိသူများက ဆက်လက်ညှိနှိုင်း၍ ရနိုင်ကြောင်း မှတ်ချက်ပြုထားပါသည်။

သို့သော် NCA ပါ သဘောတူညီချက်များ ချို့ယွင်းချက်ရှိနေ၍ စစ်ပွဲမျာ းဆက်လက် ဖြစ်ပွါးနေရခြင်းဖြစ်ကြောင်း၊ နိုင်ငံရေး ဆွေးနွေးမှု မူဘောင်မှာလည်း ချို့ယွင်းချက်ရှိနေ၍ အရေးကြီးသော နိုင်ငံရေးပုဒ်မတိုင်း သဘောတူညီချက် မရကြကြောင်းနှင့် မြန်မာပြည်မြောက်ပိုင်း စစ်မရပ်တန့်နိုင်ခြင်းမှာ TNLA/AA/MNDAA အဖွဲ့ ၃ ဖွဲ့ကို အသိအမှတ်မပြုဘဲ စစ်ရေးအရ အပြုတ်တိုက်ရေးလမ်းစဉ် ကိုင်စွဲထား၍ဖြစ်ကြောင်း တတိယပင်လုံညီလာခံကာလအတွင်း  ၂၀၁၈ ခုနှစ် ဇူလိုင်လ ၁၁  ရက်စွဲနှင့် ထုတ်ပြန်သော UWSA ၏ ဆွေးနွေးတင်ပြချက်တွင် ဖေါ်ပြထားပါသည်။

မည်သို့ပင်ဖြစ်စေ UWSA အနေနှင့် NCA လက်မှတ်ရေးထိုးရေးကို စဉ်းစားသည့် အခြေအနေရှိသည်ကို တွေ့ရှိရသည်။ NDAA မှာ မူလကတည်းက ပျော့ပြောင်းသော သဘောထားရှိသည့်အဖွဲ့ဖြစ်ပြီး စစ်ရေးအရ တပ်မတော်နှင့် UWSA ကြားတွင် ရပ်တည်နေသောဒေသလည်း ဖြစ်သည်။ UWSA အဖွဲ့ NCA လက်မှတ်ရေးထိုးပါက NDAA အဖွဲ့အနေနှင့် NCA လက်မှတ်ရေးထိုးရန် ခက်ခဲမည်မဟုတ်ပေ။ သို့ဖြစ်ရာ တတိယအကြိမ် ပင်လုံညီလာခံနောက်ပိုင်း မြောက်ပိုင်း ၇ ဖွဲ့ NCA လက်မှတ်ရေးထိုးပြီး နိုင်ငံရေးဆွေးနွေးပွဲတွင် ပါဝင်ရေးသည် မဖြစ်နိုင်သော အရာတော့မဟုတ်ပေ။ တရုတ်၏ကြားဝင်မှု ၊ တွန်းအားပေးမှုများအောက်တွင် ညှိနှိုင်း၍ရသောအရာ ဖြစ်လာသည်။ လက်တွေ့ညှိနှိုင်းကြရန်သာလိုအပ်ပါသည်။

ဒုတိယပြသနာမှာ TNLA/MNDAA/AA အဖွဲ့ ၃ ဖွဲ့ပြဿနာ ဖြစ်ပါသည်။ အဆိုပါ ၃ ဖွဲ့အား ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွင်း တရားဝင်အဆင့်နေရာအား အသိမှတ်ပြု ခြင်းဖြစ်သည်။ တတိယ ၂၁ ရာစုပင်လုံတွင် ဒုကာချုပ်နှင့် တွေ့ဆုံရာတွင် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် ပါဝင်ရန် လမ်းဖွင့်ထားသည်ဟု ဆိုခဲ့သည်။ ထို့အတူ PC မှ တာဝန်ရှိသူများက အဆိုပါ ၃ ဖွဲ့အား NCA လက်မှတ်ရေးထိုးပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်ရန် သဘောထားရှိပြီးဟု ဆိုသည်။ သို့သော် တရားဝင်အတည်ပြု ထုတ်ပြန်ခြင်းတော့ မရှိသေးပါ။ တရားဝင်မှု လိုအပ်နေပါသေးသည်။

