တောင်စွယ်တောင်တန်းတွေ ဝန်းရံကွယ်ကာထားတဲ့ တရုတ်-မြန်မာနယ်စပ်၊ ရှမ်းပြည်နယ်၊ အရှေ့ပိုင်းဒေသထဲ က မိုင်းလားမြို့ကို နိုင်ငံတကာ သတင်းစာမျက်နှာတွေမှာ ဖော်ပြတဲ့အခါ အပျော်မယ်တွေ ကာစီနိုဝိုင်းတွေ တောရိုင်းတိရစ္ဆာန် ရောင်းဝယ် ဖောက်ကားရေး လုပ်ငန်းတွေကြားက လွတ်မြောက်နယ်မြေတခုအဖြစ် အရိုင်း ဆန်ဆန် ပုံဖော်လေ့ရှိကြပါတယ်။
လွန်ခဲ့တဲ့ နှစ် ၃၀ က ဆင်းရဲမွဲတေလွန်းလို့ ထမင်းတောင် နပ်မှန်အောင် မစားနိုင်ခဲ့တဲ့ တောင်ပေါ် တိုင်းရင်းသားတွေ တဲပုတ်ကလေးတွေနဲ့ နေထိုင်ခဲ့သူတွေ နေတဲ့ ရှမ်းအရှေ့၊ မိုင်းလားဒေသဟာ ဒီနေ့အချိန် အခါမှာ မိုးမျှော် တိုက်ကြီးတွေ အဆင့်မြင့်ကုန်တိုက်တွေ တောက်ပြောင်တဲ့ လူနေမှုပုံစံတွေကြားမှာ အတိတ်ကာလဟာ သမိုင်း စာမျက်နှာတခုမှာပဲ ကျန်နေခဲ့ပါပြီ။
ဗမာပြည်ကွန်မြူနစ်ပါတီ (CPB) ကြီးစိုးစဉ်ကာလက မိုင်းလားမြို့ဟာ CPB လက်အောက်ခံ ၈၁၅ စစ်ဒေသ တခုပါ။
၁၉၈၉ ခုနှစ်မှာ CPB လက်အောက်က ခွဲထွက်ပြီး အမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်မတော် (NDAA) ကို ထူထောင်ကာ အစိုးရနဲ့ အပစ်ရပ်စာချုပ် ချုပ်ဆိုခဲ့ကြတာပါ။
အပစ်ရပ်စာချုပ် ချုပ်ထားတဲ့ နှစ် ၃၀ အတွင်း စည်ကားပြီး ဖွံ့ဖြိုးတိုးတက်တဲ့ မိုင်းလားမြို့ကြီးကို တည်ဆောက် နိုင်တာ ကာစီနိုနဲ့ အပျော်မယ် လုပ်ငန်း တွေ မူးယစ်ဆေးရောင်းဝယ်မှုကနေ ရတဲ့ ငွေတွေနဲ့ ရပ်တည်နေတာလို့ အများက ယုံကြည် နေကြပါတယ်။
မိုင်းလားမြို့ကို အုပ်ချုပ်နေတဲ့ ငြိမ်းချမ်းရေးနဲ့ စည်းလုံးရေးကော်မတီ၊ ပြောရေးဆိုခွင့်ရှိသူ ဦးခမ်းမောင်က “တခါလာလည်း မိုင်းလားမှာ ဘာမှမရှိဘူး။
တောရိုင်းတိရစ္ဆာန်တွေ အပျော်မယ်တွေကိစ္စပဲ ရှိတယ်။ ဒါတွေပဲ ပြောမယ်။ အဲ့လိုရေးတဲ့ လူတွေကလည်း တရားဝင်လာလေ့လာတာ မဟုတ်ပဲ ခိုးကြောင်ခိုးဝှက်ဝင်လာတယ်။ လျှောက်ပြောကြတယ်။ အဲ့တာတွေဟာ မဟုတ်ဘူး။ မှားတယ်” လို့ ပြောပါတယ်။
တိုးတက်မှုမြန်ဆန်နေတဲ့ မိုင်းလားမြို့ကြီးကို ဘယ်ကရတဲ့ ဝင်ငွေတွေနဲ့ တည်ဆောက်ထားသလဲ ဆိုတာ အများက စိတ်ဝင်စားစရာ မေးခွန်းတခုဖြစ်လာခဲ့ပါတယ်။
ပြင်ပလူတွေ မမြင်နိုင်တဲ့ ဒေါ်လာသန်းပေါင်းများစွာ ဝင်ငွေရလုပ်ငန်းတွေ မိုင်းလားမှာ ရှိနေပါတယ်။
နိုင်ငံတကာ ဈေးကွက်ကို တင်ပို့ရောင်းချနိုင်တဲ့ထိ အရည်အသွေးမြင့် မဂ္ဂနီဆီယမ်သတ္တုနဲ့ ရာဘာကုန်ချော ထုတ် စက်ရုံတွေ ၊ ထိုင်းနိုင်ငံနဲ့ တရုတ်နိုင်ငံကြားက ရေလမ်းကုန်သွယ်ခရီးမှာ တထောက်နားရာ ကုန်ချရာ ဖြစ်တဲ့ မဲခေါင်မြစ်တကြောက မိုင်းလားပိုင် ဆွတ်လွေဆိပ်ကမ်း၊ တရုတ်၊ မကာအို၊ ဟောင်ကောင် စီးပွားရေး လုပ်ငန်းရှင်တွေ လာရောက်ရင်းနှီးမြှုပ်နှံထားတဲ့ ဟိုတယ်လုပ်ငန်းတွေအပြင် ရာဘာ၊ ငှက်ပျော စိုက်ခင်းတွေပဲ ဖြစ်ပါတယ်။
