ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် ရက္ခိုင့် တပ်မတော် (AA)ကြား တိုက်ပွဲ ဖြစ်ပွားလာသည်မှာ ၆ လကျော်ခဲ့ပြီ ဖြစ်သည်။
ထိုတိုက်ပွဲသည် ၂၀၁၈ ခုနှစ် နိုဝင်ဘာလက စတင်ခဲ့ခြင်း ဖြစ်ပြီး ယခုနှစ် မေလတွင်ပင် ဖြစ်ပွားနေဆဲ ဖြစ်ပါသည်။
မူလက ချင်းပြည်နယ် ပလက်ဝမြို့နယ် အတွင်းနှင့် ရခိုင်ပြည်နယ် ဘူးသီးတောင်၊ ရသေ့တောင်၊ မောင်တော မြို့နယ် များ အတွင်း ဖြစ်ပွားနေခြင်း ဖြစ်ရာ ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၄ ရက်တွင် ရသေ့တောင်မြို့နယ် အတွင်းရှိ ရဲစခန်း ၄ ခု ကို AA က အလစ် ဝင်တိုက်ခိုက်ခဲ့ခြင်းကြောင့် ပြင်းထန်သည့် အခြေအနေသို့ ရောက်ရှိလာခဲ့သည်။
ဇန်နဝါရီ ၄ ရက်နေ့သည် မြန်မာနိုင်ငံ၏ လွတ်လပ်ရေးနေ့ဖြစ်ရာ နေ့ထူးနေ့မြတ်အဖြစ် သတ်မှတ်၍ အထိမ်းအမှတ် ပွဲ များ ကျင်းပနေစဉ် AA က တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ခြင်းကြောင့် အစိုးရနှင့် တပ်မတော်ဘက်မှ ခေါင်းဆောင်များ အစည်း အဝေး ပြုလုပ်ပြီး AA ကို သောင်းကျန်းသူ နှိမ်နင်းရေး စစ်ဆင်ရေး ပြုလုပ်ရန် ဆုံးဖြတ်ခဲ့သည်ဟု သိရသည်။
ထို့နောက် AA ကို သောင်းကျန်းသူ နှိမ်နင်းရေး စစ်ဆင်ရေး ပြုလုပ်ပြီး ရခိုင်ပြည်နယ် အတွင်းမှ ဖယ်ရှားသွားမည်ဟု သမ္မတရုံးက သတင်းစာ ရှင်းလင်းပွဲလုပ်၍ ပြောဆိုခဲ့သည်။
တိုက်ပွဲ စစ်မျက်နှာပြင်သည် ရခိုင်ပြည်နယ် အတွင်းရှိ ကျောက်တော်၊ မြောက်ဦး၊ အမ်း၊ ပုဏ္ဏကျွန်း အထိပါ ကျယ်ပြန့် လာပြီး တပ်မတော်ဘက်က လေကြောင်းပစ်ကူ အသုံးပြု တိုက်ခိုက်မှုများ အထိပါ ဖြစ်ပွားလာခဲ့ကြောင်း သိရသည်။
ထိုသို့ ဖြစ်ပွားနေသည့် တိုက်ပွဲများ မရပ်တန့်နိုင်ပါက မူလကပင် ဖွံ့ဖြိုးရေး နည်းပါးနေသော ရခိုင် ပြည်နယ်သည် ပိုမို နိမ့်ကျ သွားနိုင်ခြေရှိသည့် အတွက်ဟု ဆိုကာ နိုင်ငံရေး လေ့လာသူများနှင့် ပြည်သူလူထုက တိုက်ပွဲများ ရပ်တန့်ရန် တောင်းဆိုမှုများလည်း ရှိနေသည်။
ထို့ပြင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အပေါ်လည်း သက်ရောက်မှုများ ဖြစ်လာနေခြင်းကြောင့် ရခိုင်တိုက်ပွဲ ရပ်တန့်ရန် တောင်းဆိုကြခြင်း ဖြစ်သည်။