ထိုသုံးဖွဲ့နှင့် ပတ်သက်သည့်သဘောထားမှာ ထိုသုံးဖွဲ့အနေနှင့် “လက်နက်ကိုင်တော်လှန်ရေး စွန့်လွှတ်ကြောင်း” ကြေညာချက် ထုတ်ပြန်ပေးရမည်။ ထိုသို့ ထုတ်ပြန်ပြီးနောက် အစိုးရနှင့် ထို ၃ ဖွဲ့တို့ bilateral ထိုးမည်။ ပြီးလျှင် NCA လက်မှတ်ရေးထိုးခွင့်ပြု မည်ဟု ဆိုသည်။ ထိုသဘောထားကို ၂၀၁၆ ခုနှစ် ထို ၃ ဖွဲနှင့် PC တွေ့ခဲ့စဉ်ကလည်း တကြိမ်ဖေါ်ပြပြီးဖြစ်သည်။ ထိုစဉ်ကလည်း ထိုအသုံးအနှုံးကို လက်မခံ၍ ပထမအကြိမ် ညီလာခံဖိတ်ကြားမည့် အစီအစဉ် ပျက်ခဲ့ဖူးသည်။ ဤဝေါဟာရနှင့် ပတ်သက်၍ နှစ်ဖက်လက်ခံနိုင်သည့် အသုံးအနှုံးကို ရှာဖွေညှိနှိုင်းရန် လိုသည်။ ဤအချက်မှာ ဝေါဟာရစကားလုံး သက်သက်ပြသနာမဟုတ်၊ မူဝါဆိုင်ရာပြသနာလည်း ဖြစ်နေသည်။ တိုင်းရင်းသားများက ” လက်နက်ကိုင်ပဋိပက္ခကို နိုင်ငံရေးနည်းလမ်းနှင့် ဖြေရှင်းသွားမည်” ဆိုသော ဝေါဟာရကို လိုလားကြပုံရသည်။

ဤအချင်းအရာနှင့်ဆက်နွှယ်၍ PSLF/TNLA  ဒုဥက္ကဋ္ဌ တာခူးလန်က ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံရာတွင် ဒေါ်အောင်ဆန်းစုကြည်က ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အား NCA လက်မှတ်ရေးထိုးပြီး သတ္တိရှိရှိဝင်ရောက်ရန် တိုက်တွန်းခြင်းနှင့် ပတ်သက်ပြီး ၎င်းတို့ တအာင်းများအနေနှင် သတ္တိရှိခဲ့ပြီဖြစ်ကြောင်း၊ လက်နက်စွန့်လွှတ်ပါက မိမိတအာင်းဒေသဖွံ့ဖြိုးရေးနှင့် လုံခြုံရေးအား အစိုးရက တာဝန်ယူမည်ဆို၍ ၂၀၀၅ ခုနှစ်က လက်နက်စွန့်လွှတ်ခဲ့ပြီ ဖြစ်ကြောင်း၊ သို့သော် မိမိတို့  တအာင်းများ လက်နက်စွန့်ပြီးနောက် ဒေသတွင်းလုံခြုံရေး ကင်းမဲ့လာသည့်ပြင် မူးယစ်ဆေးဝါးရောင်းဝယ်ခြင်းများ အများအပြားဖြစ်လာပြီး ဒေသခံတအာင်းမိသားစုများ မူးယစ်ဆေးစွဲပြီး ပျက်စီးမှုများကြုံလာခြင်း၊ ဒေသလုံခြုံရေးအတွက် လက်နက် ၄၀၀ ပြန်လည်ထုတ်ပေးရန် တင်ပြတောင်းဆိုခဲ့သော်လည်း ခွင့်ပြုခြင်း မရှိခဲ့ကြောင်း၊ ဒေသတွင်းဖွံ့ဖြိုးရေးများလည်း လုပ်ဆောင်ပေးခြင်း မရှိ၊ လမ်းတမိုင် မဆိုထားနှင့် တထွာပင် ဖေါက်မပေးသည့်အခြေအနေတွင် မိမိတို့ တအာင်းများ ပြန်လည်လက်နက်ကိုင်ခဲ့ရသည်ဟု ဆိုခဲ့ပါသည်။