မိုင်းလားမြို့ဟာ NDAA အုပ်ချုပ်တဲ့ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ အထူးဒေသ (၄) ထဲက မြို့တခုပါ။ NDAA လက်အောက်မှာ မိုင်းလားဒေသ၊ ဆီလူးဒေသ၊ နမ့်ပန်းဒေသဆိုပြီး ဒေသ ၃ ခု ရှိပါတယ်။ ဒေသ ၃ ခုကို ဗဟိုအစိုးရရဲ့ ဝင်ရောက်စွက်ဖက်မှုတွေ မပါရှိဘဲ NDAA က အပြည့်အဝ အုပ်ချုပ်နေတာပါ။
NDAA က ထိပ်သီးခေါင်းဆောင်တွေ ပါဝင်ဖွဲ့စည်းထားတဲ့ စည်းလုံးရေးနဲ့ ငြိမ်းချမ်းရေးကော်မတီကနေ အထူးဒေသ (၄) ရဲ့ အုပ်ချုပ်ရေး၊ လုံခြုံရေး၊ စီးပွားရေး၊ လူမှုရေး ၊ ကျန်းမာရေး၊ ပညာရေး စတဲ့ ကဏ္ဍ အသီးသီးကို စီမံခန့်ခွဲပါတယ်။
NDAA ဟာ သူ့ဒေသကို သူ့ကိုယ်ပိုင်တပ်၊ သူ့ကိုယ်ပိုင်အုပ်ချုပ်ရေးစနစ်တွေနဲ့ အုပ်ချုပ်နေပေမယ့် အစိုးရက နိုင်ငံတော်ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ NDAA အုပ်ချုပ်ခွင့်ရှိတဲ့ နယ်မြေကို တရားဝင် ပြဌာန်းမထားပါဘူး။
အဲ့တာကြောင့် NDAA ဟာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အဖြစ် ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ သတ်မှတ်ပေးဖို့ အစိုးရကို တောင်းဆိုထားပါတယ်။
ဆိပ်ကမ်းပိုင်တဲ့ မိုင်းလား
မဲခေါင်မြစ်ကို မျက်နှာမူပြီး တည်ရှိနေတဲ့ အထူးဒေသ (၄)၊ နမ့်ပန်းဒေသထဲမှာ ဆွတ်လွေလို့ အမည်ရတဲ့ အထူးဒေသ (၄) ပိုင် ဆိပ်ကမ်း တခု တည်ရှိပါတယ်။
အထူးဒေသ (၄) အုပ်ချုပ်တဲ့ နယ်နိမိတ်တလျှောက် မဲခေါင်မြစ်ဖြတ်သန်းစီးဆင်းနေတဲ့ အရှည် ၆၂ မိုင် ရှိပါတယ်။ တဖက်ကမ်းမှာတော့ လာအိုနိုင်ငံ တည်ရှိပါတယ်။
မဲခေါင်မြစ်ဟာ ထိုင်း၊ မြန်မာ၊ လာအို၊ တရုတ်နိုင်ငံနယ်စပ်တလျှောက်ကို ဖြတ်သန်းစီးဆင်းနေတာပါ။
မဲခေါင်မြစ် ဖြတ်သန်းစီးဆင်းတဲ့ မြန်မာပိုင်နက် ၆၂ မိုင်ကျော်လုံးကတော့ ဗဟိုအစိုးရရဲ့ ချုပ်ကိုင်မှု အောက်မှာ ရှိမနေပါဘူး။ NDAA အုပ်ချုပ်တဲ့ နယ်နိမိတ်အတွင်းမှာပါ။
ဆွတ်လွေဆိပ်ကမ်းဟာ ထိုင်းနိုင်ငံ၊ ချင်းရိုင်ခရိုင်၊ ချင်းဆန်ဆိပ်ကမ်းကနေ တရုတ်နိုင်ငံ၊ ဆစ်ဆောင်ပန်းနား ပြည်နယ်က ဆိပ်ကမ်းတွေဆီ သွားတဲ့ မဲခေါင်မြစ်ကြောကြားမှာ တည်ရှိပါတယ်။
ထိုင်းနဲ့ တရုတ်ကြား အပြန်အလှန် တင်ပို့နေကြတဲ့ စားသောက်ကုန်ပစ္စည်းတွေ နဲ့ လူသုံးကုန် ပစ္စည်းတွေကို သယ်ယူပို့ဆောင်တဲ့ သင်္ဘောတွေဟာ မဲခေါင်မြစ်ကြောထဲကပဲ ဖြတ်သန်းသွားလာကြတာပါ။
World’s Top Export ရဲ့ စာရင်းဇယားများအရ ထိုင်းနိုင်ငံမှ တရုတ်နိုင်ငံကို ရေကြောင်းကနေ တင်ပို့တဲ့ ကုန်ပစ္စည်းတွေရဲ့ ၂၀၁၈ ခုနှစ် ပမာဏာဟာ အမေရိကန် ဒေါ်လာ ၂၉.၇ ဘီလီယံခန့် ရှိတယ်လို့ သိရပါတယ်။
တရုတ်နိုင်ငံဟာ ထိုင်းနိုင်ငံရဲ့ ရေကြောင်းနဲ့ ကုန်ပစ္စည်း တင်ပို့ရောင်းချမှုဆိုင်ရာ နိုင်ငံတွေထဲမှာ ၁၁.၉ ရာနှုန်းနဲ့ အမြင့်ဆုံးမှာ ရှိနေပါတယ်။
ထိုင်းနဲ့ တရုတ်ကြား ကူးချည်သန်းချည် လုပ်နေတဲ့ သင်္ဘောများစွာထဲကမှ အချို့သင်္ဘောတွေကတော့ ဆွတ်လွေဆိပ်ကမ်းမှာ ရပ်နားပြီး ကုန်ပစ္စည်းတွေ ချကြပါတယ်။