AA ၏ စစ်ရေးနှင့် နိုင်ငံရေး မဟာမိတ်ဖြစ်သော ပလောင် (တအန်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) မှ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူး မိုင်းအိုက်ကျော်က တပ်မတော်ဘက်က ထိုးစစ်ဆင်နေမှုများ ရပ်ဆိုင်း လျှင် တိုက်ပွဲများ အလိုအလျောက် ရပ်တန့်သွားနိုင်ခြေ ရှိကြောင်း ပြောဆိုသည်။
လက်နက်ကိုင် တော်လှန်ရေး သက်တမ်း အနှစ် ၄၀ ကျော်ရှိသည့် ပအို့ဝ် အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO) မှ ဗိုလ်မှူးကြီး ခွန်ဥက္ကာက ယခု ရခိုင်တိုက်ပွဲသည် ၃ နှစ်မှ ၅ နှစ်အထိ ကြာနိုင်ကြောင်း၊ သို့သော် တရုတ် နိုင်ငံ ၏ ကြားဝင် စေ့စပ်ပေးမှုဖြင့် တိုက်ပွဲရပ်တန့်ရေးကိုလည်း ဆောင်ရွက်နိုင်ခြေ ရှိနေကြောင်း၊ ထိုသို့ ကြားဝင် စေ့စပ် ပေးမည့်သူ မရှိပါက တိုက်ပွဲရပ်တန့်ရေး မလွယ်ကူနိုင်ကြောင်း သူ၏ အမြင်ကို ပြောပြသည်။
“ကျနော်ထင်တာတော့ တိုက်ပွဲတွေ ရပ်တန့်အောင်က ကြားဝင် စေ့စပ် ပေးမယ့်လူ ရှိဖို့ လိုတယ်၊ ဒီအချိန်မှာ ကြားဝင် ပေးမယ့် အင်အားစု မရှိရင်တော့ ဘယ်ဘက်ကမှ အလျှော့ပေးမှာ မဟုတ်ဘူး။ ကြားဝင်ပေးလို့ ရှိရင်တော့ ရေရှည် အတွက် စကား စပြောနိုင်တာပေါ့”ဟု ပြောသည်။
AA ဘက်ကမူ ၂၀၂၀ ရက္ခိတ လမ်းစဉ် ဟုဆိုကာ ရခိုင်ပြည်နယ် အတွင်း AA တပ်ဖွဲ့ အခြေစိုက်နိုင်ရေးနှင့် နိုင်ငံရေး ရည်မှန်းချက် ဖြစ်သော ကွန်ဖက်ဒရေးရှင်း အဆင့် ရရှိရေး ကြိုးပမ်းသွားရန် ဆန္ဒပြင်းပြလျက်ရှိနေကြောင်း နိုင်ငံရေး အကဲခတ်များက ဆိုကြသည်။
၂၀၁၉ ခုနှစ် ဇန်နဝါရီ ၁၁ ရက်က AA ခေါင်းဆောင် ဗိုလ်ချုပ် ထွန်းမြတ်နိုင်ကို ဧရာဝတီ သတင်းဌာနက အပစ်အခတ် ရပ်စဲရေးနှင့် ရခိုင်တွင် AA အခြေစိုက်နိုင်ရေး တခုခုကို ရွေးချယ်ရမည် ဆိုလျှင် မည်ကဲ့သို့ ရွေးချယ်မလဲ မေးမြန်းခဲ့ရာ ၂ ခုစလုံးကို ရွေးမည်ဟု ဖြေကြားခဲ့သည်။
၎င်းက“၂ လမ်းလုံးကို ရွေးရမှာပါ၊ နောက်တခုက ရက္ခိုင့်တပ်မတော် နေရာချထားရေး ဆိုတဲ့ ကိစ္စကလည်း ကျနော်တို့ ရဲ့ ယုံကြည်ချက်က ရက္ခိုင့် တပ်မတော်ရဲ့ ဖြစ်တည်မှု၊ တည်ရှိမှုက ရခိုင်လူမျိုးရဲ့ တည်တံ့မှု၊ ရှင်သန်မှုနဲ့ ထပ်တူ အချိုး ကျတယ်လို့ ယုံကြည်တယ်၊ ရခိုင်ပြည်မှာ ရက္ခိုင့်တပ်မတော် ရှိကို ရှိရမယ်၊ ဒီလို ယုံကြည်ထားပါတယ်”ဟု ပြောသည်။