ထိုသို့သော အခြေအနေအောက်တွင် ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွင်း အားလုံး ပါဝင်နိုင်ရေးအတွက် လမ်းစရှာနေဆဲမှာပင် စိတ်မကောင်းစရာ သတင်းတပုဒ်ပေါ်ထွက်လာသည်။ ၎င်းမှာ TNLA တပ်ဖွဲ့မှ အမျိုးသမီးဆေးမှူး ၆ ဦးအား တပ်မတော် စစ်ကြောင်းတခုမှ ၂၀၁၈ ခုနှစ် ဇူလိုင်လ ၁၁ ရက်နေ့က ဖမ်းမိပြီးနောက် သတ်ဖြတ်ခဲ့ကြောင်း ၂၀၁၈ ခုနှစ် ဇူလိုင်လ ၁၆ ရက် နေ့ည ၈ နာရီတွင် TNLA သတင်းပြန်ကြားရေးက သတင်းထုတ်ပြန်ခဲ့သည်ကို တွေ့ရသည်။ စစ်မြေပြင်တွင် တိုက်ပွဲ ပြင်းထန်စွာဖြစ်ပွါးပြီး သေဆုံးခဲ့ကြလျင် သီးခြား ပြောစရာရှိမည် မဟုတ်သော်လည်း ဖမ်းမိပြီးမှ အသတ်ခံရသည်ဆိုပါက ကျင့်ဝတ်ပြသနာဖြစ်ပြီး လက်ခံနိုင်ဘွယ် မရှိပေ။ တပ်မတော်ဘက်ကမူ အဆိုပါဖြစ်ရပ်နှင့်ပတ်သက်၍ တိုက်ပွဲတွင် အသေရမိခြင်းဖြစ်သည်ဟု သတင်းထုတ်ပြန်ပါသည်။ မည်သို့ပင်ဖြစ်စေ ဤကိစ္စသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အား ထိခိုက်နိုင်သည်ဖြစ်၍ သေချာစွာ စုံစမ်းစစ်ဆေး၍ အမှန်အတိုင်း ဖြစ်စေရန် လိုအပ်သည်။

၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၁၉ ရက်တွင် KNPP မှ ရဲဘော် ၃ ဦးနှင့်အရပ်သား တဦး သတ်ဖြတ်ခံခဲ့ရသည့် ဖြစ်ရပ်ပေါ်ပေါက် လာခဲ့ရာ ယနေ့တိုင်ဖြေရှင်းနေရဆဲဖြစ်သည်။ UNFC နှင့် NCA လက်မှတ်ရေးထိုးရေးဆွေးနွေးစဉ် ပြသနာ ဖြစ်ပွါးခဲ့ခြင်းဖြစ်ရာ KNPP ယနေ့တိုင် NCA လက်မှတ်မထိုးနိုင်သေးဘဲဖြစ်နေခြင်းသည် ထိုဖြစ်ရပ်ကလည်း အရေးပါသော အကြောင်းအချက်တခုဖြစ်ခဲ့သည်။ သို့ဖြစ်ရာ ငြိမ်းချမ်းရေးဆွေးနွေးစဉ် ကာလတွင်း၌ အောက်ခြေမှ ခြေလွန်လက်လွန်ပြု မူမှု များသည် ငြိမ်းချမ်းရေးကိုထိခိုက်နိုင်သည်ဖြစ်ရာ အထက်အဆင့်ဆင့်မှ ကြပ်မတ်ရန် လိုအပ်ပေသည်။ ထို့ပြင် ဖြစ်ရပ်များနှင့် ပတ်သက်၍ အမှန်အတိုင်းဖြစ်စေခြင်းသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အောင်မြင်ရေးအတွက် အရေးပါပါသည်။ ထို့အတူ ငြိမ်းချမ်းရေးနှင့်ပတ်သက်သည့် တပ်မတော်၏သဘောထားသည် အထက်ပိုင်းတွင်သာမက အောက်ခြေပိုင်းတွင်ပါ ဖေါ်ပြရန် လိုအပ်နေပါသည်။

တတိယပြဿနာမှာ အားလုံးအတူတကွ လက်မှတ်ရေးထိုးရေး ပြသနာဟုဆိုရပါမည်။  အစိုးရနှင့်တပ်မတော်ဘက်က လက်ရှိအချိန်ထိ FPNCC ကို အသိမှတ်မပြုပါ။ PC ကတာဝန်ရှိသူ၏အဆိုအရ  bilateral ထိုးထားသောအဖွဲ့ ၄ ဖွဲ့ဖြစ်သည့် KIA/SSPP/UWSA/NDAA တို့ကို NCA ထိုးရန် လက်ခံမည်ဟုဆိုသည်။ (သို့သော် KIA သည် bilateral အပြည့်အဝ မထိုးရသေးပါ)။ ကျန် ၃ ဖွဲ့မှာ ကြေညာချက် ထုတ်ပြန်ပြီးပါက bilateral အရင်ထိုးမည်။ ပြီးမှ NCA ထိုးခွင့်ပြု မည်ဟု ဆိုသည်။ မြောက်ပိုင်းအဖွဲ့များဖက်က ရပ်ခံမှု မှာ အားလုံးအတူတကွ ပါဝင်လက်မှတ်ရေးထိုးရေး ပါဝင်ဆွေးနွေးရေးဖြစ်သည်။ SSPP ဒုဥက္ကဌ စဝ်ခွန်ဆိုင်းက SSPP သည် အားလုံးပါဝင်ရေးမူကို ဆက်လက် ကိုင်စွဲထားဆဲဖြစ်ပြီး အားလုံးပါဝင်မှ NCA တွင် လက်မှတ်ရေးထိုးမည်ဟု ဆိုခဲ့ပါသည်။