ဦးခမ်းမောင် က “သင်္ဘောက မဲခေါင်မြစ်အတိုင်း တတ်လာတယ်။ အဲ့မှာ ပစ္စည်းတဆင့်ချတယ်။ သင်္ဘောဆိပ်ကမ်းမှာ ချပြီဆိုရင် ကားနဲ့ လာကဲ့တင်တာ ရှိတယ်။ ကျနော်တို့က ဖြတ်သန်းခွန်တွေ ကောက်တယ်။ ကျနော်တို့ အဖွ့ဲအစည်းက ရတယ်”လို့ ပြောပါတယ်။
ဆိပ်ကမ်းကနေ ရတဲ့ ဝင်ငွေတွေကိုတော့ ဦးခမ်းမောင်က ထုတ်မပြောပါဘူး။
ဆွတ်လွေဆိပ်ကမ်းမှာ တန် ၃၀၀ ကနေ တန် ၅၀၀ ထိ ကုန်တင်တဲ့ သင်္ဘောတွေ ဆိုက်နိုင်ပါတယ်။
တကြိမ်ဆိုက်ရင် ကုန်သင်္ဘော အနည်းဆုံး ၃ စင်းကနေ ၅ စင်းထိ ဆိုက်နိုင်တယ်လို့ ဒေသခံအချို့က ပြောပါတယ်။
သင်္ဘောကပ်နိုင်တဲ့ ကာလကတော့ တနှစ်ပတ်လုံး မရဘူး။ ရေတတ်ချိန်တွေမှသာ တန်ချိန်ကြီးတဲ့ သင်္ဘောတွေ များများဆိုက်ကပ်တယ်လို့ ဦးခမ်းမောင်က ပြောပါတယ်။
ဆွတ်လွေဆိပ်ကမ်းက ဝင်လာတဲ့ ထိုင်းကုန်စည်တွေကိုတော့ တရုတ်နိုင်ငံဘက်က တရုတ်ကုန်သည်တွေက ကုန်ကားကြီးတွေနဲ့ လာသယ်ယူကြသလို လူသုံးကုန်နဲ့ စားသောက်ကုန် ထိုင်းပစ္စည်းအချို့ဟာလည်း မိုင်းလားက စူပါမားကတ်တွေနဲ့ ဈေးဆိုင်တွေပေါ် ရောက်လာကြပါတယ်။
အချို့ထိုင်းပစ္စည်းတွေကတော့ မိုင်းလားကို ကျော်ဖြတ်ပြီး အစိုးရထိန်းချုပ်နယ်မြေ ဖြစ်တဲ့ ကျိုင်းတုံမြို့ဘက်ကို ကုန်သည်တွေက သယ်သွားပြီး ရောင်းချကြပါတယ်။
ဆိပ်ကမ်းပိုင်တဲ့ ဒေသဖြစ်တာကြောင့် မိုင်းလားမြို့ပေါ်က ဆူပါမားကတ်တွေမှာ ထိုင်းနိုင်ငံနဲ့ တရုတ်နိုင်ငံက ထုတ်တဲ့ အရည်အသွေးမြင့် အချိုရည်၊ ယမကာနဲ့ စားသောက်ကုန်မျိုးစုံ၊ လက်ဖက်ရည်ထဲ ထည့်သောက်ရတဲ့ ပန်းပွင့်ခြောက်၊ သံပရာသီးခြောက်စတဲ့ အသီးခြောက်မျိုးစုံကိုလည်း တွေ့ရသလို နာမည်ကြီး Starbucks ကော်ဖီဗူးတွေကိုလည်း မြန်မာငွေ ၄၀၀၀ ကျပ်ခန့်နဲ့ အလွယ်တကူ ဝယ်ယူနိုင်တာ တွေ့ရပါတယ်။
တရုတ်နိုင်ငံထုတ် အရည်အသွေးမြင့် လူသုံးကုန်ပစ္စည်း၊ အဝတ်အထည်ဆိုင်တွေအပြင် ဂျာမဏီနိုင်ငံထုတ် Adidas ၊ အမေရိကန်နိုင်ငံထုတ် Nike အမျိုးအစား တံဆိပ်တွေနဲ့ အဝတ်အထည်ဆိုင်တွေကလည်း Showroom နဲ့ ဖွင့်လှစ် ရောင်းချနေတာကို မိုင်းလားမြို့တွင်းမှာ တွေ့ရပါတယ်။
ဆွတ်လွေဆိပ်ကမ်းကနေ အနောက်နိုင်ငံထုတ် လူသုံးကုန်ပစ္စည်းတွေအပြင် ဇိမ်ခံကားတွေကိုလည်း မဲခေါင်မြစ် အတွင်းက ကုန်သည်တွေကတဆင့် ဆိပ်ကမ်းကို ပို့ပေးဖို့ မှာယူနိုင်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အစိုးရဌာနဆိုင်ရာတွေမှာလို ကားတစီး လိုင်စင်ရအောင် လုပ်ဖို့ အခွန်အခ၊ ငွေကြေးကုန်ကျတာတွေက မိုင်းလားမှာ ပိုနည်းတယ်လို့ ဒေသခံအချို့ဆီက သိရပါတယ် ။
ယွမ် ၃၀၀ ကနေ ယွမ် ၅၀၀ (မြန်မာငွေ ၆ သောင်းမှ တသိန်းဝန်းကျင်) ခန့် အခွန်အခပေးရင် ကားလိုင်စင်တခု ရနိုင်တယ်လို့ သိရပါတယ်။
သစ်လွင်တောက်ပြောင်နေတဲ့ BMW ၊ Lexus ၊ Porsche Panamera ၊ Mercedes ၊ Fords ကားမျိုးစုံကိုလည်း မိုင်းလားမြို့တွင်းမှာ ဖြတ်သန်းသွားလာနေတာ တွေ့ရပါတယ်။