AA ခေါင်းဆောင်၏ ပြောစကားကို လေ့လာကြည့်လျှင် ရခိုင်ပြည်နယ်အတွင်း AA တပ်ဖွဲ့ဝင်များ အခြေစိုက်နိုင်ရေး မဖြစ်မနေ အကောင်အထည် ဖော်သွားမည်ဟု ဆိုနေခြင်းကြောင့် အစိုးရနှင့် တပ်မတော်ဘက်က အဖြူရောင် နယ်မြေ ဖြစ်သည့် အတွက် မည်သည့် လက်နက်ကိုင်အဖွဲ့ကိုမှ လက်မခံကြောင်း သဘောထားရပ်တည်မှုတို့ အားပြိုင်နေရာ တိုက်ပွဲ ရပ်တန့်ရေး ညှိနှိုင်းရန်ခက်ခဲနိုင်ကြောင်း နိုင်ငံရေးအကဲခတ်များက ပြောဆိုကြသည်။
ရခိုင်ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ ဦးစံကျော်လှက“အဓိကတော့ ပြေလည်ဖို့အတွက် ညှိနှိုင်းကြရမှာပဲ၊ တဖက်နဲ့ တဖက် အပြတ်ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး၊ ညှိနှိုင်းချင်းနဲ့ပဲ ဆောင်ရွက်သွားရမယ်၊ ညှိနှိုင်းခြင်းမှအပ တခြားသော လမ်း မရှိဘူး။ ညှိနှိုင်း ဆွေးနွေးတဲ့ နေရာမှာ ကိုယ်ဖြစ်ချင်တာတွေကို လျှော့ချပစ်ရမယ်၊ တပ်မတော် ဘက်ကလည်း လျှော့ရမယ်၊ AA ဘက်ကလည်း လျှော့ရမယ်၊ အဲ့ဒီလိုလျှော့ပြီးမှ ညှိနှိုင်းဆွေးနွေးမှုက လုပ်လို့ရမယ်၊ အဲ့ဒီလို မဟုတ် ဘဲ ဒီလိုရမှ ဒီလိုဖြစ်မှ ဆွေးနွေးမယ် ဆိုရင်တော့ ဆွေးနွေးမှုက မရနိုင်ဘူး”ဟု ပြောသည်။
ဦးစံကျော်လှသည် AA ခေါင်းဆောင် ဗိုလ်ချုပ် ထွန်းမြတ်နိုင် ဇနီး ဖြစ်သူ၏ ဖခင် ဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် ဦးစံကျော်လှ၏ သဘောထားကိုလည်း အစိုးရနှင့် တပ်မတော်ဘက်က အလေးထား စဉ်းစားသင့်ကြောင်း၊ သမ္မတ ဦးဝင်းမြင့် ၂၀၁၉ ခုနှစ် မတ်လ ၁၄ ရက်က ဖွဲ့စည်းပေးခဲ့သော ရခိုင်ပြည်နယ် တည်ငြိမ် အေးချမ်းရေး အထောက် အကူပြု ကော်မတီ အနေဖြင့်လည်း ဦးစံကျော်လှကို ကြားဝင်စေ့စပ် ညှိနှိုင်းခြင်း နေရာတွင် အကူအညီပေး ရန် တောင်းဆိုသင့်ကြောင်းလည်း နိုင်ငံရေးသမား တချို့က အကြံပြုမှုများ ရှိသည်။
ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ မြန်မာ အင်စတီကျု (MIPS)မှ အလုပ်အမှုဆောင် ညွန်ကြားရေးမှူး ဒေါက်တာ မင်းဇော်ဦး ကတော့ AA နှင့် တပ်မတော်ကြား အဓိက ဆွေးနွေးသင့်သော အချက်များတွင် ရခိုင်ပြည်နယ် အတွင်း ရောက်ရှိနေသော AA တပ်ဖွဲ့ဝင် အရေအတွက် အခြေအနေ အပါအဝင် လက်နက် ခဲယမ်း မီးကျောက်များကို မည်ကဲ့ သို့ လျှော့ချမလဲဟူသော အချက်များဖြစ်ကြောင်း ဧရာဝတီသို့ ပြောကြားထားဖူးသည်။