တတိယအကြိမ် ၂၁ ရာစုပင်လုံကာလအတွင်း FPNCC သဘောထားအဖြစ် AA မှ ဒေါက်တာညိုထွန်းအောင်၏ ဆွေးနွေးတင်ပြချက် တစောင်ထုတ်ပြန်ရာတွင် FPNCC မှ အဖွဲ့အစည်းအသီးသီးသည် အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး စာချုပ်ချုပ်ဆိုပြီးနောက် နိုင်ငံရေးဆွေးနွေးမှုကို FPNCC အနေနှင့် ပြုလုပ်သွားမည်ဟု ဆိုထားသည်။ ဤနေရာတွင် FPNCC အဖွဲ့များသည် NCA ရေးထိုးရေးအား တပြိုင်တည်းလုပ်မည် မလုပ်မည်နှင့် ပတ်သက်၍ သဲကွဲခြင်း မရှိဟု ဆိုနိုင်သည်။

PC ကတော့ ၄ ဖွဲ့ နှင့် ၃ ဖွဲ့ ခွဲ၍ လုပ်ရန်ဖြစ်စေ ၊ UWSA/NDAA/SSPP/KIA တို့ထဲမှ တဖွဲ့ချင်းကို ခွဲထုတ်၍ဖြစ်စေ NCA ရေးထိုးစေရန်ဖြစ်စေ အားသန်ပြီး ယခုနှစ်ဆန်းကထဲက ထိုသို့ NCA လက်မှတ်ရေးထိုးလာစေရန် ကြိုးပမ်းနေသည်ကို တွေ့မြင်ရသည်။ သို့ဖြစ်ရာ မြောက်ပိုင်း ၇ ဖွဲ့ အတူတကွ NCA လက်မှတ်ရေးထိုးရေးဆိုသည်မှာလည်း ဆွေးနွေးဖြေရှင်းစရာ ပြဿနာတခုအဖြစ် ရှိနေဆဲဖြစ်သည်။

စတုတ္ထပြဿနာအဖြစ် ကျော်လွှားရမည့်အချက်မှာ မြောက်ပိုင်းအဖွဲ့က ညီလာခံအတွင်း တင်ပြထားခဲ့သည့် နိုင်ငံရေး ဆွေးနွေးမှု အပိုင်းတွင် FPNCC နှင့် ပြည်ထောင်စုအစိုးရတို့ တိုက်ရိုက်နိုင်ငံရေးဆွေးနွေးသည့်ပုံစံကို ပြုလုပ်သွားမည် ဆိုသည့်အချက်ဖြစ်သည်။ ထိုအချက်အရ မြောက်ပိုင်းအဖွဲ့များသည် အစိုးရနှင့် တိုက်ရိုက်နိုင်ငံရေး ဆွေးနွေးမည့်ပုံစံအား ဖေါ်ပြထားပြီး အစိုးရနှင့်တပ်မတော်ဘက်ကမူ NCA လက်မှတ်ရေးထိုးပြီးနောက် NCA အင်စတီကျူးရှင်းများဖြစ်သည့် UPDJC ၊ JMC ၊ JICM ၊ UPC တို့တွင် ပါဝင်ဆွေးနွေးရေးဖြစ်သည်။ သို့ဖြစ်ရာ ထိုအချက်အားလည်း ဆွေးနွေးဖြေရှင်းကျော်လွှားရန် လိုအပ်နေသည်ဟု ဆိုရပါမည်။

(မောင်မောင်စိုးသည် ဖက်ဒရယ်၊ တိုင်းရင်းသားရေးရာနှင့် နယ်စပ်ရေးရာများကို လေ့လာစမ်းစစ်သော သုတေသီတဦး ဖြစ်သည်။)

ဆက်စပ်ဖတ်ရှုရန်-  မြန်မာ-တရုတ် ကုန်သွယ်ရေးလမ်းမကြီး အခြေအနေ သုံးသပ်ချက် အပိုင်း – ၄