မဲခေါင်မြစ် ဖြတ်သန်းစီးဆင်းနေတဲ့ ထိုင်း၊ မြန်မာ၊ လာအို ၃ နိုင်ငံ ဆုံတဲ့ နေရာကို ရွှေတြိဂံဒေသလို့လည်း ခေါ်ဆို ကြပါတယ်။
ထိုင်း-မြန်မာနယ်စပ်မှာ အခြေစိုက်တဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS/SSA) ခေါင်းဆောင် ဗိုလ်ချုပ်ကြီးယွတ်စစ်တို့နဲ့ အခြားအထူးဧည့်သည်တွေ စီးပွားရေးလုပ်ငန်းရှင်အချို့ကလည်း မိုင်းလားကို လာတဲ့ အခါ မဲခေါင်မြစ်အတိုင်း သင်္ဘောစီးပြီး အဝင်အထွက်လုပ်ကြတယ်လို့ တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင် အချို့ဆီက သိရပါတယ်။
ဆွတ်လွေဆိပ်ကမ်းဟာ စီးပွားရေး၊ အိမ်နီးချင်းနိုင်ငံတွေနဲ့ ဆက်ဆံရေး၊ ကုန်ကူးသန်းရေး မှာ နည်းဗျူဟာကျတဲ့ နေရာ တခုဖြစ်တဲ့ အပြင် NDAA ခေါင်းဆောင်များနဲ့ သူ့ရဲ့ မဟာမိတ် လက်နက်ကိုင် ခေါင်းဆောင်တွေရဲ့ ဖြတ်သန်း သွားလာရာ ထွက်ပေါက်တခုလည်း ဖြစ်ပါတယ်။
မဲခေါင်မြစ်ကြောဟာ ဗီယက်နမ်၊ လာအို၊ ထိုင်းနိုင်ငံအပြင် ရှမ်းအရှေ့ဒေသ၊ တာချီလိတ် တို့ဘက်က လက်နက် မှောင်ခိုသမားတွေ သွားလာ လှုပ်ရှားရာ နေရာတခုလည်း ဖြစ်ပါတယ်။
ရွှေတြိဂံဒေသဟာ ဘိန်းဘုရင်တွေ မူးယစ်ရာဇာတွေရဲ့ နယ်မြေလို့ ကမ္ဘာမှာ နှစ်ရှည်လများ မီးမောင်း ထိုးပြခံခဲ့ရတဲ့ နေရာတခုလည်း ဖြစ်ပါတယ်။
အထူးဒေသ (၄)၊ ဥက္ကဌ ဦးစိုင်းလင်းကိုလည်း ၂၀၀၀ ခုနှစ်နောက်ပိုင်းက အမေရိကန် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးဌာန (US Drug Enforcement Administration) က မူးယစ်ရာဇာတဦးအဖြစ် စာရင်းထုတ် ကြေငြာခဲ့ဖူးပါတယ်။
မူးယစ်ဆေးဝါးနဲ့ ပတ်သတ်ရင် မိုင်းလားခေါင်းဆောင်များဟာ သူ့ရဲ့ မဟာမိတ် “ဝ”ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA)၊ ခေါင်းဆောင်များလောက်တော့ နိုင်ငံတကာစာရင်းမှတ်တမ်းတွေနဲ့ စောင့်ကြည့်ခံရ သူတွေ ထဲမှာ မပါဝင်ခဲ့ပါဘူး။
ဦးစိုင်းလင်းဟာ မြန်မာအမျိုးသား ဒီမိုကရေစီမဟာမိတ်တပ်မတော်- ကိုးကန့်တပ်ဖွ့ဲ (MNDAA) ရဲ့ ထိပ်သီး ခေါင်းဆောင် ဦးဖုန်ကျားရှင်ရဲ့ သမီးနဲ့ လက်ထပ်ထားသူလည်း ဖြစ်ပါတယ်။
ဦးစိုင်းလင်းရဲ့သား ဦးထိန်လင်းကတော့ အထူးဒေသ (၄)၊ ငြိမ်းချမ်းရေးနဲ့ စည်းလုံးရေးကော်မတီမှာ ဒုဥက္ကဋ္ဌ တဦး အဖြစ် တာဝန်ယူထားပါတယ်။
ဒေါ်လာသန်းချီဝင်တဲ့ စီးပွားရေးလုပ်ငန်းများ
အထူးဒေသ (၄) နဲ့ တရုတ်နိုင်ငံကြား ကုန်းမြေချင်း ဆက်စပ်နေတဲ့ နေရာ ၄ နေရာ ရှိပါသေးတယ်။
အထူးဒေသ (၄) က ထုတ်ပြန်ထားတဲ့ သတင်းအချက်အလက်တွေအရ တရုတ်နိုင်ငံ၊ ဆစ်ဆောင်ပန်းနား ပြည်နယ်ခွဲ ကျိုင်းဟုန်မြို့နဲ့ ၁၂၀.၅ ကီလိုမီတာ၊ မိုင်းဟိုင်းခရိုင်နဲ့ ၁၄၀ ကီလိုမီတာ၊ မိုင်းလခရိုင်နဲ့ ၂၈ ကီလို မီတာ၊ ဖူးအဲ့တိုင်း၊ လန်ချန်းခရိုင်နဲ့ ၅၄ ကီလိုမီတာ ထိစပ်နေပြီး တရားဝင် နယ်စပ်ဂိတ်ပေါက် ၂ ပေါက် အပြင် အထူးဒေသ (၄)က ထွက်တဲ့ ကုန်ပစ္စည်း၊ သတ္တုနဲ့ ရာဘာတွေကို သယ်ထုတ် ရောင်းချနေတဲ့ ဂိတ်တွေလည်း ရှိပါသေးတယ်။
အထူးဒေသ (၄) ၊ နမ့်ပန်းဒေသမှာ ဘိန်းအစားထိုးသီးနှံ အဖြစ် စိုက်ပျိုးနေတဲ့ ရာဘာ ဧက တသိန်းကျော် ရှိပြီး ဒီကထွက်တဲ့ရာဘာကို ကုန်ကားကြီးတွေနဲ့ သယ်ပြီး တရုတ်နိုင်ငံဘက်ကို တင်ပို့ ရောင်းချပါတယ်။
မိုင်းလားဒေသတွင်း ရာဘာလုပ်ငန်းလုပ်ကိုင်သူ ကိုစိုင်းဖုန်း က “တရုတ်က ဘိန်းအစားထိုး သီးနှံဆိုပြီး ရာဘာ စိုက်ခွင့်ပေးတယ်။ တရားဝင် ဝယ်တယ် တရုတ်က။ တောလမ်းက ဖြတ်ပြီး ဂိတ်တွေကနေ ပို့တာပေါ့။ ဈေးက သူများထက် မြင့်မြင့် ရပါတယ်။ ခါတိုင်းဆို ကုန်သည်တွေက ဒီကိုလာဝယ်ရင် နိမ့်တယ်”လို့ ပြောပါတယ်။
နမ့်ပန်းဒေသမှာ ရာဘာစက်ရုံ ၈ ရုံခန့် ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စက်ရုံတွေထဲမှာမှ အကြီးဆုံးရာဘာအချောထည်ထုတ်စက်ရုံကိုတော့ ၂၀၁၈ ခုနှစ်မှာ စတင်ဖွင့်လှစ်၊ လည်ပတ်ခဲ့ပါတယ်။ အဲ့ဒီ့စက်ရုံကို တရုတ်သူဌေးတဦးက ပိုင်ပြီး အထူးဒေသ (၄)အာဏာပိုင်တွေဘက်ကိုတော့ အခွန်ပေးရတယ်လို့ စက်ရုံတာဝန်ခံ၊ မစ္စတာကုံးချန်ကျန်က ပြောပါတယ်။
မစ္စတာကုံးချန်ကျန်က “ဒီကို မော်လမြိုင်နဲ့ ထိုင်းဘက်က ရာဘာအကြမ်းထည်တွေ ဝင်တယ်။ အမှိုက်တွေ မြေကြီးတွေ ရောနေတဲ့ အကြမ်းထည်မျိုးတွေပေါ့။
မနှစ်ကဆို အဲ့ဘက်တွေက အကြမ်းထည် တန် ၂သောင်း လောက် ဝင်တယ်။ ကျနော်တို့က ဒီမှာ အရည်အသွေးကောင်းတဲ့ အချောထည် ပြန်ထုတ်တယ်”လို့ ပြောပါတယ်။
မစ္စတာ ကုံးချန်ကျန်တို့ စက်ရုံက ၂၀၁၈ ခုနှစ်၊ တနှစ်တည်းမှာပဲ ရာဘာ အချောထည် တန် ၆ သောင်း ထုတ်လုပ်ပြီး တရုတ်နိုင်ငံဘက်ကို ရောင်းချနိုင်ခဲ့ပါတယ်။
တရုတ်နိုင်ငံဘက်က ရာဘာကုန်ချော ၁ တန်ကို အနည်းဆုံး ယွမ် ၁ သောင်းနဲ့ ဝယ်ယူတာပါ။ ၂၀၁၈ ခုနှစ်၊ တနှစ်လုံး ရောင်းရငွေကို တွက်ချက်ကြည့်ရင် ဒေါ်လာ ၈၇ သန်းကျော် ရှိပါတယ်။
ဒေါ်လာ ၈၇ သန်းကျော်မှာ အခွန်ဘယ်လောက် ကောက်ခံတယ်ဆိုတာကိုတော့ မိုင်းလားအာဏာပိုင်တွေ ဘက်ကရော စက်ရုံဘက်ကပါ ထုတ်ဖော်ပြောဆိုခြင်း မရှိပါဘူး။
အထူးဒေသ (၄) နယ်မြေထဲမှာ ရာဘာအပြင် စိုက်ပျိုးရေးကဏ္ဍမှာ လက်ဖက်၊ ငှက်ပျောတို့ကိုလည်း ဒေသခံတွေက စိုက်ပျိုး ကြပါတယ်။
တစ်ရှုးငှက်ပျောစိုက်ခင်းတွေကို မိုင်းလားမြို့ကနေ နမ့်ပန်းဒေသကို သွားတဲ့ ကားနဲ့ ၃ နာရီလောက်မောင်းရတဲ့ တောင်ပေါ်လမ်းတလျှောက် တွေ့မြင်ရနိုင်ပါတယ်။
ဦးခမ်းမောင်ကတော့ တစ်ရှုးငှက်ပျောစိုက်ခင်းတွေက တရုတ်ဘက်က လာရောက် စိုက်ကြတာ ဖြစ်ပြီး ဒေသခံ တွေကတော့ ၃ နှစ်၊ ၅ နှစ် စာချုပ်တွေနဲ့ မြေငှားရမ်းကြတာလို့ ဆိုပါတယ်။
လက်ဖက်ပင် နှစ်ဆယ်ချီရှိတဲ့ အပင်ကြီးတွေကို ပိုင်တဲ့ ဒေသခံတချို့ဆိုရင် သူတို့လက်ဖက်ပင်ကြီးတွေကို တရုတ်စီးပွားရေးသမားတွေဆီ နှစ်အလိုက် ရောင်းလိုက်ကြတယ်လို့ သိရပါတယ်။
တရုတ်ဘက်ကလည်း နှစ်ရှည်လက်ဖက်ပင်ကြီးကို ဈေးကောင်းပေးဝယ်ပြီး အညွှန့်ခူးတာ ပြုစုစောင့်ရှောက် တာကို သူတို့နည်း သူတို့ဟန်နဲ့ လာလုပ်တာကြောင့် ပိုင်ရှင်က ငွေထိုင်ယူနေရုံပါပဲ။
အချို့လက်ဖက်ပင် ပိုင်ရှင်တွေဆို သူတို့ အပင်ကို CCTV တပ်ပြီး ဖုန်းကနေ စောင့်ကြည်နေတယ်လို့လည်း ဦးခမ်းမောင်က ပြောပါတယ်။
နမ့်ပန်းဒေသထဲမှာ မဂ္ဂနီဆီယမ်သတ္တုထုတ်တဲ့ စက်ရုံ၊ ဘိလပ်မြေထုတ်တဲ့ စက်ရုံတွေလည်း ရှိပါသေးတယ်။
စက်ရုံတွေကို ဦးစီးလုပ်ကိုင်နေတဲ့ ကိုးကန့်တရုတ်လူမျိုး ဦးလောင်ချန်းက “ဒီက ထွက်တဲ့ သတ္တုက တရုတ်၊ မလေးရှား၊ လာအို၊ ဗီယက်နမ်၊ ချီကာဂိုထိ ရောင်းတယ်။ အမေရိကားက ချီကာဂိုထိလည်း ဒီသတ္တုတွေ ရောက်တယ်”လို့ ပြောပါတယ်။
မဂ္ဂနီဆီယမ် သတ္တုက ဝင်တဲ့ ဝင်ငွေကလည်း နှစ်စဉ် ဒေါ်လာသန်းချီရှိတယ်လို့ ဦးလောင်ချန်းက ဆိုပါတယ်။
သတ္တုစက်ရုံ လည်ပတ်နေတာ ၃ နှစ်ဝန်းကျင်ရှိပြီလို့ ဆိုပေမယ့် စက်ရုံက ရတဲ့ ဝင်ငွေကိုတော့ အတိအကျ မပြောပြပါဘူး။
ဦးလောင်ချန်းက “ဒီမဂ္ဂနီဆီယမ် စက်ရုံရဲ့ ရင်းနှီးမြှုပ်နှံငွေက ဒေါ်လာသန်း ၅၀ ဝန်းကျင် ရှိတယ်”လို့ပဲ ပြောပါတယ်။
ဦးလောင်ချန်းက တရုတ်နိုင်ငံဘက်က ကိုးကန့်လူမျိုးပါ။ သူက အထူးဒေသ (၄)က မဂ္ဂနီဆီယမ်သတ္တုထုတ် စက်ရုံ၊ ဘိလပ်မြေစက်ရုံ၊ ရေသန့်စက်ရုံတို့မှာ ရှယ်ယာအများဆုံး ပါဝင်ပြီး လုပ်ကိုင်နေသူလည်း ဖြစ်ပါတယ်။
ဆိပ်ကမ်း၊ ဘိလပ်မြေစက်ရုံ၊ မဂ္ဂနီဆီယမ်သတ္တုထုတ် စက်ရုံ၊ ရေသန့်စက်ရုံတို့က မိုင်းလားက တရားဝင် ပြတဲ့ လုပ်ငန်းတွေ ဖြစ်ပေမယ့် နောက်ကွယ်မှာ ဒီ့ထက်များတဲ့ စီးပွားရေးလုပ်ငန်းတွေလည်း ရှိနိုင်ပါသေးတယ်။
တောင်ပေါ် ဒေသခံတွေကိုတော့ လွတ်လွတ်လပ်လပ် လုပ်ကိုင်စားသောက်ခွင့် ပေးထားပြီး အထူးဒေသ (၄)က အခွန်ကင်းလွတ်ခွင့်ကို ၂၀၀၆ ခုနှစ်က စပြီး ပေးထားပါတယ်။
သို့ပေမယ့် မိုင်းလားမြို့တွင်းမှာ အထပ်မြင့်အဆောက်အဦးတွေ ဆောက်ပြီး အိမ်ခန်းငှားသူတွေ ကုန်စုံဆိုင်နဲ့ စားသောက်ဆိုင်ဖွင့်လှစ်ထားသူတွေကိုတော့ အခွန်တွေ ကောက်တယ်လို့ သိရပါတယ်။
ဒေသခံအများစုဟာ သူတို့ပိုင်တဲ့ မြေမှာ အထပ်မြင့်တိုက်ခန်းတွေ ဆောက်ပြီး မိုင်းလားမြို့ကို လာအလုပ်လုပ် သူတွေ ကာစီနိုလာဆော့သူတွေ စီးပွားရေးလာရောက်လုပ်ကိုင်သူတွေကို အခန်းတွေ ပြန်ငှားရမ်းကြပါတယ်။
အထူးဒေသ (၄)မှာ နေထိုင်ကြတဲ့ အာခါ၊ လွယ်၊ ရှမ်း၊ ကိုးကန့်လူမျိုးတွေဟာ သူတို့ သားသမီးတွေကို အသက်အရွယ်ငယ်တုန်းကတော့ ကျောင်းထားပေးကြပြီး တရုတ်စာကို ကောင်းကောင်း သင်ပေးကြပေမယ့် အသက် ၁၅ နှစ်ပြည့်တဲ့အခါ ကျောင်းထွက်ပြီး မိုင်းလားမြို့မှာ အလုပ်လုပ်ခိုင်းကြတာ များပါတယ်။
အိမ်တအိမ်မှာ ယောင်္ကျားလေး ၂ ဦး ရှိရင် ၁ ဦးက NDAA မှာ တာဝန်ထမ်းဆောင်ရပြီး ကျန် လူငယ်တွေကတော့ ကိုယ်ပိုင်အသုံးစရိတ်၊ မိသားစု ဝင်ငွေအတွက် မိုင်းလားမြို့က ကာစီနိုဝိုင်းတွေ စီးပွားရေးလုပ်ငန်းခွင်တွေမှာ ဝင်ရောက် အလုပ်လုပ်ကြရပါတယ်။
အထူးဒေသ (၄) ထဲက စက်ရုံလုပ်ငန်းတွေမှာ လာအလုပ်လုပ်ကိုင်ကြတဲ့ လခစား အလုပ်သမားတွေ နေ့စား အလုပ်သမားတွေ အားလုံးနီးပါးဟာ ဒေသခံတွေ ဖြစ်တဲ့ အာခါ၊ လွယ်၊ ရှမ်း၊ ကိုးကန့် လူမျိုးတွေ မဟုတ်ကြ ပါဘူး။
မြန်မာနိုင်ငံအလယ်ပိုင်းဒေသက ဗမာလူမျိုးတွေ ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်က ရခိုင်နဲ့ မွန်လူမျိုးတွေကို အများစု တွေ့ရပါတယ်။
သူတို့နေရပ်ရင်းမှာ အလုပ်အကိုင်အခွင့်အလမ်းရှားသလို အလုပ်ကြမ်းဝင်လုပ်ရင်တောင် လုပ်ခလစာက တလမှာ တသိန်းကျပ် ဝန်းကျင်ပဲ ရကြပါတယ်။
အထူးဒေသ (၄) က စက်ရုံတွေမှာတော့ တနေ့ကို ယွမ် ၁၀၀ ကနေ ၁၅၀ ထိ ရသလို လခနဲ့ ဆိုရင်လည်း တလကို ယွမ် ၃၀၀၀ ကနေ ၅၀၀၀ ကြားရကြပါတယ်။ အဲ့ဒီ့ဝင်ငွေဟာ မြန်မာကျပ် ၆သိန်းကနေ ၁၀ သိန်းကျော် ဝန်းကျင်ရှိပါတယ်။ အစိုးရထိန်းချုပ်တဲ့ ပြည်နယ်နဲ့ တိုင်းအသီးသီးက မြို့တွေမှာတော့ စက်ရုံအလုပ်သမား၊ အလုပ်ကြမ်းလုပ်သူတဦးဟာ တလမှာ ဝင်ငွေ ၆ သိန်း ရဖို့ဆိုတာတောင် မလွယ်လှပါဘူး။
အထူးဒေသ (၄) ခေါင်းဆောင်များက သူတို့ရဲ့ စီးပွားရေးလုပ်ငန်းတွေ အခွန်အခတွေကနေ ရတဲ့ ဝင်ငွေတွေနဲ့ ရေအားလျှပ်စစ်စီမံကိန်း ၈ ခုတည်ဆောက်ထားပါတယ်။ ၂၄ နာရီ မီးရပါတယ်။
အကြီးဆုံး ရေအားလျှပ်စစ်ဖြစ်တဲ့ မိုင်းဝရေအားလျှပ်စစ်ကိုတော့ ၂၀၀၄ ခုနှစ်မှာ အထူးဒေသ (၄)က ယွမ် ၉ ဘီလီယံ ကုန်ကျခံ ဆောက်လုပ်ထားပြီး ထွက်လာတဲ့ လျှပ်စစ် ၆၀ MW က ဒေသတွင်း သုံးမကုန်တာကြောင့် အစိုးရ ထိန်းချုပ်နယ်မြေတွေ ဖြစ်တဲ့ ကျိုင်းတုံ၊ မိုင်းယောင်း၊ မိုင်းယန်းမြို့တွေကို ပြန်ရောင်းဖို့ ကြိုးစား နေပါတယ်။
အိမ်နီးချင်းနိုင်ငံက အပျော်မယ်များ
ဝင်ငွေကောင်းတဲ့ စီးပွားရေးလုပ်ငန်းတွေရဲ့ တဖက်မှာတော့ စီးပွားရှာ၊ အပျော်ရှာလာကြတဲ့ အမျိုးသားတွေ အတွက် လိင်ဖျော်ဖြေရေးလုပ်ငန်းတွေကလည်း ထင်ထင်ပေါ်ပေါ် ရှိနေပါတယ်။
ညနေစောင်းတာနဲ့ အသားဖြူဖြူ၊ အဝတ်အစား ကျော့ကျော့မော့မော့၊ မိတ်ကပ်အပြည့်နဲ့ ကျော့ရှင်းတဲ့ အမျိုးသမီးတွေ မိုင်းလားမြို့က လူစည်ကားရာ လမ်းအချို့မှာ လိပ်စာကတ်၊ ကတ်ပြားတွေကို လိုက်ဝေနေတာ တွေ့ရပါတယ်။
လမ်းပေါ်မှာသွားနေတဲ့ အမျိုးသမီးတွေကိုတော့ သူတို့ နည်းနည်းမှ စိတ်မဝင်စားပါဘူး။ အမျိုးသားတွေကိုတော့ အသက်အရွယ်ကြီးကြီးငယ်ငယ် မရွေးပဲ အနားကပ် ကတ်ပြားပေးပြီး မျက်စိမှိတ်ပြ တာမျိုး လုပ်ပြကြလိမ့်မယ်။
သူတို့ ပေးတဲ့ ကတ်ပြားထဲမှာတော့ ဝတ်လစ်စလစ်အမျိုးသမီးပုံနဲ့ Wechat အကောင့်လိပ်စာတခု ပါ ပါတယ်။ Wechat ကနေ ဆက်သွယ်ပြီး နှစ်သက်တဲ့ အမျိုးသမီးပုံ၊ ဈေးနှုန်းညှိနှိုင်းပြီး ချိန်းတဲ့ နေရာကို အပျော်မယ် တွေက အရောက်လာပေးပါတယ်။
မိုင်းလားမြို့မှာ တွေ့ရတဲ့ အပျော်မယ်တွေထဲမှာ ရှမ်းပြည်နယ်နဲ့ မြန်မာနိုင်ငံ အလယ်ပိုင်းဒေသက အလုပ်လာလုပ်တဲ့ မြန်မာအမျိုးသမီးတွေ အပြင် တရုတ်၊ ဗီယက်နမ် အမျိုးသမီးတွေကိုလည်း တွေ့ရပါတယ်။
သူတို့တွေကို ကတ်ပြားတွေ ဝေနေသူတွေ အဖြစ် တွေ့ရသလို အများစုကိုတော့ ပန်းရောင်၊ ခရမ်းရောင်၊ အနီရောင်၊ အပြာရောင် မီးတွေ ထွန်းထားတဲ့ အခန်းတွေထဲမှာ စုဝေး ထိုင်နေတာမျိုး တွေ့ရပါတယ်။
မိုင်းလားမြို့ခံ ကိုအောင်အောင် က “အဲ့တာ တကယ်နှိပ်တဲ့အနှိပ်ခန်းတွေ မဟုတ်ဘူး။ ဒီမှာ တကယ်နှိပ်တဲ့ အနှိပ်က ရှိတော့ရှိတယ် ။ ရှားတယ်”လို့ ရယ်မောရင်း ပြောပါတယ်။
အပျော်မယ်တွေနဲ့ ပတ်သတ်ပြီး မိုင်းလားခေါင်းဆောင်တွေကို မေးမြန်းကြည့်တော့ အပျော်မယ်တွေကို တရားဝင် လိုင်စင်ချထားပေးတာ အာဏာပိုင်တွေက အခွန်ကောက်ခံတာမျိုး မရှိဘူးလို့ ငြင်းချက်ထုတ်ပါတယ်။
ဟိုတယ်နဲ့ တည်းခိုခန်းအများစုမှာဆိုရင် ဝတ်လစ်စလစ်အနေအထားနဲ့ ဓါတ်ပုံရိုက်ထားတဲ့ အပျော်မယ်တွေရဲ့ ဓါတ်ပုံတွေ ဖုန်းနံပါတ်တွေကို နံရံတွေ စားပွဲတွေပေါ်မှာ ထားပေး ထားပါတယ်။
ကာစီနိုရုံတွေ အပျော်မယ်လုပ်ငန်းတွေ အလွယ်တကူရှာတွေ့ သွားလာနိုင်တယ်ဆိုလို့ ပြင်ပကနေ လာပြီး မိုင်းလားမှာ လွတ်လွတ်လပ်လပ် လှုပ်ရှားလို့ ရတယ် မထင်လိုက်ပါနဲ့။ မိုင်းလားမှာ နေထိုင်မယ်ဆိုရင် ၆ လ နေထိုင်ခွင့် လက်မှတ် ပြုလုပ်ပြီး ဒေသတွင်း ချမှတ်ထားတဲ့ ဥပဒေတွေကို လိုက်နာရမှာပါ။
မိုင်းလားကို အုပ်ချုပ်နေတဲ့ အာဏာပိုင်တွေက သူတို့ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေ မလိုက်နာရင် အရေးယူမှုတွေ ပြုလုပ်ပါတယ်။
ဒါ့အပြင် လက်နက်ခဲယမ်းကိုင်ဆောင်မှုဆိုင်ရာ ဥပဒေတွေ ပြဌာန်းထားပြီး လက်နက်ကိုင်ဆောင်မှုကိုလည်း တရားဝင် မှတ်ပုံတင်ပြီး ကိုင်ဆောင်ခွင့်နဲ့ ထိန်းချုပ်ထားပါတယ်။
ခြွင်းချက်အနေနဲ့ UWSA ရဲ့ အသိအမှတ်ပြုလိုင်စင်နဲ့ သေနတ်ကိုင်ဆောင်ထားသူတွေကိုတော့ အထူးဒေသ (၄) ထဲမှာလည်း သေနတ်ကိုင်ဆောင်ခွင့် ပြုထားပါတယ်။
မိုင်းလားရဲ့ ဥပဒေတွေထဲမှာ ပြစ်မှုတွေအလိုက် အဆင့်ဆင့် သတ်မှတ်ထားတဲ့ ပြစ်ဒဏ်တွေ ရှိသလို သေဒဏ် ချမှတ်နိုင်တဲ့ထိ မြင့်တဲ့ တရားစီရင်မှုတွေလည်း ရှိပါတယ်။
၂၀၁၇ ခုနှစ်က စပြီး မိုင်းလားမြို့ထဲမှာ မြို့တွင်းလုံခြုံရေးနဲ့ မှုခင်းတွေ လျော့ချနိုင်ရေးအတွက် CCTV ကင်မရာ အလုံး ၃၀၀ ကို တပ်ဆင်ထားတယ်လို့ မိုင်းလားခေါင်းဆောင်တွေက ပြောပါတယ်။
မိုင်းလားမြို့နေ ဒေသခံအချို့ကတော့ ယာဉ်တိုက်မှုဖြစ်ရင် ထွက်ပြေးဖို့ မစဉ်းစားလေနဲ့တဲ့။ CCTV မှတ်တမ်းကနေ ကားနံပါတ်ကို ကြည့်ပြီး တိုက်သွားတဲ့ သူက အိမ်ပြန်မရောက်ခင် ရဲတွေက အိမ်ကို အရင်ကြိုရောက်နေလိမ့်မယ်လို့ ပြောကြပါတယ်။
ဦးခမ်းမောင်ကတော့ လမ်းတိုင်းမှာ တပ်ထားပြီး အချို့ကင်မရာတွေက လွယ်လွယ်နဲ့ မမြင်ရဘူးလို့ ပြောပါတယ်။
ဆက်ပြီး ဦးခမ်းမောင် က “နေရာတိုင်းမှာ ရှိတဲ့ ကင်မရာတွေကို စောင့်ကြည့်တဲ့ ရဲဝန်ထမ်းတွေကလည်း သက်သက်ရှိတယ်။ လူတယောက်ကို တကယ်စောင့်ကြည့်ချင်ရင် ဘယ်နေရာသွားလဲ ဘာလုပ်လဲဆိုတာ ကင်မရာကနေ အကုန်ကြည့်လု့ိရတယ်”လို့လည်း ပြောလိုက်ပါတယ်။