လက်ရှိတွင် ရခိုင်တိုက်ပွဲကြောင့် ချင်းပြည်နယ် ပလက်ဝဒေသတွင် တိုက်ပွဲရှောင် ၂၀၀၀ ဝန်းကျင်ရှိနေပြီး ရခိုင် ပြည်နယ် အတွင်း၌မူ ၃၀၀၀၀ ကျော်ရှိနေကြောင်း သိရသည်။
ထိုတိုက်ပွဲရှောင်များသည် မကြာခင် မိုးတွင်း ရောက်တော့မည် ဖြစ်၍ အခက်အခဲများနှင့် ရင်ဆိုင်ရတော့မည် ဖြစ်ပါ သည်။
ရခိုင်တိုက်ပွဲ မရပ်တန့်နိုင်လျှင် ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေး အကောင်အထည် ဖော်နေသော စီမံကိန်းများအတွက် ဝန်ထုပ် ဝန်ပိုးတခု ဖြစ်လာစေနိုင်ကြောင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတချို့၏ ခေါင်းဆောင်များက ဆိုသည်။
ရှမ်း တိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်(SNLD)မှ အတွင်းရေးမှူး (၁) ဦးစိုင်းလိတ်က ရခိုင်အရေးသည် ပြည်ထောင်စု အရေး ဖြစ်သည့်အတွက် တပ်မတော်တခုတည်းကပဲ ဆုံးဖြတ်နေသည့် အခြေအနေမျိုး မဟုတ်ဘဲ အစိုးရ၊ လွှတ်တော်နှင့် ပြည်သူများ အားလုံး ပူးပေါင်း ဆောင်ရွက်နိုင်သော အခြေအနေကို ဖန်တီးသင့်ကြောင်း၊ တပ်မတော်၏ အပစ်အခတ်ရပ်စဲရေး ကြေညာခြင်းကို တနိုင်ငံလုံး အတိုင်းအတာ ကြေညာသင့်ကြောင်း၊ ရခိုင် ဒေသကို ချန်ပြီး အပစ်ရပ် ကြေညာခြင်းက ရခိုင်တိုက်ပွဲ ရပ်တန့်ရေးကို မဖြေရှင်းနိုင်ကြောင်း ပြောဆိုသည်။
၎င်းက“တချိန်တည်းမှာ AA ပဲဖြစ်ဖြစ်၊ နောက် တခြားဒေသခံ လူ့အဖွဲ့အစည်းကပဲ ဖြစ်ဖြစ် ပြုမူလုပ်ဆောင်နေတဲ့ ကိစ္စ တွေ အကုန်လုံးဟာ ပြည်ထောင်စု မပြိုကွဲရေးပေါ့၊ ငြိမ်းချမ်းရေးကို ဦးတည်တဲ့ လုပ်ရပ်မျိုးဖြစ်ဖို့အတွက် အဲဒီအခြေခံမူ တရပ် ချမှတ်ဖို့ လိုအပ်ပါတယ်။ လွတ်လပ်ရေးတို့၊ AA အဖွဲ့က ကြေညာလိုက်တဲ့ တခြားကိစ္စတွေလို အဲဒီလိုမျိုးတွေကို ဦးတည်မယ့် အစားတော့ ငြိမ်းချမ်းရေး ရရှိအောင် တွေ့ဆုံဆွေးနွေးရေး ဖြစ်မြောက်အောင် ကျနော်တို့ ဘယ်လို လုပ်မလဲ ဆိုတဲ့ ခြေလှမ်းတွေ စစဉ်းစားဖို့ လိုအပ်တယ်လို့ မြင်ပါတယ်”ဟုလည်း ပြောသည်။
တပ်မတော်သည် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်အတွင်းရှိ စစ်တိုင်း ၅ တိုင်းကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်မှ ၂၀၁၉ ခုနှစ် ဧပြီ ၃၀ ရက်နေ့အထိ အပစ်အခတ် ရပ်စဲပေးခဲ့ပြီးနောက် ဇွန်လ ၃၀ ရက်နေ့အထိ ထပ်မံ သက်တမ်းတိုး ရပ်စဲပေးထားသည်။
သို့သော် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် နယ်မြေ ရခိုင်ဒေသကိုမူ ချန်ထားခဲ့ခြင်းကြောင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နှင့် ဆက်စပ်နေ၍ ရခိုင်ဒေသကိုပါ အပစ်အခတ်ရပ်စဲကြောင်း ကြေညာသင့်သည်ဟု နိုင်ငံရေး အကဲခတ်များက ထောက်ပြ ကြသည်။
တချို့ကမူ AA အနေဖြင့် ကွန်ဖက်ဒရေးရှင်းအဆင့် ရယူလိုကြောင်းနှင့် ရခိုင်ဘုရင့်နိုင်ငံတော် ထူထောင်ရေး ကြိုးပမ်း မှုများကို စွန့်လွှတ်မည်ဆိုလျှင် ရခိုင်တိုက်ပွဲများ ရပ်တန့်သွားနိုင်ပြီး ငြိမ်းချမ်းရေး ဆွေးနွေးမှုများ ပိုမို အလားအလာ ဖြစ် ထွန်း လာနိုင်သည်ဟု ပြောဆိုမှုများလည်း ရှိသည်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD)မှ ဗဟို အလုပ်အမှုဆောင် ကော်မတီဝင် ဒေါက်တာ မျိုးညွန့်က“နှစ်ဖက် စလုံး ကတော့ စစ်ရေး လှုပ်ရှားမှုတွေကို ရပ်ဆိုင်းသင့်ပါတယ်၊ ဒါပေမယ့် ဒီမှာ တခုရှိတာက AA ရဲ့ ထုတ်ဖော် ပြောကြား ချက် တွေပေါ့လေ၊ အဲဒါက ပြည်ထောင်စုပြိုကွဲရေးကို ဦးတည်စေနိုင်တယ် ဆိုပြီးတော့ တပ်မတော်က သုံးသပ်ထား တာ ကို၊ သူက ကွန်ဖက်ဒရေးရှင်းရယ်၊ သီးခြား နိုင်ငံထူထောင်ရေးနဲ့ ပတ်သက်ပြီး ပြည်သူများ အတွင်းမှာ သူစည်းရုံး နေတာ သူရဲ့ ထုတ်ဖော်ပြောကြားချက်။ အဲဒီ ရပ်တည်ချက်ကို ပြောင်းလဲလိုက်မယ်ဆိုရင် သူဟာ တခြား အလားတူ တိုင်းရင်းသားများနည်းတူ မိမိတို့ရဲ့ အခွင့်အရေးအတွက် လက်နက်ကိုင် တိုက်ပွဲဝင်နေတဲ့ တိုင်းရင်းသား လက်နက်ကိုင် အုပ်စုတူ ပုံစံမျိုးပဲ ဖြစ်သွားပါလိမ့်မယ်”ဟု ပြောသည်။
AA အနေဖြင့် ဖက်ဒရယ်စနစ် အောက်ကနေ ပြည်နယ်တခု ရပိုင်ခွင့်ကိုသာ တောင်းဆိုသင့်ကြောင်း၊ ရခိုင် ပြည်နယ် အတွင်း AA အခြေစိုက်နိုင်ရေးနှင့် နယ်မြေ ချဲ့ထွင်မှုများကို ရပ်ဆိုင်းသင့်ကြောင်း၊ တပ်မတော် ဘက်ကလည်း AA ကို အပြီးသတ် ချေမှုန်းရေးကို ရပ်ဆိုင်းသင့်ကြောင်းလည်း ၎င်းက ဆိုသည်။
၈၈ ကျောင်းသား ခေါင်းဆောင်တဦးဖြစ်သူ ဦးမြအေးကလည်း တနိုင်ငံလုံး အတိုင်းအတာဖြင့် အပစ်အခတ် ရပ်စဲရေး ကြေညာသင့်ကြောင်း၊ တွေ့ဆုံ ဆွေးနွေးပွဲကို အရင်ဆုံး စသင့်ကြောင်း၊ တွေ့ဆုံ ဆွေးနွေးပွဲကနေ တဆင့် အလျှော့ အတင်း လုပ်သင့်ကာ ရခိုင်တိုက်ပွဲ ရပ်တန့်ရေးကို ကြိုးပမ်းသင့်ကြောင်း ပြောဆိုသည်။
“ဆွေးနွေးပွဲ စတဲ့အခါမှာ နှစ်ဖက်စလုံးရဲ့ အလျှော့အတင်းတွေနဲ့ သွားရမှာပဲ၊ ဒီအတိုင်းကတော့ တိုက်ပွဲက လျော့မှာ မဟုတ်ဘူး ပိုဆိုးသွားမှာပဲ ရှိတယ်ဗျ။ ဖက်ဒရယ် စနစ်ကို ကျနော်တို့ ပုံစံချ တည်ဆောက်နိုင်ရင် ဗမာ တနိုင်ငံလုံး ငြိမ်းချမ်း သွားပါလိမ့်မယ်၊ ကျန်တဲ့ ကွန်ဖက်ဒရိတ် (ကွန်ဖက်ဒရေးရှင်း)တို့ ဘာတို့ဆိုတာ သူ့ဘာသာသူ ဖြစ်လာ ပါ လိမ့် မယ်”ဟုလည်း ၎င်းက ပြောသည်။
AA ခေါင်းဆောင် ဗိုလ်ချုပ် ထွန်းမြတ်နိုင်က အုပ်ချုပ်ရေးအဆင့် အနေဖြင့် ကွန်ဖက်ဒရေးရှင်း အဆင့် ရလိုကြောင်း၊ ဆိုရှယ် ဒီမိုကရက်တစ် ပုံစံ အုပ်ချုပ်သွားရန် စဉ်းစားထားကြောင်း၊ ရခိုင်နိုင်ငံ ဆိုသည်မှာ ကောလာဟလ မဟုတ် ကြောင်း မီဒီယာများသို့ ပြောကြားထားသည်။
ဗိုလ်ချုပ် ထွန်းမြတ်နိုင်က“နိုင်ငံဆိုတာ ကောလာဟလ မဟုတ်ပါဘူး၊ ကျနော်တို့ ရခိုင်ပြည်သူတွေရဲ့ ရိုးသားတဲ့ အသံ ပဲ ဖြစ်တယ်၊ လူထုက ဘာဖြစ်ချင်တယ်ဆိုတာ ရိုးရိုးသားသား ပြောနေတဲ့ ကိစ္စပဲ၊ ဒါပေမယ့် ကျနော်တို့ ရက္ခိုင် အမျိုးသား အဖွဲ့ချုပ်၊ ရက္ခိုင့် တပ်မတော်ရဲ့ မူဝါဒက ကျနော်တို့ ခွဲထွက်မယ်လို့ ဘယ်တော့မှ မပြောသေးဘူး၊ အကောင်း ဆုံးကတော့ တအိမ်တည်းမှာ ငြိမ်းငြိမ်းချမ်းချမ်း နေနိုင်ရင် အကောင်းဆုံးပဲ၊ ဒါပေမယ့် ကျနော်တို့ကို လုံးဝ နေထိုင်လို့ မရအောင်ထိ နှိပ်စက်ရင်တော့ အိမ်နီးချင်းကောင်း ဖြစ်အောင် ကြိုးစားရလိမ့်မယ်”ဟု ပြီးခဲသည့် ဧပြီ ၁၃ ရက် က ဧရာဝတီသို့ ပြောကြားသည်။
တဆက်တည်းတွင် ၎င်းက“ဒါကတော့ ကျနော့်ရဲ့ ဆုံးဖြတ်ချက် မဟုတ်ဘူး၊ သူတို့အပေါ်မှာလည်း မူတည်တယ်၊ ကျနော် တို့က ဘယ်လောက်ပဲ အတူနေချင်သည်ဖြစ်စေ၊ သူတို့က ကျနော်တို့ကို နေထိုင်လို့ ဘယ်လိုမှ မဖြစ်နိုင် အောင် လုပ်ခဲ့ရင် ဒါက Option တခုအနေနဲ့ ရှိကို ရှိရမယ်”ဟုလည်း ဆိုသည်။
AA ၏ ရပ်တည်ချက်နှင့် ပတ်သက်ပြီး တချို့သော လက်နက်ကိုင် ခေါင်းဆောင်များနှင့် နိုင်ငံရေးသမားများက ဖက်ဒရယ် ဆိုသော စကားလုံးကို လက်ခံရန်အတွက် နှစ်ပေါင်း ၆၀ ကျော်ကြာခဲ့ရာ ယနေ့ ကွန်ဖက်ဒရေးရှင်းကို သွား မည်ဆိုလျှင် သွေးထွက်သံယိုမှုများ တဖန် ပြန်လည် ဖြစ်ပေါ်လာမည်ကို စိုးရိမ်ကြောင်း ပြောဆိုကြသည်။
ကရင် အမျိုးသား အစည်းအရုံး (KNU) ဒုဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းကလည်း ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက် ရေး ကျေလည်အောင် မဆွေးနွေးနိုင်သေး သကဲ့သို့ ဖက်ဒရယ်စနစ် အကြောင်း လေ့လာနေရဆဲ ကာလတွင်သာ ရှိနေ သည့် အချိန် လွန်ခဲ့သော နှစ်ပေါင်း ၂၀၀ ကျော်ကစနစ်ကို ပြန်သွားမည် ဆိုလျှင် မြန်မာနိုင်ငံ၏ အခြေအနေနှင့်လည်း မကိုက်ညီကြောင်း ပြောသည်။
ရခိုင်တိုင်းရင်းသား အများစုကမူ ၁၇၈၄ ခုနှစ်က အချုပ်အခြာ အာဏာ ကျဆုံးခဲ့သော ရခိုင်ဘုရင့် နိုင်ငံတော်ကို ပြန်ပြောင်း လွမ်းဆွတ်နေကြပြီး ကွန်ဖက်ဒရေးရှင်း စနစ်ကို လိုလားနေကြကြောင်း ရခိုင် တိုင်းရင်းသားများနှင့် ရခိုင် နိုင်ငံရေးသမားများကြား ပြောဆိုနေကြသည်။
၁၉၆၂ ခုနှစ်က ဦးနေဝင်း အစိုးရသည် ဖက်ဒရယ်စနစ်ကို ခွဲထွက်ရေးဟုဆိုကာ စစ်အာဏာ သိမ်းခဲ့ဖူးသည့် အတွက် ယခု ကွန်ဖက်ဒရေးရှင်းနှင့် ရခိုင်နိုင်ငံတော် ထူထောင်လိုကြောင်း အသံများသည် ဦးနေဝင်း လက်အောက် ကြီးပြင်း ခဲ့သော လက်ရှိ တပ်မတော် ခေါင်းဆောင်များအတွက် တဖန် စိုးရိမ်စရာ ဖြစ်လာစေကာ အာဏာသိမ်းရေး လမ်းခင်း ပေးသကဲ့သို့ ပြန်ဖြစ်မည်ကို စိုးရိမ်နေသူများလည်း ရှိနေသည်။
ဗိုလ်မှူးကြီး ခွန်ဥက္ကာက ရက္ခိတနိုင်ငံတော်မှာ မလွယ်ကူကြောင်း၊ ရှမ်းလွတ်လပ်ရေး ကြွေးကြော်ခဲ့သော ခွန်ဆာ သည် လည်း ၁၉၉၆ ခုနှစ်တွင် ငြိမ်းချမ်းရေး ယူခဲ့ရကြောင်း၊ ယခု ရခိုင်တိုက်ပွဲ မရပ်တန့်နိုင်လျှင် လူထုသာ အထိ နာမည် ဖြစ် သည့် အတွက် စဉ်းစားသင့်ကြောင်း ပြောဆိုသည်။
NLD မှ ဒေါက်တာ မျိုးညွန့်ကလည်း“ဒီနေရာမှာ အရေးကြီးဆုံး အချက်ကတော့ AA ရဲ့ ဒီထုတ်ပြန် ပြောကြားချက် တွေ၊ နောက်ပြီးတော့ ရခိုင်ဘုရင့် နိုင်ငံတော်၊ ရခိုင်နိုင်ငံတော်ကြီး ထူထောင်ရေးတို့၊ နောက် ကွန်ဖက်ဒရေးရှင်း ဆိုတဲ့ အဲဒီ အယူအဆကို ထောက်ခံတဲ့ ရခိုင်ပြည်သူတွေကလည်း စစ်ရေးနည်းနဲ့တော့ ဒီရည်မှန်းချက်တွေကို ဘယ်တော့မှ ရရှိနိုင်မှာ မဟုတ်ဘူး ဆိုတာ သဘောပေါက် နားလည်ပြီးတော့ ဖက်ဒရယ်စနစ် အောက်မှာပဲ မိမိတို့ လိုချင်တဲ့ အချက် တွေကို၊ နိုင်ငံရေး တောင်းဆိုချက်တွေကို ရရှိနိုင်မယ်လို့ သဘောပေါက်လာဖို့ လိုပါတယ်၊ အဲဒီအပေါ်မှာ အခြေခံပါ တယ်”ဟု ဆိုသည်။
လက်ရှိတွင် တပ်မတော်သည် ရခိုင်ပြည်နယ်၌ AA ကို စစ်ဆင်ရေး လုပ်နေပြီး ရခိုင် ပြည်နယ်အတွင်း မရှိရေး ဆောင် ရွက် လျက် ရှိသော်လည်း တဖက်တွင် AA နှင့် ပဏာမ အပစ်အခတ်ရပ်စဲရေး (Bilateral) စာချုပ် ရေးထိုးနိုင်ရန် အတွက် အစိုးရ၏ ငြိမ်းချမ်းရေး ကော်မရှင် (PC) နှင့် တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်နေသည်။
ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်မြို့တွင် AA အပါအဝင် မြောက်ပိုင်းမဟာမိတ် အဖွဲ့ဝင် ကချင် လွတ်လပ်ရေး အဖွဲ့ (KIO/KIA)၊ TNLA၊ မြန်မာ အမျိုးသားများ ဒီမိုကရေစီ မဟာမိတ် တပ်မတော် (MNDAA)မှ ကိုယ်စားလှယ်များနှင့် အစိုးရ ကိုယ်စားလှယ်များ Bilateral ထိုးနိုင်ရေး ၂၀၁၉ ခုနှစ် ဧပြီ ၃၀ ရက်က ဆွေးနွေးခဲ့ကြပြီး ယခု မေလထဲတွင် တခါ ပြန်လည် တွေ့ဆုံ ဆွေးနွေးကြမည် ဖြစ်ကြောင်း သိရသည်။
သို့သော် ယနေ့အထိတော့ ထိုအစည်းအဝေး ဖြစ်မြောက်ရေး အခြေအနေနှင့် ပတ်သက်ပြီး တစုံတရာ သတင်း မကြားရ သေးပေ။
KIA၊ AA၊ MNDAA၊ TNLA တို့နှင့် အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်များကြား Bilateral စာချုပ် ချုပ်ဆိုနိုင်ပါ က တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ် ထိုးနိုင်ရေး ခြေလှမ်းတရပ် ဖြစ်လာ နိုင်သည့် အတွက် Bilateral ထိုးနိုင်ရေး ဆွေးနွေးပွဲကို အားလုံးက စောင့်မျှော်နေကြသည်။
သို့သော် AA နှင့် တပ်မတော်တို့ကြား ဖြစ်ပွားနေသည့် တိုက်ပွဲများ ရပ်တန့်ရေးကမူ မသေချာသေးသော အခြေအနေ တွင်ပင် ရှိနေဆဲ ဖြစ်ပါသည်။ ။
You may also like these stories:
RCSS အပစ်ရပ် ကြေညာပြီးနောက် SSPP နှင့် တိုက်ပွဲဆက်ဖြစ်
ရခိုင်ပြည်နယ်၊ ကျောက်တန်း ဖြစ်စဉ်တွင် AA ဟု ဝန်ခံသူများကို အရေးယူမည်
ရခိုင်တွေ AA ကို ဘာလို့ ထောက်ခံကြသလဲ
ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ မြို့နယ် ၃ ခုတွင် တိုက်ပွဲများ ဖြစ်ပွား ဟုဆို