မြန်မာ-တရုတ် ကုန်သွယ်ရေးလမ်းမကြီး အခြေအနေ သုံးသပ်ချက် အပိုင်း – ၃

မြန်မာ-တရုတ် ကုန်သွယ်ရေးလမ်းမကြီး အခြေအနေ သုံးသပ်ချက် အပိုင်း – ၂

မြန်မာ-တရုတ် ကုန်သွယ်ရေးလမ်းမကြီး အခြေအနေ သုံးသပ်ချက် အပိုင်း – ၁

 

Your Thoughts …
Tags: မြန်မာ-တရုတ် ကုန်သွယ်ရေး
မောင်မောင်စိုး

မောင်မောင်စိုး

Contributor

Similar Picks:

TNLA သည် မူစယ်-မန္တလေးကားလမ်းတလျှောက်တွင် အများဆုံးစိုးမိုးလှုပ်ရှားနိုင်သောတပ်ဖွဲ့ဖြစ်သည် / ဧရာဝတီ

မြန်မာ-တရုတ် ကုန်သွယ်ရေးလမ်းမကြီး အခြေအနေ သုံးသပ်ချက် အပိုင်း – ၃

by မောင်မောင်စိုး
30 April 2019
20.5k

လမ်းလုံခြုံရေးနှင့် ပတ်သက်လျင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို မုချ ထည့်သွင်းစဉ်းစားရန် လိုအပ်ပါမည်။

ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးနှင့် မန္တလေးကြား လမ်းပိုင်း / ဧရာဝတီ

မြန်မာ-တရုတ် ကုန်သွယ်ရေးလမ်းမကြီး အခြေအနေ သုံးသပ်ချက် အပိုင်း – ၁

by မောင်မောင်စိုး
24 April 2019
13.1k

မြေသိမ်းယာသိမ်းမှုသည် လက်ရှိမြန်မာပြည်တွင် လူထု မကျေနပ်ဆုံး အမှုအခင်းပြဿနာဖြစ်သည်။

လက်ရှိ မူဆယ်-မန္တလေးလမ်းအား  ၄ လမ်းသွား လမ်းမအဖြစ် မြှင့်တင်ဖောက်လုပ်ပါက လာမည့်နှစ်ကာလအချို့အထိ အဆင်ပြေစွာ သွားလာနိုင်မည်

မြန်မာ-တရုတ် ကုန်သွယ်ရေးလမ်းမကြီး အခြေအနေ သုံးသပ်ချက် အပိုင်း – ၂

by မောင်မောင်စိုး
25 April 2019
7.2k

လက်ရှိ မန္တလေး-မူဆယ်လမ်းအား အဆင့်မြှင့်ပြီး အသုံးပြု သွားမည်ဆိုပါက ဆောင်းပါးပါ အချက်အလက်များကို မဖြစ်မနေ ထည့်သွင်းစဉ်းစားရန် လိုအပ်သည်။

ချဲ့ထွင်နေသော မူစယ်- မန္တလေး ကားလမ်းပိုင်းတနေရာ / ဇော်ဇော်

မြန်မာ-တရုတ် ကုန်သွယ်ရေးလမ်းမကြီး အခြေအနေ သုံးသပ်ချက် အပိုင်း – ၄

by မောင်မောင်စိုး
7 May 2019
12.1k

လမ်းတိုးချဲ့ဖေါက်လုပ်ရာတွင် ဂရုပြုရမည့် တပိုင်းမှာ လက်တွေ့လမ်းဖေါက်လုပ်ရာတွင် ရင်ဆိုင်ရမည့်အချက်များဖြစ်ပြီး နောက်တပိုင်းမှာ နိုင်ငံရေးပြသနာများဖြစ်သည်။

Next Post
ပြင်သစ်နိုင်ငံ ပါရီမြို့ရောက် တရုတ်ခရီးသွားမျာ / South China Morning Post

ကုန်သွယ်ရေးစစ်ကြောင့် တရုတ်ခရီးသွား အမေရိကန်သို့ လာရောက်မှု နည်းပါး

"Batman" သရုပ်ဆောင်အဖြစ် မင်းသား Robert Pattinson

"Batman" သရုပ်ဆောင်အဖြစ် မင်းသား Robert Pattinson ကို ရွေးချယ်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

4 days ago
7k
တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

2 days ago
6.6k

Most Read

  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0
  • အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    shares
    Share 0 Tweet 0
  • မျက်ရည်ကျရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး

    shares
    Share 0 Tweet 0
  • မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

    shares
    Share 0 Tweet 0
  • ငလျင်နောက်ပိုင်း မန္တလေးအိမ်ငှားဈေး ၃၀ ရာခိုင်နှုန်းတက်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate